← Chapters

လင်းယွင်အုပ်စုက သူ့အပိုင်

Vol. 149 Ch. 2209

လင်းယွင်အုပ်စုက သူ့အပိုင်

Vol. 149 Ch. 2209

“ ဟမ် ….”

လင်းရီ ကြက်သေသေသွားခဲ့သည်။ ယခုလို အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူလည်း ထင်မထားခဲ့ချေ။

“ ပြဿနာ ကြီးကြီးမားမားတော့ မရှိနိုင်လောက်ဘူးမလား ….”

လျန်ရူရွှယ် အသက်ပြင်းပင်း ရှူသွင်း၍ သူမကိုယ်သူမ စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။

“ ပြဿနာ ကြီးကြီးမားမားတော့ မရှိပါဘူး … နောက်မှပဲ လူလွှတ်ပြီး ဆေးဝယ်ခိုင်းလိုက်မယ် … ဆေးသောက်ပြီးသွားရင်တော့ အဆင်ပြေသွားမှာပါ ….”

လျန်ရူရွှယ်တို့လို ရင့်ကျက်သည့် အမျိုးသမီးများက ကိစ္စရပ်များကို သူတို့ဘာသူတို့ ကိုင်တွယ်သည့် နေရာတွင် တော်သည်။

ရေးကြီးခွင်ကျယ်လည်း လုပ်မနေသကဲ့သို့ ပြဿနာဖြေရှင်းဖို့အတွက် ယောက်ျားလေးဖြစ်သူအပေါ်လည်း မမှီခိုကြပေ။

“ ဈေးပေါတဲ့ဆေးပဲ ဝယ်လိုက် …” လင်းရီ ပြောလိုက်သည်။ “ တကယ်လို့ တကယ်ကြီး ကိုယ်ဝန်ရလာမယ်ဆိုလည်း ကလေးယူကြတာပေါ့ … ငါမင်းကို တာဝန်ယူမယ် … ငါတို့နှစ်ယောက်က ခိုးပြီး ဖောက်ပြန်နေကြသလိုမျိုး ဖြစ်အောင် မလုပ်စမ်းပါနဲ့ …. ပေါ်ပေါ်ထင်ထင် ဖြစ်စမ်းပါ ….”

ဤသည်ကို ကြားတော့ လျန်ရူရွှယ် ရင်တလှပ်လှပ် ဖြစ်သွားခဲ့သည်။ ထို့နောက် မတ်တပ်ရပ်ပြီး ဆံစများအား သပ်လိုက်၏။

“ ငါ နားလည်တယ် … ဒါပေမယ့် အခုက အချိန်ကောင်း မဟုတ်သေးဘူး … နည်းနည်းလောက် ထပ်စောင့်ကြစို့ … တကယ်လို့ တစ်ခုခု ဖြစ်သွားရင် ကောင်းမှာ မဟုတ်ဘူး …..”

“ ငါ ကျန်တာ ဘာမှ ဂရုမစိုက်ဘူး … ဒါပေမယ့် ဆေးသောက်မယ့် ကိစ္စကတော့ မေ့ထားလိုက်တော့ …”

“ အင်းပါ … ငါ သိပါတယ်… “ လျန်ရူရွှယ် အပေါ်နှုတ်ခမ်းထော်ပြီး တုံ့ပြန်လိုက်သည်။

ယခုလို ဖြစ်သွားခဲ့သည့်အတွက် လျန်ရူရွှယ်လည်း ဆက်ပြီး အိပ်ချင်စိတ် မရှိတော့ချေ။ သူမ အိပ်ရာထဲက ထွက်ပြီး လင်းရီအတွက် မနက်စာ ပြင်ပေးသည်။ အမြန်စားသောက်ပြီးနောက် နှစ်ဦးလုံး ကိုယ်စီ အလုပ်သို့ သွားကြ၏။

လင်းရီက ကျိုကျုံးဗီလာသို့ ပြန်ရောက်လာသည်။ အချိန်က မနက် ဆယ်နာရီကျော်ဖြစ်ပြီး သူ့ အသင်းသားများမှာ အိပ်မောကျနေဆဲပင်။ အိပ်ရာထပြီးသည့်လူဟူ၍ ယွီစီယင် တစ်ဦးတည်းသာ ရှိ၏။

“ ခေါင်းဆောင်လင်း … ပြန်လာပြီလား ….”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ စွေ့ချန်ရဲ့ ဒဏ်ရာ ဘယ်လိုနေသေးလဲ ….”

“ သူက အသက်ပြင်းပါတယ် …. အနာဖေးတောင် တက်စပြုနေပြီ …”

“ အဲ့လိုဆို ကောင်းတယ် … တကယ်လို့ တခြား ဘာကိစ္စမှ မရှိဘူးဆိုရင် ငါ ပြန်သွားတော့မယ် … မနက်စာကိုတော့ မင်းတို့ဘာမင်းတို့ပဲ ကြည့်စီစဉ်လိုက်တော့ .. တကယ်လို့ ဗျူရိုကနေ သတင်းတစ်ခုခု ရှိလာတယ်ဆိုရင် ငါ့ဆီ ဖုန်းခေါ်လိုက် …”

“ အိုကေ ….”

နှုတ်ဆက်ပြီးနောက် လင်းရီ ချောင်ရန် အုပ်စုထံသို့ မောင်းထွက်လာခဲ့သည်။

ကျီချင်းရန်ရဲ့ ရုံးခန်းကိုရောက်တော့ သူမနှင့် အသက်ရွယ်တူလောက်ရှိမည့် လူငယ် အမျိုးသားနှစ်ဦးနှင့် အထဲတွင် ရယ်ရယ်မောမောစကားပြောဆိုနေသည်ကို မြင်တွေ့လိုက်ရသည်။

ထိုလူငယ် နှစ်ဦးလုံးက ဝတ်စုံပြည့်များ ဝတ်ဆင်ထားပြီး တလက်လက် တောက်ပနေအောင် ပွတ်တိုက်ထားသည့် ရှူးဖိနပ်များကို စီးနင်းထားကြသည်။

သူတို့ထဲ တစ်ဦးက ကတုံးပေါက်ကေနှင့် ဖြစ်ပြီး မျက်မှန်တပ်ထားသည်။ တခြားတစ်ဦးကတော့ ပိုပြီး ရင့်ကျက်သည့်ပုံပေါ်သည်။ ၎င်းတို့၏ ပုံစံ အမူအရာကို ကြည့်ရသလောက်တော့ ကျီချင်းရန်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးတို့ ရှိနေဟန်ပင်။

လင်းရီ ဝင်လာခဲ့တော့ သူတို့ရဲ့ စကားဝိုင်း ပြတ်သွားခဲ့သည်။

ကျီချင်းရန်က မတ်တပ်ထပြီး သူ့ကို ကြိုဆိုသည်။

“ နင် လာမယ်ဆိုလည်း ဘာလို့ ငါ့ကို ဖုန်းကြိုမဆက်တာ … ဖန့်ချိန်က အမှုရော ပြီးသွားပြီလား ….”

“ ပြီးလုနီးပါးပဲ … ဒေသခံ ရုံးခွဲက ကျန်တဲ့ကိစ္စ ကိုင်တွယ်မှာ ဆိုတော့ ငါတို့ကို ထပ်ပြီး မလိုအပ်တော့ဘူးလေ ….”

“ ဆိုတော့ နင်လည်း သွားလိုက် ၊ လာလိုက် လုပ်စရာ မလိုတော့ဘူးပေါ့ ဟက် ….”

“ အမှုက မကြာခင် ပိတ်တော့မှာဆိုတော့ မလိုလောက်တော့ပါဘူး ….”

“ အဲ့တာကောင်းတယ် …”

ကျီချင်းရန်က လင်းရီကို လူငယ်နှစ်ဦးနှင့် မိတ်ဆက်ပေးသည်။

“ သူတို့တွေက ငါ့တက္ကသိုလ် အတန်းဖော် သူငယ်ချင်းတွေလေ ….”

သူမက မျက်မှန်နှင့် တစ်ယောက်ကို ညွှန်ပြပြီး “ သူ့နာမည်က ဝမ်တုံးရူ ….”

ထို့နောက် အနည်းငယ်ပိုပြီး ရင့်ကျက်သည့်ပုံပေါက်သည့် တစ်ယောက်ထံသို့ ညွှန်ပြပြီး “ သူကကျ ငါ့ရဲ့ စီနီယာ … လီရှိုးကျီ ….”

သူတို့နဲ့ မိတ်ဆက်ပေးပြီးနောက် ကျီချင်းရန်က လင်းရီကို ကျန်နှစ်ယောက်ထံ ပြန်လည်မိတ်ဆက်ပေးသည်။

“ ဒါကတော့ ကျွန်မရဲ့ ကောင်လေး … လင်းရီ … “

လင်းရီ မည်သူမည်ဝါ ဖြစ်သည်ကို သိလိုက်ရတော့ နှစ်ယောက်သား အကြည့်ချင်း ဖလှယ်မိသွား၏။

ကျောင်းရဲ့ ပန်းကလေး ၊ ကျီချင်းရန်က တက္ကသိုလ်နေ့စွဲကာလများတွင် အင်မတန် နာမည်ကြီးသည့် ပုံရိပ်တစ်ခု ဖြစ်၏။

သူတို့တွေ မတွေ့ဆုံဖြစ်တာ နှစ်အနည်းငယ် ကြာနေပြီ ဆိုသော်လည်းပဲ နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံရာ၌ သူမတွင် ဆိုင်သူရည်းစား ရှိနေလိမ့်မည်ဟု မျှော်လင့်မထားကြချေ။

ဤသည်က သာမန် ဖြစ်ရိုးဖြစ်စဉ်ဆိုသော်လည်းပဲ သူတို့အတွက်တော့ အတော်လေး ကိုးရို့ကားယားနိုင်လှ၏။

အဖိုးထိုက်သည့် ရတနာတစ်ပါးက သူတို့ မျက်စိရှေ့မှာတင်ပဲ ခိုးယူခံလိုက်ရသည့်နှယ် ခံစားသွားရသည်။

သူတို့မျက်လုံးထဲတွင် ကျီချင်းရန်ဆိုသည်မှာ ဘာနှင့်မျှ ခု၍ မမီသည့် ပန်းကလေးပင်။ သူမနှင့် မည်သူကမျှ မထိုက်တန်ပေ။

ယခု … သူမမှာ ‘သာမန်လူ ‘ တစ်ယောက်၏ ဖမ်းစားခြင်းကို ခံလိုက်ရ၏။ သူတို့ရှေ့ရှိ ငနဲက ရုပ်ကြည့်ရတာ ခပ်ချောချောနှင့် ချူစီဖြစ်ဖို့များသည်။

လီရှိုးကျီတို့တွေ ငြိမ်ငြိမ်မထိုင်နိုင်ကြတော့။ သူတို့မျက်လုံးထဲတွင် ကျီချင်းရန်က သူတို့လို ရိုးသားတဲ့လူတွေနဲ့ပဲ လိုက်ဖက်သည်ဟု ယုံကြည်ထားသည်။

သူတို့ကလွဲပြီး တစ်လောကလုံးရှိ ယောက်ျားလေးများက လူလိမ်များနှင့် မကောင်းသည့်ကောင်များ ပင်။

စိတ်အတွေးက ထိုသို့ ဆိုသော်လည်း နှစ်ယောက်လုံးက မတ်တပ်ရပ်ပြီး လင်းရီနှင့် လက်ဆွဲနှုတ်ဆက်လိုက်ကြလေသည်။

“ ချင်းရန် … ငါ စပ်စုတာတော့ မဟုတ်ပေမယ့် နားက ကြားမိလိုက်တော့ မေးပါဦးမယ် … သူက ရဲလား ….”

ကျီချင်းရန် ခေါင်းညိတ်လိုက်သည်။ “ သူက ရှင်းရှန်းရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတာလေ … ပြီးတော့ အမှုတွေ အများကြီးကိုလည်း ဖြေရှင်းထားသေးတယ် …”

ကိုယ့်ကိုယ်ကိုပင် သတိမထားမိပါဘဲ ကျီချင်းရန် လင်းရီအကြောင်းကို ဂုဏ်ဆာမိသွားသည်။

သို့သော် လီရှိုးကျီနှင့် ဝမ်တုံးရူတို့ကတော့ အတော်လေး အံ့အားသင့်သွားခဲ့ကြ၏။

သူတို့မျက်လုံးထဲတွင် ကျီချင်းရန်လို မိန်းကလေးမျိုးက စီးပွားရေး လောကတွင် ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီး … ၊ ဒါမှမဟုတ် အင်မတန်မြင့်မားသည့် ရာထူး အဆင့်အတန်းနှင့် အင်အားကြီး ကျောထောက်နောက်ခံ ရှိသူကိုသာ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်လိမ့်မည်ဟု ထင်ထားကြသည်။

အဆုံး၌ သူမက ဘာမဟုတ်သည့် ရဲသားတစ်ယောက်ကို ရွေးချယ်သွားလိမ့်မည်ဟု သူတို့တွေ ယောင်လို့တောင် မစဉ်းစားဖူးကြပါချေ။

ဒါ တကယ့်ကို စပရိုက်အကြီးစားပဲ ….

သို့နှင့် နှစ်ယောက်လုံးလည်း လင်းရီကို ပိုပြီး စေ့စေ့စပ်စပ် အကဲခတ်လိုက်ကြသည်။

တော်တော်လေး ချောတာကိုတော့ ဝန်ခံရမယ်… ပြီးတော့ မိန်းမချော ချောတာမျိုးလည်း မဟုတ်ဘူး … လူကောင်က သေးတယ်ထင်ရပေမယ့် အားကိုးချင်စရာကောင်းတဲ့ ကိုယ်ယောင်ကိုယ်ဝါတွေ ရှိနေတယ် …

တခြားအရာတွေ ဘေးချိတ်ထားရင်တောင် သူ့ရဲ့ ရုပ်ရည်တစ်မျိုးနဲ့တင် အတော်လေး အထင်ကြီးဖို့ ကောင်းနေပြီ။

ဒီလိုနဲ့ပဲ ဝမ်တုံးရူတို့နှစ်ယောက်မှာ မိန်းမများက အပေါ်ယံ သွင်ပန်းသဏ္ဌာန်ကိုသာ ကြည့်ပြီး ရွေးချယ်ဆုံးဖြတ်တတ်ကြသူများအဖြစ် ကောက်ချက်ချလိုက်ကြတော့သည်။

အကယ်၍ ဤငနဲတွင် ဇမ္ဗူ၌ တစ်ယောက်သာလျှင် ပိုင်ဆိုင်နိုင်သော ရုပ်ရည်ကြန်အင်မျိုးနှင့် မဟုတ်ဘူးဆိုပါက ကျီချင်းရန်မှာ ရဲအရာရှိလို နိမ့်ကျတဲ့ ရာထူးအဆင့်အတန်းနဲ့ ရဲသားတစ်ယောက်ကို ကျိန်းသေပေါက် ထည့်သွင်းစဉ်းစားနေမှာ မဟုတ်ချေ။

ဘယ်လိုတောင် နှမြောဖို့ ကောင်းထားလိုက်လဲ …

“ ရဲအရာရှိလည်း ကောင်းပါတယ် … ကိုယ်အလုပ်ကြိုးစားရင် ကြိုးစားသလောက် အနာဂတ်အဆင့်အတန်းကလည်း ဖြည်းဖြည်းချင်း မြင့်မားလာမှာပဲ ….” ဝမ်တုံးရူက ယဉ်ကျေးသမှုနှင့် မှတ်ချက်ပေးလိုက်သည်။

အဆင့်အတန်းချင်း ကွာခြားသဖြင့် သူတို့တွေ လင်းရီနှင့် အာလာပသလာပ စကားတွေ ပြောမနေကြတော့ချေ။ မလိုအပ်ဘူးလို့ ထင်သည်။

လင်းရီလည်း သူတို့နဲ့ စကားများများပြောဖို့ မရည်ရွယ်ထားသဖြင့် သာမန်လျှံကာသာ ပြောလိုက်သည်။

“ မင်းတို့တွေ စကားပြောနှင့်ကြဦး .. ငါ အပြင်ထွက် လမ်းခဏလျှောက်လိုက်ဦးမယ် ….”

“ နေဦး …. မသွားသေးနဲ့ …”

ကျီချင်းရန်က အနောက်ကနေ လှမ်းခေါ်လာသည်။

“ ဘာလဲ ….”

“ ငါ့အတန်းဖော်တွေမှာ အတော်လေး ကောင်းတဲ့ ပရောဂျက် တစ်ခု ရှိတယ် … စွမ်းအင်သစ် ဘက်ထရီတွေ အကြောင်းပဲ … နင် တစ်ချက် ကြည့်သွားချင်လား …..”

“ ပရောဂျက်က ဘယ်လောက်ကြီးတာ …..”

“ သန်း ၈၀ ….”

“ သန်း ၈၀ တန် ပရောဂျက်လောက်ကို စိတ်ရှုပ်ခံပြီး ကြည့်မနေဘူး … မင်းဘာမင်းပဲ ကိုင်တွယ်လိုက် ….”

လင်းရီ ပြောပြီးနောက် ရုံးခန်းထဲက ထွက်ခွာလာခဲ့ကာ အရောင်းဌာနဘက်သို့ ဦးတည်လိုက်သည်။

“ ချင်းရန် … မင်းကောင်လေးက ဒီတိုင်း ရဲအရာရှိ တစ်ယောက်ပဲလေ … ရင်းနှီးမြုပ်နှံတဲ့ အကြောင်းတွေ ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ ဟုတ်တယ်မလား ….” ဝမ်တုံးရူက အနည်းငယ် မကျေမနပ် ဖြစ်သည့် လေသံဖြင့် ပြောလိုက်သည်။

ကျီချင်းရန်က အတော်လေး စိတ်လိုက်မာန်ပါ လုပ်လွန်းသည်ဟု သူထင်သည်။

အဘယ်ကြောင့် နကန်းတစ်လုံးမှမသိသည့် အပြင်လူတစ်ယောက်ကို မေးပြီး အကြံဉာဏ်တောင်းနေရသနည်း။

ထိုကောင် ပြောသွားတဲ့ပုံစံကလည်း သူ့ကိုယ်သူ သွေးနားထင်ရောက်နေတဲ့ စတိုင်နှင့် ကိုယ့်ကိုယ်ကို စောက်ဆရာကြီးဟု ထင်နေပုံပေါ်သည်။

“ ချင်းရန် …. မင်းရဲ့ စီနီယာတစ်ယောက်အနေနဲ့ ငါ အကြံဉာဏ် နည်းနည်းပါးပါး ပေးလိုက်မယ် …”

“ ဘာပဲပြောပြော လင်းယွင်အုပ်စုက semiconductor နယ်ပယ်ထဲမှာ လုံးဝ ဩဇာအင်အားကြီးမားတဲ့ ကုမ္ပဏီကြီး …. ပြီးတော့ မင်းက အမျိုးသမီး ဥက္ကဌ … ၊ နာမည်ကြီး လူသိများတဲ့ ပုံရိပ် …၊ အချစ်က မင်းရဲ့ ဆုံးဖြတ်ချက်တွေကို တိမ်တွေ ဖုံးလွှမ်းစေလို့ မဖြစ်ဘူးနော်…”

“ ရှင်တို့နှစ်ယောက်တော့ အထင်လွဲနေပါပြီ ….” ကျီချင်းရန် ပြောလိုက်ပြီး “ တကယ်တော့ ချောင်ရန်အုပ်စုတစ်ခုတည်းပဲ ကျွန်မလက် ကျွန်မခြေနဲ့ တည်ဆောက်ခဲ့တာ … လင်းယွင်အုပ်စုကိုကျတော့ ကျွန်မရဲ့ ကောင်လေးက ပိုင်တာလေ … အဲ့နောက်မှာ သူက ကျွန်မရဲ့လက်ထဲ အပ်ထားတာ …. ဒါကြောင့် ကျွန်မတို့ ရင်းနှီးမြုပ်နှံတဲ့ ကိစ္စက ဖြစ်ဖြစ် မဖြစ်ဖြစ် သူ့အမြင်ကို တောင်းရတယ် ….”

“ မင်း ဘာပြောလိုက်တယ် … လင်းယွင်အုပ်စုက သူ့အပိုင် ဟုတ်လား … သူက ဒီတိုင်း ရဲတစ်ယောက်ပဲ မဟုတ်ဘူးလား ….” ဝမ်တုံးရူက အံ့အားတကြီး မြည်တမ်းလိုက်မိ၏။

“ ဥက္ကဌလုပ်ရတာ ပျင်းလို့ ဘဝအတွေ့အကြုံ ရှာဖို့ဆိုပြီး ရဲအရာရှိ လုပ်နေတာတဲ့လေ … ဒါပေမယ့် တကယ့်လက်တွေ့က လင်းယွင်အုပ်စုကို သူ့ဘာသူပဲ တည်ထောင်ထားတာ … ကျွန်မနဲ့ ဘာမှမဆိုင်ဘူး …. ရင်းနှီးမြုပ်နှံမယ့် ဆုံးဖြတ်ချက်ကိုလည်း သူ့ကို မေးဖို့လိုသေးတယ် … ဒီတော့ အချိန်ရမှပဲ ဆက်ပြောကြတာပေါ့ ….”

“ အိုး အိုကေလေ….”

ကျီချင်းရန်က သူတို့ကို ထွက်သွားဖို့ အရိပ်အမြွက်ပေးနေသည်ကို မြင်တော့ နှစ်ယောက်လည်း အလိုက်တသိနှင့် ထွက်သွားကြသည်။

သူတို့ ထွက်ခွာသွားပြီးနောက် ကျီချင်းရန်က လင်းရီကို ရုံးခန်းထဲသို့ ပြန်ခေါ်ပြီး ပြောလိုက်၏။

“ ငါ ပရောဂျက်ကို ရင်းနှီးငွေ မထုတ်ပေးလိုက်ဘူး ….”

All Chapters