မသင်္ကာစရာ လူ
Vol. 149 Ch. 2210
“ ဘာလို့ ….”
“ တစ်စုံတစ်ယောက်က မပျော်မရွှင် ဖြစ်နေတာကို မြင်လိုက်ရတယ်လေ … အဲ့တာကြောင့်ပဲ ….”
လင်းရီ ငိုရအခက် ၊ ရယ်ရအခက် ဖြစ်သွားသည်။ “ ချင်းရန် … မင်းကိုတော့ တင်ပါး နာနာလေး ရိုက်ပြီး ဆုံးမပေးဖို့ လိုနေပြီထင်တယ် ဟမ်…”
လင်းရီလက်က အပြောထက် မြန်ပြီး ကျီချင်းရန်ရဲ့ တင်ပါးကို ဖျစ်ညှစ်ရင်း အမျိုးမျိုးကျီစယ်နေသည်။
“ ဒါ ကုမ္ပဏီမှာနော် … နင် လက်မသရမ်းနဲ့ ….”
ကျီချင်းရန် ရုန်းထွက်ပြီး သူမရဲ့ ထိုင်ခုံသို့ ပြန်သွား၍ ပြောလိုက်သည်။
“ ငါ ဒီမနက်ခင်း သတင်းထဲ တွေ့လိုက်တာ ဖန့်ချိန်မှာ လူတွေ အများကြီး ဖမ်းခံလိုက်ရတာပဲ … ဖန့်ချိန် ကုန်သည်ကြီးများ အဖွဲ့ဝင်တွေရော ပါတယ် …. ကြည့်ရတာတော့ သူတို့တွေ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးကြတော့မယ်နဲ့ တူတယ် …. ဒီကိစ္စက နင်ကိုင်တဲ့ အမှုနဲ့တော့ ဆက်စပ်မနေဘူးမလား … အချိန်က တိုက်ဆိုင်လွန်းနေတယ်ဆိုတော့လေ ….”
“ မင်းလည်း ဖန့်ချိန် ကုန်သည်ကြီးများ အသင်းအကြောင်း သိတယ်ပေါ့ ….”
“ ဒါပေါ့ ….”
ကျီချင်းရန်က ချက်ကျလက်ကျဖြင့် ပြောလိုက်၏။
“ ဖန့်ချိန်ကုန်သည်ကြီးများအသင်းဆိုတာ ဟွာရှရဲ့ ကြီးသုံးကြီးထဲက တစ်ခုလေ … ကျင်းမြို့ ကုန်သည်ကြီးများ အသင်းနဲ့ ဟွာချီ အဖွဲ့အစည်းတို့နဲ့ တစ်ဂိုဏ်းတည်းထားလို့ရတယ် … သူတို့က နာမည်လည်း အတော်ကြီးတယ် … အထူးသဖြင့် အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ မွေးထုတ်ပေးတဲ့ နေရာမှာပေါ့ …. အခု ဖန့်ချိန် ကုန်သည်ကြီးများအသင်းက ပြိုလဲသွားပြီ ဆိုတော့ ကျန်တဲ့နှစ်ခုလည်း အနည်းနဲ့အများတော့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာပဲ ….”
“ မတရားမှုတွေ အလွန်အကျွံလုပ်တဲ့လူက သူတို့ကိုယ်သူတို့ ဖျက်စီးနေတာနဲ့ အတူတူပဲ … ဒီကောင်တွေက ရွံဖို့ကောင်းတဲ့ လုပ်ရပ်တွေ အများကြီး လုပ်ခဲ့တာ ဒီလိုမျိုး အဆုံးသတ်သွားတာ ပုံမှန်ပါပဲ ….” လင်းရီ လက်နှစ်ဖက်ကို ခေါင်းအုံးလုပ်ရင်း ပြောလိုက်သည်။ “ ဒီ အမှုကို ကိုင်တွယ်တာက နိုင်ငံရဲ့ ပုပ်ပဲ့နေတဲ့ နေရာကို ရှင်းထုတ်ပေးပြီးသား ဖြစ်တယ်လေ ….”
“ ဒီလိုမျိုး အမှုကြီး တစ်ခုကို ဖြေရှင်းပြီးသွားပြီဆိုတော့ … နင် နောက်ထပ် ဘာဆက်လုပ်ဦးမှာ … ဆက်ပြီးတော့ပဲ ဘဝအတွေ့အကြုံ ရှာဦးမှာလား ….”
ကျီချင်းရန်က လက်ထဲတွင် ဖိုင်များအား လှန်လှောရင်း လင်းရီကို မကြည့်ဘဲ သာမန်လျှံကာ ပြောဆိုနေသည့်သဖွယ် မေးမြန်းလိုက်သည်။
“ အာ ….”
ကျီချင်းရန် ဘာကိုဆိုလိုချင်နေမှန်း သူသိသည်။ သူမက သူ့ကို အန္တရာယ် နှုတ်ခမ်းပါး၌ လမ်းလျှောက်နေတာကို ဆက်မမြင်ချင်တော့ဘဲ ပိုပြီး လုံခြုံစိတ်ချရသည့် အခြားအလုပ်တစ်ခုကို ပြောင်းစေချင်နေတာ ဖြစ်သည်။
“ သိပ်မလိုတော့ပါဘူး ….” လင်းရီ မေးခွန်းကို ပညာသားပါပါ ဖြေလိုက်သည်။ “ လက်စသတ်စရာ နည်းနည်းပါးပါး လက်စသတ်ပြီးတာနဲ့ အလုပ်ပြောင်းဖို့ စဉ်းစားထားတယ် ….”
“ အဲ့တာလည်း ကောင်းတာပဲ …”
ကျီချင်းရန် ဤကိစ္စကို အတင်းအကြပ် အစ်အောက် မမေးမြန်းတော့ချေ။
သူမဘက်က စကားအများကြီး ပြော၍ မရတာကို သိသည်။
အချစ်က လွတ်လပ်မှု ဖြစ်၏။ ကန့်သတ်ချုပ်ချယ်မှု မဟုတ်ပေ။
နေ့လည်ခင်းပိုင်းတွင် လင်းရီသည် ကျီချင်းရန်နှင့်အတူ ကုမ္ပဏီ ကန်တင်း၌ နေ့လည်စာ အတူစား၏။ ထို့နောက် ရှင်းရှန်း ရဲစခန်းသို့ ကားမောင်းထွက်လာပြီး ဖန့်ချိန်ရှိ ဖြစ်စဉ် အသေးစိတ်ကို တင်ပြဖို့ ဟန်ပြင်သည်။
ညနေသုံးနာရီတွင် ကျီချင်းရန်က ဖုန်းခေါ်လာခဲ့ပြီး သူ့ကို ဘယ်အချိန် ပြန်လာမှာလဲ မေးသည်။ ညနေခင်းပိုင်းတွင် လီရုံဂျင်းနှင့် တွေ့ဖို့ ချိန်းထားတာလည်း ရှိသေး၏။
........
ကျိုးဟိုင်။ ဝဲဒေါ့ဖ် ဟိုတယ်။
ညနေခင်း ငါးနာရီဝန်းကျင်တွင် လီရုံဂျင်းသည် သူမ၏ အဝတ်အစားများကို လဲပြု၍ အိပ်ခန်းထဲက ထွက်လာသည်။
ဒူးအထိ ဖုံးလွှမ်းသည့် မိုးပြာရောင် ဂါဝန်၊ Hermes ဘလက် လေဇာအင်္ကျီနှင့် အနက်ရောင် ဂျင်မီချွန်း ဒေါက်မြင့်ဖိနပ်ကို ၀တ်ဆင်ထားလျက် အဆင်အယင် တစ်ခုလုံးက စတိုင်ကျ လိုက်ဖက်ညီနေပြီး သန်မာအင်အားကြီးမားမှုနှင့် ညင်သာနူးညံ့မှုတို့ကို လိုက်လျောညီထွေစွာ အချိုးကျ ရောစပ်ထားသည်။
အဝတ်စားလဲပြီးနောက် လီရုံဂျင်း မှန်ရှေ့သို့ သွားကာ မိတ်ကပ်ကို ပြန်ပုတ်သည်။ သူမရဲ့ အဖြူရောင် လက်ကိုင်အိတ်ကို ယူငင်ပြီး အခန်းထဲက ထွက်လာသည်။
ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦးက အခန်း အပြင်ဘက်တွင် မတ်တပ်ရပ်နေပြီး သူမတွင် စီးပွားရေး လုပ်ငန်းများကို ဦးဆောင်သည့် အမျိုးသမီးများကဲ့သို့ ရင့်ကျက်သည့် အရှိန်အဝါတို့ ရှိနေသော်လည်း မရယ်မပြုံးဘဲ ကျောက်ရုပ်ကြီးကဲ့သို့ တင်းမာနေသည့် သူမ၏ အမူအရာက သူမဝတ်ထားသည့် ပုံစံနှင့် အနည်းငယ် ကွဲလွဲနေလျက် ရှိသည်။
ထိုအမျိုးသမီး၏ နာမည်က စွန်းရှန်းရှီ ဖြစ်ပြီး လီရုံဂျင်း၏ ကိုယ်ပိုင် သက်တော်စောင့်ပင်။ ဟွာရှသို့ လာရောက်ရန်အတွက် လီရုံဂျင်း၏ ကြေးကြီးကြီးနှင့် ငှားရမ်းခြင်း မခံရမီက သူမမှာ ကိုးရီးယား အစိုးရအဖွဲ့ဝင်ရုံး၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ဖူးလေသည်။
“ ဒါက သီးသန့် ညစာစားပွဲပဲ … နင် ငါ့နောက်လိုက်ပြီး အဖော်ပြုပေးဖို့ မလိုဘူး ….”
“ အခုလို အရေးကြီးနေတဲ့ အချိန်အခါမျိုးမှာ အဲ့လူတွေ မမလေးလီကို ထိပါးလာမှာ ကျွန်မတော့ စိုးရိမ်မိတယ် ….” စွန်းရှန်းရှီက တည်တံ့သည့် အမူအရာဖြင့် ခွန်းတုံ့ပြန်လိုက်၏။
“ ဒီည ညစာစားပွဲကို လာမယ့်လူက အတော်လေး အစွမ်းအစ ရှိတယ် …. သူလည်း အဲ့မှာ ရှိနေမှာဆိုတော့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး … မပူနဲ့ ….”
“ ဒါပေမယ့် ကျွန်မ သိထားသလောက်ဆိုရင် ဟွာရှကလူတွေက အားကိုးရတဲ့ထဲ မပါဘူး … ကျွန်မကိုလည်း ခေါ်သွား … မဟုတ်ရင် မမလေးလီရဲ့ လုံခြုံရေးကို သူတို့တွေ အာမခံနိုင်မယ်လို့ ကျွန်မ မယုံဘူး … “
လီရုံဂျင်း၏ မျက်နှာထက်တွင် ကျော့ရှင်းသည့် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာပြီး “ ဒါဆိုလည်း အတူသွားကြတာပေါ့ …”
သူတို့တွေ ဟိုတယ်ထဲက အတူထွက်လာခဲ့ကြပြီး အာထရာဗွိုင်အိုလက် အမည်ရသည့် ပြင်သစ် စားသောက်ဆိုင် တစ်ဆိုင်သို့ ရောက်ရှိလာသည်။
သူမက ကျီချင်းရန်ကို ညစာစားဖို့ ဖိတ်ထားသည့်အတွက် လီရုံဂျင်းက ချိန်းဆိုထားသည့် အချိန်ထက် ဆယ်မိနစ် စောရောက်လာခဲ့သည်။ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ပြီးပြည့်စုံစွာ ကိုင်တွယ်ထားပြီး ဖြစ်လေသည်။
ဆယ်မိနစ် ကြာပြီးနောက် လင်းရီက ကျီချင်းရန်နှင့်အတူ စားသောက်ဆိုင်ထဲတွင် ရောက်လာခဲ့ပြီး ဝင်ပေါက်ဝတွင် မတ်တပ်ရပ်နေသည့် လီရုံဂျင်းကို မြင်တွေ့သွားသည်။
လင်းရီ မေးစေ့ ပွတ်သပ်လိုက်၏။ ဤမိန်းမ၏ ညှို့ဓာတ်က ကျီချင်းရန်နှင့် လျန်ရူရွှယ်တို့ထက်ပင် ပြင်းထန်နေသေးသည်။
သူမလို မိန်းကလေးမျိုးက အသက်ကြီးလေ ၊ ရင့်ကျက်သည့် သွင်ပြင်နှင့် ပို၍ ကျက်သရေရှိလာပြီး သူမ၏ စွမ်းပကားရှိသည့် တည်ရှိမှုက သူမနှင့် ဆုံတွေ့သည့်လူတိုင်းကို အဝေးကနေပဲ လေးစားမြတ်နိုးမိဖို့ရာ စိတ်ဆန္ဒရှိကြပေလိမ့်မည်။ သူမကို ဆော့ကစားဖို့ဆိုသည်မှာတော့ ပြစ်မှားဝံ့ကြလိမ့်မည်လို့ မထင်ပေ။ ထိုသို့ဖြစ်ရလောက်သည်ထိအောင် မြင့်မြတ်သည့် လှပမှုမျိုး ဖြစ်သည်။
ယခု မတိုင်မီက လီရုံဂျင်းမှာ တံခါးပေါက်ဝတွင် ဣန္ဒြေရရ စောင့်ဆိုင်းနေခဲ့သည်။
ကျီချင်းရန်ကို မြင်တော့ ပြုံးလျက် ပြေးလာပြီး ပွေ့ဖက်လိုက်သည်။
“ ငါ ဘယ်လိုပဲ ဝတ်စားထားပါစေ နင့်ကို ကျော်ပြီး တောက်ပဖို့က မဖြစ်နိုင်မှန်း သိသားပဲ …” လီရုံဂျင်းက သက်ပြင်းချလိုက်သည်။
“ ဘာလို့ဆို ငါတို့လို တကယ် အစွမ်းအစရှိတဲ့လူတွေက ကိုယ့်ကိုယ်ကို အလှဆင်ဖို့ အပြင်ပန်းသွင်ပြင်အပေါ် မမှီခိုဘူးလေ ….”
နှစ်ယောက်က တွေ့ဆုံသည်နှင့် အချင်းချင်း အပြန်အလှန် လှပကြောင်း ချီးမွမ်းနေကြသည်။ ဤသည်ကလည်း မိန်းကလေးတို့ကြား နှုတ်ဆက်နည်းတစ်မျိုး ဖြစ်၏။ ယင်းကလည်း သူတို့ကြားရှိ ဆက်ဆံရေးက ကောင်းမွန်နေကြောင်းကို ဖော်ပြရာလည်း ရောက်သည်။
လင်းရီ လီရုံဂျင်းကို စနောက်ကျီစယ်တော့မည့် အချိန်မှာပဲ ရုတ်တရက် ထူးဆန်းသည့် အရာတစ်ခုကို သွား သတိပြုမိသည်။
သူ့မျက်လုံး ထောင့်ကပ်ကြည့်လိုက်တော့ နိုင်ငံခြား တစ်ဦးက အနီးနားရှိ ပန်းခင်းတွင် တစ်စုံတစ်ယောက်နှင့် ရန်ဖြစ်နေသည့်နှယ် အသည်းအသန် ဖုန်းပြောနေသည်ကို မြင်တွေ့လိုက်ရသည်။
လင်းရီ၏ ထက်ရှသည့် မသိစိတ်က ဤလူနှင့် ပတ်သက်၍ တစ်ခုခု မူမမှန်ကြောင်းကို ပြောပြနေသည်။
သူ့ မျက်မှောင်တို့ တင်းကြုတ်သွားသည်။ ဤ နိုင်ငံခြားသားနှင့် လီရုံဂျင်း ရုတ်တရက် လာရောက်လည်ပတ်မှုကြားတွင် ဆက်စပ်သက်ဆိုင်နေမှု တစ်စုံတစ်ရာ ရှိမရှိကို သိချင်မိသွား၏။
“ ဟဲ့ လင်းရီ …”
အတွေးထဲ နစ်မြောနေစဉ် ကျီချင်းရန် သူ့အား ပေါ့ပေါ့ပါးပါး ခေါ်လာသံကို လင်းရီ ကြားလိုက်ရသည်။
“ ဒါရိုက်တာလီက နင့်ကို နှုတ်ဆက်နေတယ်လေ …”
“ အကုန်လုံးက မိတ်ဆွေတွေကိုပဲ ဒါတွေ မလိုပါဘူး …” လင်းရီသည် လီရုံဂျင်းနှင့် ပတ်သက်၍ လောကဝတ်တွေ ထားမနေချေ။ “ စားကြစို့ … ငါ ဗိုက်ဆာနေပြီ …”
လီရုံဂျင်း ပြုံးလိုက်သည်။ အသက်များအား အလေးအနက် မထားတတ်သည့် ရက်စက်တတ်သည့် ဤလူနှင့် စကားကောင်းကောင်း ပြေဆိုနိုင်ဖို့ ခက်ခဲလှကြောင်း တွေ့ရှိသွားခဲ့ရသည်။
သို့သော် ဘေးတွင် ရပ်နေသည့် စွန်းရှန်းရှီကတော့ လင်းရီအပေါ် တစ်ချိန်လုံး စူးစမ်း အကဲခတ်နေသည်။
သူမ ဤနေရာသို့ မလာခင်တုန်းက လီရုံဂျင်း ပြောခဲ့ဖူးသည်မှာ လုံခြုံရေးကိစ္စကို တာဝန်ယူပေးနိုင်မည့်လူ ရှိသည်ဟု ပြောခဲ့ဖူးသည်။ လက်ရှိ အခြေအနေကို ကြည့်ရသလောက်တော့ သူမရှေ့ရှိ ဤ ခပ်ချောချောနှင့်လူ ဖြစ်နေပုံပင်။
သူမကတော့ ဤလူနှင့် ပတ်သက်၍ အသိအမှတ်ပြုရလောက်သည့် မည်သည့် အရာကိုမျှ မမြင်တွေ့မိချေ။ အတော်လေးကို ယဉ်ကျေးမှု မရှိသည့် လူစားမျိုးဖြစ်၏။
လေးယောက်သား စားသောက်ဆိုင်ထဲသို့ အတူ ဝင်လိုက်ကြသည်။ သို့သော် စွန်းရှန်းရှီးက အတူမထိုင်ပေ။ ထိုအစား အဝေးတစ်နေရာတွင် ရပ်နေပြီး ပတ်ဝန်းကျင်ကို အကဲခတ် လေ့လာစောင့်ကြည့်နေလျက် ရှိသည်။
လင်းရီလည်း ထို့အတူပင် ။ ဘေးဘီဝဲယာကို မသိမသာ လေ့လာနေခဲ့၏။
တံခါးပေါက်ဝရှိလူက ပြဿနာအိုးဖြစ်ကြောင်း သံသယ ရှိသော်လည်းပဲ သူ မသေချာသေးပေ။
မကြာမီ ဟင်းပွဲစား လာချပေးပြီး ညစာစားပွဲလည်း စတင်သည်။ ကနေဦး ပြောဆုံကြသည်ကတော့ အသေးအမွှား အာလာပ သလာပများပင်။
အမျိုးသမီး နှစ်ယောက်ကြားရှိ ဆက်ဆံရေးက အတော်လေး ကောင်းမွန်သည်မှာ ထင်ရှားလှသည်။ ကျီချင်းရန်ကလည်း သူမရဲ့ တစ်ဖက် မိတ်ဆွေအကြောင်းကို အများအပြား သိထား၏။
အချိန်ကြာလာသည်နှင့်အမျှ စကားဝိုင်းကလည်း တဖြည်းဖြည်းချင်း အလုပ်ကိစ္စ ရေးရာများဘက်သို့ ကူးပြောင်းသွားသည်။ လီရုံဂျင်းဘက်က ပူးပေါင်းဆောင်ရွက်လိုစိတ်သည့် သူမ၏ ဘက်ခြမ်းကို ပြသလာခဲ့ရာ လင်းရီကို အတော်လေး ဇဝေဇဝါ ဖြစ်သွားစေသည်။
သူ ယခင် သူမကို ခြိမ်းခြောက်ခဲ့ဖူးသည့် ကိစ္စကို ထည့်စဉ်းစားကြည့်မည်ဆိုပါက သူတို့နှစ်ယောက်ကြားတွင် မည်သည့် ပတ်သက်စရာမျှ မရှိသင့်တော့ချေ။ သို့တိုင် သူမက ဟွာရှသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာပြီး ပူးပေါင်းဆောင်ရွက်လိုသည်ဟု ပြောဆိုနေသည်။
ဒီမိန်းမက တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ ….