← Chapters

လီရုံဂျင်းရဲ့ ရည်ရွယ်ချက်

Vol. 149 Ch. 2211

လီရုံဂျင်းရဲ့ ရည်ရွယ်ချက်

Vol. 149 Ch. 2211

“ ဒါရိုက်တာလင်း … အစကနေ အခုထိကို ရှင့်စိတ်တွေ ပျံ့လွင့်နေသလိုပဲနော်… ဘာလဲ … ကျွန်မနဲ့ စကားမပြောချင်လို့လား ….”

လီရုံဂျင်းက ပြုံးလျက် မေးသည်။

“ အဓိကက လင်းယွင်အုပ်စုက အခု ငါ့မိန်းမ လက်ထဲ ရောက်နေလို့ပဲ … ငါက ဒီတိုင်း အလှပန်းအိုး သပ်သပ် ဖြစ်သွားပြီ … ပြောစရာရှိရင် မင်းတို့နှစ်ယောက်ပဲ ပြောကြ ….”

လင်းရီလေသံထဲက ငြင်းပယ်လိုစိတ်ကို ကြားတော့ မည်သည့် ရှက်ရွံ့မှုမျှ မပြဘဲ ပြောလိုက်သည်။

“ ကြည့်ရတာ ရှင်က ကျွန်မနဲ့ စကားပြောချင်စိတ် မရှိတဲ့ပုံပဲ .. အရင်နေ့ရက်ဟောင်းတွေလို မဟုတ်ဘဲ ရှင်က ပြောင်းလဲသွားပြီ …”

“ ဘာလို့ဆို ငါက အခုကစပြီး ခင်ပွန်းကောင်းတစ်ယောက် ဖြစ်လာတော့မှာမို့လို့လေ … ဒီတော့ အဲ့လို ကိစ္စမျိုးတွေကို ငါ့မိန်းမနဲ့ပဲ စကားပြောလိုက် … ငါက မိန်းမစကားပဲ နားထောင်တယ် ….”

ကျီချင်းရန်မှာ ရှက်ရွံ့မှုကြောင့် မျက်နှာ နီမြန်းသွားသည်။ စပင် မစတင်ရသေးသည့် ကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောဆိုနေသည့်တိုင် ထိုကောင်စုတ်၏ အရေထူချက်က လေသံပင် တစ်ချက် ပြောင်းမသွားချေ။ သူ့ပုံစံက ဖြစ်ပျက်နေသည့် ကိစ္စရပ်တစ်ခုကို အမှန်အတိုင်း ပြောဆိုနေဟန်ပင်။

ပူးပေါင်းဆောင်ရွက်မည့် ကိစ္စနှင့် ပတ်သက်၍ လင်းရီ စိတ်မရှိပေ။ အတူပူးပေါင်းပြီး ပိုက်ဆံရှာသည်ကလည်း ကောင်းသည့် ကိစ္စဖြစ်၏။

သို့သော် လီရုံဂျင်း၏ အဓိက ရည်ရွယ်ချက်ကို မရှာတွေ့မီ အချိန်အထိ လင်းရီ ဘာကိုမျှ သဘောတူမှာ မဟုတ်ချေ။

“ နင်တို့ နှစ်ယောက် စကားပြောနှင့်ကြဦးနော် …. ငါ သန့်စင်ခန်း ခဏ သွားဦးမယ် …”

သူမကိုယ်သူမ အကြောင်းပြချက် တစ်ခု ပေးပြီးနောက် ကျီချင်းရန်က သန့်စင်ခန်းသို့ ထွက်သွားခဲ့ကာ လင်းရီနှင့် လီရုံဂျင်းကို နောက်တွင် ချန်ထားရစ်လိုက်သည်။

“ ငါ့ကိုပြော … မင်း ဒီတစ်ခေါက် ဟွာရှကို ဘာလာလုပ်တာ … လိုရင်းတိုရှင်းပဲပြောလိုက် ….”

လီရုံဂျင်းက အမဲသားပြားကို ကျက်သရေရှိစွာ ဖဲ့၍ စားသောက်လိုက်ပြီး “ ဥက္ကဌကျီနဲ့ ငါက သူငယ်ချင်းဟောင်းတွေလေ … သူနဲ့ လာတွေ့တာ မရဘူးလား ….”

“ ဒါပေါ့ … ရတာပေါ့ … ဒါပေမယ့် မင်းမှာ အခွင့်အရေး တစ်ခါပဲ ရှိတယ် … မင်းအခု မပြောဘူးဆိုရင် ဒီကိစ္စ ဆက်ဆွေးနွေးစရာ အကြောင်း မရှိတော့ဘူး ….”

လီရုံဂျင်း သူမ၏ ဝိုင်ခွက်ကို လက်လှမ်းယူလိုက်ပြီး လေထဲတွင် အနည်းငယ် မွေ့လျက် သူမ၏ အမူအရာက နက်နက်နဲနဲ အတွေးနက်နေဟန်ပင်။

သူမရှေ့ရှိ ဤလူက ထွင်းဖောက်မရသည့် နံရံတံတိုင်းကြီး တစ်ခုကဲ့သို့ သူမကို ခံစားရစေသည်။

သူက လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်သည်နှင့် ပြိုင်ဘက်ကိုလည်း မည်သည့် အခွင့်အရေးမျှ ချန်ထားပေးလေ့ မရှိပေ။

“ ဖရီးမေဆင်က လတ်တလော ငါ့ဆီ ဆက်သွယ်လာတယ် ….” လီရုံဂျင်းက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

“ ဖရီးမေဆင်က မင်းကို ဆက်သွယ်လာတယ် ဟုတ်လား ….”

လင်းရီ အံ့အားသင့်သွားသည်။

“ လီရုံချော သေသွားလို့ သူ့ရဲ့အဖွဲ့ဝင်နေရာမှာ မင်းကို အစားထိုးချင်တာလား ….”

“ ဆိုပါတော့ … ဒါပေမယ့် ငါ သူတို့ကို မကိုင်တွယ်ချင်ဘူး ….”

“ အဲ့တာနဲ့ပဲ မင်းက ငါ့ကို လာရှာတယ်ပေါ့ ….”

“ ပြဿနာကို ဖြေရှင်းခိုင်းဖို့ မဟုတ်ပါဘူး … ဒီတိုင်း စကားပြောရင်း အကြံဉာဏ် တောင်းရုံလောက်ပါပဲ ….”

“ လာနောက်မနေနဲ့ အမိ … မင်းက နာမည်ကြီး လီရုံဂျင်းလေ … ငါ့ရဲ့ ဦးနှောက်သေးသေးလေးက မင်းကို ကူညီနိုင်တဲ့အထိ ဘယ်လိုလုပ်ပြီး လုံလောက်နိုင်မှာ ….”

“ ငါတကယ်ပဲ နင့်ကို မြင့်မြင့်တွေးထားတာ … မဟုတ်ရင် နင့်ကို ဒီလိုလေသံမျိုးနဲ့ စကားပြောနေမှာတောင် မဟုတ်ဘူး ….”

“ မင်းက ငါ့ကို အထင်တွေ စွတ်ကြီးနေတာပဲ …. ဖရီးမေဆင်က ဘယ်လို အဖွဲ့အစည်းမျိုးလဲဆိုတာ မင်းက ငါ့ထက်ကို ပိုပြီးတော့ သိတယ် … ငါက အဲ့လူတွေ အားလုံးကို ဆန့်ကျင်နိုင်တဲ့ အစွမ်းအစ ရှိတယ်လို့ ထင်လား ….”

“ နင်ငါ့ကို တစ်ခုခု လုပ်ပေးဖို့ ငါ့ဘက်ကလည်း မမျှော်လင့်ထားပါဘူး … သူတို့ရဲ့ ဖိနှိပ်မှု အများစုကလည်း စီးပွားရေးဘက်မှာပဲ … ဒါကြောင့်မို့ လင်းယွင် အုပ်စုနဲ့ ပူးပေါင်းပြီး စီးပွားရေး မဟာမိတ် တည်ဆောက်ချင်တာ ….”

လင်းရီရဲ့ လက်ချောင်းက စားပွဲကို စည်းချက်ကျကျ ခေါက်နေလျက် ရှိသည်။

သို့သော် ဤအသံက တစ်ဖက် လီရုံဂျင်းကို စိုးရိမ်ကြောင့်ကြစေပြီး သူမရဲ့ ကံကြမ္မာက တစ်ဖက်လူလက်ထဲ ရှိနေသည့်နှယ် ခံစားစေရစေသည်။

“ ငါလည်း လန်ဒန်က semiconductor ညီလာခံကို တက်ခဲ့ဖူးတယ် … သူတို့ ကုမ္ပဏီတွေ တစ်ခုချင်းစီတိုင်းက ဒီတစ်ခုက နောက်တစ်ခုထက် ပိုပြီး အထင်ကြီးဖို့ကောင်းတယ်… ငါ့ကို ဆွဲသွင်းလိုက်လို့ အသုံးဝင်မယ် ထင်လား ….”

“ ငါ လင်းယွင်အုပ်စုရဲ့ ဘဏ္ဍာရေး စတိတ်မန့်တွေကို လေ့လာထားပြီးပြီ … နင်နဲ့ မစ်ဆူအုပ်စုက နက်ရှိုင်းတဲ့ ပတ်သက်မှုတွေ ရှိတယ် … ဒါမှမဟုတ် … နင်နဲ့ အာယာနဲ မစ်ဆူက အတော်လေး ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိတယ်လို့ပဲ ပြောရမလား … ငါပြောတာ မှန်တယ်ဟုတ် …”

“ ဒီတော့ …. မင်းက အာယာနဲ မစ်ဆူကိုလည်း ဒီထဲ ဆွဲသွင်းပြီး သုံးဦး စီးပွားရေးမဟာမိတ် ဖွဲ့ချင်တယ်ပေါ့ ….”

“ အမှန်ပဲ … ငါတို့ ဟွာရှမှာ စက်ရုံတွေ လာတည်ဆောက်ပြီး အလုပ်ကိုင် အခွင့်အလမ်း ပိုများလာအောင် လုပ်ပေးလို့ ရတယ် … တကယ်လို့ နင်က တခြား လက်ဆုပ်လက်ကိုင် ထိတွေ့လို့ရမယ့် အကျိုးအမြတ်ကို မျှော်လင့်နေတယ်ဆိုရင်တော့ ခက်ခဲမှာ စိုးရိမ်ရတယ် ….”

“ မပူနဲ့ … မင်းရဲ့ အသက်အရွယ်ကြီးနဲ့ ငါကြိုက်တဲ့ပုံစံလည်း မဟုတ်တော့ဘူး ….”

လီရုံဂျင်း အပြုံးမပျက်သွားပေ။

“ အဲ့လိုသာဆိုရင်တော့ ငါ့ဘက်က ရှုံးတာပေါ့….”

လင်းရီ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားသည်။ ပူးပေါင်းမည့် ကိစ္စကို သူ မကန့်ကွက်။ သူ့ကိုယ်ပိုင် အစွမ်းအစနှင့်ပဲ ဖြစ်စေ၊ ဒါမှမဟုတ် ကျုံးဝေ့တပ်ဖွဲ့၏ အင်အားနှင့်ပဲ ဖြစ်စေ၊ ဖရီးမေဆင်ကို ရင်ဆိုင်ဖို့ရာ လတ်တလောတွင် ခက်ခဲနေဆဲဖြစ်သည်။

သူတို့သုံးယောက် အတူပူးပေါင်းပြီး စီးပွားရေး မဟာမိတ်ဖွဲ့တာကလည်း သူ့အတွက် အကျိုးကျေးဇူးများသည်။

လီရုံဂျင်းဘက်ကလည်း နှိမ့်ချလာသဖြင့် ပူးပေါင်းဖို့ ကိစ္စကို သူ စဉ်းစားပေး၍ရသည်။

“ ဖရီးမေဆင်က မင်းကို ဘာတွေ လုပ်လာသေးလဲ … သူတို့တွေ ထူးခြားတဲ့ နည်းလမ်းတွေ သုံးလာသေးလား ….”

“ တစ်ယောက်ယောက် ငါ့ကို နောက်ယောင်ခံလိုက်နေတာတော့ ခံစားမိတယ် … ဒါပေမယ့် သူတို့ ဘာလုပ်ချင်နေလဲတော့ ငါ မသိဘူး ….”

“ တစ်ယောက်ယောက်က မင်းနောက်လိုက်နေတယ်ဟုတ်လား ….”

အပြင်တွင် ဖုန်းပြောနေသည့် နိုင်ငံခြားသားကို ပြန်အမှတ်ရရင်း လင်းရီရဲ့ အမူအရာ ပြောင်းလဲသွားသည်။

လီရုံဂျင်း၏ စကားနှင့် ဆက်နွယ်ကြည့်လိုက်မည်ဆိုပါက ဤဖြစ်ရပ်နှစ်ခုမှာ ဆက်စပ်နေသည့်ပုံပင်။

“ ဒါဆိုရင်တော့ ကိုးရီးယားမှာတင် မကဘူး … သူတို့လူတွေ ဟွာရှထဲကိုတောင် စိမ့်ဝင်နေလောက်ပြီ ….”

“ နင် ဘာပြောချင်တာ ….”

လီရုံဂျင်း ထိတ်လန့်ကြောက်ရွံ့သွားခဲ့ပြီး ပတ်ဝန်းကျင် ပတ်ပတ်လည်ကို အမြန် ကြည့်ရှုလိုက်သည်။

“ ဖရီးမေဆင်ကလူတွေ ဒီအထိ လိုက်လာခဲ့တယ်လို့ ပြောချင်တာလား ….”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ မင်း ဒီမှာနေပြီး စားနှင့် … ငါ အပြင်သွားပြီး ဒီကိစ္စ ရှင်းလိုက်မယ် …”

“ ရှန်းရှီ ….”

လီရုံဂျင်းက သူမရဲ့ ဘော်ဒီဂတ်ကို လှမ်းခေါ်လိုက်သည်။

“ ငါတို့ရဲ့ လှုပ်ရှားမှုတွေ ထောက်လှမ်းခံနေရပြီ … ဒါရိုက်တာလင်းနဲ့ အတူလိုက်သွားပြီး တစ်ချက် သွားကြည့်လိုက်ဦး …”

“ စောင့်ကြည့်ခံနေရတယ်လား …..”

စွန်းရှန်းရှီ အနည်းငယ် သံသယ ဖြစ်သွားရသည်။ သို့သော် လီရုံဂျင်းရဲ့ အမိန့်ကို မဆန့်ကျင်ဝံ့သောကြောင့် လင်းရီနှင့်အတူ အပြင်သို့ လိုက်ပါလာသည်။

ဟိုတယ်ဝင်ပေါက်ဝတွင် လင်းရီက သဘာဝကျကျပဲ ကားတစ်စင်းထံသို့ လျှောက်လှမ်းသွားခဲ့ကာ စွန်းရှန်းရှီကလည်း ကပ်လျက် လိုက်လာသည်။

“ နင် အထင်မမှားဘူးဆိုတာ သေချာလား ….”

စွန်းရှန်းရှီရဲ့ လေသံထဲ သင်္ကာမကင်းမှုတို့ အပြည့်ဖြစ်နေပြီး လင်းရီ၏ ထက်ရှသည့် အလိုလိုသိစိတ်ကို အပြည့်အဝ မယုံကြည်ကြောင်း သိသာလှသည်။

E အဆင့် အေးဂျင့်တစ်ဦးအနေဖြင့် သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုက သာမန်လူတို့ထက်ကို အများအပြား သာလွန်နေသည်။

အကယ်၍ တစ်စုံတစ်ယောက်က သူမတို့ကို နောက်ယောင်ခံလိုက်နေသည်ဆိုလျှင် သူမကပဲ အရင်ဦးဆုံး သတိပြုမိသင့်၏။

“ ငါ မှားတော့ရော ဘာဖြစ်လို့ … သတိထားတာက ပိုမကောင်းဘူးလား …”

လင်းရီရဲ့ ခွန်းတုံ့ပြန်စကားက စွန်းရှန်းရှီကို ပို့လို့တောင် ဆွံ့အသွားစေသည်။ သူမ ဘာမျှဆက်မပြောနိုင်တော့ချေ။

လင်းရီ အမှုမထားသည့် အမူအရာဖြင့် ကားထံသို့ လမ်းလျှောက်နေပြီး သူမလည်း အခြားရွေးချယ်စရာ မရှိသဖြင့် သူ့နောက်သို့သာ လိုက်ပါနေရသည်။ မည်သည့်ပင်ဆိုစေ သူမရဲ့ သူဌေးက ဤလူ့ကို အဖော်ပြုခိုင်းထားလေသည်။

အကယ်၍ သူတို့တွေ ဘာတစ်ခုမျှ မတွေ့မိဘူးဆိုပါက ပြန်သွားပြီး အစီရင်ခံဖို့ လိုနေသေး၏။

ကားသို့ ရောက်သည်တွင် လင်းရီသည် ကားထဲသို့ ဝင်မသွားပေ။

ဘေးမှန်ကတစ်ဆင့် အစောပိုင်းတုန်းက ရန်ဖြစ်နေသည့်သဖွယ် ဖုန်းပြောနေသည့် နိုင်ငံခြားသားက ပန်းခင်းဘေးတွင် ထိုင်နေပြီး ရံဖန်ရံခါ သူတို့ ရှိသည့် နေရာသို့ စူးစမ်းလျက် ခေါင်းငုံ့ပြီး ဖုန်းကို ကစားနေသည်။

“ ဒါရိုက်တာလင်း … နင် ဘာမှ မတွေ့ဘူးဆိုလည်း ပြန်ကြရအောင် … ဒါရိုက်တာလီက စားသောက်ဆိုင်ထဲမှာ တစ်ယောက်တည်းရယ် … ငါ စိတ်မချဘူး …”

“ ဒါဆိုလည်း ပြန်ကြတာပေါ့ …”

သူမကို ညွှန်ကြားပြီးနောက် လင်းရီ တစ်ဖက်သို့လှည့်ပြီး နိုင်ငံခြားသားထံ လျှောက်လာသည်။

စွန်းရှန်းရှီက စားသောက်ဆိုင်ထဲသို့ ဝင်တော့မည့် အချိန်မှာပဲ လင်းရီက အခြား ဦးတည်ရာဘက်ခြမ်းသို့ လမ်းသလားသွားသည်ကို မြင်တွေ့လိုက်ရတော့ သူမ အံ့အားသင့်သွားသည်။

ယုတ္တိကျကျ ပြောကြေးဆိုပါက အကယ်၍ သူ ဘာမျှ ရှာမတွေ့လျှင် အထဲသို့ ပြန်သင့်သည်။

တစ်ခုခု လွဲချော်နေသည်ဟု ခံစားမိရင်း စွန်းရှန်းရှီလည်း အထဲပြန်ဝင်ဖို့ကို အလျင်မလိုတော့ဘဲ လင်းရီနောက်သို့ လိုက်ပါရင်း နိုင်ငံခြားသား ရှိရာနေရာဘက်သို့ လျှောက်လှမ်းလာခဲ့လိုက်တော့၏။

လူနှစ်ယောက် ချဉ်းကပ်လာသည်ကို မြင်တော့ အနှီ နိုင်ငံခြားသားက ပျာပန်းခတ်သွားခြင်း မရှိဘဲ သူ့ဖုန်းကိုသာ ဆက်ဆော့နေသည်။

လင်းရီ သူ့ရှေ့တည့်တည့်တွင် အုပ်မိုးပြီး မတ်တပ်ရပ်နေသည့် အခါတွင်မှ ခေါင်းကို မော့ကြည့်လာခဲ့ပြီး မျက်ဝန်းထဲ စိုးရိမ်ပူပန်ရိပ်တို့ အနည်းငယ် ဖြတ်ပြေးသွားခဲ့သည်။

“ ဘာကိစ္စရှိလို့လဲ ….”

“ ဒီကနေ စောင့်ကြည့်နေရတာ ပင်ပန်းရောပေါ့ .. အထဲဝင်ပြီး ငါတို့နဲ့ တစ်ခုခု လိုက်စားပါဦးလား … လီရုံဂျင်းလည်း အဲ့မှာရှိနေတာဆိုတော့ အနီးကပ် စောင့်ကြည့်လို့ရသွားတာပေါ့ ….”

All Chapters