← Chapters

နင် ဘာပေးခဲ့လဲ

Vol. 149 Ch. 2214

နင် ဘာပေးခဲ့လဲ

Vol. 149 Ch. 2214

နှစ်ယောက်သား တစ်ယောက်မျက်နှာ ၊ တစ်ယောက် ကြည့်ရင်း... ထို့နောက် ကြမ်းပြင်ပေါ် လဲလျောင်းနေသည့် လူများကို တစ်ဖန်ပြန်ကြည့်လိုက်၏။ သူတို့မျက်နှာထက်တွင် ကြောက်လန့်တုန်လှုပ်သည့် အမူအရာများ ဖြစ်ပေါ်လာပြီး ဆံပင်မွေးတို့ ထောင်ထသည်အထိ ကြောက်လန့်တကြား အော်မြည်လိုက်သည်။

‘ သေစမ်း … ဒါ သေနတ်ပစ်ခတ်တဲ့အမှုပဲ … အမှုတော့ ပတ်ပြီ … ’

ထိုအကြောင်း တွေးတောရင်း သူတို့တွေ နောက်သို့ ပြန်ပြေးလာကြကာ လင်းရီကို ဆက်တိုက် ဦးညွှတ်တောင်းပန်နေကြတော့သည်။

“ ညီလေး … မဟုတ်ဘူး အစ်ကိုကြီး … ငါတို့ မှားမှန်းသိပါပြီ … ငါတို့ ဒီကို မလာခဲ့သင့်ပါဘူး … ကျေးဇူးပြုပြီး နောက်ထပ် အခွင့်အရေးလေး တစ်ကြိမ်လောက်ပဲ ပေးပါ… အိမ်မှာ အိုမင်းမစွမ်းတဲ့ မိဘနဲ့ ကလေးတွေလည်း ရှိပါသေးတယ် … ငါကပဲ သူတို့ကို လုပ်ကျွေးနေတာပါ … ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့ ….”

ဟင် …

လင်းရီ ခေါင်းရှုပ်သွား၏။ သို့သော် များများစားစား အာရုံထားမနေဘဲ လက်ဝှေ့ယမ်းလိုက်သည်။

“ သွားတော့ … ဒီမှာ မြင်ခဲ့တာတွေ ဘယ်သူ့မှ ပြန်မပြောနဲ့ … နားလည်တယ်မလား … “

“ ဟုတ်ကဲ့ ဟုတ်ကဲ့ …”

လင်းရီ ဝင်ပေါက်ဝတွင် ရပ်နေပြီး မိနစ် နှစ်ဆယ်ကျော်လောက်ကြာတော့ မိုဟုန်ရှန်းနှင့် ကောင်းချုံတို့ ကားနှစ်စင်းဖြင့် ရောက်လာသည်။ သူတို့နှင့်အတူ လက်နက်ကိုင် တပ်သား ဒါဇင်ကျော်လည်း ပါလာခဲ့သည်။

“ အဲ့ကောင်တွေ ဘယ်မှာလဲ …” ကားထဲက ထွက်လာပြီးနောက် မိုဟုန်ရှန်း မေးလိုက်သည်။

“ လမ်းကြားထဲမှာ … သူတို့က ဒီတိုင်း ပါမွှား ယင်ကောင်လေးတွေပါပဲ … ဘယ်လောက်ထိ သိထားမလဲတော့ ကျွန်တော်လည်း မပြောတတ်ဘူး … သူတို့ကို သေချာလေး စုံစမ်းစစ်ဆေးဖို့တော့ လိုမယ် …”

“ ရတယ် … ငါတို့ ကိုင်တွယ်လိုက်မယ် … ရလဒ်ထွက်လာရင် မင်းဆီ ဖုန်းခေါ်လိုက်မယ် …”

“ ကောင်းပြီလေ ….”

ပြီးနောက် မိုဟုန်ရှန်းက သူ့လူများကို ဂရက်နှင့် ကျန်သူများအား ကားထဲ ထည့်ဖို့ အမိန့်ပေးလိုက်သည်။ နှုတ်ဆက်ပြီးနောက် ကားများဖြင့် ပြန်ထွက်သွားခဲ့ကြလေသည်။

လင်းရီနှင့် စွန်းရှန်းရှီလည်း စားသောက်ဆိုင်သို့ ပြန်ရောက်လာခဲ့ကြပြီး ကျီချင်းရန်နှင့် လီရုံဂျင်းတို့ရဲ့ ညစာက အဆုံးသတ်ခါနီးပြီ ဖြစ်၏။

“ နင်တို့တွေ ဘာတွေ အဲ့လောက်ကြာနေကြတာ ….”

“ လူဆိုးကောင်နည်းနည်းပါးပါးကို သွားကိုင်တွယ်နေတာ …”

ကျီချင်းရန် ခေါင်းညိတ်ပြီး ထပ်မေးမြန်းမလာတော့ချေ။

လင်းရီနှင့် အချိန်ကြာမြင့်စွာ အတူရှိလာခဲ့ပြီး ဖြစ်သောကြောင့် ထိုသို့သော အသေးမွှား ကိစ္စလေးများကို သူမ ထွေထူးလုပ်ပြီး စိုးရိမ်ပူပန်မနေတော့ချေ။

ညစာ စားပြီး‌နောက် အုပ်စုနှစ်ခုက ကိုယ်စီ လမ်းခွဲသွားကြပြီး လင်းရီနှင့် ကျီချင်းရန်တို့က အိမ်ကို ပြန်လာသည်။

“ သူနဲ့ ပူးပေါင်းဖို့ကိစ္စ နင်ဘယ်လိုမြင်လဲ ….”

အိမ်ပြန်လမ်းတွင် ကျီချင်းရန်က ညင်သာစွာ မေးလိုက်သည်။

“ ငါတော့ များများစားစား အတွေးမရှိဘူး … မင်းရော ….”

“ ငါလည်း ကောင်းတယ်လို့ ထင်တယ် … ရေတိုရေရှည် နှစ်ရပ်လုံးမှာလည်း တော်တော်လေး အထောက်အပံ့ဖြစ်စေတယ် …. ငါတို့ စမ်းကြည့်လို့ ရတာပဲ ….”

“ ဒါဆိုလည်း စမ်းကြည့်ကြတာပေါ့ … ပိုက်ဆံရှာနိုင်မယ့် အခွင့်အရေးကောင်း ရှိနေလျက်နဲ့ မယူရင် ရူးရာကျသွားမှာပေါ့ … ငါကတော့ စိတ်မရှိဘူး …”

“ အဓိကက ချစ်ပ် သုတေသနပရောဂျက်က ငွေကုန်ကြေးကျ များတဲ့ ပရောဂျက် ဖြစ်တာကြောင့်ပဲ … လက်ရှိ လင်းယွင်အုပ်စုရဲ့ ဘဏ္ဍာရေး အခြေအနေနဲ့ဆိုရင် အချိန်တစ်ခုလောက်အထိ ထိန်းသိမ်းနိုင်ရုံလောက်ပဲ ထိန်းထားနိုင်မှာ … ဒါကြောင့်မို့ အကျိုးအမြတ်များတဲ့ ပရောဂျက်တွေကို ငါတို့ဘက်က ဆက်ပြီး ချဲ့ထွင်ရမယ် … မဟုတ်ရင် သုတေသန လုပ်ငန်းစဉ် ကွာဟမှုက နိုင်ငံခြားတိုင်းပြည်တွေနဲ့ ပိုပြီးပြီး အလှမ်းကြီးမားသွားတော့မှာ …” ကျီချင်းရန် ပြောလိုက်သည်။ “ ပြီးတော့ လီရုံဂျင်းဆိုတာ ငါတို့ မသိတဲ့လူလည်း မဟုတ်ဘူးလေ …”

“ ဒါဆိုလည်း မင်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့ …”

“ အွန်း ….”

မိနစ်လေးဆယ်ခန့် ကြာပြီးနောက် လင်းရီသည် ကျီချင်းရန်ကို သူ့အမေအိမ်တွင် ချပေးလိုက်သည်။

ကားဝင်လာတာကို မြင်တော့ စုန့်လန်က ပြုံးလျက် ထွက်လာပြီး လင်းရီအတွက် ကားတံခါး ဖွင့်ပေးသည်။ သူ့ကို သူမရဲ့ သားအရင်း ခေါက်ခေါက်သဖွယ် နွေးထွေးစွာ ကြိုဆိုနေသည်။

“ ဝင်ခဲ့ ဝင်ခဲ့ …. အန်တီ သားဖို့ အသီးလှီးထားပေးတယ် ….”

“ အန်တီက ပျူငှာလွန်းနေပါပြီ … ကျွန်တော့်ကို အားနာအောင် လုပ်နေတာပဲ ….” လင်းရီ ပြုံးလျက် ပြောလိုက်သည်။

“ ဒီမှာ အားလုံးက မိသားစုတွေပဲ … ဘာရှက်စရာမှ မလိုဘူး … လာလေ အထဲကို မြန်မြန်ဝင် …”

စုန့်လန်က လင်းရီကို အိမ်ထဲသို့ ဦးဆောင်ခေါ်သွားပြီး ကျီချင်းရန်ကတော့ နေရာတွင် ငုတ်တုတ်မေ့လျက် ကျန်နေခဲ့၏။ သူမ အကြိမ်များစွာ မျက်လုံးလှန်မိလိုက်သည်။

လင်းရီ ရောက်လာသည့် အချိန်တိုင်း သူမမှာ အမြဲတမ်း လျစ်လျူရှုခံထားရသည်။

ထုံးစံအတိုင်းပဲ လင်းရီရောက်လာသည်နှင့် စုန့်လန်က သူ့ကို ညအိမ်ပြန်လွှတ်ပေးဖို့ရာ ရည်ရွယ်ချက် မရှိပေ။

သူတို့တွေ ဧည့်ခန်းထဲ ခဏလောက် ထိုင်ကြပြီးနောက် စုန့်လန်က လင်းရီတို့နှစ်ယောက်ကို ရေမိုးချိုးပြီး အတင်းအိပ်ယာဝင်ခိုင်းတော့၏။

“ ငါ စောနတုန်းက အခါးရည်သွားဖောက်နေတုန်း အမေနဲ့ နင်နဲ့ ဘာတွေ တိုးတိုးတိတ်တိတ် ပြောနေကြတာ …”

ကျီချင်းရန် သူမရဲ့ ဆံပင်ကို သပ်ပြီး မေးလိုက်သည်။

“ မင်းက အမြဲတမ်း ဒီလိုပဲ စပ်စုချင်နေကြလား … ဘာမဆို အကုန် သိချင်နေတော့တာပဲ ….”

“ ငါလည်း ဒီမိသားစုဝင်ပဲလေ … ငါ့မှာလည်း သိပိုင်ခွင့် ရှိတာပေါ့ ….”

“ အခုချက်ချင်း သွားပြီး လက်ထပ်မှတ်ပုံတင် ယူထားမလား …” လင်းရီ ပြောလိုက်ပြီး “ ဒါမှမဟုတ် မှတ်ပုံတင် ကိစ္စ ဘေးချိတ်ထားပြီး ကလေးအရင်ယူမှာလားတဲ့ … မဟုတ်ရင် အန်တီက အိမ်မှာ ပျင်းလို့ သေတော့မယ်တဲ့…”

“ ပေါက်ကရတွေ … ငါ့အမေက ဘယ်တော့မှ အဲ့လိုစကားမျိုး ပြောမှာ မဟုတ်ဘူး ….”

“ ငါလည်း မပြောချင်ပါဘူး … ဒါပေမယ့် မင်းက ဆက်တိုက် လာမေးတာကိုး … အခု ပြောပြပြန်တော့လည်း မင်းက ငါ့ကို မယုံပြန်ဘူး … မင်းလည်း လူတစ်မျိုးပဲ ….”

“ နင်ကမှ လူတစ်မျိုး … နင်ကမှ ထူးဆန်းတာ …” ကျီချင်းရန် ကျွဲမြီးတိုသွားသည်။

“ ယောက်ျားလေးတစ်ယောက်က ဒီ အသက်အရွယ်မှာ အိမ်ထောင်ပြုသင့်တယ်လေ … မိန်းကလေးလည်း အတူတူပဲ … အန်တီ ဒါမျိုးမေးလာတာ မဆန်းပါဘူး ….”

လင်းရီ ကုတင်ပေါ်တွင် ခြေတင်ပျဉ်ခွေ ထိုင်ရင်း ပြောလိုက်သည်။ “ ငါတော့ အန်တီပြောတာ အဓိပ္ပာယ် ရှိတယ်လို့ ထင်တယ် … ငါတို့ တကယ်ပဲ အစီအစဉ် ဆွဲထားသင့်တယ် … ဘာပဲဆိုဆို နှစ်ယောက်လုံးလည်း မငယ်တော့ဘူးလေ … နောက်ထပ် နှစ်နည်းနည်းလောက် စောင့်ရင် အသက်ကြီးမှ ဆေးပေးမီးယူလုပ်သလို ဖြစ်သွားမှာ …. အဲ့ဒါကျ ဒုက္ခများတယ် …”

“ ငါက ၃၀ တောင် မပြည့်သေးတာ နင်ပဲ အသက်ကြီးမှ ဆေးပေးမီးယူလုပ် …”

အသက်နှင့် သက်ဆိုင်သည့် ခေါင်းစဉ်ရောက်လာတိုင်း ကျီချင်းရန်မှာ ခေါင်းမာမာနှင့် ငြင်းဆန်နေလျက်ပင်။

ဘာကြောင့်ဆိုတော့ သူမက အရင်လို ငယ်ရွယ်နုပျိုသည့် မိန်းမငယ်လေး တစ်ယောက် မဟုတ်တော့ဘူးဆိုတာကို အသက်အရွယ်က သတိပေးနေသောကြောင့်ပင်။

“ ကိုယ်ဝန်ဆောင်တာက ဆယ်လကြာတယ် … အဲ့တာကို မမေ့လိုက်နဲ့ ….” လင်းရီ မျိုချင်၊စို့ချင်နေသည့် မျက်နှာထားမျိုးဖြင့် ပြောလိုက်ပြီး “ အခုလေးတင် တွက်ချက်ကြည့်လိုက်တာ ဒီခုအချိန်က ကလေးယူဖို့ အချိန်ကောင်းပဲ …”

“ အိပ်မက်မက်နေ … စဉ်းတောင် မစဉ်းစားနဲ့ ….”

ကျီချင်းရန် ပြောရင်းဖြင့် မျက်နှာမနီမြန်းဘဲ မနေနိုင်ချေ။ ထို့နောက် ခေါင်းငုံ့လျက် ဗီရိုထဲက ညအိပ်ဝတ်စုံကို ရှာဖွေနေပြီး လင်းရီနှင့် ထိုအကြောင်း ဆက်ပြောဖို့ကို ရှက်ရွံ့နေတော့သည်။

လင်းရီ နှုတ်ခမ်းကိုက်လျက် ဘာမျှ ထပ်မဆိုတော့ချေ။ ကျီချင်းရန်နှင့် ထိုအကြောင်း ဆွေးနွေးရတာက ပုလဲရဲ့ တန်ဖိုးအကြောင်း နားမလည်သူကို ပုလဲ လက်ဆောင်ပေးသကဲ့သို့ပင်။ ထို့ကြောင့် အိပ်ရာခင်းပေါ်ထိုင်ပြီး အချိန်ဖြုန်းဖို့ ဂိမ်းခဏဆော့နေလိုက်၏။

လင်းရီ တိတ်ဆိတ်သွားတာကို မြင်တော့ ကျီချင်းရန် အနည်းငယ် ကျင့်သားမရ ဖြစ်သွားသည်။ သူမရဲ့ ညအိပ်ဝတ်စုံကို ရှာတွေ့သွားပြီး မျက်လုံးထောင့်စွန်းကနေ လင်းရီကို တစ်ချက် ခိုးကြည့်လိုက်၏။

သူ့ရဲ့ အမူအရာက အရင်လို ကရော်ကမည် မဟုတ်တော့ဘဲ အနည်းငယ်မျှ အထီးကျန်နေပုံပင်။

ခေတ္တမျှကြာအောင် ကျီချင်းရန် စိတ်ခံစားချက်တို့ ပြင်းထန်သွားခဲ့ရသည်။

ညအိပ်ဝတ်စုံကို ကိုင်လျက် အတွင်းခံလဲရင်း ကျီချင်းရန် ရေချိုးခန်းထဲသို့ ဝင်သွားသည်။

နွေးထွေးသည့်ရေက သူမရဲ့ အရေပြားပေါ် ကျဆင်းနေလျက် ရှိပြီး လင်းရီရဲ့ စကားလုံးတို့ထဲ အမှန်မည်မျှနှင့် အလိမ်အညာ မည်မျှ ပါဝင်သည်ကို ချိန်ဆနေခဲ့သည်။

ငယ်စဉ်က မိဘမဲ့ဂေဟာတွင် ကြီးပြင်းခဲ့ရသဖြင့် လင်းရီလည်း နွေးထွေးသည့် ကိုယ်ပိုင် မိသားစုတစ်ခုကို ပိုင်ဆိုင်ချင်မည်မှာ အမှန်ပင်။

နှစ်ဦးရဲ့ ဆက်ဆံရေးက ယခုဆို သိကျွမ်းရင်းနှီးလာခဲ့သည်မှာ သုံးနှစ်ကျော်ထဲ ဝင်ရောက်လာပြီ ဖြစ်သည်။

သူမတို့နှစ်ဦး အတူရှိခဲ့ဖူးသည့် အမှတ်တရ မြင်ကွင်းများက ကျီချင်းရန်ရဲ့ ဦးနှောက်ထဲတွင် ရုပ်ရှင်ဖလင်ကားချပ်သဖွယ် ဖြတ်သန်းပြေးလွှားသွားသည်။ အသေးစိတ်တိုင်းကို မနေတနေ့ကကဲ့သို့ သူမ ရှင်းလင်းစွာ မှတ်မိနေသေး၏။

ရေပန်းအောက်တွင် အချိန်ကြာမြင့်စွာ ကျီချင်းရန် အတွေးနက်နေမိသည်။ သူမစိတ်ထဲ တူညီသည့် မေးခွန်းတစ်ခုတည်းကသာ လှည့်ပတ်ပြီး အဖြေပေါင်းစုံကို ရှာဖွေနေသည်။

သူမ ဒီသုံးနှစ်ထဲမှာ လင်းရီကို ဘာများ ပေးခဲ့ဖူးလဲ …

ပြီးတော့ သူကရော ဘာတွေ ရခဲ့ဖူးလဲ …

သူမ တွေးမိသလောက်တော့ လင်းရီကချည်း သူမကို ကာကွယ်ပေးခဲ့တာ ဖြစ်သည်။

သို့ပေမယ့် သူသည်လည်း လူပင်။ နာကျင်သည့် အချိန်၌ သွေးထွက်တတ်သည်။ သူ့ရဲ့ အားနည်းချက်နှင့် အထီးကျန်ဆန်မှုကို ကာကွယ်ပေးသူ မည်သူမျှ မရှိချေ။

အကုန်လုံးကို သူ့ဘာသူပဲ ကာကွယ်ရ၏။

ဤအကြောင်းကြောင့်ပဲ သူက တခြား အမျိုးသမီးများနှင့် ဇယားရှုပ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘာကြောင့်ဆိုတော့ သူမက လင်းရီကို သူ တကယ်လိုချင်သည့်အရာ မပေးခဲ့မိ၍ပင်။

သူမက တစ်ကိုယ်ကောင်းဆန်သည့်လူဖြစ်၏။

ရုတ်ချည်းဆိုသလို ကျီချင်းရန်ရဲ့ လက်က ဆတ်ခနဲ တုန်ယင်သွားသည်။

မည်သည့်အချိန်ကမှန်း မသိ ၊ ကျဆင်းနေသည့် မျက်ရည်စက်တို့က ကြမ်းပြင်သို့ ပြုတ်ကျလာသည်။ သူမရဲ့ မျက်ရည်စက်များကို ညင်သာစွာ ထိတွေ့ကြည့်လိုက်၏။

ဒီရဲ့ ဆက်ဆံရေးမှာ သူမ သိပ်ကို မှားယွင်းနေခဲ့တာပဲ….

ဝမ်းနည်းဖွယ်ရာ အငွေ့အသက်တို့က ရေချိုးခန်းထဲ ပြည့်နှက်သွားခဲ့ပြီး ကျီချင်းရန် ဆက်ပြီး ရေချိုးချင်စိတ် မရှိတော့ချေ။ ခလုတ်ပိတ်လိုက်ပြီး ခန္ဓာကိုယ်ကို ရေသုတ်ကာ အခန်းထဲသို့ ပြန်ဖို့ ဟန်ပြင်လိုက်၏။

ဤကိစ္စကို သေချာ ဂရုတစိုက်နှင့် တွေးတောဖို့အတွက် သူမ အချိန်လိုအပ်သည်။ မဟုတ်ပါက နှစ်ဦးကြားရှိ အငြင်းပွားဖွယ် ကိစ္စရပ်များမှာ မဖြေရှင်းနိုင်ဘဲ ဖြစ်နေလိမ့်မည်။

သို့သော် သူမ တံခါးဖွင့်ဖို့ လက်လှမ်းတော့မည့် အချိန်မှာပဲ ကျီချင်းရန်သည် လင်းရီ ဖုန်းပြောနေသည့် အသံကို နားစွန်နားဖျား ကြားမိသွားခဲ့သည်။

ပြောနေသည့် အကြောင်းအရာကလည်း သာမန် အကြောင်းအရာတို့နှင့် အတော်လေး ဝေးလံနေသည်။

All Chapters