← Chapters

အပြစ်ရှိစိတ်

Vol. 149 Ch. 2215

အပြစ်ရှိစိတ်

Vol. 149 Ch. 2215

ကျီချင်းရန် ရေချိုးဖို့ ထွက်သွားပြီးနောက် လင်းရီ ဖုန်းကောက်ကိုင်၍ ခေတ္တလောက် အားပါးတရ ဂိမ်းဆော့ဖို့ ဟန်ပြင်လိုက်သည်။

သို့သော်လည်းပဲ ဂိမ်းထဲ သေချာ ဈာန်ဝင်လို့မရပေ။ ဘာကြောင့်ဆိုတော့ ခရစ်စမတ်က ထောင့်စွန်းနားလေး ရောက်နေပြီး ဘယ်လောက်မျှလည်း မလိုတော့ချေ။

သူ့ဘက်က ဘာမျှ မပြင်ဆင်ထားရသေးသည်ကလည်း အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာပင်။

သူ ဂိမ်းက ထွက်၍ ထောင်းပေါင်ထဲ လှန်လောရှာဖွေကြည့်လိုက်သည်။

ထို့နောက် … ပို၍ပင် စိတ်တိုချင်စရာကောင်းသည့် လက်ဆောင်များကို မြင်တွေ့လိုက်ရပြီး ဖုန်းကို ဘေးသို့ ချထားကာ ခရစ်စမတ်တွင် မည်သည့်လက်ဆောင်ပေးသင့်ကြောင်း နက်နက်နဲနဲ စဉ်းစားနေတော့သည်။

ဒါမှမဟုတ် သူ ပန်းသီးပဲ ပေးလိုက်သင့်လား ….

သို့သော် သိပ်မကြာခင်မှာပဲ ဘေးရှိ ဖုန်းက အသံမြည်လာသည်။

ချိုးယွီလော့ထံက ဖြစ်၏။

“ ညဉ့်နက်နေပြီကို ဖုန်းဆက်လာတယ်ဆိုတော့ တိုက်ရိုက်အမိန့် ကျလာလို့လား ….”

“ ကျိုးဟိုင်က ကိစ္စကို အသင်း ၁ က နင့်ကို ပြောပြထားပြီးပြီမလား ….”

လင်းရီ တုံ့ပြန်ဖို့ အချိန်ခဏလောက် ယူလိုက်ရသည်။ “ မင်းပြောနေတာ အဲ့ဒီ သံသယတရားခံ အကြောင်းလား …”

“ ဟုတ်တယ် … အဲ့ဒီ တစ်ယောက် ….”

ဤသတင်းကို ကြားတော့ လင်းရီရဲ့ အမူအရာက လေးနက်တည်ကြည်လာသည်။

“ ငါ အဲ့ကိစ္စ အာရုံမထားမိဘူး … ဘာလို့ ... အဲ့လူက ဘာပြဿနာ ရှိနေလို့ ….”

“ ငါ နောက်ဆုံးရထားတဲ့ သတင်းတွေအတိုင်းဆိုရင် အဲ့လူက ဟောင်ကောင်က .. သူ့နာမည်က မာတဲ့ဟုန် … လွန်ခဲ့တဲ့ ဆယ်နှစ်က အမေရိကား ဒီထရစ် ဓာတ်ခွဲခန်းမှာ လက်ထောက် ဒါရိုက်တာအနေနဲ့ အလုပ်လုပ်ခဲ့တဲ့လူ … ဒါပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ရာထူးကနေ အလုပ်ထွက်သွားပြီး လူမြင်ကွင်းထဲကနေလည်း ပျောက်သွားခဲ့တယ် ….”

ချိုးယွီလော့၏ စကားထဲတွင် လင်းရီ အရေးကြီး သတင်းအချက်အလက် တော်တော်များများကို ဆုပ်ဖမ်းမိလိုက်သည်။

“ ဒီထရစ် ဓာတ်ခွဲခန်းက ဘာတွေလုပ်တာ …”

“ လက်ဆုပ်လက်ကိုင် ပြစရာ သက်သေအထောက်အထားတွေ မရှိဘူးဆိုပေမယ့် ခန့်မှန်းရသလောက်ကတော့ E အဆင့် ဗီဇဆေးရည် သုတေသနပဲ …”

“ ဗီဇ သွေးရည်ကြည်လား ….”

လင်းရီ တီးတိုးရေရွတ်လိုက်သည်။ “ အမေရိကားရဲ့ လက်ရှိ နည်းပညာ အခြေအနေနဲ့ဆိုရင် ဒီရဲ့ နည်းပညာကို ကျွမ်းကျင်ဖို့က မခက်ဘူး .. ပြီးတော့ လက်ထောက်ဒါရိုက်တာဖြစ်တဲ့ မာတဲ့ဟုန်မှာ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ အများကြီး ရှိနေရမယ် …”

“ အမှန်ပဲ … ငါတို့ စုံစမ်းစစ်ဆေးရသလောက်တော့ သူ ဒီနှစ်ဝက်ထဲ ဟောင်ကောင်မှာ တက်ကြွ လှုပ်ရှားနေတယ် … ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး ….”

“ ဒါပေမယ့် ဒါတွေအားလုံးက ခန့်မှန်းချက် သပ်သပ်ပါပဲ … သူက ဟောင်ကောင်မှာ တက်ကြွ လှုပ်ရှားနေတယ်ဆိုရင်တောင် အဲ့တာက ဘာကိုမှ သက်သေမပြနိုင်ဘူးလေ … မင်း တခြား ဘာတွေ့ထားသေးလဲ …”

“ ဟင့်အင်း … ငါတို့ သူ့ကို ဖမ်းထားလိုက်တာက ဟောင်ကောင်မှာ တက်ကြွလှုပ်ရှားနေလို့ပဲ … သူ့ကို ဆက်ပြီး စုံစမ်းမေးမြန်းဖို့ ဆင်ခြေတစ်ခုလည်း ရှာတွေ့ထားပြီးပြီ ….”

“ သူ့ကို စစ်ဆေးခိုင်းဖို့ ငါ့ဆီ ဖုန်းဆက်လာတာတော့ မဟုတ်ဘူးမလား ….”

“ ဟုတ်တယ် အဲ့လိုမျိုးပဲ … နင်က ဒီလိုကိစ္စမျိုးတွေမှာ ကျွမ်းကျင်တယ်ဆိုတော့ နင် ကိုင်တွယ်လို့ ပြဿနာ မရှိဘူးလေ …”

စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် လင်းရီ မေးလာသည်။

“ ဆင်ခြေရှာတွေ့ထားတာက ဘာကို ပြောချင်တာ …”

“ ဆေးရုံဘက်ကနေ ထူးထူးဆန်းဆန်း သေသွားတဲ့ အမှုတွေ အများကြီး ရှိတယ်ဆိုပြီး တိုင်ကြားချက် ရထားလို့ လူလွှတ်ပြီး စစ်ဆေးခိုင်းလိုက်တာ သေသွားရတဲ့ အကြောင်းအရင်းက ခန္ဓာကိုယ် ဗီဇစနစ်တွေ ဝန်ပိတာကြောင့်ပဲ … မျိုးရိုးဗီဇဆေးရည် ထိုးသွင်းလိုက်ရင်လည်း အဲ့လိုပဲ ဖြစ်တတ်တယ် …”

ဤသည်ကို ကြားတော့ လင်းရီ မျက်မှောင်တင်းကြုတ်သွားခဲ့သည်။

အာရှတစ်ခွင်တွင် မျိုးရိုးဗီဇ ဆေးရည်ကို မစ်ဆူအုပ်စုကသာလျှင် သုတေသန လုပ်နိုင်စွမ်းရှိသည်။

အကယ်၍ ယင်းကသာ တကယ့်စစ်မှန်သည့် အကြောင်းအရင်း ဖြစ်မည်ဆိုပါက သူ အာယာနဲမစ်ဆူထံ ဖုန်းဆက်မေးကြည့်ရတော့မည့်ပုံပင်။

“ ဒီကိစ္စ ငါနဲ့ လွှဲထားလိုက် … တခြာ ဘာရှိသေးလဲ ….”

“ တခြား တရားဝင် ကိစ္စတော့ မရှိပါဘူး … ဒါပေမယ့် နင့်ကို ပုဂ္ဂိုလ်ရေး မေးစရာ တစ်ခုတော့ ရှိတယ် ….”

“ မင်း အန်တီလာနေလို့လား ဒါမှမဟုတ် စောပြီးရောက်လာလို့ ငါ့ဆီ ဆေးစာတောင်းချင်နေတာလား …”

“ ပေါက်ကရတွေ ပြောမနေနဲ့ ….”

ချိုးယွီလော့ ပြောလိုက်ပြီး “ နင် တကယ်ပဲ ကျုံးဝေ့တပ်ဖွဲ့ မစ်ရှင်တွေကို တာဝန်မယူတော့တာလား ….”

“ အသေးအမွှားလောက်လေးကတော့ ကိစ္စ မရှိဘူး … ဒါပေမယ့် အသက်ရင်းရမယ့် မစ်ရှင်တွေကိုတော့ မယူတော့ဘူး ….” လင်းရီ ရယ်သွမ်းလျက် ပြောလိုက်သည်။

“ နှမြောစရာပဲ … နင်နဲ့ ကျောချင်းကပ်ပြီး တိုက်ခိုက်ဖို့ အခွင့်အရေးတွေ နည်းသွားတော့မှာပေါ့ ….”

“ တကယ့်ကို နှမြောစရာပဲ … ဒါပေမယ့် ရှောင်ကြဉ်နိုင်တဲ့ အရာမှ မဟုတ်တာ … ငါက လက်လည်း မထပ်ရသေးဘူး … မျိုးဆက်လည်း မရှိသေးဘူး … အဲ့ဒီမှတ်တိုင်တွေမှာ မခံစားဘဲ သေသွားရမယ်ဆိုရင် လူဖြစ်ရှုံးတာပေါ့ ….”

“ နားထောင်ကြည့်ရသလောက်တော့ နင် လက်ထပ်ပြီး ကလေးယူတော့မယ်နဲ့တူတယ် …” ချိုးယွီလော့က ရယ်ကျဲကျဲဖြင့် ပြောလာသည်။

“ လက်ထပ်ဖြစ်ရင် ငါ့ကိုလည်း အသိပေးဦး ကြားလား… ဟုန်ပေါင်းကြီးကြီးပေးမယ် ….”

“ မသေချာသေးပါဘူး … ဒီနှုန်းထားနဲ့ဆိုရင်တော့ အသက် လေးဆယ်ရောက်တောင် ကလေးအဖေဖြစ်ဖို့ရာ မသေချာသေးဘူး ….”

“ အဲ့တာကတော့ နင့်ကိစ္စ ဖြစ်သွားပြီလေ …”

ချိုးယွီလော့က လင်းရီရဲ့ဖြစ်ပုံကို ကျေနပ်အားရနေသံကြီးဖြင့် ရယ်မောလိုက်၏။

“ ကောင်းပြီ … စကားပြောနေတာတွေ တော်ပြီ … ငါ တခြားလုပ်စရာတွေ ရှိသေးတယ် … အကြောင်းရှိရင် ဖုန်းထဲကနေပဲ ဆက်သွယ်လိုက် … ကံကောင်းပါစေ ….”

ချိုးယွီလော့ ပြောပြီး ဖုန်းချသွားခဲ့သည်။ လင်းရီလည်း ဖုန်းကို ဘေးသို့ ပစ်ချထားလိုက်ပြီး ခရစ်စမတ်လက်ဆောင်ကို ဘာပေးရကောင်းနိုးနိုး စဉ်းစားနေသည်။

သို့‌သော် တံခါးအပြင်ဘက်တွင် ရှိနေသည့် ကျီချင်းရန်ကတော့ သူမ ကြားသိလိုက်ရသည့် အကြောင်းအရာများကို ချေဖျက်ဖို့ အချိန်အတော် ယူလိုက်ရသည်။

သူမရဲ့ ဉာဏ်ရည်ဉာဏ်စွမ်းဖြင့် ဖုန်းဆက်လာသည့် တစ်ဖက်လူက လင်းရီတို့ အဖွဲ့အစည်းထဲက လူတစ်ယောက် ဖြစ်မည်ကို ခန့်မှန်းဖို့ မခဲယဉ်းချေ။

တစ်ဖက်က သူ့ကို မစ်ရှင် ပေးချင်ပါသော်လည်း သူက ငြင်းဆန်လိုက်၏။

သို့သော် ကျီချင်းရန်ရဲ့ စိတ်နှလုံးကို အတော်လေး လှုပ်ခါသွားစေသည်ကတော့ လင်းရီရဲ့ စကားတစ်ခွန်းပင်။

“ ငါ အသက်လေးဆယ်ရောက်တောင် ကလေးအဖေဖြစ်ဖို့ မသေချာသေးဘူး …”

သူ့စိတ်ထဲတွင် ထိုကိစ္စကို လက်လျှော့ထားပြီး ဖြစ်ပုံရသည်။

သူမနှင့် ကလေးယူနိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ဖြစ်၏။

သူ အစောပိုင်းတုန်းက အခန်းထဲတွင် ပြောခဲ့သည်များက စနောက်ကျီစယ်သည့် သဘောသပ်သပ်သာ ဖြစ်နိုင်သည်။

ဖော်မပြနိုင်သည့် ဝေဒနာကြောင့် ကျီချင်းရန်ရဲ့ နှလုံးသားမှာ နာကျင်ကိုက်ခဲသွားခဲ့သည်။

အမျိုးသမီးတစ်ယောက်အနေဖြင့် အမျိုးသားဖြစ်သူအပေါ် ထိုသို့သော အတွေးမျိုး မွေးမြူစေမိသည်မှာ အမှန်တကယ်ပင် သူမရဲ့ အကြီးမားဆုံးသော ကျရှုံးမှုကြီး ဖြစ်၏။ ကျီချင်းရန်ရဲ့ ကိုယ်လုံးလေးမှာ တုန်ယင်သွားသည်။ သူမ ယနေ့လို ကိုယ့်ကိုယ်ကို စိတ်ပျက်ရမည့် နေ့မျိုး ရောက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။

တံခါးပေါက်ဝနားတွင် ရပ်နေရင်း ကျီချင်းရန် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။

သူမရဲ့ စိတ်ခံစားချက်တို့ အနည်ထိုင်သွားမှပဲ အိပ်ခန်းထဲသို့ ဘာမျှ မဖြစ်ထားသည့် အမူအရာဖြင့် ပြန်ရောက်လာသည်။

ကျီချင်းရန် ထွက်လာသည်ကို မြင်တော့ လင်းရီ ကြမ်းခင်းပေါ်က ထလျက် ပြုံးပြီး မေးလိုက်သည်။

“ ဒီနေ့တော့ ရေချိုးတာ တယ်မြန်ပါလား ….”

“ ငါက ညစ်ပတ်နေတာမှ မဟုတ်တာ … ဒီတိုင်း အမြန်ပဲ ချိုးလိုက်တယ်လေ …” ကျီချင်းရန် ပြောလိုက်ပြီး “ အိပ်စို့ … မနက်ဖြန် တခြား လုပ်စရာတွေ ရှိသေးတယ် ….”

“ အိုကေ …”

အခန်းမီး ပိတ်သွားခဲ့ပြီး လင်းရီကတော့ ကြမ်းခင်းအိပ်ရာပေါ်တွင် လဲလျောင်းနေရင်း ဖုန်းပွတ်နေသည်။ ကျီချင်းရန်ကတော့ ဟိုလှည့်ဒီလှည့် လုပ်လျက် တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ချေ။

သူမအတွက် ညတာရှည်သည့် တစ်ည ဖြစ်သွားခဲ့၏။

နောက်တစ်နေ့ နံနက်ခင်းတွင် လင်းရီ အိပ်ရာနိုးသည့်အချိန်၌ ကျီချင်းရန်က ကုတင်ပေါ်မှ ဆင်းနေပြီး ဖြစ်၏။

ထုံးစံအတိုင်း မနက်စာ မစားမီ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်သည်။

ပြီးနောက် ကျီချင်းရန်နှင့် စုန့်လန်တို့က မီးဖိုချောင်ထဲတွင် မနက်စာ အတူပြင်ကြ၏။

“ မြန်မြန်လုပ် … ရီလေးက ခဏဆိုရင် အလုပ်သွားရတော့မှာ … သူ့ကို နောက်ကျအောင် မလုပ်နဲ့ ….”

“ အမှုတွေ အကုန်လုံး ပိတ်သွားပြီကို သူလည်း လတ်တလော အလုပ်မများပါဘူး … ဘာမှ လောစရာ မလိုဘူး ….”

“ အဲ့လိုဆိုလည်း မြန်မြန်လုပ်ရမှာပဲ … တစ်ခုခု ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူက ကြိုသိနိုင်မှာ … “ စုန့်လန် ပြောလိုက်သည်။

“ တကယ်လို့ သူခိုးတွေ ၊ လူဆိုးတွေ ပိုဖမ်းမိတော့လည်း ပိုမကောင်းဘူးလား … ပတ်ဝန်းကျင် အေးချမ်းတာပေါ့အေ ….”

“ အဲ့အလုပ်က ဘာများ ကောင်းနေလို့ … နေ့တိုင်းနေ့ လူဆိုးတွေနဲ့ပဲ ထိတွေ့ဆက်ဆံနေရတယ် … ပြီးတော့ အန္တရာယ်ကလည်း များသေး … သမီးတော့ သူ အခုချက်ချင်း အလုပ်ထွက်လိုက်တာကမှ ကောင်းလိမ့်ဦးမယ်လို့ ထင်သေးတယ် ….”

“ အလုပ်ထွက်ရမယ် ဟုတ်လား …”

စုန့်လန်က ကျီချင်းရန်ကို ကြည့်လိုက်သည်။ “ အခုလည်း အနေသာကြီးကို သူက ဘာလို့ အလုပ်ထွက်ရမှာ …..”

“ ဘာလို့ဆို အန္တရာယ် များလွန်းလို့ပေါ့ … သမီးတော့ သူ့ကို ဆက်ပြီး မလုပ်စေချင်တော့ဘူး … “

“ ငါပြောပြမယ် … သူ ထွက်မယ်ဆိုရင်တောင် နင်ပြောလို့ မဖြစ်စေနဲ့ … မလုပ်ချင်တော့ဘူးဆို သူ့သဘောနဲ့သူ ထွက်လိမ့်မယ် ….”

“ သမီးက ဘာလို့ မပြောရမှာလဲ …”

“ သူလည်း လူကြီး ဖြစ်နေပြီလေ … သူက နင် သူ့ကို ဘာလုပ်ပါ ၊ ညာလုပ်ပါ ဆိုပြီး ညွှန်ကြားတာကို လိုအပ်နေလို့လား ….”

စုန့်လန်က သမီးဖြစ်သူကို အားမလို အားမရဖြစ်စွာ ကြည့်လိုက်ရင်း “ သူ အလုပ် နောက်တစ်ခုပြောင်းလို့ နင်က မကျေနပ်သေးဘူးဆို အဲ့ကျ ဘာဖြစ်မှာ … နင် ပြောတဲ့အတိုင်း သူ့ကို လိုက်လုပ်ခိုင်းပြီး သူ့ကို ပျော်ရွှင်စေချင်တာလား … တကယ်လို့ လင်းရီက နင့်ကို အလုပ်လုပ်တာ နားပြီး အိမ်မှာပဲ တစ်သက်လုံး အိမ်ရှင်မ လုပ်ခိုင်းမယ်ဆို နင်ရော လုပ်မှာလား …”

စာစဉ် (၁၄၉) ပြီး၏။

All Chapters