အခန်း (၈၂၁-၈၂၅)
Vol. 33 Ch. 821-825
အခန်း(၈၂၁) ပုံမှန်မဟုတ်တဲ့ ဘော်ဒီဂတ် (၁)
“ဘာတွေ သောင်းကျန်းနေတာလဲ။ ဆက်သောင်းကျန်းနေရင် ငါဒီတိုင်း ထားခဲ့မှာနော်”။ ဟဲပေမူက ဟူကျစ်ကို သတိပေးလိုက်သည်။
ပုံမှန်ဆို ဒီလို ခြိမ်းခြောက်လိုက်ပါက ဟူကျစ် ချက်ချင်း ငြိမ်သွားတတ်သည်။
သို့သော် ဒီနေ့တော့ ထူးခြားပါသည်။ ဟူကျစ် ငြိမ်သွားဘဲ ဆက်သောင်းကျန်းနေလေသည်။
“မြောင်!”
ဟဲပေမူလည်း ပုံမှန်မဟုတ်တာတစ်ခုခုကို ခံစားမိပါသည်။
အခန်းထဲကို လှမ်းကြည့်လိုက်သောအခါ ထန်ထိုက်မင်က စူစူလေးကို လုံးဝ မထိဘဲ မျက်နှာချင်းဆိုင်မှာ ဒီတိုင်း ထိုင်နေပါသည်။
“တွေ့လား။ မင်းသခင်ကို ဘယ်သူမှ ဘာမှ မလုပ်ဘူး။ ငြိမ်ငြိမ်နေ”။ ဟူကျစ်ကို ဟဲပေမူ ထပ်ပြောလိုက်သည်။
“မြောင်!”
ငတုံးကောင်! ငတုံးကောင်! ငတုံးကောင်!
အခန်းထဲတွင် ထန်ထိုက်မင်လည်း ပြူတင်းပေါက်အပြင်ရှိ လူတစ်ယောက်နဲ့ ကြောင်တစ်ကောင်ကို သတိထားမိပါသည်။
စူစူလေးထံ စီးဆင်းလာသည့် ဝိညာဉ်စွမ်းအင်များက ထို ၂ ယောက်ကို ကွေ့ပတ်သွားကြသည်။ သူတို့နားမှာ မမြင်ရသည့် အကာအရံတစ်ခု ရှိနေသလိုမျိုး ကွေ့ပတ်ကာ စူစူလေးထံ ရောက်ရှိလာခြင်း ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ထန်ထိုက်မင် မျက်လုံးများ စူးရှသွာခဲ့သည်။
လူသားခန္ဓာကိုယ်မှာ ဝိညာဉ်စွမ်းအင်များ မရှိပါ။ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေ၏ ဝိညာဉ်စွမ်းအင်များက သာမန်လူသားများ၏ ခန္ဓာကိုယ်ထဲ ဖောက်ထွင်းကာ ဖြတ်သွားတတ်သည်။ ဒီလို အဝေးမှ ရှောင်ဖယ်သွားမှာ မဟုတ်ပါ။
ဒီလို အခြေအနေမျိုးက ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်ရှိနေသော မသေမျိုးများတွင်သာ ဖြစ်တတ်သည်။
စူစူလေး ခေါ်လာသည့် ဟူကျစ်ကို ထန်ထိုက်မင် သိပါသည်။ ပိုင်ကျဲနတ်သားရဲလေးနဲ့အတူ ကြီးပြင်းလာသည့် ခွန်းလွန်မှ ကျားဖြူပေါက်လေးဖြစ်သည်။
ဒါပေမယ့် အဲ့ဒီ ဘော်ဒီဂတ်လေးက ဘယ်သူလဲ…။
ထိုစဉ် ထန်ထိုက်မင်၏ အာရုံထဲ ဖြစ်နိုင်ချေတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
အဲ့လိုလား…။
ဟူကျစ် ဆက်လက်သောင်းကျန်းနေပြီး ဟဲပေမူကလည်း သူဘာလုပ်ချင်နေမှန်း နားမလည်သေးပါ။
နောက်ဆုံးတော့ ဟူကျစ် သည်းမခံနိုင်တော့ဘဲ ဟဲပေမူ၏ လက်ထဲမှ ခုန်ထွက်လိုက်သည်။ ထို့နောက် ပြူတင်းပေါက်မှ တဆင့် အခန်းထဲခုန်ဝင်ကာ စူစူလေးထံ ပြေးလာခဲ့သည်။
ဟူကျစ်က စူစူလေးနဲ့ ထန်ထိုက်မင်တို့အကြားမှာ မတ်တပ်ရပ်လိုက်ပြီး ထန်ထိုက်မင်ကို ကြမ်းကြုတ်စွာ မာန်ဖီလိုက်ပါသည်။
“ဝေါင်း!”
သူ့သခင်ကို အနိုင်မကျင့်နဲ့!
သူ့ရှေ့က မာန်အပြည့်နဲ့ ကြောင်ပေါက်လေးကို ကြည့်ရင်း ထန်ထိုက်မင် ခပ်သဲ့သဲ့ ရယ်မောလိုက်ပါသည်။
“မင်းသခင်ကို မနှောင့်ယှက်နဲ့။ သူလေ့ကျင့်နေတယ်”
“မြောင်!”
လူဆိုးကောင်!
“ငါက လူဆိုးမဟုတ်ဘူး။ မင်းသခင်ကို သန်မာလာအောင် ကူညီပေးနေတာ”
“မြောင်…”
ဒီလူဆိုးကောင်က သူ့စကားကို နားလည်တယ်လား။
သူ့သခင်အပြင် သူ့စကားကို နားလည်နိုင်တဲ့လူ ရှိသေးတယ်လား။
ဟူကျစ် ကြောင်စီစီဖြစ်သွားသည်။
ထန်ထိုက်မင် ပြုံးကာ ဆက်ပြောလိုက်၏။ “ပေါက်စလေး၊ ငါ့ကို ယုံကြည်လိုက်စမ်းပါ။ ငါတို့ သူငယ်ချင်းတွေတောင် ဖြစ်လာနိုင်တယ်”။ ဘုံရန်သူ တူညီသဖြင့် မိတ်ဆွေတွေ ဖြစ်လာနိုင်သည်။
“မြောင်!”
မယုံကြည်သေးဘူး! လှည့်စားဖို့မကြိုးစားနဲ့! သူက ဉာဏ်အရမ်းကောင်းတာ!
“အဲ့တာဆို မင်းသခင်ကို လှည့်ကြည့်လိုက်လေ။ သူအခု အဆင်ပြေနေတာပဲ မဟုတ်ဘူးလား။ အရင်ကထက် ပိုပြီး သန်မာလာတာပဲ မဟုတ်ဘူးလား”။ ထန်ထိုက်မင် ပြောလိုက်သည်။
တရားထိုင်နေဆဲဖြစ်သည့် စူစူလေးကို ဟူကျစ်လှည့်ကြည့်လိုက်သည်။
စူစူလေးက ဟူကျစ်၏ ဆူညံသံတွေကို ကြားပုံမပေါ်ပါ။
ဟူကျစ် သံသယဖြစ်လာသည်။
ဒီလူက အမှန်တိုင်းပြောနေတာလား။ သူက တကယ် လူဆိုး မဟုတ်ဘူးလား။
ဟဲပေမူလည်း ပြူတင်းပေါက်မှ ခုန်ကျော်ဝင်လာသည်။
ထန်ထိုက်မင်နဲ့ ဟူကျစ်တို့ စကားပြောနေတာက ဟဲပေမူရဲ့ အမြင်မှာတော့ လူတစ်ယောက်က ကြောင်တစ်ကောင်ကို ကျီစယ်နေခြင်းသာဖြစ်ပါသည်။
ဟူကျစ်၏ စကားကို ထန်ထိုက်မင် တကယ်နားလည်လိမ့်မည်ဟု သူမထင်ပါ။
ဟဲပေမူ အခန်းထဲဝင်လာပြီး ဟူကျစ်ကို ပြန်ပွေ့ချီကာ ထန်ထိုက်မင်ကို ဘာမှ မပြောဘဲ ပြူတင်းပေါက်မှတဆင့် ပြန်ထွက်သွားပါသည်။
စူစူလေးရဲ့ နေ့စဉ်ဘဝကို သူတို့ မနှောင့်ယှက်သင့်ပါ။
“မြောင်~”
ဟူကျစ် ဆန္ဒပြနေသော်လည်း အရင်ကလောက်တော့ မကြမ်းတမ်းတော့ပေ။
ထန်ထိုက်မင်၏ စကားကြောင့် ဟူကျစ် ဝေခွဲမရဖြစ်နေသည်။ သူ့သခင်အတွက် တကယ်ကောင်းသည့်အရာလားဆိုတာ စဉ်းစားဖို့ ခက်ခဲနေပါသည်။
… … …
အခန်း(၈၂၂) ပုံမှန်မဟုတ်တဲ့ ဘော်ဒီဂတ် (၂)
ခဏကြာတော့ စူစူလေး မျက်လုံးတွေ ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။ “ဆရာမင် ဘာကြည့်နေတာလဲ”
ဆရာမင်၏ မျက်နှာက အလွန်ထူးဆန်းပါသည်။ အလွန်အံ့အားသင့်နေပုံပေါ်ပြီး ပျော်ရွှင်နေပုံလည်းပေါက်သည်။
“ဘာမှမကြည့်ပါဘူး”။ ထန်ထိုက်မင် အသိစိတ်ပြန်ဝင်လာပြီး စူစူလေးကို ပြုံးပြလိုက်သည်။ ထို့နောက် စူစူလေးကို သူ မေးကြည့်လိုက်၏။ “စူစူလေး ဘယ်လိုခံစားရလဲ”
“ကောင်းတယ်!”
ပျော်စရာအလွန်ကောင်းပါသည်။
“အင်း အခုချိန်ကစပြီး ဒီလိုမျိုး မကြာခဏ လေ့ကျင့်ရမယ်နော်”
“ဒါမယ့် ဆရာမင်၊ ဒီလိုထိုင်နေရုံနဲ့ သမီးက ဘယ်လို ပိုသန်မာလာမှာလဲ။ သမီးက သန်မာလာချင်တာ ပျော်ချင်တာ ဒီတိုင်း ပျော်ချင်တာ မဟုတ်ဘူး”
ပျော်စရာကောင်းသော်လည်း အခုက ပျော်နေရမည့် အချိန် မဟုတ်ပါ။
“အကျိုးရှိပါတယ်။ စူစူလေး အာရုံပိုစိုက်နိုင်လာပြီး ကိုယ့်စွမ်းအားကိုယ် ပိုထိန်းနိုင်လာမယ်။ ပြီးတော့ ဝိညာဉ်စွမ်းအင်ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်လာလိမ့်မယ်”။ ထန်ထိုက်မင် ရှင်းပြလိုက်လေသည်။
“ရှုပ်နေတာပဲ”။ စူစူလေး နားထောင်ရင်း ခေါင်းကုတ်ကာ ပြောလိုက်ပါသည်။
သူမစွမ်းအားကို ထိန်းချုပ်သည့်အပိုင်းကိုတော့ နားလည်ပါသည်။
ဝိညာဉ်စွမ်းအင်ကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်မည် ဆိုတာကို နားမလည်ပါ။
“ရပါတယ်။ နားလည်ဖို့ မလိုဘူး။ ဒီတိုင်း လုပ်နိုင်ဖို့ပဲလိုတာ”။ ထန်ထိုက်မင် ပြောလိုက်သည်။
ယခု သူ့အစီအစဉ်အတွက် ပစ်မှတ်အသစ်တစ်ခု ရှိလာပါပြီ။
“အွန်း ဟုတ်ပြီ!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။
ဆရာမင် သင်ကြားပေးသည့် အရာတွေက အလွန်အသုံးဝင်သည်။
ယခုဆို သူမ လက်တွေကို ပိုမိုထိန်းချုပ်နိုင်လာပြီဖြစ်ကာ တခြားစွမ်းအင်တွေကိုလည်း ထိန်းချုပ်နိုင်နေပါပြီ။ ယခင်ကထက် ကျိန်းသေပေါက် ပိုသန်မာလာတော့မည်။
ဟင်းဟင်း… နတ်ယုတ်မာကြီးကို အနိုင်ယူနိုင်ဖို့ သိပ်မကြာတော့ပါဘူး!
စူစူလေး အနားယူချိန်ပြီးသည့်အထိ ကစားခန်းထဲမှာ နေခဲ့ပြီးနောက် အတန်းဖော်တွေနဲ့အတူတူ စာဆက်သင်ဖို့ စာသင်ခန်းဆီ ပြန်လာခဲ့ပါသည်။
စူစူလေး စာသင်ခန်းထဲ ရှိနေစဉ် ဟဲပေမူက စာသင်ခန်း အပြင်ဘက်မှာ ဆက်စောင့်ကြည့်နေသည်။ သူ့လက်ထဲက ဟူကျစ်လည်း အိပ်ပျော်နေပါပြီ။
ထိုစဉ် တစ်စုံတစ်ယောက် ချဉ်းကပ်လာတာကို ဟဲပေမူ ခံစားမိသည်။ ခေါင်းကို အမြန်လှည့်ကြည့်လိုက်ရာ ထန်ထိုက်မင်၏ စူးစူးရှရှ အကြည့်များကို မြင်လိုက်ရလေသည်။
ဟဲပေမူ အနည်းငယ် သတိကြီးသွားခဲ့၏။
သူသတိမထားမိဘဲ ဒီလူဘာလို့ ဒီလောက် နီးနီးကပ်ကပ် ရောက်လာတာလဲ။
သူပဲ အာရုံလွဲနေလို့လား… ဒါမှမဟုတ် ဒီလူက…
ထန်ထိုက်မင် ပြုံးကာ မေးလိုက်သည်။ “စူစူလေးကို ဒီလို နေ့တိုင်း စောင့်ကြည့်ပေးနေရတာ မပင်ပန်းဘူးလား”
“မပင်ပန်းပါဘူး။ စိတ်ပူပေးလို့ ကျေးဇူးပါ”။ ဟဲပေမူ အေးတိအေးစက် ပြန်ဖြေလိုက်ပါသည်။
ထန်ထိုက်မင်ကို သူရန်လိုနေမှန်း သိသာပြီး သူနဲ့ စကားဆက်မပြောချင်ပါ။
“မင်းကြည့်ရတာ ငါ့ကို သိပ်သဘောမကျဘူးထင်တယ်နော်”။ ထန်ထိုက်မင် အပြုံးမပျက်ဘဲ ထပ်မေးလိုက်ပါသည်။
“ကျုပ်က ဘော်ဒီဂတ်တစ်ယောက်ပါ။ ကျုပ်တာဝန်က အလုပ်ရှင်ကို ဘေးကင်းအောင် ကာကွယ်ပေးဖို့ပဲ။ အလုပ်ချိန်အတွင်း သူများတွေနဲ့ စကားမများချင်ဘူး။ ကျုပ်ဘယ်သူ့ကိုမှ ဘက်လိုက်ပြီး ဆက်ဆံတာ မဟုတ်ဘူး”။ ဟဲပေမူ ပြန်ဖြေလိုက်သည်။ သူ့မျက်နှာက အလွန်အေးတိအေးစက်နိုင်ပြီး စကားမပြောချင်မှန်း သိသာနေပါသည်။
“ဒီမူကြိုက လုံခြုံပါတယ်။ အဲ့လောက်ကြီး စိတ်ပူစရာမလိုဘူး”။ ထန်ထိုက်မင် ရှင်းပြလိုက်သည်။
“မူကြိုကျောင်းထဲ ဘေးကင်းလုံခြုံဖို့က ကျောင်းဝန်ထမ်းတွေရဲ့ တာဝန်ပဲ။ ကျုပ်အလုပ်ရှင် ဘယ်ပဲရောက်နေ ရောက်နေ ကျုပ် စိတ်အေးလက်အေး နေမှာ မဟုတ်ဘူး”
“ဟုတ်ပါတယ်။ ကျောင်းလုံခြုံရေး စနစ်ကို တိုးမြှင့်ဖို့ ခေါင်းဆောင်ပိုင်းကို ငါတင်ပြလိုက်ပါ့မယ်”။ ထန်ထိုက်မင် အပြုံးဖြင့် ပြောလိုက်သည်။
နက်ရှိုင်းပြီး မှောင်မိုက်သည့် သူ့မျက်လုံးတွေထဲ လျှို့ဝှက်သော အလင်းရောင်တစ်ခု ရှိနေသည်။
ဟဲပေမူက သူ့ကို သတိကြီးစွာ ကြည့်ကာ မေးလိုက်သည်။ “ခင်ဗျား စာသင်စရာမရှိဘူးလား”
“အတန်းချိန်တွေအတွင်း ခဏနားလို့ရတယ်လေ”
“အဲ့တာဆိုလည်း တခြားနေရာမှာ သွားနားလေ။ ကျုပ်အလုပ်လုပ်နေတာကို မနှောင့်ယှက်နဲ့”
“ဒါပေမယ့် ဒီနေရာကဆိုရင် ငါ့အတန်းထဲက ကလေးတွေကို သေချာ အကဲခတ်လို့ရတယ်လေ။ သူတို့အကြောင်း ပိုနားလည်နိုင်တာပေါ့။ ဒါမှ ကလေးမိဘတွေ မေးခွန်းမေးတဲ့အခါ ငါဖြေတတ်မှာပေါ့”
“အဲ့တာဆို ဆက်ကြည့်ပါ။ ကျုပ် တခြားနေရာသွားလိုက်မယ်”
ထန်ထိုက်မင် ထွက်မသွားလျှင် သူထွက်သွားပါမည်။
… … …
အခန်း(၈၂၃) ပုံမှန်မဟုတ်တဲ့ ဘော်ဒီဂတ် (၃)
“နေဦး မင်းပခုံးပေါ်မှာ အပ်ချည်မျှင်ကြီး”။ ဟဲပေမူ၏ ပခုံးကို ထန်ထိုက်မင် ရုတ်တရက် ထိလိုက်သည်။
ဟဲပေမူ ရုတ်တရက် တွန့်သွား၏။ ထိုစဉ် ထန်ထိုက်မင်လက်ထဲ အပ်ချည်မျှင်တစ်ချောင်း ကိုင်ထားတာကို ဟဲပေမူ မြင်သွားပါသည်။
“မလန့်ပါနဲ့။ ဒီတိုင်း အမှိုက်တွေ ရှင်းပေးတာပါ”။ ထန်ထိုက်မင် အပြုံးဖြင့် ပြောလိုက်သည်
သူ့ပုံစံက ဖော်ရွေသော်လည်း ဟဲပေမူအတွက်တော့ အလွန်နေရခက်စေသည်။
“ကျေးဇူးပါ”
သူ့ပခုံးပေါ်မှာ ဘာမှမရှိမှန်း သေချာမှ ဟဲပေမူ အမြန်ထွက်သွားခဲ့သည်။
ထန်ထိုက်မင်က အပြုံးမပျက်ဘဲ ဟဲပေမူ ထွက်သွားတာကို စိတ်အေးလက်အေး ကြည့်နေပါသည်။
သူ့လက်ထဲမှာ အပ်ချည်မျှင်တစ်ချောင်း ရှိနေသည်။ စူစူလေးကို အရင်တစ်ခေါက်က ပေးခဲ့သည့် ကြိုးနဲ့ အမျိုးအစား တူတူပဲ ဖြစ်ပါသည်။
ခုနက ဟဲပေမူ၏ ပခုံးပေါ်မှ အမှိုက်ဖယ်ရှားပေးချင်ယောင် ဆောင်ပြီး တကယ်တမ်းတော့ သူ့လက်ထဲက အနီရောင် အပ်ချည်မျှင်ဖြင့် ဟဲပေမူကို ထိတွေ့ခဲ့ခြင်းဖြစ်သည်။
ထင်ထားသည့်အတိုင်းပဲ ဟဲပေမူကို ထိလိုက်တာနဲ့ တစ်ပြိုင်နက် အပ်ချည်မျှင် ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့သည်။
အခုတော့ သူသေချာသွားပါပြီ။
ဒီကောင်လေးမှာ သူ့အစ်ကိုရဲ့ ဘေးနားမှာ အမြဲတမ်း ရှိနေတတ်သည့် ဝံပုလွေလေးဖြစ်သည်။
သူ့အစ်ကိုက ထိုဝံပုလွေကို ဘာကြောင့် လူသားအဖြစ် ပြန်မွေးစားခွင့် ပြုခဲ့သလဲ မသိနိုင်သော်လည်း အရာရာကို စီစဉ်ထားပြီးသားဖြစ်မှန်း သိသာပါသည်။ လူသားအဖြစ် ပြန်လည် မွေးဖွားလာတာတောင် ဒီဝံပုလွေလေးက ပိုင်ကျဲ နတ်သားရဲမလေးရဲ့ ဘေးမှာ ဘော်ဒီဂတ်အဖြစ် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည်။
ငါ့အစ်ကို ငါ့အစ်ကို… ပိုင်ကျဲနတ်သားရဲမလေး သေသေရှင်ရှင် မင်းဂရုမစိုက်ဘူးလို့ ငါထင်ခဲ့တာ…
မင်းမှာ တခြားအစီအစဉ်တွေ ရှိနေတာကိုး!
ယခုတော့ သူ့အစ်ကိုက အနီးအနားမှာပဲ ရှိနေမှန်း ထန်ထိုက်မင် သေချာသွားသည်။ သူ မသိနိုင်သည့် နည်းလမ်းတစ်ခုနဲ့ ပိုင်ကျဲ နတ်သားရဲမလေးကို ကျိန်းသေပေါက် စောင့်ကြည့်နေလိမ့်မည်။
နောက်တစ်ဆင့်က သူ့အစ်ကိုကို ကိုယ်ထင်ပြလာစေဖို့ ဖြစ်သည်။
ငါတို့ မကြာခင်တွေ့ကြတော့မှာပါ…
မင်းပဲအရင်သေမလား ငါ့ဝိညာဉ်ပဲ အရင်ပျက်သုဉ်းသွားမလား…
ဇာတ်သိမ်းကို ငါစောင့်မျှော်နေပြီ။
--- --- ---
ထန်ထိုက်မင်ပြောသည့်အတိုင်း ချင်းအုပ်စု၏ အခြေအနေကို သေချာသိရဖို့အတွက် ချူးယန်ရှီတစ်ယောက် လင်းယုရှန်းနဲ့ ထပ်တွေ့ခွင့်ရအောင် သူမအဖေကို ဖြောင်းဖြလေသည်။
ဒီကိစ္စတွေကို တခြားသူတွေ မသိလောက်သော်လည်း လင်းယုရှန်းကတော့ သိနိုင်သည်။
တနင်္ဂနွေနေ့ နေ့လယ်ခင်းတွင် ချူးဟမ့်ကို ခေါ်ပြီး ရှော့ပင်းမောတစ်ခုထံ ချူးယန်ရှီ ထွက်လာခဲ့ပါသည်။
ရှော့ပင်းမော၏ တတိယထပ်ရှိ ကဖေးတစ်ခုတွင် မိတ်ဆွေတစ်ယောက်နဲ့ ကော်ဖီသောက်နေသော လင်းယုရှန်းကို သူမတို့ သားအဖ ‘မတော်တဆ’ တွေ့ခဲ့ကြသည်။
လင်းယုရှန်းကို ချူးဟမ့်က အပြုံးကျယ်ကျယ်ဖြင့် သွားနှုတ်ဆက်လေသည်။ “ယုရှန်း မတွေ့ရတာတောင် ကြာပြီ”
လင်းယုရှန်း မျက်နှာပေါ်က အပြုံး အေးခဲသွားလေသည်။
“ရှင်… ရှင်ဒီကို ဘာလာလုပ်တာလဲ”။ လင်းယုရှန်း မေးလိုက်သည်။
“ရှောင်းရှီလေးက ရှော့ပင်ထွက်ချင်တယ်ဆိုလို့ လိုက်ပို့တာလေ။ ဒီလို တိုက်တိုက်ဆိုင်ဆိုင် လာဆုံမယ် ထင်မထားဘူး”။ ချူးဟမ့်က အပြုံးမပျက်ဘဲ ပြောလိုက်ပါသည်။
“ရှင် ကျွန်မနောက် လိုက်နေတာလား”။ ချူးဟမ့်ကို လင်းယုရှန်း မယုံကြည်တော့ပါ။
“မဟုတ်ပါဘူး ယုရှန်းရယ်။ ကိုယ့်ကို အဲ့လို မစွပ်စွဲပါနဲ့။ သေချာစဉ်းစားကြည့်စမ်းပါ။ ကိုယ်သာ တကယ် နောက်ယောင်ခံ လိုက်ခဲ့တာဆို လုမိသားစုရဲ့ ဘော်ဒီဂတ်တွေက ဒီတိုင်း လွှတ်ထားပေးပါ့မလား”
လင်းယုရှန်းကို ချူးဟမ့် နောက်ယောင်ခံလိုက်ခဲ့ခြင်း မဟုတ်ပါ။ သူ့သမီး ချူးယန်ရှီ အကွက်ကျကျ စီစဉ်ပေးထားခြင်းကြောင့် ဆုံခဲ့တာဖြစ်သည်။
လင်းယုရှန်းကို ပုံမှန်နည်းလမ်းနဲ့ တွေ့ရဖို့ဆိုတာ မဖြစ်နိုင်မှန်း ချူးယန်ရှီ သိပါသည်။ လုအိမ်တော် ခြံထဲကိုတောင် သူမတို့ ဝင်ခွင့်မရှိပါ။
ကံကောင်းစွာဖြင့် ယခင်ဘဝက မှတ်ဉာဏ်တချို့ကြောင့် လင်းယုရှန်းရဲ့ သူငယ်ချင်းတွေအကြောင်း ချူးယန်ရှီ ကောင်းကောင်းသိနေပါသည်။
လင်းယုရှန်း သူငယ်ချင်းများ၏ ဆိုရှယ်မီဒီယာများကို လိုက်ကြည့်ခြင်းအားဖြင့် ဒီရက်ပိုင်းထဲ သူငယ်ချင်းတချို့ ဟွာချန့်မြို့ကို ရက်အနည်းငယ် လာရောက်မည်ဖြစ်မှန်း ချူးယန်ရှီ သိခဲ့ရသည်။
ထို့ကြောင့် ထိုသူငယ်ချင်းကို ချူးယန်ရှီ သေချာ စောင့်ကြည့်ခဲ့ပြီး တနင်္ဂနွေနေ့ နေ့လယ်ခင်းတွင် မြို့ထဲရှိ ရှော့ပင်းမော တစ်ခုကို လင်းယုရှန်း လာမှာဖြစ်ကြောင်း သိခဲ့ရသည်။
ချူးဟမ့်၏ ရှင်းပြချက်ကြောင့် လင်းယုရှန်း အနည်းငယ် တွေဝေသွားသည်။
သို့သော် တကယ် တိုက်ဆိုင်မှုဆိုရင်တောင် သူ့ကို လင်းယုရှန်း စကားလုံးဝ မပြောချင်ပါ။ “ကျွန်ရှင်နဲ့ ဘာမှ ပြောစရာမရှိဘူး”
… … …
အခန်း(၈၂၄) သရုပ်ဆောင်ကောင်းသော သားအဖ
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ နားလည်မှုမလွဲပါနဲ့။ မင်းကို ကိုယ်လာနှောင့်ယှက်တာ မဟုတ်ပါဘူး”။ လင်းယုရှန်း နေရ မခက်စေဖို့အတွက် ချူးဟမ့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပြလိုက်သည်။
ချူးဟမ့်နဲ့ အလှမ်းဝေးသွားမှ လင်းယုရှန်း အသက်ဝဝ ရှူနိုင်သည်။ ချူးဟမ့် တစ်ခုခု ပြောင်းလဲသွားသည်ဟုလည်း ခံစားမိသည်။
ထိုစဉ် ချူးယန်ရှီက ချိုမြိန်သော အသံလေးနဲ့ ဖြူဖြူစင်စင် မေးလိုက်ပါသည်။ “ဒေါ်လေးလင်း နေကောင်းရဲ့လား”
ချူးယန်ရှီ၏ မေးခွန်းကြောင့် လင်းယုရှန်းစိတ်ထဲ ပဋိပက္ခဖြစ်သွားခဲ့သည်။
ယခင်အဖြစ်အပျက်များကြောင့် ဒီကလေးက သူမထင်ထားသလောက် မရိုးရှင်းမှန်း လင်းယုရှန်း သိပါသည်။ သို့သော် သူမက ကလေးတစ်ယောက်သာဖြစ်သည်။ အမေဖြစ်သူလည်း မရှိတော့ဘဲ အဖေဖြစ်သူကလည်း အသုံးမကျသဖြင့် သူမ ကိုယ်ကျင့်တရား ဒီလိုပြောင်းလဲလာခဲ့တာ ဖြစ်နိုင်သည်။
လင်းယုရှန်း ခေတ္တစဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်ပါသည်။ “ဒေါ်လေး နေကောင်းပါတယ်။ ဂရုစိုက်ပေးလို့ ကျေးဇူးပါ။ သမီးလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦးနော်”
“အွန်းပါ သမီးဂရုစိုက်ပါ့မယ်”။ ချူးယန်ရှီ ခေါင်းငြိမ့်လိုက်သည်။ “သမီး အရွယ်ရောက်နေပါပြီ။ သမီးကိုယ့်ကိုယ်ကိုယ်ကော ဖေကြီးကိုကော ဂရုစိုက်လိုက်မယ်။ ဒေါ်လေးလင်း ဘာမှ စိတ်မပူနဲ့”
“အင်း ကောင်းပါတယ်”
ချူးယန်ရှီ၏ ပြောင်းလဲသွားမှုကို ကြည့်ရင်း လင်းယုရှန်း စိတ်အေးသွားပါသည်။
“ဒါဆို ဒေါ်လေးလင်း သူငယ်ချင်းနဲ့ စကားဆက်ပြောလေ။ ဖေကြီးနဲ့ သမီးနဲ့ ဈေးဝယ်ထွက်လိုက်ဦးမယ်”
ချူးယန်ရှီ ထိုသို့ပြောလိုက်ခြင်းမှာ လင်းယုရှန်း သံသယတွေ ပိုလျော့နည်းသွားစေဖို့ဖြစ်သည်။
“ဒါဆို… ဂရုစိုက်ကြနော်”။ လင်းယုရှန်း ပြောလိုက်သည်။
ထွက်ခွာသွားသည့် ချူးဟမ့်နဲ့ ချူးယန်ရှီတို့ကို ငေးကြည့်ရင်း လင်းယုရှန်း အနည်းငယ် စိတ်ပျော့သွားခဲ့ပါသည်။
ထိုစဉ် ကောင်းကောင်းမွန်မွန် လမ်းလျှောက်နေသည့် ချူးယန်ရှီတစ်ယောက် ရုတ်တရက် ခလုတ်တိုက်ကာ ချော်လဲသွားလေသည်။
ဒါကိုမြင်တော့ လင်းယုရှန်း ချက်ချင်း မတ်တပ်ရပ်လိုက်ကာ ချူးယန်ရှီထံ ပြေးသွားပါသည်။
ချူးယန်ရှီက မတ်တပ်ပြန်မရပ်သေးဘဲ သူမရဲ့ ဒူးခေါင်းပေါ်က “အနာ”ကို ကြည့်နေပါသည်။ ချူးဟမ့်ကလည်း ဘေးမှာ ဘာလုပ်ရမှန်းမသိ မတ်တပ်ရပ်နေလေသည်။
“ရှောင်းရှီလေး ဘာဖြစ်သွားသေးလဲ။ အရမ်းနာနေလား။ ပွန်းသွားတာလား။ ဘာလို့ သွေးတွေအများကြီး ထွက်နေတာလဲ။ ဒုက္ခပဲ။ ဖေကြီး ဘာဆေးမှ ယူမလာဘူး!”
“ဖေကြီး အရမ်းနာတယ်”။ ချူးယန်ရှီ မငိုသေးဘဲ ချူးဟမ့်ကို မျက်ရည်များဝဲကာ မော့ကြည့်နေပါသည်။
ပြေးလာသည့် လင်းယုရှန်း မြင်အောင်လည်း သေချာပြလိုက်သည်။
သားအဖ နှစ်ယောက်၏ သရုပ်ဆောင်စွမ်းရည်က အလွန်ထူးချွန်လွန်းသည်။ လင်းယုရှန်းကို အချိန်တိုအတွင်း အရူးလုပ်နိုင်ခဲ့ပါသည်။
သူတို့ သားအဖနဲ့ ဆက်ပြီး မပတ်သတ်တော့ဖို့ စိတ်ဆုံးဖြတ်ထားသည့် လင်းယုရှန်း ခံနိုင်ရည်မရှိခဲ့ပါ။ သူမနဲ့ အတူ ပါလာသည့် အိုင်အိုဒင်းဆေးနဲ့ ဂွမ်းစတို့ကို ထုတ်လိုက်သည်။
ထို့နောက် ချူးယန်ရှီ၏ ဒူးခေါင်းကို ဆေးထည့်ပေးလေသည်။
“မကြောက်နဲ့နော်။ ဒေါ်လေးအနာကို ဆေးထည့်ပေးမယ်”။ လင်းယုရှန်း ချော့မြူကာ ပြောလိုက်ပါသည်။
“အင်း မကြောက်ပါဘူး”။ ချူးယန်ရှီ နာကျင်မှု လုံးဝ မရှိပါ။ ထို ဒဏ်ရာကလည်း အွန်လိုင်းပေါ်မှ သူမ ဝယ်ထားသည့် စနောက်ရာတွင် အသုံးပြုသော ဒဏ်ရာအတုဖြစ်သည်။ အရေပြားပေါ် ကပ်လိုက်ပါက တကယ့် ဒဏ်ရာအစစ်နဲ့ ခွဲမရအောင် တူညီပါသည်။
လင်းယုရှန်း ရှေ့မှာ ချော်လဲချင်ယောင် ဆောင်လိုက်ပြီး ဘောင်းဘီကိုမ,ကာ ဒူးခေါင်းဖော်ပြလိုက်သည်။
လင်းယုရှန်း ပြေးလာသောအခါ ဒဏ်ရာပေါ် ဆေးနီတချို့ လောင်းချလိုက်ပါသည်။ ထို့ကြောင့် သွေးထွက်နေသည့် ဒဏ်ရာအစစ်နဲ့ တကယ်တူညီသွားသည်။
လင်းယုရှန်းက ဘာမှ သံသယမဖြစ်ဘဲ အိုင်အိုဒင်းဆေးထည့်ပေးကာ ပလာစတာ ကပ်ပေးခဲ့သည်။
အားလုံးပြီးသွားသောအခါ လင်းယုရှန်း မတ်တပ်ရပ်လိုက်ပြီး ချူးဟမ့်ကို မှာကြားလိုက်ပါသည်။ “နောက် ၂ ရက်အတွင်း ရေမချိုးနဲ့။ ဒဏ်ရာကို ရေမစိုစေနဲ့။ ဒါမှ ပိုးမဝင်ဘဲ အမာရွတ်လည်း မကျန်မာ”
“ဟုတ်ပါပြီ”။ ချူးဟမ့် ခေါင်းငြိမ့်လိုက်သည်။ “ယုရှန်းက အတော်ဆုံးပဲ။ ကိုယ်တစ်ယောက်တည်းဆို ဘာလုပ်ရမှန်းသိမှာ မဟုတ်ဘူး”
“အဲ့တာဆို အပြင်မှာ ပွေရှုပ်မနေဘဲ ရှောင်းရှီလေးကို သေသေချာချာ ပျိုးထောင်လေ”။ လင်းယုရှန်း မကျေမနပ် ပြောလိုက်ပါသည်။
“ယုရှန်း… အဖြစ်အပျက်တွေက ကြာခဲ့ပြီပဲဥစ္စာ။ အဲ့တာတွေ ထပ်မပြောလို့ရမလား။ ကိုယ်လည်း အပြစ်ဒဏ်တွေကို ခံယူပြီးပါပြီ…”။ ချူးဟမ့် တောင်းတောင်းပန်ပန် ပြောလိုက်လေသည်။
… … …
အခန်း(၈၂၅) လုမိသားစုက ရှားပါးဆေးပင်တစ်မျိုး ရှာနေတယ်ဆို
“ဘယ်လောက်ပဲကြာကြာ ဖြစ်ခဲ့တာကတော့ ဖြစ်ခဲ့တာပဲလေ။ မဖြစ်ခဲ့သလို ဟန်ဆောင်လို့မှ မရတာ”။ လင်းယုရှန်း မျက်နှာလွှဲကာ ပြောလိုက်ပါသည်။
သူ့ကြောင့် လင်းယုရှန်း စိတ်အခြေအနေ မချွတ်ယွင်းချင်ပါ။
“ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ယုရှန်း။ ဒီလိုလုပ်ပါလား။ ယုရှန်းနဲ့ သူငယ်ချင်းကို ကိုယ် တစ်ခုခုလိုက်ကျွေးမယ်လေ။ ဟိုဘက်က ဆိုင်လေးမှာပဲ”။ ချူးဟမ့် ကမ်းလှမ်းလိုက်လေသည်။
ဒီမှာ လူတွေ အများကြီးရှိသဖြင့် သူမကို ချူးဟမ့် တစ်ခုခုလုပ်မှာ လင်းယုရှန်း စိုးရိမ်စရာ မလိုပါ။ ထို့အပြင် သူမ သူငယ်ချင်းလည်း ပါသဖြင့် အချင်းချင်း စောင့်ကြည့်ပေးလို့ရသည်။
ချူးယန်ရှီ၏ စိုစွတ်နေသော မျက်လုံးလေးများကို ကြည့်ရင်း လင်းယုရှန်း စိတ်ပျော့သွားကာ ခေါင်းငြိမ့်လိုက်ပါသည်။
ထို့နောက် သူတို့ ၄ ယောက်သား အနီးနားရှိ စားသောက်ဆိုင်တစ်ခုဆီ ဝင်သွားခဲ့ကြသည်။
စားပွဲမှာ ထိုင်လိုက်ပြီးနောက် ချူးဟမ့်က စားဖွယ်ရာများစွာ မှာယူလိုက်ပါသည်။ ချူးဟမ့်က စားပွဲထိုးကို ပြောလိုက်သည်။ “နံနံပင် မထည့်နဲ့။ ငါ့ဇနီးဟောင်းက မကြိုက်ဘူး”။
ထိုစကားကိုကြားတော့ လင်းယုရှန်း အနည်းငယ် စိတ်ပျော့သွားခဲ့သည်။ သို့သော် ချက်ချင်းပဲ စိတ်ကို ပြန်ထိန်းနိုင်ခဲ့ပါသည်။ သူ့ကို မမုန်းတီးတော့ရင်တောင် ဘယ်တော့မှ ပြန်ချစ်နိုင်မှာ မဟုတ်ပါ။
လင်းယုရှန်း စိတ်အေးလက်အေးရှိစေဖို့အတွက် ချူးဟမ့်က အလာပသလ္လာပ စကားတချို့ အရင်ပြောခဲ့သည်။
“ယုရှန်း။ လုမိသားစုက အရမ်းရှားပါးတဲ့ ပင်လယ်ဂါနိုဒါးမားလို့ ခေါ်တဲ့ ဆေးပင်တမျိုးကို ရှာနေတယ်ဆို”။ ချူးဟမ့် မေးလိုက်သည်။
“ရှင်က ဘာလို့မေးတာလဲ”။ ချူးဟမ့် အကြံအစည်တစ်ခုခုရှိလိမ့်မည်ဟု သံသယဖြစ်ကာ လင်းယုရှန်း မေးလိုက်သည်။
“ဒီတိုင်း မေးကြည့်တာပါ။ အတွေးမလွန်ပါနဲ့။ သခင်ကြီးလုက အဲ့ဒီ ပင်လယ်ဂါနိုဒါးမားကို ယူလာပေးနိုင်တဲ့ သူတွေအတွက် သန်း ၁၀၀ ဆုကြေးငွေ ကမ်းလှမ်းထားတယ်ဆို။ အဲ့ဒါကြောင့် အဲ့ဒီဆေးပင်ကို ရှာနေကြတဲ့လူတွေ အများကြီးပဲလေ”။ ချူးဟမ့် ရှင်းပြလိုက်သည်။ “ဒီအတိုင်း သိချင်တာပါ။ ဘာမှ လုပ်ဖို့လည်း အစီအစဉ်မရှိဘူး။ လုပ်လည်း လုပ်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်မှာသာ ပင်လယ်ဂါနိုဒါးမားရှိရင် သခင်ကြီးလုဆီ သွားပို့ပြီးပြီပေါ့”
သန်း ၁၀၀ ကို မလိုချင်တဲ့သူ ရှိပါ့မလား။
ထိုပစ္စည်းကို ချူးဟမ့် ရှာတွေ့နိုင်ချေ နည်းနည်းလေးရှိရင်တောင် ဒီလို ထိုင်နေမှာ မဟုတ်ပါ။
ပြဿနာက ရှာတွေ့နိုင်ချေ လုံးဝ မရှိတာဖြစ်သည်။။ သူ့လို သာမန်လူတစ်ယောက်နေနေသာသာ ဆေးပညာရှင်တွေနဲ့ အဖွဲ့အစည်းတွေကတောင် ထို ပင်လယ်ဂါနိုဒါးမားကို မရှာဖွေနိုင်ကြပါ။
“အင်း အဲ့ဒါကို ရှာနေတာ။ ကျန်းယွီ အတွက် လိုအပ်တဲ့ ဆေးပင်လေ။ ရှင်တစ်ခုခု သိထားတာရှီရင် ကျွန်မကို ပြောလို့ရတယ်။ ဒါမှမဟုတ် လုအိမ်တော်ကို ဖုန်းဆက်လို့ရတယ်။ သဲလွန်စ ပေးနိုင်ရင်တောင် လုမိသားစုက ဆုချပါလိမ့်မယ်”
လုကျန်းယွီ၏ ကျန်းမာရေးနဲ့ သက်ဆိုင်နေသဖြင့် သန်း ၁၀၀ ဖြစ်ဖြစ် သန်း ၁,၀၀၀ ဖြစ်ဖြစ် လုမိသားစု မတွန့်တိုပါ။
“လုမိသားစုတောင် မရှာနိုင်ရအောင် အဲ့ဒီ ပင်လယ်ဂါနိုဒါးမားဆိုတာ ဘာအပင်မို့လို့လဲ”။ ချူးဟမ့်က ထပ်မေးလိုက်၏။
“ကျွန်မလည်း မမြင်ဖူးဘူး။ ဒါပေမယ့် ဆရာကြီးရှုယီကိုယ်တိုင် ရှာခိုင်းထားတာဆိုတော့ တကယ်ရှိလို့ပဲနေမှာ”။ လင်းယုရှန်း ရှင်းပြလိုက်သည်။
“ဟုတ်ပါတယ်။ ဆရာကြီးရှုယီက ဆေးပညာကို တစ်ဖက်ကမ်းကပ် ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ပဲဥစ္စာ။ ကိုယ်တို့လို သာမန်လူတွေထက် သူက ပိုသိမှာပါ”။ ချူးဟမ့်က သံယောင်လိုက်ကာ ထောက်ခံလိုက်ပါသည်။
စကားအနည်းငယ်ပြောပြီးနောက် လင်းယုရှန်း အနည်းငယ် သက်တောင့်သက်သာရှိလာတာကို မြင်ပြီး ချူးဟမ့် အခွင့်အရေးကို အရယူကာ သူသိချင်သည့် အကြောင်းများ စတင်မေးမြန်းတော့သည်။
“စကားမစပ် ချင်းမိသားစုရဲ့ အနောက်မြောက်ပိုင်းနယ်မြေ ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံနေတဲ့လူတွေ အများကြီး ရှိတဲ့ပုံပဲနော်”
“ရှင်က ဘာလို့ မေးတာလဲ”။ လင်းယုရှန်း သတိကြီးစွာ ပြန်မေးလိုက်သည်။
ချူးဟမ့်နဲ့ ချင်းမိသားစုတို့က စီးပွားရေး ပြိုင်ဘက်များဖြစ်ကြမှန်း လင်းယုရှန်း သိပါသည်။ ထို့ကြောင့် ချင်းမိသားစု၏ ကိစ္စများကို ချူးဟမ့်အား အလွယ်တကူ ထုတ်မပြောရဲပါ။
“ဒီတိုင်း သိချင်တာပါ။ တခြားအဓိပ္ပာယ်မပါဘူး။ ကိုယ်မေးတဲ့ မေးခွန်းမှာ တခြားဘာလျှို့ဝှက်ချက်မှ မပါဘူးလေ။ အဲ့တာကြောင့် မကြောက်ပါနဲ့။ ပြီးတော့ ကိုယ်နဲ့ ချင်းမိသားစုရဲ့ စီးပွားရေး ပြိုင်ဆိုင်မှုက နည်းပညာအပိုင်းမှာပါ။ သူတို့ရဲ့ အနောက်မြောက်ပိုင်းပရောဂျက်က အိမ်ခြံမြေလောက၊ ပညာရေးနယ်ပယ်တွေနဲ့ပဲ သက်ဆိုင်တာ။ ကိုယ်နဲ့ ဘာမှ မဆိုင်ဘူး”။ ချူးဟမ့် အမြန်ရှင်းပြလိုက်ပါသည်။
… … …