အခန်း (၈၀၁-၈၀၅)
Vol. 33 Ch. 801-805
နတ်သားရဲမလေးရဲ့ ကမ္ဘာသစ် Book-33
အခန်း(၈၀၁) လင်းယွင်ရဲ့ စီအီးအိုကု (၁)
ယခင်ဘဝ သူမ အသက် ၁၇ - ၁၈ အရွယ်သာ ရှိစဉ်တုန်းက လျှပ်စစ်ကားများမှာ ယခုလက်ရှိ ကာလထက် အများကြီး ပိုမို အရေးပါခဲ့သည်။
လူအများစုမှာ လျှပ်စစ်ကားများကိုသာ အသုံးပြုနေကြပြီဖြစ်ပြီး လောင်စာဆီသုံး ကားများ၏ အချိုးမှာ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့လေသည်။
ထို့ကြောင့် လင်းယွင်မှာ မော်တော်ယာဉ်ထုတ်လုပ်ရေး နယ်ပယ်တွင် ပြိုင်ဘက်ကင်း ဆရာတစ်ဆူ ဖြစ်သည်ဟုပင် ဆိုနိုင်လေသည်။ ဈေးကွက်တန်ဖိုးမှာလည်း ၃ ထရီလီယံကျော်အောင် ရှိခဲ့သည်။
ယခုအချိန် ချူးယန်ရှီ စိတ်ထဲ အတွေးတစ်ခုသာ ရှိတော့သည်။ လင်းယွင်၏ စီအီးအိုကုနဲ့ ရင်းနှီးနိုင်ဖို့ ဖြစ်သည်။
လင်းယွင်နဲ့သာ အဆင်ပြေသွားပါက သူမတို့ ချူးမိသားစု ဘာမှ ဒုက္ခခံစရာမလိုတော့ပါ။ ပြဿနာတွေအားလုံး နေ့ချင်း ညချင်း ပြေလည်သွားနိုင်သည်။
--- --- ---
တစ်ဖက်တွင် ချင်းမိသားစု၏ ပြပွဲရုံ၌ တာဝန်ရှိသူက ချန်းပင်းဖြစ်သည်။
ကုမ္ပဏီစီအီးအိုဖြစ်သည့် ချင်းရှင်းကျစ်ကတော့ အလုပ်များနေသဖြင့် မတက်ရောက်လာခဲ့ပေ။ ချန်းပင်းကို ယုံကြည်သဖြင့် ဒီနေ့ ပြပွဲအတွက် တာဝန်အားလုံးကို ချန်းပင်းကိုသာ အပ်နှင်းခဲ့သည်။
ချန်းပင်းအပြင် ချင်းယုကျီး၊ ယုဝမ်ရှု၊ စူစူလေးတို့ ရှိနေပြီး စူစူလေးရဲ့ ဘော်ဒီဂတ်များဖြစ်ကြသော ဟဲပေမူနဲ့ ဟူကျစ်တို့လည်း ပါပါသည်။
ယုဝမ်ရှုကလည်း နည်းပညာကို စိတ်ဝင်စားသူဖြစ်ကာ စူစူလေးနဲ့ ချင်းယုကျီးတို့လည်း လာကြမှာဖြစ်သဖြင့် သူတို့အတွက် ကားဒရိုင်ဘာလုပ်ပေးခဲ့သည်။
လင်းယွင်၏ စီအီးအိုကု ရောက်လာသည်ဟူသော သတင်းက သူတို့ထံ အလျှင်အမြန်ပဲ ရောက်ရှိလာခဲ့လေသည်။
စူစူလေးက လင်းယွင်ဆိုတာကော စီအီးအိုကု ဆိုတာကိုကော စိတ်မဝင်စားပါ။ ဘေးပတ်လည်ရှိ ဆန်းသစ်သော လျှပ်စစ်ပစ္စည်းများကိုသာ စိတ်ဝင်စားနေပါသည်။
ဒီစက်ရုပ်က သူမကို စကားပြောနေပါလား!
“မြောင်~”
ဟူကျစ်လည်း သူ့သခင်လိုပဲ အီလက်ထရွန်းနစ်ပစ္စည်းများကို စိတ်ဝင်စားနေပါသည်။ စိတ်ဝင်စားလွန်းသဖြင့် ခုန်ပေါက်ဖို့ပင် အသင့်ပြင်နေသည်။
ဟဲပေမူက ဟူကျစ်ကို ထိန်းထားကာ ပြောလိုက်၏။ “ငြိမ်ငြိမ်နေစမ်း! ဒီကို တိရိစ္ဆာန်တွေ ခေါ်လာလို့ မရဘူး! မင်း ထွက်ပြေးသွားရင် အကုန်သိကုန်လိမ့်မယ်!”
ဟူကျစ်ကို ဟဲပေမူ ခိုးကြောင်ခိုးဝှက် ခေါ်လာရခြင်း ဖြစ်ပါသည်။ တာဝန်ရှိသူတွေသာ သိသွားပါက ကန်ထုတ်ခံရလိမ့်မည်။
“မြောင်~” ဟူကျစ်က ဟဲပေမူပြောတာကို နားမထောင်ဘဲ ကစားဖို့သာ စိတ်ဝင်စားနေပါသည်။
ယုဝမ်ရှုက မယုံသင်္ကာဖြင့် ပြောလိုက်၏။ “လင်းယွင်ကဟုတ်လား။ သူတို့က ဘာလာလုပ်တာလဲ”
“ဘာလို့လဲ။ မင်းစိတ်ဝင်စားတဲ့လူ ဒါမှမဟုတ် စိတ်ဝင်စားတဲ့အရာ ရှိလို့လား”။ ချင်းယုကျီးက မေးလိုက်သည်။
“ငါစိတ်ဝင်စားတဲ့အရာတွေဆိုတာ အမြဲတမ်း ရှိနေတာပဲလေ”
“လင်းယွင်အပါအဝင်ပေါ့ ဟုတ်လား”
အစက လင်းယွင်နဲ့ စီအီးအိုကုတို့ကို ချင်းယုကျီး စိတ်မဝင်စားခဲ့သော်လည်း ယုဝမ်ရှုက ဒီလောက်ထိ စိတ်ဝင်စားပြနေသဖြင့် သူလည်း သိချင်လာမိသည်။
“လင်းယွင်က အခုလက်ရှိမှာ လျှပ်စစ်ကားထုတ်လုပ်ရေး နယ်ပယ်ထဲမှာ အကြီးမားဆုံးဆိုတာ မသိဘူးလား”။ ယုဝမ်ရှုက မေးလိုက်သည်။
“ငါသိတော့ ဘာလုပ်ရမှာလဲ။ သူက လျှပ်စစ်ကားထုတ်လုပ်ရေးကဆိုတော့ ဒီလို နည်းပညာမိတ်ဆက်ပွဲကို လာတာ ဘာထူးဆန်းလို့တုန်း။ သူ့လုပ်ငန်းနဲ့ သက်ဆိုင်တာပဲလေ”
“ဒီပြပွဲကို လင်းယွင်က လူတွေ လွှတ်လိုက်တာ မထူးဆန်းဘူး။ ဒါပေမယ့် စီအီးအိုကုကိုယ်တိုင် ရောက်လာတာက ပုံမှန် မဟုတ်တာ”။ ယုဝမ်ရှု ရှင်းပြလိုက်၏။
“ဪ… အဲ့လိုဆိုတော့လည်း ဟုတ်သားပဲ။ သူတို့က အကြီးမားဆုံး လျှပ်စစ်ကားထုတ်လုပ်သူဆိုတော့ ဂုဏ်တော့ ရှိမှာပဲ။ ဒီတိုင်း လက်အောက်ငယ်သားတွေကို လွှတ်လိုက်လည်း ရရဲ့သားနဲ့နော်”
“မင်းက ရာနှုန်းပြည့်တော့ မတုံးသေးဘူးပဲ”။ ယုဝမ်ရှုက ဆိုသည်။
“ငါက ဘာလို့ တုံးရမှာလဲ! ပြီးတော့ ရာနှုန်းပြည့် မတုံးသေးဘူးဆိုတာ ဘာစကားလဲကွ! ငါက လုံးဝကို မတုံးတာ ဟုတ်ပြီလား”
“မင်းသာ မတုံးရင် ခုနက စကားတွေ ပြောစရာတောင် လိုမှာမဟုတ်ဘူး”
“မင်းတော့…”
သူ့ထက် နည်းနည်းလောက်လေး ဉာဏ်ပိုကောင်းတာနဲ့ ဒီကောင်ဘာလို့ အဲ့လောက် စိတ်ကြီးဝင်နေရတာလဲ!
“တူလေးနဲ့ ရှုရှုတို့ ဘာတွေ ပြောနေကြတာလဲ”။ သူတို့နှစ်ယောက် တီးတိုးစကားပြောနေသံကို စူစူလေး ကြားသွားပြီး စပ်စုချင်စိတ် ပေါ်လာလေသည်။
… … …
အခန်း(၈၀၂) လင်းယွင်ရဲ့ စီအီးအိုကု(၂)
“အကျော်အမော်ကြီးတစ်ယောက် အကြောင်း ပြောနေတာ”။ ချင်းယုကျီးက ဆိုသည်။
“အကျော်အမော်ကြီးဆိုတာ ဘာကြီးလဲ”
“အကျော်အမော်ကြီးဆိုတာ ရှိန်စရာကောင်းတဲ့ လူပေါ့”
“အဲ့တာဆို ဒေါ်လေးကလည်း အကျော်အမော်ကြီးပဲ!”
သူမကလည်း ရှိန်စရာအလွန်ကောင်းသည်။ ထို့ကြောင့် သူမလည်း အကျော်အမော်ကြီးတစ်ယောက် ဖြစ်ရမည်။
“ဟားဟားဟားဟား” စူစူလေး၏ စကားကြောင့် ချင်းယုကျီး ရယ်မောမိသည်။
သေချာစဉ်းစားကြည့်မှ စူစူလေး ပြောတာလည်း မမှားပေ။ သူတို့ရဲ့ ရဲရင့်ပြီး ကြောက်စရာကောင်းသည့် ဒေါ်လေးက အကျော်အမော်လေး ဘာကြောင့် မဖြစ်ရမှာလဲ။
ချင်းမိသားစုကိုယ်စား ယုဝမ်ရှုက ချန်းပင်းဆီ သွားကာ မေးလိုက်သည်။ “လင်းယွင်ကလူတွေ ဒီကို ရောက်နေပြီ။ သူတို့ကို ဆွဲဆောင်ဖို့ နည်းလမ်းကောင်းလေး ဘာလေး မရှိဘူးလား”
ချန်းပင်းက အနေခက်စွာ ပြန်ပြောလိုက်သည်။ “မသိဘူး… ငါက လူတွေနဲ့ ဆက်ဆံရတာ အဆင်သိပ်မပြေဘူး။ ဘယ်လို ဆွဲဆောင်ရမှန်းလည်း မသိဘူး။ ငါတို့ နည်းပညာကို သူတို့ စိတ်ဝင်စားရင်တော့ ဘာမှ ဆွဲဆောင်စရာ မလိုလောက်ပါဘူး။ စိတ်မဝင်စားဘူးဆိုရင် ဆွဲဆောင်နေလည်း ဘာမှ မထူးဘူးမလား”
“ဟုတ်ပါတယ်”။ ယုဝမ်ရှု ထောက်ခံလိုက်သည်။
ချန်းပင်းက ဆက်ပြောလိုက်၏။ “ဒါပေမယ့် လင်းယွင်က လူတွေ ရောက်လာတာ ငါတကယ် အံ့ဩတယ်။ သူတို့ နည်းပညာကလည်း အဲ့လောက် မဆိုးပါဘူး”
ချန်းပင်း သိထားသည့် အလွန်ပါရမီရှိသော ဆော့ဖ်ဝဲအင်ဂျင်နီယာများက လင်းယွင်မှာ အလုပ်လုပ်နေကြတာဖြစ်သည်။
“သူတို့ နည်းပညာက မဆိုးဘူးဆိုရင်တောင် တခြားနယ်ပယ်တွေမှာ နည်းပညာအကူအညီ လိုအပ်နိုင်တာပဲ”။ ယုဝမ်ရှုက ပြောလိုက်သည်။
“ဟုတ်ပါတယ်။ အတော်ဆုံးဆိုတဲ့ လူတွေမှာတောင် အတိုင်းအတာတစ်ခုတော့ ရှိကြတာပဲ။ နည်းပညာအမြင့်ဆုံး ကုမ္ပဏီတွေမှာတောင် သူတို့ မကျွမ်းကျင်တဲ့ နယ်ပယ်တွေ ရှိလိမ့်မယ်”။
ချင်းယုကျီးလည်း ရောက်လာပြီး ယုဝမ်ရှုကို မေးလိုက်သည်။ “အာ့ရှု မင်းဘာလို့ ငါ့မိသားစု စီးပွားရေးကို စိတ်ဝင်စားနေတာလဲ”
“မင်းတို့ ဒေဝါလီခံသွားရရင် ငါပါ ဒုက္ခရောက်မှာစိုးလို့”။
“ဟင် မင်းက ဘာလို့ ဒုက္ခရောက်ရမှာလဲ”
“မင်းက ငါ့စတူဒီယိုမှာ ပါတနာတစ်ယောက်လေ။ မင်းသာ ဒေဝါလီခံသွားရရင် ငါမင်းကို ထောက်ပံ့နေရလိမ့်မယ်”
“အဲ့တာတော့ စိတ်ချစမ်းပါကွာ! ငါ့အဖေ၊ ငါ့အဘိုး၊ ငါ့အစ်ကိုကြီးတို့အားလုံး မွဲပြာကျသွားရင်တောင် ငါ့ကို မင်းဘာမှ ထောက်ပံ့စရာမလိုဘူး! ငါ့ကိုယ်ငါ ထောက်ပံ့နိုင်တယ် ဘာမှ စိတ်မပူနဲ့!”။ ချင်းယုကျီးက ငွေရှာနိုင်သည့် သူ့အစွမ်းအစကိုသူ ယုံကြည်ချက် အပြည့် ရှိပါသည်။
“ငါ့စတူဒီယိုမှာ အလုပ်လုပ်တာကလွဲပြီး တခြား ငွေဝင်ပေါက် မင်းမှာ ရှိလို့လား”။ ယုဝမ်ရှုက ညှာတာမှုကင်းမဲ့စွာ မေးလိုက်လေသည်။
ချင်းယုကျီးရဲ့ ငွေရှာနိုင်သော အစွမ်းအစဆိုတာ ယုဝမ်ရှုရဲ့ စတူဒီယိုမှာ ပါတနာအဖြစ် ရှိနေခြင်းသာ ဖြစ်သည်။
“အဲ…”။ ချင်းယုကျီး ၂ စက္ကန့်လောက် ကြက်သေသေသွားသည်။ “ငါ့ဂိမ်းတွေထဲမှာလည်း ပိုက်ဆံရှာလို့ရတယ်ကွ! Equipment တွေ ပြန်ရောင်းရင် ပိုက်ဆံအများကြီး ရတယ်!”
“ဘယ်လောက်ရတာလဲ”
“အဲ… ငါးထောင်လောက်…?”
“အဲ့လောက်နဲ့ မင်းရပ်တည်နိုင်ပြီလား”
“လင်းယွင်အကြောင်းပဲ ပြန်ပြောကြရအောင်လေ။ ဒီနေ့ စီးအီးအိုကုက ဘယ်ကုမ္ပဏီရဲ့ နည်းပညာကို သဘောကျမလဲ မသိဘူးနော်”။ ချင်းယုကျီး ရှက်ကိုးရှက်ကန်းဖြင့် စကားလမ်းကြောင်း လွှဲလိုက်လေသည်။
--- --- ---
ချူးဟမ့် စောင့်ရင်း စောင့်ရင်း နောက်ဆုံတော့ လင်းယွင်အုပ်စု ရောက်လာလေပြီ။
စီအီးအိုကု၏ ဘော်ဒီဂတ် ၆ ယောက်က လမ်းရှင်းပေးနေလေသည်။ သူတို့နောက်မှာ လက်ထောက်တစ်ယောက်နဲ့ မန်နေဂျာအဆင့် ပုဂ္ဂိုလ်များလည်း ပါဝင်သည်။
ထိုလူတွေက စီအီးအိုကုကို ကာကွယ်ပေးထားကြသည်။
ချူးဟမ့်တို့ဆီသို့ ရောက်လာခါနီးတွင် ချူးဟမ့်က သူတို့ ကုမ္ပဏီ၏ နည်းပညာများကို သရုပ်ပြသဖို့ ဝန်ထမ်းများအား အမိန့်ပေးလိုက်လေသည်။
ရောက်လာတော့မယ်… ရောက်လာတော့မယ်… နည်းနည်းလေးပဲ!
ချူးဟမ့် အလွန်စိတ်လှုပ်ရှားနေပါသည်။ သူတို့ ကုမ္ပဏီရဲ့ ပစ္စည်းများကို စီအီးအိုကုစိတ်ဝင်စားသွားပြီး သူတို့ထံ လျှောက်လာကာ အသေးစိတ်မေးမြန်းတော့မည့် မြင်ကွင်းအား မြင်ယောင်ကြည့်လိုက်သည်။
၁၀ မီတာ…
၉ မီတာ…
၈ မီတာ…
…
၃ မီတာ…
၂ မီတာ…
၁ မီတာ…
နောက်ဆုံးတော့ ချူးအုပ်စု၏ ပြပွဲရုံရှေ့သို့ လင်းယွင်အုပ်စု ရောက်လာလေသည်။
… … …
အခန်း(၈၀၃) လင်းယွင်ရဲ့ စီအီးအိုကု (၃)
သို့သော်လည်း စီအီးအိုကုကော သူ့လက်အောက်ငယ်သား မန်နေဂျာတွေကော ချူးအုပ်စု၏ ပြပွဲရုံထဲ တစ်ချက်တောင် လှည့်မကြည့်ခဲ့ပါ။
ချူးအုပ်စုမှ ပြသထားသော အီလက်ထရွန်းနစ် ထုတ်ကုန်ပစ္စည်းများကို နည်းနည်းလေးမှ မကြည့်ခဲ့ကြပေ။
ချူးဟမ့်၏ အပူတပြင်းဖြစ်နေသော ခန္ဓာကိုယ်လည်း တဖြည်းဖြည်း အပူချိန် ကျသွားရသည်။
လင်းယွင်အုပ်စု လမ်းဆက်လျှောက်သွားတာကို ကြည့်ရင်း ချူးယန်ရှီတစ်ယောက် ရင်ထဲ သောကရောက်သွားသည်။
မဖြစ်ဘူး…! ဒီအခွင့်အရေးကို ဆုံးရှုံးလို့ မဖြစ်ဘူး!
စီအီးအိုကုနဲ့ ထပ်တွေ့နိုင်မယ့် အခွင့်အရေးဆိုတာ မရှိသလောက်ပဲ!
ဒီအခွင့်အရေးကိုသာ ဆုံးရှုံးသွားရင် နောက်ထပ် ဘယ်တော့မှ ထပ်ကြုံရမှာ မဟုတ်တော့ဘူး!
သူမကိုယ်တိုင် စွန့်စားမှ ဖြစ်မယ်!
ထိုအတွေးဖြင့် ချူးယန်ရှီ၏ ခန္ဓာကိုယ် အလိုလို ရွေ့လျားသွားခဲ့လေသည်။
လင်းယွင်အုပ်စုထံသို့ ချူးယန်ရှီ ပြေးသွားခဲ့၏။
သူတို့ထံပြေးလာသည့် လူတစ်ယောက်ကို မြင်သဖြင့် ဘော်ဒီဂတ်တွေလည်း အသင့် ပြင်ဆင်လိုက်ကြသည်။ သို့သော် ကလေးမလေးတစ်ယောက် ဖြစ်နေမှန်း မြင်သောအခါ အနည်းငယ် ဇဝေဇဝါဖြစ်သွားကြသော်လည်း တာဝန်အရ ဖမ်းချုပ်လိုက်ကြပါသည်။
“သမီးကိုလွှတ်ပေး! သမီးက လူဆိုး မဟုတ်ဘူး!”
ဖမ်းချုပ်ခံလိုက်ရသော ချူးယန်ရှီတစ်ယောက် ချိုမြိန်သည့် ကလေးအသံလေးဖြင့် အော်ဟစ်လိုက်ပါသည်။
ထိုအသံကို ကြားသောအခါ ကုလင်းယွမ် ခြေလှမ်းများ ရပ်တန့်သွားလေသည်။ ထို့နောက် ဖမ်းချုပ်ခံထားရသည့် ချူးယန်ရှီထံသို့ အကြည့်ရောက်သွား၏။
စီအီးအိုကု၏ အကြည့်ကို သတိထားမိသောအခါ ချူးယန်ရှီ ချက်ချင်း တောင်းပန်လိုက်ပါသည်။ “သမီး တောင်းပန်ပါတယ်။ ဒီလိုလုပ်ဖို့ မရည်ရွယ်ပါဘူး”
သူမ၏ ပုံစံက အလွန်လိမ္မာပြီး ချစ်ဖို့ကောင်းသည့် ကလေးမလေးတစ်ယောက်ပုံစံ ဖြစ်နေပြီး မျက်နှာကလည်း သနားကမားပုံစံလေး ဖြစ်သည်။
ကုလင်းယွမ်က ဘာမှ ပြန်မပြောဘဲ ချူးယန်ရှီကို သေချာ ကြည့်နေပါသည်။
ဒါကိုမြင်တော့ ချူးယန်ရှီက အမြန်ဆက်ပြောလိုက်၏။ “ဦးလေးကို အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ သမီးကို စိတ်မဆိုးပါနဲ့နော်”
စကားတတ်ပြီး လိမ္မာသည့် ကလေးမလေးတိုင်းက ချစ်ဖို့ကောင်းတာပဲ မဟုတ်လား။
ဒါကို ချူးယန်ရှီ ကောင်းကောင်း သိပါသည်။ ထို့ကြောင့် သူမ ဘယ်လောက် လိမ္မာသလဲဆိုတာ ကုလင်းယွမ် မြင်သွားအောင် ပြသလိုက်ပါသည်။
ဘေးက လူအုပ်ကြီးလည်း ဒီလောက်လိမ္မာသည့် ကလေးမလေးကို ကြည့်ရင်း ပြုံးမိသွားကြပါသည်။ တချို့ဆို ချူးယန်ရှီကို ချီးကျူးနေကြသည်။
ကုလင်းယွမ်၏ အကြည့်ကတော့ တည်ငြိမ်နေဆဲဖြစ်၏။ “ဦးလေးက စိတ်ဆိုးမယ်လို့ ဘာလို့ ထင်ရတာလဲ”
“ဦးလေး စိတ်ဆိုးမလားတော့ မသိပေမယ့် ဒီလို လူများတဲ့နေရာမှာ သမီးလျှောက်ပြေးနေတာ မကောင်းမှန်းသိလို့ တောင်းပန်တာပါ”။ ချူးယန်ရှီက ချိုမြိန်သော အသံလေးဖြင့် ရှင်းပြလိုက်သည်။
ဒီလို အသက်အရွယ်နဲ့ ကလေးတွေ ဒီလောက်ထိ လိမ္မာတာမျိုး တွေ့ရခဲသည်။
ချူးယန်ရှီက သူမရဲ့ အသက်အရွယ်ထက် သာလွန်နေသော အသိဉာဏ်ကို အသုံးချကာ လူတွေအမြင်ကြည်အောင် ဖန်တီးလိုက်ခြင်းသာဖြစ်သည်။္
သို့သော် သူမ သဘောအကျစေချင်ဆုံးပုဂ္ဂိုလ်က ကုလင်းယွမ်ဖြစ်၏။ ထို့ကြောင့် သူ့မျက်နှာကို ချူးယန်ရှီ သေချာ စောင့်ကြည့်နေခဲ့သည်။ သူမ ချိုချိုမြိန်မြိန် ရှင်းပြပြီးတာတောင် ကုလင်းယွမ်၏ မျက်နှာက ခံစားချက်မဲ့နေဆဲ ဖြစ်သဖြင့် အနည်းငယ် စိတ်ဓာတ်ကျသွားမိပါသည်။
စီအီးအိုကု မျက်နှာ အကြောသေနေတာလား။ ဘာလို့ ဘာမှ မတုန့်ပြန်တာလဲ။
သူမကို ချစ်ဖို့ကောင်းတယ်လို့ မထင်ရင်တောင် အနည်းဆုံးတော့ စကားလေးဘာလေး ပြန်ပြောသင့်တယ် မဟုတ်ဘူးလား။
ထိုစဉ် ချူးဟမ့်အမြန်ပြေးလာပြီး ကုလင်းယွမ်အား ရှင်းပြလိုက်သည်။ “စီအီးအိုကု ဒါ ကျွန်တော့် သမီးလေးပါ။ ဒီနေ့ ကျွန်တော်တို့ ကုမ္ပဏီလည်း နည်းပညာမိတ်ဆက်ပွဲမှာ ပါတယ်လေ။ ကျွန်တော့် သမီးလေးက နည်းပညာ စိတ်ဝင်စားတဲ့သူမို့လို့ ခေါ်လာရတာပါ။ အခုလို မတော်တဆဖြစ်သွားတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။ စိတ်မဆိုးပါနဲ့နော်”။
ကလေးမလေးတစ်ယောက်ကို သာမန်လူတစ်ယောက်ကတော့ ဘယ်လိုမှ စိတ်ဆိုးမှာ မဟုတ်ပါ။
ထို့ကြောင့် ချူးဟမ့်က ဒီအခွင့်အရေးကို အရယူပြီး စီအီးအိုကုနဲ့ စကားပြောနိုင်အောင် ခွင်ဖန်လိုက်ခြင်း ဖြစ်ပါသည်။
“ချူးအုပ်စု နည်းပညာလား”။ ကုလင်းယွမ်က ဘေးမှ ဆိုင်းဘုတ်ကြီးကို လှမ်းကြည့်ကာ မေးလိုက်သည်။
“ဟုတ်ပါတယ်။ ချူးအုပ်စု နည်းပညာပါ။ ကျွန်တော့် ချူးအုပ်စုရဲ့ စီအီးအို ချူးဟမ့်ပါ”။ ချူးဟမ့် အမြန်ပြန်ဖြေလိုက်သည်။
ချူးဟမ့် အလွန်ပျော်ရွှင်သွားသည်။ စီအီးအိုကုက သူတို့ ပြရုံဘက်ကို လှည့်ကြည့်လာသည်။ နောက်ဆုံးတော့ အခွင့်အရေး ရလာခဲ့ပါပြီ။
… … …
အခန်း(၈၀၄) စီအီးအိုကုရဲ့ မျက်နှာလိုက်မှု (၁)
“ကိုယ့်သမီးကိုယ် သေချာဂရုစိုက်ပါ”။ ကုလင်းယွမ် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ။ ကျွန်တော် သေချာ ဂရုစိုက်လိုက်ပါ့မယ်”။
ချူးဟမ့် ပြန်ဖြေလိုက်ပြီး စိတ်ထဲမှလည်း ဘာဆက်ပြောရမလဲ သေချာ စဉ်းစားလိုက်သည်။ သူတို့ရဲ့ ထုတ်ကုန်တွေ၊ Chip ပြားတွေကို စီအီးအိုကုအား ဘယ်လို မိတ်ဆက်ပေးရမလဲဆိုတာ သေချာ စဉ်းစားလိုက်ပါသည်။
သို့သော်လည်း ကုလင်းယွမ်ကတော့ ပြောချင်တာ ပြောပြီးပြီးချင်း မျက်နှာလွှဲကာ လမ်းဆက်လျှောက်သွားလေသည်။
ချူးဟမ့် မော့ကြည့်လိုက်ချိန်တွင် ကုလင်းယွမ်တို့အုပ်စု အဝေးကို ရောက်နေပါပြီ။
ဟင်…
ဘာလို့ ဒီတိုင်း ထွက်သွားတာလဲ။
သူ့ဘဝကို ပြောင်းလဲနိုင်မည့် အခွင့်အရေးတစ်ခု ဒီတိုင်း ထွက်ခွာသွားတာကို ငေးကြည့်ရင်း ချူးဟမ့်ရင်ထဲ ရေနစ်သကဲ့သို့ မွန်းကြပ်သွားခဲ့သည်။
ချူးယန်ရှီကိုလည်း လင်းယွင်ဘော်ဒီဂတ်များက ဒီတိုင်း ပြန်လွှတ်ပေးခဲ့ပါသည်။ ချူးယန်ရှီတစ်ယောက် မျက်လုံးပြူးရင်း ကြက်သေသေသွားခဲ့သည်။
ဘာလို့လဲ…
ဘာလို့ ဒီလို ထပ်ဖြစ်ပြန်တာလဲ…
လက်တကမ်းအလိုရောက်မှ အခွင့်အရေးကို ဆုံးရှုံးလိုက်ရပြန်ပြီ!
ဒီရလဒ်ကို လုံးဝ လက်မခံနိုင်ဘူး!
ချူးယန်ရှီက သူတို့နောက် ထပ်ပြေးလိုက်ချင်ခဲ့သည်။
သို့သော်လည်း ဒီတစ်ခါတော့ လင်းယွင် ဘော်ဒီဂတ်များက အခွင့်အရေး မပေးတော့ပါ။
“သမီးလေး လျှောက်မပြေးနဲ့တော့နော်။ ဒီမှာ လူတွေ အရမ်းများတယ်။ သမီးက အရမ်းချစ်ဖို့ကောင်းတော့ လူဆိုးတစ်ယောက်က ဖမ်းခေါ်သွားရင် ဘယ်လိုလုပ်မလဲ”
ချူးယန်ရှီရှေ့မှာ ပိတ်ရပ်ရင်း ဘော်ဒီဂတ်တစ်ယောက်က ဆုံးမ လိုက်ပါသည်။
ချူးယန်ရှီ ဒါတွေကို ကြားချင်တာ မဟုတ်ပါ။ သူမ စီအီးအိုကုနောက်ကို လိုက်ချင်တာဖြစ်သည်။
“ဘော်ဒီဂတ် ဦးလေးကြီး! သမီးကို လွှတ်ပါ သမီးမပြေးတော့ပါဘူး! အဲ့ဒီ ဦးလေးကြီးကိုပဲ သွားကာကွယ် ပေးလိုက်နော်!”
လွတ်မြောက်ဖို့အတွက် ချူးယန်ရှီ ရွေးချယ်စရာမရှိတော့ဘဲ ဘော်ဒီဂတ်ဦးလေးကြီးကို ချိုချိုမြိန်မြိန် စကား ပြောရတော့သည်။
“စိတ်မပူပါနဲ့။ စီအီးအိုကုကို တခြားသူတွေ ကာကွယ်ပေးထားတယ်။ ဒီမှာ အလုပ်ပြီးတာနဲ့ အားလုံး ပြန်ကြမှာ”။ ဘော်ဒီဂတ်ဦးလေးကြီးက ပြုံးလိုက်ပြီး ရှင်းပြလိုက်ပါသည်။
ချူးယန်ရှီ ရင်ဘတ်ပေါ် မြင်းအကောင် ၁,၀၀၀ လောက် တက်နင်းသွားသလို ခံစားနေရပါသည်။ သူမမှာသာ ခွန်အား လုံလုံလောက်လောက် ရှိပါက ဒီဘော်ဒီဂတ်ကို ထိုးပစ်လိုက်ပါပြီ။
ဘာလို့ ဝင်ရှုပ်နေတာလဲ!
ဘော်ဒီဂတ်ဦးလေးကြီးကတော့ သူ့ကို စိတ်ထဲမှ ကျိန်ဆဲနေသည့် ကလေးမလေးအကြောင်း ဘာမှ မသိဘဲ ဆက်ပြောလိုက်ပါသည်။
“သမီးလေး၊ နောက်တစ်ခါဆို ဒီလို လျှောက်မပြေးနဲ့နော်။ ဒီခေတ်ကြီးထဲ ပြန်ပေးသမားတွေ ဒီလောာက်များနေတာ။ သမီးလို ချစ်စရာကောင်းတဲ့ ကလေးမလေးတွေကို အများဆုံး ပြန်ပေးဆွဲတတ်တယ်”
ချူးယန်ရှီ အလွန်စိတ်ဖိစီးနေပြီး ဒီဘော်ဒီဂတ်နဲ့ အချိန်ဆက်မဖြုန်းချင်တော့ပါ။ ထို့ကြောင့် ချူးဟမ့်၏ အင်္ကျီစကို ဆွဲကာ ပြောလိုက်သည်။ “ဖေကြီး သမီးကို ချီပြီး လိုက်ပြပါလား!”
ချူးဟမ့်ကလည်း ပြန်တုန့်ပြန်လိုက်သည်။ “ဟုတ်ပြီ ဟုတ်ပြီ! ဖေကြီး လိုက်ပြပေးမယ်နော်။ တစ်ယောက်တည်း လျှောက်မသွားနဲ့”
ချူးယန်ရှီကို ချူးဟမ့် အမြန် ပွေ့ချီလိုက်ပါသည်။ ကုလင်းယွမ်ရှေ့မှာ မျက်နှာသာရစေဖို့အတွက် ချူးဟမ့် ချက်ချင်း အချိုးပြောင်းသွားရခြင်း ဖြစ်သည်။
သူလည်း လက်မလျှော့သေးပါ။ ကုလင်းယွမ်တို့နောက်ကို လိုက်ပြီး ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ချင်သေးသည်။
ထို့ကြောင့် ချူးယန်ရှီကို ခေါ်ကာ လင်းယွင်အုပ်စုနောက်သို့ လိုက်လာခဲ့ပါသည်။
--- --- ---
ချင်းယုကျီးနဲ့ စူစူလေးတို့ ရယ်ရယ်မောမော စကားပြောနေကြပြီး တည်ငြိမ်နေသည့် ယုဝမ်ရှုကိုလည်း ရံဖန်ရံခါ စနောက်တတ်သေးသည်။
စီအီးအိုကုကို အားလုံးက စိတ်ဝင်စားနေကြသော်လည်း ချင်းအုပ်စုကတော့ မျှော်လင့်ချက် သိပ်မထားကြပေ။ ချင်းအုပ်စု နည်းပညာပိုင်းမှာ မတိုးတက်တာ အချိန်အတော်ကြာပြီပဲ မဟုတ်လား။
“စူစူလေး ဒီမှာကြည့်စမ်း! ဒီဂိမ်းက စူစူလေး အသက်ကြီးလာရင် ဘယ်လိုပုံစံဖြစ်မလဲ ခန့်မှန်းနိုင်တယ်တဲ့”။ ချင်းယုကျီးက စူစူလေးကို ချီရင်း ပြောလိုက်ပါသည်။
… … …
အခန်း(၈၀၅) စီအီးအိုကုရဲ့ မျက်နှာလိုက်မှု (၂)
စူစူလေးက ကင်မရာရှေ့မှာ ဂုဏ်ယူဝံ့ကြွားစွာ မျက်နှာပြလိုက်ပါသည်။ ထို့နောက် သိပ်မကြာလိုက်ဘဲ ဖန်သားပြင်ပေါ် စူစူလေးရဲ့ အရွယ်ရောက်ပြီးသား ပုံလေးတစ်ပုံ ပေါ်လာပါသည်။
အလွန်လှပသည့် မိန်းကလေးတစ်ယောက်၏ ဓာတ်ပုံကို ကြည့်ရင်း ချင်းယုကျီးက ယုဝမ်ရှုကို အမြန်လှမ်းခေါ်လိုက်သည်။ “အာ့ရှု ဒီမှာလာကြည့်စမ်း! ငါတို့ စူစူလေး ကြီးလားရင် ဒီလောက်ထိ လှမှာတဲ့! အရမ်းလှတဲ့ ကောင်မလေး ဖြစ်မှာ!”
ယုဝမ်ရှု တည်တည်ငြိမ်ငြိမ်ရောက်လာပြီး ဖန်သားပြင်ပေါ်က စူစူလေးရဲ့ ပုံကို ကြည့်လိုက်သည်။ “ဘာတွေ ထူးဆန်းနေတာလဲ။ ငယ်ငယ်ကတည်းက လှတော့ ကြီးလာရင်လည်း လှမှာပဲလေ။ အဲ့တာ ဘာအံ့ဩစရာ ရှိလို့လဲ”
ဓာတ်ပုံက အလွန်လှပသော်လည်း ဒီလောက်ထိ အံ့ဩစရာမလိုပေ။
ဓာတ်ပုံထဲက စူစူလေးက လက်ရှိစူစူလေးနဲ့ သိပ်မကွာလှပါ။ ကလေးတစ်ယောက်၏ အသွင်အပြင်များ ပျောက်ဆုံးသွားရုံသာ ဖြစ်ပြီး ပါးလေးတွေ အနည်းငယ် ပိန်သွားရုံသာရှိသည်။
အရွယ်ရောက်လာရင် ဒီလိုဖြစ်မှာ မထူးဆန်းပါ။
ချင်းယုကျီးလည်း ထောက်ခံလိုက်ပါသည်။ “မင်းပြောတာ မှန်တယ်! စူစူလေး ငယ်ငယ်လေးကတည်းက ဒီလောက် လှနေတာ မထူးဆန်းပါဘူး”
“ငါက မလှပါဘူး! ငါက ကြောက်စရာကောင်းတဲ့ သားရဲကြီး!”။ စူစူလေးက ဝင်ပြောလိုက်ပါသည်။
လှတယ်ဟုတ်လား။ သူမ မလှချင်ပါ။ သူမက ကြောက်စရာကောင်းချင်တာဖြစ်သည်။
စူစူလေး၏ ကြွေးကြော်သံကြောင့် ချင်းယုကျီး တံတွေးသီးသွားသည်။ “အဟွတ် အဟွတ်! ဒေါ်လေးက သူရဲကောင်းလောက် ဖြစ်ရင် ရပါပြီ။ ကြောက်စရာကောင်းတဲ့ သားရဲဆိုတာကြီးနဲ့ မလိုက်ဘူးလေ”
“မရဘူး! ငါက ကြောက်စရာ သးရဲကြီး ဖြစ်လာချင်တာ!”။ စူစူလေးက ဆုံးဖြတ်ချက် အလွန်ခိုင်မာပါသည်။
သူမကို ကြောက်စရာကောင်းတဲ့ သားရဲကြီး လုပ်လို့ မရဘူးလို့ လာမပြောနဲ့!
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ စူစူလေး ကြီးလာရင် ကြောက်စရာကောင်းတဲ့ သားရဲကြီး ဖြစ်လာမှာပါ!”။ ချင်းယုကျီး အမြန် လိုက်လျောလိုက်ရပါသည်။
သူသာ မလိုက်လျောလျှင် စူစူလေး ဒေါသထွက်သွားလိမ့်မည်။ သူတို့ရဲ့ ချစ်စရာအလွန်ကောင်းသော ဒေါ်လေး ဒေါသထွက်သွားလို့ မဖြစ်ပါ။
“အွန်း! ဟုတ်တယ်!”။ စူစူလေး စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပါသည်။
ထို့နောက် ချင်းယုကျီးက စူစူလေးကို အတည်ပေါက် သတိပေးလိုက်ပါသည်။ “ဒေါ်လေး အရွယ်ရောက်လာလို့ ဒီလောက် လှနေရင် ဘယ်လိုလုပ်မလဲ။ ဒေါ်လေးကို မျက်စိကျမယ့် ဝံပုလွေပေါက်စတွေ ကျိန်းသေပေါက် ရှိလာမှာ။ အဲ့ဒီဝံပုလွေပေါက်တွေကို ယုံပြီး လိုက်သွားလို့ လုံးဝ မဖြစ်ဘူးနော်!”
ချင်းယုကျီး ကိုယ်တိုင်က ယောက်ျားလေး ဖြစ်သော်လည်း သူတို့ မိသားစုအပြင်ဘက်က ယောက်ျားလေးတွေ အားလုံးကို လူဆိုးတွေဟု မြင်နေသည်။ သူတို့ ချင်းမိသားစုရှိ ယောက်ျားလေးတွေကသာ လူကောင်းဖြစ်ပါသည်။
“ဝံပုလွေပေါက်တွေကို မကြောက်ပါဘူး! အဲ့ဝံပုလွေပေါက်တွေကို ငါရိုက်ပစ်မှာ!”။ စူစူလေးက ပြန်ချေပလိုက်သည်။
ဝံပုလွေပေါက်တွေကိုတောင် အနိုင်မယူနိုင်ဘူးလို့ သူမတူလေး ဘာလို့ထင်ရတာလဲ။ ဝံပုလွေပေါက်တွေလောက်ကတော့ လက်သီးတစ်ချက်တည်းနဲ့ အကုန် အမှောက်သိပ်နိုင်တယ်!
“မြောင်~”။ ဟူကျစ်ကလည်း ဟဲပေမူ လက်ထဲမှ ခေါင်းပြူထွက်ကာ ထောက်ခံလိုက်ပါသည်။
သူလည်း ဝံပုလွေပေါက်တွေကို အနိုင်ယူနိုင်သည်။
သူ့လက်တွေကို ခါရမ်းရင်း သရုပ်ပြလိုက်၏။ သို့သော် ဝံပုလွေပေါက်ကို မထိဘဲ ဟဲပေမ၏ လက်ကိုသာ ရိုက်မိသွားပါသည်။ ဟဲပေမူ မျက်နှာ မှောင်မိုက်သွားသော်လည်း ဘာမှ မတုန့်ပြန်ခဲ့ပါ
ဟူကျစ် ရိုက်နှက်တာကို တစ်ကြိမ်မက သူခံဖူးမှန်း သိသာပါသည်။ ဒီလောက် နာကျင်မှုမျိုးကိုတော့ သူ ခံနိုင်ရည် ရှိပါသည်။ သို့သော် အနည်းငယ် စိတ်ရှုပ်သွားတာတော့ အမှန်ပင်။
“အဲ… ဒေါ်လေး။ ဝံပုလွေပေါက်တွေ ဆိုတာ တကယ့် ဝံပုလွေပေါက်တွေကို ပြောတာ မဟုတ်ဘူး။ ငါပြောတဲ့ ဝံပုလွေပေါက်တွေဆိုတာ လူဆိုး ကောင်လေးတွေကို ပြောတာ”။ ချင်းယုကျီး ရှင်းပြလိုက်သည်။
“ဪ အဲ့လိုလား။ အဲ့တာဆိုလည်း စိတ်မပူပါနဲ့! ငါ ၂ ခါတောင် ပြန်ပေးဆွဲခံရဖူးတယ်! နောက်တစ်ခါ လူဆိုးတွေ ပြန်ပေးဆွဲတာကို လုံးဝ မခံတော့ဘူး! ငါ့ကို ဘယ်ပဲ ခေါ်သွားခေါ်သွား မလိုက်ဘူး!”။ စူစူလေးက ယုံကြည်ချက် အပြည့်ဖြင့် ပြန်ပြောလိုက်သည်။
“ဟုတ်ပြီ! တော်တယ် ဒေါ်လေး! အခုကော နောင်ကော သေချာ ဂရုစိုက်ရမယ်။ လူဆိုးတွေ ဖမ်းတာကို ခံရလို့ မဖြစ်ဘူးနော်!”
“အွန်း! စိတ်ချ တူလေး!”။
ချင်းယုကျီးနဲ့ စူစူလေးတို့ ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြစဉ် သူတို့အနောက်မှ ဆူညံသံများ ထွက်ပေါ်လာလေသည်။
… … …