← Chapters

အခန်း (၈၀၆-၈၁၀)

Vol. 33 Ch. 806-810

အခန်း (၈၀၆-၈၁၀)

Vol. 33 Ch. 806-810

အခန်း(၈၀၆) စီအီးအိုကုရဲ့ မျက်နှာလိုက်မှု(၃)

ချင်းယုကျီး ခေါင်းလှည့်ကြည့်လိုက်ရာ စီအီးအိုကုတို့ရဲ့ လင်းယွင်အုပ်စုကို မြင်လိုက်ရသည်။

လင်းယွင်အုပ်စု၏ အဖွဲ့ဝင်များက ဆယ်ဂဏန်းခန့်ရှိပြီး အခမ်းအနားတက်ရောက်လာသူတွေကလည်း ဝန်းရံထားသဖြင့် လူအုပ်က အတော်လေး ကြီးပါသည်။

ချင်းယုကျီးက စူစူလေးကို ချီရင်း ဒီတိုင်း စောင့်ကြည့်နေခဲ့သည်။ သို့သော် တစ်ခုခု မူမမှန်တာကို သူသတိထားမိသွား၏။ လင်းယွင်အုပ်စုက သူတို့ရှေ့မှ ဖြတ်သွားတာ မဟုတ်ဘဲ သူတို့ထံ လျှောက်လာနေတာ ဖြစ်သည်။

ကုလင်းယွမ်၏ ခြေလှမ်းများက ချင်းအုပ်စု ပြပွဲရုံထဲ ရောက်နေပါပြီ။ သို့သော် ချင်းယုကျီးက ဘာမှ မတုန့်ပြန်သေးဘဲ စူစူလေးကို ချီကာ ဆက်လက်စောင့်ကြည့်နေသေးသည်။

ယုဝမ်ရှုကပဲ ရှေ့ထွက်ကာ ချင်းမိသားစုကိုယ်စား ကုလင်းယွမ်ကို ကြိုဆိုလိုက်ပါသည်။

“ချင်းအုပ်စုအီလက်ထရွန်းနစ်နည်းပညာက ကြိုဆိုပါတယ်။ ဒီတိုင်း ကိုယ်တိုင် လေ့လာချင်တာလား ဒါမှမဟုတ် ကျွန်တော်တို့ဘက်က မိတ်ဆက်ပေးရမလား”

ယုဝမ်ရှုက ယဉ်ကျေးတည်ငြိမ်စွာ နှုတ်ဆက်လိုက်ပါသည်။

“မိတ်ဆက်ပေးပါဦး”။ ကုလင်းယွမ် ပြန်ဖြေလိုက်သည်။

“ကောင်းပါပြီ။ အဲ့တာဆို နည်းပညာပိုင်းက တာဝန်ရှိသူကို ခေါ်လိုက်ပါ့မယ်”။ ချန်းပင်းကို ယုဝမ်ရှု လှည့်ကြည့်လိုက်သည်။

ယုဝမ်ရှု၏ အကြည့်ကို မြင်သောအခါ ချန်းပင်းလည်း ချက်ချင်း နားလည်သွားပြီး ရှေ့ထွက်လာခဲ့ပါသည်။

“တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က ချင်းအုပ်စုရဲ့ နည်းပညာပိုင်း တာဝန်ရှိသူပါ။ ကျွန်တော်တို့ရဲ့ နည်းပညာတွေကို မိတ်ဆက်ပေးပါရစေ။ စီအီးအို စိတ်ဝင်စားတဲ့ နယ်ပယ်တစ်ခုခု ရှိမလား၊ ဒါဆို အဲ့ဒီ နယ်ပယ်ကို ကျွန်တော်တို့ ဦးစားပေးပြီး မိတ်ဆက်ပေးလို့ ရတာပေါ့”

ချန်းပင်းက ပရော်ဖက်ရှင်နယ်ကျစွာ မိတ်ဆက်လိုက်ပါသည်။

“အင်း ကျေးဇူးတင်ပါတယ်”။ ကုလင်းယွမ် ခေါင်းငြိမ့်လိုက်သည်။

ကုလင်းယွမ်က စီအီးအိုတစ်ဦး၏ မောက်မာမှုမျိုး မရှိဘဲ ဖော်ရွေစွာ တုန့်ပြန်ပါသည်။

ချူးဟမ့်နဲ့ ချူးယန်ရှီတို့ ရောက်လာကြသောအခါ ချန်းပင်းက ကုလင်းယွမ်ကို ချင်းအုပ်စု၏ နည်းပညာ ထုတ်ကုန်များအကြောင်း မိတ်ဆက်ပေးနေပြီ ဖြစ်သည်

ဒါကိုမြင်တော့ ချူးဟမ့်နဲ့ ချူးယန်ရှီတို့ နှစ်ယောက်စလုံး မျက်လုံးပြူးကာ မျက်နှာများ ဖြူဖပ်သွားကြသည်။

သူတို့ကို ကုလင်းယွမ် စိတ်ဝင်စားမှု မရှိတာနဲ့တင် အထိနာနေပြီးသားဖြစ်သည်။ အခုတော့ ကုလင်းယွမ်က သူတို့ရဲ့ ရန်သူတော်ကြီးများဆီ ရောက်ရှိနေလေပြီ။

ဘာလို့လဲ…

သူတို့ပြပွဲရုံကိုကျတော့ နည်းနည်းလေးတောင် စိတ်မဝင်စားဘဲ ချင်းအုပ်စုရဲ့ ပြပွဲရုံထဲ ဘာလို့ ဝင်ကြည့်နေရတာလဲ။

သူတို့ ချူးအုပ်စုက ချင်းမိသားစုထက် အဘက်ဘက်က သာလွန်နေတာ အသိသာကြီးကို!

နည်းပညာပိုင်းကော အပြင်အဆင်ပိုင်းမှာကော သူတို့ ချူးအုပ်စုက ချင်းအုပ်စုထက် သာလွန်သည်ဟု ချူးဟမ့်နဲ့ ချူးယန်ရှီတို့ ယုံကြည်ကြသည်။

ကုလင်းယွမ်ကို ချင်းအုပ်စုက ဆွဲဆောင်နိုင်ပြီး သူတို့ မဆွဲဆောင်နိုင်တာက အဓိပ္ပာယ်မရှိပါ။

ချူးဟမ့်နဲ့ ချူးယန်ရှီတို့ အကြောင်းအရင်းကို လုံးဝ စဉ်းစားလို့ မရတော့ပေ။

ဒါမှမဟုတ် တိုက်ဆိုင်မှုပဲလား…။

ခန်းမကြီးထဲမှာ ပြပွဲရုံတွေက အရမ်းများတော့ တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ ဘယ်ရုံက ပိုသာသလဲ မသိနိုင်ဘူး မဟုတ်လား…။

ဒါ့ကြောင့် စီအီးအိုကုက ချင်းအုပ်စုရဲ့ ပြပွဲရုံထဲ မတော်တဆ ဝင်သွားမိတာပဲနေမှာ။

ဟုတ်တယ် အဲ့လိုပဲ ဖြစ်ရမယ်….။

ထိုအကြောင်းပြချက်ကသာ အဓိပ္ပာယ်ရှိသည်။

ချင်းအုပ်စု၏ နည်းပညာများက ဘာမှ အသုံးမဝင်မှန်း သိလိုက်တာနဲ့တစ်ပြိုင်နက် စီအီးအိုကု ပြန်ထွက်လာလိမ့်မည်။

ချူးဟမ့်က ချူးယန်ရှီကို အောက်ချပေးလိုက်ပြီး လက်ကိုင်ကာ အပြင်မှာ စောင့်နေခဲ့သည်။

ချင်းအုပ်စု နည်းပညာများနှင့် ပတ်သတ်၍ ချန်းပင်း၏ ရှင်းပြချက်များကို ကုလင်းယွမ် နားထောင်ပြီးသွားပြီ ဖြစ်သည်။

“စိတ်ဝင်စားစရာပဲ…။ အထူးသဖြင့် မင်းတို့ရဲ့ နောက်ဆုံးပေါ် Chip နည်းပညာက ပို စိတ်ဝင်စားဖို့ ကောင်းတယ်။ ဖြစ်နိုင်မယ်ဆိုရင် မင်းတို့ စီအီးအိုချင်းနဲ့ စကားပြောချင်တယ်”။ ကုလင်းယွမ် ပြောလိုက်သည်။

ကုလင်းယွမ်၏ ရုတ်ချည်းဆန်သော စကားကြောင့် ချန်းပင်း ကြက်သေသေသသွားခဲ့ပါသည်။

“စီအီးအိုချင်းနဲ့ စကားပြောလို့ ရမလားလို့”။ ကုလင်းယွမ်က ထပ်ပြောလိုက်ပါသည်။

… … …

အခန်း(၈၀၇) အဖေ့ကို ကယ်ခဲ့တာ

ချန်းပင်း ကြက်သေသေနေသဖြင့် ယုဝမ်ရှုကပဲ နောက်တစ်ဖန် ဝင်ပြောပေးလိုက်ရသည်။ “ရပါတယ် ကိစ္စမရှိပါဘူး။ ခဏလေးစောင့်ပါနော်။ စီအီးအိုချင်းရဲ့ လုပ်ငန်းကတ် ယူပေးပါ့မယ်”

ယုဝမ်ရှု အံဆွဲတစ်ခုကို ဖွင့်လိုက်ပြီး ချင်းရှင်းကျစ်၏ လုပ်ငန်းကတ်ကို ယူလိုက်ပါသည်။ အပြင်လူတစ်ယောက် ဖြစ်သော်လည်း ချင်းယုကျီးထက် ကုမ္ပဏီအကြောင်းကို ယုဝမ်ရှုက ပိုသိနေလေသည်။

ချင်းယုကျီးက ယုဝမ်ရှုကို လေးစားအားကျစွာ ကြည့်နေပါသည်။

ကုလင်းယွမ်အား ယုဝမ်ရှု ကတ်ပေးလိုက်သည်။ လက်ထောက်ဖြစ်သူအား ကုလင်းယွမ် ပြန်ကမ်းပေးလိမ့်မည်ဟု ထင်ထားသော်လည်း ကုလင်းယွမ်က သူ့အိတ်ကပ်ထဲ ကတ်ကို ထည့်လိုက်လေသည်။

စောင့်ကြည့်နေကြသူတွေအားလုံး အံ့ဩမှင်သက်ကုန်ကြပါသည်။

ကုလင်းယွမ်လို အလုပ်များသည့် လုပ်ငန်းရှင်တစ်ယောက်အတွက် သူ့လက်ထောက်မှ တဆင့် ဆက်သွယ်နိုင်ရင်တောင် ကံကောင်းလှပြီဟု ဆိုနိုင်သည်။

လုပ်ငန်းကတ်ကို သူကိုယ်တိုင် သိမ်းဆည်းလိုက်သည့် အပြုအမူက ပေါ့သေးသေး မဟုတ်ပေ။ ချင်းမိသားစုကို အသိအမှတ်ပြုကြောင်း ထုတ်ပြနေခြင်း ဖြစ်၏။

ထို့နောက် စူစူလေးထံ ကုလင်းယွမ် အကြည့်ရောက်သွားလေသည်။

တစ်စုံတစ်ယောက်က စိုက်ကြည့်နေမှန်း အာရုံရသဖြင့် စူစူလေး ပြန်လှည့်ကြည့်လိုက်သည်။

ကုလင်းယွမ်ကို လေးစားမှုဖြင့် ကြည့်နေကြသော တခြားသူတွေလို မဟုတ်ဘဲ စူစူလေးကတော့ သူဘယ်သူဘယ်ဝါမှန်း မသိသဖြင့် ဘာလေးစားမှုမှ မရှိပါ။

သူဘယ်သူဘယ်ဝါမှန်း သိခဲ့လျှင်တောင် သူမက ပိုင်ကျဲနတ်သားရဲဖြစ်သဖြင့် သာမန်လူသားတစ်ယောက်ကို ကိုးကွယ်နေမှာ မဟုတ်ပေ။

ကုလင်းယွမ် ရုတ်တရက် ပြုံးသွားသည်။

ပုံမှန်ဆို အေးတိအေးစက် တည်ငြိမ်နေတတ်သည့် မျက်နှာပေါ်တွင် စူစူလေးအတွက် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာခဲ့ပါသည်။

ဒါကိုမြင်တော့ အားလုံး ကြောင်စီစီဖြစ်သွားကြသည်။

ဧကန္တ ချင်းမိသားစုရဲ့ ကလေးမလေးက ချစ်စရာကောင်းလွန်းလို့ စီအီးအိုကုတောင် သဘောကျသွားတာလား…။

ဖော်ရွေသော စီအီးအိုကု၏ အပြုံးကိုမြင်တော့ စူစူလေး မေးလိုက်သည်။ “ဦးလေးက ဘယ်သူလဲ”

“ဦးလေးနာမည်က ကုလင်းယွမ်ပါ”။ ကုလင်းယွမ်က စူစူလေးကို မိတ်ဆက်လိုက်သည်။

“ဪ… သမီးနာမည်က ချင်းစူစူပါ”။ စူစူလေးလည်း သူ့ကို အတုခိုးကာ မိတ်ဆက်လိုက်ပါသည်။

“သမီးနာမည် ချင်းစူစူမှန်း သိပါတယ်”

ထိုစကားကြောင့် ချင်းယုကျီးနဲ့ ယုဝမ်ရှုတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားသည်။

ချင်းအုပ်စု ဝန်ထမ်းများနဲ့ ဝိုင်းကြည့်နေကြသူတွေလည်း ထိုနည်းလည်းကောင်း အံ့အားသင့်ကုန်ကြသည်။

ဘာလဲဟ…

စီအီးအိုကုက သခင်ကြီးချင်းတို့လင်မယားရဲ့ သမီးလေး ချင်းစူစူကို သိနေတာလား…။

“သမီးနာမည်က ချင်းစူစူဆိုတာ သိတယ် ဟုတ်လား။ ဘယ်လိုလုပ် သိတာလဲ”။ စူစူလေး မေးလိုက်သည်။

“ဦးလေးရဲ့ အဖေကို ကူညီပေးခဲ့လို့လေ”။ ကုလင်းယွမ် ရှင်းပြလိုက်ပါသည်။

စီအီးအိုကုက စူစူလေးကို တွေ့ဖို့ ဒီကိုရောက်လာခဲ့တာများလား…။

စူစူလေးက သူ့အဖေကို ကူညီခဲ့တယ်တဲ့လား။ သူ့အဖေက ဘယ်သူများလဲ။

ချင်းယုကျီး၏ အာရုံထဲ စကားအလွန်များပြီး စိတ်ဆတ်တတ်သော သခင်ကြီးကု၏ ပုံရိပ် ထင်ဟပ်လာခဲ့သည်။

စူစူလေးကူညီဖူးသည့် ‘ကု’မျိုးရိုးအမည်ဆိုလို့ သခင်ကြီးကုတစ်ယောက်တည်းသာ ရှိသည်။

မဟုတ်မှလွဲရော…

စီအီးအိုကုက သခင်ကြီးကုရဲ့ သားလား…

သူအမြဲတမ်း ငြီးတွားနေတတ်တဲ့ အသုံးမကျတဲ့ သားတွေထဲက တစ်ယောက်လား…

“ဦးလေးအဖေက ဘယ်သူလဲ”။ စူစူလေး မေးလိုက်သည်။

“ဦးလေးအဖေရဲ့ မျိုးရိုးနာမည်ကလည်း ကုပဲလေ။ သူက နည်းနည်း စကားများပြီး ခေါင်းလည်း မာတယ်။ သူ့ကို မှတ်မိလား စူစူလေး”

စူစူလေးကို ကာကွယ်ပေးဖို့အတွက် သူ့အဖေကို စူစူလေး သစ်ပင်ကြီးတစ်ပင်ဖြင့် ကယ်တင်ပေးခဲ့သည့် အဖြစ်အပျက်အား အသေးစိတ် ထုတ်မပြောခဲ့ပါ။

စူစူလေး လေးလေးနက်နက် စဉ်းစားလိုက်သည်။ သိပ်မကြာလိုက်ဘဲ ထိုဖော်ပြချက်နဲ့ ကိုက်ညီသည့် အဘိုးကြီး တစ်ယောက်ကို မှတ်မိသွားပါသည်။

စူစူလေးက ပြောလိုက်၏။ “သိပြီ! သမီးဖေဖေနဲ့ သူငယ်ချင်း ဖြစ်ချင်တယ်ဆိုတဲ့ လူကြီးလား။ သမီးဖေဖေကို စကားပဲ လိုက်များနေတာ။ သမီးကို မြင်တိုင်း ပြုံးပြပြီး ကျေးဇူးပြန်ဆပ်ချင်တယ်ပဲ ပြောနေတာ။ သမီးက မဆပ်နဲ့လို့ ပြောတာကို ခေါင်းမာနေတယ်။ စိတ်ရှုပ်စရာလည်း ကောင်းတယ်။ သူက ဦးလေးရဲ့ အဖေလား”

… … …

အခန်း(၈၀၈) စီအီးအိုကုကို ချဉ်းကပ်ဖို့ ကြိုးစားခြင်း (၁)

စူစူလေး၏ စကားကြောင့် အားလုံး ကြက်သီးမွေးညှင်းများ ထသွားကြသည်။

စီအီးအိုကုရဲ့ အဖေကို ဘယ်လိုပြောလိုက်တာလဲ! စကားကို ယဉ်ယဉ်ကျေးကျေးလေး ပြောလို့ မရဘူးလား!

သို့သော် ကလေးမလေးတစ်ယောက်ဖြစ်သဖြင့် အများကြီး မျှော်လင့်လို့မရပေ။

“ဟုတ်ပါတယ်။ စူစူလေးပြောတဲ့လူက ဦးလေးရဲ့ အဘိုးပါ”။ ကုလင်းယွမ်ပြုံးကာ ပြန်ဖြေလိုက်သည်။

ကုလင်းယွမ် စိတ်မဆိုးသည့်အပြင် စူစူလေး သေချာမှတ်မိနေသည့်အတွက် ဝမ်းပင်သာပါသေးသည်။ သူ့အဖေ ဘယ်လို လူမျိုးလဲဆိုတာကိုလည်း ကုလင်းယွမ် ကောင်းကောင်းသိသည်။ တကယ်ပဲ စိတ်ရှုပ်ဖို့ ကောင်းသူဖြစ်သည်။

ကလေးမလေးတစ်ယောက် အမှန်တရားကို ပြောသည့်အတွက်တော့ စိတ်ဆိုးမှာ မဟုတ်ပါ။

ကုလင်းယွမ်၏ အဖြေကိုကြားပြီး ချင်းယုကျီး၏ ခန့်မှန်းချက် အတည်ပြုနိုင်ခဲ့သည်။

သူက တကယ်ပဲ သခင်ကြီးကုရဲ့ သားကိုး!

အစကတည်းက သံသယရှိခဲ့သော်လည်း အတည်ပြုပြီးနောက် ချင်းယုကျီး အလွန်အံ့အားသင့်မိပါသေးသည်။

သခင်ကြီးကု၏ သားဖြစ်သူကို သာမန်လူဖြစ်လိမ့်မည်ဟု ထင်မထားသော်လည်း ဒီလောက်ထိ အရှိန်အဝါကြီးသူ ဖြစ်နေလိမ့်မည်ဟုလည်း ထင်မထားခဲ့ပါ။

ချင်းအုပ်စု ဝန်ထမ်းတွေအားလုံးလည်း အံ့အားသင့်ကုန်ကြသည်။

သခင်မလေးစူစူက စီအီးအိုကုရဲ့ အဖေကို ကယ်ခဲ့တယ်လား! တော်လိုက်တာ!

အားလုံး အံ့အားသင့်နေကြသော်လည်း ကာယကံရှင် စူစူလေးကတော့ ဘာမှထူးထူးခြားခြား မခံစားရဘဲ တည်ငြိမ်သော မျက်နှာလေးဖြင့် ပြောလိုက်ပါသည်။ “ဪ အဲ့တာဆို အစ်ကိုကြီးကုလို့ပဲ ခေါ်တော့မယ်”

“အစ်ကိုလတ်ကုလို့ ခေါ်ရမှာ။ အစ်ကိုလတ်မှာ အစ်ကိုတစ်ယောက်နဲ့ ညီတစ်ယောက်လည်း ရှိသေးတယ်”။ ကုလင်းယွမ် ရှင်းပြလိုက်ပါသည်။

“အဲ့တာဆိုလည်း ပြီးရော”

အစ်ကိုလတ်ကုဆိုလည်း ရပါသည်။ စူစူလေး သဘောတူလိုက်သည်။

ခပ်လှမ်းလှမ်းမှ ရပ်နေသော ချူးဟမ့်နဲ့ ချူးယန်ရှီတို့နှစ်ယောက် ခန်းမထဲက ဆူညံသံများကြောင့် စူစူလေးတို့ရဲ့ စကားဝိုင်းကို သေချာ မကြားရပါ။ ကုလင်းယွမ် ဖော်ရွေစွာ ပြုံးနေပြီး စူစူလေးကို စကားနေသည့် မြင်ကွင်းကိုသာ မြင်နေရပါသည်။

ချူးယန်ရှီ ရင်ထဲ ပေါက်ကွဲသွားခဲ့သည်။

သူမတို့ နှစ်ယောက်စလုံးက ကလေးမလေးတွေပဲ မဟုတ်ဘူးလား။ ဘာလို့ ကွာခြားချက်က ဒီလောက်ကြီးမားနေရတာလဲ။

သူမမှာ ဘာလိုအပ်ချက် ရှိလို့လဲ။

ပုံပန်းသဏ္ဌာန်အရလည်း သူမက ချင်းစူစူအောက် မကျပါ။ စကားတတ်သည့်နေရာမှာလည်း ချင်းစူစူထက် အများကြီး ပိုသာသည်။

သူမထက် ချင်းစူစူ ပိုသာတာဆိုလို့ သူမရဲ့ ထူးဆန်းသည့် ခွန်အားသာ ဖြစ်သည်။

ဒါပေမယ့် အဲ့ဒီခွန်အားကို ဘာလုပ်လို့ရမှာလဲ။

စီအီးအိုကုက အဲ့ဒီ ခွန်အားကို ဘယ်နေရာမှာ သွားသုံးရမှာလဲ။

ချူးယန်ရှီ သည်းမခံနိုင်တော့ပါ။ ချူးဟမ့်၏ လက်ကိုလွှတ်ကာ လူအုပ်ထဲ ပြေးဝင်သွားခဲ့သည်။

“စူစူလေး! နင်လည်း ရောက်နေတာလား!”။ ချူးယန်ရှီက အံ့အားသင့် ပျော်ရွှင်သွားသော မျက်နှာဖြင့် ပြောလိုက်ပါသည်။

စူစူလေးလည်း ချူးယန်ရှီကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်း မျက်နှာလွှဲကာ လျစ်လျူရှုလိုက်ပါသည်။

စိတ်ရှုပ်စရာကောင်းတဲ့သူ! ဘာစကားမှ ပြန်မပြောဘူး!

သူမကို ချင်းစူစူ လျစ်လျူရှုနေလည်း ချူးယန်ရှီ ဂရုမစိုက်ပါ။ အပြုံးမပျက်ဘဲ ထပ်နှုတ်ဆက်လိုက်သည်။ “စူစူလေး ဆရာမင် ပေးထားတဲ့ အိမ်စာလုပ်ပြီးသွားပြီလား။ အရမ်းခက်တာပဲ။ ဖေကြီးနဲ့ ငါနဲ့ မနေ့က အချိန်အကြာကြီးနေမှ အိမ်စာလုပ်လို့ပြီးတယ်”

ချူးယန်ရှီက အိမ်စာအကြောင်း ပြောနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတော့ သူမနဲ့ ချင်းစူစူတို့က အတန်းဖော်တွေဖြစ်ကြကြောင်း ကြေညာနေခြင်းသာ ဖြစ်သည်။

အတန်းဖော်တွေဖြစ်ကြသဖြင့် လာနှုတ်ဆက်တာ မထူးဆန်းပါ။ ထို့ကြောင့် ကုလင်းယွမ်ရှေ့ ထပ်ရောက်လာဖို့ အကြောင်းပြချက်ရသွားခဲ့သည်။ ဒါဆို ကုလင်းယွမ်နောက် သူမ တမင်တကာလိုက်နေသည်ဟု သူများတွေလည်း ထင်ကြမှာ မဟုတ်ပါ။

စူစူလေးက ဆက်ပြီး လျစ်လျူရှုထားဆဲဖြစ်သည်။

သူမ စိတ်ရှုပ်စရာကောင်းတာက တစ်ခါ နှစ်ခါသာဆို စူစူလေး စကားလှည့်ပြောလောက်သေးသည်။

သို့သော် ဒီချူးယန်ရှီက သူမကို အကြိမ်ပေါင်းများစွာ စိတ်ရှုပ်အောင် လုပ်ခဲ့သဖြင့် စူစူလေး အပင်ပန်းခံပြီး စကားတောင် ပြန်မပြောချင်တော့ပါ။

စူစူလေး မသိချင်ယောင် ဆောင်နေတာကိုမြင်ပြီး ချူးယန်ရှီ ဒေါသမထွက်ပါ။ ဒေါသထွက်ရမည့်အစား ရင်ထဲမှာ ပျော်ပင် ပျော်နေသေးသည်။

… … …

အခန်း(၈၀၉) စီအီးအိုကုကို ချဉ်းကပ်ဖို့ ကြိုးစားခြင်း (၂)

သူမကို ချင်းစူစူ မသိချင်ယောင် ဆောင်နေတာ ပိုကောင်းပါသည်။ ဒါမှ သူမဘယ်လောက် လိမ္မာကြောင်းနဲ့ ချင်းစူစူ ဘယ်လောက် ရိုင်းစိုင်းကြောင်း အားလုံး မြင်သွားမှာဖြစ်သည်။

ချစ်ဖို့ကောင်းပြီး ရိုင်းစိုင်းနေတာ ဘာသုံးစားလို့ရမှာလဲ!

ဒီလောက်ရိုင်းစိုင်းတဲ့ ကလေးမျိုးကို ဘယ်လူကြီးကမှ ချစ်မှာ မဟုတ်ဘူး!

ကုလင်းယွမ်ကို ချူးယန်ရှီ မျှော်လင့်ချက် အပြည့်ဖြင့် မော့ကြည့်လိုက်သည်။ သူမကို ချီးကျူးမည့် အသံအား ကြားချင်နေသည်။

သို့သော်လည်း ကုလင်းယွမ်၏ တုန့်ပြန်မှုက ချူးယန်ရှီ မျှော်လင့်ထားတာနဲ့ လုံးဝ ကွာခြားနေပါသည်။

ကုလင်းယွမ်က ချူးသားအဖကို စူစူလေးလိုပဲ လျစ်လျူရှုလိုက်ပြီး စူစူလေးကိုသာ အပြုံးဖြင့် စကား ဆက်ပြောနေပါသည်။ “ဒါဆို ဒီအပတ် အားလပ်ရက်ကျရင် အစ်ကိုလတ်ကုရဲ့ အဖေနဲ့အတူ လာလည်လို့ရမလား”

“လာလည်လို့ရပါတယ်။ ဒါပေမယ့် အစ်ကိုလတ်ကုရဲ့ အဖေကို ခေါ်မလာလို့ မရဘူးလား။ သူက အရမ်း စကားများတယ်”။ စူစူလေး ပြန်ပြောလိုက်ပါသည်။

ဒီကလေးမလေးက တော်တော် ပွင့်လင်းတာပါလား…

စီအီးအိုကုရဲ့ အဖေကို တဲ့တိုးကြီး ဖဲ့နေတာ…

စီအီးအိုကုက သူ့အဖေကို အရမ်းချစ်မှန်း မသိဘူးလား။

“ဒါပေမယ့် သူ့ကို ထားခဲ့ရင် အစ်ကိုလတ်ကုရဲ့ အဖေက အရမ်း သနားစရာကောင်းမှာ။ သားတစ်ယောက်အနေနဲ့ အဘိုးကြီးဖြစ်နေပြီဖြစ်တဲ့ အဖေ့ကို အဲ့လို လုပ်လို့ မရဘူးလေ။ ဒီလိုဆိုရင်ကော အစ်ကိုလတ် အိမ်ပြန်ရောက်ရင် သူ့ကို စကားအများကြီး မပြောဖို့ မှာလိုက်မယ်။ အဲ့တာဆို စူစူလေး လာခွင့်ပေးမှာလား”

ကုလင်းယွမ်က စိတ်မဆိုးဘဲ စူစူလေးနဲ့ ညှိနှိုင်းလိုက်ပါသည်။

စူစူလေး သေချာ စဉ်းစားလိုက်သည်။ “အစ်ကိုလတ်ကုပြောတာလည်း ဟုတ်ပါတယ်။ သူက အစ်ကိုလတ်ကုရဲ့ အဖေလေ ပြီးတော့ လူဆိုးလည်း မဟုတ်ဘူး။ အဲ့တာဆို အိမ်ပြန်ရောက်ရင် သူ့ကို ဆုံးမလိုက်! သူသဘောတူရင် လိုက်ခဲ့လို့ ရတယ်!”

စူစူလေးက အာဏာကြီးစွာ ပြန်ဖြေလိုက်ပါသည်။ ချင်းအုပ်စုနဲ့ လင်းယွင်အုပ်စုတို့၏ အခြေအနေက ပြောင်းပြန် ဖြစ်သွားသလို ခံစားရသည်။

“ဟုတ်ပါပြီ”။ ကုလင်းယွမ် ချက်ချင်း သဘောတူလိုက်ပါသည်။

“အဲ့တာဆို အစ်ကိုလတ်ကုလည်း လိမ္မာရမယ်နော်။ မဆူညံနဲ့။ ဆူညံတဲ့ ကလေးကြီးတွေကို သဘောမကျဘူး”။ စူစူလေး မှာလိုက်သည်။

အသက် ၁၀၀ ကျော်ရှိနေပြီဖြစ်သည့် သူမအတွက် လူသားအားလုံးက ကလေးတွေပဲ ဖြစ်သည်။

ကလေးသေးသေးလေးတွေက လူသားပေါက်စတွေဖြစ်ပြီး အရွယ်ရောက်ပြီးသားတွေက ကလေးကြီးတွေ ဖြစ်သည်။ ဘယ်သူပဲဖြစ်ဖြစ် အားလုံး လိမ္မာဖို့လိုသည်။

“ဟုတ်ပါပြီ”။ ကုလင်းယွမ် အပြုံးဖြင့် သဘောတူလိုက်ပြန်ပါသည်။

စောင့်ကြည့်နေကြသူတွေအားလုံး မှင်သက်သွားကြသည်။

ဘယ်လိုဖြစ်တာလဲ…။

စီအီးအိုကုက ချင်းမိသားစုရဲ့ ကလေးမလေးကို အံ့အားသင့်ဖို့ကောင်းလောက်အောင် သဘောကောင်းပြနေပါလား။

ကလေးမလေးက ချစ်ဖို့ကောင်းပေမယ့် စီအီးအိုကု ဖော်ရွေလွန်းမနေဘူးလား…။

စီအီးအိုကုက ကလေးချစ်တတ်သည်ဟု သူတို့ မကြားဖူးကြပေ။ ထို့အပြင် စကားပြောဆို ဆက်ဆံသည့်နေရာမှာလည်း အေးတိအေးစက် ရှိတတ်မှန်း အားလုံးသိပြီးသားဖြစ်သည်။

ထို့အပြင် သူ့အဖေကိုလည်း အလွန်သိတတ်သူဖြစ်သည်။ ချင်းမိသားစု၏ ကလေးမလေးက သူ့အဖေကို ပေါ်တင်ကြီး စော်ကားနေသော်လည်း ဒေါသထွက်ပုံ မပေါ်ပေ။

သူစိမ်းတွေအပြင် စူစူလေးရဲ့ တူအရင်း ချင်းယုကျီးလည်း အံ့အားသင့် မှင်သက်နေပါသည်။

ဒေါ်လေးက တော်လိုက်တာ!

တခြားသူတွေ အံ့အားသင့်ရုံသာ ရှိသော်လည်း ချူးသားအဖ နှစ်ယောက်ကတော့ ပင်အပ် အချောင်း ၁,၀၀၀ နဲ့ အထိုးခံရသလို ခံစားနေရသည်။

သူတို့ အသည်းအသန် ကြိုးစားခဲ့ရသည့်အရာကို ချင်းမိသားစုက အလွယ်လေး ပိုင်ဆိုင်သွားသည်။

ထိုခံစားချက်က အလွန်ခံရခက်ပါသည်။ အလွန်ခံရခက်သဖြင့် သားအဖနှစ်ယောက် ဘယ်လိုမှ လက်မခံနိုင်ပါ။

ချူးယန်ရှီ စိတ်ဖိစီးသွားပြီး ရှေ့တိုးကာ မေးလိုက်ပါသည်။ “ဦးလေးကြီးက စူစူလေးနဲ့ ရင်းနှီးလို့လား။ တစ်ယောက်နဲ့ တစ်ယောက် သိကြတာလား”

သူမ ရှင်းရှင်းလင်းလင်း မေးရမှ ဖြစ်မည်။ ဘာမှ နားမလည်လိုက်ဘဲ ရှုံးနိမ့်သွားတာမျိုးတော့ အဖြစ်မခံနိုင်ပါ။

ကုလင်းယွမ် ခေါင်းလှည့်လာပြီး ချူးယန်ရှီကို ထပ်ကြည့်လိုက်ပါသည်။

စူစူလေးနဲ့ စကားပြောနေတုန်းကလို မဟုတ်ဘဲ ချူးယန်ရှီကို လှည့်ကြည့်လိုက်သောအခါ သူ့မျက်နှာပေါ်က ဖော်ရွေမှုများ ပျောက်ကွယ်သွားခဲ့သည်။

ချူးယန်ရှီ အနည်းငယ် ကြောက်လန့်သွားလေသည်။

ဘာလို့ အဲ့လိုကြီး ကြည့်နေတာလဲ…

သူမ ဘာမှ လုပ်မထားဘူးလေ!

ချူးဟမ့်လည်း ကြောင်စီစီဖြစ်သွားကာ သတိထားပြီး ဝင်မေးလိုက်ပါသည်။ “စီအီးအိုကု ဘာများဖြစ်လို့လဲ”

… … …

အခန်း(၈၁၀) စိတ်ဓာတ်ကို အတွင်းကျကျ သိထားပြီးသား

“ချူးဟမ့် မင်းကိုလည်း ငါသိတယ်”။ ကုလင်းယွမ်က ချူးဟမ့်၏ အမည်ကို ခေါ်ကာ ပြောလိုက်သည်။

“စီ…စီအီးအိုကုက ကျွန်တော့်ကို သိတယ်ဟုတ်လား”။ ချူးဟမ့် မျက်လုံးပြူးသွားသည်။

လင်းယွင်အုပ်စုရဲ့ စီအီးအိုကုက သူ့ကို သိနေတယ်ပေါ့…။

ဘယ်လိုသိနေတာလဲ။ ကောင်းသော သိခြင်းလား ဆိုးသော သိခြင်းလား…

“အရင်လက မင်းရခဲ့တဲ့ သန်း ၁၀၀ တန် အော်ဒါတွေ… မင်းကို အဲ့တာတွေပေးဖို့ လင်းယွင်လက်အောက်ခံ ကုမ္ပဏီတစ်ခုကို ငါကိုယ်တိုင် ညွှန်ကြားခဲ့တာ”

ကုလင်းယွမ်၏ စကားကြောင့် ချူးဟမ့်နဲ့ ချူးယန်ရှီတို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ကုလင်းယွမ်နဲ့ သခင်ကြီးကုတို့က…

“သခင်ကြီးကုက… ခင်… ခင်ဗျားရဲ့အဖေလား”။ ချူးဟမ့် မယုံကြည်နိုင်စွာ မေးလိုက်သည်။

“ဟုတ်တယ်”

ချူးဟမ့် ထိတ်လန့်သွားသည်။ သူအားလုံး နားလည်သွားပါပြီ။

အစကတည်းက သူတို့ ရှုံးနိမ့်ပြီးသား ဖြစ်သည်။

ချူးယန်ရှီ ဘယ်လောက်ပဲ လိမ္မာချင်ယောင် ဆောင်ပြခဲ့ပါစေ ကုလင်းယွမ်အပေါ် ဘာသက်ရောက်မှုမှ မရှိခဲ့ပါ။ သူမရဲ့ ဟန်ဆောင်မှုနဲ့ သူမအဖေရဲ့ အလိမ်အညာများကို ကုလင်းယွမ် အစောကြီးကတည်းက သိပြီးသားဖြစ်တာကြောင့်ပင်။

ချူးယန်ရှီ တမင်သက်သက် ဟန်ဆောင်ခဲ့တာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ သူမက ကယ်တင်ရှင်ဖြစ်သည်ဟု သခင်ကြီးကုကို ယုံကြည်အောင် လိမ်ညာပြောဆိုခဲ့သည်။ ထို့အပြင် အဖေတစ်ယောက်ဖြစ်သည့် ချူးဟမ့်က သမီးဖြစ်သူ၏ အမှားကို အမှန်မပြင်ပေးသည့်အပြင် သူကိုယ်တိုင်ကပါ အကျိုးအမြတ်ကို ရယူဖို့ ကြိုးစားခဲ့သည်။

ဒီလိုလူမျိုးတွေကို ကုလင်းယွမ် ဖော်ရွေနိုင်ပါ့မလား။

ယခုတော့ ချူးဟမ့်နဲ့ ချူးယန်ရှီတို့ မျက်နှာတွေ သွေးမဲ့နေပြီး အလွန်အကျည်းတန်နေပါပြီ။

ကုလင်းယွမ်က ဆက်ပြော၏။ “ငါ့အဖေကို လှည့်စားပြီး မင်းတို့ အဲ့ဒီ သန်း ၁၀၀ တန် အော်ဒါတွေ ရခဲ့တာ။ ဒါပေမယ့် ငါ့အဖေ အမှန်တရားကို သိသွားတော့ မင်းတို့နဲ့လက်တွဲဖြုတ်ဖို့ ငါ့ကို အကြောင်းကြားခဲ့တယ်”

ကုလင်းယွမ်၏ စကားကိုကြားပြီး စောင့်ကြည့်နေသူတွေ ခေါင်းထောင်သွားကြသည်။

ဒရမ်မာပဲ…!

သူတို့ကြားထဲ ပြဿနာကြီးကြီးမားမားတစ်ခုခု ဖြစ်ခဲ့တာများလား!

အားလုံး နားစွင့်လျက် သေချာ နားထောင်နေကြသည်။

လူတိုင်းရဲ့ စူးစူးရှရှ အကြည့်တွေကို ခံစားမိပြီး ချူးဟမ့်တစ်ယောက် ဒေါသလည်းထွက် စိတ်လည်း ဖိစီးသွားပါသည်။

သူစိတ်ဖိစီးလေလေ စိတ်တွေ ပိုရှုပ်လာလေလေဖြစ်ပြီး ဘာလုပ်ရမှန်း မသိတော့လေလေ ဖြစ်သည်။

ချူးယန်ရှီက ချက်ချင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်ပါသည်။ “ဦးလေးကြီး။ ဘိုးဘိုးကုကို သမီးလှည့်စားခဲ့တာ မဟုတ်ပါဘူး။ အဲ့ဒီနေ့က ဘိုးဘိုးကု မေးတော့ သမီးသူ့ကို ကယ်ခဲ့တယ်‌လို့ မပြောခဲ့ဘူးလေ။ သမီးလည်း နည်းနည်း ဇဝေဇဝါဖြစ်သွားလို့ ဘိုးဘိုးကုမေးခွန်းကို သေချာ နားမလည်လိုက်ဘူး”

သူမက အသက် ၄ နှစ်အရွယ်ပဲ ရှိသေးတာ မဟုတ်လား။ ဒီလိုအရာမျိုးဖြစ်လာလို့ ဇဝေဇဝါဖြစ်သွားတာ ပုံမှန်ပဲလေ!

“အဲ့ဒီတုန်းက ဇဝေဇဝါဖြစ်ပြီး အခုကျတော့ အရမ်း စကားတတ်နေပါလား”။ ကုလင်းယွမ်က ချူးယန်ရှီ၏ အပြစ်ကင်းစင်သော မျက်နှာလေးကို ကြည့်ကာ တည်တည်ငြိမ်ငြိမ်ပဲ တုန့်ပြန်လိုက်ပါသည်။

တည်ငြိမ်သော လေသံဖြင့် အထိအနာဆုံး စကားလုံးများကို ပြောလိုက်ခြင်းဖြစ်သည်။

ချူးယန်ရှီ၏ မျက်နှာ တုန်လှုပ်ချောက်ချားသွားခဲ့သသည်။

“မဟုတ်ဘူး… ဦးလေးကု… သမီး… သမီး တမင်တကာ လုပ်တာ မဟုတ်ပါဘူး…”။ ချူးယန်ရှီ ကြောက်လန့်စွာ ငြင်းဆန်နေပါသည်။

ချူးယန်ရှီရဲ့ ဆင်ခြေစကားများကို ကုလင်းယွမ် နားမထောင်ချင်တော့သဖြင့် လှည့်ထွက်သွားဖို့ ပြင်လိုက်ပါသည်။

ကလေးမလေးတစ်ယောက်ကို သူ အနိုင်မကျင့်ချင်ပါ။ သူမ ဟန်ဆောင် လိမ်ညာခဲ့တာကြောင့်သာ အမှန်တရားကို ထုတ်ပြောခဲ့ခြင်း ဖြစ်သည်။

ချူးယန်ရှီ ကြံရာမရဖြစ်ပြီး ကုလင်းယွင်၏ ဘောင်းဘီစကို လှမ်းဆွဲလိုက်ပါသည်။

ကုလင်းယွမ်လည်း ခြေလှမ်းများ ရပ်တန့်သွားပြီး ငုံ့ကြည့်လိုက်ရသည်။

“ဦးလေးကု ကျေးဇူးပြုပြီး သမီးကို စိတ်မဆိုးပါနဲ့နော်။ သမီး တကယ် တမင်တကာလုပ်ခဲ့တာ မဟုတ်ပါဘူး။ ဘိုးဘိုးကု မေးတုန်းက သမီးဘာလိုချင်လဲဆိုတာကို မေးနေတယ်လို့ပဲ ကြားခဲ့တာ။ သမီးဖေကြီးကို ပျော်စေချင်တယ်လို့ပဲ ပြောခဲ့တာပါ”

ချူးယန်ရှီ အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် ရှင်းပြလိုက်သည်။

ပြောပြောဆိုဆိုနဲ့ သူမ မျက်ဝန်းများ နီမြန်းလာပြီး မျက်ရည်တွေ ဝဲလာသည်။ “ဦးလေးကု… သမီးဖေကြီးကို ပျော်စေချင်တာ သမီးမှားတာလား”

အဲ့ဒီတုန်းက သခင်ကြီးကုကို သူမ ပိုက်ဆံတောင်းခဲ့တာမှ မဟုတ်တာ!

သန်း ၁၀၀ တန် အော်ဒါဆိုတာလည်း သူတို့သဘောနဲ့ သူတို့ ပေးခဲ့တာလေ!

သူမတို့ ချူးမိသားစုက သန်း ၁၀၀ တန် အော်ဒါရဖို့ သူတို့ကို လှည့်စားခဲ့တယ်ဆိုတာ ဘာစကားလဲ!

… … …

All Chapters