← Chapters

အခန်း (၈၁၁-၈၁၅)

Vol. 33 Ch. 811-815

အခန်း (၈၁၁-၈၁၅)

Vol. 33 Ch. 811-815

အခန်း(၈၁၁) ကြိုးစားသမျှ အရာမထင်

ထိုအချိန်တွင် ချူးဟမ့်လလည်း အငြိမ်မနေနိုင်တော့ပါ။

သမီးဖြစ်သူ၏ စကားနောက်ကို လိုက်ကာ သူ့ကိုယ်သူ ကာကွယ်ဖို့ ကြိုးစားလိုက်သည်။ “စီအီးအိုကု ကျွန်တော်တို့ကို တကယ် အထင်လွဲနေပြီ။ ကျွန်တော့် သမီးလေးက အသက် ၄ နှစ်ပဲ ရှိပါသေးတယ်။ သူ နားမလည်သေးတာတွေ အများကြီး ရှိတယ်။ အဲ့ဒီနေ့က နားလည်မှုလွဲတာလေးပဲ ဖြစ်ခဲ့တာပါ!”။

ချူးဟမ့် ဆက်ပြောသည်။ “အဲ့ဒီ သန်း ၁၀၀ တန် ‌အော်ဒါဆိုတာလည်း ကျွန်တော့်သမီးလေး သူ့ကို ကယ်တင်ပေးခဲ့လို့ ကျေးဇူးဆပ်တဲ့အနေနဲ့ သခင်ကြီးကုက ပေးခဲ့မှန်း ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ကုမ္ပဏီနည်းပညာကို သဘောကျလို့ ဒီတိုင်း လက်တွဲခဲ့တယ်ပဲ ထင်ခဲ့တာပါ”

သူ့ဆင်ခြေစကားက ယုတ္တိရှိသည်ဟု ချူးဟမ့် ယုံကြည်သည်။ သူတို့မိသားစုကို ကုလင်းယွမ် ဘာအကြောင်းနဲ့မှ အပြစ်တင်ခွင့်မရှိပါ။

သူက လင်းယွင်အုပ်စု၏ စီအီးအိုဖြစ်နေရင်တောင် သူတို့ကို အခြေအမြစ်မရှိ စွပ်စွဲလို့ မရပေ။

“မင်းတို့ပြောနေတာတွေ အကုန်လုံး ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါသိဖို့ လိုတာဆိုလို့ ငါကျေးဇူးတင်ရမယ့်လူတွေက မင်းတို့ မဟုတ်ဘူး ဆိုတာပဲ”

ကုလင်းယွမ်၏ မျက်နှာက တည်ငြိမ်နေဆဲဖြစ်သည်။ သူ့လေသံမှာလည်း အထင်သေးမှုအရိပ်အယောင်တချို့ ပါဝင်နေပြီး ချူးသားအဖကို မျက်နှာသာ မပေးချင်ပါ။

“ဒါပေမယ့်… ကျွန်တော်တို့ကို နားလည်မှု လွဲနေတာလေ! နားလည်မှုလွဲနေတာကို ကျွန်တော်တို့ ဖြေရှင်းမှ ဖြစ်မှာပေါ့!”။ ချူးဟမ့် လက်မလျှော့ချင်သေးဘဲ ထပ်ငြင်းခုံပြန်သည်။

“ငါက မင်းတို့ကို ပေးထားတာ ပြန်ယူသွားရုံပဲလေ။ မင်းတို့ကို ဘာများ လက်တုန့်ပြန်ခဲ့လို့လဲ”။ ကုလင်းယွမ် ပြန်မေးလိုက်ပါသည်။

“အဲ့… အဲ့တာက…”။ ချူးဟမ့် ဆွံ့အသွားသည်။

ချူးဟမ့်နဲ့ ချူးယန်ရှီတို့ အခြေအနေကို အဖက်ဆယ်နိုင်ဦးမည် အထင်ဖြင့် အချိန်အကြာကြီး ငြင်းခုံခဲ့ကြသည်။

သို့သော်လည်း ကုလင်းယွမ်ကတော့ ဘာမှ ဂရုမစိုက်ဘူးဟုသာ ပြန်ပြောခဲ့ပါသည်။

နားလည်မှုလွဲတာ မလွဲတာ သူနဲ့ ဘာမှ မဆိုင်ပါ။ သူ့အဖေရဲ့ ကယ်တင်ရှင်တွေ မဟုတ်ဘူးဆိုတာ သေချာရုံနဲ့ ချူးမိသားစုကို ဘာမှ မျက်နှာသာ ပေးစရာအကြောင်း မရှိပေ။

စောင့်ကြည့်နေသူတွေ အားလုံးလည်း ကုလင်းယွမ်၏ သဘောထားကို ထောက်ခံကြပါသည်။

အမှန်ပဲ၊ စီအီးအိုကုက ဘာမှ လက်တုန့်မပြန်ခဲ့ဘူး။ ချူးသားအဖက ဘာတွေ လာသောင်းကျန်းနေတာလဲ!

စီအီးအိုကုဆီက ဘာတွေ လိုချင်သေးလို့လဲ။

သူတို့တွေ အတွေးလွန်နေကြတာပဲ မဟုတ်ဘူးလား။

ထိုစဉ် ဆင်ခြေပေးဖို့ စကားလုံးမရှိတော့သည့် ချူးယန်ရှီတစ်ယောက် ရှိုက်ကြီးတငင် ငိုကြွေးကာ လူသနားခံရအောင် ကြိုးစားလေသည်။

စူစူလေး နှုတ်ခမ်းစူသွားပြီး သည်းမခံနိုင်တော့ပေ။

“ချူးယန်ရှီ! လာဆူညံမနေနဲ့! နင်အော်ငိုချင်ရင် တခြားနေရာ သွားငို! အမြဲတမ်း ငါ့ဆီလာပြီး နားငြီးအောင် မလုပ်ပါနဲ့လား!”။ စူစူလေး ခါးထောက်ကာ အော်ပြောလိုက်သည်။

“စူစူလေး…”။ ချူးယန်ရှီက သနားကမား မျက်နှာလေးဖြင့် ကြည့်လိုက်သည်။

“မငိုနဲ့လို့ ပြောနေတယ်။ ဘာလို့ အမြဲတမ်း ငိုပဲ ငိုနေတာလဲ။ ငိုတာ ဘာအသုံးဝင်လို့လဲ! နင်ငိုတာ မရပ်ရင် အပြင်ကို ကန်ထုတ်မှာနော်!”။ စူစူလေး သတိပေးလိုက်သည်။

စူစူလေး၏ စကားကြောင့် ချူးယန်ရှီ ငိုသံ ပိုကျယ်သွားပါသည်။။

လူတွေ အများကြီး ရှိနေသဖြင့် သူမကို စူစူလေး တကယ် ကန်မထုတ်ရဲလောက်ဘူးဟု ချူးယန်ရှီ ယုံကြည်သည်။

တကယ်ကြီး ကန်ထုတ်ရဲပါက ချင်းမိသားစု ကြိုးစားပမ်းစား ဖုံးကွယ်ထားရသည့် သူမ၏ မကောင်းဆိုးဝါးဆန်သော ခွန်အားကို လူတိုင်း မြင်သွားလိမ့်မည်။

ကုလင်းယွမ်က စူစူလေး၏ ပခုံးလေးကို ကိုင်ကာ တားလိုက်သည်။ “အစ်ကိုလတ်ကုရဲ့ လူတွေကို တာဝန်ပေးလိုက်ပါ့မယ်”

စူစူလေး ခေတ္တကြောင်စီစီဖြစ်သွားပြီး ခေါင်းငြိမ့်လိုက်သည်။ “အွန်း ဟုတ်ပြီ!”

မလိုအပ်ဘဲ ခွန်အာား ထုတ်မသုံးဖို့ ဖေဖေနဲ့ မေမေက မှာထားသည်။ ထို့ကြောင့် သူများက ကူညီပေးမည်ဟု ဆိုလျှင် သူမ ငြင်းဆန်မှာ မဟုတ်ပါ။

ချူးယန်ရှီ၏ အကြံအစည် အောင်မြင်ခါနီးတွင် တစ်စုံတစ်ယောက်က ထပ်မံ ဖျက်ဆီးသွားပြန်သည်။ ထိုလူက တခြားသူ မဟုတ်ဘဲ သူမ ချဉ်းကပ်ဖို့ အသည်းအသန်ကြိုးစားနေရသည့် ကုလင်းယွမ် ဖြစ်နေသည်။

ချူးယန်ရှီ ကြက်သေသေသွားပြီး ဆက်ငိုရမလား မငိုရဘူးလား ဆုံးဖြတ်ရခက်သွားလေသည်။

စူစူလေးကို ရှိုက်သံများဖြင့် သူမ ပြောလိုက်ပါသည်။ “ငါမငိုတော့ပါဘူး။ ငါမငိုရင် ငါ့ကို သဘောမကျဘဲ မနေတော့ဘူးမလား”

… … …

အခန်း(၈၁၂) စူစူလေးနဲ့ ရင်းနှီးချင်ယောင် မဆောင်နဲ့

“မရဘူး” စူစူလေး တွန့်ဆုတ်မှု မရှိဘဲ တဲ့တိုး ဖြေလိုက်သည်။

ချူးယန်ရှီ အလွန်နာကျင်သွားသကဲ့သလို့ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပါသည်။

အပြင်ပန်းမှာ သူမက ကလေးမလေးတစ်ယောက်သာဖြစ်သဖြင့် သူမရဲ့ ခံစားချက်ကို အားလုံးနားလည်မည်ဖြစ်မှန်း ချူးယန်ရှီ သိနေပါသည်။

အသက် ၃ နှစ် ၄ နှစ်အရွယ် ကလေးတွေ ငိုတတ်တာ သာမန်ပဲ မဟုတ်ဘူးလား။

ကုလင်းယွမ်ကို သူမ ချဉ်းကပ်လို့ မရတော့ရင်တောင် ချင်းစူစူကို ဒီတိုင်း သာယာခွင့် မပေးနိုင်ပါ။ ချင်းစူစူ ဘယ်လိုနည်းနဲ့ပဲ ထိခိုက်သွားပါစေ သူမ ကျေနပ်မည်ဖြစ်သည်။

“ဘာလို့လဲ။ ငါမငိုတော့ဘူးလို့ ကတိပေးပြီးပြီလေ။ ငါ့ကို မမုန်းဘဲနေလို့ မရဘူးလား”။ ချူးယန်ရှီ သိမ်မွေ့စွာ တောင်းပန်လိုက်လေသည်။

သူမရဲ့ မျက်နှာထားနဲ့ အပြုအမူတိုင်းက အားနည်းပြီး သနားစရာကောင်းသည့် ကလေးတစ်ယောက်သဖွယ် ဖြစ်နေသည်။

“နင်က စိတ်ရှုပ်စရာကောင်းလို့လေ! စိတ်ရှုပ်စရာကောင်းတဲ့လူတွေနဲ့ ဘာလို့ သူငယ်ချင်းလုပ်ရမှာလဲ။ ငါသဘောကျတဲ့ လူတွေနဲ့ပဲ သူငယ်ချင်းလုပ်မှာ”။ စူစူလေး အရှိန်အဝါကြီးစွာ ပြန်ဖြေလိုက်လေသည်။

သူမ သည်းမခံနိုင်သည့်လူတွေကို ဟန်ဆောင်ပြီး သည်းခံပြမှာ မဟုတ်ပါ။

တစ်ယောက်ယောက်ကို သဘောမကျလျှင် သဘောကျချင်ယောင် ဆောင်မှာ မဟုတ်ပေ။

စူစူလေး၏ ပြတ်သားသော အဖြေက ချူးယန်ရှီ လိုချင်နေသည့် တုန့်ပြန်မှုပဲ ဖြစ်သည်။ သူမ နှုတ်ခမ်းကို ကိုက်ရင် မျက်ရည်တွေဝဲပြီး ထပ်ငိုလုနီးပါး ဖြစ်နေပါသည်။

ချူးဟမ့်ကလည်း အရိပ်အကဲကြည့်ကာ ချူးယန်ရှီကို ဝင်ချော့လိုက်သည်။ “ရှောင်းရှီလေး ဝမ်းမနည်းပါနဲ့။ ဖေကြီး ရှိတယ် ဖေကြီးရှိတယ်”

“ဖေကြီး၊ စူစူလေးကို ထပ်တောင်းပန်လိုက်ရင် သူ သမီးကို ခွင့်လွှတ်ပေးမှာလား”။ ချူးယန်ရှီ ရိုးသားချင်ယောင် ဆောင်ကာ မေးလိုက်သည်။

“ခွင့်လွှတ်ပေးမှာပေါ့။ ဒါပေမယ့် သမီးက လေးလေးနက်နက် တောင်းပန်မှ ဖြစ်မယ်နော်”။ ချူးဟမ့်ကလည်း ပြန်ပြောလိုက်ပါသည်။

ထို့နောက် စူစူလေးကို ချူးယန်ရှီ ထပ်တောင်းပန်လိုက်ပြန်သည်။

“စူစူလေး ငါတောင်းပန်ပါတယ်။ ငါ့ကို နင်ဘာလို့ စိတ်ဆိုးနေမှန်း မသိပေမယ့် တောင်းပန်ပါတယ်။ ငါ့ကို ခွင့်လွှတ်ပေးပါလား။ ငါတို့ သူငယ်ချင်း မဖြစ်နိုင်ဘူးဆိုရင်တောင် ငါတို့က အတန်းဖော်တွေလေ။ ကျေးဇူးပြုပြီး ငါ့ကို မမုန်းပါနဲ့နော်”

ချူးယန်ရှီက အလွန်ချိုသာသော အသံလေးဖြင့် တောင်းပန်နေကာ သနားစရာကောင်းသည့် မျက်နှာလေးကြောင့် ဂရုဏာသက်စရာဖြစ်သည်။

သားအဖနှစ်ယောက် ပူးပေါင်း သရုပ်ဆောင်နေကြပြီး ချူးယန်ရှီရဲ့ ယဉ်ကျေးလိမ္မာမှုကို ကုလင်းယွမ်နဲ့ အားလုံးမြင်သွားအောင် ကြိုးစားနေကြသည်။

ထိုစဉ် ချင်းယုကျီး ရယ်မောကာ ဝင်ပြောလိုက်ပါသည်။ “ခင်ဗျားသမီးရဲ့ သရုပ်ဆောင်စွမ်းရည်က ဘယ်ဆိုးလို့လဲ စီအီးအိုချူး။ ကျုပ်တို့ စူစူလေးနဲ့ ရင်းနှီးချင်ယောင် ဆောင်မနေစမ်းပါနဲ့။ သူတို့က အတန်းဖော်တွေဆိုပေမယ့် ခင်ဗျားသမီးက စူစူလေးအပေါ် ဘာများ ကောင်းတာ လုပ်ပေးဖူးလို့လဲ။ လူကွယ်ရာရောက်ရင် စူစူလေးကို ဒုက္ခပေးပြီး လူမြင်ကွင်းမှာကျတော့ ‘စူစူလေး’တဲ့လား”

“မင်းဘာမဟုတ်တာတွေ ပြောနေတာလဲ။ ငါ့သမီးက စူစူလေးကို ဘာဒုက္ခပေးဖူးလို့လဲ။ မဟုတ်တာတွေ မစွပ်စွဲနဲ့နော်! ကလေးအချင်းချင်း ပဋိပက္ခဖြစ်တာ မထူးဆန်းဘူး။ အဲ့တာကို ဘာမှ အငြှိုးအတေးထားစရာ မလိုဘူး”။ သမီးဖြစ်သူကို ချူးဟမ့် အမြန် ကာကွယ်ပြောဆိုလိုက်သည်။

“တခြားကလေးတွေဆိုရင်တော့ ဟုတ်ရင်ဟုတ်မှာပေါ့။ ဒါပေမယ့် ခင်ဗျားသမီးကတော့ အဲ့လို မဟုတ်တာ သေချာတယ်။ သူဒီလို လုပ်ဖူးတာ တစ်ကြိမ်လည်း မဟုတ် နှစ်ကြိမ်လည်း မဟုတ်ဘူး။ အားလုံးကြားသွားအောင် ကျုပ် ရွတ်ပြလိုက်ရမလား”

ထို့နောက် ချင်းယုကျီးက လက်ချောင်းများထောင်ကာ စူစူလေးကို ချူးယန်ရှီ ဒုက္ခပေးဖူးသည့် အဖြစ်အပျက်များအား ရေတွက်ပြလိုက်သည်။

လုကျန်းယွီ၏ မွေးနေ့တွင် ဖြစ်ခဲ့သည့် ပြဿနာကြီးကြီးမားမားကစလို့ မူကြိုမှာ စူစူလေးကို ဒုက္ခပေးခဲ့သည့် အသေးအဖွဲ ပြဿနာများအထိ ပြန်ရွတ်ပြခဲ့သည်။

ချင်းယုကျီး၏ စကားကို ကြားပြီးနောက် အားလုံး နားလည်သွားကြသည်။

ကုလင်းယွမ်နဲ့ ချင်းယုကျီးတို့၏ စကားများကို သုံးသပ်ကြည့်ခြင်းအားဖြင့် ခန့်မှန်းရ မခက်တော့ပါ။

စူစူလေးက သူများတွေကို ရိုင်းချင်လို့ ရိုင်းနေတာ မဟုတ်ဘဲ နောက်ကြောင်းရာဇဝင်ရှိတာကြောင့်သာ ရိုင်းပျနေခြင်း ဖြစ်သည်။

ကုလင်းယွမ်ကလည်း ဝင်ပြောလိုက်လေသည်။ “ငါ့အဖေရဲ့ ကယ်တင်ရှင်အယောင်ဆောင်တာ မင်းတို့ ကျူးလွန်ဖူးတဲ့ တစ်ခုတည်းသော ပြစ်မှု မဟုတ်ဘူးထင်တယ်နော်”

“မဟုတ်ဘူး စီအီးအိုကု… အဲ့… အဲ့လိုမဟုတ်ဘူ။ ကျုပ်သမီးလေးက လူဆိုး မဟုတ်ဘူး! ချင်းယုကျီး ပြောတာကို နားမထောာင်နဲ့! အဲ့ကောင် ပေါက်ကရတွေ ပြောနေတာ!”။ ချူးဟမ့်က အသည်းအသန် ငြင်းဆန်ဖို့ ကြိုးစားလေသည်။

… … …

အခန်း(၈၁၃) ချူးသားအဖတို့ အရှက်ကွဲခြင်း

“စိတ်မကောင်းပါဘူး၊ မင်းတို့လို ရာဇဝင်မလှတဲ့လူတွေထက် စူစူလေးနဲ့ သူ့တူရဲ့ စကားကို ငါပိုယုံကြည်ချင်တယ်”။ ကုလင်းယွမ် ခိုင်မာ ပြတ်သားစွာ ပြောလိုက်သည်။

ဝိုင်းကြည့်နေကြသူတွေလည်း ဝင်ပြောကုန်ကြသည်။

“ချူးဟမ့်ဆိုတဲ့လူ တော်လောက်ပြီထင်တယ်။ မင်းကိုယ်စား ငါရှက်လာပြီ!”

“ချင်းမိသားစုနဲ့ အဆင်မပြေတာကို ရင်းနှီးချင်ယောင် ဆောင်ပြီး စီအီးအိုကုကို ချဉ်းကပ်ဖို့ ကြိုးစားနေတာလား”

“သူများအသက်ကို ကယ်ခဲ့တယ်ဆိုပြီးတောင် လှည့်စားခဲ့သေးတယ်ပေါ့။ အရှက်မရှိဘူးလား”

“သူများရဲ့ အကျိုးအမြတ်ကို ခိုးယူဖို့ ကြိုးစားသေးတယ်။ အဲ့လောက် အရေထူကြတာလား”

“…”

အားလုံးရဲ့ အထင်အမြင်သေးသော စကားများနဲ့ စက်ဆုပ်ရွံရှာသော အကြည့်များကြောင့် ချူးဟမ့်နဲ့ ချူးယန်ရှီတို့ ခေါင်းမဖော်ရဲကြတော့ပေ။

ဒီတိုင်း ဆက်နေလျှင် အခြေအနေတွေ ပိုဆိုးလာတော့မှာကို သိသဖြင့် ချူးယန်ရှီကို ပွေ့ချီလျက် ချူးဟမ့် အမြန် ထွက်ပြေးသွားတော့သည်။

ချူးသားအဖ မရှိတော့မှ စောင့်ကြည့်နေကြသူတွေလည်း လူစုကွဲသွားကြသည်။

ကုလင်းယွမ်လည်း ဆက်မနေခဲ့ပါ။ ချင်းမိသားစုကို နှုတ်ဆက်ပြီးနောက် နည်းပညာပြပွဲမှ ထွက်ခွာကာ သူ့အဖေဆီ သွားခဲ့လေသည်။

ချင်းမိသားစုဝင်တွေလည်း ပြပွဲရုံမှာ လုပ်စရာရှိတာ ဆက်လုပ်ကြလေသည်။

ကုလင်းယွမ်၏ အရှိန်အဝါကြောင့်လား မသိသော်လည်း သူတို့နည်းပညာပစ္စည်းများအကြောင်း လာရောက် မေးမြန်းသူတွေ ပိုမို များပြားလာခဲ့သည်။

ကုမ္ပဏီ လုပ်ငန်းများစွာ သူတို့ထံ ရောက်ရှိလာကြသည်။

ချန်းပင်းနဲ့ ဝန်ထမ်းတွေအားလုံး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ကုန်ကြလေသည်။

ချင်းအုပ်စုနဲ့ ဆန့်ကျင့်ဘက်ဖြစ်ကာ ချူးဟမ့်တို့ ဘက်မှာတော့ အလွန်ခြောက်ကပ်နေလေသည်။

ကုလင်းယွမ်၏ စကားလုံးများက ပြပွဲတစ်ခုလုံးကို ပြန့်နှံ့သွားပြီး ချူးသားအဖတို့အကြောင်းကို အားလုံး သိကုန်ကြပါသည်။

ဘယ်သူက ချူးမိသားစုနဲ့ လက်တွဲချင်ဦးမှာလဲ…။

သူတို့ နည်းပညာက မနိမ့်တာ မှန်သော်လည်း ဘယ်သူကမှ လက်မတွဲချင်တော့ပါ။

ဒီလိုလူမျိုးတွေနဲ့အတူ စွန့်စားရမှာ မတန်ပေ။

“အဲ့ဒီကောင်တွေ ဘာစကားပြောတာလဲ။ ငါက လင်းယွင်အုပ်စုကို စော်ကားတယ် ဟုတ်လား။ ဘာမဟုတ်တာတွေ လာစွပ်စွဲနေတာလဲ။ စီအီးအိုကုက ငါတို့ကို ဒီတိုင်း သဘောမကျတာ။ သဘောမကျလို့ လက်မတွဲတာ အဲ့တာ ရန်သူတွေ ဖြစ်သွားတာမှ မဟုတ်တာ”

“ဘာလို့ သေအောင် ကြောက်နေကြတာလဲ။ ငါတို့နဲ့ လက်တွဲလိုက်တော့ လင်းယွင်က ဘာလာလုပ်မှာမို့လို့လဲ။ ဒီကောင်တွေ ကိုယ့်ကိုယ်ကိုယ် ဘာထင်နေလဲ။ အဲ့လောက် အစွမ်းထက်နေကြတာလား”

“အခွင့်အရေးသမား အောက်တန်းစားတွေ! ဘာမဟုတ်တာလေးနဲ့ ကြောက်နေကြတယ်! အကုန် အကျိုးအမြတ်ကိုပဲ ကြည့်နေကြတယ်။ နည်းပညာအကြောင်း ဘာမှ နားမလည်ကြဘူးလားကွ!”

ချူးဟမ့်တစ်ယောက်တည်း ပါးစပ်မပိတ်နိုင်အောင် သောင်းကျန်းနေပါသည်။

ဝန်ထမ်းတွေအားလုံးလည်း အသက်ပင်ဝဝ မရှူရဲတော့ပေ။ ဒီအချိန်မှာ တစ်ခုခုဝင်ပြောလိုက်ပါက အမြှောက်စာ ဖြစ်သွားမှာ စိုးရိမ်ရသည်။

ထိုစဉ် ဝဝဖိန့်ဖိန့် သက်လတ်ပိုင်း ယောက်ျားကြီးတစ်ယောက် ရောက်လာပြီး ချူးဟမ့်ကို လှောင်ပြောင်လေသည်။

“စီအီးအိုချူး တစ်ယောက်တည်း မှုန်ကုပ်ပြီး ဘာလို့ ထိုင်နေတာလဲ။ ဒီလိုလုပ်လို့ မဖြစ်ဘူးလေ! ခင်ဗျားက ချင်းအုပ်စုကို ဒေဝါလီခံသွားအောင် လုပ်ရမယ့်လူ မဟုတ်ဘူးလား။ ဒီလိုပုံစံနဲ့ သူတို့ကို အနိုင်ယူလို့ မရဘူးလေ”

“ကျန့်ထုံ ခင်ဗျား အနာကို ဆားနဲ့လာပက်တာလား”

ဟွာချန့်မြို့တွင် ချူးဟမ့် အခြေစချခဲ့စဉ်က ညစာပါတီတစ်ခုတွင် ကျန့်ထုံကို ချူးဟမ့် ဆုံခဲ့ဖူးခြင်းဖြစ်သည်။

ကျန့်ထုံလည်း အရင်တုန်းက သခင်ကြီးချင်းတို့၏ အနိုင်ယူမှုကို ခံရဖူးသဖြင့် ချင်းမိသားစုကို အငြှိုးအတေး ထားနေဆဲ ဖြစ်ပါသည်။

သူတို့နှစ်ယောက် ဘုံရန်သူချင်း တူညီသဖြင့် ခပ်မြန်မြန်ပဲ မိတ်ဆွေတွေ ဖြစ်သွားကြသည်။

သို့သော်လည်း တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝ မယုံကြည်သေးပါ။ ခံယူချက်ချင်း တူမှ အတူတူ ရပ်တည်ခဲ့ကြသည်။

“အဲ့တာ ဘယ်လိုစကားလဲကွ။ ငါက အနာကို ဆားနဲ့ပက်မယ့်လူမျိုးလား။ ချင်းမိသားစုကို မင်းအနိုင်ယူနိုင်ပါစေလို့ ငါက ဆုတောင်းပေးနေတာ!”။ ကျန့်ထုံ အပြုံးဖြင့် ပြောလိုက်ပါသည်။

ကျန့်ထုံ၏ မျက်နှာက အလွန်ဖောင်းကားနေသဖြင့် ပြုံးလိုက်သောအခါ မျက်လုံးများပင် ပျောက်သွားတတ်သည်။

“ချင်းမိသားစုဘက်မှာ ဒီလောက် သာယာနေတာကို! မနက်ဖြန် လင်းယွင်က ချင်းအုပ်စုကို အော်ဒါတွေ အများကြီး ပေးလိုက်နိုင်တယ်။ ခင်ဗျားက ဘာလို့ ပြုံးနေနိုင်သေးတာလဲ”

… … …

အခန်း(၈၁၄) ချင်းမိသားစု အရာရာ ဆုံးရှုံးသွားမှာ သေချာတယ်

ချင်းမိသားစု၏ လက်ရှိအခြေအနေအကြောင်း တွေးမိသောအခါ ချူးဟမ့် အံကြိတ်မိသည်။

“ချင်းမိသားစုရဲ့ ဦးနှောက်မရှိတဲ့ အဘိုးကြီးနဲ့ အဘွားကြီးက အနောက်မြောက်ဘက်မှာ မြေတွေအများကြီး ဝယ်ပြီး စည်းစိမ်တွေ အကုန်ဖြုန်းတီးခဲ့ကြတာ။ ချင်းအုပ်စုနည်းပညာကုမ္ပဏီ ရှင်သန်နေရင်တောင် အဲ့ဒီ အနောက်မြောက်ပိုင်းက မြေတွေကြောင့် ချင်းအုပ်စု အထိနာမှာပဲ။ ကျုပ်နည်းနည်းတော့ ပျော်သင့်တယ် မဟုတ်ဘူးလား”

ကျန့်ထုံကိုယ်တိုင်က အိမ်ခြံမြေလောကမှာ ကျင်လည်နေသူဖြစ်ပြီး အနောက်မြောက်ပိုင်းနယ်မြေက ဘယ်လောက် ဆိုးရွားသလဲ သိထားပြီးသားဖြစ်သည်။

သူ့အမြင်မှာ ချင်းမိသားစု၏ လုပ်ရပ်များက ကိုယ့်သေတွင်းကိုယ် တူးနေသလိုသာ ဖြစ်သည်။

ကျန့်တုံ၏ စကားက အနည်းငယ် အဓိပ္ပာယ်ရှိသည်ဟု ချူးဟမ့် ခံစားရသဖြင့် ဒေါသတွေ အနည်းငယ် ပြေသွားပါသည်။

ချင်းမိသားစု အခုချက်ချင်း ဒေဝါလီခံသွားရတာကို မြင်ရလျှင် ပိုတောင် ကောင်းပါလိမ့်မည်။ အခုလို ချင်းမိသားစု ဒေဝါလီခံရမည့် အချိန်ကို ထိုင်စောင့်နေရတာမျိုး ချူးဟမ့် မလုပ်ချင်ပါ။

ထို့အပြင် သူ့ဘက်က ရလဒ်ကောင်းကောင်း အမြန်ဆုံး မထုတ်ပြနိုင်လျှင် မစ္စတာမင်ကလည်း သူ့ကို စွန့်ပစ်သွားတော့မည်။

“ခင်ဗျားလည်း ဒီတိုင်း ရပ်ကြည့်မနေနဲ့လေ။ တစ်ခုခုတော့ လုပ်သင့်တာပေါ့”။ ချူးဟမ့်က ကျန့်ထုံအား ပြောလိုက်သည်။

သူက အိမ်ခြံမြေလောကမှာ ကျင်လည်နေသူ မဟုတ်လား။ ချင်းမိသားစုရဲ့ လက်တလော လုပ်ငန်းတွေနဲ့ သူရင်းနှီးမှု ရှိနေမှာပဲ။

“အဲ့စကား ခင်ဗျားပြောဖို့တောင် မလိုပါဘူး။ အဲ့ဒီ အသိုင်းအဝိုင်းထဲကလူတွေကို ကျုပ်သတိပေးထားပြီးသား”

“တကယ်လား”။ ချူးဟမ့် မျက်လုံးများ အရောင်တောက်သွား၏။

“တကယ်ပေါ့။ ကျုပ်က ဘာလို့ လိမ်ရမှာလဲ”။ ကျန့်ထုံက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

“ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ” ချူးဟမ့် ထပ်မေးကြည့်သည်။

ချင်းမိသားစု တကယ် ကပ်ဆိုက်ပြီလားဆိုတာ သူအတည်ပြုချင်သည်။

“ကုန်ကြမ်းထောက်ပံ့တဲ့ ကုမ္ပဏီကြီးအများစုကို ကျုပ်သတိပေးထားပြီးသား။ သူတို့တွေကလည်း ဈေးမြှင့်မယ်လို့ သဘောတူထားကြတယ်။ သူတို့သာ ဈေးတွေ ထပ်မြှင့်လိုက်ရင် ချင်းမိသားစု မြန်မြန် မျိုးသုဉ်းတာပေါ့”။

“ကုမ္ပဏီကြီးတွေကတော့ ဟုတ်ပါပြီ။ အသေးစား ကုမ္ပဏီတွေကိုကော ဘယ်လိုလုပ်မလဲ။ သူတို့က အခွင့်အရေးယူပြီး နေရာဝင်လုရင် ဘယ်လိုလုပ်ကြမလဲ”။ ချူးဟမ့် ထပ်မေးလိုက်သည်။

“ချင်းမိသားစုက ဒီလောက်ကြီးမားတဲ့ စီမံကိန်းကြီး ချထားတာ၊ သူတို့ ဆောက်လုပ်ချင်တာတွေ ဆောက်နိုင်ဖို့ဆို ကုန်ကြမ်းလိုအပ်ချက်က မတော်မတရား များမှာပဲ။ အဲ့တော့ အသေးစား ကုမ္ပဏီလေးတွေလောက်နဲ့ မလုံလောက်ဘူး။ အထူးသဖြင့် သတ္တုပိုင်းမှာပေါ့။ အဲ့ဒီ နယ်ပယ်ကိုသာ ကျုပ်တို့ ထိန်းချုပ်လိုက်ရင် ချင်းမိသားစု ဒုက္ခအကြီးအကျယ် ရောက်ပြီပဲ”

“ခင်ဗျား သေချာရဲ့လား”။ ချူးဟမ့် အတည်ပြုနိုင်ဖို့ ထပ်မေးလိုက်သည်။

“သိပ်သေချာတာပေါ့။ ကျုပ်မသေချာတာကို ခင်ဗျားဆီ လာပြောနေမလား”

ထို့နောက် ချင်းမိသားစု၏ စီမံကိန်းကို ကျန့်ထုံ လှောင်ပြောင်လိုက်သည်။ “ချင်းမိသားစုကတော့ တကယ် တုံးကြတာပဲ။ ဘာမှ မပြင်ဆင်ဘဲ အကြီးကြီးတွေ ထလုပ်တယ်။ သန်းချီတဲ့ငွေတွေ သဲထဲရေသွန်ဖြစ်ပြီပေါ့”

“ဒါဆို ဒီကိစ္စတွေအတွက် မစ္စတာကျန့်ကိုပဲ အားကိုးရတော့မှာပေါ့”။ ချူးဟမ့် စိတ်သက်သာရာရသွားပြီး ကျန့်ထုံကိုလည်း မစ္စတာကျန့်ဟု ယဉ်ယဉ်ကျေးကျေး ခေါ်ဝေါ်လိုက်ပါသည်။

“ကိစ္စမရှိပါဘူး။ ကျုပ်တို့က တစ်လှေတည်းပဲ ဥစ္စာ”

“ဒါပေါ့ ဒါပေါ့။ ဒီကိစ္စမှာ ကျုပ်တို့ ပူးပေါင်းကြမယ်။ ချင်းအုပ်စုရဲ့ နည်းပညာကုမ္ပဏီကို ကျုပ်တာဝန်ယူလိုက်မယ်။ ခင်ဗျားက သူတို့ရဲ့ စီမံကိန်းကိစ္စကို တာဝန်ယူလိုက်”။

ချူးဟမ့် ယုံကြည်မှုများ ပြန်လည်ပြည့်ဝလာခဲ့ပါသည်။

--- --- ---

နည်းပညာပြပွဲသို့ ချန်းဝမ့်ချိုင်လည်း တက်ရောက်လာခဲ့သည်။

သူ့ကုမ္ပဏီ၏ အီလက်ထရွန်းနစ် နည်းပညာထုတ်ကုန်များအတွက် အမြဲတမ်း ချင်းမိသားစုနဲ့ လက်တွဲခဲ့သည်။

အရင်တစ်ခေါက်က သခင်ကြီးကုနဲ့ အဖြစ်အပျက်ကြောင့် ချူးဟမ့်နဲ့ ပြောင်းလဲလက်တွဲလုနီးပါး ဖြစ်သွားခဲ့သေးသည်။

ကံကောင်းစွာဖြင့် အချိန်မှီ သူရပ်တန့်နိုင်ခဲ့ပါသည်။

ချူးအုပ်စု၏ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ကြားပြီးနောက် ချင်းမိသားစုကသာ ပိုမိုကောင်းမွန်သည့် ပါတနာဖြစ်မှန်း ချန်းဝမ့်ချိုင် သေချာသွားခဲ့သည်။

ချူးမိသားစု၏ ပြပွဲရုံရှေ့မှ ချန်းဝမ့်ချိုင် ဖြတ်လျှောက်သွားစဉ် စိတ်ဓာတ်ကျနေသည့် ချူးဟမ့် ရုတ်တရက် မြင်သွားပြီး အပြေးလာနှုတ်ဆက်လေသည်။

“သခင်ကြီးချန်း!”

“ဪ စီအီးအိုချူးပါလား”။ ချန်းဝမ့်ချိုင်၏ တုန့်ပြန်မှုက ယဉ်ကျေးပြီး အပြုံးက ချိုသာသော်လည်း အနည်းငယ် သူစိမ်းဆန်နေပါသည်။

… … …

အခန်း(၈၁၅) သတင်းရင်းမြစ်တွေ ဒိတ်အောက်နေပြီ

ချန်းဝမ့်ချိုင်၏ ဆက်ဆံပုံ ပြောင်းလဲသွားတာကို ချူးဟမ့် သတိထားမိပါသည်။ အရင်တုန်းကဆို သူ့သမီးကို ချန်းဝမ့်ချိုင်က အလွန်ချစ်မြတ်နိုးစွာ ဆက်ဆံခဲ့သည်။

ချန်းဝမ့်ချိုင် ဘာကြောင့် ပြောင်းလဲသွားမှန်း မသိသော်လည်း မျှော်လင့်ချက် အရိပ်အယောင် ရှိနေသေးသရွေ့ ချန်းဝမ့်ချိုင်ကို သူတို့ဘက်ရောက်အောင် ချူးဟမ့် ဆွဲထားချင်ပါသေးသည်။

“သခင်ကြီးချန်း ကျန်းမာရေးကောင်းတယ်မလား။ ဒီနေ့ နည်းပညာမိတ်ဆက်ပွဲကို ဘာလို့ ကိုယ်တိုင် ရောက်လာတာလဲ”။ ချူးဟမ့် မျက်နှာလို မျက်နှာရလုပ်ကာ မေးလိုက်ပါသည်။

“ကျန်းမာရေး ကောင်းပါတယ်။ ဒါပေမယ့် အချိန်တော့ အများကြီး မပေးနိုင်ဘူး။ ခဏနေ အစည်းအဝေးရှိလို့ စီအီးအိုချူးနဲ့ စကားအများကြီး ပြောနိုင်မှာ မဟုတ်ဘူး။ တခြားကိစ္စရှိရင် ဖုန်းနဲ့ ဆက်သွယ်လို့ ရပါတယ်”

ချန်းဝမ့်ချိုင်က ချူးဟမ့်နဲ့ စကားဆက်မပြောချင်သဖြင့် အလုပ်များနေသည်ဟု ဆင်ခြေပေးကာ ထွက်လာခဲ့ပါသည်။

ချူးဟမ့်က လက်မလျှော့ဘဲ အမြန်ခေါ်ကာ တားလိုက်သည်။

“သခင်ကြီးချန်း အရမ်း မလောပါနဲ့။ ချင်းအုပ်စုနဲ့ သခင်ကြီးချန်းတို့ စာချုပ် သက်တမ်းကုန်တော့မယ်လို့ ကြားတယ်။ ပါတနာအသစ်ရှာဖို့ ဒီပြပွဲဆီ လာခဲ့တာလား”။ ချူးဟမ့် မေးလိုက်သည်.

ချန်းဝမ့်ချိုင် ပြုံးလိုက်မိပါသည်။

သူ့အပြုံးကြောင့် ချူးးဟမ့် ကြောင်တောင်တောင် ဖြစ်သွား၏။ “သခင်ကြီးချန်း ဘာတွေ ပြုံးနေတာလဲ”

“စီအီးအိုချူး၊ ကျုပ်က ပါတနာအသစ် လာရှာတာ မဟုတ်ပါဘူး။ ချင်းမိသားစုနဲ့ပဲ စာချုပ်အသစ် ထပ်ချုပ်ဖို့ စီစဉ်ထားပြီးသားပါ”

“စာချုပ်အသစ် ထပ်ချုပ်မယ် ဟုတ်လား။ ချင်းအုပ်စုရဲ့ နည်းပညာတွေက ဒိတ်အောက်နေပြီလေ သခင်ကြီးချန်း။ ပြီးတော့ ဈေးကလည်း ကြီးသေးတယ်။ သူတို့နဲ့ ဘာလို့ စာချုပ်ထပ်ချုပ်ချင်ရတာလဲ။ ကျွန်တော့်ကို ရှင်းပြပေးလို့ ရမလား”

“ချင်းမိသားစုရဲ့ Chip ပြား နည်းပညာက အဆင့်တက်တာ နှေးကွေးတယ် ဆိုပေမယ့် အရည်အသွေးကတော့ ခိုင်မာတယ်။ ကျုပ်ကုမ္ပဏီရဲ့ Chip ပြား စံနှုန်းကလည်း အဲ့လောက် မမြင့်ပါဘူး။ နည်းပညာအသစ်တွေ ဘာတွေထက် ကျုပ်တို့ ကုမ္ပဏီက ခိုင်မာတဲ့ အရည်အသွေးကိုပဲ ပိုလိုအပ်တာ”

ဒီအဖြေက ပြတ်သား ရှင်းလင်းသည်ဟု ချန်းဝမ့်ချိုင် ယုံကြည်သည်။ ချူးဟမ့်သာ အသိဉာဏ်ရှိသူဆိုလျှင် သူ့ကို ဆက်မနှောင့်ယှက်သင့်တော့ပါ။

သို့သော်လည်း ချူးဟမ့်က နားလည်ပုံမရပေ။ အခုချိန်မှာ သူ့ပုံစံက ဆာလောင်နေသည့် လမ်းဘေးခွေး တစ်ကောင်လိုပဲ အခွင့်အရေးမှန်သမျှကို ခုန်အုပ်ဖို့ ကြိုးစားနေသည်။

အရှက်တရားက သူ့ကို ချမ်းသာစေနိုင်မှာ မဟုတ်ပါ။

“ဒါပေမယ့် သခင်ကြီးချန်း… ဈေးနှုန်းချင်း မယှဉ်ရင်တောင် ကျွန်တော်တို့ ချင်းအုပ်စုရဲ့ ထုတ်ကုန်တွေက အားသာချက် အများကြီး ရှိတယ်လေ။ ပြီးတော့ အရင်တုန်းကလည်း ကျွန်တော်တို့နဲ့ လက်တွဲမယ်လို့ သခင်ကြီးချန်းကိုယ်တိုင် ပြောခဲ့တာ မဟုတ်ဘူးလား။ အခုမှ ဘာလို့ စိတ်ပြောင်းသွားရတာလဲ”

ချူးဟမ့် ဒီလောက် ခေါင်းမာနေသဖြင့် ချန်းဝမ့်ချိုင်ကလည်း အားနာမနေတော့ပါ။

“ရိုးရိုးသားသားပြောရရင် အရင်တစ်ခေါက်က သခင်ကြီးကုရဲ့ မျက်နှာကြောင့် ခင်ဗျားတို့ကို ကျုပ် ကမ်းလှမ်းခဲ့တာပါ စီအီးအိုချူး။ ဒါပေမယ့် ဖြစ်ချင်တော့ ခင်ဗျားက သခင်ကြီးကု ကျေးဇူးတင်ချင်တဲ့သူ မဟုတ်ဘဲ သူ့ကို ဒေါသထွက်အောင် လုပ်ခဲ့တဲ့ လူလိမ်ဖြစ်နေတယ်”

“သခင်ကြီးကုနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စက နားလည်မှုလွဲတာပါ…။ ဒါပေမယ့် အရင်တုန်းကလည်း ကျွန်တော်တို့ ကုမ္ပဏီနဲ့ သခင်ကြီးချန်း လက်တွဲဖူးတာပဲ။ ထုတ်ကုန်တွေက ဘယ်လောက် ကောင်းသလဲ သိမှာပါ။ အဲ့ဒီ ကိစ္စလေး တစ်ခုအတွက်နဲ့ ကျွန်တော်တို့ ထုတ်ကုန်တွေ အရည်အသွေးကောင်းမှန်း ငြင်းလို့မရဘူးလေ”

“စီအီးအိုချူးက ပညာတတ်လူငယ်ဖြစ်မှာပါ၊ ဒါပေမယ့် ကိုယ့်အကျိုးစီးပွား ဆုတ်ယုတ်မယ့် ကိစ္စနဲ့ ကြုံလာရင်တော့ ရူးချင်ယောင် ဆောင်တာ မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ်ရဲ့ သဘောထားက မပြောင်းလဲဘူး။ လက်ရှိ အခြေအနေမှာ ခင်ဗျားတို့ ချူးအုပ်စုနဲ့ ကျုပ် ဘယ်လိုမှ လက်တွဲနိုင်မှာ မဟုတ်ဘူး”

ထိုသို့ပြောပြီးနောက် ချန်းဝမ့်ချိုင် လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။ သို့သော် ချူးဟမ့်က လက်မလျှော့နိုင်သေးဘဲ အမြန်တားကာ ဆက်ဖြောင်းဖြပါသည်။

“မဟုတ်သေးဘူး သခင်ကြီးချန်း။ အခုချိန်မှာ ချင်းမိသားစုရဲ့ အာရုံက အဲ့ဒီ အနောက်မြောက်ပိုင်းနယ်မြေမှာ ရှိတဲ့ စီမံကိန်းဆီမှာပဲ ရှိနေမှန်း အားလုံး သိကြတယ်။ ပြီးတော့ သူတို့ ကျရှုံးမှာလည်း သေချာသလောက် ရှိတယ်။ သူတို့သာ ပိုင်ဆိုင်မှုတွေ အများကြီး ဆုံးရှုံးလိုက်ရရင် ချင်းအုပ်စု နည်းပညာကုမ္ပဏီကိုပါ ထိခိုက်လာမှာပဲ။ အခုချိန် သူတို့နဲ့ လက်တွဲဖို့က အရမ်း စွန့်စားရာကျမယ်နော်!”

ချူးဟမ့်၏ စကားကြောင့် ချန်းဝမ့်ချိုင် ရယ်မောလိုက်မိသည်။ “ချူးဟမ့် ချူးဟမ့်… မင်းရဲ့ သတင်းရင်းမြစ်တွေကလည်း ဒိတ်အောက်နေပြီပဲ။ ချင်းမိသားစုက အဲ့လောက် အစွမ်းအစမရှိဘူးလို့ မင်းတကယ် ထင်နေတာလား။ အဲ့လို သတင်းအချက်အလက် ခိုင်မာပုံမျိုးနဲ့ ငါ့ကို လက်တွဲစေချင်သေးတာလား”

… … …

All Chapters