အခန်း (၈၁၆-၈၂၀)
Vol. 33 Ch. 816-820
အခန်း(၈၁၆) ဦးနှောက်မရှိတဲ့ သားအဖ
“အဲ့တာ ဘာကိုဆိုလိုတာလဲ။ ချင်းမိသားစုက ဘာကိုအစွမ်းအစ ရှိတာလဲ။ ဒီအကြောင်းကို လူတိုင်း သိပြီးသားလေ!”။ ချူးဟမ့် နားမလည်နိုင်စွာ မေးလိုက်သည်။
ချန်းဝမ့်ချိုင် မျက်လုံးမှေးကာ ပြုံးလိုက်သည်။ “ငါဘာကိုဆိုလိုသလဲ မင်းဖာ့သာမင်း စုံစမ်းလိုက်ပေါ့ကွာ။ ကိုယ်တိုင် သွားစုံစမ်းလိုက်။ မင်းကို ငါရှင်းပြဖို့ အချိန်မရှိဘူး”
ထိုသို့ပြောပြီးနော့ ချန်းဝမ့်ချိုင် အချိန်ဖြုန်းဖို့ အစီအစဉ်မရှိတော့ပါ။ ချူးဟမ့်ကို ချုပ်ထားဖို့ သူ့ဘေးက လက်အောက်ငယ်သားများကို အချက်ပြလိုက်ပြီး ချင်းမိသားစု ပြပွဲရုံထံ ဆက်လျှောက်သွားခဲ့ပါသည်။
“မသွားနဲ့ဦး! ခင်ဗျားစကားကိုခင်ဗျား သေချာရှင်းပြသွားဦးလေ! ရပ်လိုက်စမ်း!”
ချန်းဝမ့်ချိုင်ကို ချူးဟမ့် အသည်းအသန် အော်ခေါ်နေသော်လည်း ချန်းဝမ့်ချိုင်ကတော့ လုံးဝ လျစ်လျူရှုထားခဲ့ပါသည်။
ချန်းဝမ့်ချိုင်လို စီးပွားရေးသမားတစ်ယောက်၏ အမြင်မှာ သခင်ကြီးကု၏ အကူအညီမပါလျှင် ဒီချူးဟမ့်လိုလူမျိုးက ဘာကောင်မှ မဟုတ်ပေ။
နောက်ထပ် ဆုံးရှုံးမှုတစ်ခုကြောင့် ချူးဟမ့် အလွန်ဒေါသ ပေါက်ကွဲသွားခဲ့သည်။
“လခွီးပဲကွာ! အကုန် အောက်တန်းစားတွေ! ခွေးသားတွေ…။ စောင့်ကြည့်နေကြစမ်းပါ! ငါအောင်မြင်တဲ့အခါကျမှ မင်းတို့အကုန် ဒူးထောက်ပြီး တောင်းပန်ရမယ်ကွ!”
“…”
ချူးဟမ့်နှုတ်မှ အကျည်းတန်သော အဆဲပေါင်းစုံ ထွက်လာခဲ့သည်။
ထို့ကြောင့် ဘေးမှာ ရပ်ကြည့်နေသည့် ချူးယန်ရှီတစ်ယောက် အလွန် စက်ဆုပ်သွားပါသည်။
သူလုပ်နိုင်တာဆိုလို့ အစီအစဉ် မအောင်မြင်ရင် ဆဲဖို့ပဲ သိတယ်! ဒီ့ထက် အသုံးကျအောင် မနေတတ်ဘူးလား!
သူမလည်း ချူးဟမ့်လိုပဲ ဒေါသထွက်နေပါသည်။ သို့သော်လည်း ဆဲဆိုတာက ဘာမှ အသုံးဝင်မှာ မဟုတ်ပေ။
သူမ အခြေအနေကို အဖတ်ဆယ်နိုင်အောင် လက်တွေ့ကျကျ စဉ်းစားဖို့လိုသည်။
ပထမဆုံး မစ္စတာမင်ထံသို့ သူမ အီးမေးလ်တစ်စောင် ပို့လိုက်သည်။
ထို့နောက် ယခင်ဘဝတုန်းက သူမ မှတ်မိသည့် အကျော်အမော် ပုဂ္ဂိုလ်ကြီးများအကြောင်း ရှာဖွေခဲ့သည်။ ထိုလူတွေသာ ဒီဘဝမှာ မအောင်မြင်သေးပါက အခုချိန်ကတည်းက ကြိုကပ်ထားနိုင်သည်။
ချူးယန်ရှီ စဉ်းစားလို့ရသည့်နည်းလမ်းဆိုလို့ ထို ၂ ခုသာ ရှိပါသည်။
သူမ ပြန်လည်မွေးဖွားလာတာ မှန်သော်လည်း အရင်ဘဝကတည်းက ချူးယန်ရှီ ပညာကောင်းကောင်း မသင်ခဲ့သဖြင့် ငွေရှာနိုင်စွမ်း သို့မဟုတ် လုပ်ငန်းတစ်ခု တည်ထောင်နိုင်စွမ်းလည်း မရှိပေ။ ထို့ကြောင့် ကိုယ်ပိုင်အစွမ်းအစဖြင့် လက်ရှိ အခြေအနေကို ကယ်တင်နိုင်မှာ မဟုတ်ပါ။
သူမ စဉ်းစားနိုင်သည့် နည်းလမ်းများက ချူးဟမ့်ထံမှ သင်ယူထားခြင်းသာဖြစ်သည်။ အဆက်အသွယ်တွေကို အသုံးချပြီး အစွမ်းအစရှိသည့် ပုဂ္ဂိုလ်တစ်ယောက်ကို ရှာဖွေဖို့သာ ဖြစ်သည်။
ချူးယန်ရှီ နာရီဝက်လောက် အင်တာနက်သုံးကာ ဝက်ဘ်ဆိုက်တွေမှာ ရှာဖွေခဲ့သော်လည်း ဘာမှ ရှာမရခဲ့ပါ။ သူမ စိုးရိမ်ပူပန်လာစဉ် ထန်ထိုက်မင်၏ အီးမေးလ်ဝင်လာခဲ့သည်။
ချူးယန်ရှီ မျှော်လင့်တကြီးဖြင့် အီးမေးလ်ကို ဖွင့်ကြည့်လိုက်ရာ စကားလုံး ၃ လုံးကိုသာ မြင်လိုက်ရလေသည်။
‘အရူးတွေ’
ထိုစကားလုံး ၃ လုံးကို ချူးယန်ရှီ ကြောင်စီစီ စိုက်ကြည့်နေမိသည်။ သူမ အီးမေးလ်များ မှားဖွင့်မိတာလားဟုလည်း သံသယဖြစ်မိသွား၏။
သိ့သော် ထန်ထိုက်မင် ပို့လိုက်သည့် အီးမေးလ်ဆိုတာ သေချာ အတည်ပြုနိုင်ခဲ့ပါသည်။
ချူးယန်ရှီ မယုံကြည်နိုင်ဘဲ အီးမေးလ်တစ်စောင် ထပ်ပို့လိုက်သည်။
[မစ္စတာမင် ဘာလို့ အဲ့လိုပြောရတာလဲ]
ဒီတစ်ခါတော့ ထန်ထိုက်မင်က ချက်ချင်း စာပြန်လာပါသည်.
[အဲ့ဒီ ပရောဂျက်အသစ်မှာ ချင်းအုပ်စု ဘယ်လောက်ထိ မြှုပ်နှံထားသလဲဆိုတာ သေချာ သွားစုံစမ်းပြီးမှ ငါ့ကို စကားလာပြော]
ထန်ထိုက်မင်၏ အဖြေက ချန်းဝမ့်ချိုင်၏ စကားနဲ့ အတူတူပဲ ဖြစ်သည်
ဘာတွေဖြစ်နေတာလဲ။
အနောက်မြောက်ပိုင်းနယ်မြေက ချင်းမိသားစုရဲ့ ပရောဂျက်နဲ့ ပတ်သတ်ပြီး သူတို့ မသိထားတာ ဘာရှိလို့လဲ။
--- --- ---
ကွန်ပျူတာ ဖန်သားပြင်ကို စိုက်ကြည့်လျက် ထန်ထိုက်မင် သွေးအေးစွာ ရေရွတ်လိုက်သည်။ “ဦးနှောက်မရှိတဲ့ သားအဖ”
“ဘော့စ်၊ တခြား နယ်ရုပ်တွေကိုပဲ ပြောင်းရွှေ့သင့်ပြီ မထင်ဘူးလား” အာ့ချောင်က အကြံပေးလိုက်ပါသည်။
ဒီချူးသားအဖ ကျရှုံးမှုတွေ အတော်များနေပြီဖြစ်သည်။ သူတို့ဘော့စ် အတော်လေး သည်းခံထားခဲ့ရမှာ သေချာပါသည်။
“ပြောင်းရမယ်ဟုတ်လား”။ ထန်ထိုက်မင် ခပ်သဲ့သဲ့ ရယ်မောလိုက်သည်။ “အဲ့လို ဦးနှောက်မရှိတဲ့ နယ်ရုပ်တွေကိုမှ ငါက သဘောကျတာ။ သူတို့ လူအာရုံစိုက်ခံရအောင် ဒီလို လုပ်ချင်တာ လျှောက်လုပ်နေတာ မကောင်းဘူးလား။ ဒီလို အသုံးမကျတဲ့ သေမျိုးနှစ်ယောက်ကို ငါက အများကြီး အလေးထားမယ် ထင်လို့လား”
“နားလည်ပါပြီ။ ကျွန်တော် အတွေးလွန်သွားလို့ပါ”။ အာ့ချောင် အမြန်တောင်းပန်လိုက်ပါသည်။
ထိုစဉ် ရုတ်တရက်ဆိုသလို ထန်ထိုက်မင် ရင်ဘတ်ထဲ တစ်ခုခု ဆောင့်တက်သွားသလို ခံစားလိုက်ရလေသည်။
… … …
အခန်း(၈၁၇) ချင်းစူစူကို အမြန်ဆုံး သန်မာလာအောင် လေ့ကျင့်ပေးရမယ်
ထို့နောက် ထန်ထိုက်မင် ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး ရှေ့ကစားပွဲပေါ် ပက်စင်သွားလေသည်။
“ဘော့စ်!”
အာ့ချောင် စိုးရိမ်ပူပန်စွာ လာကူညီဖို့ ပြင်လိုက်သည်။ သို့သော် ထန်ထိုက်မင်က လက်ပြကာ တားဆီးလိုက်ပါသည်။
သူ့အိတ်ကပ်ထဲမှ လက်ကိုင်ပဝါတစ်ထည် ထုတ်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်က သွေးများကို သုတ်လိုက်သည်။ ဒီလို အခြေအနေကို သူအသားကျနေပါပြီ။
သို့သော်လည်း အခုတလော ဒီလို အဖြစ်များလာတာကိုတော့ ငြင်းမရပေ။
“ဘော့စ်ရဲ့ ကျန်းမာရေး…”
“အချိန်သိပ်မရှိတော့ဘူး၊ ငါသူ့ကို အမြန်မရှာနိုင်ရင် ပျက်စီးခြင်းငါးပါးကို ရှောင်တိမ်းနိုင်မှာ မဟုတ်ဘူး”
သေမျိုးမဟုတ်သည့် ဖြစ်တည်မှုတိုင်း ဝိညာဉ်ပျက်သုဉ်းရမည့် နေ့တစ်နေ့ကို ရောက်ရှိလာမှာ ရှောင်လွှဲလို့မရနိုင်ပေ။ သူ့အတွက် ထိုနေ့ရက်ကလည်း တဖြည်းဖြည်း နီးကပ်လာနေပါပြီ။
ဒီလို သွေးအန်သည့် အဖြစ်အပျက်မျိုးက ရှင်းလင်းပြတ်သားသည့် လက္ခဏာများဖြစ်သည်။
ထိုပုဂ္ဂိုလ်အကြောင်း စဉ်းစားလိုက်ရုံနဲ့ သူ့ရင်ထဲက အငြှိုးတရားများ ပြန်လည် နိုးထလာပြီး အားအင်တွေလည်း ပြန်လည် ပြည့်ဝလာခဲ့သည်။
ဘာလို့ ငါ့အပေါ်မှာ ဒီလို ကြမ်းကြုတ်တဲ့ စည်းတစ်ခု ချမှတ်ခဲ့တာလဲ။
ငါ့အသက်ကို ဆုံးရှုံးနိုင်တာ သူ မသိဘူးလား…။
သူသိပေမယ့် ဂရုမစိုက်လို့ ညီအစ်ကိုအရင်းဖြစ်တဲ့ ငါ့ကို သူ့လက်နဲ့ ကိုယ်တိုင် သတ်နိုင်လောက်အောင် ရက်စက်တာပဲ ဖြစ်မှာ…။
သူ့ရှေ့က စားပွဲပေါ်ရှိ သွေးကွက်များကို ကြည့်ရင်း သူ့အချိန်တွေ တဖြည်းဖြည်း အရေးပါလာတာကို ထန်ထိုက်မင် နားလည်သွားသည်။
ချင်းစူစူကို အမြန်ဆုံး သန်မာလာအောင် လုပ်ပေးမှ ဖြစ်မည်။
ထိုပုဂ္ဂိုလ်ကို သူကိုယ်တိုင် မရှာဖွေနိုင်ပါက ထိုပိုင်ကျဲနတ်သားရဲမလေးကို ရှာဖွေခိုင်းရမည်။
အရင်တစ်ခေါက်က ချင်းစူစူကို ထိခိုက်အောင်လုပ်သည့် နည်းလမ်းကို စမ်းကြည့်ပြီးပါပြီ။ ဘာအာနိသင်မှ မရှိခဲ့ပါ။
ဒီလို ပြန်ပေးဆွဲခြင်းမျိုးက စိတ်ရှုပ်စရာကောင်းသည့် လူသားတချို့အပေါ်သာ သက်ရောက်မှုရှိစေခဲ့သည်။ သူတွေ့ချင်သည့် ပုဂ္ဂိုလ်ကို မတွေ့ခဲ့ရပါ။
ထို့အပြင် ထိုနတ်သားရဲမလေးရဲ့ ခန္ဓာကိုယ်ကို ထိခိုက်အောင် သာမန် လူသား နည်းလမ်းတွေနဲ့ မဆောင်ရွက်နိုင်ပါ။ သူမရဲ့ ခန္ဓာကိုယ်က အလွန် စွမ်းအားကြီးလွန်းသည်။
တားမြစ်ထားသည့် နည်းလမ်းတွေကို အသုံးချလိုက်ပါကလည်း စည်းမျဉ်းတွေကို ချိုးဖောက်ရာကျမည်ဖြစ်ပြီး လောကသုံးပါး နိယာမ၏ ပြစ်ဒဏ်ခတ်ခြင်းကို ခံရမည်ဖြစ်ကာ သတ်မှတ်ချိန်မတိုင်ခင် သူဇာတ်သိမ်းသွားပါလိမ့်မည်။
--- --- ---
နောက်တစ်နေ့ မနက်စောစောအချိန်တွင် သခင်ကြီးကုက သားဖြစ်သူ ကုလင်းယွမ်နဲ့အတူတူ ချင်းအိမ်တော်သို့ လာလည်ခဲ့ကြသည်။
မနေ့က စူစူလေးကို အောင်မြင်စွာ ဖြောင်းဖြနိုင်ခဲ့သည့်အတွက် သားဖြစ်သူကို သခင်ကြီးကု ချီးကျူးမဆုံး ဖြစ်ခဲ့သည်။
ကျန် သား ၂ ယောက်ကိုပါ ဖုန်းဆက်ပြီး တစ်နေကုန် ငွေရှာဖို့ပဲ အာရုံမစိုက်ဘဲ ကုလင်းယွမ်ကို အတုယူဖို့ပင် ပြောခဲ့သေးသည်။
ကုလင်းယွမ်လည်း စိတ်ပျက်လက်ပျက်ဖြင့် အဖေဖြစ်သူနောက် တိုးတိုးတိတ်တိတ်သာ လိုက်လာနိုင်ပါသည်။
ချင်းအိမ်တော်ခြံဝန်းထဲ ဝင်လာတာနဲ့တစ်ပြိုင်နက် ခြံထဲမှာ ကစားနေသည့် စူစူလေးနဲ့ ဟူကျစ်တို့ကို မြင်သွားသည်။ အနားမှာ သူမရဲ့ ဘော်ဒီဂတ် ဟဲပေမူလည်း ရှိနေပါသည်။
ကုလင်းယွမ် ခြံထဲဝင်လာတာကိုမြင်သောအခါ စူစူလေးက လက်ထဲကိုင်ထားသော ဘောလုံးကို ဟဲပေမူထံ ပစ်ပေးလိုက်ပြီး ကုလင်းယွမ်ဆီ ပြေးသွားပါသည်။
“စူစူလေး! စူစူလေးက ဘိုးဘိုးကုကို လာကြိုတာလား”။ သခင်ကြီးကု အလွန်ပျော်ရွှင်သွားပါသည်။
“မနေ့က အစ်ကိုလတ်ကုကို ကတိပေးထားလို့ သူ့ကို လာကြိုတာလေ”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။
သူမ လက်ခံထားသည့် ဧည့်သည်တစ်ယောက်ကို သူမ ဧည့်ခံရမည်။
“ဘိုးဘိုးက အစ်ကိုလတ်ကုရဲ့ အဖေလေ။ ဘိုးဘိုးကုကို လာကြိုရင်ရပြီ။ သူက ကိစ္စမရှိဘူး”။ သခင်ကြီးကု ရယ်မောကာ ပြောလိုက်ပါသည်။
ထို့နောက် စူစူလေးကို ပွေ့ချီဖို့ လက်လှမ်းလိုက်ပါသည်။
ဒီလောက်ချစ်ဖို့ကောင်းပြီး နူးညံ့သည့် ကလေးမလေးကို ဘယ်သူက မချီချင်ဘဲ နေမည်နည်း။
သို့သော် သခင်ကြီးကု လက်မလှမ်းနိုင်ခင် စူစူလေးက အမြန်ရှောင်လိုက်ပါသည်။
“စူစူလေးက ဘိုးဘိုးကုကို ဘာလို့ အဲ့လောက် မုန်းနေရတာလဲ”။ သခင်ကြီးကု နာကျင်စွာ မေးလိုက်ပါသည်။
“မမုန်းပါဘူး”။ စူစူလေးက ပြန်ဖြေလိုက်၏။
“အဲ့တာဆို ဘာလို့ ချီခွင့်မပေးတာလဲ”။ သခင်ကြီးကု နှုတ်ခမ်းစူသွားပြီး ထပ်မေးလိုက်သည်။
“သိပ်သဘောမကျသေးလို့!” စူစူလေး ခိုင်မာစွာ ပြန်ဖြေလိုက်ပါသည်။
သူမအိမ်ထဲဝင်ခွင့်ရှိသူ၊ သူမကို ပွေ့ချီခွင့်ရှိသူ၊ သူမကို နမ်းခွင့်ရှိသူတွေအားလုံးကို စူစူလေး သေချာ စည်းကမ်း တင်းကြပ်ထားပါသည်။
… … …
အခန်း(၈၁၈) အလောကြီးလိုက်တာ
သခင်ကြီးကု ရင်ထဲ မြှားတစ်စင်းစိုက်ဝင်သွားသလို ခံစားလိုက်ရသည်။
အဖေဖြစ်သူ ရှုံးနိမ့်သွားတာကို မြင်ရသဖြင့် ကုလင်းယွမ် ပြုံးမိပါသည်။
သား ၃ ယောက်က အဖေဖြစ်သူကို အလွန်သိတတ်ပြီး သူလိုချင်တာ မှန်သမျှ အကုန်လုပ်ပေးလိမ့်မည်ဟု အပြင်လောက,က ထင်ထားကြသည်။
သူတို့မှားပါသည်။ သူတို့အဖေကို လေးစားပြီး ချစ်မြတ်နိုးတာတော့ မှန်ကန်သည်။ သို့သော် သူတို့အဖေက သူတို့ကို မဖြစ်နိုင်တာတွေ လုံးဝ မတောင်းဆိုတတ်ပါ။ (Blind Date တွေစီစဉ်ပေးတတ်တာကလွဲ၍)
လူကြီးမိဘတစ်ယောက်ကို အရူးမျက်ကန်းလို သိတတ်ခြင်းက ကလေးတစ်ယောက်ကို အလိုလိုက်သလိုမျိုးပဲ အချစ်စစ် မဟုတ်ပေ။
ဥပမာအားဖြင့် သူ့အသက်ကို ကယ်တင်ပေးခဲ့သည့်အတွက် စူစူလေးကို ကျေးဇူးပြန်ဆပ်ချင်ခဲ့တုန်းက ညီအစ်ကို ၃ ယောက် အပြည့်အဝ ထောက်ခံခဲ့ကြသည်။
ဒီလို ကိစ္စမျိုးအတွက် ဘယ်လိုနည်းနဲ့ပဲ ကျေးဇူးပြန်ဆပ်ပါစေ လုံလောက်မှာ မဟုတ်ပါ။
သခင်ကြီးကုက ကုလင်းယွမ်ကို မျက်စောင်းထိုးကြည့်လိုက်သည်။ “ခွေးကောင် မင်းဘာရယ်တာလဲ။ ရယ်မနေဘဲ အိမ်ထဲဝင်ပြီး အစ်ကိုကြီးချင်းကို သွားတွေ့မယ် မြန်မြန်လာ!”
“ဟုတ်ကဲ့ပါ”။ ထို့နောက် စူစူလေးကို ကုလင်းယွမ် ပြောလိုက်သည်။ “စူစူလေး အစ်ကိုလတ်ကုကို လိုက်ပြပါဦး။ စူစူလေးတို့ အိမ်ကို တစ်ခါမှ လာမလည်ဖူးလို့ လမ်းမသိဘူး”
“ဟုတ်ပြီ!”
စူစူလေး ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ကုလင်းယွမ်၏ လက်ကိုဆွဲကာ ဧည့်ခန်းဆီ ခေါ်သွားပါသည်။ သခင်ကြီးကုကတော့ ကြက်သေသေကာ ကျန်နေခဲ့လေသည်။
လခွမ်းပဲ! အစောကြီးကတည်းကသိရင် သူလည်း အဲ့လို တောင်းဆိုခဲ့ပါတယ်!
ရည်းစားတောင် မထားတတ်သည့် သူ့သားက ကလေးထိန်းသည့်နေရာမှာ ဒီလောက်တော်မှန်း သခင်ကြီးကု မသိခဲ့ပါ။
သခင်ကြီးကု အနောက်မှ ခပ်သုတ်သုတ် လိုက်လာခဲ့သည်။
ဧည့်ခန်းထဲ ရောက်သောအခါ ဧည့်သည်များကို ဧည့်ခံဖို့အတွက် ချင်းရှင်းကျစ်၊ ဝမ်ချင်းတို့နဲ့အတူတူ အဘိုးချင်းတို့ လင်မယား ဆင်းလာခဲ့ကြသည်။
ဝမ်ချင်း ကိုယ်ဝန်အနည်းငယ် လရင့်နေပြီဖြစ်သဖြင့် ယခင်တုန်းကထက် ခန္ဓာကိုယ်က ပိုမို အားနည်းလာသည်။ ထို့ကြောင့် ပုံမှန်ဆို ဧည့်သည်တွေကို ထွက်မတွေ့တတ်ပါ။
သို့သော်လည်း ဒီနေ့ကတော့ မတူပေ။ ကုလင်းယွမ်က သာမန် ဧည့်သည် မဟုတ်ပါ။ ဒီလောက် အရေးပါသည့် ဧည့်သည်ကို ထွက်မတွေ့လျှင် ရိုင်းရာကျမည်စိုးသဖြင့် ယောက်ျားဖြစ်သူ၏ အကူအညီဖြင့် ထွက်တွေ့ခဲ့ပါသည်။
သခင်ကြီးကုကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် အဘိုးချင်း ခေါင်းကိုက်ချင်လာသည်။
“အစ်ကိုကြီးချင်း ကျုပ်မိတ်ဆက်ပေးဦးမယ်။ ဒါ ကျုပ်ရဲ့ သားလတ် ကုလင်းယွမ်တဲ့! သူလည်း ဘာမှ အသုံးမကျတဲ့ ဆန်ကုန်မြေလေးတစ်ယောက်ပဲ!”။ သားဖြစ်သူကို ကဲ့ရဲ့ရင်း သခင်ကြီးကု စကားစလိုက်သည်။
ချင်းမိသားစု ဆွံ့အသွားခဲ့၏။
ဒီလိုလူက ဆန်ကုန်မြေလေးတဲ့လား။ သူ့စိတ်ထဲမှာ အသုံးကျတဲ့လူဆိုတာ ဘယ်လိုလူမျိုးကို ခေါ်တာလဲ။ သမ္မတကြီးလား၊ အဲလ်ဘတ် အိုင်းစတိုင်းလို လူမျိုးလား။
အားလုံး မိတ်ဆက်ပြီးနောက် ဧည့်ခန်းထဲမှာ ထိုင်လိုက်ကြသည်။
ကုလင်းယွမ်က ချင်းမိသားစုအား လုပ်ငန်းကိစ္စ စတင် ကမ်းလှမ်းလေသည်။ ဒီလိုမြင်ကွင်းကို ချင်းအိမ်တော်မှာ မကြာခဏ မြင်နေရပါသည်။
“သခင်ကြီးကု၊ ဟိုတလောကမှ ကျောင်းကိစ္စနဲ့ပတ်သတ်ပြီး ကမ်းလှမ်းထားသေးတယ် မဟုတ်ဘူးလား။ အခု ဘာလို့…”
“အဲ့တာက ကျုပ်ရဲ့ တခြားသားလေ။ ဒီတစ်ယောက် မဟုတ်ဘူး။ အဲ့တာကြောင့် မတူဘူး”။ သခင်ကြီးကု ပြန်ပြောလိုက်သည်။
“အားလုံးက ခင်ဗျားရဲ့သားတွေ မဟုတ်ဘူးလား”။ အဘိုးချင်း ထပ်မေးလိုက်လေသည်။
“မတူဘူးလေ။ သူတို့ ၃ ယောက်စလုံးမှာ အဖေရှိတယ်။ သူတို့အဖေရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့လူကို အကုန်လုံးက ကျေးဇူးဆပ်ရမှာပေါ့ မဟုတ်ဘူးလား”။ သခင်ကြီးကု ရှင်းပြလိုက်သည်။
အဲ… ဒီလိုဆိုတော့လည်း အဓိပ္ပာယ်နည်းနည်းရှိသား။
“ပြီးတော့ အရင်တစ်ခေါက်က အနောက်မြောက်ပိုင်းနယ်မြေရဲ့ စီမံကိန်းအတွက် လက်တွဲတာ။ ဒီတစ်ခေါက်က ချင်းအုပ်စု နည်းပညာကုမ္ပဏီအတွက် လာခဲ့တာ။ နယ်ပယ်ချင်း မတူဘူးလေ”။ သခင်ကြီးကုက နောက်ထပ် ဆင်ခြေတစ်ခု ပေးလိုက်ပါသည်။
“အဲ့လိုဆိုရင်တောင် ဒီလို ကိစ္စကို အလောတကြီး ဆုံးဖြတ်လို့မရဘူးလို့ ကျုပ်ထင်မိတယ်”။ သခင်ကြီးကုက ယဉ်ကျေးစွာ ငြင်းဆန်လိုက်ပါသည်။
ဒီလို အရေးကြီးသည့် ကိစ္စမျိုးကို သေသေချာချာ ဆွေးနွေးညှိနှိုင်းရမည်။
သခင်ကြီးကုက အလွန် စိတ်လောနေပါသည်။
သခင်ကြီးကုက အငြင်းခံရတာကို သဘောကျသူ မဟုတ်ပေ။ ထို့ကြောင့် အဘိုးချင်း၏ စကားကို ကြားလိုက်တာနဲ့ တစ်ပြိုင်နက် မကျေမနပ် ဖြစ်သွားလေသည်။
… … …
အခန်း(၈၁၉) ထန်ထိုက်မင်ရဲ့ ဂရုတစိုက် သင်ကြားမှု (၁)
သို့သော် ဒေါသထပ်မထွက်မိစေဖို့အတွက် ကုလင်းယွမ်ဘက်သို့လှည့်ကာ သူပြောလိုက်သည်။ “မင်းပဲ ဆက်ပြောလိုက်ကွာ!”
ကုလင်းယွမ်ပြုံးလိုက်ပြီး အဘွားချင်း ချီထားသည့် စူစူလေးဘက်သို့ လှည့်ကာ ပြောလိုက်ပါသည်။ “စူစူလေး၊ စူစူလေးရဲ့ အစ်ကိုကြီးတို့ ကုမ္ပဏီက နည်းပညာအသစ်တွေ အလားအလာကောင်းပြီး အနာဂတ်မှာ အကျိုးအမြတ်တွေ ငွေတွေ အများကြီး ရနိုင်တယ်လို့ အစ်ကိုလတ်ကု ထင်မိတယ်။ စူစူလေးကော သဘောမတူဘူးလား”
“အွန်း!”။ စူစူလေး ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။
သူမရဲ့ အစ်ကိုကြီးက အလွန်တော်သဖြင့် ပိုက်ဆံတွေ အများကြီး ရှာနိုင်မှာ သေချာပါသည်။
“အဲ့တာဆို အစ်ကိုလတ်ကုလည်း စူစူလေးရဲ့ အစ်ကိုကြီးနဲ့အတူတူ ငွေအတူတူ ရှာချင်တယ်။ အဲ့လိုလုပ်ဖို့ အဆင်ပြေမယ်လို့ စူစူလေး ထင်လား”။ ကုလင်းယွမ် ထပ်မေးလိုက်သည်။
“အွန်း!”
စူစူလေး ခေါင်းထပ်ငြိမ့်လိုက်ပြန်ပါသည်။ ငွေတွေ များများရပါက ရွှေတွေနဲ့ လဲလို့ရသည်။ သူမ ရွှေတွေကို သဘောကျပါသည်။
“အဲ့တာဆို အတည်ပြုလိုက်ပြီနော်။ ကျန်တဲ့ အသေးစိတ်အချက်အလက်တွေကို သက်ဆိုင်ရာ ကုမ္ပဏီဝန်ထမ်းတွေက ဆက်စီမံပေးပါလိမ့်မယ်”။ ကုလင်းယွမ် အတည်ပြုကာ ဆုံးဖြတ်ချက် ချလိုက်ပါသည်။
ချင်းမိသားစုနဲ့ သခင်ကြီးကုတို့ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
အဲ့လို လုပ်လို့ ရတယ်လား။
“မစ္စတာကု ဒီလိုလုပ်တာ မသင့်တော်ဘူး ထင်တယ်နော်”။ ဝမ်ချင်း ဝင်ပြောလိုက်သည်။
စိတ်ထဲမှာ လင်းယွင်အုပ်စုနဲ့ သူမတို့ လက်တွဲနိုင်ဖို့ မျှော်လင့်ထားသော်လည်း ဒီလို အလောတကြီး လုပ်လိုက်ခြင်းက… စိတ်ပူဖို့ ကောင်းပါသည်။
“ကျွန်တော်က ကျွန်တော့်အဖေရဲ့ ကိုယ်စားလှယ်ပါ။ စူစူလေးကလည်း သူ့အဖေရဲ့ ကိုယ်စားလှယ်ဆိုတော့ အားလုံး သင့်တော်ပါတယ်”။ ကုလင်းယွမ်က ယုံကြည်ချက် အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
“အွန်း အွန်း သင့်တော်တယ်!”။ စူစူလေးကလည်း ထောက်ခံသည်။
စူစူလေး၏ ခိုင်မာ ပြတ်သားသော မျက်နှာလေးကို ကြည့်ပြီး ချင်းမိသားစုဝင်တွေ ဘာပြောရမှန်း မသိတော့ပေ။
“ဖေဖေနဲ့ အစ်ကိုကြီးတို့ ဘာလို့ အဲ့လိုကြည့်နေကြတာလဲ။ သမီးပြောတာ မှားလို့လား”။ စူစူလေး မေးလိုက်သည်။
“မမှားပါဘူး မမှားပါဘူး! သမီးလေး ပြောသမျှ အကုန်မှန်တယ်နော်!”။ အဘိုးချင်း အမြန် အတည်ပြုပေးလိုက်သည်။
သူ့သမီးလေးရဲ့ စကားကို မကန့်ကွက်ရက်ပါ။ ကန့်ကွက်ရမည်ဆိုလျှင် သူ့သားတွေကိုသာ ကန့်ကွက်ခိုင်းမည်။
“ညီမလေးပြောတာ မှန်တယ်!”။ ချင်းရှင်းကျစ်ကလည်း မတွန့်ဆုတ်ဘဲ ထောက်ခံလိုက်ပါသည်။
ညီမလေးက ချစ်ဖို့ကောင်းလွန်းသဖြင့် သူမ ဘာပြောပြော မှန်လိမ့်မည်။
ထို့ကြောင့် လေးလေးနက်နက် ညှိနှိုင်းဆွေးနွေးဖို့ ကြံရွယ်ထားကြသည့် ချင်းမိသားစုဝင်တွေအားလုံး စူစူလေးရှေ့မှာ ခံယူချက်တွေအကုန် စွန့်လွှတ်လိုက်ရလေသည်။
စူစူလေးသာ ခေါင်းငြိမ့်လိုက်ပါက ချင်းမိသားစုရဲ့ ဆုံးဖြတ်ချက်တွေကို ဘာမှ စိတ်ပူစရာမလိုတော့ပါ။
သားဖြစ်သူ အတော်လေး ပါးနပ်သည်ဟု သခင်ကြီးကု တွေးလိုက်သည်။
ခေါင်းဆောင်ဖြစ်သူကို အရင်ဆုံး အပိုင်ချုပ်လိုက်ရင် နောက်လိုက်တွေအတွက် စိတ်ပူစရာ မလိုတော့ဘူးပေါ့!
ကုလင်းယွမ်ကို သခင်ကြီးကု မျက်လုံးပြူးကာ ကြည့်နေပါသည်။
သူ့ရဲ့ ဆန်ကုန်မြေလေး သားဖြစ်သူက အနည်းငယ် အစွမ်းအစရှိသည်ဟု ခံစားလာရပြီဖြစ်သည်။
--- --- ---
မူကြိုကျောင်းဆရာ တစ်ဖြစ်လဲ ထန်ထိုက်မင်တစ်ယောက် အတန်းကို ပုံမှန်အတိုင်းပဲ သင်ကြားပေးခဲ့သည်။
ထို့နောက် နေ့လယ်ခင်း အားလပ်ချိန် ရောက်သောအခါ ကလေးများကစားခန်းထဲ စူစူလေးကို ထပ်ခေါ်လာခဲ့ပါသည်။
စူစူလေး အခန်းထဲဝင်လာပြီး ထန်ထိုက်မင်အား စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ “ဆရာမင် ဒီနေ့ ဘာကစားကြမှာလဲ”
“ဒီနေ့ ဘာမှ မကစားဘူး။ ဒီနေ့ တိတ်တိတ်ကလေး ထိုင်တတ်အောင် လေ့ကျင့်ကြမယ်”။ ထန်ထိုက်မင်က ဆိုသည်။
“တိတ်တိတ်ကလေး ထိုင်ရမယ်ဟုတ်လား။ သမီးထိုင်တတ်တယ်လေ! ပြီးတော့ တိတ်တိတ်ကလေးလည်း နေတတ်တယ်”
“အဲ့တာဆို လုပ်ကြည့်ကြစို့လေ”။ ထန်ထိုက်မင် ပြောလိုက်ပြီး စူစူလေးကို ယောဂကော်ဇောတစ်ခုဆီ ခေါ်သွားပြီး သူ့ကို တုပကာ တင်ပလ္လင်ခွေ ထိုင်ခိုင်းလိုက်သည်။
စူစူလေးလည်း ထန်ထိုက်မင် ပြသည့်အတိုင်း ကော်ဇောပေါ်မှာ ခါးမတ်မတ်ထားကာ တင်ပလ္လင်ခွေထိုင်လိုက်ပါသည်။
“အတတ်မြန်သားပဲ”။ ထန်ထိုက်မင် ချီးကျူးလိုက်ပါသည်။
“ဒါပေါ့!”။ သူမ ထိုင်တတ်တယ်လို့ ပြောသားပဲ!
နတ်ယုတ်မာကြီးလည်း သူမကို ဒီလို ထိုင်နည်း သင်ပေးဖူးသည်။
သို့သော် သူမ ၂ မိနစ်ထက် ပိုမထိုင်နိုင်ခဲ့ပါ။ ထိုအခါ နတ်ယုတ်မာကြီးက သူမကို ဆူငေါက်တတ်သည်။ ထို့နောက် သူမ စိတ်ဆိုးမာန်ဆိုးဖြင့် နတ်သားရဲအသွင် ပြန်ပြောင်းကာ အသိုက်ထဲ ပြန်အိပ်နေတတ်ပါသည်။
… … …
အခန်း(၈၂၀) ထန်ထိုက်မင်ရဲ့ ဂရုတစိုက် သင်ကြားမှု(၂)
“အဲ့အတိုင်း ဆက်ထိုင်နေ။ မလှုပ်နဲ့နော်။ ပြီးရင် မျက်လုံးမှိတ်လိုက်။ စိတ်ထဲ ဘာမှ မစဉ်းစားနဲ့”။ စူစူလေးကို ထန်ထိုက်မင် လမ်းပြလိုက်သည်။
“ဘာမှမစဉ်းစားနဲ့ ဟုတ်လား။ ဒါမပယ့် သမီး မျက်လုံးမှိတ်လိုက်ရင် အရသာရှိတဲ့ မုန့်တွေပဲ ပေါ်ပေါ်လာတာ”
သူမ ဒါတွေကို မစဉ်းစားချင်သော်လည်း မထိန်းချုပ်နိုင်ပါ။
“ရပါတယ်။ အဲ့တာတွေ ပေါ်လာလည်း ဒီတိုင်း လွှတ်ပေးထားလိုက်။ ဘာပဲ မြင်ရမြင်ရ လေးလေးနက်နက် မစဉ်းစားနဲ့ ဒီတိုင်း လွှတ်ထားပေးလိုက်”
ထန်ထိုက်မင် ညွှန်ကြားသည့်အတိုင်း စူစူလေး လိုက်လုပ်ခဲ့သည်။
၁၀ မိနစ်ခန့်ကြာသွားသောအခါ စူစူလေး မလှုပ်မရှားဘဲ ဆက်ထိုင်နေဆဲဖြစ်သည်။
လူသားအဖြစ် နှစ်အနည်းငယ် နေထိုင်ခဲ့ရပြီးနောက် စူစူလေး ယခင်ကထက် စိတ်ရှည်တတ်လာသည်။
ရှေ့တည့်တည့်မှာ ထိုင်နေသည့် ထန်ထိုက်မင်တစ်ယောက် စူစူလေး၏ မျက်နှာကို ကြည့်ရင်း အနည်းငယ် ပဋိပက္ခ ဖြစ်သွားသည်။
ဒီကလေးမလေးကို ထိုပုဂ္ဂိုလ် ပျိုးထောင်ထားခဲ့တာသာ မဟုတ်လျှင် သူ သဘောကျမိလောက်သည်။
သူမရဲ့ ပုံပန်းသဏ္ဌာန်က လှပါပြီး အကြောက်တရားကင်းမဲ့သည့် စိတ်ဓာတ်က သူ့အကြိုက်နဲ့ ကိုက်ညီသည်။
နှမြောစရာပဲ…
ထန်ထိုက်မင် အတွေးလွန်နေစဉ် အရပ်မျက်နှာပေါင်းစုံမှ ဝိညာဉ်စွမ်းအင်တွေ ဖြာထွက်လာတာကို ခံစားလိုက်မိသည်။
ထို့နောက် ထိုစွမ်းအင်တွေ အားလုံး စူစူလေးခန္ဓာကိုယ်ထဲ ဝင်ရောက်သွားခဲ့လေသည်။
အလုပ်ဖြစ်သွားတာလား…
ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေက ဝိညာဉ်စွမ်းအင်တွေကို ဒီကလေးမလေး စုပ်ယူနိုင်တာလား…
ဘယ်ဆိုးလို့လဲ! ပထမဆုံး ဆိုပေမယ့် အောင်မြင်သွားတာပဲ!
ဒီလိုအောင်မြင်မှုက ထိုပုဂ္ဂိုလ် နှစ် ၁၀၀ သင်တာတောင် ရရှိနိုင်မှန်း မသေချာသည့် အောင်မြင်မှုမျိုး ဖြစ်သည်။
ထိုအတွေးဖြင့် ထန်ထိုက်မင် ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်သည်။
တပည့်က အသုံးမကျတာ မဟုတ်ဘဲ ဆရာက အတွေ့အကြုံ နည်းပါးတာသာ ဖြစ်သည်။
သူကသာ စူစူလေးကို အမှန်တကယ် သင်ကြားပေးနိုင်သူ ဖြစ်သည်။
ထိုအချိန်တွင် စူစူလေးကတော့ ဘာတွေဖြစ်နေမှန်း မသိသေးပါ။
သူမခန္ဓာကိုယ် အလွန်နေလို့ကောင်းသွားပြီး တစ်ကိုယ်လုံး ပေါ့ပါးသွားသလိုသာ ခံစားမိသည်။
ထိုခံစားချက်က မှော်ဆန်ပြီး စူစူလေး တစ်ခါမှ မခံစားဖူးသော ခံစားချက်မျိုး ဖြစ်သည်။
သူမမျက်လုံးများကို မှိတ်ထားသော်လည်း အနားက အရာဝတ္ထုများစွာကို မြင်နိုင်သည်။
သူမရှေ့တည့်တည့်မှာ ထိုင်နေသည့် ဆရာမင်ကိုကော၊ အခန်းထဲက ပရိဘောဂပေါင်းစုံကိုကော မြင်နေရသည်။ ထို့အပြင် ပြူတင်းပေါက် အပြင်ဘက်မှာ စောင့်ကြည့်နေသည့် ဟဲပေမူနဲ့ ဟူကျစ်တို့ကိုပါ မြင်ရသည်။
အခန်း ၃ ခန်းလောက် ခြားနေသည့် ကျောင်းအပြင်ဘက်မှ သူမရဲ့ အတန်းဖော်တွေကိုလည်း မြင်ရသည်။
ဒီခံစားချက်က မှော်ဆန်ပြီး ပျော်စရာကောင်းပါသည်။
ထိုအချိန်တွင် ချင်းအိမ်တော် ခြံနောက်ဖေး၌ ဆေးပင်စိုက်ပျိုးနေသော ဆရာကြီးရှုယီ ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။
သူ့လက်ထဲက တူရွင်းကို ချက်ချင်းပစ်ချလိုက်ပြီး ရှေ့သို့ပြေးသွားကာ ကောင်းကင်ကြီးကို လှမ်းကြည့်လိုက်သည်။
ဘာတွေဖြစ်နေတာလဲ… ဒီလောက် များပြားတဲ့ ဝိညာဉ်စွမ်းအင်တွေ ဘာလို့ ရုတ်တရက်ကြီး ခံစားလာရတာလဲ…
လောကသုံးပါး နိယာမအရ လူ့ဘုံမှာ နတ်စွမ်းအင်ကို အသုံးပြုခွင့်မရှိပါ။
နေပါဦး… စူစူလေး!
စူစူလေးက ခြွင်းချက်ပဲ!
ဒါဆို ဒီဝိညာဉ်စွမ်းအင်တွေက စူစူလေးဆီက ထွက်လာတာလား။
စူစူလေးက ဝိညာဉ်စွမ်းအင်တွေ စုဆောင်းနိုင်နေပြီလား။
တကယ်ကြီးလား။
မူကြိုရှိရာ အရပ်မျက်နှာသို့ ဆရာကြီးရှုယီ မျက်နှာမူရင်း နှုတ်မှ ရေရွတ်လိုက်သည်။ “ဟုတ်တယ်… အဲ့လိုပဲ ဖြစ်ရမယ်! စူစူလေးကြောင့်ပဲ ဖြစ်မယ်!။ စူစူလေးရဲ့ ဝိညာဉ်စွမ်းအင်တွေ ပွင့်သွားတာဖြစ်မယ်!”
“စူစူလေးက အရမ်းတော်တာပဲ! အသက် ၃ နှစ်ခွဲအရွယ်မှာတင် ဝိညာဉ်စွမ်းအင်တွေ ပွင့်သွားပြီပေါ့! ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ ဝိညာဉ်စွမ်းအင်တွေအားလုံးကို စုဆောင်းနိုင်ပြီ! တကယ် ဝမ်းသာစရာပဲ!”
ဆရာကြီးရှုယီ အပျော်လွန်သွားပြီး ကခုန်မိလေသည်။
မူကြိုရှိ ကလေးကစားခန်း ပြူတင်းပေါက်အပြင်ဘက်မှာ ဟဲပေမူကလည်း မျက်မှောင်ကြုတ်လျက် သံသယဖြစ်စွာ စောင့်ကြည့်နေပါသည်။
ထိုစဉ် သူ့ရင်ခွင်ထဲ အိပ်စက်နေသည့် ဟူကျစ် တစ်ခုခုကို အာရုံရသွားပုံပေါ်ပြီး တစ်ကိုယ်လုံး တွန့်ခါသွားသည်။
“မင်းဘာဖြစ်နေတာလဲ”။ ဟူကျစ်ကို ဟဲပေမူ ငုံ့ကြည့်လိုက်ပါသည်။
ဟူကျစ်က အလွန်သန်မာသည်။ ဒီ့ထက်သာ ခွန်အား ပိုကြီးလာပါက သူထိန်းနိုင်မှာ မဟုတ်တော့ပါ။
“ဝေါင်း! ဝေါင်း!”။ ဟူကျစ် အလွန် စိတ်ဖိစီးနေပုံပေါ်ပြီး ဟဲပေမူ၏ အဝတ်အစားများကို လက်သည်းဖြင့် ကုတ်ဖဲ့ကာ ဆုတ်ဖြဲနေလေသည်။
… … …