စိတ်ဝိညာဉ် အားဖြည့်ဆေးပင် မပါဘူးလား ...
Vol. 1 Ch. 224
ကျန်းရီ၏ ခန့်မှန်းချက်များ မှန်ကန်လေသည်။ ထိုစစ်သူကြီး များသည် ကျန်းပိုင်လီ၏ အုပ်ချုပ်မှု အောက်တွင် ရှိကြပြီး သူတို့သည် ညီလာခံတွင် မည်သည့် မှတ်ချက်ကိုမှ ဝင်မပေးဖူးပေ။ ယနေ့တွင် ကျန်းပိုင်လီသည် တော်ဝင်မြို့တော်သို့ ရောက်နေပြီး သူ့သားသည် ကွပ်မျက်ခံ ရတော့မည့် အခြေအနေ ဖြစ်နေသောကြောင့် သူတို့ ဝင်ပြောလိုက်ခြင်း ဖြစ်လေသည်။
ထိုဝတုတ်ကြီး မှာတော့ ချမ်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ်၊ ဘဏ္ဍာရေး ဝန်ကြီး ချမ်ကွေ့ ဖြစ်လေသည်။ သူသည် ကျန်းရီကို တစ်ခါမှ မမြင်ဖူးသော်လည်း ကျန်းရီအကြောင်း စာရွက်များမှာ သူ့စာကြည့်ခန်း ထဲတွင် အထပ်လိုက် ရှိနေလေသည်။ သူ့သားသည် ကျန်းရီနှင့် ညီအစ်ကိုများ အလား နေ့တိုင်း တပူးပူး တတွဲတွဲ ဖြစ်နေရာ သူဝင်၍ ကျန်းရီအတွက် အသနားခံ ပေးခြင်း ဖြစ်လေသည်။
စစ်သူကြီးများနှင့် ဘဏ္ဍာရေးဝန်ကြီး ချမ်ကွေ့တို့ ဝင်ပါလာရာ မှူးမတ် နှစ်ယောက်သည် ဘာမှ ဆက်မပြောဝံ့တော့ပေ။ စစ်သူကြီး တစ်အုပ်ကို ဆန့်ကျင် မိခြင်းသည် ပြဿနာကြီး တစ်ခု မဟုတ်သော်လည်း ချမ်ကွေ့ကို ဆန့်ကျင်မိလျှင် ဘာမှပင် မသိလိုက်ပဲ သေသွား နိုင်လေသည်။
"ဟမ့် ...”
ထိုအချိန်တွင် မှူးမတ်များ ဘက်မှ ရှေ့ဆုံးတွင် ရပ်နေသော မီးခိုးရောင် ဆံပင်တို့ဖြင့် သက်လတ်ပိုင်း အရွယ် လူကြီး ဝင်ပြောလာခဲ့သည်။
"စည်းမျဉ်းတွေက စည်းမျဉ်းတွေပဲ၊ စည်းမျဉ်းတွေသာ မသက်ရောက်တော့ရင် ငါတို့ ဘာဖြစ်ကုန်မလဲ ... နိုင်ငံရဲ့ ဥပဒေတွေ ကရော ... တစ်နေ့ ကျန်းရီ တော်ဝင်မြို့တော် ထဲမှာ လူသတ် လိုက်ရင်ရော မင်းတို့ သူ့အတွက် အသနားခံ ပေးကြဦးမှာလား ... သူက ပြည်သူတစ်ဦး မဟုတ်လား ... စည်းမျဉ်းတွေကို မသိဘူး ... ရယ်စရာ ကောင်းလိုက်တာ ...”
အမတ်ချုပ်ကြီး ကျန်းစွန်းယန် ...
ကျန်းရီသည် လှမ်းကြည့်လိုက်ပြီး သူ့မျက်နှာမှာ အေးစက် သွားခဲ့သည်။ ထိုမရင့်ကျက် သေးသော လူကြီးသည် ရှန်ဝူနိုင်ငံ မင်းကြီး၏ အဆင့်အတန်းအောက် တစ်ဆင့်သာ နိမ့်လေသည်။ သူသည် အိမ်ရှေ့စံ၏ အိမ်တော်နှင့် နိုင်ငံအဆင့် ပြိုင်ပွဲတွင် ကျန်းစွန်း ဂိုဏ်းသားများကို ကျန်းရီ သတ်ဖြတ်ခဲ့သည်ကို မကျေမနပ် ဖြစ်နေကြောင်း ထင်ရှားသည်။
ကျန်းစွန်းယန် ဝင်ပြောသည်နှင့် ချမ်ကွေ့သည် ပါးစပ်ကို ပိတ်လိုက်ရကာ စစ်သူကြီး များလည်း တိတ်နေ လိုက်ကြသည်။ သူတို့သည် ကျန်းစွန်းယန်၏ ဒေါသကို သွားမဆွဝံ့ ကြသည်မှာ ထင်ရှားလှသည်။
"ခြီး ...”
ထိုအချိန်တွင် စစ်သူကြီးများ ဘက်မှ ဒုတိယ နေရာတွင် ရပ်နေသော သက်လတ်ပိုင်း အရွယ် စစ်သူကြီး တစ်ဦးသည် ရုတ်တရက် စကားပြော လာခဲ့သည်။
"ဒါက ဒီလောက် အလေးအနက် ကိစ္စကြီးလည်း မဟုတ်ပါဘူး၊ ဒီတစ်ခေါက်မှာ ကျန်းရီက နိုင်ငံအတွက် ထူးထူးချွန်ချွန် စွမ်းဆောင် ပေးခဲ့တယ်၊ သူ့ကို ဆင့်ခေါ်တာက နိုင်ငံတော်က သူ့ကို ဆုချီးမြှင့် ပေးဖို့လေ၊ ဒီလို ကိစ္စ သေးသေးလေးကို မေ့လိုက်ပြီး ပျော်စရာ အခမ်းအနားကို မဖျက်ဆီး ကြစို့လား"
"ဟမ် ...”
လူများစွာသည် အံ့သြတကြီး ပင့်သက်ရှိုက် လိုက်မိကြသည်။ ထိုလူသည် ချပ်ဝတ် တန်ဆာတို့ ဝတ်ဆင် ထားသော်လည်း စစ်တပ်တစ်ခုကို တစ်ခါမှ ဦးမဆောင်ခဲ့ဖူးချေ။ သို့သော်ငြား ရှန်ဝူနိုင်ငံတွင် ပြိုင်ဘက်ကင်း အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ ရှေ့ဆုံးမှ ဒုတိယ နေရာတွင် ရပ်နေသည်ကို ကြည့်ခြင်းဖြင့် သူ့အဆင့် အတန်းကို သိနိုင်ပါသည်။
ကျန့်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျန့်ရီမင် ...
ကျန့်ဂိုဏ်းသည် အာဏာနှင့် အကျိုးအမြတ် အတွက် တစ်ခါမှ ယှဉ်ပြိုင်ခဲ့ခြင်း မရှိသော်လည်း ကျန့်ဂိုဏ်းဟူသော အမည်ကပင် အလိုလို အာဏာ ရှိနေပြီးသား ဖြစ်လေသည်။ အံ့အားသင့်စရာ အကောင်းဆုံးမှာ ကျန့်ရီမင်သည် ဤကိစ္စတွင် ဝင်ပြောခဲ့သည်။ ဤသည်မှာ ကျန်းစွန်းယန်ကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင် လိုက်ခြင်းပင်။ အတိတ်က ကျန်းပိုင်လီတစ်ယောက်မှ လွဲ၍ ကျန်းစွန်းယန်၏ စကားကို မည်သူမှ မချေပရဲပေ။
ကျန့်ဂိုဏ်းသည် ကြားနေ မဟုတ်တော့ဘဲ ကျန်းစွန်းဂိုဏ်းကို ဆန့်ကျင် တော့မည်လား ...
"တော်လောက်ပြီ"
ရွှေပလ္လင်ပေါ်တွင် ထိုင်နေသော ရှားထင်ဝေ့သည် ရုတ်တရက် လက်ကာပြကာ စကားပြော လာခဲ့သည်။
"ဒီလို ကိစ္စသေးသေးလေး အတွက် မင်းတို့ ဘာလို့ စကားနိုင် လုနေကြတာလဲ ... ကျန်းရီက နိုင်ငံအတွက် ဂုဏ်ဆောင် ပေးခဲ့တယ်၊ သူအရိုအသေ ပေးတာ မပြောနဲ့၊ သူမပေးဘဲ နေရင်တောင် ငါကိုယ်တော် အပြစ်မတင်ဘူး၊ စန်းရှီ ... အမိန့်စာ ဖတ်လိုက်"
အားလုံးငြိမ်သက် သွားကြသည်။ ကျန်းရီကမူ မည်သည့် ခံစားချက်မှ မပြသော်လည်း စိတ်ထဲတွင် ကျိတ်ရယ်လျက် ရှိလေသည်။ မင်းကြီးသည် စကားလုံး လှလှလေးများ သုံးသွားခဲ့သည်။ သို့သော် အဘယ့်ကြောင့် စောစောတည်းက ဝင်မပြော သနည်း ...
သေချာပေါက် အချိုမကျွေးခင် ရိုက်နေခြင်း ဖြစ်လေသည်။ တော်ဝင် အမိန့်စာကို ဖတ်ပြတော့မည် ဖြစ်သောကြောင့် ကျန်းရီ အသေးအဖွဲလေးများကို ခေါင်းထဲ ထည့်မထားတော့ဘဲ စိတ်လှုပ်ရှား လာခဲ့သည်။ သူသည် ဒူးတစ်ဖက်ထောက် အနေအထားဖြင့် ပြန်ပြောလိုက်သည်။
"ကျေးဇူး ကြီးလှပါတယ် မင်းကြီး၊ ကျန်းရီ အမိန့်တော်ကို နာခံလျက်ပါ"
"ကောင်းကင်ဘုံရဲ့ အသိအမှတ် ပြုခြင်းနဲ့အတူ မင်းကြီး အမိန့်တော် ချမှတ်သည်။ ကျန်းရီသည် နိုင်ငံအတွက် ဂုဏ်ဆောင်ကာ နိုင်ငံအဆင့် ပြိုင်ပွဲတွင် ပထမ အဆင့်ကို ရရှိခဲ့သည်။ ကျန်းရီအား စစ်သည် တစ်သောင်းကို ဦးဆောင်နိုင်သည့် နဂါးစစ်သူကြီး ရာထူး၊ စစ်သူကြီး အိမ်တော်တစ်လုံး၊ သင့်တော်မည့် အစေခံ အရေအတွက်၊ ခရမ်းရောင် ရွှေတစ်သန်း၊ ကျောက်စိမ်းတုံး … ချီးမြှင့်လိုက်သည်"
ရှန်ဝူနိုင်ငံသည် ရက်ရောလှပြီး ကတိအတိုင်း နဂါး စစ်သူကြီးဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ထိုရာထူးသည် စစ်သည် တစ်သောင်းကို အုပ်ချုပ်ခွင့် ရသည့် တကယ့် စစ်သူကြီး ရာထူး ဖြစ်နေသေးသည်။ ကျန်းရီသည် အမျိုးမျိုး အထွေထွေသော ဆုလာဘ်များ၏ အမည်ကို ကြားရပြီးနောက် မူးနောက် သွားခဲ့သည်။
မိန်းမစိုးအိုကြီး အမိန့်စာကို ဖတ်ကြားပြီးနောက် အားလုံးသည် ကျန်းရီကိုကြည့်၍ သူကျေးဇူးတင် စကား ပြောကာ အမိန့်စာကို လက်ခံယူ လိုက်မည်အား စောင့်ဆိုင်း နေခဲ့သည်။ ကျန်းရီသည် ဆွံ့အနေသူ တစ်ယောက်ပမာ ဖြစ်နေခဲ့ပြီး မျက်တောင် တဖျတ်ဖျတ် ခတ်နေခဲ့သည်။ သို့သော် သူသည် ကျေးဇူးတင်စကား ပြောမလာဘဲ သံသယ မျက်လုံးနှင့် မေးလာခဲ့သည်။
"မဟုတ်သေးဘူး၊ ဘာလို့ စိတ်ဝိညာဉ် အားဖြည့်ဆေးပင် မပါတာလဲ ... အမိန့်စာမှာ တစ်ခုခု လွဲနေတာလား ...”
ဆုလာဘ်များစွာ ရသော်လည်း ကျန်းရီသည် 'စိတ်ဝိညာဉ် အားဖြည့်ဆေးပင်' ဟူသော စကားလုံးများကို မကြားလိုက်ပေ။ နိုင်ငံအဆင့် ပြိုင်ပွဲတွင် သူဘာကြောင့် ဝင်ပြိုင်ခဲ့သနည်း ... စိတ်ဝိညာဉ် အားဖြည့် ဆေးပင်ကြောင့် မဟုတ်ပါလော ... သူသည် ဆုလာဘ် အားလုံးကို စွန့်ပစ်လိုက် နိုင်သော်လည်း စိတ်ဝိညာဉ် အားဖြည့်ဆေးပင် တစ်ခုကိုတော့ မစွန့်လွှတ် နိုင်ပါချေ။
ကျန်းရီ၏ ပြောကြားမှု အဆုံးတွင် စစ်သူကြီးများသည် မျက်နှာများ ပျက်သွားကြသည်။ ကျန့်ရီမင်နှင့် ချမ်ကွေ့သည်ပင် စိုးရိမ်တကြီးနှင့် ပလ္လင်ထက်သို့ လှမ်းကြည့်မိ လိုက်ကြသည်။ ထင်ထားသည့် အတိုင်း ရှားထင်ဟွေ့သည် ဒေါသ ထွက်နေခဲ့ပြီး အေးစက်စက် နှာမှုတ်လိုက်သည်။
"ရဲတင်းလိုက်တာ ...”
"အသက်မရှင်ချင် တော့တာလား ... ..”
"မောက်မာလိုက်တာ ...”
မှူးမတ်များသည် ချက်ချင်း ကျယ်ကျယ်လောင်လောင် ကြိမ်းမောင်း လိုက်ကြသည်။ စည်းမျဉ်းများကို မသိသော ကိစ္စ ပြီးသွားရုံပင် ရှိသေးသည်။ တော်ဝင် အမိန့်စာကို ဖတ်ကြားပြ ပြီးနောက် ကျန်းရီသည် ကျေးဇူးစကား မဆိုရုံတင် မကသေး၊ တော်ဝင်အမိန့်စာ မှားနေသည် ဟုပင် သံသယဝင် နေသေးသည်။ ဤသည်မှာ ရှားထင်ဝေ့၏ မျက်နှာအား ဖြတ်ရိုက်လိုက် သလိုပင်။
"ဒီလို သဘောမဟုတ်ပါဘူး ... မင်းကြီး ... ကျန်းရီမှာ စော်ကားလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး"
ကျန်းရီသည် ချက်ချင်း သဘောပေါက်သွားကာ ခါးကိုင်း၍ ရှင်းပြလိုက်သည်။
"ကျန်းရီက နဂါးစစ်သူကြီးဘွဲ့ အပါအဝင် ဆုလာဘ်တွေ အားလုံးကို စွန့်လွှတ်လိုက်လို့ ရပါတယ်၊ ဒါပေမဲ့ စိတ်ဝိညာဉ် အားဖြည့်ဆေးပင်က ကျွန်တော့်အတွက် အရမ်း အရေးကြီးပါတယ်။ မင်းကြီးက ကျန်းရီရဲ့ တောင်းဆိုချက်လေးကို ဖြည့်ဆည်းပေးဖို့ လျှောက်တင်ပါတယ်၊ ကျန်းရီက မင်းကြီးပေးတဲ့ ဘယ်တာဝန်ကို မဆို ထမ်းဆောင်ပြီး မသေမချင်း အမှုထမ်း သွားပါ့မယ်"
ရှားထင်ဟွေ့သည် ကျန်းရီ၏ တောင်းဆိုချက်ကို ကြားသည့်အခါ ပို၍ပင် ဒေါသ ထွက်သွားခဲ့သည်။ သူသည် စိတ်ဆိုးနေသည့် အမူအရာနှင့် နှာခေါင်းရှုံ့ လိုက်သည်။
"ဟမ့် ... မင်းက နဂါးစစ်သူကြီး ဘွဲ့ကိုတောင် မလိုချင်ဘူး ဟုတ်လား ... ဒီဘုရင်ရဲ့ ညီလာခံကို ကစားကွင်းလို့ ထင်နေတာလား ... ချမ်ကွေ့ ... ဒီကောင်ကို မင်းလက်အပ်ခဲ့မယ်၊ နောက်တစ်ခါ ဒီလို ထပ်ပြုမူရဲမယ် ဆိုရင် မင်းကို သေဒဏ်ပေးမယ် ...”
စကား ဆုံးသည်နှင့် ရှားထင်ဝေ့သည် နောက်ထပ် နှာမှုတ်လိုက်ကာ ကျန်းရီကို လှည့်ပင် မကြည့်တော့ဘဲ ထွက်ခွာ သွားခဲ့သည်။
"မင်းကြီးကို ပို့ဆောင်ပါတယ် ...”
အားလုံးသည် ဦးညွှတ်၍ မင်းကြီးအား ချက်ချင်း နှုတ်ဆက် လိုက်ကြသည်။ ကျန်းစွန်းယန်သည် ရှားထင်ဝေ့ ထွက်သွား ပြီးသည်အထိ စောင့်လိုက်သည်။ ပြီးမှ နှာခေါင်းရှုံ့ကာ ကျန်းရီကို ကြည့်လိုက်ပြီး လူတစ်စုကို ဦးဆောင်၍ ထွက်ခွာ သွားခဲ့သည်။ မှူးမတ်များနှင့် စစ်သူကြီးများသည်လည်း ခေါင်းယမ်း၍ သက်ပြင်းချကာ ထွက်ခွာ သွားကြသည်။ ကျန်းပိုင်လီကြောင့်သာ မဟုတ်လျှင် ကျန်းရီတွင် ခေါင်းဆယ်လုံး ပါနေလျှင်တောင် သေနေ လောက်ပြီမှန်း သူတို့ သိလေသည်။
"ငါ့ရဲ့ ဂုဏ်ယူစရာ တူလေး ...”
ချမ်ဝမ်ကွမ်ထက်ပင် ဝသေးသော ချမ်ကွေ့သည် လမ်းလျှောက်လာကာ ခါးသီးသော အပြုံးနှင့် စကားပြော လာခဲ့သည်။
"ငါကချမ်ကွေ့ ဝမ်ကွမ်ရဲ့အဖေ၊ ဒါက ကျန့်ရီမင် ကျန့်ဝူရွှမ်းရဲ့ အဖေ"
ကျန်းရီသည် စိတ်အခြေအနေ မကောင်းသော်လည်း ဤစီနီယာကြီးများကို မလေးမစား လုပ်၍ မဖြစ်သောကြောင့် အလျင်အမြန် ဦးညွှတ် နှုတ်ဆက်လိုက် ရသည်။
"ဒီတူလေးက ဦးလေး နှစ်ယောက်ကို နှုတ်ဆက်ပါတယ် ...”
ကျန့်ရီမင်သည်လည်း ခါးသီးသော အပြုံးနှင့် လျှောက်လာခဲ့သည်။
"ကျန်းရီ၊ မင်းရဲ့ စိတ်နေစိတ်ထားက မင်းအမေ အတိုင်း တစ်ပုံစံတည်းပဲ၊ ကောင်းပြီ ... အချိန်ရရင် ငါ့နေရာကို အလည် လာခဲ့ဦး။ အဘိုးကြီးချမ် ... ကျန်းရီနဲ့ စကားပြောလိုက်ဦး၊ ငါအရင် သွားနှင့်မယ်"
နန်းဆောင် တစ်ခုလုံးတွင် လူတစ်ယောက်မှ မရှိတော့ပေ။ ကျန်းရီသည် စိတ်လှုပ်ရှားစွာ ချမ်ကွေ့ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဦးလေးချမ် ... အဲဒီ စိတ်ဝိညာဉ် အားဖြည့်ဆေးပင် ...”
ချမ်ကွေ့သည် လက်ကာပြကာ သက်ပြင်းအသာ ချလိုက်သည်။
"အခုနေဦး ... လမ်းမှာ ပြောကြတာပေါ့ ...”
သူ နန်းဆောင်ထဲမှ ချမ်ကွေ့နှင့်အတူ ထွက်လာခဲ့ ချိန်တွင် ခမ်းနားလှသော ရထားလုံး တစ်စီး ဆိုက်ရောက် လာလေသည်။ ချမ်ကွေ့သည် ကျန်းရီကိုခေါ်၍ ရထားလုံးပေါ် တက်လိုက်သည်။ ရထားလုံး မောင်းနှင်သူသည် မြင်းကို ရိုက်လိုက်ပြီး ရထားလုံးအား နန်းတော် အပြင်ဘက် မောင်းနှင် လာလိုက်သည်။
နန်းတော်ထဲတွင် ရထားလုံး စီးနိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် ရှန်ဝူနိုင်ငံရှိ ချမ်ကွေ့၏ အဆင့်အတန်းကို မှန်းဆ နိုင်ပေသည်။
"ဦးလေး ...”
ရထားလုံးပေါ်တွင် ကျန်းရီသည် စိတ်လှုပ်ရှားစွာ စကား စလိုက်သည်။ ချမ်ကွေ့သည် လက်ကာပြကာ ကျန်းရီအတွက် လက်ဖက်ရည် တစ်ခွက် ထည့်ပေးပြီးမှ စကားစလာသည်။
"ငါသိတယ်၊ စိတ်ဝိညာဉ် အားဖြည့်ဆေးပင် ကိစ္စကို ... မင်းတစ်ယောက်ယောက်ကို ဆေးကုဖို့ အဲဒါ လိုနေတယ်၊ ငါအဲဒီအကြောင်းကို သိနေတာ ကြာပြီ။ အစက ရှန်ဝူနိုင်ငံရဲ့ ဆုလာဘ်တွေ ထဲမှာ စိတ်ဝိညာဉ် အားဖြည့်ဆေးပင် ပါခဲ့တယ်၊ ဒါပေမဲ့ တစ်ယောက်ယောက်က အဲဒါကို လဲလိုက်တယ်"
"ဘယ်သူ လုပ်ရဲတာလဲ ...”
ကျန်းရီ၏ လူသတ်ငွေ့တို့သည် ဓားအိမ်ထဲမှ ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည့် အလား ပေါ်ထွက် လာခဲ့သည်။
"အိမ်ရှေ့စံ ...”
ချမ်ကွေ့သည် ခေါင်းယမ်းကာ သက်ပြင်းချ လိုက်သည်။
"အိမ်ရှေ့စံရဲ့ ကြင်ရာတော်ကို သွားခေါ်မယ့် အစောင့်အကြပ်တွေက မနက်ဖြန် ထွက်ခွာ ကြလိမ့်မယ်၊ သူတို့က လက်ဖွဲ့ ပစ္စည်းတွေလည်း ယူသွားကြမှာ၊ အိမ်ရှေ့စံက ရုတ်တရက် စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို ထည့်ပေးဖို့ ပြောခဲ့တယ် ... မင်းကြီးကလည်း မငြင်းလိုက်ဘူး၊ နိုင်ငံအဆင့် ပြိုင်ပွဲမှာ မင်းလုပ်ခဲ့တာတွေက သက်သေ မရှိပေမဲ့လို့ မင်းကြီးက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်ဘူး၊ ဒါကြောင့် မင်း စိတ်ဝိညာဉ် အားဖြည့် ဆေးပင်ကို တကယ် လိုချင်နေတယ် ဆိုရင်တောင် မျှော်လင့်ချက် မရှိဘူး"
***