အခန်း (၈၂၆-၈၃၀)
Vol. 34 Ch. 826-830
နတ်သားရဲမလေးရဲ့ ကမ္ဘာသစ် Book-34
အခန်း(၈၂၆) ချင်းမိသားစုမှာ မဟာမိတ်တွေ အများကြီး ရှိနေတာကိုး
လင်းယုရှန်း စိတ်မပူစေဖို့အတွက် ချူးဟမ့် ရှင်းပြလိုက်ခြင်းဖြစ်သည်။
ထိုကိစ္စက တကယ်ပဲ လျှို့ဝှက်ချက် မဟုတ်ပါ။ ချူးဟမ့်၏ သတင်းရင်းမြစ်များကသာ နောက်ကျနေတာဖြစ်သည်။
လင်းယုရှန်း သတိပေးလိုက်သည်။ “ချင်းမိသားစုနဲ့ ရှင် ပြိုင်ဆိုင်နေမှန်း ကျွန်မသိတယ်။ သူတို့အပေါ် ဘာမှ အကောက်ကြံဖို့ မစဉ်းစားနဲ့။ ကိုယ့်အလုပ်ကိုယ်သာ အာရုံစိုက်။ ချင်းမိသားစုကို ဆက်တိုက် ဒုက္ခပေးနေစရာအကြောင်း ဘာမှမရှိဘူး”
“ကိုယ်သိပါတယ် ဒါပေမယ့် ဒါက စီးပွားရေး ပြိုင်ဆိုင်မှုလေ။ စီးပွားရေး ပြိုင်ဆိုင်မှုဆိုတာ သာမန်ပဲ။ တခြားသူတွေနဲ့ ယှဉ်ပြိုင်ချင်စိတ်မရှိဘဲ ကိုယ့်လုပ်ငန်းကို ကြီးပွားအောင် မလုပ်ချင်ဘူးဆိုရင် အဲ့ဒီလူက ရည်မှန်းချက် မရှိတာပဲ ဟုတ်တယ်မလား”
လင်းယုရှန်းက စီးပွားရေးအရ ပြိုင်ဆိုင်မှုကို မကန့်ကွက်လိုပါ။ သူမက စီးပွားရေးသမားမဟုတ်သော်လည်း စီးပွားရေး လောကဆိုတာ စစ်မြေပြင်လိုဖြစ်မှန်းတော့ သိပါသည်။
“ချင်းမိသားစုရဲ့ အနောက်မြောက်ပိုင်းပရောဂျက်မှာ ရင်းနှီးမြှုပ်နှံသူတွေ အများကြီးရှိတယ်။ အရမ်းလည်း အဆင်ပြေ ချောမွေ့နေတယ်။ ချင်းမိသားစု လူရယ်စရာဖြစ်လာတာကို စောင့်နေတာဆိုရင်တော့ ရှင်မှားသွားပြီ။ ချင်းမိသားစု ကျရှုံးမှာ မဟုတ်ဘူး”
ချူးဟမ့် သိချင်နေသည့် အဖြေကို သိလိုက်ရသော်လည်း သူကြားချင်သည့် အဖြေ မဟုတ်ပါ။
“ချင်းမိသားစုဆီမှာ ရင်းနှီးမြှုပ်နှံတဲ့လူတွေက ဘယ်သူတွေလဲ”။ ချူးဟမ့် ထပ်မေးလိုက်သည်။
“ကျွန်မလည်း သိပ်မသိဘူး။ ကျွန်မသိတာဆိုလို့ ဟွော်မိသားစုရဲ့ အိမ်ခြံမြေလုပ်ငန်းခွဲနဲ့ အမေရိကမှာရှိတဲ့ ဗီမားနားတက္ကသိုလ်တို့က ချင်းမိသားစုနဲ့ လက်တွဲမယ်ဆိုတာပဲ သိတယ်။ ဒါပေမယ့် ချင်းမိသားစုမှာ တခြားပါတနာတွေ အများကြီးလည်း ရှိနေဦးမှာပါ”။ လင်းယုရှန်း ပြန်ဖြေလိုက်သည်။
“ဟွော်မိသားစုဟုတ်လား။ ဟွော်ချန်းယီက ချင်းမိသားစုနဲ့ အဲ့လောက်တောင် ပတ်သတ်တော့မှာပေါ့”။ ချူးဟမ့် စိတ်မထိန်းနိုင်ဘဲ လွှတ်ခနဲ မေးလိုက်မိပါသည်။
“အဲ့တာထူးဆန်းလို့လား။ ချင်းမိသားစုက အစွမ်းအစရှိပြီး ယုံလည်း ယုံကြည်ရတယ်လေ။ သူတို့အကြောင်း စီအီးအိုဟွော် နားလည်လို့ ဒီလို လက်တွဲတာ သာမန်ပဲ”။ လင်းယုရှန်းကတော့ ဘာမှ မအံ့ဩပါ။
သူမ မပြောရင်တောင် ချူးဟမ့် သိသင့်သည်။
ဟွော်မိသားစုက ချင်းမိသားစုနဲ့ တကယ်ပဲ လက်တွဲလိမ့်မည်ဟု ချူးဟမ့် ခန့်မှန်းမိပါသည်။ သို့သော် စိတ်ထဲမှာ လုံးဝ လက်မခံနိုင်ခဲ့ပါ။
ဟွော်ချန်းယီလို အဆင့်အတန်းမျိုးက အင်တာနေရှင်နယ် လုပ်ငန်းတွေကိုသာ အာရုံစိုက်မှာဖြစ်ပြီး ဟွာချန့်မြို့လို မြို့ငယ်တစ်ခုရှိ လုပ်ငန်းတွေကို စိတ်ဝင်စားမှာ မဟုတ်ဘူးဟုသာ ကိုယ့်ကိုယ်ကိုယ် ဖြောင်းဖြခဲ့သည်။
ထို့ကြောင့် အဖြစ်မှန်ကို ကြားလိုက်ရသောအခါ သူ ၂ ဆ အထိနာသွားလေသည်။
ဟွော်ချန်းယီလည်း ပါနေတာကိုး…။
ဟွော်ချန်းယီ၏ အကူအညီနဲ့သာဆို ချင်းမိသားစု ကုန်ကြမ်းလိုအပ်ချက်အတွက် စိတ်ပူစရာ လိုမှာ မဟုတ်တော့ပါ။
အရင်တစ်ခေါက်က ကျန်းထုံပြောခဲ့သည့် ချင်းမိသားစုကို ကုန်ကြမ်းဖြတ်တောက်မည့် အစီအစဉ်မှာလည်း ဟွော်မိသားစုကြောင့် ဟာသကြီးတစ်ခုလို ဖြစ်သွားပြီ ဖြစ်သည်။
“ပြီးတော့ အမေရိကမှာရှိတဲ့ ဗီမားနားတက္ကသိုလ်ဟုတ်လား။ သူတို့က ဘာလို့လဲ။ အမေရိကရဲ့ ထိပ်တန်း တက္ကသိုလ်ဖြစ်ပြီး ပညာရေးနယ်ပယ်မှာ ဘာမှ အခြေအမြစ်မရှိတဲ့ ကျောင်းတစ်ခုနဲ့ ဘာလို့ လာလက်တွဲရတာလဲ။ ပြီးတော့ ကျောင်းကိုတောင် မဆောက်ရသေးဘူး”
“အဲ့တာတော့ ကျွန်မလည်း မသိဘူး။ သူတို့လည်း ချင်းမိသားစုရဲ့ အစွမ်းအစနဲ့ ဂုဏ်သိက္ခာကို ယုံကြည်လို့ဖြစ်မှာပေါ့”။ လင်းယုရှန်းက စပ်စုတတ်သူမဟုတ်သဖြင့် အသေးစိတ်မသိပါ။
“မင်း နားကြားများ မှားတာလား။ တခြား တက္ကသိုလ်တစ်ခုခု မဖြစ်နိုင်ဘူးလား”။ ချူးဟမ့် ထပ်မေးလိုက်သည်။
“ဗီမားနားတက္ကသိုလ်ဆိုတာ သေချာပါတယ်။ ဗီမားနားတက္ကသိုလ်စစ်စစ်ကို ပြောတာ”။ လင်းယုရှန်း၏ အဖြေက တိကျ ပြတ်သားသည်။
ထိုအဖြေကို ကြားပြီးနောက် ချူးဟမ့်နဲ့ ချူးယန်ရှီတို့ နာကျင်သွားလေသည်။
ဒီလိုဖြစ်လို့ မရဘူးး! ဒီလိုဖြစ်လို့လုံးဝ မရဘူး!
ဒါသာ အမှန်ဆိုရင် ချင်းမိသားစုက ဒေဝါလီမခံရတဲ့အပြင် ပိုပြီးတောင် ကြီးပွားသွားလိမ့်မယ်!
လင်းယုရှန်း ခေတ္တရပ်တန့်သွားပြီး ထပ်ပြောလိုက်သည်။ “ကျွန်မလည်း ကျွန်မသိထားတဲ့ ပညာရေးနယ်ပယ်ထဲက ဆရာဆရာမတွေ၊ ပရောဖက်ဆာတွေ၊ ပညာရေးနယ်ပယ်က ပုဂ္ဂိုလ်တွေနဲ့ သခင်ကြီးချင်းတို့ကို မိတ်ဆက်ပေးထားတယ်”
“မင်းကပါ လင်းမိသားစုရဲ့ အဆက်အသွယ်တွေနဲ့ ချင်းမိသားစုကို ကူညီသေးတယ်ပေါ့။ မင်းဘာလို့…”
… … …
အခန်း(၈၂၇) ပြန်မွေးဖွားလာခဲ့တာ
ချူးဟမ့် ရုတ်တရက် ဆဲချင်သွားသော်လည်း ကံကောင်းစွာဖြင့် အချိန်မှီ နှုတ်ထိန်းနိုင်ခဲ့သည်။
“ဘာဖြစ်လို့လဲ”။ လင်းယုရှန်း မေးလိုက်သည်။
“ဘာ… ဘာမှမဖြစ်ပါဘူး”။ ချူးဟမ့် ဒေါသကို မျိုသိပ်လိုက်ပါသည်။
သူတို့သာ မစ္စတာမင် ပေးအပ်ထားသည့် တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ပါက သူတို့ကံကြမ္မာမှာ မတွေးဝံ့စရာ ဖြစ်သည်။
ထို့နောက် စားကောင်းသောက်ဖွယ်တွေကလည်း ချူးဟမ့်နဲ့ ချူးယန်ရှီတို့အတွက် အရသာ မရှိတော့ပါ။
သူတို့ရင်ထဲ ဗလောင်ဆူကာ စိတ်ဓာတ်ကျနေသည်။ ပါးစပ်ထဲက အစားအသောက်တွေလည်း ခါးသီးလာပြီး မျိုချရ ခက်နေပါသည်။
လင်းယုရှန်းကို နှုတ်ဆက်ပြီး ထွက်လာခဲ့တာတောင် ချူးဟမ့် ဘာမှ မစဉ်းစားနိုင်သေးပါ။
သူတို့ လမ်းဆုံးတစ်ခုကို ရောက်ရှိသွားသလို ခံစားလိုက်ရသည်။ သားအဖနှစ်ယောက် ကားပါကင်ဆီရောက်အောင် တိတ်တိတ်ဆိတ်ဆိတ် လမ်းလျှောက်လာခဲ့ကြသည်။
ကားဆီရောက်သွားသောအခါ ချူးဟမ့်က ဒရိုင်ဘာခုံမှာ ထိုင်လိုက်ပြီး ပုံမှန်ဆို ကားနောက်ခန်းမှာ ထိုင်တတ်သည့် ချူးယန်ရှီက ဒီနေ့တော့ ကားရှေ့ခန်းထဲ ဝင်ထိုင်လိုက်ပါသည်။
ချူးဟမ့် သမီးဖြစ်သူကို ဆူငေါက်ဖို့ လှည့်ကြည့်လိုက်သောအခါ ချူးယန်ရှီ၏ စူးရှ ထက်မြက်နေသော မျက်လုံးများကို မြင်လိုက်ရလေသည်။
ချူးယန်ရှီ၏ အကြည့်ကြောင့် ချူးဟမ့် ထိတ်လန့်သွားပါသည်။
“ရှောင်းရှီလေး ဘာဖြစ်လို့လဲ”။ ချူးဟမ့် လေသံကို အတတ်နိုင်ဆုံး ပျော့ပျော့ထားကာ မေးလိုက်သည်။
ချူးယန်ရှီ ခေါင်းမော့ကာ အဆိပ်အတောက်ပြည့်နေသော မျက်လုံးများဖြင့် ချူးဟမ့်အား စိုက်ကြည့်လိုက်သည်။
“ရှင့်ကို တော်တော် စိတ်ကုန်သွားပြီ”
သူမ၏ အသံက အသက် ၄ နှစ်အရွယ် ကလေးတစ်ယောက်လိုပဲ နူးညံ့နေပါသည်။ သို့သော် သူမနှုတ်မှ ထွက်လာသည့် စကားလုံးများနဲ့ အသံနေအသံထားတို့က လူကြီးတစ်ယောက်လိုပင်။
“ဘာပြောလိုက်တယ်”
“ရှင့်ကို စိတ်ကုန်နေပြီပြောတာ! ရှင်က တော်တော် အသုံးမကျတဲ့လူပဲ! အရာအားလုံး အစက ပြန်စခွင့်ရတာတောင် ဘာမှ အဖြစ်မရှိတဲ့လူတစ်ယောက် ဖြစ်နေတုန်းပဲ! ကျွန်မ စီစဉ်ထားသမျှ အကုန်လုံးကို ရှင်ဖျက်ဆီးပစ်တယ်! အခွင့် အရေးတွေ ဒီလောက် ပေးထားတာတောင် ကျွန်မတို့ မိသားစုကို ဖျက်ဆီးပစ်နိုင်တုန်းပဲ!”
ချူးယန်ရှီ အထိန်းအကွပ်မဲ့စွာ ချူးဟမ့်ကို မုန်းတီးကြောင်း ထုတ်ဖော် ပြောဆိုလိုက်လေသည်။
ချူးဟမ့် ထိတ်လန့်တုန်လှုပ်ကာ မျက်လုံးများ ပြူးကျယ်သွားလေသည်။
သူက ဉာဏ်ရည်မမြင့်ရင်တောင် သူ့သမီးတစ်ခုခု ထူးဆန်းနေတာကိုတော့ သိနိုင်ပါသည်။ သာမန် ၄ နှစ်သမီး တစ်ယောက်က ဒီလိုစကားတွေ ပြောမှာ မဟုတ်ပေ။
အခု သေချာပြန်စဉ်းစားကြည့်မှ ဒီကာလတစ်ခုလုံးမှာ သူ့သမီးအလွန်ရင့်ကျက်လာသလို ခံစားရသည်။
တစ်ခါတလေ သူမကို ဘာမှ မလုပ်ခိုင်းထားရင်တောင် မှန်ကန်သည့်အချိန်မှာ သူမစိတ်နဲ့သူမ ထလုပ်တတ်သည်။ ငိုသင့်သည့်အချိန်မှာ ငိုပြတတ်ပြီး ပြောသင့်သည့်စကားလုံးများကို သင်ပေးစရာမလိုအောင် ပြောတတ်သည်။
“အခြေအနေတွေ ဒီလောက်ထိ ဖြစ်လာမှတော့ ကျွန်မ ဘာမှ မဖုံးကွယ်ချင်တော့ဘူး! ကျွန်မက ပြန်မွေးဖွားလာတာ! အရင်ဘဝမှာ အသက် ၂၂ နှစ်အထိ အသက်ရှင်ခဲ့တယ်! ရှင့်ရဲ့ အသုံးမကျမှုတွေ၊ ကျရှုံးမှုတွေကို တစ်ဘဝစာ မြင်ခဲ့ရပြီးပြီ! မိသားစုရဲ့ စည်းစိမ်တွေကို လုံးဝ ပျောက်ကွယ်သွားတဲ့အထိ ရှင်ဖြုန်းတီးပစ်ခဲ့တယ်။ အဲ့တာကြောင့် ကျွန်မဘဝ စုတ်ပြတ်သွားပြီး အသေဆိုးနဲ့ သေခဲ့ရတာ!”
သူမ ပြန်လည်မွေးဖွားလာကြောင်းကို ချူးယန်ရှီ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။ အခုချိန်မှာ သူမ ဖုံးကွယ်ထားလည်း ဘာမှ ထူးတော့မှာ မဟုတ်ပေ။
“ဘာပြောလိုက်တယ်… ပြန်… ပြန်မွေးဖွားလာတာ ဟုတ်လား”။ ချူးဟမ့် လုံးဝ ကြက်သေသေသွားခဲ့သည်။
“ဟုတ်တယ်။ ပြန်မွေးဖွားလာတာ။ အဲ့စကားကိုတောင် နားလည်နိုင်စွမ်းမရှိဘူးလား။ ဆိုလိုတာက ကျွန်မ အရင်ဘဝတုန်းက အသေဆိုးနဲ့ သေခဲ့ရလို့ ကောင်းကင်ဘုံကတောင် မကြည့်ရက်ဘဲ ဘဝအသစ်တစ်ခု ပေးပြီး အစကနေ ပြန်စတင်ခွင့်ပေးခဲ့တာ!”
“ဒါ… ဒါပေမယ့် အဲ့တာတွေက ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာပဲ ရှိတာ မဟုတ်ဘူးလား”
“ရှင့်ဖာသာရှင် ယုံချင်ယုံ မယုံချင်နေ ကျွန်မက တစ်ဘဝစာ အသက်ရှင်ခဲ့ပြီးပြီ! အခုတော့ ဒုတိယအကြိမ်ပါ ထပ်ပြီး ရှုံးနိမ့်ရတော့မယ်! မွဲပြာကျမှုကို ပြန်ခံစားရတော့မယ်! အရင်ဘဝတုန်းက ကျွန်မတို့ မွဲပြာကျပြီး ဘယ်လိုဘဝမျိုးနဲ့ ဆက်နေခဲ့ရလဲ သိချင်လား။ အကြွေးရှင်တွေလက်ကနေ ရှင်နေ့တိုင်း ပြေးလွှားနေရတာ။ စုတ်ပြတ် မှောင်မိုက်နေတဲ့ အိမ်ငှား အခန်းကျဉ်းလေးထဲ ရှင်ပုန်းနေခဲ့ရတာ! အရက်သမားလုံးလုံးဖြစ်ပြီး တစ်နေကုန် အရက်ပုလင်း ပါးစပ်က မချနိုင်အောင် ဖြစ်ခဲ့ရတာ! အရက်သမား ဗိုက်ရွှဲကြီး၊ ဆံပင်မရှိတဲ့ ထိပ်ပြောင်ကြီး ဖြစ်သွားမှာ!”
အရင်ဘဝတုန်းက မိသားစုမွဲပြာကျပြီးနောက် ကြုံတွေခဲ့ရသည့် အဖြစ်အပျက်များကို ချူးဟမ့်သိအောင် ချူးယန်ရှီ တစ်ခုမကျန် ပြန်ပြောပြလိုက်သည်။
“တော်တော့! မပြောနဲ့တော့!”။ ချူးယန်ရှီကို ချူးဟမ့် အမြန်တားလိုက်သည်။ ထိုစကားတွေကို သူ ထပ်မကြားချင်တော့ပါ။
သူ့လို ဂုဏ်သရေရှိ စီအီးအိုချူးက အဲ့လို စုတ်စုတ်ပြတ်ပြတ်ဘဝမျိုး ရောက်သွားပါ့မလား။
… … …
အခန်း(၈၂၈) အပြန်အလှန် အပြစ်တင်ခြင်း
“ကျွန်မ ပါးစပ်ပိတ်လိုက်ရင် အဲ့တာတွေ ဖြစ်မလာတော့ဘူးလို့ ထင်နေတာလား။ အခု ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်စမ်းပါဦး။ ဒီလိုပုံစံမျိုးနဲ့ ကျွန်မတို့ ဘယ်လောက်ထိ ကြာရှည်ခံနိုင်မယ်ထင်လို့လဲ”။ ချူးယန်ရှီ မေးလိုက်သည်။
လင်းယုရှန်း ပြောခဲ့သလိုပဲ ချင်းမိသားစုမှာ တကယ်ပဲ အထောက်အပံ့တွေအများကြီးရှိနေမှန်း ချူးဟမ့်ရင်ထဲ ယုံကြည်နေပါသည်။
ဒီလိုသာဆို ချင်းမိသားစု ပြိုလဲသွားတာကို မြင်ချင်သည့် သူ့ဆန္ဒ ပြည့်ဝတော့မှာ မဟုတ်ပါ။ ဆန့်ကျင်ဘက်အနေဖြင့် ပြိုလဲသွားတာ သူကိုယ်တိုင်ပဲ ဖြစ်သွားနိုင်သည်။
သို့သော်လည်း ထိုအခြေအနေထိ မရောက်ဖူးသေးသဖြင့် ချူးဟမ့်က အမြဲတမ်း အခွင့်အရေးရှိသေးသည်ဟု တွေးကာ ထိုကဲ့သို့ ဆိုးဆိုးဝါးဝါး အခြေအနေထိ မရောက်နိုင်ဘူးဟု ခံယူခဲ့သည်။
သို့သော်လည်း အခုတော့ သမီးဖြစ်သူ၏ စကားကြောင့် သူအထိနာသွားခဲ့သည်။ သူသာ တကယ်တမ်း ဒေဝါလီ ခံသွားရလျှင် လမ်းဘေးရောက်ကာ အလွန်စုတ်ပြတ်သွားလိမ့်မည်။
ချူးယန်ရှီ ဆက်ပြောလိုက်၏။ “ကျွန်မ ကိုယ်တိုင် ခံစားခဲ့ရတာ…။ အဲ့လို ရွံစရာကောင်းတဲ့ အောက်တန်းစား ဘဝအကြောင်း စဉ်းစားလိုက်တိုင်း ကျွန်မတစ်ကိုယ်လုံး ကြက်သီးထပြီး တုန်ယင်လာတယ်! တစ်ချိန်တုန်းက ကျွန်မ အထင်သေးခဲ့တဲ့လူတွေရဲ့ လှောင်ပြောင်မှုကို ပြန်ခံရတာ… သူငယ်ချင်းတွေကို အကူအညီတောင်းပေမယ့် ဘယ်သူကမှ မကူညီခဲ့တာ… ကိုယ် လဲကျနေတုန်း ကူညီပေးမယ် မစဉ်းစားဘဲ လှောင်ပြောင်တဲ့လူတွေ၊ ဝေဖန်တဲ့လူတွေ၊ ထိုးနှက်တဲ့လူတွေနဲ့ ရင်ဆိုင်ခဲ့ရတာ!”
“အဲ့တာဆို… ငါတို့ ဘာလုပ်နိုင်ဦးမှာလဲ။ အခြေအနေတွေ ဒီလောက်ထိတောင် ဖြစ်လာပြီ။ ငါလည်း ငါလုပ်နိုင်တာ အကုန် လုပ်ပြီးပြီပဲ!”။ ချူးဟမ့် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
ထိုစဉ် ချူးဟမ့်စိတ်ထဲ အကြံတစ်ခုပေါ်လာပြီး ချူးယန်ရှီကို ကြည့်ကာ ပြောလိုက်သည်။ “နင်က ပြန်မွေးဖွားလာတာဆို။ အဲ့တာဆို နောက် နှစ်တွေထဲ ဘာဆက်ဖြစ်မလဲဆိုတာ သိပြီးသား မဟုတ်ဘူးလား။ စတော့ရှယ်ယာတန်ဖိုးတွေ တက်လာတာမျိုး၊ ဒါမှမဟုတ် ဘယ်လုပ်ငန်းတွေက ကြီးပွားလာမလဲ ဆိုတာမျိုး…!”
“ကျွန်မ…”။ ချူးယန်ရှီ စကားနင်သွားသည်။ “ကျွန်မ မသိဘူး!”
“ဘာလို့ မသိရမှာလဲ။ နင်ပြန်မွေးဖွားလာတာဆို။ အနည်းဆုံးတော့ အချက်အလက်တချို့ သိထားသင့်တယ် မဟုတ်ဘူးလား”
“ကျွန်မ မသိဘူးဆို မသိဘူးပေါ့!”။ ချူးယန်ရှီ ဒေါသတကြီး ပြန်ငေါက်လိုက်ပါသည်။
“အဲ့တာဆို ချင်းမိသားစုရဲ့ အနာဂတ်အကြောင်းကော သိလား။ အရင်ဘဝတုန်းက ချင်းမိသားစုနဲ့ ပတ်သတ်ပြီး ကြားခဲ့ရတာတွေ ရှိလား”။ ချူးဟမ့် ထပ်မေးလိုက်သည်။
“မသိဘူး မသိဘူးလို့! အရင်ဘဝတုန်းက ချင်းမိသားစုက ဘာမှ အရေးမပါတဲ့ မိသားစုပဲ! သေသင့်တဲ့လူတွေက သေပြီး တန်ဖိုးမဲ့ရမယ့် လူတွေက တန်ဖိုးမဲ့သွားတာပဲ! တစ်ယောက်မှ အသုံးမကျဘူး! ချင်းလောင်ယွင်တစ်ယောက်တည်း ပေကျင်းမှာ နာမည်ကြီးလာတာ။ ဒါပေမယ့် ကောင်းသော နာမည်ကြီးခြင်းမျိုးတော့ မဟုတ်ဘူး။ သူများတွေရဲ့ မယားငယ်လိုက်လုပ်ပြီး နာမည်ကြီးလာတာ!”
ဒီဘဝကျမှ ဘာကြောင့် အများကြီးပြောင်းလဲသွားရတာလဲဆိုတာ ချူးယန်ရှီလည်း မသိပါ။
သို့သော် သူမအဖေကတော့ အရင်ဘဝကလိုပဲ အသုံးမကျသည့် လူတုံးလူအဖြစ်နေဆဲပင်။ ဘာမှ မပြောင်းလဲပါ။
ချူးဟမ့် မျက်မှောင်ကြုတ်ကာ လှောင်ပြောင် သရော်လိုက်ပါသည်။ “အဲ့တော့ နင်ပြန်မွေးဖွားလာတယ်ဆိုတာ ဒီတိုင်း အခွံသက်သက် ပြန်မွေးဖွားလာတာပေါ့။ ဘာမှလည်း အသုံးမကျဘူး။ ဒါများ ငါ့ကို အသုံးမကျတဲ့လူလို့ စွပ်စွဲရဲတယ်ပေါ့”
“ကျွန်မက အသက် ၄ နှစ်သမီးခန္ဓာကိုယ်ထဲမှာလေ! ဘာလုပ်နိုင်မှာလဲ။ ရှင်က အသက် ၃၀ ကျော် လူကြီးတစ်ယောက် ဖြစ်နေတာ မဟုတ်ဘူးလား။ ရှင့်လုပ်ငန်းတွေ မအောင်မြင်တာ ရှင့်အပြစ်မဟုတ်ဘဲ ကျွန်မ အပြစ်ပေါ့ ဟုတ်လား”
“နင်က ၄ နှစ်သမီးဟုတ်လား။ နင့်ခန္ဓာကိုယ်ကပဲ ၄ နှစ်သမီးလေ နင့်ဦးနှောက်က ငါ့လောက်နီးပါး ဖွံ့ဖြိုးပြီးသားပဲမဟုတ်ဘူးလား”
“အရင်ဘဝတုန်းကသာ မိသားစုစည်းစိမ်တွေကို ရှင်မဖြုန်းတီးခဲ့ရင်၊ ကျွန်မ ပညာကောင်းကောင်းမသင်ဘဲ ရှင့်နောက်ကို လိုက်ခဲ့တာကြောင့်သာ မဟုတ်ရင် တက္ကသိုလ်ကောင်းကောင်း တက်နိုင်ပြီး ကျွန်မ ကံကြမ္မာကို ပြောင်းလဲနိုင်တဲ့ အသိပညာတွေ ရခဲ့မှာပဲ မဟုတ်ဘူးလား!”
သားအဖ နှစ်ယောက် အပြန်အလှန် အပြစ်ပုံချနေကြသည်။ အချိန်အတော်ကြာ ငြင်းခုံပြီးနောက် နှစ်ယောက်စလုံး အလွန် ဒေါသပေါက်ကွဲသွားပါသည်။
သို့သော် ပြဿနာတွေအတွက် အဖြေတော့ တစ်ခုမှ မရခဲ့ပါ။
“ဒါပေမယ့် ကျွန်မ စဉ်းစားနေတာ တစ်ခုရှိတယ်”။ ချူးယန်ရှီ ရုတ်တရက်ပြောလိုက်သည်။
“ဘာကိုလဲ”
“ပင်လယ်ဂါနိုးဒါးမားလေ”
“နင်အရင်ဘဝတုန်းက ပင်လယ်ဂါနိုးဒါးမားနဲ့ ပတ်သတ်ပြီး သိထားတာ ရှိလို့လား”။ ချူးဟမ့် မျက်လုံးများ ချက်ချင်း အရောင်တောက်သွားခဲ့သည်။
“ရှင်အော်တာ ခံလိုက်ရလို့ ပြန်မှတ်မိသွားတာ။ အရင်ဘဝတုန်းက ကျွန်မ အသက် ၁၅ နှစ် ၁၆ နှစ်အရွယ်မှာ ပင်လယ် ဂါနိုးဒါးမားနဲ့ ပတ်သတ်တဲ့ ကောလဟာလတစ်ခု ကြားဖူးတယ်။ ဒါပေမယ့် အဲ့အချိန်တုန်းက အဲ့ဒီဆေးပင်ကို လုမိသားစုကလည်း လိုက်ရှာနေတာ မဟုတ်တော့ ခေါင်းထဲ သိပ်မထားခဲ့ဘူး”
ယခင်ဘဝတုန်းက ဆရာကြီးရှုယီဆိုတာ ပေါ်မလာခဲ့ပါ။ သူမ ဆယ်ကျော်သက်အရွယ်မတိုင်ခင်မှာတင် ထိုအဘိုးကြီး သေဆုံးသွားခဲ့သည်။
“အဲ့ဆေးပင်ကို ငါတို့ဘယ်မှာရှာလို့ရလဲ မြန်မြန်ပြောစမ်း!”
… … …
အခန်း(၈၂၉) ပင်လယ်ဂါနိုးဒါးမား(၁)
ထိုဆေးပင်က သန်း ၁၀၀ တန်သည်။
လုမိသားစုက လုကျန်းယွီကို အလွန်တန်ဖိုးထားသဖြင့် သူတို့သာ ဈေးဆစ်နိုင်ပါက သန်း ၁၀၀ ထက် ပိုရနိုင်သည်။
“ဘာတွေ လောနေတာလဲ။ ကျွန်မ မှတ်မိတယ်ဆိုရင်တောင် အဲ့ဒါက နောက် ၁၀ နှစ်ကျော်မှ ဖြစ်လာမယ့် ကိစ္စလေ။ အခုချိန် အဲ့ဒီအပင် ပေါက်ရောပေါက်သေးရဲ့လားတောင် မသိဘူး!”
“မလောလို့ ဖြစ်မလားဟ။ ငါတို့ အရင်သွားရှာကြည့်ကြမယ်။ အခုချိန်ကတည်းက ပေါက်နေတာဆို ဘယ်လိုလုပ်မလဲ။ အဲ့တာဆို ငါတို့ သန်း ၁၀၀ လည်းရမယ် လုမိသားစုနဲ့လည်း ဆက်ဆံရေး အဆင်ပြေသွားမယ်! ဘယ်ဘက်ကကြည့်ကြည့် အရှုံးမရှိတဲ့ အခြေအနေပဲ”
“ကျွန်မသိပါတယ်။ ကျွန်မ သေချာ သွားရှာကြည့်မယ်။ ပြီးရင် အတည်ပြုပေးမယ်”။ ချူးယန်ရှီလည်း စိတ်လှုပ်ရှားနေပါသည်။
ထိုဆေးပင်ကို သူမ တကယ်ရှာနိုင်ပါက အခွင့်အရေး ရလာမည်ဖြစ်သည်။
--- --- ---
ဆရာကြီးရှုယီ၏ ဆေးကုသမှုကို အချိန်အတော်ကြာ ခံယူပြီးနောက် လုကျန်းယွီ၏ ကျန်းမာရေး အတော်လေး တိုးတက်လာပြီဖြစ်သည်။
အခုဆို လုကျန်းယွီ ကိုယ့်ဖာသာကိုယ် မတ်တပ်ရပ်ဖို့က ခက်ခဲသည့် ကိစ္စမဟုတ်တော့ပါ။
သို့သော်လည်း လမ်းလျှောက်ဖို့တော့ အထောက်အကူပစ္စည်းများကို လိုအပ်နေပါသေးသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒါ လုမိသားစုအတွက် ပျော်စရာကိစ္စဖြစ်သည်။
သခင်ကြီးလု အကြိမ်ကြိမ်မျက်ရည်ဝဲခဲ့ရပါသည်။
ဒီနေ့လည်း မြေးဖြစ်သူ လေ့ကျင့်ခန်းလုပ်နေတာကို ငေးကြည့်ရင်း သခင်ကြီးလု မျက်ရည်ဝဲနေပါသည်။
စူစူလေးနဲ့ ဆရာကြီးရှုယီတို့ လုအိမ်တော်ကို အတူတူ လာလည်ခဲ့ကြသည်။
လုကျန်းယွီ လေ့ကျင့်ခန်းလုပ်သည့် အခန်းထဲ ဝင်လာတာနဲ့တစ်ပြိုင်နက် သခင်ကြီးလု မျက်ရည်သုတ်နေတာကို မြင်သွားကြလေသည်။
“ဦးလေးလု ငိုနေတာလား” စူစူလေး မေးလိုက်သည်။
“ဟမ် မငိုပါဘူး မငိုပါဘူး”။ စူစူလေးတို့ ရောက်လာတာကိုမြင်ပြီး သခင်ကြီးလု မျက်ရည်တွေ အမြန်သုတ်လိုက်သည်။
ဆရာကြီးရှုယီက ညှာတာမှုကင်းမဲ့စွာ လှောင်ပြောင်လိုက်ပါသည်။ “ဟန်ဆောင်မနေစမ်းပါနဲ့။ ကျုပ်တို့ အကုန် မြင်တယ်”
“ဆရာကြီးရှုယီ ကျေးဇူးပြုပြီး ကျုပ်ကို မလှောင်ပါနဲ့။ ဒီအသက်အရွယ်မှာ ကျုပ်အတွက် ငြိမ်းချမ်းရာဆိုလို့ ဒီမြေးလေး တစ်ယောက်တည်း ရှိတော့တာ။ သူသာ ကျန်းကျန်းမာမာရှိရင် ကျုပ်ပျော်ရွှင်ပြီးသားပဲ”။ သခင်ကြီးလု ပြန်ပြောလိုက်ပါသည်။
“ဟုတ်ပါပြီ အပျော်လွန်မနေနဲ့ဦး။ ကျုပ်အရင်တစ်ခေါက် ပေးထားတဲ့ ဆေးညွှန်းထဲက ဆေးပစ္စည်းတွေ ရှာပြီးသွားပြီလား”။ ဆရာကြီးရှုယီ မေးလိုက်သည်။
ထိုဆေးညွှန်းအကြောင်း ကြားသောအခါ သခင်ကြီးလု အနည်းငယ် အခက်တွေ့သွားပါသည်။
အရင်အခေါက်တွေတုန်းက ဆရာကြီးရှုယီပေးသည့် ဆေးညွှန်းတွေ ဘယ်လောက်ပဲ ရှားပါးပါစေ သူရအောင် ရှာဖွေနိုင်ခဲ့သည်။
သို့သော် ထို ပင်လယ်ဂါနိုးဒါးမားဟု ခေါ်သည့် ဆေးပင်ကိုတော့ သူလုံးဝ မရှာနိုင်ခဲ့ပါ။ တခြားမိတ်ဆွေတွေကို မေးကြည့်ခဲ့သော်လည်း ဘယ်သူမှ မကြားဖူးသည့် အပင်ဖြစ်နေသည်။
ထို့ကြောင့် ပင်လယ်ဂါနိုးဒါးမား ယူဆောင်လာပေးနိုင်သူကို သန်း ၁၀၀ ဆုချမည်ဟု ဆိုကာ ကြေညာချက်ပင် ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း အခုချိန်ထိ ဘာသတင်းမှ မကြားရသေးပါ။
သခင်ကြီးလု၏ မျက်နှာကို ကြည့်ပီဲး ဆရာကြီးရှုယီ အဖြေကို သိလိုက်ပါသည်။
“ကြည့်ရတာ မျှော်လင့်ချက် မရှိဘူးနဲ့တူပါတယ်”။ ဆရာကြီးရှုယီက မအံ့ဩပေ။
ပင်လယ်ဂါနိုးဒါးမားဆိုသည်မှာ အစကတည်းက သာမန် ဆေးပင် မဟုတ်ပါ။ ထိုဆေးပင်အကြောင်း သိသူ အလွန် နည်းသည်။ မြင်ဖူးသူက ပိုနည်းသည်။ ရှာတွေ့နိုင်ချေကလည်း သုညနားပင် ကပ်နေပါသည်။
“ဆရာကြီးရှုယီ၊ အဲ့ဒီ ဆေးပင်တစ်ခုတည်း မရှာနိုင်ရင်တောင် တခြား ဆေးပင်တွေအစားထိုးပြီး ကုသလို့ မရဘူးလား”။ သခင်ကြီးလု မေးမြန်းလိုက်သည်။
“ပင်လယ်ဂါနိုးဒါးမားကို အစားထိုးနိုင်တဲ့ ဆေးပင်ဆိုတာ မရှိဘူး”။ ဆရာကြီးရှုယီ အမှန်အတိုင်း ပြန်ဖြေလိုက်ပါသည်။ “တကယ် ရှာမတွေ့ဘူးဆိုရင် တခြားဆေးပင်တွေကို အစားထိုးပြီး ကျုပ်ရဲ့ ဆေးပညာအစွမ်းနဲ့ အာနိသင် ဆင်တူတဲ့ ဆေးတစ်မျိုးပဲ ဖော်ဆပ်ပေးနိုင်မယ်။ ဒါပေမယ့် ပင်လယ်ဂါနိုးဒါးမားရဲ့ အာနိသင်ကိုတော့ ခြေဖျားတောင် မှီမှာ မဟုတ်တာ သိထားပါ”
“အာနိသင်က ဘယ်လောက်တောင် ကွာခြားလို့လဲ။ ကျုပ်မြေးလေး လမ်းကော ပြန်လျှောက်နိုင်ပါ့မလား”။ သခင်ကြီးလု စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
--- --- ---
အခန်း(၈၃၀) ပင်လယ် ဂါနိုးဒါးမား (၂)
ယခင်တုန်းက ထိုအချက်ကို သခင်ကြီးလု မစဉ်းစားခဲ့ဖူးပါ။ သူ့ရဲ့ စည်းစိမ်ချမ်းသာတွေ၊ အဆက်အသွယ်တွေနဲ့သာဆို ဘယ်လို ရှားပါးဆေးပင်မျိုးကိုမဆို ရှာဖွေနိုင်သည်ဟု ယုံကြည်မှုလွန်ကဲခဲ့တာကြောင့် ဖြစ်သည်။
ထို့ကြောင့် အမှန်တရားက သူ့ကို ပိုမို အထိနာစေခဲ့သည်။ အရံအစီအစဉ်လည်း ချမထားမိခဲ့ပါ။
“အဲ့ဒီ ဆေးပင်ကို ရှာမတွေ့ဘူးဆိုရင် ခင်ဗျားရဲ့ မြေး ခြေထောက်တွေ ပြန်ကောင်းလာရင်တောင်် အလွန်ဆုံး လမ်းကို ခက်ခက်ခဲခဲ ဖြေးဖြေးနှေးနှေးပဲ လျှောက်နိုင်တဲ့ ဒုက္ခိတပဲ ဖြစ်မှာ။ သာမန်လူကောင်းတစ်ယောက်လို လမ်းလျှောက်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး”
ဆရာကြီးရှုယီ၏ အဖြေက အလွန်ပွင့်လင်းသည်။
လုကျန်းယွီကို ဒီလို မတ်တပ်ပြန်ရပ်နိုင်အောင် ကုသပေးနိုင်တာနဲ့တင် အလွန်အံ့အားသင့်ဖို့ကောင်းနေပါပြီ။
သာမန်လူတစ်ယောက်လို လမ်းပြန်လျှောက်နိုင်စေဖို့က သူ့ဆေးပညာအစွမ်းတစ်ခုတည်းနဲ့ မစွမ်းဆောင်နိုင်တော့ပါ။
ပင်လယ်ဂါနိုးဒါးမားကို မရှိမဖြစ် လိုအပ်လာပြီဖြစ်သည်။
ဆရာကြီးရှုယီက ထပ်ပြောလိုက်သည်။ “ဒါပေမယ့် အဲ့လို ဒုက္ခိတဖြစ်ရတာ သိပ်တော့မဆိုးပါဘူး။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးရင် ကြွက်သားတွေ ပြန်သေမှာ မဟုတ်ဘူး”
“မရဘူး! မျှော်လင့်ချက် နည်းနည်းလေးပဲ ရှိရင်တောင် ကျန်းယွီလေး လမ်းပြန်လျှောက်နိုင်စေရမယ်။ သူဒီလောက်ထိ ကြိုးစားခဲ့ရတာ။ သူရဲ့ အကန့်အသတ်က ဒီလောက်ထိပဲ ရှိတာကို သိလိုက်ရရင် ဘယ်လောက် ဝမ်းနည်းသွားလိုက်မလဲ!”
သခင်ကြီးလုက ဒီလို လုံးဝ ဖြစ်ခွင့်မပေးနိုင်ပါ။
“အဲ့တာဆိုလည်း ကံကောင်းပါစေ”။ ဆရာကြီးရှုယီ စိတ်မပါ လက်မပါ အားပေးလိုက်ပါသည်။
လုကျန်းယွီ၏ အခြေအနေကို သူသိပ်ဂရုမစိုက်ပါ။ စူစူလေးနဲ့ ပတ်သတ်တာ မဟုတ်သရွေ့ ဘယ်သူပဲ သေသေရှင်ရှင်၊ ဒုက္ခိတဖြစ်ဖြစ် အရေးမကြီးပေ။
သခင်ကြီးလုကို ညွှန်ကြားစရာရှိတာ ညွှန်ကြားပြီးနောက် စူစူလေးဘက်သို့ ဆရာကြီးရှုယီ ပြန်လှည့်သွားခဲ့ပါသည်။
သခင်ကြီးရှုယီ စကားနေပြောနေစဉ် စူစူလေးက လုကျန်းယွီဘေးကို ရောက်နေပြီ ဖြစ်သည်။
လုကျန်းယွီ လေ့ကျင့်ခန်းလုပ်တာ အချိန်ကြာနေပြီဖြစ်သဖြင့် အားတွေ ကုန်ခမ်းနေမှန်း သိသာပါသည်။
သံတိုင်နှစ်ဖက်ကို ကိုင်ထားရသည့် သူ့လက်တွေ တဖြည်းဖြည်း ပြေလျော့လာပြီး ခန္ဓာကိုယ်က ယိမ်းယိုင်နေကာ စိတ်ပူစရာကောင်းသည်။
စူစူလေး အပြေးရောက်လာပြီး လုကျန်းယွီ၏ ခန္ဓာကိုယ်ကို ကူထိန်းပေးလိုက်သည်။
“ဘာမှမဖြစ်ဘူး။ နည်းနည်းလောက် ထပ်လေ့ကျင့်ဦးမယ်”။ လုကျန်းယွီက ဘေးက ဘယ်သူဘယ်ဝါမှန်းတောင် မကြည့်ပါ။ သူလဲကျသွားမည်စိုးသဖြင့် အိမ်စေတစ်ယောက် လာထိန်းပေးသည်ဟုသာ ထင်သွားပါသည်။
“ကိုကြီး လေ့ကျင့်လို့ မရတော့ဘူး”
“စူစူလေးလား”
စူစူလေး၏ အသံကိုကြားမှ လုကျန်းယွီ လှည့်ကြည့်လိုက်ပြီး စူစူလေး၏ မျက်နှာကို မြင်သွားပါသည်။
“ကိုကြီး ဒီလို လေ့ကျင့်လို့ မရဘူး။ လေ့ကျင့်တာလည်း အကန့်အသတ်နဲ့ လေ့ကျင့်ရတယ်လို့ ဦးလေးပိုင်ဟူကျစ်က ပြောတယ်။ အရမ်းလေ့ကျင့်လွန်းရင်လည်း မကောင်းဘူးတဲ့”။ ဦးလေးပိုင်ဟူကျစ်၏ စကားကို စူစူလေး မှတ်မိပါသည်။
“မဟုတ်သေးပါဘူး။ နေ့တိုင်း မိနစ် ၂၀ လောက် လေ့ကျင့်ခန်း အပိုလုပ်ရမယ်လို့ ကိုကြီးကို သူပြောခဲ့တာ…”။ ဆရာကြီး ရှုယီ၏ စကားဖြစ်တာကြောင့် လုကျန်းယွီ ဒီလို အပင်ပန်းခံနေရခြင်း ဖြစ်ပါသည်။
“ကိုကြီး အလောမကြီးပါနဲ့။ ပြန်ကောင်းလာမှာပါ။ အဲ့လောက် အပင်ပန်းခံစရာ မလိုဘူး”။ စူစူလေး ဆုံးမလိုက်လေသည်။
“မဟုတ်ဘူး စူစူလေး။ ကိုကြီး ရေသာခိုလို့ မဖြစ်ဘူး။ ပြီးတော့ ကိုကြီး ပင်လည်း မပင်ပန်းပါဘူး။ အခု နေလို့တောင် ကောင်းတယ်”။ လုကျန်းယွီ ရှင်းပြလိုက်သည်။
အခုချိန်မှာ လုကျန်းယွီ အနာဂတ်အတွက် မျှော်လင့်ချက်များ ပြည့်ဝနေချိန်ဖြစ်သည်။
သူလမ်းလျှောက်ပြေးလွှားနိုင်မည့် အချိန်ကို မစောင့်နိုင်တော့ပါ။
စူစူလေး မျက်တောင် တဖျပ်ဖျပ်ခတ်လိုက်သည်။
သူမစိတ်ပူနေတာ မှန်သော်လည်း ကိုကြီးပြောတာ မမှားပေ။ သို့သော် ဦးလေးပိုင်ဟူကျစ် ပြောတာလည်း မမှားလောက်ပါ။
“စူစူလေး ကိုကြီး ကတိပေးပါတယ်။ ကိုကြီး ဒီလေ့ကျင့်ခန်းတွေကို လုပ်နိုင်တဲ့အချိန်ထိပဲလုပ်မှာ။ ကိုကြီး အရမ်း ပင်ပန်းလာရင် ရပ်လိုက်ပါ့မယ် ဟုတ်ပြီလား”။ လုကျန်းယွီ ထပ်ပြောလိုက်ပါသည်။
“အွန်း အာ့ဆိုလည်း ပြီးရော! ကိုကြီး ကြိုးစားထား! သမီး ဒီမှာနေပြီး အဖော်လုပ်ပေးမယ်။ ကိုကြီး ပင်ပန်းသွားရင် သမီးကိုပြော။ သမီး ချီပြီး လိုက်ပို့ပေးမယ်!”
ကိုကြီးက မပင်ပန်းဘူးဟု ဆိုသဖြင့် သူမ ကျိန်းသေပေါက် အားပေးပါမည်။
“ဟုတ်ပါပြီ”။ လုကျန်းယွီ အပြုံးဖြင့် ခေါင်းငြိမ့်လိုက်သည်။
စူစူလေးက အလွန်ချစ်ဖို့ကောင်းပါသည်။ သူ့ကို ဂရုစိုက်သည်။ အားပေးအားမြှောက်ပြုသည်။ သူမ ကူညီနိုင်သည့် နည်းလမ်းဖြင့် ကူညီပေးသည်။
သို့သော် သူ့ကို မင်းသမီးလေးတစ်ပါးလို ပွေ့ချီတတ်တာကိုတော့ သိပ်သဘောမကျလှပေ…
… … …