← Chapters

အခန်း (၈၃၁-၈၃၅)

Vol. 34 Ch. 831-835

အခန်း (၈၃၁-၈၃၅)

Vol. 34 Ch. 831-835

အခန်း(၈၃၁) စူစူလေးက ဆရာမင်ကို တကယ် သဘောကျတာလား

စူစူလေးကလည်း အလကား မနေခဲ့ပါ။ လုကျန်းယွီ လေ့ကျင့်ခန်းလုပ်နေစဉ် သူမလည်း အနီးနားရှိ ဆိုဖာလေးတစ်ခုပေါ် ထိုင်လိုက်သည်။

တင်ပလ္လင်ခွေကာ ထိုင်လိုက်ပြီး မျက်လုံးတွေမှိတ်ကာ အတွေးများကို ရှင်းလင်းလျက် ထန်ထိုက်မင် သင်ပေးထားသည့် နည်းလမ်းအတိုင်း လိုက်နာခဲ့ပါသည်။

လုကျန်းယွီ လေ့ကျင့်ခန်းလုပ်ပြီးနောက် အိမ်စေတစ်ယောက်၏ အကူအညီဖြင့် ဝှီးချဲပေါ်ပြန်ထိုင်ခဲ့သည်။ ထို့နောက် စူစူလေးထံ ရောက်လာခဲ့ပါသည်။

စူစူလေး ထိုင်နေသည့်ပုံစံကို မြင်ပြီး လုကျန်းယွီ ကြောင်စီစီဖြစ်သွားသော်လည်း မနှောင့်ယှက်ခဲ့ပါ။

၁၀ မိနစ်ခန့်ကြာမှ စူစူလေး မျက်လုံး ပြန်ပွင့်လာသည်။

“ကိုကြီး ပင်ပန်းနေပြီလား”

ဘေးမှာ လုကျန်းယွီရပ်ကြည့်နေတာကို မြင်သောအခါ စူစူလေး မအံ့ဩခဲ့ပါ။ သူမ မျက်လုံးတွေ မှိတ်ထားခဲ့သော်လည်း ကိုကြီးနဲ့ အခန်းထဲက လူတွေအားလုံးရဲ့ လှုပ်ရှားမှုတိုင်းကို “မြင်”နိုင်သည်။

“မပင်ပန်းပါဘူး”။ လုကျန်းယွီ ပြန်ဖြေလိုက်သည်။ “စူစူလေး ခုနက ဘာလုပ်နေတာလဲ။ အနားယူနေတာလား”

“အာရုံစိုက်နိုင်အောင် လေ့ကျင့်နေတာလေ! ဆရာမင် သင်ပေးထားတာ! အရမ်း အသုံးဝင်တယ်!”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။

ဆရာမင်တဲ့…

စူစူလေး မကြာခဏ ပြောပြတတ်တဲ့ မူကြိုဆရာပဲ။

ထိုမူကြိုဆရာက စူစူလေးကို ထူးဆန်းသည့်အရာတွေပဲ အမြဲတမ်း သင်ပေးတတ်သည်။

အရင်တစ်ခေါက်က စူစူလေးကို ဂေါ်လီလုံးနဲ့ ကစားနည်း သင်ပေးခဲ့ပြီး ဒီတစ်ခေါက်လည်း တရားထိုင်နည်း သင်ပေးခဲ့ပြန်သည်။

ဒါတွေက ကလေးတစ်ယောက်ကို သာမန်မူကြိုဆရာတစ်ယောက် သင်ပေးမည့် အရာတွေ မဟုတ်ပါ။

အထူးဆန်းကြီးမဟုတ်သော်လည်း လုကျန်းယွီရင်ထဲ တစ်ခုခု ခံစားမိသည်။

“ဆရာမင်ကို စူစူလေးက အရမ်းသဘောကျတာပဲလား”။ လုကျန်းယွီမေးလိုက်သည်။

“သာမန်ပါပဲ။ အရမ်းကြီးလည်း သဘောမကျဘူး၊ အရမ်းကြီးလည်း မမုန်းဘူး”။ စူစူလေး ပြန်ဖြေလိုက်သည်။

“အဲ့တာတွေ သင်ရတော့ စူစူလေး နေရခက်တာမျိုးရှိလား”။ လုကျန်းယွီ ထပ်မေးလိုက်သည်။

“ဟင့်အင်း နေလို့အရမ်းကောင်းတယ်! ဒီလို ခဏလောက် ထိုင်လိုက်တိုင်း သမီး အားအင်တွေ ပြည့်ဝသွားသလို ခံစားရတယ်!”

စူစူလေး၏ အဖြေကြောင့် လုကျန်းယွီ အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရသည်။

သို့သော် ဘာက ထူးဆန်းသလဲဆိုတာ လုကျန်းယွီ ထောက်မပြတတ်ပါ။

“စူစူလေး တစ်ယောက်တည်းရှိနေတဲ့အချိန် သတိထားနော်။ ပြဿနာတစ်ခုခုဖြစ်လာရင် ဟဲပေမူကို ပြောပြီး အကူအညီ တောင်းလိုက် ကြားလား”။ လုကျန်းယွီ သတိပေးလိုက်သည်။

“အွန်း”။ စူစူလေး ပြန်ဖြေလိုက်သည်။ ခုတလော သူမရဲ့ ဘော်ဒီဂတ်လေးက လိမ္မာနေပါသည်။ ဟူကျစ်ကလည်း သဘောကျသလို သူမလည်း အနည်းငယ် သဘောကျပါသည်။

--- --- ---

စူစူလေးက မြို့နယ်အဆင့် ပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်ရမှာဖြစ်သည်။ လက်ချောင်းလေးတွေ ပိုမိုထိန်းချုပ်တတ်အောင် သင်ပေးသည့်အပြင် ထန်ထိုက်မင်က စူစူလေးကို တခြား ပြင်ပ အားကစားများလည်း သင်ပေးခွင့်ရဖို့ ချင်းမိသားစုအား တောင်းဆိုခဲ့သည်။

ထိုတောင်းဆိုချက်ကို ကြားသိခဲ့ရပြီးနောက် ချင်းမိသားစုဝင်များ Group Chat ထဲ ဆွေးနွေးခဲ့ကြသည်။

သူတို့အားလုံး ခုတလော အလုပ်များနေကြသဖြင့် စူစူလေးကို အချိန်သိပ်မပေးနိုင်ခဲ့ပါ။

သို့သော်လည်း ဘယ်လောက်ပဲ အလုပ်များနေပါစေ စူစူလေးကို လျစ်လျူရှုထားလို့ မဖြစ်ပေ။

စူစူလေးက ပြိုင်ပွဲဝင်ပြိုင်မှာဖြစ်သည်။ ထို့အပြင် မြို့နယ်အဆင့် ပြိုင်ပွဲလည်း ဖြစ်သဖြင့် အလွန်အရေးပါပါသည်။

သူတို့ ကျိန်းသေပေါက် အလေးထားရမည်။

ချင်းယုဟန်နဲ့ ချင်းယုကျီးတို့က သူတို့ဒေါ်လေး ဘာတွေလိုအပ်သလဲဆိုတာကို မေးမြန်းဖို့ တာဝန်ယူလိုက်သည်။ ထို့နောက် တခြားမိသားစုဝင်တွေကို ပြန်ပြောပါမည်။

“ဒေါ်လေးစူစူ!”။ ချင်းယုဟန်က စူစူလေး၏ စာကြည့်ခန်းထဲဝင်လာပါသည်။

စူစူလေးအလုပ်ရှုပ်နေတာကို မြင်သောအခါ ချင်းယုဟန် ပြောလိုက်သည်။ “စူစူလေး ဘာတွေလုပ်နေတာလဲ။ ကူညီပေးရမလား”

ပိုးကောင်တွေဖမ်းရတာ မဟုတ်သရွေ့ ချင်းယုဟန် အဆင်ပြေပါသည်။

“ပုံဆွဲနေတာ။ တူလေးက ဆွဲတတ်လို့လား”။ စူစူလေး မေးလိုက်သည်။

“ဆွဲတတ်တာပေါ့! ငါက ပုံဆွဲအရမ်းတော်တာ!”။ ချင်းယုဟန် ယုံကြည်ချက် အပြည့်ဖြင့်ပြောလိုက်သည်။

ချင်းယုကျီး မျက်စပစ်ကာ ဝင်ပြောလိုက်၏။ “သူပြောတာနားမထောင်နဲ့ ဒေါ်လေး။ သူပုံဆွဲတာ အရမ်းညံ့တယ်။ တစ်ခါမှ A+ မရဖူးဘူး”

“ညီခွေးလေးက ဘာတွေဝင်ပြောနေတာလဲ။ မင်းအစ်ကိုလတ် ဘယ်တုန်းက ပုံဆွဲညံ့ဖူးလို့လဲ။ မူကြိုမှာကတည်းက ငါပုံဆွဲအရမ်းတော်တာကွ!”။ ချင်းယုဟန် ပြန်ချေပလိုက်ပါသည်။

… … …

အခန်း(၈၃၂) စူစူလေးနဲ့ တစ်မိသားစုလုံး ပြေးလွှားခြင်း (၁)

“ဟား မင်းလေလုံးထွားနေတာပါကွာ”

“ဘာကို လေလုံးထွားရမှာလဲ။ စွပ်စွပ်စွဲစွဲနဲ့ကွာ! ငါမူကြိုတက်တော့ မင်းနို့စို့အရွယ်ပဲရှိသေးတယ်! ငါ့အကြောင်း မင်းဘာသိလို့လဲ”

ညီအစ်ကိုနှစ်ယောက် အကြောင်းအရင်းမရှိ ငြင်းခုံကြပြန်သည်။

ညီအစ်ကိုနှစ်ယောက် ငြင်းခုံနေကြတာကိုကြည့်ပြီး စူစူလေး သက်ပြင်းချလိုက်ပါသည်။

ဒေါ်လေးတစ်ယောက်ဖြစ်ရတာ ခက်ခဲလိုက်တာ… တူတွေက အရမ်းဆူညံပြီး လိမ်လည်း မလိမ္မာကြဘူး…။

စူစူလေး စာရွက်နဲ့ စုတ်တံတို့ကို ယူပြီး တခြားနေရာသို့ တိတ်တဆိတ်ထွက်သွားလိုက်ပါသည်။

ရင့်ကျက်သည့် ဒေါ်လေးတစ်ယောက်အနေဖြင့် တူဖြစ်သူတွေရဲ့ ငြင်းခုံမှုတွေကို လျစ်လျူရှုတတ်ရမည်။

စူစူလေး ထွက်သွားတာကို သတိထားမိသောအခါ ချင်းယုဟန်နဲ့ ချင်းယုကျီးတို့ ရုတ်တရက် ရပ်တန့်သွားကြပြီး စူစူလေးကို ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။

သူတို့ကို စူစူလေး ရှောင်ဖယ်သွားတာလား…

သူတို့ကို ကလေးဆန်တယ်လို့ စူစူလေး ထင်သွားတာများလား…

အဲ…

သူတို့ ဒီကို တာဝန်တစ်ခုနဲ့ လာခဲ့ကြတာဖြစ်သည်။ ထို့ကြောင့် ညီအစ်ကိုနှစ်ယောက် ငြင်းခုံနေတာ ရပ်လိုက်ကြပြီး စူစူလေးနား ထပ်မံချဉ်းကပ်သွားကြပြန်သည်။

ချင်းယုဟန် မေးလိုက်၏။ “ဒေါ်လေးစူစူ၊ ဒေါ်လေးစူစူ ပြိုင်ပွဲဝင်ပြိုင်ရမှာမို့လို့ လေ့ကျင့်ခန်းကူလုပ်ပေးရမယ်လို့ တူလေးတို့ကို ဒေါ်လေးစူစူရဲ့ ဆရာက မှာထားတယ်။ ဒေါ်လေးစူစူ ဘယ်လို လေ့ကျင့်ခန်း လုပ်ချင်လဲ”

“ဟုတ်တယ် ဟုတ်တယ်။ အတူတူ ထိုက်ချိလေ့ကျင့်ကြမယ်လေ”။ ချင်းယုကျီးကလည်း အကြံပေးလိုက်သည်။

သူတို့အဘိုးနဲ့အဘွား မနက်တိုင်း ထိုက်ချိလေ့ကျင့်ကြသည်။ တစ်ခါတလေ စူစူလေးတောင် ဝင်ပါတတ်သေးသည်။

“ဟင့်အင်း အဲ့တာလုပ်လို့ သန်မာလာမှာ မဟုတ်ဘူး။ ဒေါ်လေး ပိုသန်မာလာအောင် လုပ်ပေးနိုင်တဲ့ လေ့ကျင့်ခန်း လုပ်ချင်တာ”။

ထိုက်ချိလေ့ကျင့်ရတာ ပျော်ဖို့ကောင်းသော်လည်း လွယ်ကူလွန်းသည်။ သူမကို ပိုသန်မာလာစေမှာ မဟုတ်ပါ။

“ပိုသန်မာလာအောင် ဟုတ်လား…”။ ချင်းယုဟန် ခေတ္တစဉ်းစားလိုက်သည်။ “အဲ့တာဆို အပြေးလေ့ကျင့်ကြမယ်လေ!”

ချင်းယုဟန် နားလည်ထားသည့် သန်မာမှုဆိုတာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဖြစ်သည်။

သာမန်လူတွေအတွက် ခန္ဓာကိုယ် ပိုမို ကြံ့ခိုင်လာစေမည့် အကောင်းဆုံး နည်းလမ်းက ပြေးလွှားခြင်းသာဖြစ်သည်။

“အပြေးလေ့ကျင့်ရင် ပိုသန်မာလာမှာလား” စူစူလေး မေးလိုက်သည်။

“ဒါပေါ့”။ ချင်းယုဟန် သေချာစွာ အတည်ပြုလိုက်သည်။

“အဲ့တာဆို ပြေးမယ်!”။ နောက်ဆုံးတော့ သူမ ပိုသန်မာလာအောင် လုပ်နိုင်မည့် နည်းလမ်းတစ်ခု ရှာတွေ့ခဲ့လေပြီ။

စူစူလေး သဘောတူလိုက်တာကိုမြင်ပြီး ချင်းယုကျီး အမြန်ဝင်ပြောလိုက်ပါသည်။ “အဲ့တာဆို ငါနဲ့အတူတူပြေးမယ်!”

ချင်းယုဟန်ကိုပဲ တချိန်လုံး အခွင့်အရေးပေးလို့မဖြစ်ပါ။

ထို့အပြင် တခြားကိစ္စတွေမှာ သူလေလုံးမထွားနိုင်တောင် အပြေးအလွှားကဏ္ဍမှာတော့ အိမ်တွင်အောင်းဖြစ်သည့် သူ့အစ်ကိုလတ်ထက် ကျိန်းသေပေါက် ပိုပြေးနိုင်ပါလိမ့်မည်။

“ဟုတ်ပြီ! တူလေးလည်း လိုက်ခဲ့!”။ စူစူလေး ပြောလိုက်ပါသည်။

ဒါကိုကြားတော့ ချင်းယုဟန် အကြံပေးလိုက်လေသည်။ “အဲ့တာဆို စူစူလေးနဲ့ အတူတူ ပြေးချင်တဲ့သူရှိလားလို့ တခြား မိသားစုဝင်တွေကိုပါ မေးလိုက်မယ်လေ။ အဘိုးနဲ့ အဘွားတို့ကိုလည်း ခွင့်တောင်းရင်းနဲ့ပေါ့”

“ကောင်းတယ်။ ငါအခုပဲ Group Chat ထဲမှာ မေးကြည့်လိုက်မယ်”

ချင်းယုကျီး ပြုံးလိုက်သည်။ သက်လုံပိုင်းအရဆို တစ်မိသားစုလုံးမှာ သူက ဒုတိယဖြစ်သည်။ စူစူလေးကတော့ ပထမဆိုတာ သံသယဖြစ်စရာမရှိပါ။

တခြားသူတွေလည်း အတူတူပြေးကြပါက သူ အားလုံးကို အနိုင်ယူပြီး အတော်ဆုံး တူလေး ဖြစ်လာနိုင်သည်။

မိသားစု Group Chat ထဲသို့ ချင်းယုကျီး မက်ဆေ့တစ်စောင် ပို့လိုက်ပါသည်။ [အဘိုးနဲ့ အဘွား၊ ဒေါ်လေးက အပြေးလေ့ကျင့်ချင်လို့တဲ့။ အစ်ကိုလတ်နဲ့ ကျွန်တော်လည်း သူနဲ့အတူ ပြေးမလို့။ အဆင်ပြေတယ်မလား]

အဘိုးချင်းနဲ့ အဘွားချင်း စာမပြန်နိုင်ခင် ချင်းယန်ကျစ်က ချက်ချင်း စာပြန်လေသည်။

ချင်းယန်ကျစ် : [ဘာလဲကွ၊ ငါ့ညီမလေးက အပြေးလေ့ကျင့်ချင်တယ်ဟုတ်လား။ ပြေးတာ လွှားတာ ဒီလောက် ပင်ပန်းတာကို။ ငါ့ညီမလေးက ဒီလောက် ပျော့ပြောင်းပြီး နူးညံ့တာ ဘယ်လိုလုပ် ပြေးနိုင်မှာလဲ။ ရှောင်ကျီး ပြဿနာ မရှာနဲ့နော်။ မင်းဒေါ်လေးနဲ့ အရုပ်ဆက်တန်း ကစားရရင် တော်ပြီပေါ့]

ရှောင်ပေပေ : [ရှောင်ကျီး ပေါက်ကရတွေ လျှောက်မလုပ်နဲ့နော်။ နင်တို့ ယောက်ျားလေးတွေက ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်တာ ကောင်းပေမယ့် စူစူလေးက မိန်းကလေးလေ၊ ပြီးတော့ ငယ်ငယ်လေးပဲ ရှိသေးတာ။ အပင်ပန်း မခံသင့်ဘူး။ ပြေးလွှားတယ်ဆိုတာ အရမ်းပင်ပန်းတဲ့ အလုပ်ပဲ။ ငါတို့စူစူလေးအတွက် မသင့်တော်ဘူး]

ဦးလေးအလတ်နဲ့ ဒေါ်လေးဖြစ်သူတို့ကြောင့် ချင်းယုကျီး ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။

သူတို့အမြင်မှာ ပြေးလွှားတာက ဘယ်လောက်တောင် ပင်ပန်းစရာကောင်းနေတာလဲ။

… … …

အခန်း(၈၃၃) စူစူလေးနဲ့ တစ်မိသားစုလုံး ပြေးလွှားခြင်း (၂)

အဘွားချင်း : [ယန်ကျစ်နဲ့ ပေပေတို့ အဲ့လောက် အဖြစ်သည်းမနေစမ်းပါနဲ့။ စူစူလေးက အဲ့လောက် မပျော့ညံ့ဘူး။ သူ ပြေးချင်တယ်ဆို ပြေးပါစေ။ လေ့ကျင့်ခန်းလုပ်တာ ကျန်းမာရေးတောင် ကောင်းသေးတယ်]

အဘိုးချင်း : [မင်းတို့အမေပြောတာ မှန်တယ်]

ချင်းယန်ကျစ် : [အဖေနဲ့အမေ စူစူလေး ပြေးလွှားရင်း ချွေးတွေပြန်နေမှာကို ကြည့်ရက်တယ်ပေါ့။ ဒီလောက် ပင်ပန်းတာကို…။ လျှောစီးတာတို့ ဘာတို့ပဲ လုပ်ပါလား။ ကျွန်တော်တို့ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို ဆက်သွယ်ပြီး ခြံထဲမှာ လျှောတို့ဘာတို့ ဆောက်ခိုင်းလိုက်မယ်]

ရှောင်းပေပေ : [ဟုတ်တယ် ဆုံးဖြတ်ပြီးပြီ။ လျှောတစ်ခုနဲ့ ဆီးဆောတစ်ခုလောက်တော့ ရှိသင့်တယ်!]

ချင်းယုကျိုး : [အဖေနဲ့ အမေ ကျွန်တော်တို့ ညီအစ်ကိုတွေ ငယ်ငယ်တုန်းကကျတော့ အဲ့လို အိမ်တွင်းကစားကွင်းလေး လုပ်ပေးဖို့ စိတ်ကူးမရှိခဲ့ကြဘူးလား]

ချင်းယန်ကျစ် : [ဆန်ကုန်မြေလေးကောင်တွေ မင်းတို့က အမြဲတမ်း ပြဿနာရှာနေတာ။ အိမ်မှာသာ အဲ့တာတွေ ဆောက်ပေးလိုက်ရင် ၃ ရက်အတွင်း အုတ်ပုံတွေ ပြန်ဖြစ်သွားလိမ့်မယ်!]

ချင်းယုကျိုး : [အဖေအဲ့လိုပြောတာ အစ်ကိုကြီးယုချဲအတွက် မတရားဘူးနော်။ သူက ပြဿနာရှာတတ်တဲ့သူမှ မဟုတ်တာ]

ချင်းယန်ကျစ် : [ဒါပေမယ့် သူက အဲ့တာမျိုးတွေ မကစားတတ်ဘူးလေ]

ချင်းယုကျိုး : [အဲ့တာတော့ ဟုတ်ပါတယ်]

ဒါတော့ ချင်းယုကျိုး လက်ခံရပါမည်။

ချင်းယုကျီး : [တခြားသူတွေဘာပြောပြော ဂရုမစိုက်ဘူးဗျာ။ အဘိုးနဲ့အဘွား ခွင့်ပြုပြီးသွားပြီ။ ဒေါ်လေးနဲ့အတူတူ ဘယ်သူ အပြေးလေ့ကျင့်ချင်ကြသေးလဲ]

အဘွားချင်း : [အဘိုးကြီးနဲ့ ငါနဲ့ ပါမှာနော်]

ချင်းယုကျီး : [အဘိုးနဲ့ အဘွားက… ဒီတိုင်း ဒိုင်လူကြီးပဲ လုပ်လို့မရဘူးလား]

အဘိုးချင်း : [အဲ့တာ ဘာစကားလဲကွ။ မင်းအဘိုးနဲ့ အဘွားကို လာအထင်သေးနေတာလား။ ငါတို့နှစ်ယောက်စလုံးက ကျန်းမာရေး ကောင်းပြီးသားနော်။ တစ်နေကုန် ဖုန်းတွေ ကွန်ပျူတာတွေနဲ့ အချိန်ကုန်နေတဲ့ မင်းတို့လူငယ်တွေကသာ ငါတို့လောက် ကျန်းမာရေး မကောင်းမှာ!]

ချင်းယုကျီး : [အထင်မသေးရဲပါဘူးဗျာ မသေးရဲပါဘူး။ အဘိုးချင်းနဲ့ အဘွားချင်းတို့ ကျန်းမာကြံ့ခိုင်နေကြတုန်းပါပဲ]

အဘွားချင်း : [အဲ့တာဆိုလည်း ပြီးတာပဲ။ ငါတို့သမီးလေး အပြေးလေ့ကျင့်မှာဆိုတော့ ငါတို့နှစ်ယောက် အဖော်ပြုပေးရမှာပေါ့။ ပါချင်တဲ့သူရှိရင်လည်း လိုက်ခဲ့ကြ]

အဘွားချင်း၏ အမိန့်ကို ဘယ်သူမှ မလွန်ဆန်ရဲကြတော့ပါ။

ဒီလိုနဲ့ အားလုံး အတည်ပြုခဲ့ကြသည်။

--- --- ---

နောက်တစ်နေ့မနက် စူစူလေး အပြေးလေ့ကျင့်ဖို့ အသင့်ဖြစ်နေပါပြီ။ အဘိုးချင်းတို့လင်မယားက စူစူလေးကို သေချာ ပြင်ဆင်ပေးထားသည်။

ချင်းယုကျီး အောက်ထပ်သို့ ဆင်းလာသောအခါ သားအမိသားအဖ ၃ ယောက် အားကစားဝတ်စုံတွေ ဆင်တူ ဝတ်ဆင်ထားကြမှန်း မြင်သွားသည်။

အဘိုးအဘွားများကလည်း အားအင်များဖြင့် ပြည့်ဝနေပြီး မာရသွန်ပင် ပြေးနိုင်လောက်သည်။

ထို့နောက် ချင်းယုဟွိုင်းနဲ့ ချင်းယုဟန်တို့လည်း အောက်ထပ်သို့ ဆင်းလာကြပါသည်။

သူတို့ ဝတ်စားထားပုံကို ကြည့်ခြင်းအားဖြင့် နှစ်ယောက်စလုံး အတူလိုက်မည့်ပုံပေါက်သည်။

ထို့နောက် ချက်ချင်းဆိုသလို ခြံတံခါး ဘဲလ်သံမြည်လာပြီး ချင်းယုချဲနဲ့ ချင်းယုကျိုးတို့ ပြိုင်တူ ဝင်လာကြသည်။ သူတို့ နှစ်ယောက်လည်း အားကစားဝတ်စုံများ ဝတ်ဆင်ထားကြပါသည်။

“ဝမ်းကွဲအစ်ကိုတို့လည်း ပြေးကြမှာလား”။ ချင်းယုကျီး မေးလိုက်သည်။

“ဒါပေါ့။ ငါရိုက်မယ့် ဒရမ်မာအသစ်မှာ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာ ထုတ်ပြရလောက်တယ် ဟင်းဟင်း။ အဲ့တာကြောင့် ကင်မရာထဲ မိုက်နေအောင် လေ့ကျင့်ခန်းလုပ်ရမှာပေါ့”။ ချင်းယုကျိုး ဆင်ခြေပေးလိုက်ပါသည်။

သရုပ်ဆောင် အိုင်ဒေါတစ်ယောက်အနေဖြင့် သူ့ခန္ဓာကိုယ်ကို ထိန်းသိမ်းတာ ဘာမှ မထူးဆန်းပါ။

“အဲ့တာဆို အစ်ကိုယုချဲကကော”။ ချင်းယုကျီး ထပ်မေးလိုက်သည်။ ဒီခေတ်ကြီးထဲ စားဖိုမှူးတွေကပါ ခန္ဓာကိုယ် ထိန်းသိမ်းရတယ်လို့တော့ မပြောနဲ့နော်…။

“ကျန်းမာရေးက အရေးကြီးတယ်။ ဘယ်လုပ်ငန်းမှာဖြစ်ဖြစ် အတူတူပဲ”။ ချင်းယုချဲ အေးအေးလူလူ ပြန်ဖြေလိုက်ပါသည်။

ထို့နောက် စူစူလေးထံ ချင်းယုချဲ အကြည့်ရောက်သွားသည်။ ထို့နောက် စူစူလေးထံ လျှောက်လာပြီး ဆောင့်ကြောင့် ထိုင်လိုက်သည်။

“တူချောလေး!”။ ချင်းယုချဲကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် စူစူလေး ပျော်ရွှင်သွားပြီး ချင်းယုချဲ၏ ပါးကို အာဘွားကြီးကြီး ပေးလိုက်သည်။

“အင်း”။ ချင်းယုချဲကလည်း ပြန်ထူးလိုက်ပါသည်။

“တူချောလေး မပြေးနိုင်တော့ရင် နားနော် ဟုတ်ပြီလား”။ စူစူလေး မှာကြားလိုက်သည်။

သူမက ပင်ပန်းတာတွေကို လုပ်နိုင်ပါသည်။ တူချောလေးကတော့ ဒီတိုင်း ချောနေလျှင် လုံလောက်ပြီဖြစ်ပြီး အရသာရှိသည့် အစားအသောက်တွေ လုပ်ပေးဖို့သာ လိုအပ်သည်။

… … …

အခန်း(၈၃၄) စူစူလေးနဲ့ တစ်မိသားစုလုံး ပြေးလွှားခြင်း (၃)

“အင်းပါ”။ ချင်းယုချဲ ခေါင်းငြိမ့်လိုက်ပါသည်။

“ပြီးတော့ တူချောလေး အဝတ်အစားထူထူဝတ်နော်။ နွေရာသီဆိုပေမယ့် မနက်စောစောမှာ နည်းနည်း အေးတယ်လို့ မေမေက ပြောတယ်”

“အင်း”

ချင်းယုချဲကို စူစူလေး အလွန်ဂရုစိုက်ပြနေပုံအားမြင်ပြီး ချင်းယုကျီး သိသိသာသာ မနာလိုဖြစ်သွားသည်။

ဒေါ်လေးက သူ့ကိုဆို ဒီလောက်ထိ တစ်ခါမှဂရုမစိုက်ဖူးဘူး!

စူစူလေးရဲ့ ရင်ထဲမှာ ဝမ်းကွဲအစ်ကိုယုချဲက သူတို့အားလုံးထက် ပိုအဆင့်မြင့်မှန်း သိသာတယ်!

စူစူလေးကို သူနဲ့ သူ့အစ်ကိုကြီးယုဟွိုင်းတို့က အရင်ဆုံးသိခဲ့ရတာဖြစ်သည်။ အလွန်ရင်နာဖို့ ကောင်းပါသည်။

ချင်းယုကျီးနောက်လှည့်ကြည့်လိုက်ရာ သူ့အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့ရဲ့ မျက်နှာကလည်း သူ့လိုပဲ ပုံမှန်မဟုတ်မှန်း မြင်လိုက်ရပါသည်။

ချင်းယုဟန်က ကိစ္စမရှိသော်လည်း သူ့အစ်ကိုကြီး ချင်းယုဟွိုင်းကတော့ ဒီလိုကိစ္စမျိုးအတွက် မနာလိုဖြစ်နေတာ ပုံမှန်မဟုတ်ပါ။

ဟားဟားဟားဟား! သူ့အစ်ကိုကြီးကို ခံစားချက်မရှိတဲ့ သတ္တဝါကြီးလို့ ထင်ထားခဲ့တာ!

ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့လည်း အောက်ထပ်သို့ ဆင်းလာကြပြီး အားလုံးကို ကြေညာလိုက်ပါသည်။ “ငါလည်း ဒီနေ့ အပြေးလေ့ကျင့်မယ်။ ငါ့ညီမလေးနဲ့အတူတူ လေ့ကျင့်ခန်း လုပ်ချင်လို့”

“အဖေ အိမ်မှာပဲနေပြီး အမေ့ကိုပဲ အဖော်ပြုပေးလိုက်စမ်းပါ”။ ချင်းယုဟန်က ပြောလိုက်သည်။

“မဟုတ်တာ ငါ့ကို ထားခဲ့လို့ မရဘူး။ မကြာခင် ငါ့သမီးလေး မွေးတော့မှာ။ သူ့ကို ချီနိုင်အောင် ငါကျန်းမာရေး ကောင်းဖို့ လိုအပ်တယ်! ပြီးတော့ ငါ့ညီမလေးကလည်း ချစ်ဖို့ကောင်းတာကိုး၊ နောက်ပိုင်း အတူတူ အပြင်သွားတဲ့အခါ သူ့အစ်ကိုကြီး ဖြစ်တဲ့ငါက အိုမင်းမစွမ်းဖြစ်နေလို့ မရဘူးလေ!”။ ချင်းရှင်းကျစ်ကလည်း ယုတ္တိရှိသလိုလို ထင်ရသော အကြောင်းပြချက်တစ်ခု ပေးလိုက်ပါသည်။

“ငါလည်း လိုက်ခဲ့မှာ။ ပြေးတော့ မပြေးနိုင်ပေမယ့် အကုန်လုံးကို ဒီတိုင်း အားပေးမယ်လေ။ နင်တို့ ၃ ယောက် ငါ့ကို အရှက်မခွဲနဲ့နော်၊ ကောင်းကောင်း ကြိုးစားကြ”။ သား ၃ ယောက်ကို ဝမ်ချင်း သတိပေးလိုက်သည်။

“စိတ်ချစမ်းပါ အမေရာ။ ကျွန်တော်ရှိရင် အမေ ဘာမှ အရှက်ကွဲစရာမလိုဘူး”။ ချင်းယုကျီး ယုံကြည်ချက်အပြည့်ဖြင့် အာမခံလိုက်ပါသည်။

“ဟုတ်ပြီ ကြိုးစားထား ရှောင်ကျီး”။ သားအငယ်ဆုံးရဲ့ ကြံ့ခိုင်မှုကို ဝမ်ချင်းယုံကြည်ပါသည်။

နှစ်ပေါင်းများစွာ ရန်ဖြစ်သတ်ပုတ်လာတာ အလကား မဟုတ်ပါ။

“မိန်းမ ကိုယ့်ယောက်ျားကိုယ်ကျတော့ မယုံကြည်ဘူးလား”။ ချင်းရှင်းကျစ် မေးလိုက်သည်။

“ဟုတ်ပါပြီ။ ရှင့်ကိုလည်း အများကြီး ယုံကြည်ပါတယ်”။ ဝမ်ချင်း အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

ချင်းယုကျီး ကြက်သီးထသွားသည်။ “အဖေနဲ့ အမေ တော်ကြပါတော့။ ကျွန်တော် မျက်နှာပူလာပြီ”

ချင်းရှင်းကျစ် မျက်စောင်းထိုးကာ ပြောလိုက်သည်။ “ဘာဖြစ်လို့လဲကွ။ မင်းတို့လို တစ်ကိုယ်တည်းသမားတွေ မနာလို ဖြစ်သွားလို့လား။ အဲ့တာဆိုလည်း ရည်းစားမြန်မြန်ရှာကြလေ။ ရှောင်ကျီး မင်းလည်း အသက် ၁၈ နှစ်ပြည့်ပြီးသွားပြီ။ မင်းအစ်ကိုတွေလိုပဲ ရည်းစားရှာလို့ရပြီ။ မင်းအစ်ကိုနှစ်ယောက်ထက် အရင်စန်းပွင့်သွားလည်း ငါတို့စိတ်မဆိုးဘူး”

ချင်းယုကျီး စကားလမ်းကြောင်း အမြန်လွှဲလိုက်ပါသည်။ “နောက်တောင်ကျနေပြီပဲ။ သွားကြစို့လေ အဘိုးနဲ့အဘွား”

“ဟုတ်ပြီ သွားကြစို့”

အဘိုးချင်း၏ အမိန့်ဖြင့် အားလုံး အိမ်ပြင်ထွက်လာခဲ့ကြပြီး အိမ်ရာလမ်းတစ်လျှောက် ပြေးလာခဲ့ကြသည်။

အိမ်ရာလမ်းတွေပေါ်မှာ တစ်ခါတလေ ကားတွေ ဖြတ်သွားတတ်သည်။ ထို့ကြောင့် အပြေးလေ့ကျင့်ရတာ သဘောကျသည့် မိသားစုများအတွက် အိမ်ရာက အပြေးလမ်းကြောင်းများကို သီးသန့် ဖန်တီးပေးထားသဖြင့် အလွန် ဘေးကင်းပါသည်။

ချင်းမိသားစုဝင်အားလုံး လုအိမ်တော်ရှေ့မှ တစ်စုတစ်စည်းတည်း ဖြတ်သွားကြသည်။

လက်အောက်ငယ်သားတစ်ယောက်မှ လုပ်ငန်းအကြောင်းတွေ တင်ပြနေတာကို နားထောင်ရင်း သခင်ကြီးလုက အပြင်ကို မနာလို အားကျစွာ ငေးကြည့်လိုက်သည်။

ဪ… ပျော်ဖို့ကောင်းလိုက်တာ။ မိသားစုဝင်တွေ အများကြီး အားလုံး တစ်စုတစ်စည်းတည်း…။

သခင်ကြီးလုရှေ့မှာ လုကျန်းယွီလည်း ထိုင်နေပါသည်။ သူလည်း ပြူတင်းပေါက် အပြင်ဘက်ကို ငေးကြည့်မိသည်။

ရင်ထဲမှာတော့ သူတို့နဲ့အတူတူ လုကျန်းယွီ လိုက်ပြေးချင်စိတ် ရှိပါသည်။

သူ့အာရုံထဲ မြင်ကွင်းတစ်ခု ပေါ်လာခဲ့၏။ သူလည်း စူစူလေးနဲ့ ဆင်တူ အားကစားဝတ်စုံဝတ်ထားပြီး ပခုံးချင်း ယှဉ်ကာ ပြေးလွှားနေသည်။ စူစူလေးက သူ့ကို ခပ်မြန်မြန်ပြေးဖို့ ဘေးမှ တိုက်တွန်းနေလိမ့်မည်။

လုကျန်းယွီ သူ့ခြေထောက်တွေကို ငုံ့ကြည့်လိုက်ပါသည်။

နောက်နှစ်လောက်ဆိုရင်တော့ သူလည်း ပြေးနိုင်လောက်ပါပြီ…။

ထိုအပြုအမူကို သခင်ကြီးလု မြင်သွားပြီး ရင်ထဲ တင်းကြပ်သွားခဲ့သည်။

ပင်လယ်ဂါနိုးဒါးမားအကြောင်း ကျန်းယွီကို သူ မပြောပြရသေးပါ။ သူ့ကို စိတ်မပူစေချင်သလို စိတ်ပျက်သွားတာမျိုးလည်း မဖြစ်စေချင်ပေ။

… … …

အခန်း(၈၃၅) စူစူလေးနဲ့ တစ်မိသားစုလုံး ပြေးလွှားခြင်း (၄)

သူ့မြေးလေး အနာဂတ်အတွက် ယုံကြည်ချက် ပြန်ပြည့်ဝလာချိန် အိပ်မက်တွေ ပျက်စီးသွားမည့် မြင်ကွင်းကို သခင်ကြီးလု စိတ်ကူးပင် မယဉ်ရက်ပါ။

ချင်းမိသားစု ခပ်လှမ်းလှမ်းသို့ ရောက်သွားသောအခါ သခင်ကြီးလုကို လုကျန်းယွီ ပြောလိုက်သည်။ “အဘိုး၊ ကျွန်တော့် လေ့ကျင့်ခန်း သွားလုပ်လိုက်ဦးမယ်”

သခင်ကြီးလုက သူ့ကို အမြန်ဖြောင်းဖြဖို့ ကြိုးစားသည်။ “ကျန်းယွီ။ ခုတလော လေ့ကျင့်ခန်းလုပ်တာ အရမ်း များလွန်းမနေဘူးလား။ ခန္ဓာကိုယ်အတွက် ကောင်းမှာမဟုတ်ဘူးနော်။ အပေါ်ထပ်မှာ စာအုပ်လေးဘာလေး သွားဖတ်ပါလား”

မြေးဖြစ်သူ ကြိုးစားအားထုတ်မှုပိုများလေလေ အိပ်မက်တွေ တကယ်မဖြစ်နိုင်တော့သည့်အခါ ပိုပြီး စိတ်ပျက်အားလျော့လေလေဖြစ်မှာကို သူစိတ်ပူပါသည်။

“ဆရာကြီးရှုယီကို ကျွန်တော် မေးကြည့်ပြီးသွားပြီ။ သူပြောတာ ဘာမှမဖြစ်ဘူးတဲ့”

“အဲ့… အဲ့တာဆိုလည်း ခုနကမှ မနက်စာ စားထားတာလေ။ ချက်ချင်းကြီး လေ့ကျင့်ခန်းလုပ်ရင် အူရောင်ရမ်းနာတွေ ဖြစ်ကုန်ပါဦးမယ်”။ သခင်ကြီးလု ဆင်ခြေပြောင်းပေးလိုက်ပါသည်။

“ကျွန်တော် လေ့ကျင့်ခန်းလုပ်တာက သာမန်လူတစ်ယောက် လမ်းလျှောက်ရသလောက်ပဲ ပင်ပန်းတာပါ။ ဘာအူရောင်ရမ်းနာမှ မဖြစ်နိုင်ဘူး”။ လုကျန်းယွီ ထပ်ပြောလိုက်ပါသည်။

“အဲ့တာဆိုလည်း… သက်သက်သာသာ လုပ်နော်”။ သခင်ကြီးလု ကန့်ကွက်ဖို့ ဆင်ခြေတွေ မစဉ်းစားနိုင်တော့သဖြင့် လုကျန်းယွီကို သတိထားဖို့သာ မှာကြားလိုက်တော့သည်။

ထိုစဉ် အိမ်ရာရှေ့မှာ ယောာင်လည်လည်လုပ်ပြီး အထဲဝင်ဖို့ ကြိုးစားနေသည့် ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ လင်မယားနှစ်ယောက် ချင်းမိသားစုတို့ပြေးလွှားနေတာကို အိမ်ရာဝင်ပေါက်ရှေ့မှ လှမ်းမြင်လိုက်ပါသ်ည။

ဟုံပေါင်ကျူး ဒေါသတကြီး ရေရွတ်လိုက်၏။ “အဲ့ဟာတွေ ရူးများနေသလား။ ဘာလို့ ပြေးလွှားနေကြတာလဲ။ ဘာမှလုပ်စရာမရှိဘဲ အဲ့လောက်တောင် အားအင်တွေ ပြည့်နေကြတာလား”

ချင်းကျင်းဖန်လည်း မျက်စပစ်ကာ ပြောလိုက်ပါသည်။ “သူတို့ အနောက်မြောက်ပိုင်းနယ်မြေက ပရောဂျက် မအောင်မြင်နိုင်မှန်း သိလို့ အရှုံးပေးပြီး စိတ်လွတ်ကိုယ်လွတ် နေနေကြတာနေမှာပေါ့”

“ဒါနဲ့ သူတို့အကုန် အပြင်ရောက်နေကြတာဆိုတော့ ကျွန်မတို့ အထဲဝင်ပြီး အဲ့ဒီ နတ်ဆေးသမားတော်ကြီးကို ရှာလို့ရမှာပေါ့”။ ဟုံပေါင်ကျူး အကြံတစ်ခု ရုတ်တရက် စဉ်းစားမိသွားသည်။

“မင်းရူးများနေသလား။ အခု ငါတို့ အိမ်ရာထဲကိုတောင် ဝင်ခွင့်မရှိဘူးလေ! ဒီဂိတ်ကို ကျော်နိုင်မှ အဲ့စကားပြော!”။ ချင်းကျင်းဖန် စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။

သူတို့ ပထမအဆင့်ကိုတောင် မကျော်ဖြတ်နိုင်ကြသေးပါ။

“ကျွန်မက ရူးနေတာလား။ ရှင့်အစ်ကိုကြီးတို့ မိသားစုကသာ ရူးနေကြတာ! အားလုံး သူတို့အပြစ်တွေပဲ။ ကောက်ကျစ်ပြီး နှလုံးသားမရှိတဲ့လူတွေ! သူတို့နှလုံးသားတွေကို ခွေးစားသွားတာပဲနေမှာ!”။ အဘိုးချင်းနဲ့ အဘွားချင်းတို့ကို ဟုံပေါင်ကျူး ထပ်မံ ကျိန်ဆဲလိုက်ပါသည်။

သူတို့ အာခေါင်ခြောက်သည့်အထိ ဆဲဆိုကျိန်းမောင်းခဲ့သော်လည်း အိမ်ရာထဲမှာ အပြေးလေ့ကျင့်နေကြသည့် ချင်းမိသားစုဝင်တွေ ဘာမှ မသိကြပေ။

အိမ်ရာတစ်ပတ်လောက် ပြေးလွှားပြီးနောက် စူစူလေး မျက်နှာက နီရဲမနေသလို အသက်ရှူသံတွေလည်း တည်ငြိမ်နေသည်။ သူမ ဘာမှ မပင်ပန်းပါ။

စူစူလေး အနောက်သို့ လှည့်ကြည့်လိုက်ရာ အစ်ကိုကြီးနဲ့ တူချောလေးတို့ကို မတွေ့ရတော့ပေ။

သူမနဲ့ အနီးဆုံးမှ ပြေးလိုက်လာသည့်လူတွေက တူ ၃ ယောက်ဖြစ်သော ချင်းယုဟွိုင်း၊ ချင်းယုကျီးနဲ့ ချင်းယုကျိုးတို့ ဖြစ်ကြသည်။

သူမ ဖေဖေနဲ့ မေမေကို ခပ်လှမ်းလှမ်းမှာ မြင်နေရပါသည်။ သို့သော် မကြာခင် သူတို့လည်း ထောင့်တစ်နေရာမှာ ပျောက်ကွယ်သွားတော့မည်။

“တူချောလေး၊ ဆယ်လီတူလေးနဲ့ တူလေးယုကျီးတို့ တခြားသူတွေ ဘယ်ရောက်သွားကြလဲ”။ စူစူလေးက ပြေးလွှားနေရင်း မေးမြန်းလိုက်သည်။ သူမလေသံက မတ်တပ်ရပ်ရင်း စကားပြောနေသလိုမျိုး အလွန်တည်ငြိမ်နေပါသည်။

“သူတို့ မှီအောင် မလိုက်နိုင်လို့လေ”။ ချင်းယုကျီး ပြန်ဖြေလိုက်သည်။

“မှီအောင် မလိုက်နိုင်လို့ ဟုတ်လား။ ဘာလို့လဲ”။ စူစူလေး ထပ်မေးလိုက်ပါသည်။

“သူတို့ အရမ်းပင်ပန်းသွားလို့ပေါ့”။ ချင်းယုကျီး အပြုံးဖြင့် ပြန်ဖြေလိုက်ပါသည်။

အားလုံး သူခန့်မှန်းထားသည့်အတိုင်းပင်။ သက်လုံမကောင်းသည့်လူတွေက တစ်ပတ်လောက် ပြေးပြီးနောက် စူစူလေးနောက်ကို မှီအောင် မလိုက်နိုင်ကြတော့ပါ။

“ပင်ပန်းလို့ဟုတ်လား”။ စူစူလေးကတော့ မပင်ပန်းပါ”

“အင်း။ သူတို့က အားပျော့တယ်လေ။ ငါတို့ကမှ သန်မာတာ”။ ချင်းယုကျီး ထပ်ပြောလိုက်သည်။

ထို့နောက် သူ့ဘေးမှာ ပြေးနေသည့် ချင်းယုဟွိုင်းနဲ့ ချင်းယုကျိုးတို့ကို ချင်းယုကျီး သရော်အပြုံးဖြင့် လှည့်ကြည့်လိုက်ပါသည်။

ဒီနှစ်ယောက်က ပြေးနိုင်နေဆဲဖြစ်သော်လည်း အသက်ရှူသံတွေ မမှန်တော့ပါ။

စူစူလေးရဲ့ မေးခွန်းကို မဖြေချင်လို့ မဖြေကြတာ မဟုတ်ဘဲ မဖြေနိုင်လို့ မဖြေကြတာသာဖြစ်သည်။

သိပ်မကြာခင် ဒီနှစ်ယောက်လည်း နောက်မှာ ကျန်ခဲ့လိမ့်မည်။ ထိုအခါ သူနဲ့ စူစူလေး နှစ်ယောက်တည်းသာ ရှိပါတော့မည်။

ချင်းယုကျီး၏ မျက်နှာပေါ်က သရော်အပြုံးကို ချင်းယုဟွိုင်းကော ချင်းယုကျိုးကော သတိထားမိပါသည်။

နှစ်ယောက်စလုံး ချင်းယုကျီးကို ရွံရှာစွာ ကြည့်လိုက်ကြသည်။

ချင်းယုကျီးကတော့ မမှုပါ။ သူ့ကို နဂါးမျက်စောင်းနဲ့ လာကြည့်လည်း အသုံးဝင်မှာမဟုတ်ပေ။ လေ့ကျင့်ခန်း မှန်မှန်မလုပ်တာ ကိုယ့်အပြစ်နဲ့ကိုယ်သာဖြစ်သည်။

ထိုစဉ် စူစူလေး မျက်မှောင်ကြုတ်သွားပြီး ပြေးနေတာ ရုတ်တရက် ရပ်လိုက်လေသည်။

… … …

All Chapters