အခန်း (၈၃၆-၈၄၀)
Vol. 34 Ch. 836-840
အခန်း(၈၃၆) မိသားစုအတွက် အရေးအကြီးဆုံးက လူစုံဖို့
“စူစူလေး ဘာဖြစ်လို့လဲ”။ ချင်းယုကျီးလည်း အမြန်ရပ်လိုက်ပြီး မေးလိုက်ပါသည်။
“တခြားသူတွေကို စောင့်မယ်လေ!”။ စူစူလေး ပြန်ဖြေလိုက်သည်။
“သူတို့ကို စောင့်စရာမလိုဘူး။ သူတို့ပြေးတာ အရမ်းနှေးတယ်”။ ချင်းယုကျီး ရှင်းပြလိုက်ပါသည်။
“မရပါဘူး။ သူတို့ ပြေးတာနှေးရင်တောင် စောင့်ရမယ်။ ဒေါ်လေးတို့က မိသားစုလေ။ မိသားစုဆိုတော့ လူစုံမှ ဖြစ်မှာပေါ့။ အားလုံးအတူတူ ကြိုးစားရမယ်!”။ စူစူလေး ရှင်းပြလိုက်သည်။
စူစူလေးကို ချင်းယုကျီး အံ့အားသင့်စွာကြည့်လိုက်သည်။ ဘယ်လို တုန့်ပြန်ရမှန်းလည်း မသိတော့ပါ။
ချင်းယုဟွိုင်းက အသက်ဝဝ ပြန်ရှူကာ စူစူလေးအား မေးလိုက်သည်။ “စူစူလေးက ပိုသန်မာလာချင်တယ်ဆို။ အားလုံးကို ရပ်စောင့်နေရင် ပိုသန်မာလာမှာ မဟုတ်ဘူးနော်”
“အဲ့တာဆို နောက်မှ ဒေါ်လေးတစ်ယောက်တည်း ပြေးလိုက်မယ်။ ဒါပေမယ့် အားလုံးအတူတူ ပြေးတဲ့အခါကျရင်တော့ စောင့်နေမှဖြစ်မယ်”
သူမတစ်ယောက်တည်းသာဆို ဒီ့ထက် ပိုသန်မာလာအောင် ပြေးနိုင်သည်။
သို့သော် မိသားစုနဲ့ အတူတူပြေးချိန်မှာတော့ စောင့်ပေးနိုင်ပါသည်။
ချင်းယုဟွိုင်း၊ ချင်းယုကျိုးနဲ့ ချင်းယုကျီးတို့အားလုံး တိတ်ဆိတ်သွားကြသည်။
စူစူလေးက အပြေးလေ့ကျင့်တာကိုသာ ပြောနေတာဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော်လည်း သူတို့ စိတ်ထဲမှာတော့ အဓိပ္ပာယ်နောက်တစ်ခု ပေါ်လာပါသည်။
သူတို့အားလုံးက မိသားစုဖြစ်သည်။ ဘယ်လောက်ပဲ ဝေးကွာသွားပါစေ မိသားစုက မိသားစုပဲဖြစ်သည်။ တစ်ယောက်ယောက် နောက်ကျကျန်နေခဲ့လျှင် စောင့်ပေးရမှာ သူတို့တာဝန်ဖြစ်သည်။
မိသားစုတစ်စုမှာ မိသားစုဝင်စုံလင်ပြီး အတူတူရှိနေဖို့ထက် ဘယ်အရာကမှ အရေးမကြီးပါ။
ထို့နောက် နောက်မှာကျန်ခဲ့သော အဘိုးချင်းနဲ့ အဘွားချင်း၊ ချင်းရှင်းကျစ်၊ ချင်းယုချဲတို့ကို သူတို့ စောင့်နေခဲ့ကြသည်။
“ဘာဖြစ်လို့တုန်း။ ဘာလို့ ရပ်နေကြတာလဲ”။ အဘိုးချင်း ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။
“အားလုံးနဲ့ အတူတူပြေးချင်လို့လေ!”။ စူစူလေး ပြန်ဖြေလိုက်သည်။
“အားလုံးနဲ့အတူတူပြေးချင်တယ်ဟုတ်လား ဘာလို့လဲ”။ အဘိုးချင်း ထပ်မေးလိုက်ပါသည်။
“အားလုံးနဲ့ အတူတူပြေးရတာ ပျော်ဖို့ကောင်းတယ်လေ! ပိုသန်မာလာတာထက် ပိုပျော်ဖို့ကောင်းတယ်!”။ စူစူလေး ရင်ထဲမှာရှိသည့်အတိုင်း ပြန်ဖြေလိုက်ပါသည်။
အစက ပိုသန်မာလာစေဖို့အတွက် သူမ အပြေးလေ့ကျင့်ချင်ခဲ့သည်။
သို့သော် အားလုံးအတူတူ လိုက်လာပြီး အတူတူ ပြေးရသောအခါ သူမ ပျော်ရွှင်လာပါသည်။
အာလုံးနဲ့ အတူတူပြေးရတာကို သူမ သဘောကျလာသည်။
စူစူလေး၏ အဖြေကြောင့် အားလုံး ပြုံးရွှင်သွားကြသည်။
စူစူလေး၏ အဖြေက သူတို့ နှလုံးသား နက်နက်ရှိုင်းရှိုင်းထဲအထိ ပျော်ရွှင်မှုတွေ ယူဆောင်လာပေးခဲ့သည်။
လူစုံပြီဖြစ်မှန်း သေချာမှ စူစူလေး ပြုံးကာ ကြေညာလိုက်သည်။ “အားလုံး တော်တယ်! ထပ်ပြေးကြရအောင်! တစ်… နှစ်… သုံး!”
အားလုံး အကြည့်ချင်းဖလှယ်ကာ ပြုံးလိုက်ကြပြီး စူစူလေးနဲ့အတူ နောက်တစ်ပတ် ထပ်ပြေးကြပြန်သည်။
--- --- ---
အပြေးလေ့ကျင့်ခန်းလုပ်ပြီးနောက် စူစူလေး ရေမိုးချိုးကာ လုကျန်းယွီကို တွေ့ဖို့ လုအိမ်တော်ဆီ ရောက်လာခဲ့သည်။
ဧည့်ခန်းထဲမှ ဖြတ်သွားစဉ် သခင်ကြီးလု တစ်စုံတစ်ယောက်ကို ဆူငေါက်နေသည့် အသံအား စူစူလေး ကြားလိုက်ရပါသည်။
စူစူလေး ခြေလှမ်းများရပ်တန့်သွားပြီး သခင်ကြီးလုကို လှမ်းကြည့်လိုက်သည်။
ဦးလေးလုက ဘာလို့ သူများကို ဆူနေတာလဲ။ ပြီးတော့ ဦးလေးကျန်းကို ဆူနေတာလား။
ဦးလေးကျန်းက ဒီလောက်သဘောကောင်းတာကို ဘာလို့ဆူနေတာလဲ!
“ဒီလို ဆေးပင်လေးတစ်ပင်ကိုတောင် လူတွေအများကြီးက ဘာလို့ မရှာနိုင်ရတာလဲ။ ဆုကြေးငွေလည်း အဆမတန် ပေးထားတယ်လေ။ အဲ့ဒီလူတွေ ဘာလုပ်နေကြတာလဲ။ ဘာအသုံးကျတာရှိလဲ!”။ သခင်ကြီးလု အလွန် ဒေါသထွက်နေပါသည်။
သခင်ကြီးလုက ဆရာကြီးရှုယီ ညွှန်းထားသည့် ဆေးပင်များကို ရှာဖွေဖို့ လူတွေအများကြီး လွှတ်ထားပါသည်။ သို့သော်လည်း ရလဒ်များက စိတ်ပျက်ဖို့ကောင်းနေသည်။
တစ်ယောက်မှ ရှာမတွေ့ခဲ့ကြပါ။
အိမ်တော်ထိန်းကျန်းကို ဆူနေတာ မဟုတ်သော်လည်း သခင်ကြီးလု ပေါက်ကွဲနေချိန် အိမ်တော်ထိန်းကျန်း အနားမှာ ရှိနေသဖြင့် သူ့ကို ဆူငေါက်နေတာဟု စူစူလေး ထင်သွားခြင်းဖြစ်သည်။
“သခင်ကြီး စိတ်အေးအေးထားပါဦး။ အချိန်ရှိပါသေးတယ်။ သခင်လေးက ကံကောင်းတဲ့လူပဲဥစ္စာ။ ကျွန်တော်တို့ သေချာပေါက် ရှာတွေ့မှာပါ”။ အိမ်တော်ထိန်းကျန်းက နှစ်သိမ့်ပေးဖို့ ကြိုးစားပါသည်။
“ငါတို့မှာ အချိန်ဘယ်လောက် ရှိသေးလို့လဲ။ တစ်ရက်လား နှစ်ရက်လား။ တစ်လလား နှစ်လလား။ တစ်နှစ် နှစ်နှစ် ဒါမှမဟုတ် ငါးနှစ် ဆယ်နှစ်တော့ မဖြစ်နိုင်ဘူးမလား”။
သခင်ကြီးလု အလွန်စိတ်ဖိစီးနေပါသည်။
သူကော ကျန်းယွီကော စောင့်နေဖို့ အချိန်မရှိပါ။
… … …
အခန်း(၈၃၇) ကိုကြီးအတွက် ဆေးပင်ရှာပေးမယ် (၁)
“ဦးလေးကျန်းကို စိတ်မဆိုးပါနဲ့ ဦးလေးလု”။ စူစူလေး အပြေးရောက်လာပြီး ပြောလိုက်သည်။
“စူစူလေး”။ ထိုအခါမှ စူစူလေးကို သခင်ကြီးလု သတိထားမိသွားသည်။
အိမ်တော်ထိန်းကျန်းကလည်း အမြန်ရှင်းပြလိုက်ပါသည်။ “စူစူလေး သခင်ကြီးက ဦးလေးကို စိတ်ဆိုးနေတာ မဟုတ်ပါဘူး။ သူ့ကိုယ်သူ စိတ်ဆိုးနေတာပါ”။
“သူက ဘာလို့ သူ့ကိုယ်သူ စိတ်ဆိုးနေတာလဲ”။ စူစူလေး မေးလိုက်သည်။
ထူးဆန်းလိုက်တာ။ ကိုယ့်ကိုယ်ကိုယ် စိတ်ဆိုးတာမျိုး ရှိလို့လား။
“ဦးလေးတို့ ရှာမတွေ့သေးတဲ့ အရေးကြီးပစ္စည်းတချို့ ရှိလို့ပါ”။ အိမ်တော်ထိန်းကျန်း ရှင်းပြလိုက်သည်။
“ကိုကြီးကို ဆေးကုပေးဖို့ ဆေးပင်လား”။ စူစူလေး မေးလိုက်သည်။
ထိုအကြောင်းကို ဦးလေးပိုင်ဟူကျစ် ပြောတာ စူစူလေး ကြားဖူးသည်။ သို့သော် ဦးလေးပိုင်ဟူကျစ်က သူမကို စိတ်မပူဖို့ ပြောထားသဖြင့် ထပ်မမေးခဲ့ခြင်း ဖြစ်ပါသည်။
အစက စူစူလေးကို မပြောပြဘဲ ဖုံးကွယ်ထားဖို့ သခင်ကြီးလုနဲ့ အိမ်တော်ထိန်းကျန်းတို့ ရည်ရွယ်ထားသော်လည်း စူစူလေးက သိပြီးသား ဖြစ်နေသည်။
ထို့ကြောင့် အိမ်တော်ထိန်းကျန်းလည်း ဝန်ခံလိုက်ရပါသည်။ “ဟုတ်တယ်။ အဲ့ဆေးပင်က ရှာဖို့ အရမ်းခက်တယ်။ သခင်ကြီးကလည်း ရှာတွေ့တဲ့လူကို ဆုကြေးငွေအများကြီး ချီးမြှင့်မယ်လို့ ကြေညာထားပေမယ့် ဘာသတင်းမှ မထူးသေးဘူး”
အိမ်တော်ထိန်းကျန်း မျက်မှောင်ကြုတ်နေပါသည်။ သခင်ကြီးလု စိတ်ပူတာ အပိုအကဲမဟုတ်မှန်း သူသိသည်။
“ဘာဆေးပင်လဲ။ သမီးရှာပေးမယ်! သမီးက ဆေးပင်ရှာတာ အရမ်းတော်တယ်!”။ စူစူလေး အမြန်ပြောလိုက်သည်။
စူစူလေးက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သော်လည်း သခင်ကြီးလုနဲ့ အိမ်တော်ထိန်းကျန်းတို့က အတည်မယူခဲ့ပါ။
“ကျေးဇူတင်ပါတယ် စူစူလေး။ စူစူလေး ကူညီပေးချင်စိတ်ရှိတာ တကယ် ဝမ်းသာပါတယ်။ သခင်လေးလည်း စူစူလေးလို သူငယ်ချင်းတစ်ယောက် ရထားတာ အရမ်းကံကောင်းတာပဲ…”။ အိမ်တော်ထိန်းကျန်း ပြောလိုက်သည်။
“သမီးက ကူညီပေးချင်စိတ်ပဲရှိတာ မဟုတ်ဘူး အားလည်းရှိတယ်!”
ဦးလေးကျန်းစကားမှာ အရေးကြီးသည့်အချက်တစ်ချက် လိုနေသည်။
“ဟုတ်ပါတယ် ဟုတ်ပါတယ်။ စူစူလေးက အရမ်းအားရှိပါတယ်! အရမ်း သန်မာတယ်!”။ စူစူလေး၏ ခွန်အားကို အိမ်တော်ထိန်းကျန်း ချီးကျူးလိုက်ပါသည်။
“အွန်း! အဲ့လိုမှပေါ့!”။ စူစူလေး ခေါင်းငြိမ့်လိုက်လေသည်။
“ဒါနဲ့ စူစူလေးရဲ့ ကိုကြီးက အခု လေ့ကျင့်ခန်းလုပ်နေတာ။ သူ့ကို သွားကူညီပေးလိုက်ဦးလေ”
“အဲ့တာဆို သူ့ဆီသွားတော့မယ်!”
လုကျန်းယွီ ပင်ပင်ပန်းပန်းလေ့ကျင့်ခန်းလုပ်နေမည့် မြင်ကွင်းကို မြင်ယောင်မိတာနဲ့တစ်ပြိုင်နက် စူစူလေး ပြေးထွက်သွားခဲ့သည်။
အခန်းထဲတွင် လုကျန်းယွီတကယ်ပဲ လေ့ကျင့်ခန်းလုပ်နေပါသည်။ ဖြူဖြူဖွေးဖွေး သူ့မျက်နှာပေါ်မှာ ချွေးသီးချွေးပေါက်တွေ စိုရွှဲနေသည်။ သူ့ တီရှပ်လည်း ချွေးတွေစိုရွှဲပြီး အသားမှာကပ်နေပါသည်။
ဆရာကြီးရှုယီ လုပ်ခိုင်းထားသည့် အချိန်အကန့်အသတ်ထိရောက်အောင် သူလေ့ကျင့်ခန်း လုပ်ပြီးသွားပြီဖြစ်သည်။ သို့သော် နည်းနည်းလောက် ပိုပြီး လေ့ကျင့်ခန်း လုပ်ချင်နေပါသေးသည်။
သူမြန်မြန် လမ်းလျှောက်ချင်နေပြီဖြစ်သည်။ နေ့တိုင်း နည်းနည်းလောက် လေ့ကျင့်ခန်းပိုလုပ်ပါက လမ်းစောစော လျှောက်နိုင်လိမ့်မည်ဟု ထင်နေသည်။
ရှားပါးဆေးပင်အကြောင်းကို လုကျန်းယွီ မသိသေးပါ။
ထိုဆေးပင်ကိုသာ ရှာမတွေ့ပါက မြေးဖြစ်သူကို တစ်သက်လုံး ဖုံးကွယ်ထားလို့ မရမှန်း သခင်ကြီးလု သိပါသည်။ သို့သော် အခုလောလောဆယ်တော့ မြေးဖြစ်သူကို ဘယ်လို ပြောပြရမှန်းမသိ ဖြစ်နေသည်။
လုကျန်းယွီနားသို့ ရောက်လာပြီး စူစူလေး မနှောင့်ယှက်ဘဲ တိတ်တိတ်ကလေး နေခဲ့ပါသည်။
လုကျန်းယွီ လေ့ကျင့်ခန်း လုပ်ပြီးသွားခါမှ စူစူလေး ရှေ့ထွက်လာခဲ့သည်။ အိမ်စေတွေ ဘာမှမလုပ်နိုင်ခင် စူစူလေးက လုကျန်းယွီကို ပွေ့ချီကာ ဝှီးချဲဆီ လိုက်ပို့ပေးလိုက်ပါသည်။
“စူစူလေး နောက်တစ်ခါဆို အိမ်စေတွေကိုပဲ လုပ်ခိုင်းလိုက်နော်”။ လုကျန်းယွီ ပြောလိုက်သည်။
“ရပါတယ် သမီး မပင်ပန်းပါဘူး။ သမီးက သူတို့ထက် ပိုသန်မာတယ်”
“သူတို့ကိုပဲ လုပ်ခိုင်းလိုက်ပါ။ ဒါသူတို့ တာဝန်လေ”
လုကျန်းယွီ သူမကို မချီစေချင်တာက စူစူလေး ပင်ပန်းမှာစိုးလို့မဟုတ်ဘဲ ယောက်ျားလေးတစ်ယောက်၏ မာနကြောင့် ဖြစ်ပါသည်။
“ဪ ဟုတ်ပါပြီ”။ စူစူလေးအတွက် ကိစ္စမရှိပါ။ သူမ ပွေ့ချီပေးလျှင် ပိုအဆင်ပြေမည်ဟု ထင်ထားရုံသာဖြစ်သည်။
ကိုကြီးက တခြားသူကိုသာ ချီစေချင်ပါက တခြားသူကိုပဲ လုပ်ခိုင်းလိုက်ပါမည်။
“ဒါနဲ့ ကိုကြီး၊ ကိုကြီးအတွက် သမီး ဆေးပင်ကူရှာပေးမယ်!”။ ခုနက သခင်ကြီးလုနဲ့ စကားဝိုင်းကို စူစူလေး သတိရသွားပါသည်။
“ဆေးပင်ဟုတ်လား ဘယ်က ဆေးပင်လဲ”။ လုကျန်းယွီ မေးမြန်းလိုက်ပါသည်။
… … …
အခန်း(၈၃၈) ကိုကြီးအတွက် ဆေးပင်ရှာပေးမယ် (၂)
“ကိုကြီးကို နေပြန်ကောင်းအောင်လုပ်ပေးမယ့် ဆေးပင်လေ!”။ လုကျန်းယွီ သိပြီးသားစု စူစူလေးထင်ခဲ့သည်။
လုကျန်းယွီ မျက်မှောင်ကြုတ်သွားပြီး တံခါးဆီ လှမ်းကြည့်လိုက်ပါသည်။
ထိုစဉ် သခင်ကြီးလုနဲ့ အိမ်တော်ထိန်းကျန်းတို့လည်း အခန်းထဲ ဝင်လာချိန်ဖြစ်သည်။
“အဘိုး၊ ကျွန်တော် ဆေးကုဖို့ တခြားဆေးပင်တွေ လိုသေးတာလား”။ လုကျန်းယွီ မေးလိုက်သည်။
“ဟင်”။ သခင်ကြီးလု မျက်နှာပျက်သွားပြီး မျက်လုံးတွေ ဂနာမငြိမ်ဖြစ်ကာ ပျာယာခတ်သွားပါသည်။
ဒီကိစ္စကို တစ်သက်လုံးလျှို့ဝှက်ထားလို့ မရမှန်းသိသော်လည်း မြေးဖြစ်သူ၏ ရုတ်ချည်းဆန်သော မေးခွန်းကြောင့် သခင်ကြီးလု ပျာယာခတ်သွားမိပါသည်.
“ဘာတွေဖြစ်နေလဲ ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောပါ အဘိုး”။ လုကျန်းယွီ တည်တံ့စွာ မေးလိုက်ပါသည်။
“ကျန်းယွီ စိတ်မလောပါနဲ့။ အဘိုးကို ယုံကြည်စမ်းပါ။ အဲ့ဒီဆေးပင်ကို ကျန်းယွီအတွက် အဘိုးသေချာပေါက် ရှာပေးမှာ”။ သခင်ကြီးလု အမြန်ရှင်းပြလိုက်သည်။
“အဲ့တာဆို ရှာရတာခက်တယ်ပေါ့”။ သခင်ကြီးလု၏ စကားကို လုကျန်းယွီ ချက်ချင်း နားလည်သွားပါသည်။
“နည်းနည်းခက်တာတော့ ဟုတ်ပါတယ် ဒါပေမယ့် ကျန်းယွီ၊ အဘိုးကို ယုံကြည်ပေးပါ။ ကျန်းယွီ စိတ်ပျက်အောင် အဘိုးဘယ်တုန်းက လုပ်ဖူးလို့လဲ”။ သခင်ကြီးလု ချက်ချင်း ကတိပေးလိုက်ပါသည်။
“ရှာမတွေ့ခဲ့ရင် ဘာဆက်ဖြစ်မှာလဲ”။ လုကျန်းယွီ မေးလိုက်သည်။
အဘိုးဖြစ်သူ၏ နှစ်သိမ့်စကားများကို သူ နားမထောင်ချင်ပါ။ အကျိုးဆက်ကိုသာ ကြားချင်တာဖြစ်သည်။
သခင်ကြီးလု တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်သော်လည်း ဘာစကားလုံးမှ ထွက်မလာခဲ့ပါ။
“ဆေးပင်တစ်ခုရှာမတွေ့ရင် ကျွန်တော် ပြန်မကောင်းနိုင်တော့ဘူးပေါ့”။ အဘိုးဖြစ်သူ၏ မျက်နှာကို ကြည့်ပြီး လုကျန်းယွီ ခန့်မှန်းလိုက်ပါသည်။
“ကျန်းယွီ! အဲ့လို မတွေးစမ်းပါနဲ့! ဆရာကြီးရှုယီရဲ့ ဆေးပညာအစွမ်းက ဒီလောက်ထက်မြက်တာ။ အခု မတ်တပ်ပြန်ရပ်နိုင်အောင်တောင် ကုသပေးနိုင်ရင် သာမန်လူတစ်ယောက်လို လမ်းပြန်လျှောက်နိုင်အောင်လည်း သူလုပ်ပေးနိုင်မှာပေါ့! သူ့အစွမ်းအစကို ယုံကြည်လိုက်စမ်းပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်ထားစမ်းပါ”။ သခင်ကြီးလု စိတ်ဖိစီးစွာ ပြောလိုက်ပါသည်။
“ဘယ်လောက်ပဲ ထူးချွန်တဲ့ အိမ်ရှင်မဖြစ်ဖြစ် ဆန်မရှိဘဲ ထမင်းချက်လို့မှ မရတာ။ ဆရာကြီးရှုယီလည်း သူလိုအပ်တဲ့ ဆေးပင်မရှိရင် ဘာမှ မလုပ်နိုင်ဘူးမလား”။ လုကျန်းယွီ ခံစားချက်မဲ့စွာ ပြောလိုက်သည်။ သူ့မျက်လုံးများ မှေးမှိန်သွားပါသည်။
“ဒါပေမယ့် ဆေးပင်က ရှာရတာ နည်းနည်းခက်ရုံပါ။ မဖြစ်နိုင်တာ မဟုတ်ဘူးလေ!”။ သခင်ကြီးလု အမြန် ရှင်းပြဖို့ ကြုးစားသည််။
“အဘိုးလို လူမျိုးတောင် မရှာနိုင်ဘူးဆိုရင် အဲ့ဒီဆေးပင်က တကယ်မရှိဘူးလို့တောင် သတ်မှတ်လို့ရတာပေါ့”။ လုကျန်းယွီ အသံ တိုးညှင်းသွာသည်။
သူ ဒုက္ခိတဖြစ်တာကို လက်ခံထားပြီးသားဖြစ်သည်။ သို့သော် ကံကြမ္မာက သူ့ကို အခွင့်အရေးပေးခဲ့ပါသည်။ သို့သော် နောက်ဆုံးအဆင့်ကို ရောက်ခါမှ ကံကြမ္မာက တံခါးပြန်ပိတ်သွားခဲ့ပြန်သည်။
ထိုခံစားချက်က တိမ်တွေပေါ်မှာ ပျံသန်းနေရင်း ရုတ်ချည်းဆိုသလို ရွှံ့နွံထဲ ပြုတ်ကျသွားသလို ခံစားချက်မျိုးဖြစ်သည်။ မျှော်လင့်ချက်တွေ ပျက်စီးသွားပြီး စိတ်ရော လူပါ ဒဏ်ရာ ရသွားခဲ့သည်။
“ကျန်းယွီ! အဘိုးကို ယုံကြည်စမ်းပါလို့! အဘိုးသေချာပေါက် နည်းလမ်းရှာမှာပါ!”
မြေးဖြစ်သူ စိတ်ဓာတ်ကျသွားတာကို မြင်ပြီး သခင်ကြီးလု ရင်ထဲ ဓားတစ်ချောင်း စိုက်ဝင်သွားသလို ခံစားလိုက်ရပါသည်။
“ရပါတယ် မလိုတော့ပါဘူး”
လုကျန်းယွီ ဝမ်းမနည်းသလို ဟန်ဆောင်ဖို့ အတတ်နိုင်ဆုံ ကြိုးစားသည်။
သူသာ ဝမ်းနည်းပြလိုက်လျှင် သူ့ထက် ပိုနာကျင်ရမည့်လူက သူ့အဘိုးဖြစ်မှန်း လုကျန်းယွီသိပါသည်။
သူ့အဘိုးက တစ်သက်လုံး ယောက်ျားပီသခဲ့သူဖြစ်သော်လည်း သူနဲ့ ပတ်သတ်သည့် ကိစ္စတိုင်းမှာတော့ မျက်ရည်မခိုင်ပါ။
“ဒီလောက်ထိ တိုးတက်လာတာကိုပဲ ကျွန်တော် ကျေနပ်သင့်ပါပြီ”။ လုကျန်းယွီက သခင်ကြီးလုကို ပြန်နှစ်သိမ့်လိုက်သည်။ “အဘိုးလည်း ကျွန်တော့်အတွက် ဝမ်းနည်း စိတ်ပူမနေနဲ့။ အဘိုးအကောင်းဆုံး ကြိုးစားခဲ့တာပဲ။ ကျွန်တော့်အတွက် ဒီလို စိတ်ပူပေးတဲ့လူတွေ ရှိနေတာ ကျွန်တော်ကံကောင်းပါတယ်”
သူ့ရင်ထဲမှာ ဝမ်းနည်း အားလျော့သွားသော်လည်း သူ့အဘိုးဖြစ်သူကို လုကျန်းယွီ နှစ်သိမ့်ပေးလိုက်ပါသည်။
တချို့ ကိစ္စတွေအတွက် ဘယ်သူ့မှာမှ အပြစ်မရှိပါ။ ကံကြမ္မာကသာ လှည့်စားသွားခြင်းဖြစ်သည်။ သူ အမှန်တရားကို လက်ခံနိုင်ဖို့သာ သင်ယူရပါမည်။ သူ့ကို ဂရုစိုက်သည့်လူတွေအပေါ် နာကျင်စေတာမျိုး မလုပ်သင့်ပါ။
“ကျန်းယွီ… အဲ့လို မလုပ်ပါနဲ့။ အဘိုးက လုပ်သင့်လုပ်ထိုက်တာတွေကိုပဲ လုပ်ပေးခဲ့တာပါ။ ကျန်းယွီကို ဒီလို ပုံစံနဲ့ မြင်ရတာ အဘိုးရင်ကွဲရတယ်”
သခင်ကြီးလု၏ မျက်ရည်များ အလိုဆန္ဒမပါဘဲ ကျလာပါသည်။
ဘေးမှာ ရပ်ကြည့်နေသည့် စူစူလေး နောက်ဆုံးတော့ သည်းမခံနိုင်တော့ပါ။ ထို့ကြောင့် ရှေ့ထွက်ကာ ရင်ဘတ်ကို လက်ဖြင့် ပုတ်လျက် ပြောလိုက်ပါသည်။ “ဝမ်းမနည်းပါနဲ့! သမီးရှာနိုင်တယ်လို့ ပြောထားတယ်လေ! သမီးကို ယုံလိုက်စမ်းပါ!”
… … …
အခန်း(၈၃၉) ဦးလေးပိုင်ဟူကျစ် မြန်မြန်ထောက်ခံပေး!
ခုနလေးတင် ဦးလေးလုနဲ့ ဦးလေးကျန်းကို သူမ ပြောထားပြီးသား မဟုတ်ဘူးလား။
ဘာလို့ တစ်ယောက်မှ မယုံကြတာလဲ။
“ကျေးဇူးတင်ပါတယ် စူစူလေး။ ကိုကြီး ကတိပေးပါတယ်။ ကိုကြီး လေ့ကျင့်ခန်းတွေ မှန်မှန်ဆက်လုပ်ပြီး ဆေးလည်း မှန်မှန်သောက်ပါ့မယ်။ အဲ့လို အရေးကြီးတဲ့ ဆေးပင်ကို ရှာမတွေ့ရင်တောင် ကိုကြီး ဒီတိုင်း အရှုံးမပေးပါဘူး”။ စူစူလေးကို လုကျန်းယွီ ကတိပေးလိုက်ပါသည်။
သူကြိုးစားအားထုတ်ခဲ့သမျှကို အလကားမဖြစ်စေရပါ။ သူ့အပေါ် ဂရုစိုက်သူတွေကိုလည်း စိတ်မပျက်စေရပါ။
“ဒါပေမယ့် ကိုကြီး… ကိုကြီးလိုတဲ့ ဆေးပင်ကို သမီးတကယ် ရှာပေးနိုင်တယ်! သမီးက ဆေးပင်ရှာတာ အရမ်းတော်တာ!”။ စူစူလေး စိတ်ရှုပ်စွာ ထပ်ပြောလိုက်သည်။
ကိုကြီးကတောင် ဘာလို့ မယုံကြည်ရတာလဲ။
“စူစူလေး… တကယ် အရေးမကြီးတော့ပါဘူး။ ဒီတိုင်းလည်း ကိုကြီး အဆင်ပြေပါတယ်”။။ လုကျန်းယွီ ထပ်ပြီး ပြောလိုက်သည်။
စူစူလေးကို ကြည့်ရင်း လုကျန်းယွီနဲ့ သခင်ကြီးလုတို့ ဘာပြောရမှန်း မသိကြတော့ပေ။
စူစူလေး စိတ်ရှုပ်စွာ ကြမ်းပြင်ကို ခြေထောက်ဖြင့် ဆောင့်လိုက်ပြီး အပြင်ပြေးထွက်သွားခဲ့သည်။
စူစူလေးဘာတွေကြံနေသလဲ မသိဘဲ ဒုက္ခရောက်မည်စိုးသဖြင့် အိမ်တော်ထိန်းကျန်းက အနောက်မှ ပြေးလိုက်သွားခဲ့သည်။
စူစူလေးက ချင်းအိမ်တော်ထဲ ပြန်ဝင်သွားခြင်းဖြစ်ပြီး ဆရာကြီးရှုယီကို သွားရှာခြင်းဖြစ်သည်။
“ဦးလေးပိုင်ဟူကျစ်၊ ဦးလေးပိုင်ဟူကျစ်…”
“စူစူလေး ဘာဖြစ်လို့လဲ။ ဘာတွေ အလောတကြီး ဖြစ်နေတာလဲ”။ သူနှုတ်ထားသည့် ဆေးပင်များကို ဆရာကြီးရှုယီ အမြန်ပစ်ချလိုက်ပြီး စူစူလေးကို ပွေ့ချီလိုက်ပါသသည်။
“အဲ့ဒီဆေးပင်ကို သမီးရှာနိုင်တယ်လို့ ဦးလေးလုနဲ့ ကိုကြီးကို အမြန်သွားပြောပေး!”။ စူစူလေး တောင်းဆိုလိုက်သည်။
ဦးလေးလုနဲ့ ကိုကြီးတို့က ပြောရဆိုရ အလွန်ခက်နေသည်။ သူမ ဘာပြောပြော နားမထောင်ကြပါ။
သူမကိုယ်စား ကူပြောပေးဖို့ ဦးလေးပိုင်ဟူကျစ်ကိုသာ အကူအညီလာတောင်းရသည်။ ဦးလေးပိုင်ဟူကျစ် စကား ဆိုရင်တော့ သူတို့ နားထောင်လိမ့်မည်။
“ဆေးပင်ဟုတ်လား… စူစူလေးရဲ့ ကိုကြီးအတွက် ဆေးပင်ကို ပြောတာလား”
“ဟုတ်တယ်!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။
“အဲ့ဒီ ဆေးပင်ကို သွားမရှာနဲ့နော် စူစူလေး”။ ဆရာကြီးရှုယီ သတိပေးလိုက်သည်။
“ဘာလို့လဲ’
“အဲ့ဒီဆေးပင်က အရမ်းဝေးတဲ့ နေရာတစ်ခုမှာရှိနေတာ။ သွားလို့မရဘူး ဟုတ်ပြီလား”။ ဆရာကြီးရှုယီ ချော့ပြောလိုက်သည်။
စူစူလေးက ဆေးပင်ရှာဖွေတာ ထူးချွန်ပြီး ကံအလွန်ကောင်းနေရင်တောင် ဆေးပင်ပေါက်သည့်နေရာကို သွားတူးရမှာ ဖြစ်သည်။
စူစူလေးက ကံကောင်းတာမှန်သော်လည်း လိုချင်တာကို ဒီတိုင်း ဖန်ဆင်းနိုင်စွမ်းရှိတာ မဟုတ်ပေ။
စူစူလေးကို ဆရာကြီးရှုယီ မပြောပြခဲ့ခြင်းက ထိုဆေးပင်ကို သွားရှာမှာ စိုးရိမ်တာကြောင့်ဖြစ်သည်။
“သမီး သွားရှာချင်တယ်!”။ စူစူလေး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူမ အလွန်ခေါင်းမာနေပါသည်။
“စူစူလေး အဲ့ဒီနေရာက ဝေးရုံတင်မဟုတ်ဘူး။ ကျွန်းတွေနဲ့လည်း ပြည့်နေတာ ပြီးတော့ အန္တရာယ်ရှိတဲ့နေရာတွေ အများကြီးပဲ”။ ဆရာကြီးရှုယီ ထပ်ပြောလိုက်သည်။
ထိုရှားပါးဆေးပင်က သန္တာကျောက်တန်းတွေပေါ်မှာသာ ပေါက်တတ်ပါသည်။
ငွေမက်သည့် တခြားသူတွေ ထိုဆေးပင်ကို သွားရှာကြတာ ဆရာကြီးရှုယီ ဘာမှ မပြောနိုင်ပါ။ သို့သော် စူစူလေးကတော့ လုံးဝ စွန့်စားလို့ မဖြစ်ပေ။
“သမီး ဘာအန္တရာယ်မှ မကြောက်ဘူး! အဲ့ဒီ ဆေးပင်ကို သွားရှာချင်တယ်!”။ စူစူလေး ခေါင်းမာနေဆဲဖြစ်သည်။
“ဒါပေမယ့် စူစူလေး…”
“မရဘူး မရဘူး မရဘူး! သွားရှာမယ်!”။ စူစူလေး နှုတ်ခမ်းစူလိုက်သည်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ သွားရှာကြမယ်နော်!”။ ဆရာကြီးရှုယီ အမြန် လိုက်လျောလိုက်ရသည်။
သူသာ မလိုက်လျောပါက စူစူလေး တကယ် ဒေါသထွက်သွားနိုင်သည်။
ပတ်ဝန်းကျင်မှာ လေဖိအား ပြောင်းလဲလာတာကိုပင် သူခံစားနိုင်ပါသည်။ စူစူလေး ဒေါသထွက်သည့်အခါ အကျိုးဆက်များက အလွန်ပြင်းထန်ပါသည်။ သူခံနိုင်ရည်ရှိမှာ မဟုတ်ပါ။
“ဆရာကြီးရှုယီ အဲ့တာ…”။ အနောက်မှ လိုက်လာသည့် အိမ်တော်ထိန်းကျန်းတစ်ယောက် ဆရာကြီးရှုယီကို မှင်သက်စွာ ကြည့်လိုက်သည်။
“အဲ့တာတွေ အဲ့ဒီတွေ လုပ်မနေနဲ့။ မင်းတို့သခင်လေး အရင်ဘဝက ဘာကောင်းမှုတွေလုပ်ထားလို့ ငါတို့ စူစူလေး ဒီလောက် သဘော ကျနေရတာလဲမသိဘူး! အခု မင်းတို့ သခင်လေးကို ကယ်လို့ရပြီ ကျေနပ်ပြီလား! ငါတို့ စူစူလေးကတော့ ပင်ပန်းရတော့မှာပေါ့!”
ဆရာကြီးရှုယီ မချိုမချဉ် ပြန်ပြောလိုက်ပါသည်။
“အဲ့တာဆို စူစူလေးက အဲ့ဒီဆေးပင်ကို တကယ်ရှာနိုင်တယ်လို့ ပြောချင်တာလား”။ အိမ်တော်ထိန်းကျန်း စိတ်လှုပ်ရှားမှုကို ထိန်းချုပ်မရတော့ပါ။
… … …
အခန်း(၈၄၀) ပင်လယ်ဂါနိုးဒါးမားကို စူစူလေး ရှာဖွေချင်တယ်
“ဟုတ်တယ်! ငါတို့ စူစူလေးက ဆေးပင်ရှာတဲ့နေရာမှာ ပြိုင်စံရှားပဲ! ဘယ်သူမှ မရှာနိုင်တဲ့ ဆေးပင်ကိုတောင် သူရအောင် ရှာနိုင်တယ် သိပြီလား!”
စူစူလေး၏ စကားက အမှန်တကယ်ဖြစ်နေလိမ့်မည်စု အိမ်တော်ထိန်းကျန်း ထင်မထားခဲ့ပါ။ စူစူလေး နားလည်မှုလွဲတာဟုသာ ထင်ထားခဲ့ခြင်းဖြစ်သည်။ ‘ဆေးပင်ရှာဖွေခြင်း’ဆိုတာ စူစူလေးကစားဖူးသည့် ဂိမ်းတစ်ခု ဖြစ်မည်ဟုပင် သံသယဖြစ်ခဲ့မိသည်။
သို့သော်လည်း အခုတော့ ဆရာကြီးရှုယီကပါ အတည်ပြုပေးလိုက်ပြီဖြစ်သဖြင့် မယုံလို့ မရတော့ပေ။
“တကယ် အံ့ဩစရာပဲ!”။ အိမ်တော်ထိန်းကျန်း ရေရွတ်လိုက်ပါသည်။
“ဘာကို အံ့ဩစရာလဲကွ! အဲ့ဒီဆေးပင်ကို ဘယ်မှာရှာရမလဲ မင်းတို့သိလား။ တောင်ဘက်ပင်လယ်ပြင်တွေမှာပဲ ရှာလို့ရတာကွ! ငါတို့စူစူလေး အဲ့ဒီဆေးပင်ကိုရှာဖို့ အဲ့အထိ ခရီးနှင်ရမှာ!”
ကောင်လေးတစ်ယောက်အတွက် စူစူလေး ဒီလောက်ထိ ဒုက္ခခံရမှာကို စဉ်းစားရင်း ဆရာကြီးရှုယီ ဒေါသ ပိုထွက်လာသည်။
အဲ့ဒီကောင်စုတ်လေးက ဘာလို့ ဒီလောက်ကံကောင်းရတာလဲ!
“စိတ်မပူပါနဲ့ ဆရာကြီးရှုယီ။ သခင်မလေးစူစူ လုံးဝ မပင်ပန်းစေရဘူး။ ခရီးစဉ်အတွက် လိုအပ်တဲ့ လေယာဉ်တွေကော၊ ရဟတ်ယာဉ်တွေကော ကျွန်တော်တို့ အားလုံး ပြင်ဆင်လိုက်ပါ့မယ်!”။ အိမ်တော်ထိန်းကျန်းက ဆရာကြီးရှုယီကို အမြန် ကတိပေးလိုက်ပါသည်။
ဆေးပင်ကို တကယ်ရှာတွေ့နိုင်မည်ဆိုလျှင် ဒီလောက်ပြင်ဆင်ရတာ အသေးအဖွဲကိစ္စသာဖြစ်သည်။
သူတို့သခင်လေးအတွက် စူစူလေးက ဆေးပင်ရှာပေးရမှာဖြစ်သဖြင့် စူစူလေးကို ပင်ပန်းစေလို့ လုံးဝ မဖြစ်ပါ။
“အဲ့တာဆိုလည်း မြန်မြန်သွားလုပ်ကြလေကွာ!”။ ဆရာကြီးရှုယီ မကျေနပ်သေးပါ။
“မြန်မြန် သွားပြင်တော့!”။ စူစူလေးကလည်း သံယောင်လိုက်ကာ အမိန့်ပေးလိုက်သည်။
ဒီကိစ္စက ကိုကြီးရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်နေတာ မြန်မြန်လုပ်မှဖြစ်မယ်!
ကိုကြီးကို ဝမ်းမနည်းစေချင်တော့ဘူး!
“ဟုတ်ပါပြီ ဟုတ်ပါပြီ အခုပဲ သွားပြင်ဆင်လိုက်ပါ့မယ်!”
အိမ်တော်ထိန်းကျန်းလည်း လုအိမ်တော်ဆီ ခပ်သုတ်သုတ် ပြန်ပြေးလာခဲ့သည်။
ဒီသတင်းကောင်းကို သခင်ကြီးနဲ့ သခင်လေးတို့အား အမြန်ပြန်ပြောရပါမည်။
--- --- ---
လုကျန်းယွီအတွက် စူစူလေး ဆေးပင်ရှာဖွေပေးမည့် ကိစ္စကို အဘိုးချင်းတို့လင်မယားအား ဆရာကြီးရှုယီ အသိပေးခဲ့သည်။
ချင်းယုကျီးလည်း အနားမှာရှိနေသဖြင့် ထိုအကြောင်းကို မိသားစု Group Chat ထဲ ပြောပြလိုက်ပါသည်။
မကြာခင် ချင်းမိသားစုဝင်အားလုံး သိသွားကြသည်။
Group Chat ထဲ အပြင်းအထန် ငြင်းခုံမှုများ ဖြစ်ပွားခဲ့သည်။
သဘောတူသူရှိသလို ကန့်ကွက်သူတွေလည်း ရှိပါသည်။
ပထမဆုံး ကန့်ကွက်သူက ချင်းရှင်းကျစ်ဖြစ်၏။
ချင်းရှင်းကျစ် : [မသွားရဘူး။ ညီမလေးကို သွားခွင့်မပေးနိုင်ဘူး။ အနီးအနားဆို ကိစ္စမရှိပေမယ့် တောင်ဘက် ပင်လယ်ပြင်တဲ့လား! ဒီလောက်အဝေးကြီး အန္တရာယ်ကလည်း များသေးတယ်!]
ချင်းယန်ကျစ် : [အစ်ကိုကြီးပြောတာ ထောက်ခံတယ်။ တောင်ဘက်ပင်လယ်ပြင်ဆိုတာ ကလေးတစ်ယောက် သွားသင့်တဲ့နေရာလား။ လုံးဝ မလွှတ်နိုင်ဘူး!]
ရှောင်းပေပေလည်း သူမယောက်ျားကို ထောက်ခံပါသည်။ [အဲ့ဒီ လုမိသားစုက သူတို့ဖာသာ သွားလို့မရဘူးလား။ ဘာလို့ စူစူလေးက လိုက်ရမှာလဲ။ ဒီလောက် ငယ်ငယ်လေးပဲ ရှိသေးတာ ခရီးကလည်း ပန်းဦးမယ်။ အဖေနဲ့အမေ သမီးတို့ ခွင့်မပြုဘူးနော်]
ဝမ်ချင်းကလည်း ဝင်ပြောလိုက်သည်။ [စူစူလေးရဲ့ အစွမ်းအစကို မယုံတာ မဟုတ်ပေမယ့် သူကံကောင်းတယ် ဆိုရင်တောင် ဆေးပင်ကို ရှာတွေ့မယ်လို့ တပ်အပ်မပြောနိုင်ဘူးလေ။ ဒီခရီးသွားရမှာ မတန်ပါဘူး။ အားလုံး ပြန်စဉ်းစားသင့်တယ်]
ချင်းယုဟွိုင်းလည်း ကန့်ကွက်ပါသည်။ [စူစူလေး အန္တရာယ်ဖြစ်ထားတာ မကြာသေးဘူး။ ဒီလောက် အဝေးကြီးခရီးသွားဖို့ မသင့်တော်ဘူး]
အရင်တစ်ခေါက်က စူစူလေးကို ပြန်ပေးဆွဲသွားသည့်လူတွေကိုတောင် မဖမ်းမိသေးပါ။ ခေါင်းဆောင်ရှောက်နဲ့ စန်းကျစ်တို့ စုံစမ်းနေကြဆဲဖြစ်သည်။ ဒီလို အန္တရာယ်များသည့် ရန်သူတွေ ရှိနေချိန် သတိမဲ့လို့ မဖြစ်ပါ။ ထို့ကြောင့် ချင်းယုဟွိုင်း ကန့်ကွက်ရခြင်းဖြစ်သည်။
ချင်းယုကျီးကတော့ စူစူလေးကို ထောက်ခံပါသည်။ [ကျွန်တော်ကတော့ ခွင့်ပြုပေးသင့်တယ်လို့ ထင်တယ်။ ပထမ တစ်ချက်က ဒေါ်လေးက အရမ်းကျန်းမာသန်းစွမ်းတော့ ပင်ပန်းမှာ စိတ်ပူစရာမလိုဘူး။ ဒုတိယအချက်က ဒေါ်လေးနဲ့ အဲ့ဒီ သခင်လေးလုတို့က သူငယ်ချင်းတွေလေ။ သူ့သူငယ်ချင်းအတွက် တစ်ခုခုလုပ်ပေးချင်တဲ့ ရည်ရွယ်ချက်ကို ကျွန်တော်တို့က ထောက်ခံပေးသင့်တာ မဟုတ်ဘူးလား]
ချင်းယုချဲကလည်း စူစူလေး၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည်။ [စူစူလေး လုပ်ချင်တာကို ကျွန်တော် ထောက်ခံတယ်]
… … …