အခန်း (၈၄၁-၈၄၅)
Vol. 34 Ch. 841-845
အခန်း(၈၄၁) အစိုးရိမ်လွန်နေသော ညီအစ်ကိုများ (၁)
ချင်းမိသားစုဝင်တွေ အကြောင်းပြချက် ကိုယ်စီနဲ့ အပြင်းအထန် ငြင်းခုံနေကြသော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်က စူစူလေး လက်ထဲမှာသာရှိသည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့တောင် စူစူလေးကိုယ်စား မဆုံးဖြတ်ပေးနိုင်ပါ။
“သမီးလေး သွားချင်တာ သေချာရဲ့လား”။ အဘွားချင်းက စူစူလေးကို ပွေ့ချီပြီး မေးလိုက်သည်။
ဒီကိစ္စမှာ အဘွားချင်းကတော့ သားဖြစ်သူတွေလောက် အဖြစ်မသည်းပါ။ စူစူလေး ဘေးကင်းလုံခြုံမှာ သေချာလျှင် သူငယ်ချင်းဖြစ်သူကို ကူညီပေးနိုင်တာ ကောင်းပါသည်။
“အွန်း! သွားချင်တယ်! ကိုကြီးက သမီးသူငယ်ချင်းလေ။ အဲ့တာကြောင့် သူ့ကို ကူညီပေးချင်တာ!”။ စူစူလေး၏ ဆုံးဖြတ်ချက်က အလွန်ခိုင်မာပါသည်။
စူစူလေး၏ ဆုံးဖြတ်ချက် ခိုင်မာသော မျက်နှာလေးကို ကြည့်ရင်း အဘွားချင်း သိမ်မွေ့စွာ ပြုံးလိုက်ပါသည်။
စူစူလေး၏ ပါးလေးကို ပွတ်ပေးရင်း အဘွားချင်း ပြောလိုက်သည်။ “သမီးလေး ဆန္ဒရှိတဲ့ ကိစ္စဖြစ်ပြီး မှန်ကန်တဲ့ လုပ်ရပ်လည်း ဖြစ်နေတော့ ဖေဖေနဲ့ မေမေတို့က ထောက်ခံပေးရမှာပေါ့”
“တကယ်လား”။ စူစူလေး မေးလိုက်သည်။
“ဒါပေါ့ မေမေတို့ရဲ့ သမီးလေးက မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်နေတာ ဘာလို့ မထောက်ခံရမှာလဲ”။ အဘွားချင်း အတည်ပြုပေးလိုက်ပါသည်။
“ရေး!!”။ စူစူလေး အလွန်ပျော်ရွှင်သွားပြီး အဘိုးချင်းနဲ့ အဘွားချင်းတို့ကို နမ်းလိုက်ပါသည်။
ဖေဖေနဲ့ မေမေတို့က အလွန်သဘောကောင်းသည်။
အဘွားချင်းက သတိပေးလိုက်၏။ “ဒါပေမယ့် သမီးလေး ဘေးကင်းလုံခြုံဖို့ကတော့ အရေးအကြီးဆုံးနော်။ သမီးလေးက ဖေဖေနဲ့ မေမေတို့ရဲ့ အဖိုးအတန်ဆုံး ရတနာလေးမို့လို့။ ဘယ်အရာကမှ သမီးလေးလောက် အရေးမကြီးဘူး။ သမီးလေးရဲ့ အစ်ကိုတွေ ယောက်မတွေ ပြောတာလည်း မမှားဘူး။ အန္တရာယ်တွေ ရှိနေသေးလို့ သတိလက်လွတ်နေလို့ မဖြစ်ဘူး”
“စိတ်မပူနဲ့ မေမေ! သမီး အရင်ကထက် အများကြီး ပိုသန်မာလာပြီ!”။ သူမရဲ့ လက်ရှိ စွမ်းအားများကို စူစူလေး ယုံကြည်ချက် အပြည့်ရှိပါသည်။
ဆရာမင်က သူမကို အများကြီး သင်ပေးထားတာကြောင့်ဖြစ်သည်။
အခုဆို မိုးကြိုးတွေကိုတောင် သူမ ခေါ်နိုင်ပါပြီ။
သူမ ဒါကိုလျှို့ဝှက်ထားသည်။ ဘယ်သူ့ကိုမှ မပြောပြပါ။ ဦးလေးပိုင်ဟူကျစ်ကိုတောင် မပြောပြရသေးပါ။
“အင်းပါ။ သမီးလေးက အရမ်းတော်ပြီးသား!”။ အဘိုးချင်းကလည်း ထောက်ခံလိုက်သည်။ သူ့သမီးလေး ကိုယ့်ကိုယ်ကိုယ် တော်သည်ဟု ပြောတိုင်း အဘိုးချင်းက အပြေးထောက်ခံတတ်သည်။
ချင်းဖေးဖန်ရဲ့ သမီးက မတော်ဘူးလို့ ဘယ်သူပြောရဲသလဲ! ပြောရဲတဲ့လူတိုင်းကို ကန်ထုတ်ပစ်မယ်!
အဘိုးချင်းနဲ့ အဘွားချင်းတို့ သဘောတူလိုက်သောအခါ ချင်းရှင်းကျစ်နဲ့ ချင်းယန်ကျစ်တို့ ညီအစ်ကိုနှစ်ယောက် ဘာမှမတတ်နိုင်ကြတော့ပေ။
ချင်းယန်ကျစ် ဖုန်းဆက်ကာ စိတ်မပါစွာဖြင့် လိုက်လျောလိုက်ပါသည်။ “ဟုတ်ပါပြီ။ သွားချင်လည်း သွားပါ။ ဒါပေမယ့် ဘေးကင်းလုံခြုံရမယ် ဘေးကင်းလုံခြုံရမယ် ဘေးကင်းလုံခြုံရမယ်နော်!”
အရေးကြီးတာကို ၃ ကြိမ် ၃ ခါ ပြောရမည်။
“စိတ်မပူနဲ့ အစ်ကိုလတ်! ဖေဖေနဲ့ မေမေ့ကို သမီးကာကွယ်လိုက်မယ်! အစ်ကိုလတ်လည်း ပေကျင်းမှာ လိမ်လိမ်မာမာနေ။ ယောက်မကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံ! အာဘွား…”
စူစူလေး ဖုန်းနားကို ကပ်ကာ အာဘွားပေးလိုက်ပါသည်။
ချင်းယန်ကျစ် နှလုံးသား အရည်ပျော်သွားလေသည်။ “ဟုတ်ပါပြီ ဟုတ်ပါပြီ အစ်ကိုလတ်က ဘာမှမဖြစ်ဘူး။ ညီမလေးလည်း ဂရုစိုက်နော်။ အစ်ကိုလတ် အားတဲ့အခါကျရင်လာလည်မယ်”
ချင်းရှင်းကျစ်ကတော့ သဘောမတူချင်သေးပါ။
ထိုစဉ် စူစူလေး လျှောက်လာပြီး သူ့ဘောင်းဘီကို ဆွဲလိုက်သည်။
ချင်းရှင်းကျစ် မသိချင်ယောင် ဆောင်နေလိုက်သည်။
“အစ်ကိုကြီး!”။ စူစူလေး ခေါ်လိုက်သည်။
ချငးရှင်းကျစ် မကြားချင်ယောင် ဆောင်နေဆဲဖြစ်သည်။
“အစ်ကိုကြီး!”။ စူစူလေး ထပ်ခေါ်လိုက်သည်။
စူစူလေး တတိယအကြိမ် မခေါ်နိုင်ခင် ချင်းရှင်းကျစ် ခံနိုင်ရည်မရှိတော့ပါ။ သူမကို မသိချင်ယောင်ဆောင်လိုက်ပါက စူစူလေး စိတ်ဆိုးသွားပြီး သူ့ကို စကားမပြောတော့မှာ စိုးရိမ်ရသည်။
ထို့ကြောင့် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အသည်းကွဲနေဟန်ဖြင့် မေးလိုက်သည်။ “ညီမလေး မသွားလို့ မရဘူးလား”
“အစ်ကိုကြီး စိတ်မပူပါနဲ့။ သမီး ဆေးပင်ရှာပြီးတာနဲ့ ပြန်လာခဲ့မယ်။ နေ့တိုင်းလည်း ဖုန်းဆက်မယ်။ အဲ့တာဆို လွမ်းရမှာ မဟုတ်တော့ဘူး!”
“အဲ့တာဆိုလည်း… ၃ ရက်ပဲ နော်။ အလွန်ဆုံး ၃ ရက်ပဲ ကြာရမယ်။ ၃ ရက်နေလို့မှ ဆေးပင်ကို ရှာမတွေ့သေးလည်း ပြန်လာရမယ် ဟုတ်ပြီလား”။ ချင်းရှင်းကျစ် တောင်းတောင်းပန်ပန် ပြောလိုက်လေသည်။
… … …
အခန်း(၈၄၂) အစိုးရိမ်လွန်နေသော ညီအစ်ကိုများ (၂)
သူ့ညီမလေးနဲ့ ချင်းရှင်းကျစ် မခွဲနိုင်သလို တစ်ချိန်တည်းမှာပဲ အိမ်နဲ့ အကြာကြီး ဝေးကွာနေပါက အန္တရာယ်ရှိနိုင်သည်။
စူစူလေး လေးလေးနက်နက် စဉ်းစားလိုက်ပါသည်။
ထို့နောက် သူမကို စိုက်ကြည့်နေသည့် အစ်ကိုကြီး၏ စိုးရိမ်ပူပန်နေသော မျက်လုံးများကို ကြည့်လိုက်သည်။
စူစူလေး ခေါင်းငြိမ့်ကာ သဘောတူလိုက်ပါသည်။ “ဟုတ်ပြီ ၃ ရက်ပဲ သွားမယ်”
“အင်း အဲ့တာဆို လက်သန်းချင်းချိတ်ပြီး ကတိပေးရအောင်!”။ ချင်းရှင်းကျစ်က သူ့ရဲ့ မာမာထူထူ လက်သန်းဖြင့် စူစူလေးရဲ့ ပျော့ပျော့ပြောင်းပြောင်း လက်သန်းလေးကို ချိတ်လိုက်သည်။
ထို့နောက် နှစ်ယောက်သား ကတိပြုလိုက်ကြပါသည်။
ဘေးမှ ကြည့်နေသော အဘွားချင်းတစ်ယောက် ကြည်နူးမိသလို ရယ်လည်း ရယ်ချင်သွားပါသည်။ “စူစူလေးက ဒီတိုင်း ခရီးထွက်တာပါ။ နင်တို့ ညီအစ်ကိုနှစ်ယောက် သေရေးရှင်ရေးကိစ္စလို အဖြစ်သည်းမနေကြစမ်းပါနဲ့”
“ဘာခရီးထွက်တာလဲ။ ဟိုဘက်အိမ်က ကောင်စုတ်လေးအတွက် ဆေးပင်သွားရှာပေးရမှာ မဟုတ်ဘူးလား။ အဲ့တာ အရမ်းပင်ပန်းရမှာ! ညီမလေးက အသက်ငယ်ငယ်လေးပဲရှိသေးတာကို ဒီလောက် အန္တရာယ်များတဲ့နေရာတွေကို သွားရမှာလေ!”။ ချင်းရှင်းကျစ် ပြန်ချေပလိုက်သည်။
“နင်တို့ကိုက အတွေးလွန်လွန်းနေတာပါ။ အဘိုးကြီးနဲ့ ငါနဲ့လည်း လိုက်သွားမှာပဲကို။ သူဆေးပင်ကို ရှာတွေ့ရင် ကောင်းတာပေါ့။ မတွေ့ရင် ငါတို့လည်း ဘာမှ မတတ်နိုင်ဘူးလေ။ ပရော်ဖက်ရှင်နယ်တွေလို နေ့ညမနား ရှာနေမှာမှ မဟုတ်တာ”။ အဘွားချင်း ရှင်းပြလိုက်ပါသည်။
“အဲ့တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သတိထားရမယ်နော်!”။ နောက်ဆုံးတော့ ချင်းရှင်းကျစ် လိုက်လျောလိုက်ပါသည်။
“အေးပါအေးပါ နင်တို့ညီအစ်ကိုနှစ်ယောက် စိတ်အေးအေးထားကြစမ်းပါ။ ငါတို့သမီးလေးကို တောင်ပေါ်ဒေသမှာ ၃ နှစ်ကျော်ကျော်လောက် ငါတို့ ပျိုးထောင်လာခဲ့တာ ဘာမှမဖြစ်ဘူး။ အရင်တုန်းက ဘာမှမဖြစ်ခဲ့သလို အခုလည်း ဘာမှ ဖြစ်မှာ မဟုတ်ဘူး”
“အဲ့တာ တူမလားဗျ။ ဘယ်လိုလုပ်တူမှာလဲ။ အရင်တုန်းက ညီမလေးရှိနေမှန်း ကျွန်တော်တို့မှ မသိတာ!”
“အစ်ကိုကြီး စိတ်မပူနဲ့! သမီးက အရမ်းသန်မာနေပြီ!”။ ချင်းရှင်းကျစ်ကို စူစူလေး အာမခံလိုက်ပါသည်။
ယခု သူမ အလွန်စွမ်းအားကြီးနေပါပြီ။ နတ်ယုတ်မာကြီးကလွဲပြီး တခြားသူတွေ အားလုံးကို အလွယ်တကူ အနိုင်ယူနိုင်သည်။
“ဟုတ်ပါပြီ။ အစ်ကိုကြီးရယ်၊ ယောက်မရယ်၊ အဲ့ဒီ ဆန်ကုန်မြေလေး တူတွေအားလုံး ညီမလေးပြန်လာမှာကို စောင့်နေမယ်နော်”
“အွန်း အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ချင်းယုဟွိုင်း၊ ချင်းယုကျီးနဲ့ တခြားတူတွေကို မှာလိုက်သည်။ “ဒေါ်လေး အိမ်မှာမရှိတုန်း အားလုံး လိမ်လိမ်မာမာနေကြနော်။ ရန်မဖြစ်ကြနဲ့။ ဒေါ်လေးပြန်လာရင် အားလုံးကို ကာကွယ်ပေးမယ်!”
“ဟုတ်ကဲ့ပါ။ ဒေါ်လေးပြန်လာမယ့် အချိန်ကို အားလုံး လိမ်လိမ်မာမာနဲ့ စောင့်နေပါ့မယ်”။ ချင်းယုကျီးကလည်း အလိုက်သင့် ပြန်ဖြေလိုက်ပါသည်။
စူစူလေး၏ စကားလုံးများက ကလေးဆန်သော်လည်း သူတို့အတွက် ထူးထူးဆန်းဆန်း လုံခြုံမှုကို ခံစားရစေသည်။
သူမ အပိုစကားတွေပြောနေသည်ဟု ဘယ်သူမှ မထင်ကြဘဲ သူမကို တကယ် ယုံကြည်ချစ်မြတ်နိုးကြပါသည်။
--- --- ---
လုကျန်းယွီအတွက် ပင်လယ်ဂါနိုးဒါးမားရှာဖွေပေးရန် တောင်ပိုင်းပင်လယ်ပြင်သို့ စူစူလေးအား သွားခွင့်ပြုမည့်အကြောင်း လုမိသားစုကို ချင်းမိသားစု အကြောင်းကြားခဲ့ပါသည်။
ချင်းမိသားစုက သဘောတူညီကြောင်း ကြားသောအခါ သခင်ကြီးလု ဝမ်းသာလွန်းသဖြင့် အဘိုးချင်း၏ လက်ကို ကိုင်ကာ မျက်ရည်ကျလုနီးပါး ကျေးဇူးတင်လိုက်ပါသည်။
“သခင်ကြီးချင်း! ခင်ဗျားတို့ မိသားစုကျေးဇူးကို ကျုပ်ဒီတစ်သက်မမေ့ပါဘူး!”။ သခင်ကြီးလုက အသံတွေ တုန်ယင်စွာ ပြောလိုက်ပါသည်။
“ကျေးဇူးအတင်မစောနဲ့ဦး။ ကျုပ်တို့သမီးလေးက သွားရှာပေးမယ်လို့ပဲ ပြောတာ။ တကယ် ရှာနိုင်မလားဆိုတာ မသေချာသေးဘူး။ သမီးလေးက ဆေးပင်ရှာတာ တော်တယ်ဆိုပေမယ့် အဲ့ဒီဆေးပင်က အရမ်းရှားတယ်လို့ ဆရာကြီး ရှုယီက ပြောထားပြီးသား”
အဘိုးချင်းက သခင်ကြီးလုကို ယုံကြည်မှုမလွန်ကဲစေချင်သဖြင့် သတိပေးလိုက်ပါသည်။
“ကျုပ်သိပါတယ် ကျုပ်သိပါတယ်။ ဒါပေမယ့် စူစူလေးက သစ္စာရှိတယ်။ ကျန်းယွီလေးအတွက် တကယ့် သူငယ်ချင်းကောင်းပဲ! သူ့လို သူငယ်ချင်းမျိုးရထားတာ ကျန်းယွီလေး တကယ် ကံကောင်းတာပဲ!”
… … …
အခန်း(၈၄၃) သခင်လေးရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးရမယ်
“အဲ့လောက်ကြီးလည်း အပန်းမကြီးပါဘူး။ စူစူလေးကို ကျုပ်တို့ အပန်းဖြေခရီးခေါ်သွားတယ်လို့ပဲ သဘောထားလိုက်ပေါ့။ အန္တရာယ်များတဲ့ သန္တာကျောက်တန်းနေရာတွေကိုတော့ စူစူလေးကို သွားခွင့်ပေးမှာ မဟုတ်ဘူး”
အဘိုးချင်းရှင်းပြလိုက်သည်။ ဆေးပင်ရှာဖွေဖို့ စူစူလေးကို လိုက်ပို့မည်ဟု သဘောတူထားသော်လည်း ကန့်သတ်ချက်တော့ ရှိပါသေးသည်။
လည်ပတ်ဖို့ ဘေးကင်းလုံခြုံသည့် နေရာတွေကိုသာ စူစူလေးအား သွားခွင့်ပြုမည်။
ကျောက်တန်းများ တည်ရှိသည့် ထိုနေရာတွေမှာတော့ သင်္ဘောကြီးတွေတောင် ပျက်စီးသွားနိုင်သည်။ သူ့သမီးလေးကို ဒီလိုနေရာများအား ကျိန်းသေပေါက် သွားခွင့်ပေးမှာ မဟုတ်ပါ။
စူစူလေးအတွက် စိတ်ပူတာမှန်သော်လည်း တခြားသူအတွက် သေရေးရှင်ရေးတမျှအရေးကြီးသော ကိစ္စဖြစ်သဖြင့် အဘိုးချင်း လက်ခံပေးခဲ့ခြင်းဖြစ်ပါသည်။
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ! အပန်းဖြေခရီးထွက်တယ်လို့ပဲ သဘောထားကြပါ။ ဘာမှ စိတ်မဖိစီးဘဲ ပျော်ပျော်နေကြနော်”။ သခင်ကြီးလု ထောက်ခံလိုက်ပါသည်။
စူစူလေးနဲ့ ဆရာကြီးရှုယီတို့ ဒီလို ကူညီပေးတာနဲ့တင် အလွန်ကျေးဇူးတင်ဖို့ကောင်းနေမှန်း သခင်ကြီးလု သိပါသည်။ ဒီံ့ထက်ပိုပြီး မတောင်းဆိုရဲတော့ပါ။
“ဟုတ်ပြီ။ စကားပြောတာ ရပ်ကြရအောင်။ ကျုပ်တို့ သွားရတော့မယ်”။ စကားဆက်များနေလျှင် အဆုံးရှိတော့မှာ မဟုတ်မှန်း အဘိုးချင်း သိပါသည်။ လေယာဉ်ပေါ်မြန်မြန်တက်ပြီး မမှောင်ခင် အရောက်သွားနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ! လေယာဉ်ဆီ ကျုပ်လိုက်ပို့ပေးပါ့မယ်။ ဟိုရောက်ရင်လည်း ကျွန်တော် အားလုံး ပြင်ဆင်ပေးထားပြီးသားပါ။ စရိတ်စခတွေအကုန်လုံး ကျုပ်ပဲ ကျခံမှာပါ”
သခင်ကြီးလု အားလုံးစီစဉ်ပြီးတာ ကြာပါပြီ။
Private လေယာဉ်တစ်စီး၊ Private ရွက်လှေတစ်စီး၊ ပင်လယ်ကမ်းခြေ ဗီလာတစ်လုံး စသည်ဖြင့် သူ မစီစဉ်နိုင်တာ ဘာမှ မရှိပါ။
“ကျွန်တော်လည်း လိုက်ခဲ့မယ်”
လုကျန်းယွီက ဝှီးချဲဖြင့် အမြန်လိုက်လာသည်။
“ကျန်းယွီ… ကျန်းယွီ ဘာလုပ်မလို့လဲ”။ သခင်ကြီးလု မေးလိုက်သည်။
လုကျန််းယွီက သူ့အဘိုးကို ဘာမှပြန်မပြောဘဲ အဘိုးချင်းကိုသာ ပြောလိုက်သည်။ “ဦးလေးချင်း ကျွန်တော်လည်း လိုက်ခဲ့မယ်”
“ကျန်းယွီ၊ မင်းအိမ်မှာပဲ သတင်းစောင့်နေတာ ပိုကောင်းမယ်ထင်တယ်နော်”။ အဘိုးချင်း အကြုံပြုလိုက်ပါသည်။
“ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် စူစူလေးက ကျွန်တော့်အတွက် သွားမှာဆိုတော့ ကျွန်တော်လည်း လိုက်ချင်လို့ပါ”။ လုကျန်းယွီ ပြောလိုက်သည်။
ဘာကြောင့်မှန်းမသိဘဲ သူ့ရင်ထဲ အနည်းငယ် စိုးရိမ်ပူပန်နေသည်။ စူစူလေး တစ်ခုခုဖြစ်သွားမှာကို စိတ်ပူမိသည်။
သူ့အတွက် ဆေးပင်ရှာဖွေပေးနေရင်း စူစူလေးတစ်ခုခုဖြစ်သွားပါက သူ့ကိုယ်သူ တစ်သက်လုံး ခွင့်လွှတ်နိုင်တော့မှာ မဟုတ်ပါ။
စူစူလေးကို အန္တရာယ်ဖြစ်စေမည့်အစား တစ်သက်လုံး လမ်းမလျှောက်နိုင်လည်း ကိစ္စမရှိပါ။
“ကျန်းယွီ…”။ သခင်ကြိးလု မျက်မှောင်ကြုတ်ကာ မြေးဖြစ်သူကို မသွားဖို့ တားချင်သော်လည်း ဆင်ခြေကောင်းကောင်း ရှာမရပေ။
“အဘိုး၊ ဘာအန္တရာယ်မှမရှိဘူးဆိုရင် ကျွန်တော့်ကို ဘာလို့ သွားခွင့်မပေးတာလဲ။ အန္တရာယ်တစ်ခုခုဖြစ်မယ်လို့ ခံစားနေရလို့လား”
“မဟုတ်ပါဘူး! စူစူလေးကို အန္တရာယ်ဖြစ်ခွင့် လုံးဝ မပေးဘူး!”။ သခင်ကြီးလု ခိုင်ခိုင်မာမာ ပြန်ဖြေလိုက်သည်။ “ကျန်းယွီ လိုက်သွားချင်တယ်ဆိုလည်း လိုက်သွားပါ။ ကျန်းယွီရဲ့ ကျန်းမာရေးနဲ့ လိုက်ဖို့ သိပ်မသင့်တော်ဘူးလို့ အဘိုးက ထင်လို့ပါ ကျန်တာ ဘာမှ မရှိပါဘူး”
“ဒါဆိုလည်း လိုက်သွားမယ်။ စူစူလေး ဘေးမှာ နေချင်တယ်”
“ဟုတ်ပါပြီ ကျန်းယွီသွားမယ်ဆိုရင် အဘိုးလည်း လိုက်ခဲ့မယ်! မိသားစု ၂ စု အပန်းဖြေခရီးထွက်တယ်လို့ပဲ သဘောထားကြတာပေါ့”။ သခင်ကြီးလုလည်း လိုက်သွားဖို့ ချက်ချင်း ဆုံးဖြတ်လိုက်ပါသည်။
ဒါကိုကြားတော့ အိမ်တော်ထိန်းကျန်းက အမြန်ဝင်ပြောလိုက်ပါသည်။ “ကျွန်တော် အခုချက်ချင်း သွားစီစဉ်လိုက်ပါ့မယ်”
--- --- ---
လုကျန်းယွီ လိုက်လာမည်ဟု ကြားသိရသောအခါ စူစူလေး အလွန်ပျော်ရွှင်သွားပါသည်။ သူမ ကိုကြီးနဲ့ ကစားနိုင်ပြီ ဖြစ်သည်။
“ကိုကြီး လေယာဉ်ပေါ်ကို သမီးချီတင်ပေးမယ်!”
လုမိသားစု၏ Private လေယာဉ်ရှေ့မှာ စူစူလေးက လုကျန်းယွီကို ချီတင်ပေးဖို့ ပြင်လိုက်ပါသည်။
သို့သော် သူမ လက်လှမ်းမမှီခင် အိမ်တော်ထိန်းကျန်းက လုကျန်းယွီကို အမြန်ပွေ့ချီကာ ပြောလိုက်သည်။ “သခင်မလေးစူစူ၊ သခင်လေးကိုချီဖို့ ကျွန်တော့်တာဝန်သာထားပါ။ အပင်ပန်းမခံပါနဲ့”
သူ့သခင်လေးရဲ့ ဂုဏ်သိက္ခာကို သူကယ်တင်ပေးမှ ရတော့မည်။
… … …
အခန်း(၈၄၄) ချင်းမိသားစုဆီ သူ့တပည့်ကို လွှတ်လိုက်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ
သို့သော် စူစူလေး ပွေ့ချီတာကို ခံရသည့်အခါ သခင်လေး ရှက်နေတာကို မြင်ရတာတော့ အိမ်တော်ထိန်းကျန်း သဘောကျပါသည်။
သို့သော်လည်း ခရီးမထွက်ခင်တုန်းက သူ့ကို သခင်လေး သေချာမှာထားသည်။ သူ့အမိန့်ကို လွန်ဆန်လို့ မဖြစ်ပါ။
“အာ့ဆိုလည်း ပြီးရော!”။ စူစူလေး မကန့်ကွက်ပါ။ လုကျန်းယွီကို အိမ်တော်ထိန်းကျန်းထဲ အပ်ပြီးနောက် လေယာဉ်ပေါ် စူစူလေး ပြေးတက်သွားခဲ့သည်။
စူစူလေး၏ ဘော်ဒီဂတ် ဟဲပေမူလည်း ဒီတစ်ခေါက် လိုက်လာပါမည်။
အရင်တစ်ခေါက်က စူစူလေး ပေကျင်းမြို့ကို သွားခဲ့စဉ်တုန်းက သူ မလိုက်သွားသဖြင့် စူစူလေး မတော်တဆမှု ကြုံခဲ့ရသည်။ ဒီတစ်ခါတော့ သူလိုက်သွားမှ ဖြစ်ပါမည်။
လေယာဉ်ပေါ် မတက်ခင် အိမ်တော်ထိန်းကျန်းနဲ့ ဟဲပေမူတို့ ဆုံခဲ့ကြသည်။ အိမ်တော်ထိန်းကျန်းက သူ့တပည့်ကို ပြုံးပြီး ကြည့်နေပါသည်။
“ဘာတွေ ကြည့်နေတာလဲ”။ ဆရာဖြစ်သူ၏ အကြည့်က အနည်းငယ် ထူးဆန်းနေသဖြင့် ဟဲပေမူ မေးလိုက်ပါသည်။
“ငါ့တပည့် ပြောင်းလဲသွားတာကို ကြည့်နေတာ”
“ကျွန်တော့်ကို တပည့်လို့ မခေါ်နဲ့”။ ထိုအခေါ်အဝေါ်က သူ့ကို ကလေးတစ်ယောက်ဟု ခံစားရစေသည်။
“မင်းအသက်အရွယ် ဘယ်လောက်ပဲ ကြီးလာပါစေ မင်းက ငါ့တပည့်ပဲ”။ အိမ်တော်ထိန်းကျန်းကလည်း အလျှော့မပေးပါ။
အခုမှ ဆယ်ကျော်သက်ပဲ ရှိသေးတာကို ဘာလို့ ဒီလောက် ရင့်ကျက်ချင်နေရတာလဲ။
“လုပ်ချင်တာသာလုပ်”။ ဆရာဖြစ်သူကို မချေပနိုင်တော့သဖြင့် ဟဲပေမူ သည်းခံဖို့သာ ရှိတော့သည်။
“ဒါပေမယ့် ငါကတော်တော် အသုံးမကျတဲ့ ဆရာပဲ။ နှစ်တွေအများကြီးကြာအောင် မင်းကို လေ့ကျင့်ပေးခဲ့ပေမယ့် မင်းကြောင်ချစ်တတ်မှန်း အခုမှ သိတယ်”။ ဟဲပေမူ၏ ရင်ခွင်ထဲက ဟူကျစ်ကို ကြည့်ရင်း အိမ်တော်ထိန်းကျန်း ပြောလိုက်ပါသည်။
“မြောင်~”။ ဟူကျစ်က ခေါင်းလေးပြူထွက်လာပြီး အသံသေးသေးလေးဖြင့် အော်လိုက်သည်။
ဟဲပေမူ မျက်နှာ မှောင်မိုက်သွားကာ ငြင်းဆန်လိုက်ပါသည်။ “ကျွန်တော် ကြောင်မချစ်ဘူး”
“ဟုတ်လား။ အဲ့တာဆို မင်းလက်ထဲမှာ ချီထားတာ ဘာလဲ”။ အိမ်တော်ထိန်းကျန်း မေးလိုက်သည်။
“ဒါ ချင်းစူစူရဲ့ ကြောင်။ သူ့ကိုယ်စား ထိန်းပေးနေတာ”။ ဟဲပေမူ အကြောင်းပြချက်ပေးကာ ရှင်းပြလိုက်ပါသည်။
“သူ့ကိုယ်စား ထိန်းပေးနေတာဟုတ်လား။ ငါက မင်းကို စူစူလေးရဲ့ လုံခြုံရေးအတွက်ပဲ တာဝန်ပေးထားတာလေ။ သူ့အတွက် ကြောင်ချေးကူကျုံးခိုင်းထားတာ မဟုတ်ဘူး”။ အိမ်တော်ထိန်းကျန်းက ကျီစယ်စွာ ပြောလိုက်ပါသည်။
သူ့တပည့်ကို နှစ်ပေါင်းများစွာ ပျိုးထောင်ခဲ့သော်လည်း သူရှုံးနိမ့်တာကို တစ်ခါမှ မမြင်ခဲ့ဖူးပါ။
နောက်ဆုံးတော့ ဒီလိုအခွင့်အရေးရလာပြီဖြစ်သဖြင့် နည်းနည်းလောက် ကျီစယ်လည်း ကိစ္စမရှိလောက်ပါ။
“ချင်းစူစူကိုသာ သွားမေးလိုက်”။ ဟဲပေမူ အံကြိတ်လျက် အတည်ပေါက် ပြောလိုက်သည်။
ဟူကျစ်ကို ချီထားသော်လည်း ကြောင်ချစ်တတ်သည်ဟု ဝန်မခံနိုင်ပါ။
သူဖြစ်ချင်တာက သွေးအေးရက်စက်သည့် တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်သည်။ တိုက်ခိုက်ရေးသမား တစ်ယောက်က ကြောင်ချေးကျုံးနေရတာမျိုး မဖြစ်သင့်ပါ။
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ငါဘာမှ မပြောတော့ပါဘူး”
အိမ်တော်ထိန်းကျန်း ပြုံးရယ်ကာ ပြောလိုက်ပါသည်။
လူသားတစ်ယောက်၏ နွေးထွေးမှုကို အနည်းငယ် ရရှိလာပြီဖြစ်သည့် သူ့ရှေ့က တပည့်ဖြစ်သူကို ကြည့်ရင်း အိမ်တော်ထိန်းကျန်း ရင်ထဲ ဝမ်းသာသွားပါသည်။
သူ့ကို ပြောင်းလဲပေးဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း သူကိုယ်တိုင်က လူပျိုကြီးတစ်ယောက် ဖြစ်သဖြင့် ကလေးတွေကို ပျိုးထောင်ရတာ အတွေ့အကြုံသိပ်မရှိခဲ့ပါ။ ထို့ကြောင့် ပြောင်းလဲမှု သိပ်မရှိခဲ့ပေ။
အခုတော့ နွေးထွေးသည့် ချင်းမိသားစုလို မိသားစုတစ်စုထံ သူ့တပည့်ကို ပို့လိုက်ခြင်းက မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်မှန်း ရလဒ်များက သက်သေပြနေပါပြီ။
--- --- ---
လေယာဉ်ပေါ်တွင် စူစူလေးနဲ့ လုကျန်းယွီတို့ ဘေးချင်းကပ်လျက် ထိုင်ကြသည်။
သူတို့ရှေ့က စားပွဲပေါ်မှာ မုန့်တွေ၊ ရုပ်ပြစာအုပ်တွေနဲ့ ပြည့်နှက်နေပါသည်။
စူစူလေးကတော့ ပြူတင်းပေါက် အပြင်ဘက်ကိုသာ ကြည့်နေသည်။ လေယာဉ်စီးသည့်အခါ တိမ်တွေကို ကြည့်ရတာ သူမ အလွန်သဘောကျပါသည်။ သူမကိုယ်တိုင် ပျံသန်းနေသည့် ခံစားချက်မျိုးကို ရစေတာကြောင့် ဖြစ်သည်။ ထို ခံစားချက်ကို သူမ အလွန် သတိရပါသည်။
“ကျေးဇူးတင်ပါတယ် စူစူလေး”။ စူစူလေးကို လုကျန်းယွီ ပြောလိုက်ပါသည်။
“ဟမ်”။ စူစူလေး ခေါင်းလှည့်ကြည့်လိုက်၏။
“ကိုကြီးအတွက် လုပ်ပေးခဲ့တာတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်လို့”
“ကိုကြီး ကျေးဇူးတင်စရာမလိုပါဘူး။ သမီးတိုက သူငယ်ချင်းတွေပဲဥစ္စာ။ သူငယ်ချင်းတွေဆိုတာ ကျေးဇူးတင်စကား ပြောစရာမလိုဘူး!”။ စူစူလေး ဆုံးမလိုက်သည်။
… … …
အခန်း(၈၄၅) ချူးသားအဖလည်း လိုက်လာတယ်
“ကိုကြီးသိပါတယ်။ ဒါပေမယ့် ကျေးဇူးတင်ချင်တုန်းပဲ”
လုကျန်းယွီက ဒီခရီးအတွက် မျှော်လင့်ချက် များများစားစား မထားခဲ့ပါ။
သူ့အဘိုးနဲ့ အိမ်တော်ထိန်းကျန်းတို့က အရာရာကြိုးစားနေကြသော်လည်း ဖြစ်နိုင်ချေက နည်းပါးမှန်း သူသိပါသည်။
သူ့အတွက် ဒီလို မှေးမှိန်သည့် မျှော်လင့်ချက်တစ်ခုကို ကပ်တွယ်နေမည့်အစား စွန့်လွှတ်တတ်အောင် သင်ယူကာ ကျန်ရှိနေချိန်တွေကို စူစူလေးနဲ့သာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်မိတော့သည်။
ဒီနေ့ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် သူ ရရှိခဲ့တာတွေ အများကြီး ရှိပါသည်။
မတ်တပ်ရပ် လမ်းလျှောက်နိုင်ဖို့က အရေးကြီးသော်လည်း သူ့ကို ဂရုစိုက်သည့်လူတွေအား ပြန်လည် ချစ်မြတ်နိုးတတ်ဖို့က ပိုအရေးကြီးပါသည်။
ထို့ကြောင့် အခုတော့ သူအပြည့်အဝ ပြန်ကောင်းနိုင်ခြင်း မကောင်းနိုင်ခြင်းကို လုကျန်းယွီ သိပ်ပြီး ဂရုမစိုက်တော့ပါ။
“အဲ့တာဆိုလည်း ရပါတယ်!”။ စူစူလေး ချိုချိုမြိန်မြိန်ပြုံးကာ လက်ခံလိုက်ပါသည်။
ကိစ္စမရှိပါဘူး။ အားလုံးက သူငယ်ချင်းတွေပဲဥစ္စာ!
စူစူလေး၏ ပေါ့ပါးပျော်ရွှင်နေသော မျက်နှာလေးကိုကြည့်ကာ လုကျန်းယွီ စိတ်ရွှင်သွားပါသည်။
စူစူလေးကို သူမေးလိုက်သည်။ “စူစူလေးက ကောင်းကင်ကြီးကို ကြည့်ရတာ ကြိုက်လို့လား”
“အွန်း! သမီးက အမြင့်ကြီးတွေကနေ သွားရတာ ကြိုက်တယ်။ အရင်တုန်းကလည်း ဒီလို သွားဖူးတယ်”။ စူစူလေး ရှင်းပြလိုက်သည်။
“အရင်တုန်းက လေယာဉ်စီးဖူးလို့လား”။ လုကျန်းယွီ မေးလိုက်သည်။
“မဟုတ်ဘူး အရင်တုန်းက…”။ စူစူလေး စကားပြောရင်း ဦးလေးပိုင်ဟူကျစ်မှာထားတာကို ပြန်သတိရသွားသည်။ သူမ ဘယ်သူ့ကိုမှ ပြောပြလို့မဖြစ်ပါ။ ကိုကြီးကိုတောင် ပြောပြလို့မဖြစ်ပါ။
“ဒီတိုင်းပဲ သဘောကျတာ! ကိုကြီးကော သဘောကျလား”။ စူစူလေး ပြန်မေးလိုက်ပါသည်။
“သဘောကျပါတယ်”။ လုကျန်းယွီ ပြန်ဖြေလိုက်သည်။ သူလည်း ဒီခံစားချက်ကို တကယ် သဘောကျသည်။ အထူးသဖြင့် ဘေးမှာ စူစူလေးရှိနေသဖြင့် ပိုအေးချမ်းပါသည်။
“သမီးအရွယ်ရောက်လာရင် ကိုကြီးကို ခေါ်ပြီး တိမ်တွေပေါ် ပျံသန်းမယ်!”။ စူစူလေး ပြောလိုက်သည်။
စူစူလေးပြောသည့် အရွယ်ရောက်လာရင် ဆိုတာ သူတို့ထင်နေတာတော့ မဟုတ်လောက်ပေ။
“ကောင်းပါပြီ”။ လုကျန်းယွီ ပြုံးကာ ခေါင်းငြိမ့်လိုက်လေသည်။
--- --- ---
တစ်ချိန်တည်းမှာပင် ချူးယန်ရှီနဲ့ ချူးဟမ့်တို့လည်း တောင်ပိုင်းပင်လယ်ပြင်ဆီသို့ လေယာဉ်လက်မှတ်များ ဖြတ်လိုက်ကြသည်။
ယခင်ဘဝတုန်းက သူမ ဖတ်ဖူးသည့် သတင်းထဲက ကျွန်းငယ်လေးမှာ တောင်ပိုင်းပင်လယ်ပြင်တွင် တည်ရှိနေမှန်း ချူးယန်ရှီ အတည်ပြုနိုင်ခဲ့ပါသည်။
ဘာမှ အချိန်မဆွဲတော့ဘဲ ချူးသားအဖနှစ်ယောက် လေယာဉ်ဖြင့် ချက်ချင်း ထွက်ခွာခဲ့ကြသည်။
လေယာဉ်ပေါ်မှာလည်း သားအဖနှစ်ယောက် ခရီးစဉ်အတွက် ဆွေးနွေးခဲ့ကြသည်။
“ရှောင်းရှီ၊ အဖေ့အလုပ်တွေကို ထားခဲ့ပြီး တောင်ပိုင်းပင်လယ်ပြင်ကို သွားရမှာနော်။ မအောင်မြင်ဘူးဆိုရင် အရမ်း စိတ်ပျက်မိလိမ့်မယ်”။ ချူးဟမ့်က ဆိုသည်။
“ကျွန်မနဲ့ အတူသွားဖို့ အရမ်းကြီးတွေ စတေးနေရသလို မပြောစမ်းပါနဲ့။ ရှင့်မှာ တခြားရွေးချယ်စရာကော ရှိလို့လား။ ဒီနေ့ မစ္စတာမင်က အခြေအနေတွေအကြောင်း မေးသေးတယ် မဟုတ်ဘူးလား။ သူ့ကို ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားနိုင်မယ် ထင်လို့လဲ”။ ချူးယန်ရှီက စိတ်မရှည်စွာ ပြန်ပြောလိုက်ပါသည်။
သူမ ပြန်လည်မွေးဖွားလာသည့်အကြောင်း ချူးဟမ့်ကို ဖွင့်ပြောပြီးကတည်းက သူ့ကို ချူးယန်ရှီ ဆက်ဆံသည့်ပုံစံ အလွန် ရိုင်းပျလာပါသည်။
သမီးအရင်းနဲ့ စကားပြောရသလိုမဟုတ်ဘဲ သူစိမ်းတစ်ယောက်နဲ့ စကားပြောနေရသလို ခံစားရသဖြင့် ချူးဟမ့်က သဘောမကျသော်လည်း လောလောဆယ် သူတို့က တစ်လှေတည်းသမားတွေဖြစ်သည်။ မကျေနပ်ချက်တွေကို ယာယီ ဖုံးကွယ်ထားနိုင်ရုံသာရှိသည်။
“ပြီးတာပဲ။ ငါတို့ ပင်လယ်ဂါနိုးဒါးမားကို ရအောင်ရှာပြီး လုမိသားစုရဲ့ ဆုကြေးကို ယူနိုင်ရင် ကျန်တာအားလုံး အဆင်ပြေသွားလိမ့်မယ်”။ ချူးဟမ့်၏ စိတ်ထဲမှာ ပင်လယ်ဂါနိုးဒါးမားသာ ရှိတော့သည်။
“စိတ်မပူပါနဲ့။ ကျွန်မတို့ မရှာနိုင်ရင် တခြားဘယ်သူမှလည်း ရှာနိုင်မှာ မဟုတ်ဘူး”။ ချူးယန်ရှီ အပြည့်အဝ ယုံကြည်ချက်ရှိသည်။
ယခင်ဘဝတုန်းက ၁၀ နှစ်လောက်ကြာမှ ပင်လယ်ဂါနိုးဒါးမားအကြောင်း လူတွေသိခဲ့တာဖြစ်သည်။ အခုချိန်မှာတော့ ဘယ်သူမှ သိကြသေးမှာ မဟုတ်ပေ။
“အဲ့တာဆိုရင်တော့ အကောင်းဆုံးပေါ့။ နင့်မှတ်ဉာဏ်တွေ မှန်ကန်ပါစေလို့ပဲ ဆုတောင်းရမှာပေါ့”။ ချူးဟမ့် ရေရွတ်လိုက်လေသည်။
… … …