အခန်း (၈၄၆-၈၅၀)
Vol. 34 Ch. 846-850
အခန်း(၈၄၆) သူတို့လည်း ပင်လယ်ဂါနိုးဒါးမား လာရှာကြတာလား
ချူးယန်ရှီလည်း အဖေဖြစ်သူကို စကားမပြောချင်တာကြောင့် ခေါင်းငုံ့ကာသာ ထန်ထိုက်မင်ကို မက်ဆေ့ပို့နေပါသည်။
ခုတလော ထန်ထိုက်မင်က သူမနဲ့ သူမအဖေရဲ့ မက်ဆေ့တွေကို စာသိပ်မပြန်ပါ။
သို့သော်လည်း ကံကောင်းစွာဖြင့် သူမတို့ကို ပေးထားသည့် အကူအညီတွေကို ပြန်မရုတ်သိမ်းသေးပေ။
ထို့ကြောင့် သူမဘက်က သတင်းကောင်းတစ်ခုခု ထန်ထိုက်မင်ကို အမြန်ဆုံး ပါးရမည်။ ဒါမှ သူမတို့ သားအဖကို ထန်ထိုက်မင် ပစ်ပယ်မသွားမှာ ဖြစ်ပါသည်။
--- --- ---
၂ နာရီခွဲခန့် ကြာသောအခါ တောင်ပိုင်းပင်လယ်ပြင် လေဆိပ်သို့ လုမိသားစု၏ Private လေယာဉ် ရောက်ရှိလာခဲ့သည်။
လေယာဉ်ဆိုက်တာနဲ့တစ်ပြိုင်နက် သခင်ကြီးလု စီစဉ်ပေးထားသည့် ကားများက သူတို့ကို လာကြိုကြသည်။
ထို့နောက် ပင်လယ်ကမ်းခြေရှိ အပန်းဖြေဟိုတယ်တစ်ခုထံသို့ သူတို့ကို လိုက်ပို့ပေးခဲ့ကြပါသည်။
ဟိုတယ်ကိုလည်း ချင်းမိသားစုနဲ့ လုမိသားစုတို့ တည်းခိုဖို့အတွက် သခင်ကြီးချင်းကပဲ ဘိုကင်လုပ်ပေးခဲ့သည်။
ဟိုတယ်မှာ Check in လုပ်ပြီးနောက် အဘိုးချင်းနဲ့အဘွားချင်းတို့ စူစူလေးကို ရေကူးဝတ်စုံဝတ်ပေးကာ ကမ်းခြေသို့ ခေါ်သွားပေးဖို့ ပြင်ကြသည်။
စူစူလေးက အနက်ရောင် ရေကူးဝတ်စုံလေးကို ဝတ်ထားပြီး မှန်ထဲမှာ သူမကိုယ်သူမ ထပ်ခါထပ်ခါ ကြည့်နေပါသည်။
ဟူး… သူမ ဘာလို့ အကောင်သေးနေသေးတာလဲ။
လက်တွေလည်း ကြီးမလာသေးဘူး၊ ခြေထောက်တွေလည်း သေးသေးလေးပဲ ရှိသေးတယ်။
ဝမ်းနည်းစရာပဲ။
ဘယ်အချိန်ကျမှ အရင်ကလို ထွားလာနိုင်မှာလဲ။
အဘိုးချင်းနဲ့ အဘွားချင်းတို့လည်း ပေါ့ပေါ့ပါးပါး ဝတ်ဆင်လိုက်ကြပြီး ပိုမိုနုပျိုသွားသလို ခံစားရကာ ပုံမှန်အတိုင်းပဲ တက်ကြွနေကြပါသည်။
သားအမိသားအဖ သုံးယောက် ကမ်းခြေဆီ ပျော်ပျော်ကြီး ထွက်လာကြပါသည်။
ဒီကို ဆေးပင်လာရှာတာဖြစ်သော်လည်း စူစူလေးကို အပင်ပန်းခံခိုင်းမှာမဟုတ်ကြောင်း အဘိုးချင်း ပြောထားပြီးသား ဖြစ်သည်။ ရောက်လက်စနဲ့ ကောင်းကောင်း အပန်းဖြေရပါမည်။
ဘာပဲဖြစ်ဖြစ် သူ့သမီးလေးက ဒီနယ်မြေနဲ့ မရင်းနှီးပါ။ ထို့အပြင် ဆေးပင်ရှာတွေ့ဖို့က ကံနဲ့လည်း ဆိုင်သေးသည်။
ထို့ကြောင့် ကျွန်းကိုရောက်တာနဲ့တစ်ပြိုင်နက် သူတို့ ပထမဆုံးလုပ်တာက အပန်းဖြေခြင်းဖြစ်သည်။
အဘိုးချင်းတို့ ဟိုတယ်မှ ထွက်လာတာနဲ့ တစ်ပြိုင်နက် တက္ကစီတစ်စီးပေါ်မှ အထုတ်အပိုးများဖြင့် ဆင်းလာကြသော ချူးသားအဖနဲ့ တည့်တည့်တိုးလေသည်။
ပင်လယ်ဂါနိုးဒါးမားကို ရှာဖွေနိုင်မည့် နေရာနဲ့ နီးစေဖို့အတွက် ချူးယန်ရှီက ဒီနယ်မြေတဝိုက်ရှိ ဟိုတယ်တစ်ခုကို အွန်လိုင်းပေါ်မှာ ဘိုင်ကင်လုပ်ထားခဲ့တာဖြစ်သည်။
ဒီနေရာမှာ အကောင်းဆုံး ဟိုတယ်က Blue Dream ဟိုတယ်ဖြစ်သော်လည်း ဘိုကင်ပြည့်နေသဖြင့် သူမ ဘိုကင် မလုပ်နိုင်ခဲ့ပါ။
ထို့ကြောင့် ရသည့် ဟိုတယ်မှာပဲ ဘိုကင်လုပ်ကာ မနက်စာစားဖို့ ချူးယန်ရှီ ဆုံးဖြတ်လိုက်သည်။
ဒီလို ခရီးသွားလည်ပတ်သူ နည်းပါးသည့် ရာသီမှာ Blue Dream ဟိုတယ် ဘာကြောင့် ဘိုကင်ပြည့်နေသလဲဆိုတာ ချူးယန်ရှီ နားမလည်ပါ။
စူစူလေးတို့ မိသားစုကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ချူးယန်ရှီ တုန်လှုပ်သွားခဲ့သည်။
သူမရင်ထဲ စိုးရိမ်ပူပန်မှုတချို့ တလှိုက်လှိုက် တက်လာခဲ့သည်။
“ချင်းစူစူ နင်တို့ဒီမှာ ဘာလုပ်နေတာလဲ”။ ချူးယန်ရှီ မကျေနပ်သော လေသံဖြင့် ရုတ်တရက် မေးလိုက်မိသည်။
စူစူလေးက ချူးယန်ရှီကို လှည့်ကြည့်လိုက်ပြီး မျက်နှာချက်ချင်း လွှဲကာ သူမ မိဘတွေလက်ကိုဆွဲရင်း ဆက်လျှောက်သွားပါသည်။
ချူးယန်ရှီ အလွန်ဒေါသထွက်သွားပါသည်။
အမြဲတမ်း ဒီအတိုင်းပဲ! အဲ့ဒီချင်းစူစူက အဲ့ဒီသောက်ချိုးနဲ့ အမြဲတမ်း မသိချင်ယောင် ဆောင်သွားတယ်!
“ကဲပါ ကလေးတစ်ယောက်နဲ့ ဖက်ပြီး ရန်ဖြစ်မနေစမ်းပါနဲ့။ ငါတို့ အရေးကြီးကိစ္စနဲ့ လာခဲ့တာ။ သူတို့မိသားစု ပျက်စီးသွားတဲ့အခါကျမှ သူတို့ ငိုယိုနေတာကို အရသာခံကြည့်ကြမယ်။ နင်အခု ဒေါသထွက်နေမယ့်အစား အဲ့တာ ပိုမကောင်းဘူးလား”။ ချူးဟမ့်က အကြံပေးလိုက်သည်။
“ရှင်ဘာသိလို့လဲ။ အခုက ဘယ်လိုရာသီ ဘယ်လိုအချိန်မို့လို့လဲ။ ချင်းမိသားစု ဒီကို လာလည်တာက တိုက်ဆိုင်တာလို့ ထင်နေတုန်းလား”။ ချူးယန်ရှီက ချူးဟမ့်ကို ပြန်ငေါက်လိုက်ပါသည်။
သူမအဖေက တော်တော် တုံးတာပဲ!
ဒါ သွေးရိုးသားရိုး ကိစ္စမှ မဟုတ်တာ!
ချူးယန်ရှီ၏ စကားကြောင့် ချူးဟမ့်လည်း ထိတ်လန့်သွားသည်။
ဟုတ်သားပဲ! အခုက အားလပ်ရက်တောင် မဟုတ်ဘူး! အခုချိန်မှာ ချင်းစူစူက မူကြိုတက်နေပြီး သူ့မိသားစုကလည်း အခုလို အပန်းဖြေခရီးထွက်နေရမှာ မဟုတ်ဘူးလေ!
“မဖြစ်နိုင်တာ… သူတို့လည်း ပင်လယ်ဂါနိုးဒါးမားကို လာရှာကြတာလား။ ဒါပေမယ့် သူတို့က ဘာလို့…”
… … …
အခန်း(၈၄၇) မြန်မြန်လှုပ်ရှားမှဖြစ်မယ်
ချူးဟမ့်က မဖြစ်နိုင်ဘူးဟု ခံစားရသဖြင့် ချူးယန်ရှီကို မေးလိုက်သည်။ “နင်ပြောတော့ အရင်ဘဝတုန်းက ၁၀ နှစ်လောက်ကြာမှ ပင်လယ်ဂါနိုးဒါးမှာကို ရှာတွေ့ခဲ့ကြတာဆို!”
“ပါးစပ်ပိတ်ထား!”။ ချူးယန်ရှီ ငေါက်လိုက်သည်။ “သူများတွေ ကြားသွားစေချင်လို့လား။ အခု ဘယ်နေရာ ရောက်နေလဲ နားမလည်ဘူးလား”
ဟိုတယ်အပြင်ဘက်မှာ ပင်လယ်ဂါနိုးဒါးမားအကြောင်း ပြောနေတာ သူများတွေ ကြားသွားရင် ဘယ်လိုလုပ်မလဲ။
ကိုယ့်အမှားကိုယ်သိသဖြင့် ချူးဟမ့် ပါးစပ် အမြန်ပိတ်လိုက်သည်။
ထို့နောက် ခရီးဆောင်အိတ်တွေကို ယူပြီး သူတို့ ဘိုကင်လုပ်ထားသည့် ဟိုတယ်သို့ ဝင်သွားခဲ့ကြပါသည်။
လုံခြုံသည့် အခန်းထဲရောက်မှာ ချူးဟမ့်နဲ့ ချူးယန်ရှီ စကားဆက်ပြောသည်။
“သူတို့လည်း ပင်လယ်ဂါနိုးဒါးမားရဲ့ တည်နေရာကို သိသွားပြီး ရောက်လာတာများလား”။ ချူးဟမ့် စိတ်ပူစွာ မေးလိုက်သည်။
“မသိဘူး။ ဒါပေမယ့် အဆိုးဆုံးအတွက် ကြိုပြင်ဆင်ထားမှဖြစ်မယ်”။ ချူးယန်ရှီ နှုတ်ခမ်းကို စည်းတင်းကာ ပြောလိုက်သည်။ သူမ မျက်နှာက ကြက်သီးထစရာ ကောင်းနေပါသည်။
“ဒါပေမယ့် ဘာလို့လဲ…။ နင်ပြောတော့ အရင်ဘဝတုန်းက ၁၀ နှစ်ကြာမှ ပင်လယ်ဂါနိုးဒါးမားကို တွေ့ခဲ့ကြတာဆို”။ ချူးဟမ့် ထပ်မေးလိုက်သည်။
“ကျွန်မ ဘယ်လိုလုပ်သိမှာလဲ”။ ချူးယန်ရှီ ရှက်လည်းရှက် ဒေါသလည်းထွက်ကာ ပြန်ငေါက်လိုက်ပါသည်။ “အဲ့ဒီ ချင်းစူစူနဲ့ တွေ့တိုင်း ကောင်းတာ ဘာမှ ဖြစ်မလာဘူး!”
သူမ ခန့်မှန်းချက် မှားယွင်းနိုင်သည်ဆိုတာကို ချူးယန်ရှီ ဝန်မခံနိုင်ပါ။ သူမ ခန့်မှန်းခဲ့တာတွေအားလုံး ချင်းစူစူကြောင့် မှားယွင်းခဲ့တာကိုလည်း ချူးဟမ့်အား မပြောပြနိုင်ပါ။
“ဒါဆို မြန်မြန်လှုပ်ရှားမှဖြစ်မှာပေါ့! ချင်းမိသားစုကို အကျောပေးလို့ မရဘူး!”။ ချူးဟမ့် အလောတကြီး ပြောလိုက်သည်။
ဒီမိသားစုက တော်တော်ရွံစရာကောင်းတာပဲ။ အမြဲတမ်း သူ့ကို ဒုက္ခလိုက်ပေးနေကြတယ်!
အခုချက်ချင်း မိုးကြိုးပစ်ပြီး တစ်မိသားစုလုံး ပျောက်ကွယ်သွားရင် ကောင်းမှာပဲ!
“ကျွန်မကို လာပြောနေစရာမလိုဘူး”။ ချူးယန်ရှီ အံကြိတ်ကာ ပြောလိုက်သည်။ “ဒီနေ့ည ထွက်ရှာကြမယ်!”
“ဒီနေ့ည ဟုတ်လား။ ညဘက်ဆိုတော့ အန္တရာယ်မများဘူးလား”။ ချူးဟမ့် လောဘတက်နေသော်လည်း အန္တရာယ်များသည့် ကျောက်တန်းတွေဆီ ညဘက်ကြီးသွားရမှာတော့ အနည်းငယ် တွန့်ဆုတ်မိပါသည်။
“ဘာလဲ ရှင်ကြောက်နေတာလား”
“မကြောက်ပါဘူး။ နည်းနည်းလောက် ပြင်ပြင်ဆင်ဆင် သွားချင်လို့ပါ”။ ချူးဟမ့် ရှင်းပြလိုက်သည်။
“ရှင်က ပြင်ဆင်ချင်သေးတယ်ပေါ့။ ချင်းမိသားစုက ရှင့်ကို ပြင်ဆင်ချိန်တောင် ပေးမှာ မဟုတ်ဘူး! ခုနက မမြင်လိုက်ဘူးလား! ချင်းမိသားစု ထွက်တောင်ရှာနေကြပြီ! သူတို့ အရင်ရှာတွေ့မှ ရှင်ထိုင်ငိုနေရမယ်!”
ဒါကိုကြားတော့ ချူးဟမ့် ရင်ထဲ စူးနင့်သွားသည်။
မဖြစ်ဘူး…။ ပင်လယ်ဂါနိုးဒါးမားက လက်တကမ်းအလိုမှာပဲ… ချင်းမိသားစုလက်ထဲ ရောက်သွားလို့ လုံးဝ မဖြစ်ဘူး!
“ပြီးတာပဲ! ဒီနေ့ည လှုပ်ရှားကြမယ်!”။ ချူးဟမ့် ဆုံးဖြတ်လိုက်သည်။
“ဒါဆို အသင့်ပြင်တော့။ နေဝင်တာနဲ့ သွားကြမယ်”။။ ချူးယန်ရှီ အမိန့်ပေးလိုက်သည်။
ချူးဟမ့်လည်း မကန့်ကွက်ဘဲ ချူးယန်ရှီ ညွှန်ကြားသည့်အတိုင်း လိုက်လုပ်ခဲ့ပါသည်။
--- --- ---
ပင်လယ်ဂါနိုးဒါးမား ထွက်ရှာကြသည်ဟု ချူးသားအဖ ထင်ထားသော ချင်းမိသားစုက ပင်လယ်ကမ်းခြေမှာ အပန်းဖြေရင်း ပင်လယ်လေညှင်းလေးကို ခံစားနေကြပါသည်။
သားအမိသားအဖ သုံးယောက် သဲသောင်ပြင်ပေါ်မှာ လှဲလျောင်းရင်း ခြေထောက်တွေကို ယက်ကန်ကာ သီချင်းများ ဆိုနေကြသသည်။
ခဏလောက် အနားယူပြီးနောက် စူစူလေး ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။
“ကိုကြီးကို အတူတူကစားဖို့ သွားခေါ်လိုက်ဦးမယ်!”
“အင်းပါ ဖြေးဖြေးသွားနော်။ ကိုကြီးရဲ့ ဆန္ဒကိုလည်းမေးဦး။ အတင်းအကြပ်ကြီး ခေါ်မလာနဲ့နော်”။ အဘွားချင်းက သတိပေးလိုက်သည်။
ဟဲပေမူလည်း တစ်နေရာရာမှာ ရှိနေသဖြင့် စူစူလေးအတွက် အဘိုးချင်းတို့ စိတ်ပူစရာမလိုပါ။ ထို့အပြင် ဒီကျွန်းမှာ သခင်ကြီးလုရဲ့ လူတွေနဲ့ ပြည့်နှက်နေတာဖြစ်သည်။ ထို့ကြောင့် ဘာမှ အန္တရာယ်မရှိနိုင်ပါ။
သို့သော် လုကျန်းယွီက ကမ်းခြေကို မလာချင်လောက်သဖြင့် သူ့ဆန္ဒကို အရင်မေးဖို့ အဘွားချင်း သတိပေးလိုက်ခြင်း ဖြစ်သည်။
“ဟုတ်ပြီ!”။ စူစူလေး ခပ်သုတ်သုတ် ပြေးထွက်သွားခဲ့သည်။
ခဏကြာတော့ လုကျန်းယွီ၏ ဝှီးချဲကို တွန်းရင်း စူစူလေး ပြန်ထွက်လာပါသည်။
လုကျန်းယွီက စိတ်ညစ်နေပုံမရပါ။ ဆန့်ကျင်ဘက်အနေဖြင့် ပြုံးရွှင်နေပါသည်။
… … …
အခန်း(၄၈၄) ပင်လယ်ပြင်မှာ သေဆုံးခြင်း (၁)
လုကျန်းယွီကို ကြည့်ပြီး အဘွားချင်း သိမ်သိမ်မွေ့မွေ့ပြောလိုက်ပါသည်။ “ရှောင်းယွီ၊ နေရထိုင်ရခက်ရင် ပွင့်ပွင့်လင်းလင်း ပြောနော်။ ဦးလေးချင်းက ဟိုတယ်ဆီ ပြန်လိုက်ပို့ပေးလိမ့်”
“ရပါတယ်။ စူစူလေးလို ကမ်းခြေပေါ်မှာ မပြေးလွှားနိုင်ပေမယ့် အားလုံးနဲ့ ဒီလိုအတူတူ အပန်းဖြေရတာ ပျော်စရာ ကောင်းပါတယ်”။ လုကျန်းယွီ ပြန်ပြောလိုက်ပါသည်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ”။ သူ့စကားကြောင့် အဘွားချင်း စိတ်အေးသွားပါသည်။
စူစူလေးက လုကျန်းယွီ၏ ဝှီးချဲကို တွန်းရင်း ကမ်းခြေတစ်လျှောက် လမ်းလျှောက်နေပါသည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့လည်း ခပ်လှမ်းလှမ်းမှ လိုက်လာသည်။ ကလေးနှစ်ယောက် လွတ်လွတ်လပ်လပ် စကားပြောဖို့အတွက် အရမ်းကြီးတော့ ကပ်မလိုက်ခဲ့ပါ။
အဘိုးချင်းနဲ့ အဘွားချင်းတို့ လွန်ခဲ့သည့် နှစ် ၅၀ - ၆၀ တုန်းကလိုပဲ လက်ချင်း ချိတ်ထားကြသည်။
“အဘွားကြီး၊ ငါတို့တွေ ကမ်းခြေမှာ လမ်းအတူတူ မလျှောက်ရတာ တော်တော်ကြာပြီထင်တယ်နော်”။ အဘိုးချင်းက ကြည်နူးစွာ ပြောလိုက်သည်။
“အင်း ဟုတ်တယ်။ အိမ်ထောင်ကျပြီးကတည်းက ကျွန်မတို့ စီးပွားရေးတွေအတွက်ကော သားသမီးတွေအတွက်ကော အချိန်ကုန်ဆုံးခဲ့ကြတာ။ ရှင်နဲ့အတူတူ တောင်ပေါ်ဒေသမှာ အနားသွားယူတဲ့အချိန်မှ ကျွန်မ အေးအေးချမ်းချမ်း ပြန်နေနိုင်ခဲ့တာ။ ပြီးတော့ စူစူလေးကို မွေးလာခဲ့တာပဲ”။ အဘွားချင်း သက်ပြင်းချလိုက်သည်။
ဇနီးဖြစ်သူ၏ နူးညံ့သိမ်မွေ့မှုကို ကြည့်ကာ အဘိုးချင်း ရီဝေသွားပါသည်။ “မိန်းမ ဒီနှစ်တွေထဲ မင်းလည်း အရမ်းပင်ပန်းခဲ့မှာပဲ”
“ဘာတုန်း။ ဘာလို့ အဲ့စကားတွေ ရုတ်တရက် ပြောနေတာလဲ”။ အဘွားချင်း လှည့်မေးလိုက်သည်။
“ရုတ်ရက်ပြောတာ မဟုတ်ပါဘူး ရင်ထဲက လာတဲ့စကားကို ပြောတာ”။ အဘိုးချင်း ထပ်ပြောလိုက်သည်။
အဘွားချင်း ရှက်သွေးဖြာသွားပါသည်။
“အဘိုးကြီး ဒီလောက်အိုနေတာတောင် ပေါက်ကရတွေ ပြောနေတုန်း”
“ဘာမှ ပေါက်ကရမပြောဘူး။ ငါ့မိန်းမကို ပြောတဲ့ စကားတိုင်းက အမှန်တရားတွေပဲ”။ အဘိုးချင်း ပြန်ချေပလိုက်သည်။
အဘွားချင်းက ပြောလိုက်ပါသည်။ “ဒီနှစ်တွေထဲ ခက်ခဲခဲ့တယ်ဆိုပေမယ့် အရမ်းလည်း ပျော်ခဲ့ရတယ်လေ။ သားငယ်တို့ အခြေအနေကလွဲပြီး တခြားကလေးတွေ အားလုံး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာကြတာပဲ မဟုတ်လား။ ကျွန်မ ကျေနပ်ပါတယ်”
အဘိုးချင်း၏ မျက်လုံးများလည်း အလွန် နူးညံ့သိမ်မွေ့သွားပါသည်။ “ဟုတ်ပါတယ်။ ဒီဘဝမှာ မင်းနဲ့ ဆုံခွင့်ရခဲ့တာ ငါလည်း အရမ်းကျေနပ်တယ်”
ဝှီးချဲပေါ်မှာထိုင်ရင်း လုကျန်းယွီ ပင်လယ်ပြင်ကြီးအား ငေးကြည့်နေသည်။ အခုဆို နေမင်းကြီးက မိုးကုတ်စက်ဝိုင်းထဲ တိုးဝင်ပျောက်ကွယ်နေပြီဖြစ်ကာ ကောင်းကင်ကြီးနဲ့ ပင်လင်ပြင်ကြီးကို ပုစွန်ဆီရောင် သန်းနေစေသည်။
လှိုင်းလုံးများက ကမ်းခြေကို ရံဖန်ရံခါ ရိုက်ခတ်နေပြီး သူတို့ ခြေဖဝါးများကို ရေစက်များ လာပက်စင်တတ်သည်။
ဒီလို ကမ်းခြေကို လာဖို့နေနေသာသာ လုကျန်းယွီ အပြင်တောင် မထွက်သလောက် ရှားခဲ့ပါသည်။
ထို့ကြောင့် ဒီခံစားချက်ကြီးက သူ့အတွက် သူစိမ်းဆန်နေသည်။ ဆိတ်ငြိမ်ခြင်း၊ အေးချမ်းခြင်း၊ လှပခြင်း စသည်ဖြင့်…။
“စူစူလေး”။ လုကျန်းယွီက သူ့ဝှီးချဲကို တွန်းပေးနေသည့် စူစူလေးအား ခေါ်လိုက်သည်။
“ဟမ်”
“သဲပေါ်မှာ ဝှီးချဲကို တွန်းရတာ မပင်ပန်းဘူးလား။ ပင်ပန်းရင် ခဏလောက် နားပါဦး”
“မပင်ပန်းပါဘူး လွယ်လွယ်လေးပါ! ကိုကြီးကို ဒီတိုင်း ချီလို့တောင် ရတယ်!”။ စူစူလေး ပြန်ဖြေလိုက်သည်။
တွန်းရတာ ပင်ပန်းရမယ်တဲ့လား! အဓိပ္ပာယ်မရှိတာ! ဝှီးချဲမှာ ဘီးတွေ မပါရင်တောင် သူမ တွန်းနိုင်တာပဲဥစ္စာ!
--- --- ---
ထိုအချိန်တွင် ချင်းမိသားစုကို အနိုင်ယူချင်စိတ်ပြင်းပြနေသော ချူးဟမ့်နဲ့ ချူးယန်ရှီတို့နှစ်ယောက် ငါးဖမ်းလှေတစ်စင်း ငှားလျက် ပင်လယ်ဂါနိုးဒါးမားကို ရှာဖွေဖို့ အသင့်ပြင်နေကြသည်။
လှေပိုင်ရှင်က တံငါသည်အဘိုးကြီးတစ်ယောက် ဖြစ်သည်။ ဒီလို နေဝင်ချိန်မှာ အပျော်စီးလှေများက ထွက်ခွာခွင့် မပြုတော့ပါ။ ဒီနယ်မြေမှာ အလွန်အန္တရာယ်များသော ကျောက်တန်းများ ရှိနေတာကြောင့် ဖြစ်သည်။
ထို့ကြောင့် ချူးသားအဖတို့လည်း ငါးဖမ်းလှေတစ်စီးကိုသာ ငှားနိုင်တော့သည်။
ချူးသားအဖက ငွေတွေအများကြီး ကမ်းလှမ်းတာကြောင့် တံငါသည်အဘိုးကြီးလည်း တွန့်ဆုတ်စွာနဲ့ပဲ ခွင့်ပြုပေးခဲ့သည်။
ထို့နောက် တံခါသည်အဘိုးကြီးက ခပ်လှမ်းလှမ်းရှိ တည်နေရာတစ်ခုကို လက်ညှိုးဖြင့် ထိုးပြပြီး ချူးဟမ့်တို့ကို ပြောလိုက်သည်။ “ဆရာကြီး၊ အဲ့တာ ခင်ဗျားတို့ ရှာနေတဲ့ ရေသူထီးပင်လယ်အော် ဆိုတဲ့နေရာပါ”
ချူးဟမ့်က ကုန်းပတ်ပေါ်မှာ မတ်တပ်ရပ်ရင်း ဘယ်ညာလှည့်ကြည့်ကာ တံငါသည်အဘိုးကြီးကို မေးလိုက်သည်။
“ဒါက ရေသူထီးပင်လယ်အော် ဟုတ်လား။ ရုပ်တုတွေဘာတွေလည်း မရှိဘူး။ ကျုပ်တို့ရှာနေတဲ့ပစ္စည်းကို ဘယ်နားမှာရှာရမလဲဆိုတာ ဘယ်လိုသိမှာလဲ”
… … …
အခန်း(၈၄၉) ပင်လယ်ပြင်မှာ သေဆုံးခြင်း (၂)
“ဒီမှာ ဘာရုပ်တုမှ မရှိဘူးလေ။ ပြီးတော့ ရေသူထီးနဲ့တူတဲ့နေရာလည်း ဘာမှမရှိဘူး။ ဒီနယ်မြေကြီးတစ်ခုလုံးကို ခြုံပြီးတော့ ရေသူထီးပင်လယ်အော်လို့ ခေါ်ကြတာ။ ခင်ဗျားတို့ ရှာနေတဲ့ပစ္စည်းအကြောင်းတော့ ကျုပ်လည်း မသိဘူး။ ပင်လယ်ဂါနိုးဒါးမားဆိုတာ ကြားတောင် မကြားဖူးဘူး”။ တံငါသည် အဘိုးကြီးက ပြန်ဖြေလိုက်သည်။
သူ တံငါသည်လုပ်လာတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သဖြင့် ငါးတွေ၊ ပုစွန်တွေ၊ ကဏန်းတွေအကြောင်း အစုံအလင် သိသည်။ ထို့အပြင် ဂျယ်လီငါးများနဲ့ ပင်လယ်ပြင်မှာပေါက်ရောက်တတ်သည့် အပင်တချို့အကြောင်း သိထားပါသည်။ သို့သော် ပင်လယ်ဂါနိုးဒါးမားဆိုတာကို တစ်ခါမှ မကြားဖူးပါ။
“ဘာမှ မရှိဘူးဟုတ်လား။ ဒါဆို ဘာလို့ ဒီနေရာကြီးကို ရေသူထီးပင်လယ်အော်လို့ ခေါ်တာလဲ”။ ချူးဟမ့် မေးလိုက်သည်။
“အဲ… အဲ့တာတော့ ကျုပ်လည်း မသိဘူးလေ။ ကျုပ်ငယ်ငယ်လေးကတည်းက အဲ့လိုပဲ ခေါ်ကြတာ”။ အဘိုးကြီးက အပြုံးဖြင့် ရှင်းပြပါသည်။
ချူးဟမ့်က ချူးယန်ရှီကို ပွေ့ချီလိုက်ပြီး ပတ်ဝန်းကျင်ကို ပြလိုက်သည်။
“သေချာကြည့်စမ်း၊ ဘယ်နားမှာလဲ”
ချူးယန်ရှီလည်း ဘေးပတ်လည်ကို သေချာကြည့်ကာ သူမ အွန်လိုင်းပေါ်မှာ ရှာထားသည့် ရေသူထီးပင်လယ်အော်နဲ့ နှိုင်းယှဉ်ကြည့်လိုက်သည်။
ယခင်ဘဝတုန်းက သူမ ဖတ်ဖူးသည့် သတင်းမှာ အလွန်ရှားပါးသည့် ပင်လယ်ဂါနိုးဒါးမားပင်ကို ရေသူထီးပင်လယ်အော်တွင် ရှာတွေ့ခဲ့ကြပြီး အဆမတင် မြင့်မားသည့် ဈေးဖြင့် ရောင်းချနိုင်ခဲ့သည် ဟူ၍ပင် ဖြစ်သည်။
သို့သော်လည်း ကိုယ်တိုင် ရောက်လာမှ ရေသူထီးပင်လယ်အော် ဘယ်လောက်ကြီးမှန်း ချူးယန်ရှီ နားလည်သွားသည်။ ပင်လယ်ဂါနိုးဒါးမားကို ဒီလိုနေရာမျိုးမှာ ရှာဖွေရမှာ ထင်ထားသလောက် မလွယ်ကူနိုင်ပါ။
“ဘယ်လိုလဲ နင်မှတ်မိတာ ရှိလား”။ ချူးဟမ့်က စိတ်မရှည်စွာ မေးလိုက်သည်။
အခုချိန် ချင်းမိသားစု အခြေအနေ ဘယ်လောက်တောင် တိုးတက်နေပြီလဲ မသိဘူး!
သူ့ထက် ချင်းမိသားစု အရင်ရှာတွေ့သွားမှာကို ချူးဟမ့် အလွန်ကြောက်နေပါသည်။
“မရှိဘူး…”။ ချူးယန်ရှီ မျက်မှောင်ကြုတ်သွားသည်။ သူမ စိတ်လည်းရှုပ် ဒေါသလည်း ထွက်နေပါသည်။
ယခင်ဘဝတုန်းက ထိုသတင်းကို ကြားခဲ့ရတုန်းက ရေသူထီးပင်လယ်အော်၏ ဓာတ်ပုံတစ်ပုံနဲ့ စာတွေကိုသာ ဖတ်ခဲ့ရတာဖြစ်သည်။
ဘယ်နေရာမှာ ရှာတွေ့ခဲ့ကြောင်း အတိအကျ ဖော်ပြထားခြင်း မရှိပါ။
“ဘာပြောတယ် ဘာမှ မမှတ်မိဘူးဟုတ်လား”။ ချူးဟမ့် အလွန်စိတ်မရှည်ဖြစ်လာသည်။ “သေချာ စဉ်းစားစမ်းပါ! အချိန်မရှိတော့ဘူးနော်။ ချင်းမိသားစု အခု ရှာဖွေနေလောက်ပြီ။ ငါတို့ ဒီ့ထက် အချိန်ထပ်ဆွဲရင် အခွင့်အရေးက သူတို့လက်ထဲ ရောက်သွားတော့မယ်!”
“မလောစမ်းပါနဲ့! ကျွန်မ သေချာ စဉ်းစားပါရစေဦး!”
ချူးယန်ရှီ မျက်မှောင်ကြုတ်ကာ သေသေချာချာ ပြန်စဉ်းစားလိုက်သည်။
--- --- ---
“ကိုကြီး အုန်းရည်သောက်ဦးမလား”
လုကျန်းယွီကို အချိန်အတော်ကြာ တွန်းပို့ပြီးနောက် စူစူလေး ရုတ်တရက်မေးလိုက်သည်။
“အုန်းရည်ဟုတ်လား။ စူစူလေး သောက်ချင်လို့လား”။ လုကျန်းယွီ မေးလိုက်သည်။
“အုန်းသီးတွေတွေ့လို့”
ခပ်လှမ်းလှမ်းမှာ ရှိနေသည့် အုန်းပင်တွေကို စူစူလေး သတိထားမိသွားခြင်းဖြစ်သည်။ သူမ အုန်းသီးခူးစားချင်သည်။
“စူစူလေး အုန်းသီးစားချင်ရင် ဦးလေးကျန်း ဒါမှမဟုတ် စူစူလေးရဲ့ ဘော်ဒီဂတ်ကို ခူးခိုင်းလိုက်ပါလား”။ လုကျန်းယွီ သတိကြီးစွာ အကြံပေးလိုက်ပါသည်။
စူစူလေး ဘယ်လောက်သန်မာသလဲဆိုတာ သိထားသော်လည်း သူမက ကာကွယ်ပေးဖို့ လိုအပ်သည့် ညီမလေးတစ်ယောက်ဟု ခံစားနေရဆဲဖြစ်သည်။
“ဒါပေမယ့် ကိုယ့်ဖာသာကိုယ် ခူးချင်တာ”။ စူစူလေး ပြန်ပြောလိုက်ပြီး အဘိုးချင်းတို့ကို လှည့်ပြောလိုက်သည်။ “ဖေဖေနဲ့ မေမေ၊ သမီး အုန်းသီးခူးချင်တယ်!”
“ခူးချင်ခူးလေ။ ဒါပေမယ့် သတိထားနော်။ ဪ ပြီးတော့ အဲ့ဒီ အုန်းပင်တွေမှာ ပိုင်ရှင်ရှိလား အရင်စုံစမ်းဦး။ သူများ အုန်းသီးတွေ သွားခိုးလို့မရဘူး”။ အဘွားချင်းက ပြန်ပြောလိုက်ပါသည်။
စူစူလေး ငယ်စဉ်ကတည်းက တခြားကလေးတွေနဲ့ မတူသဖြင့် စူစူလေးကို ပျိုးထောင်ခဲ့သည့်ပုံစံကလည်း တခြားကလေးတွေလို မဟုတ်ပါ။
တောင်ပေါ်ဒေသမှာ နေထိုင်စဉ်တုန်းက စူစူလေး တောင်ပေါ်တွေ ခဏခဏတက်ပြီး သစ်သီးတွေသွားခူးတတ်သလို ရေထဲမှာ ငါးတွေဆင်းဖမ်းတတ်သေးသည်။
“ဟုတ်ပြီ! ဖေဖေ သမီးရဲ့ ခေါင်းဆောင်းလေးပေး!”
စူစူလေးက သူမရဲ့ ချပ်ဝတ်တန်ဆာကို တောင်းဆိုလိုက်လေသည်။
အဘိုးချင်းက ကျီစဘ်လိုက်၏။ “သမီးလေးက ကိုကြီးအတွက်တော့ အုန်းသီးခူးပေးပြီး ဖေဖေတို့ကိုကျတော့ မခူးပေးဘူး။ ဘာလို့ ခေါင်းဆောင်း ယူပေးရမှာလဲ”
… … …
အခန်း(၈၅၀) ပင်လယ်ပြင်မှာ သေဆုံးခြင်း (၃)
“ဖေဖေနဲ့ မေမေတို့အတွက်လည်း ခူးပေးမှာပေါ့! ကိုကြီးအတွက်ပဲ မဟုတ်ဘူး! ဖေဖေ ဗိုက်ပြည့်တဲ့အထိ စားလို့ရအောင် အုန်းသီးတွေ အများကြီး ခူးပေးမှာ!”။ စူစူလေး ရှင်းပြလိုက်သည်
“ဟားဟားဟား ဟုတ်ပါပြီ။ အဲ့တာဆို ဖေဖေ ယူပေးမယ်နော်။ သေချာ ခူးပေး ဟုတ်ပြီလား”
အဘိုးချင်း ကျေနပ်သွားပြီး ဟိုတယ်သို့ပြန်ကာ စူစူလေး၏ ချပ်ဝတ်တန်ဆာကို သွားယူပေးလိုက်သည်။
စူစူလေးမှာ ကိုယ်ပိုင်ချပ်ဝတ်တန်ဆာ ရှိနေမှန်း လုကျန်းယွီပထမဆုံးအကြိမ်အဖြစ် ကြားဖူးခြင်း ဖြစ်ပါသည်။
“စူစူလေး တောင်ပေါ်ဒေသမှာ နေတုန်းက သစ်ပင်တွေခဏခဏ တက်ဖူးတာလား”။ လုကျန်းယွီ မေးလိုက်သည်။
“အွန်း၊ ငယ်ငယ်လေးတုန်းက ခဏခဏတက်ဖူးတယ်။ တောင်တွေလည်း အများကြီး၊ သစ်ပင်တွေလည်း အများကြီး၊ သူငယ်ချင်းတွေနဲ့ ကစားရတာလည်း ပျော်စရာကောင်းတယ်!”
တောင်ပေါ်ဒေသအကြောင်း ပြန်ပြောရင်း စူစူလေး လွမ်းဆွတ်သတိရသွားမိသည်။
ထို့နောက် စူစူလေး ငြီးတွားလိုက်ပါသည်။ “မြို့ကြီးကို ရောက်လာတော့ သမီး သစ်ပင်တက်လို့မရတော့ဘူးလို့ မေမေက ပြောတယ်။ တခြားကလေးတွေ ကြောက်သွားလိမ့်မယ်တဲ့။ အဲ့တာကြောင့် သစ်ပင်မတက်တာတောင် ကြာပြီ။ မူကြိုမှာ ရှိတဲ့ သစ်ပင်တွေပေါ်က သစ်သီးတွေကိုတောင် ခူးမစားရဘူး”
“ဒါဆို ကိုကြီး ခြံထဲမှာ သစ်ပင်တွေ အများကြီး စိုက်ပေးမယ်။ သစ်သီးသီးတဲ့အခါကျရင် စူစူလေး တက်ခူးလို့ ရတာပေါ့”။ စူစူလေးကို လုကျန်းယွီ ကတိပေးလိုက်ပါသည်။
“တကယ်လား အဲ့တာဆို ပြီးရော! ကိုကြီးတို့ အိမ်မှာ သစ်သီးတွေ သီးရင် သမီးလာခူးမယ်”
သူမ သစ်သီးခူးတာ ဘယ်လောက်တော်မှန်း ကိုကြီးကို ပြသပါမည်။
“အင်း တကယ်ပါ”။ လုကျန်းယွီ ပြုံးရွှင်စွာ ကတိပေးလိုက်ပါသည်။
--- --- ---
တည်နေရာအတိအကျကို ချူးယန်ရှီ မရှာနိုင်သေးပေ။
ယခုဆို ကောင်းကင်ကြီး အမှောင်ကျသွားပြီဖြစ်သည်။ ကောင်းကင်ပေါ်က လပြည့်၏ အလင်းရောင်ကသာ ပင်လယ်ပြင်မှာ ထင်ဟပ်နေလေသည်။
ချင်းမိသားစုလည်း ပင်လယ်ဂါနိုးဒါးမားကို ရှာဖွေနေလိမ့်မည်ဟူသည့် အတွေးက ချူးယန်ရှီကို အလွန်စိတ်ဖိစီးစေသည်။
ချင်းစူစူ လက်ထဲမှာ ပင်လယ်ဂါနိုးဒါးမားကို ပျော်ပျော်ကြီးကိုင်ထားသည့် မြင်ကွင်းအား သူမ မြင်ယောင်မိသည်။
ချင်းစူစူ၏ အပြုံးက အလွန်မောက်မာပြီး သူမကို လှောင်ပြောင်နေသလိုပင်။
မဖြစ်ဘူး! ချင်းမိသားစုကို ရှုံးနိမ့်လို့မဖြစ်ဘူး!
ချင်းစူစူကို ရှုံးနိမ့်လို့မဖြစ်ဘူး!
ဘာလုပ်ရမလဲ… ဘာဆက်လုပ်ရမလဲ။
ဒီလောက် ကျယ်ပြန့်သည့် နယ်မြေကြီးမှာ သူမတို့ သားအဖနှစ်ယောက်တည်း ဒီတိုင်းရှာဖွေနေပါက ဘယ်လောက်ကြာမလဲ မသိနိုင်ပေ။
ထိုစဉ် ရုတ်တရက်ဆိုသလို လရောင်ကြောင့် အလင်းပြန်နေသည့် ကမ်းရိုးတန်း၏ အနက်ရှိုင်းဆုံး ချိုင့်ခွက်နေရာကို ချူးယန်ရှီ သတိထားမိသွားသည်။ ထိုနေရာကြီးကို မြင်တော့ သူမရင်ထဲ ဆန်းကြယ်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာပါသည်။
သူမ လက်ဆုပ်လက်ကိုင် မပြနိုင်သော်လည်း ထိုနေရာတွင် ပင်လယ်ဂါနိုးဒါးမား ပေါက်နေလိမ့်မည်ဟု ခံစားလာရသည်။
ကောင်းကင်ဘုံက သူမကို တဖန်ပြန်လည်ရှင်သန်ခွင့်တောင် ပေးခဲ့သဖြင့် အခွင့်အရေးထပ်ပေးနိုင်လောက်သည်။ ဧကန္တ ဒီလရောင်က သူမအတွက် ကောင်းကင်ဘုံ၏ လမ်းပြမှုဖြစ်နိုင်သည်။
ထို့ကြောင့် လှေကို ကမ်းကပ်ဖို့ ချူးယန်ရှီ အမိန့်ပေးလိုက်သည်။ သို့သော်လည်း တံငါသည်အဘိုးကြီးက ငြင်းဆန်ပါသည်။
“မဖြစ်ဘူး လုံးဝ မဖြစ်ဘူး။ ဒီကျွန်းနားမှာ မမြင်ရတဲ့ ကျောက်တန်းတွေ အများကြီးရှိတယ်။ အရမ်း အန္တရာယ်များတယ်”။ တံငါသည်အဘိုးကြီးက ရှင်းပြလိုက်သည်။
“ခင်ဗျား ဘာတွေကြောက်နေတာလဲ။ သွားခိုင်းရင် သွားလိုက်ပေါ့! ကျုပ်ပေးထားတဲ့ ပိုက်ဆံ မလုံလောက်သေးလို့လား။ ထပ်လိုချင်နေပြန်ပြီလား”။ ချူးဟမ့်က မကျေမနပ် ပြောလိုက်သည်။
“ဆရာကြီး၊ ဒါက ငွေနဲ့ မသက်ဆိုင်တော့ဘူး။ ဒါအသက်အန္တရာယ်ရှိနိုင်တဲ့ ကိစ္စပဲ”။ တံငါသည်အဘိုးကြီးက ခေါင်းခါလျက် ရှင်းပြလိုက်သည်။
“ဘာကို အသက်အန္တရာယ်ရှိရမှာလဲ! ဒီလောက် နီးနီးကပ်ကပ်လေးကို။ ဒီကနေတောင် အဲ့ဒီကျွန်းကို မြင်နေရတယ်! ရေကလည်း ငြိမ်နေတာပဲ။ ဘာအသက်အန္တရာယ်ရှိရမှာလဲ”
တံငါသည်အဘိုးကြီးက အန္တရာယ်များသည်ဟုဆိုကာ ငွေထပ်ညှစ်ဖို့ကြိုးစားနေသည်ဟု ချူးဟမ့် သံသယ ဝင်နေပါသည်။
“မဟုတ်ဘူး ခင်ဗျားတို့ နားမလည်ဘူး။ ရေပြင်က တည်ငြိမ်တယ်လို့ ထင်ရပေမယ့် ရေအောက်မှာ ကျောက်တန်းတွေ အများကြီးရှိတယ်။ မျက်နှာပြင်နဲ့လည်း သိပ်မကွာဘူး။ ကျုပ်တို့လှေ အဲ့ဒီ ကျောက်တန်းတွေနဲ့ ရိုက်မိရင် မှောက်သွားနိုင်တယ်။ မြုပ်ပါ မြုပ်သွားနိုင်တယ်”။ တံငါသည်အဘိုးကြီးက စိတ်ရှည်ရှည်ထားပြီး ရှင်းပြလိုက်သည်။
“မြုပ်လည်း မြုပ်ပါစေပေါ့! ကျွန်းကဒီလောက်နီးနီးလေးကို လှေမြုပ်သွားလည်း ဒီတိုင်း ရေကူးသွားလို့ မရဘူးလား”။ ချူးဟမ့် ပေါ့တီးပေါ့ဆ ပြောလိုက်လေသည်။
… … …