← Chapters

အခန်း (၈၅၁-၈၅၅)

Vol. 35 Ch. 851-855

အခန်း (၈၅၁-၈၅၅)

Vol. 35 Ch. 851-855

နတ်သားရဲမလေးရဲ့ ကမ္ဘာသစ် Book-35

အခန်း(၈၅၁) ပင်လယ်ပြင်မှာ သေဆုံးခြင်း (၄)

“အဲ့လိုပြောလို့ မရဘူး။ ခင်ဗျားတို့က ဒီနယ်ခံမဟုတ်တော့ ဘယ်သိပါ့မလဲ။ ဒီနယ်မြေက အပေါ်ယံကြည့်ရင် ငြိမ်သက်တယ်လို့ ထင်ရပေမယ့် အရမ်း အန္တရာယ်များပြီး ကြောက်ဖို့ကောင်းတယ်။ ကျုပ်က ရေကူးကျွမ်းတော့ ကမ်းပေါ် ချက်ချင်း ကူးသွားလို့ရတယ်။ ဒါပေမယ့် ခင်ဗျားတို့အတွက် အန္တရာယ်ရှိနိုင်လို့ပြောနေတာ”။

ဘေးမှ နားထောင်နေသည့် ချူးယန်ရှီ စိတ်မရှည်ဖြစ်လာသည်။ “စကားများမနေကြနဲ့! ရှင်စိုးရိမ်တာ ရှင့်လှေ ပျက်စီးသွားမှာကိုမလား! ရှင့်လှေစုတ်ထက် ပိုသာတဲ့ လှေကို ဝယ်နိုင်အောင် ကျွန်မတို့ ယွမ် ၁၀၀,၀၀၀ ပေးမယ်! အဲ့ဒီ နေရာကိုသာ လိုက်ပို့ပေးစမ်းပါ!”

“ဒါပေမယ့်…”။ တံငါသည်အဘိုးကြီး တွန့်ဆုတ်သွားသည်။

ယွမ် ၁၀၀,၀၀၀ တဲ့…

သူ့ ငါးဖမ်းလှေအဟောင်းကြီးက ဒီလောက် တန်ဖိုးမရှိပါ။

“မြန်မြန်လုပ်လေ! အချိန်ဖြုန်းမနေနဲ့! ရှင်မလုပ်နိုင်ရင် တခြားသူပဲ သွားငှားတော့မယ်!”။ ချူးယန်ရှီ ခြိမ်းခြောက်လိုက်သည်။

“ပြီးရောကွာ ပြီးရော! ငါဘာမှ ဂရုမစိုက်တော့ဘူး! ငါ့ကို ပိုက်ဆံပေး၊ ဒီလှေကို မင်းတို့ ကြိုက်သလိုသာ လုပ်ကြ။ သွားချင်တဲ့နေရာ သွားကြ!”

တံငါသည် အဘိုးကြီး စိတ်ပိုင်းဖြတ်လိုက်သည်။ ဒီလူတွေကို ဘာမှ ဆက်မဖြောင်းဖြနေတော့ပါ။ သူ ပိုက်ဆံ ရပြီးပြီ ဖြစ်ကာ သတိပေးစရာရှိတာလည်း ပေးပြီးပြီဖစ်သည်။ သားအဖနှစ်ယောက် အန္တရာယ်နဲ့ ကြုံလာရလျှင် သူ့အပြစ် မဟုတ်ပါ။

“ဒါဆို စက်မြန်မြန်နှိုးလေ!”။ ချူးယန်ရှီ ချက်ချင်း အမိန့်ပေးလိုက်သည်။

တံငါသည် အဘိုးကြီး ဘာမှ မပြောတော့ဘဲ တက်မကို ကိုင်လျက် ထိုကျွန်းငယ်ဆီသို့ ဦးတည်လိုက်လေသည်…။

--- --- ---

ဟိုတယ်ဝန်ထမ်းများကို အဘိုးချင်း မေးကြည့်လိုက်ရာ အုန်းပင်များက ဟိုတယ်ပိုင်ဖြစ်ပြီး သူတို့ ဆန္ဒရှိသလောက် ခူးနိုင်သည်ဟု သိခဲ့ရပါသည်။

ထို့ကြောင့် စူစူလေးလည်း သူမရဲ့ ခေါင်းဆောင်းလေးကို ဝတ်ကာ လုပ်ငန်း စတင်လေတော့သည်။

အုန်းပင်ပေါ် စူစူလေး ခွတက်သွားတာကို ကြည့်ရင်း လုကျန်းယွီ စိတ်လည်းပူ ရယ်လည်း ရယ်ချင်သွားပါသည်။

သူမ အုန်းပင်တက်နေသည့် ပုံစံက ချစ်ဖို့ကောင်းသော်လည်း အပင်က အလွန်မြင့်သဖြင့် စိတ်ပူစရာတော့ ကောင်းပါသည်။

အိမ်တော်ထိန်းကျန်းနဲ့ ဟဲပေမူတို့က အုန်းပင်အောက်မှာ ပိုက်ကွန်ကြီးတစ်ခုကို ကိုင်လျက် စောင့်နေကြပါသည်။ အပင်ပေါ်က ပြုတ်ကျလာတာ အုန်းသီးဖြစ်ဖြစ် စူစူလေးဖြစ်ဖြစ် အမိအရဖမ်းဖို့ အသင့်ဖြစ်နေကြသည်။

ထိုနေ့ညတွင် ချင်းမိသားစုနဲ့ လုမိသားစုတို့ အိပ်လည်းမအိပ်၊ တခြားအရေးကြီးသည့် အလုပ်တွေလည်း မလုပ်ကြဘဲ စူစူလေး အုန်းသီးခူးတာကိုလာ လာကြည့်ခဲ့ကြသည်။

သခင်ကြီးလုကတောင် အုန်းရည်သောက်ပြီး အုန်းထမင်းစားချင်သည်ဟု ပူဆာလေသည်။

တစ်… နှစ်… သုံး…

အုန်းပင်တစ်ပင်ပေါ်မှ အုန်းသီးများ ပြောင်သွားသောအခါ စူစူလေး နောက်တစ်ပင်တက်ဖို့ ပြင်လိုက်သည်။

မကြာခင် ပိုက်ကွန်ထဲမှာ အုန်းသီးတွေ ပြွတ်သိပ်သွားလေတော့သည်။

ထို့နောက် သခင်ကြီးလုက ဟိုတယ်ဝန်ထမ်းကို ခေါ်လိုက်ပြီး စူစူလေး ခူးပေးထားသည့် အုန်းသီးများကို အရသာရှိသည့် စားဖွယ်ရာများအဖြစ် ပြောင်းလဲပေးဖို့ တာဝန်ပေးလိုက်သည်။

“စူစူလေး အုန်းသီးတွေ များနေပြီ။ ဆင်းလာခဲ့တော့လေ”။ အုန်းပင်ပေါ်မှာ ရှိနေဆဲဖြစ်သည့် စူစူလေးကို လုကျန်းယွီ ခေါ်လိုက်ပါသည်။

စူစူလေး အုန်းပင်ပေါ်မှ အောက်ကို ငုံ့ကြည့်လိုက်ရာ အုန်းသီးတွေအများကြီးကို မြင်လိုက်ရပြီး ကြောင်စီစီ ဖြစ်သွားပါသည်။

သူမ ခူးလိုက်တာ အဲ့လောက်တောင် များသွားတာလား။

“ကိုကြီး၊ အဲ့ဒီ အုန်းသီးတွေအကုန်လုံး သမီးခူးထားတာလား”။ စူစူလေး မေးလိုက်သည်။

“စူစူလေး အုန်းသီးတွေ အများကြီး ခူးထားတာပါ”။ လုကျန်းယွီက မေးခွန်းကို သွယ်ဝိုက်ပြီး ဖြေလိုက်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ထိုအုန်းသီးပုံ၏ ၈၀ ရာခိုင်နှုန်းလောက်ကို သူ့အဘိုးက ဟိုတယ်ဝန်ထမ်းများအား သယ်လာခိုင်းထားတာကြောင့် ဖြစ်သည်။

စူစူလေး အုန်းသီးတွေ ဆက်မခူးတော့အောင် သူမ ခူးထားသလို ဟန်ဆောင်ပေးလိုက်ခြင်း ဖြစ်ပါသည်။

အုန်းသီးတွေက တန်ဖိုးသိပ်မရှိပါ။ စူစူလေးသာ အုန်းပင်ပေါ် ဒီ့ထက်ကြာကြာ ဆက်နေလျှင် သူနှလုံးရောဂါ ရသွားနိုင်သည်။

ဒါ အဘိုးဖြစ်သူရဲ့ စေတနာဖြစ်သဖြင့် လုကျန်းယွီ ထုတ်မပြောနိုင်ပါ။

သို့သော်လည်း စူစူလေးကိုလည်း မလိမ်ချင်သဖြင့် မရေရာသော အဖြေကို ပေးလိုက်ခြင်းဖြစ်သည်။

“အဲ့တာဆို ဆင်းလာပြီ”

စားဖို့ အုန်းသီးတွေ အများကြီး လုံလောက်ပြီဆိုတော့ ဆင်းလို့ရပြီပေါ့!

“ဖြေးဖြေးဆင်းနော်”။ လုကျန်းယွီ သတိပေးလိုက်သည်။

“ဟုတ်တယ် ဟုတ်တယ် စူစူလေး ဖြေးဖြေး ဆင်း”။ သခင်ကြီးလုကလည်း ဝင်ပြောလိုက်သည်။

သူတို့ရဲ့ ကျန်းယွီလေးအတွက် တောင်ပိုင်းပင်လယ်ပြင်သို့ စူစူလေး လာခဲ့တာဖြစ်တာကြောင့် သူမသာ တစ်ခုခုဖြစ်သွားလျှင် ချင်းမိသားစုကို သခင်ကြီးလု မျက်နှာချင်းဆိုင်ရဲမှာ မဟုတ်တော့ပါ။

စူစူလေး ဆင်းလာမည့်အချိန်ကို အားလုံး စောင့်နေကြစဉ် စူစူလေးက ခြေလှမ်း ၂ လှမ်းလောက်သာ ဆင်းလိုက်ပြီး ရုတ်တရက် ရပ်တန့်သွားပါသည်။

“စူစူလေး ဘာဖြစ်လို့လဲ”။ လုကျန်းယွီ အမြန်မေးလိုက်သည်။

သူမ အားတွေ ကုန်နေပြီလား။

… … …

အခန်း(၈၅၂) ပင်လယ်ပြင်မှာ သေဆုံးခြင်း (၅)

အုန်းပင်ပေါ်က စူစူလေးကို အားလုံး ကြောက်လန့်စွာ မော့ကြည့်ကုန်ကြသည်။

“စူစူလေး မဆင်းနိုင်တော့ဘူးလား။ ဦးလေး လာခေါ်ရမလား”။ အိမ်တော်ထိန်းကျန်း ချက်ချင်း မေးလိုက်သည်။ ပြောပြောဆိုဆိုနဲ့ အုန်းပင်ပေါ် တက်ဖို့ အသင့်ပြင်နေပါပြီ။

အဘွားချင်းလည်း ဇဝေဇဝါဖြစ်သွားကာ မေးလိုက်သည်။ “သမီးလေး ဘာဖြစ်လို့လဲ”

စူစူလေးက ဘယ်သူ့မေးခွန်းမှ ပြန်မဖြေဘဲ ပင်လယ်ပြင်ကြီးကို မလှုပ်မယှက် စိုက်ကြည့်နေသည်

အိမ်တော်ထိန်းကျန်း ထပ်မစောင့်တော့ဘဲ ပိုက်ကွန်ကို လက်ထဲမှ ချကာ သူ့ခပ်ဝဝခန္ဓာကိုယ်နဲ့ အုန်းပင်ကို ဖက်လျက် စတင် တက်လေသည်။

စိတ်နဲ့လူနဲ့ မကပ်ဖြစ်နေသည့် စူစူလေးကို ပွေ့ချီလိုက်ပြီး အိမ်တော်ထိန်းကျန်း အမြန်ပြန်ဆင်းလာခဲ့သည်။

ထို့နောက် စူစူလေးကို မြေပေါ် ချပေးခဲ့သည်။

“စူစူလေး ဘာဖြစ်တာလဲ”။ လုကျန်းယွီ ထပ်မေးလိုက်၏။

စူစူလေး ရီဝေနေရာမှ အသိစိတ်ပြန်ကပ်လာပြီး ပြန်ဖြေလိုက်လေသည်။ “ဘာမှမဖြစ်ပါဘူ။ အရမ်းလှတာလေး တစ်ခု မြင်လိုက်လို့”

ခုနက ပင်လယ်ပြင်ထဲမှာ အပြာရောင်သန်းနေပြီး အလွန်လှပသည့် အရာတစ်ခုကို သူမ လှမ်းမြင်လိုက်သည်။ ထို့ကြောင့် ရီဝေသွားခြင်းဖြစ်ပြီး ခေါ်သံတွေကိုတောင် မကြားမိတော့ပါ။ ရှက်စရာကောင်းပါသည်။

“တော်သေးတာပေါ့”

လုကျန်းယွီတို့အားလုံး အခုမှ စိတ်အေးလက်အေး သက်ပြင်းချနိုင်တော့သည်ေ

--- --- ---

ချူးသားအဖ၏ ဖိအားပေးမှုကြောင့် တံငါသည်အဘိုးကြီးလည်း ကျွန်းငယ်ဆီ ခရီးနှင်လာခဲ့သည်။

ဒီခရီးက အလွန်အန္တရာယ်များမှန်း သိထားသော်လည်း တံငါသည်အဘိုးကြီးက သူ့အစွမ်းအစနဲ့ အတွေ့အကြုံတို့ကို အသုံးချကာ ကျောက်တန်းများကို ရှောင်ရှားဖို့ အစွမ်းကုန် ကြိုးစားနေပါသည်။

လှေကို ခဏလောက် မောင်းနှင်ပြီးသောအခါ ရေထဲမှ အပြာရောင်ဖျော့ဖျော့ အလင်းရောင်တစ်ခုကို ချူးယန်ရှီ မြင်သွားပြီး စိတ်လှုပ်ရှားသွားလေသည်။

“အဖေ ဟိုမှာ ကြည့်စမ်း!”

ချူးဟမ့်လည်း ချူးယန်ရှီ ညွှန်ပြသည့်နေရာကို ကြည့်လိုက်ရာ ပင်လယ်ရေအောက်မှ အပြာရောင် အလင်းတစ်ခု ထွက်နေတာကို မြင်လိုက်ရပါသည်။

“အဲ့တာ ပင်လယ်ဂါနိုးဒါးမားပဲဖြစ်မယ်! အဲ့တာ ပင်လယ်ဂါနိုးဒါးမားဖြစ်မယ်!”။ ချူးဟမ့် အပျော်လွန်သွားခဲ့သည်။

ထို့နောက် တံငါသည်အဘိုးကြီးကို ချူးဟမ့် အမြန်ပြောလိုက်သည်။ “မြန်မြန်မောင်းစမ်း! မြန်မြန်မောင်း!”

တံငါသည်အဘိုးကြီးက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလိုက်ပါသည်။ “ငါလည်း အတတ်နိုင်ဆုံး အမြန်မောင်းနေတာပဲ”

“မြန်မြန်မောင်းလို့ ပြောနေတယ်လေ! ခင်ဗျားတော်တော် စကားများပါလား”။ ချူးဟမ့် ဘာမှ ဂရုမစိုက်တော့ပါ။ ထို ပင်လယ်ဂါနိုဒါးမားကို လက်ထဲမှာ အမြန်ဆုံး ဆုပ်ကိုင်ချင်နေပြီဖြစ်သည်။

တံငါသည်အဘိုးကြီးက လှေကို အရှိန်အနည်းငယ် မြှင့်လိုက်သည်။

လှေအရှိန်မြင့်လာတာကို ခံစားမိမှ အဘိုးကြီးကို မနှောင့်ယှက်တော့ဘဲ ချူးယန်ရှီကို ချူးဟမ့်လှည့်ပြောလိုက်သည်။ “ရှောင်းရှီ၊ အဖေတို့ ဒီဘဝမှာ သေဖို့ ကံမပါလာတော့ဘူးထင်တယ်!”

ချူးယန်ရှီကလည်း ခေါင်းငြိမ့်ကာ ထောက်ခံလိုက်ပါသည်။ “ဟုတ်တယ်! ကျွန်မက တခြားသူတွေထက် ကံပိုကောင်းပြီးသား! ကံကြမ္မာက ကျွန်မကို မျက်နှာသာပေးနေတုန်းပဲ!”

ပင်လယ်ဂါနိုးဒါးမားကို တကယ်ကြီး ရှာတွေ့ခဲ့သဖြင့် ကောင်းကင်ဘုံက သူမဘက်မှာ ရှိနေဆဲဟု ဆိုနိုင်သည်။

သားအဖနှစ်ယောက်စလုံး မျက်နှာတွေ ပြုံးရွှင်သွားကြသည်။

ထိုစဉ် ရုတ်တရက်ဆိုသလို ဝုန်း ခနဲ အသံကျယ်ကြီးတစ်သံဖြင့် လှေတစ်စင်းလုံး ကြမ်းတမ်းစွာ လှုပ်ခါသွားလေသည်။

ချူးဟမ့်နဲ့ ချူယန်ရှီတို့ နှစ်ယောက်စလုံး ဟန်ချက်ပျက်သွားသည်။ ချူးဟမ့်က ကုန်းပတ်လက်ရန်းကို ဝမ်းဗိုက်ဖြင့် ဆောင့်မိကာ ချူးယန်ရှီကတော့ ကုန်းပတ်ပေါ် မျက်နှာဖြင့် ချော်လဲသွားလေသည်။

လှေပြန်တည်ငြိမ်သွားမှ သားအဖနှစ်ယောက် ဆဲဆဲဆိုဆိုဖြင့် ပြန်ထလာကြသည်။

“ခင်ဗျားဘာလုပ်တာလဲ သောက်အဘိုးကြီး! ခင်ဗျားကို ပိုက်ဆံဒီလောက်ပေးထားတာ ဘာတွေလုပ်နေတာလဲ”။ ချူးဟမ့် ဒေါသတကြီး ငေါက်လိုက်သည်။

“ပိုက်ဆံဟုတ်လား! အခုထိ ပိုက်ဆံစကားပြောနေတုန်းလား! လှေက ကျောက်တန်းတစ်ခုနဲ့ ရိုက်မိသွားပြီ!”

အဘိုးကြီးလည်း သည်းမခံနိုင်တော့ပါ။ သည်းခံစရာလည်း မလိုတော့ပေ။

“ရိုက်မိတော့ ဘာဖြစ်လဲ။ ဆက်မောင်းလို့ရတာပဲ မဟုတ်ဘူးလား။ ဆက်မောင်းစမ်း!”။ ပြဿနာ ဒီလောက် ကြီးလိမ့်မည်ဟု ချူးဟမ့် မထင်ပါ။

“မင်းဖာသာမင်း လုပ်ချင်တာလုပ်!”။ တံငါသည်အဘိုးကြီးက လှေနောက်ဘက်သို့ ပြေးသွားပြီး လေထိုး သက်ကယ်လှေကို ပင်လယ်ပြင်ထဲချဖို့ ပြင်လိုက်သည်။

“သောက်အဘိုးကြီး ခင်ဗျားဘာလုပ်တာလဲ!”။ ချူးဟမ့် မျက်လုံးပြူးသွားကာ မေးလိုက်လေသည်။

အဘိုးကြီးက သက်ကယ်လှေထဲ အမြန်ဝင်ကာ ပြန်ဖြေလိုက်ပါသည်။ “လှေက နစ်သွားတော့မှာ! မင်းတို့နှစ်ယောက် နေခဲ့ပြီး လုပ်ချင်တာသာ ဆက်လုပ်ကြ!”

အဘိုးကြီးက သူတို့ကို ထားခဲ့ပြီး ထွက်ပြေးဖို့ ကြံစည်နေမှန်း သိလိုက်ရသဖြင့် ချူးဟမ့် အလွန်ပေါက်ကွဲသွားသည်။ “သောက်အဘိုးကြီး ခင်ဗျားမပြေးနဲ့!”

… … …

အခန်း(၈၅၃) ပင်လယ်ပြင်မှာ သေဆုံးခြင်း (၆)

ချူးဟမ့် ဒေါသတကြီး ကျိန်ဆဲနေသည်။ “ခွေးအိုကြီး! ပြန်လာခဲ့စမ်း! မကြားဘူးလား နားကန်းနေလား ပြန်လာခဲ့လို့ ပြောနေတယ်!”

တံငါသည် အဘိုးကြီးလည်း ချူးဟမ့်၏ ဆဲဆိုသံများကို လျစ်လျူရှုပြီး သက်ကယ်လှေဖြင့် လစ်ထွက်သွားတော့သည်။

သိပ်မကြာလိုက်ဘဲ အဘိုးကြီးနဲ့ သက်ကယ်လှေတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

ချူးယန်ရှီဘက်သို့ပြန်လှည့်ကာ ချူးဟမ့် မေးလိုက်သည်။ “ငါတို့ဘာလုပ်ကြမလဲ။ သောက်အဘိုးကြီးက ထွက်ပြေးသွားပြီ! ကျွန်းထိရောက်အောင် ဘယ်သူလိုက်ပို့ပေးမှာလဲ။ ပင်လယ်ဂါနိုဒါးမားက ငါတို့မျက်စိရှေ့တည့်တည့်မှာ ရောက်နေပြီ! ဒါလုမိသားစုနဲ့ အပေးအယူလုပ်နိုင်မယ့် အခွင့်အရေးနော်!”

“ရှင် လှေမောင်းလိုက်လေ!”။ ချူးယန်ရှီ အမိန့်ပေးလိုက်သည်။

“ငါမှ လှေမမောင်းတတ်တာ!”

“မမောင်းတတ်လည်း မောင်းရမှာပေါ့! ဒီခန္ဓာကိုယ်နဲ့ ကျွန်မကို မောင်းစေချင်လို့လား! တက်မကိုတောင် လက်လှမ်းမမှီဘူး!”။ ချူးယန်ရှီ အော်ဟစ်ကာ ပြောလိုက်သည်။

ချူးဟမ့်လည်း ရွေးချယ်စရာမရှိတော့ဘဲ တက်မကို ပြေးကိုင်ကာ လှေကို ထိန်းရတော့သည်။

လှေအကြောင်း အနည်းငယ် နားလည်ခါစပြုနေချိန် လှေအောက်ဘက်မှ ရေတွေအများကြီး စိမ့်ဝင်လာတာကို ချူးဟမ့် မြင်လိုက်ရလေသည်။

ချူးယန်ရှီလည်း မြင်ပါသည်။ သို့သော် လှေနဲ့ နည်းနည်းဝေးဝေးထပ်ရောက်အောင် ပိုသွားနိုင်ဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

“နည်းနည်းလောက် ထပ်မောင်းလို့ မရတော့ဘူးလား! မီတာ ၅၀ - ၆၀ လောက်ပဲ လိုတော့တာ ရောက်တော့မယ်!”

“မရဘူး မရတော့ဘူး လှေမြုပ်နေပြီ! သွားကြမယ်!”။ ချူးဟမ့် လက်လျှော့လိုက်ပါပြီ။

ပြောပြောဆိုဆိုနဲ့ လှေထောင့်တစ်နေရာတွင် သက်ကယ်အင်္ကျီများကို အသည်းအသန် ရှာဖွေလိုက်သည်။

ချူးယန်ရှီလည်း ဒေါသတကြီး ခြေထောက်ကို ဆောင့်လိုက်ပြီး သက်ကယ်အင်္ကျီပြေးယူကာ ဝတ်လိုက်သည်။ ထို့နောက် သားအဖနှစ်ယောက် ရေထဲသို့ ခုန်ချလိုက်ကြပါသည်။

နှစ်ယောက်စလုံးက ရေကူးတတ်ကာ သက်ကယ်အင်္ကျီတွေလည်း ဝတ်ထားကြပြီး ကျွန်းနဲ့လည်း အလွန်နီးနေပြီ ဖြစ်သည်။

သူတို့စိတ်ထဲမှာတော့ ရေကူးရတာ ဘာမှ မခက်ခဲနိုင်ပါ။

ချူးယန်ရှီ အသည်းအသန် ရေကူးနေစဉ် အနောက်ဘက်မှ ချူးဟမ့်၏ အော်သံကို ရုတ်ရက် ကြားလိုက်ရပါသည်။

“ကယ်ပါဦး! ငါ့ခြေထောက်ကို တစ်ခုခု လာပတ်ပြီး ဆွဲထားတယ်!”

ရေထဲမှာ သွေးပျက်ကာ ယောက်ယက်ခက်နေသော ချူးဟမ့်ကို ချူးယန်ရှီ မြင်လိုက်ရသည်။ ချူးဟမ့်က ခေါင်းဖော်ဖို့တောင် မနည်း ကြိုးစားနေရပါသည်။

“ရှောင်းရှီ! အဖေ့ကို ကယ်ပါဦး!”။ ချူးဟမ့်က ချူးယန်ရှီကို အော်ဟစ်အကူအညီတောင်းနေပါသည်။

ချူးဟမ့်ကို ချူးယန်ရှီ ခံစားချက်မဲ့စွာ စိုက်ကြည့်လိုက်သည်။

အချိန်အတန်ကြာသောအခါ ချူးယန်ရှီတစ်ယောက် ချူးဟမ့်ကို မကူညီပေးသည့်အပြင် ရှေ့ပြန်လှည့်သွားပြီး ကျွန်းဆီရောက်အောင် ပိုမြန်မြန်ဆန်ဆန် ကူးခတ်သွားလေတော့သည်။

--- --- ---

ချင်းမိသားစုဝင် ၃ ယောက်၊ လုမြေးအဘိုး ၂ ယောက်၊ အိမ်တော်ထိန်းကျန်းနဲ့ ဟဲပေမူတို့အားလုံး အုန်းသီးတွေ ပျော်ပျော်ရွှင်ရွှင် စားသုံးခဲ့ကြသည်။

ထို့နောက် သခင်ကြီးလုနဲ့ အဘိုးချင်းတို့လင်မယားတွေ ကမ်းခြေထိုင်ခုံတွေမှာ အသီးသီး လှဲလျောင်းလျက် အပန်းဖြေရင်း စကားပြောခဲ့ကြသည်။

ကလေးနှစ်ယောက်နဲ့ ဘော်ဒီဂတ်နှစ်ယောက်ကတော့ ခပ်လှမ်းလှမ်းရှိ ကမ်းခြေဘက်မှာ ခရုခွံကောက်နေကြပါသည်။

စူစူလေးက ခြေဗလာနဲ့ လျှောက်ပြေးနေပြီး လုကျန်းယွီက အနောက်မှ ဝှီးချဲဖြင့်လိုက်လာသည်။ ဝှီးချဲဘီးတွေ သဲပြင်ထဲ နစ်သွားတိုင်း အိမ်တော်ထိန်းကျန်းက လာကူညီပေးတတ်သည်။

စူစူလေး ပြေးလွှားနေရင်း ရုတ်တရက် ရပ်တန့်သွား၏။

“ဘာဖြစ်လို့လဲ စူစူလေး”။ လုကျန်းယွီ မေးလိုက်သည်။

“ဟိုးမှာ မီးရောင်တွေ အများကြီးပဲ”။ ပင်လယ်ပြင် ခပ်လှမ်းလှမ်းကို ညွှန်ပြရင်း စူစူလေး ပြောလိုက်သည်။

လုကျန်းယွီလည်း လှည့်ကြည့်လိုက်ရာ တကယ်ပဲ မီးရောင်တွေ အများကြီးကို တွေ့လိုက်ရသည်။ သေချာ ကြည့်လိုက်မှ လှေမီးရောင်တွေဖြစ်နေမှန်း သိလိုက်ရလေသည်။

“ဦးလေးကျန်း၊ ဒီအချိန်ကြီး လူတွေ ပင်လယ်ထဲ ထွက်ကြသေးလို့လား”။ လုကျန်းယွီ မေးလိုက်ပါသည်။

“အဲ…”။ အိမ်တော်ထိန်းကျန်းလည်း ပင်လယ်ပြင်ကြီးကို ငေးကြည့်ကာ ခန့်မှန်းကြည့်လိုက်သည်။ “ငါးမျှားထွက်တဲ့ တံငါသည်တွေဖြစ်နိုင်တယ်။ ဒါမှမဟုတ် မတော်တဆမှုတစ်ခုခု ဖြစ်တာလည်း ဖြစ်နိုင်တယ်”

“တစ်ယောက်ယောက်ကို သွားစုံစမ်းခိုင်းလိုက်ပါလား”။ လုကျန်းယွီ ပြောလိုက်ပါသည်။

“ကောင်းပါပြီ”။ လက်အောက်ငယ်သားများကို သွားစုံစမ်းဖို့ အိမ်တော်ထိန်းကျန်း ချက်ချင်း အမိန့်ပေးလိုက်သည်။

မကြာမီ သတင်းနဲ့အတူ လက်အောက်ငယ်သားများ ပြန်ရောက်လာကြသည်။

“ရေသူထီးပင်လယ်အော်ကို ညကြီးမင်းကြီး သားအဖနှစ်ယောက် ထွက်သွားကြတယ်တဲ့။ ရေသူထီးပင်လယ်အော်ဆိုတာ ကြောက်စရာကောင်းတဲ့ ပင်လယ်ရေအောက် ကျောက်တန်းတွေကြောင့် ဒီမှာ နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ အဲ့ဒီ သားအဖ ညကြီးမင်းကြီး ဘာထွက်လုပ်ကြတာလဲ မသိပေမယ့် ပင်လယ်ဂါနိုးဒါးမားကို ထွက်ရှာကြတာလို့လည်း ကောလဟာလတွေ ထွက်နေတယ်”

လုမိသားစုမှ ကမ်းလှမ်းထားသည့် ဆုကြေးငွေကြောင့် ခုတလော တောင်ပိုင်းပင်လယ်ပြင်ကိုလာပြီး ပင်လယ်ဂါနိုးဒါးမားကို လာရောက်ရှာဖွေနေသူတွေ တကယ်များပြားပါသည်။

… … …

အခန်း(၈၅၄) ပင်လယ်ဂါနိုးဒါးမားကို ရှာတွေ့ပြီ (၁)

“သူတို့က ညကြီးမင်းကြီး ဘာလို့ ဆေးပင်ထွက်ရှာကြတာလဲ။ ပြီးတော့ ရေအောက်ကျောက်တန်းတွေ ဒီလောက် များတဲ့ နေရာမှာ သတိထားသင့်တယ် မဟုတ်ဘူးလား”။ လုကျန်းယွီ မေးလိုက်သည်။

“အဲ့တာတော့ ကျွန်တော်တို့လည်း သေချာ မသိပါဘူး။ ဒီနားက အပျော်စီးလှေတွေက ညဘက်တွေမှာ မထွက်ဘူးလေ။ အဲ့တာကြောင့် အဲ့ဒီသားအဖက ဒီကျွန်းမှာနေတဲ့ တံငါသည်အဘိုးကြီးတစ်ယောက်ရဲ့ လှေကို ငှားပြီး ထွက်သွားတာတဲ့”

သူတို့ စုံစမ်းနိုင်ခဲ့တာ ဒါအကုန်ပဲဖြစ်သည်။ မတော်တဆဖြစ်သွားသည့် ထိုသားအဖ၏ နာမည်တွေကိုလည်း မသိရသေးပါ။

“ဟုတ်ပါပြီ”

လုကျန်းယွီ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူအတွေးလွန်နေမှာ စိုးရိမ်သဖြင့် အိမ်တော်ထိန်းကျန်းက နှစ်သိမ့်ပေးလိုက်သည်။ “သခင်လေး ဘာမှ စိတ်မကောင်းဖြစ်စရာမလိုဘူးနော်။ ဒီကမ္ဘာကြီးမှာ ငှက်တွေက အစာ ရှာဖွေရင်း သေကြသလို လူတွေကလည်း စည်းစိမ်ရှာဖွေရင်း သေကြတာပုံမှန်ပဲ”

“ကျွန်တော် စိတ်မကောင်းမဖြစ်ပါဘူး။ လုမိသားစုက ဒီတိုင်း ဆုကြေးငွေ ကမ်းလှမ်းထားတာ။ အဲ့ဒီဆုကြေးငွေအတွက် သူတို့အသက်ကို စွန့်စားတာက သူတို့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပဲ”

မတော်တဆဖြစ်သွားသည့် သားအဖနှစ်ယောက်ကို လုကျန်းယွီ စိတ်ပူနေတာမဟုတ်ပါ။ စူစူလေးဆီ လုကျန်းယွီ အကြည့်ရောက်သွားသည်။

“ကိုကြီး ဘာကြည့်တာလဲ”။ စူစူလေး မေးလိုက်သည်။

“မနက်ဖြန်ကျရင်လည်း ကမ်းခြေမှာ ခရုခွံလာကောက်ကြမလား စူစူလေး”

“ဟင့်အင်း မနက်ဖြန် ပင်လယ်ဂါနိုးဒါးမား ရှာရမှာလေ!”

ဒီနေ့ညပဲ အနားယူမည်ဟု သူမ ဖေဖေ မေမေတို့နဲ့ သဘောတူထားသည်။ မနက်ဖြန်ကစလို့ လုပ်ငန်းစပါမည်။

“စူစူလေး… ပင်လယ်ဂါနိုးဒါးမားကို ရှာမတွေ့လည်း ရပါတယ်”

“ရှာတွေ့ဖို့ အရေးကြီးတယ်လေ။ ကိုကြီးက ဒီလောက်ကြိုးစားထားရတာ လမ်းပြန်လျှောက်နိုင်မှ ဖြစ်မှာပေါ့!”

“ဒါပေမယ့် စူစူလေးကို ဘာမှမဖြစ်စေချင်ဘူး။ ခုလေးတင် ပင်လယ်ဂါနိုးဒါးမား ထွက်ရှာတဲ့လူတွေ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရပြီ”

လုကျန်းယွီ စိတ်ပူနေတာလည်း ဒါပဲဖြစ်သည်။

“အဲ့တာ သူတို့ကိစ္စလေ၊ သမီးက တူမှမတူတာ!”

သူမက သာမန်လူသားတွေလိုမဟုတ်ပါ။ အလွန်သန်မာသည်။ လူ ၁၀ ယောက် သို့မဟုတ် လူ အယောက် ၁၀၀ နဲ့ ညီမျှပါသည်။

စူစူလေး၏ ယုံကြည်ချက် ပြည့်ဝနေမှုကို ကြည့်ရင်း လုကျန်းယွီ အလျှော့ပေးလိုက်ရပါသည်။

“အဲ့တာဆိုလည်း အန္တရာယ်များတဲ့နေရာတွေကို မသွားဘူးလို့ ကိုကြီးကို ကတိပေး။ အထူးသဖြင့် ကျောက်တန်းတွေ ရှိတဲ့နေရာ၊ လှိုင်းတွေထန်တဲ့နေရာ၊ ဒါမှမဟုတ် အန္တရာယ်များတဲ့ တိရိစ္ဆာန်တွေ ရှိတဲ့နေရာတွေကို မသွားရဘူးနော်”။ လုကျန်းယွီ မှာကြားလိုက်သည်။

“ဟုတ်ကဲ့!’။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။

လုကျန်းယွီကို ကတိပေးပြီးတာနဲ့တစ်ပြိုင်နက် ပင်လယ်ပြင်ဘက်ကို စူစူလေး အာရုံပြန်ရောက်သွားသည်။

ထိုနေရာမှာ အပြာရောင်အလင်းတန်းလေးတစ်ခု ရှိနေသည်။ သူမ အုန်းပင်ပေါ်က မြင်ခဲ့ရသည့် အလင်းရောင်မျိုး ဖြစ်သည်။

ဘာလေးလဲ… အပြာရောင်လေး လင်းနေတာ လှလိုက်တာ

ခရုခွံလေးများလား၊ မီးလင်းတဲ့ ခရုခွံလေးက အရမ်းလှမှာပဲ!

နေပါဦး… ဦးလေးပိုင်ဟူကျစ် ပြောဖူးတဲ့ ဂါနိုးဒါးမားကလည်း အပြာရောင်လေးပဲ!

ဧကန္တ အဲ့တာ ပင်လယ်ဂါနိုးဒါးမား ဖြစ်နိုင်တယ်!

မီးလင်းတဲ့ခရုခွံလား ပင်လယ်ဂါနိုးဒါးမားလား…

ထိုမေးခွန်းအတွက် အဖြေသိချင်သဖြင့် အပြာရောင်အလင်းတန်းဆီ စူစူလေး လျှောက်သွားလေသည်။

ဒါကိုမြင်တော့ လုကျန်းယွီ၊ အိမ်တော်ထိန်းကျန်းနဲ့ ဟဲပေမူတို့အားလုံး လိုက်သွားခဲ့ကြပါသည်။

“စူစူလေး ဘယ်သွားမလို့လဲ”။ လုကျန်းယွီ ‌ေ မးလိုက်သည်။

“ဟိုမှာ မီးလင်းတဲ့ ခရုခွံလေးရှိနေတယ်”။ စူစူလေး လမ်းလျှောက်နေရင်း ပြောလိုက်သည်

လုကျန်းယွီလည်း အိမ်တော်ထိန်းကျန်းကို မော့ကြည့်ပြီး မျက်လုံးဖြင့် မေးလိုကသည်။ အိမ်တော်ထိန်းကျန်းက ခေါင်းခါပြပါသည်။ သူက အရပ်ရှည်သော်လည်း ဘာအလင်းရောင်မှ မမြင်ရပါ။ ထို့ကြောင့် သူ့ထက် အရပ်အများကြီး ပိုပုသည့် စူစူလေး မြင်နိုင်တာ မဖြစ်နိုင်ပေ။

ထို့ကြောင့် စူစူလေးကို လုကျန်းယွီ ထပ်မေးလိုက်သည်။ “စူစူလေး အမြင်မှားတာများလား”

“မမှားပါဘူး။ ဟိုမှာ မီးလင်းတဲ့ ခရုခွံလေ! သွားကောက်ကြမယ်!”

အမှန်ပင်။ ခရုခွံမဟုတ်ဘဲ သူတို့ရှာဖွေနေသည့် ပင်လယ်ဂါနိုးဒါးမားလည်း ဖြစ်နိုင်သည်။

သူတို့ရှာဖွေနေသည့် ပင်လယ်ဂါနိုးဒါးမားဖြစ်ပါက ပိုကောင်းပါသည်။ ကိုကြီးကို အမြန်သွားကျွေးလိုက်မည်။

… … …

အခန်း(၈၅၅) ပင်လယ်ဂါနိုးဒါးမားကို ရှာတွေ့ပြီ (၂)

မီးလင်းသည့် ခရုခွံဆိုရင်လည်း သူမ ၂ ကြိမ်တောင် မြင်ခဲ့ရတာဖြစ်သဖြင့် ရအောင် ယူပါမည်။ ထို့နောက် ဖန်ပုလင်းလေးထဲထည့်ကာ တူချောလေးကို လက်ဆောင်ပေးလိုက်မည်။

အထဲမှာ အသားပါလျှင် အရသာရှိတာတစ်ခုခု ချက်နိုင်သည်။

သူမ မီးလင်းသည့် ခရုအသား မစားဖူးပါ။ အလွန်အရသာရှိလောက်သည်။

အမှန်ပင်။ ကိုကြီးကို ကုသပေးနိုင်မည့် ဆေးပင်ဖြစ်နေလျှင်တော့ အကောင်းဆုံးဖြစ်ပါသည်။

ထိုအတွေးဖြင့် အလင်းတန်းရှိရာထံသို့ စူစူလေး ခပ်မြန်မြန်ပြေးလိုက်သည်။

အားလုံးလည်း သူမကို လိုက်မှီအောင် အမြန်လိုက်ရပါသည်။ သို့သော်လည်း စူစူလေးက ပြေးတာ အလွန်မြန်ဆန်ပြီး ကမ်းခြေရှိ ကျောက်ဆောင်ကျောက်တန်းများဆီ တည့်တည့် ဦးတည်နေတာဖြစ်သည်။

ကမ်းခြေရှိ ကျောက်တန်းများက အလွန်ကြမ်းတမ်းပြီး အန္တရာယ်များသည်။ အသားတွေ ပွန်းပဲ့သွားနိုင်သလို လှိုင်းအရှိန်ဖြင့် ကျောက်တန်းနဲ့လည်း ဝင်တိုက်မိနိုင်သည်။

စူစူလေး ဆက်မသွားနိုင်ခင် အိမ်တော်ထိန်းကျန်းက အမြန်ပွေ့ချီလိုက်ပါသည်။ “စူစူလေး အဲ့ဒီနေရာက အန္တရာယ်များတယ်။ ခရုခွံကောက်ချင်တာဆိုရင် ကမ်းခြေဘက်ကိုပဲ ပြန်သွားကြရအောင်နော်”

အိမ်တော်ထိန်းကျန်းက အပြုံးချိုချိုဖြင့် ပြောလိုက်သော်လည်း စူစူလေးကို တင်းတင်းကြပ်ကြပ် ပွေ့ချီထားပါသည်။ သူမ ထပ်ပြီး ထွက်ပြေးသွားမှာ စိုးရိမ်တာကြောင့်ဖြစ်သည်။

ကျောက်ဆောင်တွေပေါ်မှ မတော်တဆပြုတ်ကျသွားပါက အသက်အန္တရာယ်ရှိနိုင်သည်။

“ဦးလေးကျန်း ခဏစောင့်ဦး။ အဲ့ဒီ မီးလင်းနေတဲ့ ခရုခွံကို ကောက်ပြီးရင် သမီးပြန်လာခဲ့မယ်! ကိုကြီးကို သေချာစောင့်ကြည့်ထားနော်။ သူဒီပေါ်တက်လာလို့ မရဘူး!”

စူစူလေးက အိမ်တော်ထိန်းကျန်းကို ပြန်ညွှန်ကြားလိုက်ပါသည်။

ဒီနေရာက အန္တရာယ်များမှန်း စူစူလေး သိပါသည်။ သို့သော်လည်း ထိုအရာက ကိုကြီးကို ကုသပေးနိုင်မည့် ဆေးပင် ဖြစ်နိုင်တာကြောင့် သူမ ရအောင် ယူရမည်။

အန္တရာယ်များတာကြောင့်ပဲ ဦးလေးကျန်းနဲ့ တခြားသူတွေကို စူစူလေး ပွင့်ပွင့်လင်းလင်း မပြောပြခဲ့တာ ဖြစ်သည်။

သူတို့က လူသားတွေဖြစ်သဖြင့် ဒဏ်ရာရလွယ်သည်။ ဒီလို အန္တရာယ်များသည့် တာဝန်ကို သူမသာ ယူသင့်ပါသည်။

ထို့နောက် စူစူလေးက အိမ်တော်ထိန်းကျန်း၏ လက်ထဲမှ ရုတ်တရက် ရုန်းထွက်လိုက်သည်။

သူမ၏ ခွန်အားကို အိမ်တော်ထိန်းကျန်း မယှဉ်နိုင်ပါ။

စူစူလေးသာ လွတ်မြောက်ချင်ပါက ချင်းမိသားစုဝင်တွေကော လုမိသားစုဝင်တွေကော မထိန်းချုပ်နိုင်ကြပါ။

ပုံမှန်ဆို အားလုံး သင်ပေးထားသည့် အတိုင်း စူစူလေး ဘေးကင်းလုံခြုံသည့်နေရာမှာပဲ နေတတ်သည်။ သို့သော် ဒါက သူမ ဆန္ဒနဲ့သူမ နေခဲ့တာဖြစ်ပါသည်။ သူမ အန္တရာယ်များတာတွေ လုပ်ချင်ပါက အချိန်မရွေး ထလုပ်လိုက်လို့ရသည်။

“စူစူလေး!”

စူစူလေး၏ နာမည်ကို လုကျန်းယွီ ကျယ်လောင်စွာ အော်ခေါ်လိုက်ပါသည်။

သို့သော် စူစူလေးက လုကျန်းယွီကို လှည့်မကြည့်ဘဲ ကျောက်ဆောင်ပေါ် ပြေးတက်သွားပါသည်။ ထို့နောက် အချိန်မဆွဲဘဲ ပင်လယ်ထဲကို ဗွမ်းခနဲမြည်အောင် ခုန်ချသွားလေသည်။

ညအမှောင်ထဲက ပင်လယ်ပြင်ကြီးမှာ ပိန်းပိုက်အောင် မှောင်မိုက်နေပြီး ဘယ်အရာကိုမဆို ဝါးမျိုနိုင်သည့် သတ္တဝါကြီး တစ်ကောင်သဖွယ် ကြောက်စရာကောင်းလွန်းပါသည်။

စူစူလေး၏ လုပ်ရပ်ကြောင့် အားလုံး မျက်လုံးပြူးသွားကြသည်။

ပုံမှန်ဆို လိမ်လိမ်မာမာနေတတ်သည့် စူစူလေးက ရုတ်တရက်ကြီး ဒီလိုလုပ်လိမ့်မည်ဟု အိမ်တော်ထိန်းကျန်းကော၊ ဟဲပေမူကော ထင်မထားခဲ့ကြပါ။

သို့သော် တစ်က္ကန့်သာ တုန်လှုပ်သွားကြပြီး အိမ်တော်ထိန်းကျန်းနဲ့ ဟဲပေမူတို့ စူစူလေးနောက်သို့လိုက်ကာ ရေထဲ ခုန်ချသွားခဲ့ကြပါသည်။

ထို့နောက် လုမိသားစုဘော်ဒီဂတ်တွေလည်း ရောက်လာကာ လုကျန်းယွီကို စောင့်ကြည့်ဖို့ တစ်ယောက်နှစ်ယောက်က လွဲလို့ ကျန်ဘော်ဒီဂတ်တွေအားလုံး ရေထဲ ခုန်ချကုန်ကြသည်။

ဗွမ်း! ဗွမ်း! ဗွမ်း!

သခင်ကြီးလုနဲ့ အဘိုးချင်းတို့ လင်မယားလည်း အပြေးရောက်လာကြသည်။

စူစူလေး ပင်လယ်ထဲ ခုန်ချသွားသည်ဟု ကြားလိုက်ရသောအခါ လူကြီး ၃ ယောက်စလုံး မျက်နှာများ ဖြူဖပ်သွားကြလေသည်။

“မြန်မြန်! စူစူလေးကို မြန်မြန်ကယ်ကြစမ်း! စူစူလေးကို မတွေ့မချင်း ဘယ်သူမှ ပြန်တက်မလာကြနဲ့!”။ သခင်ကြီးလုက ကျယ်လောင်စွာ အမိန့်ပေးလိုက်ပါသည်။

စူစူလေးက ရေမကူးတတ်ပါ။ ထို့ကြောင့် သာမန် ရေကန်ထဲ ပြုတ်ကျတာတောင် အန္တရာယ်များလွန်းနေပါပြီ။

ယခု ပင်လယ်ထဲ ပြုတ်ကျသွားတာဖြစ်ပြီး ဘေးမှာလည်း ကျောက်ဆောင်ကျောက်တန်းတွေ အလွန်များပြားသဖြင့် အန္တရာယ်က အဆ ၁,၀၀၀ လောက် ပိုများသွားသည်။

သခင်ကြီးလု ဒေါသတကြီး ခြေထောက်ကို ဆောင့်နေလေသည်။

အိမ်တော်ထိန်းကျန်းကိုယ်တိုင် စောင့်ကြည့်နေတာကို ဘယ်လိုဖြစ်သွားတာလဲ!

သူတို့ လူကြီးတွေ အာရုံလွဲနေတုန်း ဘာဖြစ်သွားတာလဲ!

… … …

All Chapters