အခန်း (၈၅၆-၈၆၀)
Vol. 35 Ch. 856-860
အခန်း(၈၅၆) ပင်လယ်ဂါနိုးဒါးမားကို ရှာတွေ့ပြီ (၃)
သခင်ကြီးလုက မြေးဖြစ်သူကို လှမ်းကြည့်လိုက်သည်။ လုကျန်းယွီက စူစူလေး ခုန်ချသွားသည့်နေရာကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေပါသည်။ ဘာမှ မမြင်ရသော်လည်း မလှုပ်မယှက် စိုက်ကြည့်နေလေသည်။
ဒီအခြေအနေမှာ သခင်ကြီးလု ဘာဖြစ်သွားတာလဲ မေးချင်ရင်တောင် လုကျန်းယွီ ပြန်ဖြေနိုင်မှာ မဟုတ်ပါ။
ပင်လယ်ရေအောက်ကို ကောင်းကောင်းမြင်ရဖို့အတွက် ကမ်းပေါ်ကလူတွေကိုသာ သခင်ကြီးလု မီးထိုးခိုင်းရသည်။
မကြာမီ မီးရောင်များကြောင့် ကျောက်ဆောင်အောက်မှ လူရိပ်တချို့ကို သခင်ကြီးလု၊ အဘိုးချင်းတို့ လင်မယားနဲ့ လုကျန်းယွီတို့ မြင်နိုင်ပါပြီ။
လူများစွာက ပင်လယ်အောက်မှာ စူစူလေးကို အသည်းအသန် ရှာဖွေနေကြသည်။
ရေမျက်နှာပြင်ပေါ် တစ်ယောက်ပြန်တက်လာလျှင် နောက်တစ်ယောက်က ပြန်ငုပ်သွားကာ အလှည့်ကျ ရှာဖွေနေကြသည်။
အိမ်တော်ထိန်းကျန်း၊ ဟဲပေမူနဲ့ တခြားဘော်ဒီဂတ်တွေကို မြင်ရသော်လည်း စူစူလေးကိုတော့ အစအနပင် ရှာမရပါ။
ထိုအချိန်တွင် အားလုံးရဲ့ နှလုံးသားများ တစ်စစီဖြစ်သွားသလို ခံစားလိုက်ရသည်။
သခင်ကြီးလုတောင် နှလုံးခုန်ရပ်မတတ်ဖြစ်သွားပါသည်။
ထိုစဉ် ရုတ်တရက်ဆိုသလို ခပ်လှမ်းလှမ်းမှ လှိုင်းလုံးကြီးတစ်ခု မြင့်တက်လာကာ ပင်လယ်ရေမှော်တွေတောင် ကမ်းခြေဘက်သို့ ရောက်လာကြသည်။
ထိုလှိုင်းလုံးကြီးကို အားလုံး အံ့အားသင့်စွာ လှည့်ကြည့်လိုက်ကြသည်။
အဲ့တာဘာကြီးလဲ…
ပင်လယ်ထဲမှာ ဒီလောက်ကြီးတဲ့ သတ္တဝါကြီးတစ်ကောင်ရှိနေတာလား…
ပင်လယ်ထဲမှာ ဒီလို သတ္တဝါကြီးရှိနေရင် စူစူလေး ပိုအန္တရာယ်မရှိနိုင်ဘူးလား။
ထိုစဉ် ဗွမ်းခနဲ အသံမြည်ကာ ရေတွေ တည်ငြိမ်သွားပြီး ဗဟိုတည့်တည့်မှ စူစူလေး၏ ခေါင်းလေး ပြူထွက်လာသည်။ ရေအောက်မှ အရာတစ်ခုခုက စူစူလေးကို ရေမျက်နှာပြင်ပေါ် ပင့်တင်ပေးထားသကဲ့သို့ ဖြစ်သည်။
“စူစူလေး!”
အားလုံး ပြိုင်တူအော်လိုက်ကြပြီး စူစူလေးထံ အသည်းအသန် ကူးခတ်သွားလေသည်။
ထို့နောက် လူပေါင်းများစွာက စူစူလေးကို မ,ချီကာ ကမ်းဘက်သို့ ပြန်ကူးလာခဲ့ကြသည်။
သူမ ညာဘက်လက်ထဲမှာ အပြာရောင်ဖျော့ဖျော့ လင်းနေသည့် အပင်တစ်ခုကိုလည်း ဆုပ်ကိုင်ထားပါသည်။
“ကိုကြီး ဒီမှာကြည့်စမ်း! သမီးရှာတွေ့သွားပြီ!”
စူစူလေးလက်ထဲက ပစ္စည်းကိုကြည့်ပြီး လုမိသားစုဘော်ဒီဂတ်တွေအားလုံး ကြက်သေသေသွားကြသည်။
စူစူလေး လက်ထဲမှာကိုင်ထားတာ… ပင်လယ်ဂါနိုးဒါးမားများလား…။
“စူစူလေးကို ကမ်းပေါ်မြန်မြန်ခေါ်လာကြစမ်း!
အားလုံးကြက်သေသေနေကြစဉ် လုကျန်းယွီ၏ အသံကြောင့် အသိစိတ်ပြန်ကပ်သွားကြပါသည်။
စူစူလေးလက်ထဲက ပစ္စည်းကို အာရုံမစိုက်တော့ဘဲ စူစူလေးကို ကမ်းပေါ် ပြန်တင်ပေးဖို့သာ ကြိုးစားကြသည်။
အိမ်တော်ထိန်းကျန်းက ကုန်းပေါ် အရင်တက်လိုက်ပြီး ဘော်ဒီဂတ်တွေ ပင့်တင်ပေးထားသည့် စူစူလေးကို ပွေ့ချီလိုက်သည်။
ကုန်းပေါ်ရောက်တာနဲ့တစ်ပြိုင်နက် အဘိုးချင်းနဲ့ အဘွားချင်းက စူစူလေးကို ပြေးဖက်လိုက်ကြပါသည်။
“လူဆိုးမလေး! ဘာလို့ ဒီလောက် အန္တရာယ်များပြီး ကြောက်စရာကောင်းတာမျို လုပ်ရတာလဲ။ မေမေ့ကို လန့်ပြီး သေသွားစေချင်လို့လား!”။ အဘွားချင်း ကြောက်ရွံ့လွန်းသဖြင့် မျက်ရည်များကျလာပါသည်။
“သမီးတောင်းပန်ပါတယ် မေမေ!”။ စူစူလေးလည်း အမြန်တောင်းပန်လိုက်ပြီး အဘွားချင်း၏ မျက်ရည်များကို သုတ်ပေးလိုက်ပါသည်။
“လူဆိုးမလေး! လူဆိုးမလေး!”။ အဘိုးချင်းကလည်း စူစူလေးကို ဆူလိုက်ပြီး သူ့မိန်းမကို မျက်ရည်တွေ သုတ်ပေးနေပါသည်။ သို့သော် သူ့မျက်လုံးတွေကလည်း သိသိသာသာ စိုစွတ်နေလေသည်။
“သမီးတောင်းပန်ပါတယ် ဖေဖေနဲ့ မေမေ။ ဒါပေမယ့် သမီးက အရမ်းတော်ပြီးသားလေ! သမီး ဘာမှမဖြစ်မှန်းသိလို့ အဲ့အောက်ကို ဆင်းသွားတာပါ”။ စူစူလေးက ရှင်းပြလိုက်ပါသည်။
သူမ မိဘတွေကို စိတ်မပူစေချင်တာကြောင့် ဘာမှမပြောဘဲ ဆင်းသွားခဲ့ခြင်းဖြစ်သည်။ သို့သော် သူမ မိဘတွေကို ပိုစိတ်ပူအောင် လုပ်မိသွားပါသည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့ကို စူစူလေး အချိန်အကြာကြီး ပြန်ချော့ခဲ့ရသည်။
“နောက်တစ်ခါ ဒီလို ထပ်မလုပ်နဲ့နော်!”။ အဘွားချင်းက တည်တည်တံ့တံ့ သတိပေးလိုက်ပါသည်။
“အွန်းပါ။ နောက်တစ်ခါဆို မေမေ့ကို အရင်ခွင့်တောင်းမယ်။ မေမေသဘောတူမှ သွားမယ်!”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။
“ဒီလိုမှပေါ့”
ထိုအခါမှ စူစူလေးကို အဘွားချင်း လွှတ်ပေးလိုက်ပါသည်။
ထို့နောက် စူစူလေးက လုကျန်းယွီထံ ပျော်ရွှင်စွာ ပြေးသွားလေသည်။
… … …
အခန်း(၈၅၇) ပင်လယ်ဂါနိုဒါးမားကို ရှာတွေ့ပြီ (၄)
“ကိုကြီး ဒီမှာကြည့်! သမီးရှာတွေ့မှာပါလို့ ပြောသားပဲ!”။ စူစူလေးက ဂုဏ်ယူဝံ့ကြွားသော မျက်နှာလေးဖြင့် ပြောလိုက်ပါသည်။
သူမက ဆေးပင်ရှာဖွေသည့်နေရာမှာ အလွန်တော်သည်။ ပုံလေးတစ်ပုံ ပြလိုက်ရုံနဲ့ သို့မဟုတ် အနံ့လေးတစ်ခု ရရုံနဲ့ တွေ့အောင် ရှာနိုင်ပါသည်။
လုကျန်းယွီက စူစူလေး၏ ရေစိုနေသော မျက်နှာလေးကို ကြည့်လိုက်သည်။ သူမ ဆံပင်ပေါ်မှ ရေစက်တွေ ကျနေဆဲ ဖြစ်ပြီး လရောင်အောက်မှာ သူမရဲ့ အပြုံးက တောက်ပနေပါသည်။
အခုချိန်မှာ လက်ထဲက ပင်လယ်ဂါနိုးဒါးမားထက် သူမက ပိုလှပနေပါသည်။
လုကျန်းယွီက ဘာမှပြန်မပြောသဖြင့် စူစူလေးက ပင်လယ်ဂါနိုဒါးမားကို အိမ်တော်ထိန်းကျန်းလက်ထဲ ထည့်ပေးလိုက်ပါသည်။
“ဦးလေးကျန်း ခဏကိုင်ထား”
“ဟုတ်ပြီ ဟုတ်ပြီ”။ အိမ်တော်ထိန်းကျန်းလည်း ပင်လယ်ဂါနိုဒါးမားကို ရတနာတစ်ခုလို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပါသည်။
လုကျန်းယွီက သူ့တီရှပ်ကို ချွတ်လိုက်ပြီး စူစူလေး ခေါင်းပေါ်မှ ပင်လယ်ရေများကို သုတ်ပေးလိုက်ပါသည်။
“ကိုကြီး သမီးမချမ်းပါဘူး”
ဒီပင်လယ်ပြင်က နွေးသည်။
“မျက်နှာပေါ်က ဆားတွေကို စင်အောင်မသုတ်ရင် နေရခက်လိမ့်မယ်”။ လုကျန်းယွီ ရှင်းပြလိုက်လေသည်။
“ကိုကြီး နောက်တစ်ခါဆို မတ်တပ်ရပ်ပြီး သမီးကို ရေသုတ်ပေး!”။ စူစူလေး အပြုံးကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
လုကျန်းယွီ ခေတ္တရပ်တန့်သွားပြီး ခေါင်းငြိမ့်လိုက်ပါသည်။ “ဟုတ်ပါပြီ”
စူစူလေးက ပင်လယ်ဂါနိုးဒါးမားကို ရှာတွေ့ခဲ့သည်ဆိုတာကို သခင်ကြီးလု လက်မခံနိုင်ဖြစ်နေလေသည်။
ရှာတွေ့သွားပြီဟုတ်လား…။
ဒီလောက်မြန်တာလား။
စူစူလေး ပင်လယ်ထဲ ခုန်ချသွားတာ ကြောက်ဖို့ကောင်းသော်လည်း ပျော်ရွှင်စရာက ချက်ချင်း ရောက်လာခဲ့သည်။
ဟိုတယ်ကို ပြန်ရောက်သောအခါ သခင်ကြီးလု စိတ်တည်ငြိမ်သွားပြီဖြစ်ကာ အဘိုးချင်းတို့နဲ့ သေချာ ဆွေးနွေးခဲ့သည်။
ထို့နောက် ဟွာချန့်မြို့သို့ ပင်လယ်ဂါနိုးဒါးမား ပြန်ယူသွားရန် အိမ်တော်ထိန်းကျန်းအား တာဝန်ပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။
ပထမတစ်ချက်က ပင်လယ်ဂါနိုးဒါးမား တကယ်ဟုတ်မဟုတ် ဆရာကြီးရှုယီကို စစ်ဆေးခိုင်းဖို့ ဖြစ်ပြီး ဒုတိယ တစ်ချက်ကတော့ ဆေးပင် လတ်ဆတ်နေတုန်း ဆေးအမြန်ဖော်ဆပ်ဖို့ဖြစ်သည်။ ဒါမှ အာနိသင် အကောင်းဆုံး ရှိမှာ ဖြစ်ပါသည်။
သူတို့ကတော့ မူလ အစီအစဉ်အတိုင်းပဲ နောက်ထပ် ၂ ရက်လောက် ဆက်လက် နေထိုင်ပါဦးမည်။
ဒီအထိတောင်ရောက်လာပြီဖြစ်သဖြင့် ခရီးသိပ်မထွက်ရသည့် ကလေးနှစ်ယောက်ကို အပြည့်အဝ ပျော်ခွင့် ပေးလိုက်ပါမည်။
ဘယ်လိုပဲဖြစ်ဖြစ် ဆေးကုသမှုအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ပါ။
--- --- ---
နောက်တစ်နေ့မနက်စောစော ဆူညံသံတွေကြောင့် စူစူလေး အိပ်ရာနိုးလာခဲ့သည်။
အဘိုးချင်းတို့နဲ့အတူ စူစူလေး ဟိုတယ်ဝင်ပေါက်အထိ ဆင်းလာခဲ့သည်။ Blue Dream ဟိုတယ်ဘေးမှာ တစ်ခုခုဖြစ်နေပြီး လူတွေ ရုတ်ရုတ်သဲသဲဖြစ်နေသည်ဟု သတင်းကြားမိသည်။
အစက အဘိုးချင်းတို့ ဝင်ပါဖို့ စိတ်ကူးမရှိခဲ့သော်လည်း ထိုလူအုပ်ကြီးရဲ့အလယ်ကလူမှာ တခြားသူမဟုတ်ဘဲ ချူးယန်ရှီ ဖြစ်နေတာကို မြင်လိုက်ရပါသည်။
ချူးယန်ရှီက တစ်ကိုယ်လုံး ဖြူဖပ်နေသည်။ လူကြီးတွေက သူမကို ဝိုင်းဝန်းနှစ်သိမ့်ပေးနေကြပါသည်။
အလွန်အေးကာ ဗိုက်ဆာနေမည် စိုးသဖြင့် သူမကို အနွေးထည်တွေ၊ အစားအသောက်တွေ ပေးနေကြသည်။
“သနားစရာလေးပါလား။ တော်တော်ကြောက်နေရှာမှာ”
“မိသားစုဝင်တွေကို ဆက်သွယ်ပြီးကြပြီလား”
“သူ့မိဘတွေ ကွာရှင်းထားကြတာတဲ့။ သူ့အဖေနဲ့ အတူနေနေတာ။ အခု သူ့အဖေကလည်း မရှိတော့ဘူး၊ သူ့အမေကိုလည်း ဆက်သွယ်လို့ မရဘူးဆိုတော့…”
“စိတ်မကောင်းစရာပဲ”
“…”
ဘေးကလူတွေအားလုံး ဂရုဏာသက်သွားကြသည်။
သူတို့စကားများကြောင့် အဘိုးချင်းနဲ့ အဘွားချင်း တုန်လှုပ်သွားပါသည်။
အဲ့တာဆို… ချူးဟမ့် သေသွားပြီလား။
ဘာတွေဖြစ်သွားတာလဲ။
ဘာမှမပြောဘဲ ခေါင်းငိုက်ကျနေသည့် ချူးယန်ရှီတစ်ယောက် စူစူလေးကို ရုတ်တရက် မြင်သွားသည်။
ချက်ချင်း မတ်တပ်ထရပ်ကာ အမြန်ပြေးလာပြီး စူစူလေး၏ အင်္ကျီကော်လံကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပါသည်။
“ချင်းစူစူ! အားလုံး နင့်ကြောင့်ဖြစ်ရတာ! နင့်အပြစ်ပဲ!”
ချူးယန်ရှီ၏ မျက်လုံးများ နီရဲနေပါသည်။
“နင်ဘာတွေပြောနေတာလဲ”။ စူစူလေး ဇဝေဇဝါဖြစ်စွာ ပြန်မေးလိုက်ပါသည်။
သူမ နားမလည်ပါ။
“ငါ့အဖေ သေသွားပြီ! နင်သတ်လိုက်တာ! ငါ့အဖေကို နင်သတ်လိုက်တာ!”။ ချူးယန်ရှီ ဘာကိုမှ မစဉ်းစားတော့ဘဲ သူမ အဖေသေဆုံးရသည့် အဖြစ်ကို စူစူလေးအပေါ် အပြစ်ပုံချလိုက်လေသည်။
… … …
အခန်း(၈၅၈) လွဲမှားနေတဲ့ ဒေါသ (၁)
“နင့်အဖေသေတာ ငါနဲ့ဘာဆိုင်လို့လဲ။ နင့်အဖေကို ငါရိုက်သတ်တာမှ မဟုတ်တာ”။ စူစူလေး နားမလည်နိုင်သေးဘဲ ထပ်မေးလိုက်ပါသည်။
ဟူး…
သူ့ကို ရိုက်နှက်ဖို့တော့ စိတ်ကူးဖူးပါသည်။ သို့သော် လူဆိုးတွေနဲ့ ရင်ဆိုင်ရသည့်အခါ သေအောင် ရိုက်စရာမလိုဘဲ ဒီအတိုင်း လွင့်ထွက်သွားအောင် လုပ်နိုင်လျှင် ရပြီဟု ဖေဖေနဲ့ မေမေက မှာထားသည်။
ဖေဖေနဲ့ မေမေပြောတာ အဓိပ္ပာယ်ရှိသည်ဟု စူစူလေးထင်ပါသည်။
သူမ သဘောမကျသည့်လူတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် လုပ်စရာမလိုပေ။ သူမ မိသားစုကိုလည်း ဒုက္ခပေးလို့မဖြစ်ပါ။
“နင်သတ်လိုက်တာ! နင့်ကြောင့်ဖြစ်ရတာ! နင့်ကြောင့်သာ မဟုတ်ရင် မနေ့ညက ငါတို့ အဲ့ဒီနေရာကို ငါတို့ သွားခဲ့မှာ မဟုတ်ဘူး!”။ စူစူလေးကို ချူးယန်ရှီ အော်ဟစ် အပြစ်တင်လိုက်လေသည်။
ချူးယန်ရှီ၏ စကားကြောင့် အားလုံး ကြောင်စီစီဖြစ်သွားကြလေသည်။
ဧကန္တ ဒီကလေးမလေး အဖေ သေတဲ့ကိစ္စက ဟိုကောင်မလေးနဲ့ ပတ်သတ်နေတာလား။
လူအုပ်ကြီးရဲ့ လက်ညှိုးများကို သတိထားမိပြီး အဘွားချင်းက သိမ်သိမ်မွေ့မွေ့ ဝင်ပြောလိုက်ပါသည်။
“သမီးချူးယန်ရှီ၊ သမီးအဖေ ဆုံးသွားတာ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ကိုယ့်ဝမ်းနည်းမှုကို သူများတွေအပေါ် ပုံမချသင့်ဘူး။ ဒေါ်လေးတို့ရဲ့ သမီးက မနေ့တစ်နေ့လုံး ဒေါ်လေးတို့နဲ့အတူတူ ရှိနေတာ။ သမီးကိုလည်း ဒေါ်လေးတို့ တစ်ခါပဲ မြင်လိုက်ရတာ။ စကားတောင် မပြောခဲ့ကြဘူး။ သမီးအဖေ ဆုံးသွားတဲ့ ကိစ္စမှာ စူစူလေး ဘယ်လို အပြစ်ရှိနေတာလဲ”
လူတွေအများကြီးရဲ့ရှေ့မှာ အခြေအနေကို သေချာပေါက် ရှင်းလင်းသင့်သည်ဟု အဘွားချင်း ထင်ပါသည်။ တခြားသူတွေ နားလည်မှုလွဲသွားလို့ လုံးဝ မဖြစ်ပါ။
ချူးယန်ရှီ စကားနင်သွားပြီး ဘာမှ မပြောနိုင်တော့ပါ။
အဘွားချင်း သက်ပြင်းချကာ ပြောလိုက်ပါသည်။ “ချူးယန်ရှီ၊ ဒီလိုအချိန်မျိုးမှာ သမီးကို ဒီလိုစကားတွေ မပြောသင့်ဘူး။ ဒါပေမယ့် ဒေါ်လေးရဲ့ သမီးကိုလည်း မဟုတ်မမှန် စွပ်စွဲခွင့် မပြုနိုင်ဘူး”
ဘာမှ မတုန့်ပြန်နိုင်တော့သဖြင့် ချူးယန်ရှီ မျက်ရည်များ စီးကျလာသည်။
“သမီးအဖေ မရှိတော့ဘူး… သမီး မိဘမဲ့ဖြစ်သွားပြီး… အကုန်ုလုံး သမီးကို အနိုင်ကျင့်နေကြတယ်… သမီးကို အနိုင်ကျင့်နေကြတယ်…”
ချူးယန်ရှီ ငိုနေတာကို မြင်သောအခါ သူစိမ်းတွေအားလုံး သနားသွားကြပါသည်။
တချို့က ချူးယန်ရှီကို ဝိုင်းချော့လိုက်ကြပြီး တချို့ကတော့ အဘွားချင်းကို ရန်တွေ့ကြလေသည်။
“အဘွားကြီး စကားကို ချိုချိုသာသာ ပြောလို့ မရဘူးလား။ ကလေးလေးတစ်ယောက် အဖေကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေတာ ပုံမှန်ပဲ မဟုတ်ဘူးလား။ သူ့ကို အဲ့လိုစကားတွေပြောနေတာ ရက်စက်ရာ မကျဘူးလား”
“အမှန်ပဲ။ သူများကို ဆုံးမချင်လည်း အချိန်နဲ့ အရိပ်အကဲလေးဘာလေး ကြည့်တတ်မှပေါ့။ ဒီလောက် ငယ်တဲ့ ကလေးလေးကို ဘာလို့ အဲ့လိုစကားတွေ ပြောနေရတာလဲ”
အဘွားချင်းကလည်း သည်းခံမနေဘဲ ပြန်ချေပလိုက်သည်။ “သူဝမ်းနည်းနာကျင်နေတာကို ငါကိုယ်ချင်းစာပေးလို့ ရတယ်။ အကူအညီတောင် ပေးနိုင်တယ်။ ဒါပေမယ့် ငါ့သမီးကို မဟုတ်တာ လာပြောတာကိုတော့ ငါငြိမ်ခံနေမှာ မဟုတ်ဘူး။ ငါ့အတွက် ငါ့မိသားစုက ပထမပဲ!”
အဘိုးချင်းကလည်း သူ့မိန်းမကို အပြည့်အဝ ထောက်ခံပါသည်။ “မင်းတို့တွေ အရမ်းတတ်သိနေသလို ဝင်မပြောကြစမ်းပါနဲ့။ ငါတို့ သမီးလေးက ဘာလို့အပြစ်ရှိရမှာလဲ”
သူစိမ်းတွေက ချူးယန်ရှီဘက်မှ ဆက်ပြီး ကာပြောပေးနေကြသည်။
“အခုချိန်မှာ မှန်တာ မှားတာ အရေးကြီးလို့လား။ ဒီကလေးမလေး ဝမ်းနည်းလွန်းလို့ စိတ်ထင်ရာ လျှောက်ပြောမိတာလေ။ ဒီတိုင်း ခဏလောက် လွှတ်ထားပေးလိုက်တော့ ခင်ဗျားတို့ ဘာဆုံးရှုံးသွားမှာမို့လို့လဲ”
“ဟုတ်တယ်! အသက်ကြီးပြီး သဘောထားသေးသိမ်လိုက်တာ! ကလေးတစ်ယောက်နဲ့တောင် ရန်ဖက်ဖြစ်ရတယ်လို့!”
ချူးယန်ရှီက ငိုသာငိုနေပြီး ဘာမှ ဝင်မပြောခဲ့ပါ။ သူစိမ်းတွေကသာ သူမကိုယ်စား အဘိုးချင်းတို့ကို တိုက်ခိုက်နေကြသည်။
စူစူလေး သည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ပြောလိုက်ပါသည်။ “စကားမများနဲ့တော့! ငါ့မေမေကို အနိုင်မကျင့်ကြနဲ့နော်! ငါ့မေမေကို အနိုင်ကျင့်ရင် အကုန်လုံးကို ရိုက်ပစ်မယ်!”
… … …
အခန်း(၈၅၉) လွဲမှားနေတဲ့ ဒေါသ (၂)
စူစူလေးအသံက ကလေးဆန်သော်လည်း သူမရဲ့ အရှိန်အဝါက မသေးပါ။ ထိုအော်သံကြောင့် လူအုပ်ကြီး တစ်ခုလုံး တိတ်ဆိတ်သွားကြသည်။
ထို့နောက် ငိုကြွေးနေသည့် ချူးယန်ရှီကို လက်ညှိုးထိုးကာ စူစူလေးပြောလိုက်သည်။ “နင့်အဖေသေတာ နင့်ဖာသာနင် ငိုလို့ရတယ်။ ဒါမယ့် ငါနဲ့ ဘာမှမဆိုင်ဘူး။ နင်ကလဲ့စားချေချင်ရင် ကလဲ့စားချေသင့်တဲ့လူကိုပဲ သွားရှာလေ!”
ထို့နောက် သူစိမ်းတွေကိုလည်း လက်ညှိုးထိုးကာ စူစူလေး ပြောလိုက်သည်။ “နင်တို့ သူ့ကို နှစ်သိမ့်ပေးချင်တာ နင်တို့အလုပ်ပဲ။ ငါ့ဖေဖေနဲ့ မေမေတို့နဲ့ ဘာမှ မဆိုင်ဘူး။ ငါနဲ့လည်း ဘာမှမဆိုင်ဘူး! ငါတို့ကို အနိုင်မကျင့်နဲ့!”
ထို့နောက် အဘိုးချင်းနဲ့ အဘွားချင်းတို့၏ လက်ကို ဆွဲကာ စူစူလေး ပြောလိုက်သည်။ “သွားကြစို့ ဖေဖေနဲ့ မေမေ။ သူတို့ကို အာရုံစိုက်မနေနဲ့!”
စူစူလေး၏ ပြတ်သားသည့် လုပ်ရပ်ကြောင့် အားလုံး ကြက်သေသေသွားကြသည်။ သူတို့ အသိစိတ်ပြန်ကပ်ချိန်မှာတော့ ချင်းမိသားစုဝင်များက အဝေးကို ရောက်သွားကြပါပြီ။
စူစူလေး ထွက်သွားသည့်ဘက်ကို ချူးယန်ရှီ မော့ကြည့်လိုက်ရာ ဝှီးချဲနဲ့ လုကျန်းယွီကို မြင်လိုက်ရပါသည်။
အခုချိန်မှာ ချူးယန်ရှီ သည်းမခံနိုင်တော့ပါ။
သူမ ကျရှုံးသွားချိန် ချင်းစူစူကတော့ အောင်မြင်သွားပြီ!
သူမက ကျရှုံးခဲ့တဲ့အပြင် အဖေဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရတယ်!
ဘာလို့လဲ… ကောင်းကင်ဘုံက ဘာလို့ သူမကို ဒီလို ဒဏ်ခတ်ရတာလဲ
သူမကို ဒုတိယအခွင့်အရေး ပေးခဲ့ပေမယ့် ချင်းစူစူကိုပါ ဖန်ဆင်းခဲ့ပြီး သူမ ပိုင်ဆိုင်တဲ့ အရာတွေကို လုယူသွားစေခဲ့တယ်!
ချူးဟမ့် သေသွားသည့်အကြောင်းကို စူစူလေးထံမှ လုကျန်းယွီ ကြားသိခဲ့သည်။
ထိုစဉ် သွားစုံစမ်းသည့်လူတွေလည်း ပြန်ရောက်လာကြပြီး မနေ့ညက ချူးသားအဖတို့ ညကြီးမင်းကြီး ပင်လယ်ထဲ ထွက်သွားကာ လှေမှောက်ပြီး ချူးဟမ့် ရေနစ်သေဆုံးသွားခဲ့ကြောင်း အသေးစိတ် ပြန်ပြောပြခဲ့ပါသည်။
ထိုအခါမှ မနေ့ညက သူတို့ မြင်ခဲ့ရသည့် မီးအလင်းရောင်တွေက ချူးသားအဖကို ကယ်တယ်ဖို့ ရှာဖွေနေကြသည့် ကယ်ဆယ်ရေးလှေမီးရောင်တွေဖြစ်မှန်း အားလုံး သိခဲ့ရလေသည်။
--- --- ---
အိမ်တော်ထိန်းကျန်းက ပင်လယ်ဂါနိုဒါးမားနဲ့အတူ လုအိမ်တော်သို့ ပြန်ရောက်လာခဲ့ပါသည်။
ထို့နောက် ဆရာကြီးရှုယီကို အမြန်ပင့်လိုက်သည်
ဆရာကြီးရှုယီက ပင်လယ်ဂါနိုဒါးမားအား တစ်ချက်သာ ကြည့်လိုက်ပြီး သိပ်ကျေနပ်ပုံ မရဘဲ ပြောလိုက်သည်။ “မင်းတို့ သခင်လေး ကံကောင်းသွားတယ်မှတ်”
“ဆရာကြီးရှုယီရဲ့ ထူးချွန်တဲ့ ဆေးပညာစွမ်းရည်တွေကြောင့်ပါ”။ အိမ်တော်ထိန်းကျန်း အမြန်ပြောလိုက်ပါသည်။
“ဟင်း ငါ့ဆေးပညာစွမ်းရည်က ထူးချွန်ပေမယ့် မင်းတို့သခင်လေးအခြေအနေက စူစူလေးအပေါ်မှာပဲ မူတည်နေတာ”။
“ဟုတ်ပါတယ် ဟုတ်ပါတယ်။ သခင်မလေးစူစူရဲ့ ကျေးဇူးကြောင့်ပါ!”။ အိမ်တော်ထိန်းကျန်း အပြုံးမပျက်ဘဲ စကားပြန်ပြင်လိုက်ပါသည်။
သခင်မလေးစူစူကြောင့်ပဲဖြစ်ဖြစ် ဆရာကြီးရှုယီကြောင့်ပဲဖြစ်ဖြစ် အဆုံးသတ်ရလဒ်တွေက ကောင်းမွန်ပြီးသားဖြစ်သည်။
“ကဲကဲ၊ ဆေးပင်ကို လုပ်စရာရှိတာ အမြန်သွားလုပ်၊ ပြီးရင် ငါရေးပေးထားတဲ့ အညွှန်းထဲက တခြား ဆေးပစ္စည်းတွေကိုပါ ရအောင်ရှာ။ အဲ့တာတွေ ပြီးမှ ဆေးကို ငါစဖော်နိုင်မှာ။ ပင်လယ်ဂါနိုးဒါးမားကို နောက်ဆုံးမှ ထည့်ရမှာနော် နားလည်လား။ အဲ့တာ မှားလို့ မရဘူး မှားသွားရင် အကုန် သဲထဲရေသွန်ဖြစ်သွားမယ်”။ ဆရာကြီးရှုယီက လက်နောက်ပစ်လျက် အမိန့် ပေးလိုက်ပါသည်။
အကုန်လုံးကို သူကိုယ်တိုင်လိုက်လုပ်ပေးမှာ မဟုတ်ပါ။
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ အခုချက်ချင်း သွားလုပ်လိုက်ပါမယ်!”
အိမ်တော်ထိန်းကျန်းက ပင်လယ်ဂါနိုးဒါးမားကို ယူပြီး ခပ်မြန်မြန်ထွက်သွားပါပြီ။ ဒီဆေးပင်က အလွန်တန်ဖိုးရှိသဖြင့် တခြားဘယ်သူ့ကိုမှ အိမ်တော်ထိန်းကျန်း မခိုင်းရဲပါ။
သူ့ကို လာကူညီဖို့ လင်းယုရှန်းတစ်ယောက်တည်းကိုသာ ခွင့်ပြုပေးခဲ့သည်။ ဘာမှအမှားအယွင်းမရှိလျှင် သူတို့ကိုယ်တိုင် ပင်ပန်းရမည်ဆိုလည်း ကိစ္စမရှိပါ။
ပင်လယ်ဂါနိုးဒါးမား၏ ညှာတံကို ၉ ပိုင်းပိုင်းပြီး ၃ ရက်ဆက်တိုက် အပူပျော့ပျော့ ပေးရမည်။ ထိုအခါ မွှေးပျံ့သည့် ဆေးရည် ၃ ခွက် ရလာပါလိမ့်မည်။
ပုံမှန်ဆို တရုတ်တိုင်းရင်းဆေးတွေက အနံ့ရတာနဲ့ အန်ချင်ရလောက်အောင် ခါးသက်သော်လည်း ဒီဆေးရည်ကတော့ သစ်သီးတစ်ခုလိုမျိုး မွှေးရနံ့ သင်းပျံ့နေပါသည်။
တတိယမြောက်နေ့ကို ရောက်တော့ လုကျန်းယွီနဲ့ စူစူလေးတို့လည်း ပြန်ရောက်လာပြီဖြစ်သည်။
ပြန်ရောက်လာတာနဲ့တစ်ပြိုင်နက် လုကျန်းယွီက ဆေးရည်ကို အမြန်သွားသောက်ပြီး အပ်စိုက်ကုသမှု ခံယူခဲ့ပါသည်။
စူစူလေးကတော့ အဘိုးချင်းတို့နဲ့အတူ ချင်းအိမ်တော်ထံ ပြန်လာခဲ့သည်။
အိမ်နဲ့ ၃ ရက်ခန့် ဝေးကွာပြီးနောက် အိမ်ထဲဝင်လိုက်တာနဲ့တစ်ပြိုင်နက် အစ်ကိုတွေ၊ တူတွေက ဝိုင်းချုပ်ကာ အာဘွားတွေ ဝိုင်းပေးလိုက်ကြလေသည်။
စူစူလေး မျော့မျော့ပဲ ကျန်တော့သည်အထိ အနမ်းခံလိုက်ရပါသည်။
… … …
အခန်း(၈၆၀) ဟွာချန့်မြို့သို့ ချင်းယုမူ ရောက်ရှိလာခြင်း
ဟွာချန့်မြို့သို့ လေယာဉ်စီးကာ ချင်းယုမူတစ်ယောက်တည်း ရောက်လာသည်။
သူ့ခရီးဆောင်အိတ်ကို ဆွဲရင်း ချင်းအိမ်တော် ခြံရှေ့မှာ မတ်တပ်ရပ်လျက် အသက်ဝဝ ရှူလိုက်ပါသည်။
ဒီကိုလာတာက အဘိုးအဘွားတွေဆီ လာလည်တာသာဖြစ်ပြီး ချင်းစူစူနဲ့ ဘာမှ မသက်ဆိုင်ဘူးဟု စိတ်ထဲမှ တဖွဖွ ရေရွတ်နေပါသည်။
ဟုတ်တယ်၊ အဲ့တာကြောင့် လာခဲ့တာ…။
ခြံထဲဝင်လိုက်တာနဲ့တစ်ပြိုင်နက် သူ့ဆီပြေးလာသည့် မဲလုံးကြီးကြောင့် ချင်းယုမူ ထိတ်လန့်သွားသည်။
ထိုဧရာမခွေးကြီးက သူနဲ့ ၃ စင်တီမီတာလောက်အကွာမှာ ရပ်နေပြီး သူ့ကို အသေချာ အကဲခတ်နေပုံရသည်။
ချင်းယုမူက ကိုယ့်ကိုယ်ကိုယ် သတ္တိရှိသူဟု ခံယူထားသော်လည်း ဒီလိုအခြေအနေမှာတော့ လှုပ်တောင် မလှုပ်ရဲတော့ပါ။
ဘာလုပ်ရမလဲ…
ဒီလို အခြေအနေမျိုးမှာ ဘယ်လိုတုန့်ပြန်ရမလဲ…
တောရိုင်းတိရိစ္ဆာန်တစ်ကောင်နဲ့ ရင်ဆိုင်ရပါက ဆောင်ရွက်သင့်သည့် နည်းလမ်းများကို ချင်းယုမူ ပြန်စဉ်းစားလိုက်သည်။
သေချင်ယောင် ဆောင်ရမလား၊ လှည့်ပြေးရမလား၊ ဒီခွေးကြီးထက် ပိုကြမ်းချင်ယောင် ဆောင်လိုက်ရမလား။
“မဲလုံးကြီး လျှောက်ပေးမနေနဲ့”။ ချိုချိုမြိန်မြိန် အသံလေးတစ်ခုက မဲလုံးကြီးကို အချိန်မှီ လှမ်းခေါ်လိုက်ပါသည်။
အသံလာရာဘက်ကို ချင်းယုမူ လှမ်းကြည့်လိုက်ရာ မတွေ့ရတာ ကြာပြီဖြစ်သော စူစူလေးကို တွေ့လိုက်ရလေသည်။
သူမရဲ့ နူးညံ့ပျော့ပြောင်းသော မျက်နှာလေးက အလွန်ချစ်ဖို့ကောင်းပါသည်။
သူမ ဝတ်နေကျ အိမ်နေရင်း အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဆံပင်လေးကိုလည်း စည်းထားသေးသည်။
နေရောင်ခြည်က သူမ မျက်နှာလေးပေါ် ဖြာချနေပြီး အလွန်တက်ကြွသည့် ပုံစံလေး ဖြစ်နေပါသည်။
ချင်းယုမူကို မြင်သောအခါ စူစူလေး အနည်းငယ် အတူတူဖြစ်သွားသော်လည်း ခပ်မြန်မြန်ပဲ မဲလုံးကြီးကိုခေါ်လျက် လှည့်ထွက်သွားလေသည်။
သူ့ကို မသိချင်ယောင် ဆောင်သွားတာလား…။
လျစ်လျူရှုခံလိုက်ရမှန်း သဘောပေါက်သွားသောအခါ ချင်းယုမူ အနောက်မှ ပြေးလိုက်လေသည်။
“ငါ့ကို ခဏစောင့်ဦး!”။ စူစူလေး အနောက်ကို ချင်းယုမူ ပြေးလိုက်သွားလေသည်။
သို့သော် မဲလုံးကြီးရှိနေသဖြင့် ချင်းယုမူ အရမ်းကြီးတော့ အနားမကပ်ရဲပေ။
“ဘာလိုချင်လို့လဲ”။ စူစူလေး ခြေလှမ်းများ ရပ်တန့်ကာ ပြန်လှည့်မေးလိုက်ပါသည်။
“ငါ… ငါပေကျင်းက လာလည်တာလေ။ ငါ့ကို တွေ့တာ ပြောစရာ ဘာမှမရှိဘူးလား”။ ချင်းယုမူ မေးလိုက်သည်။
“မရှိပါဘူး”။ စူစူလေးက တွန့်ဆုတ်မှု မရှိဘဲ ပြန်ဖြေလိုက်လေသည်။
သူမက ဘာပြောရမှာလဲ။ ဘာမှ ပြောစရာမှ မရှိတာ!
ဒါသူ့အိမ်ပဲလေ။ လာချင်ရင် လာလို့ရတာပဲ။ သူမကို အသိပေးစရာမှ မလိုတာ။
သူ့ကို သိပ်သဘောမကျသော်လည်း မုန်းတော့ မမုန်းပါ။ သူက မိသားစုဝင်ဖြစ်နေတာကြောင့် သဘောမကျရင်တောင် ရိုက်နှက်လိုက်လို့ မရပါ။
မသိချင်ယောင် ဆောင်လိုက်တာ အကောင်းဆုံးဖြစ်သည်။
“နင်… ဘာလို့ အဲ့လိုလုပ်ရတာလဲ”။ ချင်းယုမူ နာကျင်သွားသည်။
ဘာလို့ အဲ့လောက်ပြတ်ပြတ်သားသား ငြင်းနိုင်ရတာလဲ။
“ဘာကို ဘယ်လိုလုပ်တာလဲ”။ စူစူလေး ပြန်မေးလိုက်သည်။
ထူးဆန်းလိုက်တာ။ သူမ ဘာလုပ်မိလို့လဲ။
စူစူလေး သေချာစဉ်းစားကြည့်လိုက်ပြီး မစဉ်းစားတော့ဖို့သာ ဆုံးဖြတ်လိုက်သည်။ အစ်ကိုလတ်နဲ့ ယောက်မတို့ရဲ့ သားက အမြဲတမ်း ထူးဆန်းပါသည်။
သူနဲ့ အချိန်မဖြုန်းချင်တော့ပါ။
ချင်းယုမူ စကားပြောမှာကို စောင့်မနေတော့ဘဲ စူစူလေးက မဲလုံးကြီးကိုခေါ်လျက် ဆက်လျှောက်သွားပါသည်။
ချင်းယုမူ ရင်ထဲ ဆို့နင့်သွားသည်။
ဒီလောက်အဝေးကြီးကို ခရီးနှင်လာခဲ့ပြီး အိမ်ထဲတောင် မဝင်ရသေးဘဲ ရေခဲရေနဲ့ အပက်ခံလိုက်ရသည်။
တစ်ယောက်တည်း ခရီးဆောင်အိတ်ကို ဆွဲလျက် အိမ်ထဲဝင်လာသောအခါ စူစူလေး၊ ဟွော်ထျင်းနဲ့ အိမ်မွေး တိရိစ္ဆာန် ၂ ကောင်ကိုသာ ဧည့်ခန်းထဲမှာ တွေ့ပါသည်။
“အဘိုးနဲ့ အဘွားကော” ချင်းယုမူ မေးလိုက်သည်။
“အလုပ်များနေတယ်”။ စူစူလေး တိုတိုတုတ်တုတ် ပြန်ဖြေလိုက်ပါသည်။
“အဲ့တာဆို ငါ့ဦးလေးနဲ့ ဒေါ်လေးကော”။
“အလုပ်များနေတယ်”
“ငါ့ဝမ်းကွဲအစ်ကိုတွေကော”
“အလုပ်များနေတယ်”
“အကုန်လုံး အလုပ်များနေကြတာလား။ ငါ့ကို လာလိမ်နေတာလား”။ သူ့ကို ချင်းစူစူ ရန်စနေသည်ဟု ချင်းယုမူ သံသယဝင်မိပါသည်။
“ငါက နင့်ကို ဘာလို့ လိမ်ရမှာလဲ။ နင့်ကိုလိမ်တော့ ဘာရမှာလဲ”။ စူစူလေး ပွစိပွစိပြောလိုက်ပါသည်။
“အဲ့တာဆို နင်ကော အလုပ်များနေတာလား” ချင်းယုမူ ထပ်မေးလိုက်သည်။
“အလုပ်တော့ မများပါဘူး။ ဒါပေမယ့် နင့်ကို စကားမပြောချင်ဘူး”။ စူစူလေးက အပွင့်လင်းဆုံးနဲ့ အထိရောက်ဆုံး ပြန်ဖြေလိုက်လေသည်။
… … …