← Chapters

အခန်း (၈၆၁-၈၆၅)

Vol. 35 Ch. 861-865

အခန်း (၈၆၁-၈၆၅)

Vol. 35 Ch. 861-865

အခန်း(၈၆၁) မူမူလေးက ခေါင်းမာလိုက်တာ (၁)

သူမ အလုပ်များနေတယ်လို့ပဲ ပြောလိုက်ပါတော့လား။

စူစူလေးကြောင့် ချင်းယုမူ ဒေါသ ထပ်ထွက်သွားသည်။

ဒီကလေးမလေးက ချစ်ဖို့ကောင်းပြီး နူးညံ့သော်လည်း ပါးစပ်ဟလိုက်တိုင်း သူ့ကို ဒေါသထွက်အောင် လုပ်နိုင်စွမ်း ရှိသည်။

“တခြားမေးစရာရှိသေးလား”။ ချင်းယုမူကို စူစူလေး မေးလိုက်သည်။

မေးစရာမရှိတောာ့လျှင် ရေချိုးဖို့အတွက် ဟူကျစ်နဲ့ မဲလုံးကြီးတို့ကို ခေါ်သွားပါတော့မည်။

“ရှိတယ်!”။ ချင်းယုမူက စူစူလေးလမ်းမှာ ပိတ်ရပ်လိုက်ပါသည်။

ချင်းယုမူ လက်မလျှော့နိုင်သေးဘဲ သူမကို ပြောစရာရှိသေးသည်။

“ဘာမေးမလို့လဲ”။ စူစူလေး မေးလိုက်၏။

“ငါမစဉ်းစားရသေးဘူး”

“အဲ့တာဆို စဉ်းစားပြီးမှ လာပြော”

စူစူလေးက ချင်းယုမူကို အေးတိအေးစက်အမူအရာဖြင့် နောက်တစ်ဖန် ထပ်ချေပလိုက်ပါသည်။

ချင်းယုမူက ခေါင်းမာနေဆဲဖြစ်ပြီး စူစူလေး၏ လက်ကို ဆွဲကာ မေးခွန်းတွေ ဆက်မေးချင်သော်လည်း မဲလုံးကြီး၏ မာန်ဖီမှုကြောင့် ကြောက်လန့်သွားပါသည်။

ဒီ Tibetan Mastiff ခွေကြီးက အလွန်ကြောက်ဖို့ကောင်းသည်။ သူ့ကို အကောင်လိုက် ဝါးစားတော့မည့် ပုံစံမျိုး ကြည့်နေသည်။

ချင်းယုမူ စိတ်ထဲ ကြောက်နေသော်လည်း မာနကြောင့် သတ္တိရှိချင်ယောင် ဆောင်လိုက်ပါသည်။

ခရီးဆောင်အိတ်ထဲမှ ချင်းယုမူ အိတ်တစ်လုံး ထုတ်လိုက်သည်။ “ရော့ ငါ့အမေ နင့်ကို ပေးလိုက်တာ”

ဒုတိယယောက်မ ပေးလိုက်တာဟု ကြားသောအခါ စူစူလေး လှမ်းယူလိုက်ပါသည်။

အိတ်ထဲမှ ချစ်စရာကောင်းသော ပန်းရောင်ဂါဝန်သေးသေးလေးတွေသာ ထွက်လာသည်။ စူစူလေးက ဂါဝန်များကို ဆိုဖာပေါ်မှာ တင်ထားလိုက်ပါသည်။

သူမ သဘောမကျပါ။ သို့သော် ဒုတိယ ယောက်မ ပေးထားတာဖြစ်သဖြင့် လွှင့်ပစ်လိုက်လို့လည်း မရပေ။ ဒီမှာပဲ ခဏသိမ်းထားပြီး တူသေးသေးလေး မွေးလာမှ ဝတ်ပေးလိုက်ပါမည်။

ပစ္စည်းတွေ ချပြီးတာတောင် ချင်းယုမူက သူမကို စိုက်ကြည့်နေဆဲဖြစ်မှန်း စူစူလေး မြင်သွားသည်။

“ဘာကြည့်တာလဲ ငါ့မျက်နှာပေါ် မုန့်ပေနေလို့လား”

မုန့်ပေနေပါက မဲလုံးကြီးနဲ့ ဟူကျစ်တို့ လာလျက်ကြလိမ့်မည်။ ထို့ကြောင့် သူမ မျက်နှာမှာ ဘာမှ မပေနေမှန်း သေချာပါသည်။

“ငါ…”။ စူစူလေးကို ချင်းယုမူ တစ်ခုခုပြောဖို့ ကြံလိုက်စဉ် ချင်းယုကျီး ရုတ်တရက် အိမ်ပြန်ရောက်လာသည်။

“ဟယ်လို အောင်မယ်လေး ငါတို့ရဲ့ မူမူလေးပါလား”

ထို့နောက် ချင်းယုမူကို ချင်းယုကျီး ပွေ့ချီလိုက်ပြီး ပါးကို နှစ်ချက်လောက် နမ်းလိုက်ပါသည်။

“အစ်ကိုယုကျီး ကျွန်တော့်ကို ဒီလို မဆက်ဆံနဲ့! ကျွန်တော်က လူကြီးဖြစ်နေပြီ!”။ ချင်းယုမူ ဆန္ဒပြလေသည်။

“မင်းဘယ်လောက်ပဲ လူကြီးဖြစ်ဖြစ် ငါတို့ထဲမှာ မင်းက အငယ်ဆုံးပဲလေ!” ချင်းယုကျီးက ပြုံးကာ ပြောလိုက်ပါသည်။

“ဦးလေးငယ်ရဲ့ ကလေးတွေက ကျွန်တော့်ထက် ပိုငယ်ရင် ဘယ်လိုုလပ်မလဲ”။ ချင်းယုမူက သူတစ်ခါမှ မမြင်ဖူးသည့် လူတွေကို အကာအကွယ်အဖြစ် အသုံးချလိုက်ပါသည်။

“သူတို့ကို မြင်မှ သိမှာပေါ့! ဘာပဲဖြစ်ဖြစ် ငါတို့ထဲမှာတော့ မင်းက အငယ်ဆုံးပဲ ဟင်းဟင်း”။ ပြောပြောဆိုဆိုနဲ့ ချင်းယုမူ၏ ပါးကို ချင်းယုကျီး ဆွဲဆိတ်လိုက်ပါသည်။

“ဟိုတစ်ယောက်က ပိုငယ်တယ်လေ!”။ စူစူလေးကို ချင်းယုကျီး လက်ညှိုးထိုးပြလိုက်ပြီး လွှဲချလိုက်လေသည်။

“သူမပါဘူး။ သူက ငါတို့ထက် ငယ်ပေမယ့် ရာထူးကြီးတယ်။ သူက ငါတို့ဒေါ်လေးအရင်းပဲ။ သူ့ကို တလေးတစား ဆက်ဆံရမှာမို့လို့ ဒီလိုတွေ သွားကလိလို့ မရဘူး”။ ချင်းယုကျီး ရှင်းပြလိုက်ပါသည်။

အဓိက အကြောင်းအရင်းကတော့ စူစူလေးကို သူတို့ အနိုင်မယူနိုင်တာကြောင့်သာ ဖြစ်သည်။ စူစူလေး ပျော်ရွှင်နေချိန်မှာသာ ပါးလေးကို ဆွဲဖျစ်ရဲကြသည်။ မကြာခဏ မလုပ်ရဲကြပေ။

အရေးအကြီးဆုံးက စူစူလေး စိတ်မရှည်လျှင် သူတို့ကို ကန်ထုတ်ပစ်နိုင်သည်။

ချင်းယုမူက မျက်စပစ်လိုက်ပါသည်။

သူ့အစ်ကိုကြီးတွေ အကုန်လုံးက ဘာလို့ ချင်းစူစူကို “ဒေါ်လေး”လို့ လွယ်လွယ်ကူကူ ခေါ်နေကြတာလဲ။

ဒီလောက် ထူးဆန်းပြီး ကြောင်တောင်တောင် နိုင်တာကို!

သူ့ကို ‘ညီမလေး’လို့ပဲ သဘောထားလို့ မရဘူးလား။

ထိုကလေးမလေးကို ‘ညီမလေး’ဟု ခေါ်ပြီး ပြန်ထူးမည့် မြင်ကွင်းလေးကို မြင်ယောင်ကြည့်ရုံနဲ့ ချစ်ဖို့အလွန် ကောင်းပါသည်။

‘ဒေါ်လေး’ဟုခေါ်ရတာတော့ လုံးဝ မမိုက်ပါ။

ချင်းယုမူ စိတ်ထဲမှာသာ တွေးနိုင်ပါသည်။ အပြင်မှာ ထုတ်ပြောလိုက်ပါက ကျိန်းသေပေါက် အငေါက်ခံရမှာ သေချာသည်။

ချင်းယုကျီးရဲ့ နှိပ်စက်မှုကို ခံရပြီးနောက် နောက်ဆုံးတော့ ချင်းယုမူ လွတ်မြောက်သွားကာ မေးလိုက်သည်။ “အစ်ကိုယုကျီး ဒီကလေးမလေးကို ဒေါ်လေးလို့ ခေါ်တော့ ဘာအကျိုးကျေးဇူး ရလို့လဲ”

… … …

အခန်း(၈၆၂) မူမူလေးက ခေါင်းမာလိုက်တာ (၂)

“အကျိုးကျေးဇူးဟုတ်လား… သကြားလုံး စားရတယ်လေ”။ ချင်းယုကျီး သေချာစဉ်းစားကာ ပြန်ဖြေလိုက်ပါသည်။

တခြား အကျိုးကျေးဇူးတွေအကြောင်းတော့ သူ မသိပါ။ ထိုသကြားလုံး စားရဖို့အတွက် သူအလွန် ကြိုးစားခဲ့ရတာ ဖြစ်သည်။

မုန်းစရာအကောင်းဆုံးက သူ့ထက် အများကြီး ပိုပျော့ညံ့သည့် အစ်ကိုကြီးက သကြားလုံးကို အစောကြီး စားခဲ့ရသည်။

“သကြားလုံးတစ်လုံးအတွက် ဟုတ်လား”။ ချင်းယုမူ အထင်အမြင်သေးစွာ မေးလိုက်သည်။ အစ်ကိုယုကျီးက တော်တော်ပျော့ညံ့တာပဲ!

မိသားစုကို ပုန်ကန်တတ်သည့်အတွက် အစ်ကိုယုကျီးကို ချင်းယုမူ အားကျဖူးသည်။ ဂိမ်းတွေကစားတာ ရန်ဖြစ်တာ မကောင်းသော်လည်း အမြဲတမ်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်တာကိုတော့ သဘောကျပါသည်။

“မင်းငယ်ပါသေးတယ်ကွာ နားလည်မှာမဟုတ်ဘူး”။ ချင်းယုကျီး ပြုံးကာ ပြောလိုက်ပါသည်။

“ဟွန်း”။ ချင်းယုမူ ဘာမှ နားမလည်ချင်ပေ။

ချင်းယုကျီးက စူစူလေးဆီ ရောက်သွားပြီး ပွေ့ချီလိုက်လေသည်။ “ဒေါ်လေး မနေ့က တူလေးကို ရုပ်ပြစာအုပ် ဖတ်ပြမယ်လို့ ကတိပေးထားတယ်နော်”

“အဲ့တာဆို အခု ဖတ်ပြမယ်လေ”။ စူစူလေး ပြောလိုက်သည်။

ကတိပေးထားလျှင် တည်ရပါမည်။

“အွန်း အွန်း အခု သွားကြစို့!”

စူစူလေးကို ချီပြီး ချင်းယုကျီး အပေါ်ထပ်သို့ ပျော်ပျော်ရွှင်ရွှင် တက်သွားခဲ့ပါသည်။

သူ့ဝမ်းကွဲညီ ချင်းယုမူကို တစ်ယောက်တည်း ထားခဲ့သည်။

သူက ဧည့်သည်မဟုတ်သဖြင့် ကိုယ့်အခန်းကိုယ် သွားရှာတတ်ပါသည်။ ဘာမှ ဧည့်ခံစရာမလိုပါ။

သူတို့တွေကို ကြည့်ရင်း ချင်းယုမူ ရင်ထဲ မနာလို အားကျသော ခံစားချက်တစ်ခုကို ခံစားလိုက်ရပါသည်။

ထို့နောက် ဘေးနားမှာရှိနေသော မဲလုံးကြီးနဲ့ ဟူကျစ်တို့ကို ချင်းယုမူ လှည့်ကြည့်လိုက်ပြီး ခေတ္တတွန့်ဆုတ်သွားကာ အပေါ်ထပ်သို့ တက်လိုက်လာခဲ့လေသည်။

ကာတွန်းပုံတွေနဲ့ ပြည့်နှက်နေသည့် စူစူလေး၏ စာကြည့်ခန်းထဲတွင် စူစူလေးက ရုပ်ပြစာအုပ်တစ်အုပ်ကို ဖွင့်လျက် ကော်ဇောပေါ်မှာ လှဲလျောင်းနေပါသည်။

သူမရဲ့ ခြေထောက်လေး ၂ ဖက်ကို ရှေ့နောက် ခါရမ်းနေပြီး နှုတ်မှလည်း စကားလုံးတွေကို ရွတ်ဖတ်နေလေသည်။

ချင်းယုကျီးက ဘေးမှာ ခြေကားရားလက်ကားရား အိပ်နေပြီး စူစူလေး ပုံပြင်ဖတ်ပြတာကို မျက်လုံးမှိတ်ကာ နားထောင်နေပါသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ချင်းယုမူ မနာလို ပိုဖြစ်သွားသည်။

သူဘာလုပ်ရမလဲ… သူလည်း အဲ့လို နေချင်တယ်!

တခြားဘာမှတော့မဟုတ်ပါဘူး ဒီတိုင်း… ဒီတိုင်း အဖော်ပြုပေးတာာ…

သူတို့ဘေးနားမှာ တိုးတိုးလေး သွားအိပ်နေလိုက်ရင် ဘာမှ မဖြစ်လောက်ပါဘူး ဟုတ်တယ်မလား

ချင်းယုကျီးဘေးနားသို့ ချင်းယုမူ ခိုးကြောင်ခိုးဝှက်လျှောက်လာပြီး ဘေးနားမှာ လှဲအိပ်လိုက်ပါသည်။

စူစူလေးက ပုံပြင်ကို လေးလေးနက်နက် ဖတ်ပြပြီးနောက်် ဘေးကို လှည့်ကြည့်လိုက်ရာ လူပိုတစ်ယောက် ရောက်နေမှန်း မြင်လိုက်ရလေသည်။

“နင်က ဘာလို့ရောက်နေတာလဲ”။ စူစူလေး မေးလိုက်သည်။

ချင်းယုကျီးလည်း မျက်လုံးပွင့်လာပြီး သူ့ဘေးက မာနကြီးသည့် ဝမ်းကွဲညီကို ခပ်ပြုံးပြုံး မေးလိုက်သည်။ “မူမူလေး ဘယ်တုန်းက ရောက်လာတာလဲ။ မင်းလည်း ငါတို့ ဒေါ်လေး ပုံပြင်ပြောတာကို နားထောင်ချင်လို့လား”

ချင်းယုမူကို ခုနကတည်းက သတိထားမိခဲ့သော်လည်း ချင်းယုကျီး မသိချင်ယောင် ဆောင်နေခြင်းဖြစ်သည်။

“မဟုတ်ပါဘူး!”။ ချင်းယုမူ မျက်နှာ နီရဲသွားပြီး ချက်ချင်း ငြင်းဆန်လိုက်ပါသည်။

“မဟုတ်ရင် ဘာလို့ ဒီရောက်နေတာလဲ”

“ပင်ပန်းလို့ တစ်နေရာရာမှာ လှဲချင်လို့!”

ချင်းယုမူ ဆင်ခြေတစ်ခု အမြန်ပေးလိုက်သည်။ ထိုဆင်ခြေကို သူကိုယ်တိုင်တောင် မယုံကြည်နိုင်ပါ။

ချင်းယုကျီး သက်ပြင်းချလိုက်သည်။ “ဟူး… ငါတို့ အိမ်က အရမ်းသေးတယ်ထင်တယ်။ ငါ့ဝမ်းကွဲညီလေး အိမ်လာလည်တာတောင် အိပ်စရာနေရာမရှိလို့ ကြမ်းပြင်ပေါ်မှာ လှဲအိပ်နေရတယ်”

“မင်းတို့လည်း ကြမ်းပြင်ပေါ်မှာ အိပ်နေတာပဲ မဟုတ်ဘူးလား။ မင်းတို့ လှဲအိပ်နေတာမြင်တော့ အိပ်လို့ကောင်းမယ်ထင်လို့ လာအိပ်ကြည့်တာ!”။ ချင်းယုမူ ပြန်ချေပလိုက်ပါသည်။

“ဪ အဲ့တော့ အိပ်လို့ကောင်းလား”။ ချင်းယုကျီး လူယုတ်မာ အပြုံးဖြင့် မေးလိုက်ပါသည်။

“မကောင်းဘူး! သွားတော့မယ်!”

ချင်းယုမူ ကြမ်းပြင်ပေါ်မှ အမြန် ပြန်ထကာ နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ပြေးသွားလေတော့သည်။

“ဟူး…” စူစူလေး သက်ပြင်းအရှည်ကြီး ချလိုက်သည်။

ချင်းယုကျီးက စူစူလေးကို လှည့်ကြည့်လိုက်ပါသည်။ “ဒေါ်လေးက ဘာတွေ သက်ပြင်းချနေတာလဲ”

သူမက ၃ နှစ်ခွဲသာ ရှိသေးသော်လည်း အဘွားအိုတစ်ယောက်လို သက်ပြင်းချနေသည်။

“အဲ့ဒီတူငယ်လေးက အရမ်းထူးဆန်းတာပဲ”

“ဟားဟားဟား သူလား။ သူက နည်းနည်း မူရာမာယာများတတ်လို့ပါ” ချင်းယုကျီး ရှင်းပြလိုက်သည်။

“မူရာမာယာများတယ်ဟုတ်လား အဲ့တာ ဘာပြောတာလဲ”။ စူစူလေး ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။

… … …

အခန်း(၈၆၃) မူမူလေးက ခေါင်းမာလိုက်တာ (၃)

“ဒီလို ရှင်းပြမယ်။ မူမူလေးက ညီမလေးတွေကို ချစ်တတ်တယ်။ အရင်တုန်းကဆို သူ့အမေကို ညီမလေး မွေးပေးဖို့ ခဏခဏ ပူဆာနေတာ။ အမြဲတမ်း သောင်းကျန်းပြီး ညဘက်တွေတောင် သူ့မိဘတွေ အိပ်ခန်းထဲ ဝင်ပြီး ပူဆာတတ်တာ”

ငယ်ရွယ်သေးသည့် ချင်းယုမူကတော့ သူနှောင့်ယှက်လေလေ သူ့မိဘတွေ ညီမလေး မွေးပေးနိုင်ချေ နည်းလေလေ ဆိုတာကို နားမလည်ခဲ့ပါ။ ကလေးဆိုတာ လိုချင်တိုင်း ရနိုင်သည့်အရာဟု သူထင်နေသည်။

“အဲ့တော့”။ စူစူလေး ခေါင်းလေးစောင်းကာ မေးလိုက်သည်။ သူမ နားမလည်သေးပါ။

“အဲ့တော့ သူက ဒေါ်လေးကို အရမ်းသဘောကျပါတယ်။ စူစူလေးလို ချစ်ဖို့လည်းကောင်း၊ မိုက်လည်းမိုက်ပြီး ထူးခြားတဲ့ ကလေးမလေးကို မြင်ရတော့ သူ့နှလုံးသားတွေတောင် အရည်ပျော်သွားလောက်တယ်။ စူစူလေးလို ညီမလေး တစ်ယောက် သူလိုချင်နေမှာ သေချာတယ်”

“ဒေါ်လေးတော့ သတိမထားမိပါဘူး”။ စူစူလေး ရေရွတ်လိုက်သည်။

ဒီတူငယ်လေးက သူမကို သဘောမကျဘူးဟု စူစူလေး ခံစားနေရသည်။

“အဲ့တာက စူစူလေးက သူ့ညီမလေး မဟုတ်ဘဲ သူ့ဒေါ်လေးဖြစ်နေလို့ပေါ့။ သူ့ဆုတောင်းက တစ်ဝက်ပဲ ပြည့်တယ်။ ဘယ်လိုခံစားချက်မျိုးလဲဆိုတော့ စူစူလေးရဲ့ တူချောလေးက အရသာရှိပြီး အရမ်းလှတဲ့ ကိတ်မုန့်လေးတစ်ခု လုပ်ပေးထားပေမယ့် ဦးလေးပိုင်ဟူကျစ်က စူစူလေး မုန်းတဲ့ ဆေးခါးခါးကြီးတွေ ခိုးထည့်လိုက်တာမျိုးပေါ့”

စူစူလေး ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။

ထိုခံစားချက်က တကယ် ဆိုးရွားပါသည်။

“ဦးလေးပိုင်ဟူကျစ်က ယုတ်မာလိုက်တာ!”။ စူစူလေး ပြောလိုက်သည်။

“အဲ့တာ ဥပမာပေးတာပါ။ ပြောချင်တာက မူမူလေးလည်း ဒေါ်လေးစူစူအပေါ် အဲ့လို ခံစားရတာပဲ။ ကိတ်မုန့်ကို သဘောကျပေမယ့် မစားရဲဘဲဖြစ်နေတာ”

စူစူလေး ခေါင်းငြိမ့်လိုက်သည်။ “နားလည်ပြီ!”

ထိုခံစားချက်ကို စူစူလေး ကိုယ်ချင်းစာနိုင်ပါသည်။

“အဲ့တာကြောင့် သူက စူစူလေးကို သဘောမကျတာ မဟုတ်ပါဘူး။ သူ့အတွက် စူစူလေးက အရမ်းလှတဲ့ ကိတ်မုန့်လေး တစ်ခုပဲ”

“ဒါမယ့် ငါက ဒေါ်လေးလေ။ ဒေါ်လေးက မခါးပါဘူး။ ဒေါ်လေးက အရမ်းမိုက်တာ!”

“အဲ့တာမှန်တော့ မှန်ပါတယ်။ ဒါပေမယ့် လူတွေက တစ်ယောက်နဲ့တစ်ယောက် ခံစားချက်ချင်း မတူကြဘူးလေ။ စူစူလေးက အရမ်းမိုက်တယ်လို့ အားလုံးထင်ကြပေမယ့် မူမူလေးက ကလေးပဲရှိသေးတာ။ အခုမှ ပုန်ကန်တတ်ခါစ ဆယ်ကျော်သက် ကောင်လေးအရွယ်ကို ရောက်တာ။ အဲ့တာကြောင့် မာနလည်းကြီးပြီး ခေါင်းလည်း မာတယ်”

“ဪ အဲ့လိုကိုး…”

“ဟုတ်တယ်။ အဓိက ပြဿနာကတော့ သူငယ်သေးလို့ပါ။ သူအသက်ကြီးလာရင် ဒီလိုပုံစံ ဖြစ်မှာ မဟုတ်တော့ဘူး”

“ဪ ဟုတ်ပြီ နားလည်ပြီ”

“အဲ့တာဆို သူ့ကို မုန်းသေးလား”။ ချင်းယုကျီး မေးလိုက်သည်။

“မမုန်းတော့ဘူး!”

တူငယ်လေးက ငယ်သေးသည်။ သူမကတော့ ရင့်ကျက်နေပါပြီ။

ခေတ္တစဉ်းစားပြီးနောက် စူစူလေး မေးလိုက်သည်။ “အဲ့တာဆို သူ့ကို ဘယ်လိုကူညီပေးရမလဲ”

“သူ့ကို ကူညီချင်လို့လား”။ ချင်းယုကျီး စိတ်ဝင်တစား မေးလိုက်ပါသည်။

“ဟုတ်တယ်လေ၊ သူက ဒေါ်လေးရဲ့ တူငယ်လေး! ငယ်သေးတော့ ခံစားချက်ကို ထုတ်မပြတတ်ဘူး လူကြီးတစ်ယောက်အနေနဲ့ ဒေါ်လေးက ကူညီပေးရမှာပေါ့!”

ဒေါ်လေးတစ်ယောက်ဖြစ်ပြီး အလကား နေလို့မရပါ။ သူမဒေါ်လေးကို ဆုံးမပေးရမည့် တာဝန်ရှိသည်။

ချင်းယုကျီး မျက်နှာရှုံ့မဲ့သွားပြီး ချက်ချင်း စကားလမ်းကြောင်းလွှဲချင်သွားသည်။

လျှာရှည်မိတဲ့ သူ့အမှားပါ! ချင်းယုမူကို ဒီတိုင်းပဲ လွှတ်ထားလိုက်ရမှာ!

အခုတော့ သူ့အတွက် ပြိုင်ဘက် နောက်တစ်ယောက် ပေါ်လာပြီ!

“တူလေး မြန်မြန်ပြောပြလေ!”

“သူနဲ့ အတူကစားဖို့ ကြိုးစားကြည့်ပေါ့။ တစ်ခါအလုပ်မဖြစ်ရင် နှစ်ခါ ကြိုးစားကြည့်။ နှစ်ခါ အလုပ်မဖြစ်ရင် သုံးခါ ကြိုးစားကြည့်။ သုံးခါလောက်ဆိုရင်တော့ အဲ့ကောင် ခံနိုင်ရည် မရှိလောက်တော့ပါဘူး”။ ချင်းယုကျီး ပြန်ဖြေလိုက်သည်။

သုံးခါမှ အလုပ်မဖြစ်ရင်တော့ မျှော်လင့်ချက်မရှိတော့ဘဲ လက်လျှော့လိုက်သင့်ပါပြီ။

“ဟုတ်ပြီ! အဲ့တာဆို သူ့ကို အခုပဲ သွားတွေ့လိုက်မယ်!”

စူစူလေးက အလုပ်နဲ့ သက်သေပြတတ်သူဖြစ်သဖြင့် အချိန်မဖြုန်းတော့ပါ။

ချက်ချင်း ခုန်ထလိုက်ပြီး အခန်းပြင်သို့ ပြေးထွက်သွားခဲ့ပါသည်။

ချင်းယုကျီးလည်း ကိုယ့်နဖူးကိုယ် လက်ဖြင့် ပွတ်ကာ ပြဿနာကြီးကြီးမားမား မဖြစ်ပါစေနဲ့ဟု ဆုတောင်းမိတော့သည်။

အမှန်ပင်။ အကြီးမားဆုံး ပြဿနာဆိုလို့ သူ့ဝမ်းကွဲညီလေး တင်ပါးကို အရိုက်ခံရရုံသာ ရှိလောက်သည်။

… … …

အခန်း(၈၆၄) မူမူလေးနဲ့အတူ ကစားခြင်း (၁)

ချင်းယုမူတစ်ယောက် သူ့အခန်းထဲသူ မှုန်ကုပ်ကုပ်ဖြင့် ဝင်သွားပြီး ခရီးဆောင်အိတ်ကို ဘေးချကာ ကုတင်ပေါ် မှောက်ခုံလှဲလိုက်ပါသည်။

ချင်းစူစူက အရမ်းချစ်ဖို့ကောင်းလည်း ဘာလုပ်ရမှာလဲ

စကိတ်စီးတာမိုက်လည်း ဘာလုပ်ရမှာလဲ!

ဘာမှ ထူးခြားတာ မဟုတ်ဘူး! အဲ့လို ကလေးမလေးမျိုး သူတစ်ယောက်တည်း ရှိတာမှ မဟုတ်တာ

သူ့လို ကလေးမလေးမျိုး မတွေ့ဖူးဘူးဆိုပေမယ့် တစ်ချိန်ချိန်ကျရင် တွေ့လာမှာပေါ့!

သူလည်း ညီမလေးတစ်ယောက် ရလာစေရမယ်!

သူ့ဒေါ်လေးအကြီးဆုံးကလည်း ကိုယ်ဝန်လွယ်ထားရတာ မလား!

အဲ့တာ ညီမလေးပဲ ဖြစ်ရမယ်!

ပြီးတော့ အကျင့်မကောင်းတဲ့ ဝမ်းကွဲအစ်ကိုယုကျီးကလည်း ဘာလို့ သူ့ကို ချောက်ချရတာလဲ။

သကြားလုံးတစ်လုံးရဲ့ မျက်နှာကြောင့် ဝမ်းကွဲညီအရင်းကိုတောင် သစ္စာဖောက်ရက်တယ်!

စဉ်းစားမိလေလေ ချင်းယုမူ စိတ်ရှုပ်လာလေလေဖြစ်သည်။ ထို့ကြောင့် စောင်ကို ဆွဲယူကာ ခေါင်းပေါ် အုပ်ထားလိုက်ပါသည်။

ထိုစဉ် အခန်းတံခါး ရုတ်တရက် ပွင့်သွားသည်။ ခေါင်းမြှီးခြုံထားသည့် ချင်းယုမူတစ်ယောက် အသံကြားသော်လည်း ချက်ချင်း ထမကြည့်ခဲ့ပါ။

ကုတင်ပေါ်က စောင်အလုံးကြီးကို မြင်ပြီး သူမတူငယ်လေးဖြစ်မှန်း စူစူလေး သိပါသည်။

ကုတင်ဘေးသို့ လျှောက်လာပြီး ဖိနပ်များကို ချွတ်ကာ ကုတင်ပေါ် တက်လာပါသည်။

ထို့နောက် ခေါင်းအုံးဘေးမှာ ဒူးထောက်လျက် ချင်းယုမူအပေါ်က စောင်ကို ဆွဲဖယ်ဖို့ ကြိုးစားလေသည်။

ခြေသံနဲ့ လှုပ်ရှားမှုအနေအထားကို ကြည့်ခြင်းအားဖြင့် ဝင်လာသည့် လူက စူစူလေးဖြစ်မှန်း ချင်းယုမူလည်း ရိပ်မိပါသည်။

တမင်သက်သက် မသိချင်ယောင် ဆောင်နေခြင်းသာ ဖြစ်သည်။ စူစူလေး စောင်ကို ဆွဲဖယ်ဖို့ ကြိုးစားသောအခါ ချင်းယုမူက အတင်းပြန်ဆွဲထားသည်။

“ဖယ်စမ်း ငါနင်နဲ့ ကစားချင်တယ်”။ စူစူလေး ပြောလိုက်သည်။

“ငါမကစားချင်ဘူး ငါ့စောင်ကို လာမဆွဲနဲ့!”

“မကြောက်ပါနဲ့ ငါနင့်ကို မမုန်းပါဘူး”။ စူစူလေးက အာမခံလိုက်သည်။

သူ… သူ့ကို မမုန်းဘူးဟုတ်လား။

ဘယ်သူက မေးနေလို့လဲ။

အခု သူ့ဘက်က စကားမပြောချင်တာလေ!

“ဘာမှမကြောက်ဘူး! ငါ့စောင်ကို လာမဆွဲနဲ့လို့!” ချင်းယုမူ ဆက်ခုခံနေသည်။

“ထွက်လာရင် မဆွဲတော့ဘူး”

ချင်းယုမူက စောင်အောက်မှာ ပုန်းနေသဖြင့် စူစူလေး စကားကောင်းကောင်း ပြောလို့မရပါ။ ထို့ကြောင့် စောင်ကို ဆွဲနေရခြင်းဖြစ်သည်။

ဗြိ---!

စူစူလေးစကား ဆုံးတာနဲ့တစ်ပြိုင်နက် စောင်ကြီး နှစ်ပိုင်းပြဲသွားလေတော့သည်။ အိပ်ခန်းထဲ ငှက်မွေးတွေ အများကြီး လွင့်ပျံကုန်သည်။

စူစူလေးက ခေါင်းကုတ်လျက် ရှက်ကိုးရှက်ကန်း ပြောလိုက်၏။ “အားနည်းနည်းပါသွားတယ် ဟီးဟီး…”

“နင်… နင်ငါ့လက်ကို ဆွဲပြီး အဲ့လိုမျိုးတော့ မလုပ်လောက်ပါဘူးနော်”။ ချင်းယုမူ ကြောက်ရွံ့စွာ မေးလိုက်ပါသည်။

“မလုပ်ပါဘူး စိတ်မပူနဲ့။ နင် လိမ်လိမ်မာမာနေမယ်ဆိုရင် အဲ့လို မလုပ်ဘူး”။ စူစူလေးက ယုံကြည်ချက် အပြည့်ဖြင့် အာမခံလိုက်ပါသည်။

အဲ့စကားက ယုံချင်စရာ သိပ်မကောင်းပါလား…။

“ထားလိုက်ပါ အဲ့တာအရေးမကြီးဘူး။ အရေးကြီးတာက ငါနင်နဲ့ ကစားချင်တယ်!”

စူစူလေးက ချင်းယုမူကို စဉ်းစားခွင့်၊ တုန့်ပြန်ခွင့်ပင် မပေးဘဲ ချက်ချင်း ကုတင်ပေါ်မှ ဆွဲချလိုက်သည်။

သူ့လက်တစ်ဖက်ကို စူစူလေးက ဆွဲထားသဖြင့် ချင်းယုမူလည်း ဘာမှမတတ်နိုင်တော့ဘဲ သူမနောက် လိုက်သွားရတော့သည်။

“နင်ဘာလုပ်နေတာလဲ”

“ကစားမယ်လေ!”

ကစားမယ်ဟုတ်လား။ ဘာကို ကစားမှာလဲ။

ချင်းယုမူ ကြောင်တောင်တောင် ဖြစ်နေပါသည်။

ထိုစဉ် ကော်ရစ်ဒါမှာ ကျောမှီလျက် စောင့်ကြည့်နေသည့် ချင်းယုကျီးကို မြင်ကာ ချင်းယုမူ လှမ်းမေးလိုက်သည်။ “အစ်ကိုယုကျီး သူဘာဖြစ်ချင်နေတာလဲ”

“မင်းနဲ့ ကစားချင်လို့တဲ့။ ပေါ့သေးသေး မထင်နဲ့နော်။ အဲ့တာ လူတိုင်းရတဲ့ အခွင့်ထူး မဟုတ်ဘူး”။ ချင်းယုကျီး ပြန်ဖြေလိုက်ပါသည်။

ချင်းယုမူ သိပ်ပြီး မယုံကြည်ချင်ပါ။ သူ့ဝမ်းကွဲအစ်ကို၏ အမူအရာကြောင့် ဒီအခွင့်ထူးက ဝမ်းသာစရာ အခွင့်ထူးဟု မထင်မိပေ။

စူစူလေးက ချင်းယုမူကို စဉ်းစားချိန်မပေးဘဲ သူမ အခန်းထဲ ဆွဲခေါ်သွားကာ သူမ စုဆောင်းထားတာတွေ ထုတ်ပြလိုက်သည်။

“ဒါဘာတွေလဲ”။ သူ့ရှေ့က ပုံသဏ္ဌာန်မျိုးစုံရှိသည့် ရွှေတုံးများကို ကြည့်ရင်း ချင်းယုမူ မယုံကြည်နိုင်အောင် ဖြစ်သွားသည်။

“အတုံးဆက်တန်း ကစားမယ်!”

“အတုံးဆက်တန်းကစားမယ် ဟုတ်လား”

ထိုအတုံးတစ်တုံးကို ချင်းယုမူ ကိုင်ကြည့်လိုက်သည်။

လေးလိုက်တာ…

ဒါရွှေအစစ်နဲ့ လုပ်ထားတာပဲ!

ထိုအတုံးများထည့်ထားသည့် သေတ္တာကို ချင်းယုမူ လှမ်းကြည့်လိုက်သည်။

အထဲမှာ ရွှေရောင်တွေနဲ့ ပြည့်နှက်နေတာပဲ…။

… … …

အခန်း(၈၆၅) မူမူလေးနဲ့အတူ ကစားခြင်း (၂)

“မူမူလေး လာကစားလေ။ ကလေးတိုင်း ဒီလိုကစားရတာ ကြိုက်ကြတယ်။ မရှက်ပါနဲ့။ ကစားချင်ရင် ကစားလို့ ရပါတယ်!’။ စူစူလေးက ချင်းယုမူကို အားပေးလိုက်ပါသည်။

ချင်းယုမူ မျက်နှာ တောင့်တင်းသွားသည်။ “ငါဒါတွေနဲ့ မကစားတော့တာ ကြာလှပြီ!”

ဘယ်သူက အတုံးဆက်တန်း ကစားသေးလို့လဲ။

ပြီးတော့ အစ်ကိုယုကျီးခေါ်သလို ဘာလို့ မူမူလေးလို့ လိုက်ခေါ်နေတာလဲ။

သူက သူမထက် အသက်ကြီးတာကို!

“ဘာလို့လဲ”

“ငါက အသက်ကြီးနေပြီလေ!”

ဒီလို အတုံးဆက်ကစားနည်းကို သူစိတ်ဝင်စားပါဦးမလာား။

“အသက်ကြီးရင် ဘာလို့ အတုံးဆက်တန်း မကစားတော့တာလဲ”

“နင်အမြဲတမ်း မေးခွန်းပဲ ထုတ်နေတာလား။ ဘာလို့ အဲ့လောက် အမေးအမြန်း ထူရတာလဲ”

“နင့်အကြောင်း နားလည်ချင်လို့လေ! နင်နဲ့ အတူတူ ကစားချင်လို့!”။ စူစူလေး၏ မျက်နှာက တည်တံ့နေပြီး အသံလေးက နူးညံ့ချိုမြိန်နေပါသည်။

ချစ်ဖို့ကောင်းလိုက်ပါ…!

ချင်းယုမူ ရင်ထဲ တဒိတ်ဒိတ် ခုန်သွားသည်။

သူနဲ့ ကစားချင်တယ်လို့ပြောတော့ ဒီကလေးမလေးက ချစ်စရာကောင်းလိုက်တာ!

မဖြစ်ဘူး… ဒီလောက် အရှက်မဲ့လို့ မဖြစ်ဘူး!

သူက သူ့ရဲ့ ပေါတောတော ဝမ်းကွဲအစ်ကိုတွေနဲ့ မတူဘူး!

“ငါနင်နဲ့ မကစားချင်ဘူး!”။ ချင်းယုမူ ငြင်းဆန်လိုက်လေသည်။

“ဪ… အဲ့တာဆို ဘာလုပ်ချင်လဲ”။ စူစူလေး မေးလိုက်သည်။

ဒီတူငယ်လေးက အရမ်း လိမ်တတ်တာပဲ!

စိတ်ထဲမှာ ကစားချင်နေမှန်း သိသာတယ်။ ဒါပေမယ့် ငြင်းပဲ ငြင်းနေတာ!

ဟူး… မတတ်နိုင်ဘူးလေ။ ဒေါ်လေးဖြစ်တဲ့ သူမကပဲ သည်းခံပေးရမှာပေါ့!

“ငါနဲ့ အဲ့လောက်တောင် ကစားချင်တာလား”။ ချင်းယုမူက စူစူလေးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

“အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။

စူစူလေး ခေါင်းတွေဆက်တိုက်ငြိမ့်နေတာကို မြင်ပြီး ချင်းယုမူ ရင်တွေ ခုန်လာပါသည်။

ဒီကလေးမလေးက သူ့ကို တကယ်သဘောကျတယ်ပေါ့…

အဲ့တာကြောင့် သူနဲ့ အတူတူ ကစားချင်တာပဲနေမှာ!

ဖြစ်လည်းဖြစ်သင့်ပါတယ် သူနဲ့က အသက်အရွယ်ချင်းလည်း သိပ်မကွာဘူး၊ စကိတ်ဘုတ်လည်း အတူတူ စီးလို့ ရတယ်။

အဲ့တာကြောင့် တခြားတူတွေထက် သူ့ကို ပိုသဘောကျတာ ဖြစ်သင့်ပါတယ်!

သို့သော်လည်း စူစူလေးက သဘောကျသည်ဟု ဆိုရင်တောင် ချင်းယုမူ လွယ်လွယ်နဲ့ လက်ခံမှာ မဟုတ်ပါ။ သူ လိုချင်တာ ညီမလေးတစ်ယောက်ဖြစ်သည်။ ဒေါ်လေးတစ်ယောက် မဟုတ်ပေ။

ဒီကလေးမလေးနောက်ကိုသာ တကောက်ကောက်လိုက်ရပြီး ဒေါ်လေးဟု ခေါ်နေရလျှင် ထိပ်တန်း စကိတ်သမား တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ အဖတ်ဆယ်မရအောင် ဖြစ်သွားလိမ့်မည်။

“စကိတ်စီးတာကလွဲပြီး တခြား ဘာမှ မလုပ်ချင်ဘူး”။ ချင်းယုမူ သေချာစဉ်းစားပြီးနောက် ပြန်ပြောလိုက်ပါသည်။

“ဪ… အဲ့တာဆိုလည်း စကိတ်သွားစီးရအောင်လေ!‌”။ စူစူလေး မကန့်ကွက်ပါ။

သူမလည်း စကိတ်စီးရတာ သဘောကျတာပဲ မဟုတ်လား။ ချင်းအိမ်တော် ခြံဝန်းကြီးကလည်း အကျယ်ကြီးဖြစ်သည်။ ရေပန်းစင်နားက နေရာမှာ စကိတ်စီးလို့‌ ကောင်းပါသည်။

စူစူလေး သူမရဲ့ စကိတ်ဘုတ်လေးကို ခပ်သုတ်သုတ် သွားယူလိုက်သည်။

ချင်းယုမူ မျက်နှာပေါ်မှာ ဘဝခိုက်သော အပြုံးတစ်ခု ပေါ်လာပါသည်။

စူစူလေးက စကိတ်ဘုတ် ၂ ခု ကိုင်ပြီး ပြန်ပြေးလာသည်။ အနောက်မှာ ချင်းယုကျီးလည်း ပါလာပါသည်။

ချင်းယုမူက ဂုဏ်ယူဝံ့ကြွားမှုအပြည့်ဖြင့် ပြောလိုက်သည်။ “ဝမ်းကွဲအစ်ကို ယုကျီး၊ ငါစူစူလေးနဲ့ စကိတ် သွားစီးတော့မှာ။ မင်းကော ပါဦးမလား”

ဝမ်းကွဲညီရဲ့ စိတ်ကြီးဝင်နေပုံကိုမြင်ပြီး ချင်းယုကျီး မျက်စပစ်လိုက်ပါသည်။

ဘာတွေ ဖျင်ခေါင်းလာကျယ်နေတာလဲ။

သူ့ကို စူစူလေး အလိုလိုက်နေတာက သူ့တူဖြစ်ပြီး အသက်ငယ်နေလို့လေ!

သူ့ကိုယ်သူ အဲ့လောက် ချစ်စရာကောင်းတယ်များ ထင်နေလား!

“ကစားကြပါ ကစားကြပါ။ ငါက ဒီတိုင်းပဲ ကြည့်နေပေးမယ်။ ချော်မလဲစေနဲ့နော်”။

ချင်းယုကျီးက ကလေးများနဲ့ ကစားဖို့ စိတ်မဝင်စားသည့် လူကြီးတစ်ယောက်အသွင်ဖမ်းကာ ဆုံးမလိုက်ပါသည်။

ချင်းယုမူ ဘာမှ ပြန်မပြောနိုင်ခင် စူစူလေးက ချင်းယုမူ၏ လက်ကိုဆွဲပြီး အောက်ထပ်သို့ ပြေးဆင်းသွားပါသည်။

“မြန်မြန်လာ မြန်မြန်လာ!”

ချင်းယုမူ အောက်ထပ်သို့ ဆင်းလာစဉ် သူ့လက်ကို ကိုင်ထားသည့် သေးသေးသွယ်သွယ် သိမ်သိမ်မွေ့မွေ့ လက်ကလေးအား ကြည့်လိုက်ပါသည်။

ဒီလောက် နူးညံ့တဲ့ လက်မျိုး တကယ်ရှိတာလား

ပြီးတော့ သေးသေးလေး၊ သူ့လက်ထဲသာ ထည့်ဖျစ်လိုက်ရင် ပျောက်သွားလောက်တယ်!

… … …

All Chapters