အခန်း (၈၆၆-၈၇၀)
Vol. 35 Ch. 866-870
အခန်း(၈၆၆) မူမူလေးနဲ့အတူ ကစားခြင်း (၃)
စူစူလေးရဲ့ လက်ကလေးကို ချင်းယုမူ ကိုင်လို့ကောင်းနေစဉ် အပြင်ကို ရောက်တာနဲ့တစ်ပြိုင်နက် စူစူလေးက လက်ကို ပြန်ရုတ်သိမ်းသွားပါသည်။
ပျော့ပျော့အိအိ လက်ကလေး မရှိတော့သောအခါ ချင်းယုမူ အနည်းငယ် စိတ်ညစ်သွားမိသည်။
စူစူလေးက ချင်းယုမူကို ရေပန်းစင်နား ခေါ်သွားပြီး စကိတ်ဘုတ်တစ်ခု ပေးလိုက်သည်။ ကျန်တစ်ခုကတော့ သူမကိုယ်တိုင် စီးဖို့ ဖြစ်ပါသည်။
အရင်တစ်ခေါက်က ပေကျင်းမှာ သူမအစ်ကိုလတ် ဝယ်ပေးထားသည့် စကိတ်ဘုတ်ဖြစ်သည်။
ထို့နောက် ချင်းယုမူကို လှည့်ပင်မကြည့်တော့ဘဲ စူစူလေး စကိတ်စစီးလေသည်။
စူစူလေး နားလည်ထားသည့် အတူတူကစားခြင်းဆိုတာ တစ်နေရာတည်းမှာ တစ်စုံတစ်ခုကို အတူတူ လုပ်နေခြင်းသာ ဖြစ်သည်။
စူစူလေးတစ်ယောက်တည်း စိတ်ဝင်တစား စကိတ်စီးနေတာကိုမြင်ပြီး ချင်းယုမူလည်း အကျောမခံချင်သဖြင့် စကိတ်ဘုတ်ကို အောက်ချကာ စူစူလေးအား အကွက်တွေထုတ်ပြဖို့ ပြင်လိုက်ပါသည်။
အရင်တစ်ခေါက်က ပေကျင်းမြို့မှာ လူတွေ အများကြီး ရှိနေခဲ့သဖြင့် စူစူလေး အာရုံများနေခဲ့သည်။ ထို့ကြောင့် သူ့စကိတ်စီးစွမ်းရည်ကို စူစူလေး အသိအမှတ်မပြုနိုင်ခဲ့ပါ။
ဒီနေ့တော့ သူတို့ ၂ ယောက်တည်းသာ ရှိသဖြင့် သူဘယ်လောက် မိုက်သလဲဆိုတာ စူစူလေး ကျိန်းသေပေါက် မြင်သွားစေရမည်။
ချင်းယုမူက သူ့ကိုယ်သူ အလွန် မိမိုက်သည်ဟု ထင်ထားသော လှည့်ကွက်များ၊ ခုန်ကွက်များကို ပြသလိုက်သည်။
၁၈၀ ဒီဂရီ၊ ၃၆၀ ဒီဂရီ၊ ၄၈၀ ဒီဂရီ… စသည်ဖြင့်။
ထို့နောက် လှေကားထစ်တွေပေါ်ကိုပါ စကိတ်နဲ့ ခုန်တက် ခုန်ဆင်း လုပ်ပြလိုက်သည်။
အကွက်တိုင်းက အလွန်သေသပ်ပြီး ပြီးပြည့်စုံသည်။
ချင်းယုမူက ယုံကြည်ချက် အပြည့်ဖြင့် စူစူလေးကို လှည့်ကြည့်လိုက်သည်။ စူစူလေးရဲ့ လေးစားအားကျနေသော မျက်လုံးလေးများကို မြင်ရဖို့ မျှော်လင့်ထားသည်။
သို့သော်လည်း စူစူလေးက သူ့ကို ကြည့်တောင် ကြည့်မနေပါ။
ဒီကလေးမလေး သူ့ကို ကြည့်တောင် မကြည့်ဘူးလား
သူ့အကွက်တွေ မမိုက်လို့လား
သူနဲ့ အတူတူကစားချင်တာ ဟုတ်ရောဟုတ်ရဲ့လား
ကစားမယ်ဆိုပြီး ဘာလို့ လျစ်လျူရှုထားတာလဲ
ဒီကလေးမလေးက တော်တော် အသည်းခွဲတတ်တဲ့ ကလေးမလေးပဲ
ခုနကမှ သူ့အပေါ် အရမ်းကောင်းပြပြီး အခုကျတော့ မသိချင်ယောင် ဆောင်နေတယ်!
ချင်းယုမူ၏ အံ့ဩမှင်သက်နေသော မျက်နှာကို ခပ်လှမ်းလှမ်းမှ ကြည့်ရင်း ချင်းယုကျီး သရော်ရယ်မောလိုက်သည်။
မူမူလေး ငတုံးကောင်!
အကြွားသန်ပြီး ဘာမှ ပြန်မရလိုက်ဘူးမလား!
စူစူလေးက သူ့ဖာသာသူ စကိတ်စီးရင်း ပျော်ရွှင်နေတာဖြစ်သည်။
မကြာသေးခင်က ထန်ထိုက်မင်နဲ့အတူတူ လေ့ကျင့်ထားတာတွေကြောင့် သူမ ခွန်အားကို ပိုမို ထိန်းချုပ်တတ်လာသည်။
ပင်လယ်ဂါနိုးဒါးမားကို ရှာဖွေဖို့ ပင်လယ်ထဲ ခုန်ချခဲ့သည့် အဖြစ်အပျက်ကစလို့ ယခု စကိတ်စီးသည့် အသေးအဖွဲ ကိစ္စတွေအထိ လေ့ကျင့်မှု၏ ရလဒ်ကို မြင်နိုင်သည်။
သေချာလေ့ကျင့်ပါက စူစူလေး စကိတ်စီး ပိုမိုကျွမ်းကျင်လာပြီး အကွက်သစ်တွေကိုတောင် ကိုယ်တိုင် ဖန်တီးနိုင်လာလိမ့်မည်။
ချင်းယုမူ မျက်လုံးပြူးကာ ဆွံ့အနေပါသည်။ စူစူလေး၏ ခပ်လန်းလန်း စကိတ်စီးနည်းများကို မှင်သက်စွာ ငေးကြည့်နေမိသည်။
သူတို့ အရင်တစ်ခေါက်က တွေ့ခဲ့ကြတာ မကြာသေးပါဘူး။ ဒီအချိန်တိုအတွင်း ဒီလောက်ထိ တိုးတက်သွားတာလား။
အံ့ဩဖို့ ကောင်းလိုက်တာ!
ပြီးတော့ သူက ကလေးလေးတစ်ယောက်ဆိုပေမယ့် အကွက်တွေပြတာ ဘာလို့ အရမ်းလှရတာလဲ
အရင်တစ်ခေါက်က မြင်ဖူးပြီးသားဖြစ်သော်လည်း နောက်တစ်ကြိမ်ထပ်မြင်လိုက်ရသောအခါ ချင်းယုမူ အံ့ဩ မှင်သက်မိဆဲဖြစ်သည်။
ဒီကလေးမလေးက ဘာလို့ ချစ်ဖို့လည်းကောင်း အရမ်းလည်း မိုက်နေရတာလဲ!
စူစူလေး လျစ်လျူရှုတာကို မကျေနပ်သော်လည်း စူစူလေးရဲ့ ဒီလိုပုံစံကို မြင်သောအခါ ချင်းယုမူ စိတ်ပျော့သွားခဲ့ပါသည်။
ချင်းယုမူ ရင်ထဲမှာ စူစူလေးအတွက် တိတ်တခိုး အားပေးနေသည်။ စူစူလေးရဲ့ ဖန်ဘွိုင်းလေးတောင် ဖြစ်နေပါပြီ။
စကိတ်ခဏစီးပြီးနောက် သူမကို စိုက်ကြည့်နေသည့် ချင်းယုမူကို စူစူလေး သတိထားမိသွားပြီး မေးလိုက်ပါသည်။ “မူမူလေး ဘာကြည့်နေတာလဲ”
“ငါ… ငါ…”။ လက်ပူးလက်ကြပ်မိသွားသဖြင့် ချင်းယုမူ ရှက်သွေးဖြာသွားသည်။
ချင်းယုကျီးက ရယ်မောလိုက်ပြီး ညှာတာမှုကင်းမဲ့စွာ ဝင်ပြောလိုက်သည်။ “ဒေါ်လေးစူစူ အရမ်းမိုက်နေတာကို ကြည့်ပြီး မူမူလေး မှင်သက်နေတာ။ အခုတော့ ရှက်သွားပြီ”
သူ့ဝမ်းကွဲညီ ဘယ်လောက် ခေါင်းမာပြီး ယှဉ်ပြိုင်လိုစိတ်ရှိသလဲဆိုတာ ချင်းယုကျီး ကောင်းကောင်းသိပါသည်။
“မ… မဟုတ်တာတွေ မပြောနဲ့! ဘာ…ဘာမှ မမှင်သက်ဘူး!”။ ချင်းယုမူ လိပ်ပြာမလုံစွာ ငြင်းဆန်လိုက်ပါသည်။
… … …
အခန်း(၈၆၇) မူမူလေးနဲ့အတူ ကစားခြင်း (၄)
ချင်းယုကျီးက ရယ်မောလိုက်ပြီး စူစူလေးကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပါသည်။
စူစူလေးလည်း နားလည်သွားသည်။
နားလည်ပြီ! မူမူလေးက ရှက်နေတာကိုး!
ဪ ကလေးလေးတွေ ရှက်တတ်တာ ပုံမှန်ပါပဲ။
ဒေါ်လေးဖြစ်တဲ့ သူမက နားလည်ပေးရမှာပေါ့!
ချင်းယုကျီးနဲ့ စူစူလေးတို့နှစ်ယောက်စလုံး စပ်ဖြီးဖြီးလုပ်နေတာကို မြင်ပြီး ချင်းယုမူ စိတ်ရှုပ်သွားသည်။ “ထင်ရာ လျှောက်တွေးမနေကြနဲ့! သူ့ကို မိုက်တယ်လို့ တကယ် မထင်ဘူး!’
သူ့ရည်ရွယ်ချက်က သူဘယ်လောက် မိုက်ကြောင်း စူစူလေးကို ပြသဖို့ ဖြစ်သည်။ အခုတော့ အခြေအနေက ပြောင်းပြန် ဖြစ်နေပါပြီ။
ချင်းယုမူ ငြင်းဖို့ ကြိုးစားလေလေ ချင်းယုကျီးပြောတာ မှန်သည်ဟု စူစူလေး ပိုယုံကြည်လာလေလေ ဖြစ်သည်။
စူစူလေး ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ “ငါက မိုက်ပါတယ်။ နင်လည်း မိုက်တယ်။ ငါတို့နှစ်ယောက်စလုံး အတူတူ မိုက်တယ်!”
“တကယ်လား”။ ချင်းယုမူ မျက်လုံးများ အရောင်တောက်သွားသည်။
သူတို့ နှစ်ယောက်စလုံး တကယ်မိုက်တာလား။
ချင်းယုမူ မျက်လုံးထဲ မြင်ယောင်ကြည့်လိုက်ရာ အလွန် သဘောကျသွားပါသည်။
ရုတ်ချည်းဆိုသလို စူစူလေးနဲ့ပတ်သတ်ပြီး သူပြောခဲ့တာတွေကို အကုန် မေ့သွားလေသည်။
“တကယ်ပေါ့!”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။
လူကြီးဖြစ်သည့်အတွက် လူငယ်တွေကို အားပေးအားမြှောက်ပြုရမည်။ ဒါမှ သူတို့ ယုံကြည်ချက် ရှိလာမည်ဖြစ်ပြီး အစွမ်းအစတွေ ပိုတိုးတက်လာမည်ဖြစ်သည်။
“အဲ့… အဲ့တာဆို ငါနင့်ကို ဖက်လို့ရလား”
အချိန်အတော်ကြာအောင် စဉ်းစားချင့်ချိန်ပြီးနောက် ချင်းယုမူ အရင်ကတည်းက တမ်းတနေသည့် ဆန္ဒတစ်ခုကို တောင်းဆိုလိုက်ပါသည်။
စူစူလေးကို သူဖက်ကြည့်ချင်တာ ကြာပြီဖြစ်သည်။ သို့သော် အကြောင်းအရင်းမျိုးစုံကြောင့် လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ပေ။
“ရတယ်!”။ စူစူလေးကလည်း မတွန့်ဆုတ်ဘဲ ချက်ချင်း သဘောတူလိုက်ပါသည်။
စိတ်ဖိစီးနေသည့် ချင်းယုမူတစ်ယောက် ချက်ချင်း စိတ်အေးသွားပါသည်။
စူစူလေးက ချင်းယုမူရှေ့ကို လျှောက်လာပြီး ခေါင်းမော့ကြည့်လိုက်သည်။
စူစူလေးကို ဖက်ရဖို့ဆို ချင်းယုမူ ခါးကုန်းရမှာဖြစ်သည်။ သူ့အရပ်နဲ့ စူစူလေးကို တိုက်ရိုက်ဖက်လို့ မရပါ။
သို့သော် ချင်းယုမူဘက်က စမလှုပ်ရှားချင်ပေ။ စူစူလေးဘက်မှာ သူ့ကို ခါးကုန်းခိုင်းမည့် အချိန်ကို စောင့်နေလိုက်ပါသည်။
ဒါမှ သူ့ပုံစံက အရမ်းဖက်ချင်နေသည့်ပုံစံ မပေါက်မှာဖြစ်သည်။
စူစူလေး အချိန်အတော်ကြာအောင် စောင့်နေသော်လည်း ချင်းယုမူက ဘာမှ မလှုပ်ရှားခဲ့ပါ။
မတတ်နိုင်ဘူးလေ၊ သူမဘက်ကပဲ ဦးဆောင်ပေးရမှာပေါ့!
ချင်းယုမူ ဘဝင်ခိုက်စွာ စောင့်နေစဉ် ရုတ်တရက်ဆိုသလို သူ့ခြေဖဝါးများ လေပေါ်မြောက်တတ်သွားသည်။
အောက်ကို ငုံ့ကြည့်လိုက်ရာ စူစူလေးက သူ့ခြေထောက်တွေကို မ,ပြီး ပွေ့ချီလိုက်တာဖြစ်သည်။
“နင်… နင်ဘာလုပ်တာလဲ”။ ချင်းယုမူ မျက်နှာ ဖြူရော်သွားပါသည်။
“ဖက်နေတာလေ!”။ စူစူလေး ပြန်ဖြေလိုက်သည်။
ဒီလိုဖက်တာ နည်းနည်းထူးဆန်းသော်လည်း သူမတာဝန်ကျေပြီ မဟုတ်လား။
“မဟုတ်ဘူး… ဒါဖက်တာ မဟုတ်ဘူး!’။ ချင်းယုမူ ချက်ချင်း တားလိုက်သည်။ “ငါ့ကို အမြန်အောက်ချပေးစမ်း!”
“ဪ”
စူစူလေးလည်း ချင်းယုမူကို အောက်ပြန်ချပေးလိုက်ပါသည်။
“ဖက်လို့ပြီးပြီ။ ဆက်ကစားကြရအောင်!”။ စူစူလေးက ပြန်ကစားဖို့ အသင့်ပြင်နေပြီဖြစ်သည်။
“အဲ့… အဲ့တာ ဘယ်လိုဖက်လိုက်တာလဲ။ သူများကို ခြေထောက်ကနေ မ,ပြီး ဖက်တာမျိုး ရှိလို့လား”
ချင်းယုကျီးက အမှန်တရားကို ဝင်ပြောလိုက်ပါသည်။ “မူမူလေး ဟန်ဆောင်မနေစမ်းပါနဲ့။ မင်းဖာသာမင်း ခါးကုန်းမပေးတာလေ။ ဒီတိုင်းကြီး ကျောက်ရုပ်လို မတ်တပ်ရပ်နေမှတော့ စူစူလေးက အဲ့လိုပဲ ဖက်လို့ရတာပေါ့!”
ခွေးကောင်လေး!
စူစူလေးကိုလည်း ဖက်ချင်သေးတယ် ပဲကလည်း များနေသေးတယ်!
အခွင့်အရေးကို လက်လွှတ်လိုက်ရတာ နည်းတောင်နည်းသေး!
“ငါ… ငါအတွေးလွန်သွားလို့ပါ!”။ ချင်းယုမူ မျက်နှာ နီရဲသွားပါသည်။
ဒီကလေးမလေး ဒီလောက် လက်ရဲဇက်ရဲနိုင်လိမ့်မည်ဟု ထင်မထားခဲ့ပါ။
သူမသာ တစ်ခုခုပြောလျှင် ချင်းယုမူ ကျိန်းသေပေါက် ခါးကုန်းပေးမည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမလို ချစ်စရာကောင်းပြီး နူးညံ့သည့် ကလေးမလေးကို ဖက်ရမှာပဲ မဟုတ်လား။
ချင်းယုကျီးက လူယုတ်မာအပြုံးဖြင့် ဝင်ပြောလိုက်ပါသည်။ “အဲ့တာ မင်းပြဿနာလေကွာ။ ငါတို့ ဒေါ်လေးစူစူရဲ့ ပြဿနာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် မင်းကို ဒေါ်လေးစူစူ ဖက်ပြီးသွားပြီ”
… … …
အခန်း(၈၆၈) မူမူလေးနဲ့အတူ ကစားခြင်း (၅)
ချင်းယုကျီးက ချင်းယုမူကို အခွင့်အရေး ထပ်ပေးမှာ မဟုတ်ပါ။
ပြောပြောဆိုဆိုနဲ့ စူစူလေးကို ချင်းယုကျီး ပွေ့ချီလိုက်သည်။ “ဒီနေ့ ကစားတာ တော်လောက်ပြီ ဒေါ်လေး။ ဟိုဘက်အိမ်က ကိုကြီးဆီ သွားလည်ဖို့အချိန်ရောက်ပြီ။ ဒီ ၂ ရက်အတွင်း သူ့လေ့ကျင့်ခန်းတွေက ပိုခက်လာတယ်လေ။ သူလေ့ကျင့်ခန်းလုပ်နေတုန်း အနားမှာ အဖော်လုပ်ပေးမယ်လို့ ဒေါ်လေးစူစူ ကတိပေးထားတယ် မဟုတ်ဘူးလား”
“ဟုတ်သားပဲ ဟုတ်သားပဲ! ကိုကြီးဆီ သွားရမယ်!”။ စူစူလေး ချက်ချင်း သတိရသွားပါသည်။
“အင်း ငါလည်း လိုက်ခဲ့မယ်”။ စူစူလေးကိုချီပြီး ချင်းယုကျီး ခြံတံခါးဆီ လျှောက်သွားလိုက်ပါသည်။
ချင်းယုမူက သူတို့ လမ်းကို ပိတ်ရပ်လိုက်သည်။ “နေဦး!”
“ဘာဖြစ်လို့လဲ မူမူလေး”။ ချင်းယုကျီးက နားမလည်ချင်ယောင် ဆောင်ကာ မေးလိုက်သည်။
“ငါ… ငါလည်း လိုက်ခဲ့မယ်”။ ချင်းယုမူ တိုးညှင်းစွာ ပြောလိုက်ပါသည်။
“မင်းလည်း လိုက်ချင်တယ်ပေါ့ ဟုတ်လား။ ဘာလို့လဲ။ မင်းမှ ဒေါ်လေးစူစူကို သဘောမကျတာ”။ ချင်းယုကျီး ရူးချင်ယောင် ဆက်ဆောင်နေပါသည်။
“သူ့ကို သဘောမကျဘူးလို့ ဘယ်သူပြောလို့လဲ!”။ ချင်းယုမူ ပြန်ချေပလိုက်သည်။
“အဲ့တာဆို ဒေါ်လေးစူစူကို သဘောကျတယ်ပေါ့”။ ချင်းယုကျီးက အဖြေတိတိကျကျ လိုချင်နေပါသည်။
စူစူလေးကလည်း မျက်လုံး လုံးလုံးဝိုင်းဝိုင်းလေးများဖြင့် ချင်းယုမူကို ကြည့်ပြီး အဖြေကို စောာင့်နေပါသည်။
ချင်းယုမူ စိတ်ချောက်ချားသွားသည်။
သူမကို သဘောမကျဘူးဟု ပြောလိုက်လျှင် စူစူလေး ဒေါသထွက်သွားပြီး သူ့ကို တစ်သက်လုံး လျစ်လျူရှုသွားနိုင်သည်။
ချင်းယုကျီး၏ လူယုတ်မာအပြုံးကို ကြည့်ပြီး သူ့ဝမ်းကွဲအစ်ကို တစ်ခုခုကြံစည်နေတာဖြစ်မှန်း ချင်းယုမူ သိလိုက်ပါသည်။
ဒီလိုမေးခွန်း တမင်တကာမေးပြီး စူစူလေးနဲ့ ရန်တိုက်ပေးနေတာဖြစ်မည်။ ဒါမှ စူစူလေးကို သူတစ်ယောက်တည်း အပိုင်သိမ်းနိုင်မှာ မဟုတ်လား!
ဆုတောင်းလေ! အဲ့လိုလုပ်ခွင့်ပေးမယ် ထင်လို့လား!
“သဘောကျတာပေါ့! သူက ချစ်ဖို့လည်းကောင်းတယ် မိုက်လည်း မိုက်တယ်! သဘောမကျဘဲ နေမလား”။ ချင်းယုမူ ပြတ်ပြတ်သားသား ပြောလိုက်ပါသည်။
ရင်ထဲမှာလည်း ကိုယ့်ကိုယ်ကိုယ် နှစ်သမ့်လိုက်သည်။
သူ့ဝမ်းကွဲအစ်ကိုရဲ့ အကြံအစည် မအောင်မြင်စေချင်လို့ ပြောလိုက်တာ! ဒီကလေးမလေးကို သူအရှုံးပေးလိုက်တာ မဟုတ်ဘူး!
“ဟုတ်လား”။ ချင်းယုကျီးက ကျေနပ်သွားသည့်မျက်နှာဖြင့် ပြောလိုက်သည်။ “ဒေါ်လေး၊ အခု မူမူလေးနဲ့ အရင် ကစားပြီး ခဏနေမှ ကိုကြီးဆီ သွားကြရအောင်လေ”
“ဟုတ်ပြီ!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။
ကိုကြီးက အလွန်အရေးကြီးသော်လည်း သူမက ဘက်မလိုက်တတ်သော ဒေါ်လေးဖြစ်သဖြင့် တူတွေကိုလည်း အချိန်ပေးရပါမည်။
--- --- ---
အချိန်အတန်ကြာအောင် စုံစမ်းခဲ့ပြီးနောက် ဟဲပေမူ၏ တစ်နေ့တာ လုပ်ငန်းများအကြောင်း ထန်ထိုက်မင်ရဲ့ လက်အောက်ငယ်သားများ သိရှိခဲ့ကြသည်။
ထိုကောင်လေးက တစ်နေကုန် စူစူလေးရဲ့ ဘော်ဒီဂတ်လိုက်လုပ်ပေးတာကလွဲပြီး တခြား ဘာမှ မလုပ်သလောက်ပင်။
သူ့ပုံစံက အသက်် ၁၆ နှစ်အရွယ် ကောင်လေးနဲ့ မတူဘဲ အသက် ၆၀ အရွယ် ရသေ့တစ်ပါးနဲ့ ပိုတူသည်။
ထို့ကြောင့် သူ့ကို ထန်ထိုက်မင် ဖမ်းဆီးနိုင်ဖို့ ပိုမို ခက်ခဲသွားနိုင်ပါသည်။
ထန်ထိုက်မင်က လက်အောက်ငယ်သားတွေရဲ့ ကျရှုံးမှုကို ထပ်ပြီး သည်းခံနေမှာ မဟုတ်လောက်ပါ။ ထပ်ပြီး ကျရှုံးသွားပါက ထန်ထိုက်မင်ရှေ့မှာ သူတို့မျက်နှာကို ပြရဲတော့မှာ မဟုတ်ပေ။
ထို့ကြောင့် အာ့ချောင်နဲ့ သူ့အဖွဲ့ အချိန်အတော်ကြာအောင် အစီအစဉ် ဆွဲခဲ့သည်။ သို့သော်လည်း အစီအစဉ်က သိပ်ပြီး အဆင်မပြေပါ။
တခြားသူတွေ သူတို့အစီအစဉ်ကို ဝင်ဖျက်ဆီးမှာ စိုးရိမ်ရသည်။ ချင်းစူစူရဲ့ဘေးမှာ ထူးခြားသည့် လူတွေ အများကြီး ရှိနေပါသည်။
ချင်းစူစူဘေးကလူတွေကို ဘယ်လို ဖယ်ထုတ်ရမလဲ ခေါင်းကိုက်ခံပြီး စဉ်းစားနေစဉ် အိမ်ရာဝင်ပေါက်ရှေ့မှာ ယောင်လည်လည်လုပ်နေသည့် ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ကို အာ့ချောင် မြင်သွားသည်။ သူတို့နှစ်ယောက်က ချင်းမိသားစုနေထိုင်သည့် အိမ်ရာထဲ ခိုးဝင်ဖို့ ကြံစည်နေကြတာ ကြာပြီဖြစ်သည်။
ခပ်လှမ်းလှမ်းမှ သူ့အကြားအာရုံကို အသုံးချပြီး ထိုလင်မယား၏ စကားများကို အာ့ချောင် ခိုးနားထောင်လိုက်ပါသည်။
ခေတ္တနားထောင်ပြီးနောက် ဒီလင်မယား ဘာတွေ ကြံစည်နေသလဲဆိုတာ အာ့ချောင် နားလည်သွားသည်။ အာ့ချောင် စိတ်ထဲ အကြံကောင်းတစ်ခု ပေါ်လာခဲ့ပါသည်။
ထို့နောက် ဖုန်းကို ယူလျက် လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။
“ချင်းကျင်းဖန်နဲ့ သူ့မိန်းမကို အိမ်ရာထဲ ဝင်ခွင့်ရအောင် လုပ်ပေးလိုက်”
… … …
အခန်း(၈၆၉) ဦးနှောက်မရှိတဲ့ လင်မယား
ဖုန်းချလိုက်ပြီးနောက် အာ့ချောင် မျက်နှာပေါ်က တင်းမာမှုများ အနည်းငယ် ပြေလျော့သွားခဲ့သည်။
ဦးနှောက်မရှိသည့် ဒီလင်မယားက အသုံးဝင်လိမ့်မည်ဟု သူထင်မထားခဲ့ပါ။
အာ့ချောင် ဖုန်းဆက်လိုက်ပြီး သိပ်မကြာလိုက်ဘဲ အိမ်ရာစီမံရေး မန်နေဂျာတစ်ဦးသဖွယ် ဝတ်ဆင်ထားသူ တစ်ယောက်က အိမ်ရာရှေ့ကို ထွက်လာပြီး ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ကို အထဲ ကြိုဆိုလိုက်ပါသည်။
ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ အံ့အားသင့်ကာ ကြက်သေသေကုန်ကြသည်။
ဘာတွေဖြစ်နေတာလဲ။ ဒီအိမ်ရာမန်နေဂျာကြီးက ဘာလို့ ချက်ချင်း အချိုးပြောင်းသွားတာလဲ။
မနက်ကမှ သူတို့ကို သူတောင်းစားတွေလို့ ဆဲသွားသေးတယ်။ အခုတော့ ကိုယ်တိုင်တောင် ထွက်ကြိုဆိုနေတာလား။
ချင်းကျင်းဖန်က မန်နေဂျာကြီး၏ လက်ကို ဆွဲကာ မေးလိုက်သည်။ “ဘယ်လိုဖြစ်တာလဲ။ ငါ့အစ်ကိုကြီး စိတ်ပြောင်းသွားပြီလား”
မန်နေဂျာကြီးက ဆန်းကျယ်စွာ ပြုံးလိုက်သည်။ “ခင်ဗျားအစ်ကိုကြီး စိတ်ပြောင်းသွားလို့ မဟုတ်ပါဘူး။ ဘော့စ် တစ်ယောက်ရဲ့ အမိန့်ကြောင့်ပါ။ ဝင်စရာရှိတာ ဝင်လေ”
ထို့နောက် မန်နေဂျာ လှည့်ထွက်သွားပြီး သူတို့လင်မယားနှစ်ယောက်ကို စိတ်တောင် မဝင်စားတော့ပါ။
သူ့တာဝန်က ဒီနှစ်ယောက်ကို အိမ်ရာထဲ ဝင်ခွင့်ပေးလိုက်ဖို့သာဖြစ်ပြီး အထဲမှာ သူတို့လုပ်သမျှကို မျက်ကွယ်ပြုပေးဖို့ ဖြစ်သည်။
ကျန်တာ သူနဲ့ ဘာမှ မဆိုင်ပေ။
ဘယ်သူ့ကျေးဇူးကြောင့်မှန်း မသိသော်လည်း ယခု အိမ်ရာထဲကို ရောက်နေကြပြီဖြစ်သဖြင့် ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ဒီအခွင့်အရေးကို အဆုံးရှုံး မခံချင်ကြပေ။
“မြန်မြန်လာ! ချင်းမိသားစုဆီမှာ လုပ်စရာရှိတာ သွားလုပ်ကြမယ်။ အိမ်မှာ ကျွန်မတို့သား စောင့်နေတယ်!”။ ဟုံပေါင်ကျူး အလောတကြီး ပြောလိုက်လေသည်။
ဟုံပေါင်ကျူးက လက်တစ်ဖက်မှာ ကြက်ဥခြင်းတစ်ခြင်းကို ကိုင်ထားပြီး နောက်တစ်ဖက်မှာတော့ နွမ်းနေသည့် ဟင်းသီးဟင်းရွက်တွေကို ကိုင်ထားပါသည်။
ဒီဟင်းသီးဟင်းရွက်များကို ကျေးရွာဘက်မှ ဝယ်ခဲ့တုန်းက လတ်ဆတ်သော်လည်း အချိန်အတော်ကြာသည်အထိ အိမ်ရာထဲ ဝင်ခွင့်မရခဲ့တာကြောင့် အကုန်နွမ်းနေပြီ ဖြစ်သည်။
လင်မယားနှစ်ယောက် ချင်းအိမ်တော်သို့ အမြန်ရောက်လာကြသည်။
ချင်းအိမ်တော် ခြံရှေ့မှာ မတ်တပ်ရပ်လျက် ချင်းကျင်းဖန်က လုံခြုံရေး ကင်မရာကို ကြည့်ကာ ပြောလိုက်သည်။ “ငါတို့ ဆရာကြီးရှုယီကို လာတွေ့တာ။ ကျေးဇူးပြုပြီး သူ့ကို ခေါ်ပေးပါ”
မော်နီတာကို စောင့်ကြည့်နေကြသည့် အိမ်စေတွေလည်း ကြောင်စီစီဖြစ်သွားသည်။ ဒီလင်မယားနှစ်ယောက်ကို အိမ်ရာက ဘာကြောင့် ဝင်ခွင့်ပေးလိုက်တာလဲ နားမလည်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ချင်းကျင်းဖန်တို့ လင်မယား တောင်းဆိုတာကို အိမ်စေတွေ လျစ်လျူရှုလိုက်ပါသည်။
ဘယ်သူမှ မတုန့်ပြန်တာကို မြင်သောအခါ ချင်းကျင်းဖန် စတင်သောင်းကျန်းလေသည်။ “သခင်အားရ ကျွန်ပါးဝနေတဲ့ အစေခံတွေ! ဆရာကြီးရှုယီကို ခေါ်ပေးလို့ပြောနေတာကို ခေါ်ပေးလေ။ ဘာလို့ မသိချင်ယောင် ဆောင်နေတာလဲ”
“ဟုတ်တယ်!”။ ဟုံပေါင်ကျူးကလည်း ငေါက်လိုက်သည်။ “နင်တို့က အိမ်ဖော်တွေ ခြံစောင့်တွေ မဟုတ်ဘူးလား။ ကိုယ့်ကိုယ်ကိုယ် ဘာထင်နေကြတာလဲ”
ခြံရှေ့မှာ ခဏလောက် သောင်းကျန်းပြီးနောက် ရင်းနှီးနေသော လူရိပ်တစ်ခုကို ချင်းမိသားစုခြံထဲမှာ ချင်းကျင်းဖန်တို့ လင်မယား မြင်သွားကြသည်။
“ယောက်ျား၊ အဲ့တာ ယွင်ယွင်လေးမလား”။ ဟုံပေါင်ကျူး မေးလိုက်သည်။
“ဟုတ်တယ်! အဲ့တာ ယွင်ယွင်လေးပဲ! အရပ်နည်းနည်းပိုရှည်လာပေမယ့် သေချာပေါက် ယွင်ယွင်လေးပဲ!”။ ချင်းကျင်းဖန် အတည်ပြုလိုက်သည်။
သူတို့ ပျိုးထောင်ခဲ့သည့် ကလေးဖြစ်သဖြင့် လူမှားစရာ အကြောင်းမရှိပါ။
“မြန်မြန် ယွင်ယွင်လေးကို ခေါ်ပြီး တံခါးဖွင့်ခိုင်းလိုက်!”။ ချင်းလောင်ယွင်ဆိုတာ သေချာသောအခါ ဟုံပေါင်ကျူး အမြန်ပြောလိုက်လေသည်။
ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ခြံတံခါးကြီးကို ကိုင်လျက် ချင်းလောင်ယွင်၏ နာမည်ကို အော်ခေါ်လိုက်ကြသည်။ “ယွင်ယွင်ရေ! ယွင်ယွင်လေး!”
အော်သံများကြောင့် ကစားနေကြသည့် စူစူလေးတို့အဖွဲ့ အာရုံပျက်သွားသည်။
ကလေး ၃ ယောက်နဲ့ ခွေးတစ်ကောင်၊ ကြောင်တစ်ကောင်တို့ ခြံဘက်ကို လှည့်ကြည့်လိုက်ကြသည်။
ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ကို မြင်သောအခါ ချင်းလောင်ယွင်၏ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားပြီး စူစူလေးနဲ့ ဟွော်ထျင်းတို့နောက် အမြန် ဝင်ပုန်းလိုက်လေသည်။
“ဒေါ်လေးစူစူ… ဘယ်လိုလုပ်ရမလဲ”
ကြက်ပေါက်လေးတစ်ကောင်လို ကြောက်လန့်နေသည့် ချင်းလောင်ယွင်ကို ကြည့်ကာ ဟွော်ထျင်း ဝေဖန်လိုက်ပါသည်။ “ဘာတွေကြောက်နေတာလဲ။ သူတို့က နင့်ကို အကောင်လိုက် စားပစ်မှာမို့လို့လား”
… … …
အခန်း(၈၇၀) ပြိုကွဲနေတဲ့ ချင်းမိသားစုဝင်တွေကို မလိုအပ်ဘူး
“ဒါ… ဒါပေမယ့် သူတို့က ငါ့အဘိုးနဲ့အဘွားလေ”။ ချင်းလောင်ယွင် တိုးညှင်းစွာ ရှင်းပြလိုက်သည်။
“နင့်အဘိုးအဘွားတွေဆို ပိုတောင် မကြောက်သင့်သေးတယ်!”။ ချင်းလောင်ယွင် အလွန်ကြောက်တတ်သည်ဟု ဟွော်ထျင်း တွေးလိုက်ပါသည်။
“အဲ့လိုမဟုတ်ဘူး…”။ ချင်းလောင်ယွင် ငြင်းလိုက်သည်။ သို့သော် ဟွော်ထျင်း နားလည်အောင် ဘယ်လို ရှင်းပြရမလဲ မသိပါ။
သူမ အဘိုးအဘွားတွေကို ကြောက်နေရခြင်းက သူမကို ပြန်ခေါ်သွားမှာ စိုးရိမ်တာကြောင့်ဖြစ်ပြီး သူမအမေကိုလည်း ထပ်ရိုက်ကြမှာ စိုးရိမ်သည်။
သူမကို ကားပေါ်က ပစ်ချရဲသည့် သူမ အဖေကို ထပ်တွေ့ရမှာ ကြောက်နေတာ ဖြစ်ပါသည်။
ချင်းလောင်ယွင် ကြောက်နေတာကို မြင်ပြီး စူစူလေး မတ်တပ်ရပ်ကာ ခြံတံခါးဆီ လျှောက်သွားလိုက်သည်။ ထို့နောက် ခြံပြင်က လူနှစ်ယေက်ကို အော်ဟစ်လိုက်ပါသည်။ “သွားကြစမ်း! နင်တို့ကို မကြိုဆိုဘူး! ထပ်အော်နေရင် ရိုက်ပစ်မှာနော်!”
ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့က စူစူလေးကို အနည်းငယ် ကြောက်လန့်နေဆဲဖြစ်သည်။
သို့သော်လည်း သူတို့ ရင်ဆိုင်နေရသည့် လက်ရှိအခက်အခဲနဲ့ ယှဉ်လိုက်ရင်တော့ ထိုကြောက်ရွံ့မှုက ဘာမှ မပြောပလောက်တော့ပါ။
သူတို့သားအတွက်၊ သူတို့လင်မယားနှစ်ယောက်ရဲ့ အနာဂတ်အတွက် စွန့်စားမှ ဖြစ်မည်။
ထို့ကြောင့် ချင်းကျင်းဖန် သတ္တိမွေးလျက် စူစူလေးကို ချော့ပြောလိုက်ပါသည်။ “စူစူလေး သမီးလေး ဒေါသမထွက်ပါနဲ့။ ယွင်ယွင်လေးကို ပြဿနာ လာရှာတာမဟုတ်ပါဘူး။ စူစူလေးရဲ့ မုတ်ဆိတ်ဖြူဘိုးဘိုးကြီးကို တွေ့ချင်လို့ လာခဲ့တာလေ”
“နင်တို့ကို သဘောမကျဘူး။ ဝေးဝေးသွားကြ!”။ စူစူလေး ထပ်မောင်းထုတ်လိုက်သည်။
“စူစူလေးကလည်း။ သမီးရဲ့ ဝမ်းကွဲအစ်ကို ချင်းချန်းကျစ် ဒဏ်ရာတွေ အပြင်းအထန်ရထားတာလေ။ သူ့ကို ဆေးသေချာ မကုပေးနိုင်ရင် တစ်သက်လုံး ဒုက္ခိတ ဖြစ်သွားတော့မှာ။ သူအရင်က မကောင်းတာတွေလုပ်ခဲ့မှန်း ဝန်ခံပါတယ်။ ဒါပေမယ့် စူစူလေးနဲ့ မျိုးရိုးနာမည်ချင်း အတူတူပဲလေ။ သူလည်း ချင်းမိသားစုဝင်ပဲဥစ္စာ။ ဘိုးဘေးတွေရဲ့ မျက်နှာကို ထောက်ပြီး ကျေးဇူးပြုပြီး ကူညီပေးပါနော်!”
စူစူလေးက ငယ်ရွယ်ပြီး အမေ့လွယ်ကာ မိသားစုကို တန်ဖိုးထားတတ်သဖြင့် အယုံသွင်းနိုင်လိမ့်မည်ဟု ချင်းကျင်းဖန် တွေးထားပါသည်။
“ပြိုကွဲနေတဲ့ ချင်းမိသားစုဝင်တွေကို အလိုမရှိဘူး!”။ ချင်းချန်းကျစ်ကို ချင်းမိသားစုဝင်တစ်ယောက်ဟု စူစူလေး လက်မခံနိုင်ပါ။
ဘိုးဘေးတွေ တူညီလည်း ဂရုမစိုက်ပေ။ မလိမ္မာသည့် မိသားစုဝင်တွေကို သူမ မလိုချင်ပါ။
“ဘာကို ပြိုကွဲတာလဲ။ နင်တို့ကမှ ပြိုကွဲတာ! ငါ့သားက ဒီတိုင်း နာမကျန်းဖြစ်နေလို့ ဆေးကုဖို့ပဲ လိုတာ။ နင့်ပါးစပ်ပုပ်နဲ့ နိမိတ်မရှိတဲ့စကားတွေ မပြောနဲ့နော်!”
“ပြောတော့ဘာဖြစ်လဲ! မိသားစုပြိုကွဲနေတာ! အပုပ်ကောင်ကြီး! အသုံးမကျတဲ့ကောင်ကြီး! ဒုက္ခိတကြီး!”။ စူစူလေး ထပ်ငေါက်လိုက်သည်။
“မဟုတ်တာတွေ မပြောနဲ့! ငါ့သားက ဘာမှမဖြစ်ဘူး။ ငါတို့ကို မြေးတစ်ယောက်တောင် မွေးပေးဦးမှာ! ဘာဒုက္ခိတမှ မဟုတ်ဘူး!”။ ဟုံပေါင်ကျူးကလည်း ကျယ်လောင်စွာ ပြန်အော်လိုက်ပါသည်။
ဟွော်ထျင်းလည်း အပြေးရောက်လာပြီး စူစူလေးဘက်မှ ကူပြောပေးလိုက်သည်။ “စူစူလေးပြောတာမှန်တယ်! သူက ဒုက္ခိတကြီး! မြေးတစ်ယောက် မွေးပေးဦးမယ် ဟုတ်လား! သားယောက်ျားလေးမွေးတိုင်း သမီးမိန်းကလေးထက် ပိုသာတယ်လို့ ထင်နေတဲ့ ဉာဏ်ရည်နိမ့်တဲ့လူတွေ! ခင်ဗျားတို့က ဘာမြေးနဲ့မှ မထိုက်တန်ဘူး!’
“ခွေးကောင်လေး! နင်ဘာတွေ ဝင်ပြောနေတာလဲ မိုက်ရိုင်းလှချည်လား! တော်တော်ရိုင်းစိုင်းတဲ့ဟာတွေပဲ!”။ ဟုံပေါင်ကျူး အလွန်ဒေါသပေါက်ကွဲသွားသည်။
ခြံအပြင်ဘက်မှာ ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့က အလွန်ကျယ်လောင်စွာ အော်ဟစ်သောင်းကျန်းနေသည်။
ခြံထဲမှာလည်း ကလေး ၃ ယောက်နဲ့ တိရိစ္ဆာန် ၂ ကောင်က အသံပေါင်းစုံထွက်ကာ ပြန်တုန့်ပြန်နေပါသည်။ ရုတ်တရက်ကြည့်လိုက်လျှင် စစ်မြေပြင်ဟု ထင်ရပြီး အိမ်နီးချင်းတွေပါ ကြားကုန်ကြသည်။
အချိန်တိုအတွင်း ချင်းအိမ်တော်ရှေ့သို့ စပ်စပ်စုစု လူတွေ အများကြီး ရောက်လာကြလေသည်။
ချင်းမိသားစု အိမ်စေတွေလည်း ထွက်လာကြပြီး စူစူလေးတို့ဘက်မှ စစ်ကူပေးကာ ချင်းကျင်းဖန်တို့ လင်မယားကို ရန်တွေ့လေသည်။
ခြံရှေ့မှာ ဗရုတ်သုက္ခဖြစ်နေစဉ် အာ့ချောင်နဲ့ သူ့အဖွဲ့က ချင်းအိမ်တော် နောက်ဖေးမှ တဆင့် အိမ်ထဲကို တိတ်တဆိတ် ဝင်ရောက်လာခဲ့ကြသည်။
ချင်းမိသားစု၏ လုံခြုံရေးစနစ်ကို ဖြတ်ကျော်ကာ သူတို့ရဲ့ ပစ်မှတ်ဖြစ်သူ ဟဲပေမူထံသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်ကြပါသည်။
… … …