အခန်း (၈၇၁-၈၇၅)
Vol. 35 Ch. 871-875
အခန်း(၈၇၁) တီဗွီရှိုးထဲကအတိုင်း
လောလောဆယ် ဟဲပေမူက ခြံဝန်းထဲရှိ ခြုံပုတ်တစ်ခုထဲမှာ ပုန်းအောင်းနေပါသည်။
ဟဲပေမူက အမြဲတမ်းလိုလို စူစူလေးနဲ့ မလှမ်းမကမ်းမှာ ရှိနေတတ်သည်။ သို့သော် စူစူလေးကတော့ သတိမထားမိပါ။
သူ့အနံ့ကို ရင်းနှီးနေသည့် ဟူကျစ်ကလွဲလို့ တခြားဘယ်သူမှ သူ့ကို အလွယ်တကူ မရှာဖွေနိုင်ကြပေ။
ယခု ခြံရှေ့မှာ ဆူညံပွက်လောရိုက်နေသော်လည်း သူ့အလုပ်မဟုတ်ပါ။ ဘယ်လောက်ပဲ ကျယ်လောင်နေပါစေ စူစူလေး အသက်အန္တရာယ်မရှိသရွေ့ သူစိတ်ပူစရာမလိုပေ။
ဟုံပေါင်ကျူး၏ အော်သံက ကျယ်သထက် ကျယ်လောင်လာပါသည်။ “အရိုင်းအစိုင်း သောက်ကလေးလေးတွေ! နင်တို့နဲ့ ရန်ဖက်မဖြစ်ချင်တော့ဘူး! နတ်ဆေးသမားတော်ကြီးကို ခေါ်ပေးစမ်း!”
ချင်းမိသားစု လူကြီးတွေ ရောက်လာပါက သူတို့ မောင်းထုတ်ခံရမှာကို ဟုံပေါင်ကျူးသိပါသည်။ ဒီလို ရှားပါး အခွင့်အရေး အလကားဖြစ်သွားလို့ မရပေ။
“ဦးလေးပိုင်ဟူကျစ်နဲ့ တွေ့ခွင့်မပေးဘူး!”။ စူစူလေးကလည်း ပြတ်ပြတ်သားသား ငြင်းလိုက်ပါသည်။
“သောက်ကလေးမလေး! နတ်ဆေးသမားတော်ကြီးကို ခေါ်ပေးလို့ ပြောနေတာ နားမလည်ဘူးလား!”။ ချင်းကျင်းဖန်လည်း အလွန်စိတ်ဖိစီးလာပါသည်။
စကားဖြင့်ပြောလို့ အလုပ်မဖြစ်မှန်း မြင်သဖြင့် လူတွေစုစုရုံးရုံးဖြစ်လာချိန် ဟုံပေါင်ကျူး ကျွမ်းကျင်ရာ လှည့်ကွက်ကို ထုတ်သုံးလိုက်ပါသည်။
မြေကြီးပေါ် ချက်ချင်း ထိုင်ချလိုက်ပြီး အော်ကြီးဟစ်ကျယ် ငိုကြွေးလေတော့သည်။ “ဘုရားဘုရား! ငါ့ဘဝ တော်တော် ဆိုးပါလား! ဒီသားလေးတစ်ယောက်တည်း ရှိတာကို အခုတော့ ဒုက္ခိတဖြစ်တော့မယ့် အခြေအနေ ရောက်နေပြီ! သူ့ကို နတ်ဆေးသမားတော်ကြီးပဲ ကယ်တင်ပေးနိုင်မှာ! အဲ့ဒီ နတ်ဆေးသမားတော်ကြီးကိုလည်း ဝေးဝေးသွားရှာနေစရာ မလိုဘူး။ ဟော့ဒီ ငါ့ယောက်ျား အစ်ကိုအရင်းခေါက်ခေါက်ရဲ့ အိမ်မှာ ရှိနေတာ။ ငါတို့ကို တွေ့ခွင့်မပေးနိုင်ဘူးတဲ့! ကြားလို့မှ ကောင်းကြသေးရဲ့လား!”
ဟုံပေါင်ကျူးက သူမပေါင်နှစ်ဖက်ကို လက်ဖြင့်ထောင်းရင်း ထပ်အော်လိုက်သည်။ “ငါ့သားလေးကိုသာ လူကောင်းဖြစ်အောင် မကုပေးနိုင်တော့ဘူးဆိုရင် ငါလည်း အသက်မရှင်ချင်တော့ဘူး!”
“ခင်ဗျား… မြေကြီးပေါ်မှာ ဘာထိုင်လုပ်နေတာလဲ”။ ဟုံပေါင်ကျူး၏ အပြုအမူကြောင့် ဟွော်ထျင်း ကြက်သေသေသွားသည်။
ဒီလို မြင်ကွင်းမျိုးကို ဟွော်ထျင်း တစ်ခါမှ မမြင်ဖူးသဖြင့် ပြောစရာစကား ပျောက်ဆုံးသွားပါသည်။
စူစူလေးက ဟုံပေါင်ကျူးကိုကြည့်ကာ ၂ စက္ကန့်လောက် စဉ်းစားလိုက်ပြီး ရုတ်တရက် အိမ်ထဲ ပြန်ပြေးဝင်သွားသည်။
ခဏကြာတော့ လက်ထဲမှာ ကြေးမောင်းကြီးတစ်ခုကိုင်ပြီး ပြန်ထွက်လာပါသည်။
ထို့နောက် နံရံမှာ ကြေးမောင်းကြီးကိုကပ်လျက် သူမလက်ဖြင့် တီးလိုက်သည်။ “ပြပွဲနော်! အားလုံးအတွက် ပြပွဲ!”
စူစူလေး၏ အသံက ကလေးဆန်သော်လည်း အံ့ဩဖို့ကောင်းလောက်အောင် မာန်ပါ,ပါသည်။
အားလုံး ကြက်သေသေသွားကြသည်။ ဟွော်ထျင်းနဲ့ ချင်းလောင်ယွင်တို့တောင် နားမလည်နိုင်တော့ပါ။
“စူစူ နင်ဘာလုပ်နေတာလဲ”။ ဟွော်ထျင်း မေးလိုက်သည်။
“တီဗွီရှိုးထဲကအတိုင်း လုပ်နေတာ!”။ စူစူလေး ရှင်းပြလိုက်သည်။
“တီဗွီရှိုးဟုတ်လား။ ဘယ်လို တီဗွီရှိုးတုန်း”။ ဟွော်ထျင်း ထပ်မေးလိုက်သည်။
“မသိဘူး။ မမလှလှကတော့ အဲ့တီဗွီရှိုးကို အမြဲကြည့်နေတာပဲ!”
ထိုသို့ပြောပြီးနောက် ကြေးမောင်းကြီးကို တစ်ကြိမ် နှစ်ကြိမ်လောက် ထပ်တီးလျက် စူစူလေး ထပ်အော်လိုက်သည်။ “ကျော်မသွားကြနဲ့! ကျော်မသွားကြနဲ့နော်!”
ထိုမြင်ကွင်းကို မြင်ပြီး လူတွေ ရယ်မောကုန်ကြသည်။ ချင်းမိသားစုရဲ့ ကလေးမလေးက တော်တော် ထူးဆန်းတာပဲ!
ထို့နောက် ဟုံပေါင်ကျူးကို ကြည့်လျက် စူစူလေး ပြောလိုက်ပါသည်။ “နင့်ဖာသာနင် ပေါင်ထောင်းပြီး ဆက်ငိုနေလိုက်။ နင့်ကို ကြည့်ဖို့အတွက် လူတွေ ခေါ်ပေးမယ်!”
စူစူလေးရဲ့ တုန့်ပြန်မှုကြောင့် ဟုံပေါင်ကျူး ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ခဏကြာမှ သူမ အသိစိတ်ပြန်ဝင်လာပြီး စူစူလေးကို စွပ်စွဲလိုက်သည်။ “နင်တော်တော် နှလုံးသားမရှိတာပဲ! နင့်ဝမ်းကွဲအစ်ကို ဒီလောက်ထိ ဒုက္ခရောက်နေတာတောင် မကူညီဘူး! နင်တို့ မကူညီနိုင်တဲ့ ကိစ္စလည်း မဟုတ်ပဲနဲ့! စကားလေးနည်းနည်း ပြောပေးရမှာကို အရမ်းပင်ပန်းနေပြီလား! တော်တော် ရက်စက်တဲ့မိသားစု!”
“သူများတွေကို ရက်စက်တယ်လို့ မခေါ်ခင် ကိုယ့်ကိုယ်ကိုယ် အရင် မှန်ထဲ ပြန်ကြည့်သင့်တယ်”
လုကျန်းယွီနဲ့ အိမ်တော်ထိန်းကျန်းတို့ ရောက်လာကြလေသည်။
ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ လင်မယား သောင်းကျန်းမှုကို အိမ်နီးချင်းတွေအကုန် ကြားကြပါသည်။ လုမိသားစုလည်း အပါအဝင်ဖြစ်လေသည်။
ခုတလော ချင်းမိသားစု အလုပ်များနေပြီး နေ့ဘက် အိမ်မှာ လူကြီးတွေ မရှိတာကို သိသဖြင့် လုကျန်းယွီက အိမ်တော်ထိန်းကျန်းကို ခေါ်၍ ရောက်လာခဲ့ရခြင်းဖြစ်သည်။
သူမကို ဆုံးမစကား လာပြောနေသည့်လူက ဝှီးချဲနဲ့ ကလေးတစ်ယောက်ဖြစ်နေသဖြင့် ဟုံပေါင်ကျူး လုံးဝ မကြောက်ရွံ့ပါ။
“နင်ကဘယ်သူလဲ။ ဒါချင်းမိသားစုကိစ္စနော်။ နင်နဲ့ ဘာဆိုင်လို့လဲ”။ ဟုံပေါင်ကျူး ရန်တွေ့လိုက်လေသည်။
… … …
အခန်း(၈၇၂) ဒီကလေးစုတ်ရဲ့ ထောင်ချောက်ကို မိတော့မလို့
“ကျွန်တော်က စူစူလေးရဲ့ သူငယ်ချင်းပါ။။ ခင်ဗျားတို့ ကျွန်တော့် သူငယ်ချင်းကို လာအနိုင်ကျင့်နေလို့ ကျွန်တော့်သူငယ်ချင်းဘက်က ရပ်တည်ပေးခွင့် ရှိတယ်”
အသက် ၇ နှစ် ၈ နှစ်အရွယ် ကောင်လေးဖြစ်သဖြင့် ကလေးအသံ မပျောက်သေးသော်လည်း တည်ငြိမ်နေသည့် အမူအရာနဲ့ စကားလုံးကြွယ်ဝမှုတို့ကြောင့် ဟုံပေါင်ကျူး ဖိအားတချို့ ခံစားလိုက်ရသည်။
ထို့နောက် ခြံထဲက စူစူလေးကို လုကျန်းယွီ လှမ်းကြည့်လိုက်သည်။
“ကိုကြီး!”
ကိုကြီးကို တွေ့ရတာ ဒီသောင်းကျန်းသူ ၂ ယောက်ကို တွေ့ရတာထက် အများကြီး ပိုပျော်ဖို့ကောင်းပါသည်။
“အင်း စူစူလေး နားလိုက်ဦး”။ လုကျန်းယွီ ပြောလိုက်သည်။
“ဟုတ်ကဲ့!”။
ကိုကြီးက အလွန်တော်ပါသည်။ ထို့ကြောင့် ပြဿနာကို ကိုကြီးရှင်းပေးနိုင်မှာ သေချာသည်။
စူစူလေး၏ မျက်နှာကို ကြည့်ရင်း ဟွော်ထျင်း မျက်စပစ်လိုက်ပါသည်။
ဒီကလေးမလေးက သူ့ကိုကျတော့ မယုံဘူးလား။
သူနဲ့ လုကျန်းယွီနဲ့ အဲ့လောက်တောင် ကွာခြားတာလား။
လုကျန်းယွီ၏ အကြည့်က ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ထံ ပြန်ရောက်သွားသည်။
“ခင်ဗျားတို့နှစ်ယောက်က ခင်ဗျားတို့သားကို ဆေးကုပေးချင်လို့ဆို”။ လုကျန်းယွီ တည်ငြိမ်စွာ မေးလိုက်သည်။
အသက် ၇ နှစ် ၈ နှစ်သာ ရှိသေးသော်လည်း သူ့လေသံက ရင့်ကျက်နေသည့် လူကြီးတစ်ယောက်လိုပင်။။
“အဲ့တာဘာဖြစ်လဲ။ နာမကျန်းဖြစ်နေတဲ့သူကို ဆေးကုပေးရမှာပေါ့ကွ! မင်းကိုယ်မင်း ပြန်ကြည့်ဦး။ မင်းလည်း ဝှီးချဲပေါ်မှာ ထိုင်နေရတာ မဟုတ်ဘူးလား။ မင်းကော ပြန်မကောင်းချင်ဘူးလား”။ လုကျန်းယွီ၏ ခြေထောက်ကို ချင်းကျင်းဖန် အထင်အမြင်သေးစွာ ကြည့်လိုက်ပါသည်။
“အဲ့တာဆို ဆေးကုသစရိတ်ပေးဖို့ အသင့်ဖြစ်ပြီလား”။ လုကျန်းယွီ ထပ်မေးလိုက်သည်။
“ဆေးကုသစရိတ်ဟုတ်လား”။ ချင်းကျင်းဖန် မျက်လုံးတွေ ဂနာမငြိမ်ဖြစ်သွားသည်။
“ဟုတ်တယ် ဆေးကုသစရိတ်။ နတ်ဆေးသမားတော်ကြီးကို အကူအညီတောင်းချင်တယ်ဆိုတော့ ဆေးကုသစရိတ်လည်း ပြင်ဆင်ပြီးသားဖြစ်မှာပေါ့ ဟုတ်တယ်မလား”
“အ-အင်း ပြင်ဆင်ပြီးသားပေါ့ကွ! ငါတို့ ရွာက ဒေသထွက်ပစ္စည်းတွေ အများကြီးယူလာတယ်!”
“ခင်ဗျားပြောတဲ့ ဒေသထွက်ပစ္စည်းတွေဆိုတာ ဘေးနားက ပစ္စည်းတွေလား”
ခြင်းထဲက ကြက်ဥတွေနဲ့ အနည်းငယ် နွမ်းနေပြီဖြစ်သော ဟင်းသီးဟင်းရွက်များကို လုကျန်းယွီ လှမ်းကြည့်လိုက်သည်။
“ဟုတ်တယ်! နတ်ဆေးသမားတော်ကြီးက ငွေရေးကြေးရေး ပြည့်စုံပြီးသားပဲမဟုတ်ဘူးလား။ အဲ့တာကြောင့် ဒါတွေက တန်ဖိုးမကြီးပေမယ့် ငါတို့စေတနာကို ထင်ဟပ်စေတယ်လေ!”။ ဟုံပေါင်ကျူးက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပါသည်။
ချင်းကျင်းဖန်ကလည်း ဝင်ထောက်ခံသည်။ “ဘာလဲ မင်းက ငါတို့ ယူလာတဲ့ ပစ္စည်းတွေကို အထင်သေးနေတာလား။ ငါတို့က ဆင်းရဲပြီး ပိုက်ဆံမရှိတော့ တန်ဖိုးကြီး လက်ဆောင်တွေ ဘယ်ပေးနိုင်ပါ့မလဲ! ဒါပေမယ့် ဒီပစ္စည်းတွေကို စေတနာ အပြည့်နဲ့ ယူလာခဲ့တာကွ! လက်ဆောင်က တန်ဖိုးနည်းပေမယ့် စေတနာက တန်ဖိုးကြီးတယ်! နတ်ဆေးသမားတော်ကြီးက စည်းစိမ်ကို ကြည့်တတ်တဲ့လူမျိုး မဟုတ်ဘူးဆိုတာ ငါယုံကြည်တယ်!”
“ဟုတ်တယ် ဟုတ်တယ်! ငါတို့ ဒေသထွက်ပစ္စည်းတွေ ယူလာတာကို အထင်သေးတယ်ပေါ့။ နင်တို့လို သူဌေးတွေပဲ ဆေးကုခွင့်ရှိတာလား။ ငါတို့လို ဆင်းရဲသားတွေက အသက်ရှင်ခွင့်မရှိဘူးလား!”။ ဟုံပေါင်ကျူး မေးလိုက်သည်။
“ကျွန်တော်က ဒေသထွက်ပစ္စည်းတွေကို အထင်သေးတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို နွမ်းပြီး မလတ်ဆတ်တဲ့ ဒေသထွက်ပစ္စည်းတွေကို ကြည့်ရသလောက်တော့ စေတနာ သိပ်ပါမယ် ထင်ဘူး”။ လုကျန်းယွီ ပြောလိုက်သည်။
ဟုံပေါင်ကျူး အထိနာသွားကာ ချက်ချင်း ပြန်ချေပလိုက်ပါသည်။ “အဲ့တာ ချင်းဖေးဖန်နဲ့ စုမင်ရွေ့တို့လင်မယားတွေရဲ့ အတ္တကြောင့်ပေါ့! ငါတို့တွေကို ဒီအိမ်ရာထဲ ဝင်ခွင့်မပေးဘူးလေ! အဲ့တာကြောင့် နတ်ဆေးသမားတော်ကြီးကို အချိန်မှီ မတွေ့နိုင်ဘဲ ဒီပစ္စည်းတွေ နွမ်းကုန်တာပေါ့!”
“အဲ့တာဆို ခင်ဗျားတို့ ဒီထဲ ဝင်ခွင့်မရှိမှန်းလည်း သိတယ်။ ခင်ဗျားတို့ ယူလာတဲ့ ပစ္စည်းတွေ မကောင်းတော့မှန်းလည်း သိတယ်။ ဒါပေမယ့် ခင်ဗျားတို့ လက်ဆောင်ယူလာသရွေ့ နတ်ဆေးသမားတော်ကြီးက ခင်ဗျားတို့ စေတနာကို နားလည်မယ်လို့ ထင်နေတာမလာား”။
လုကျန်းယွီက သူတို့လင်မယားစိတ်ကို အကဲခတ်လိုက်ပါသည်။
“အေး… အဲ မဟုတ်ဘူး။ အဲ့လိုမဟုတ်ဘူး။ မဟုတ်တာတွေ လျှောက်ပြောမနေနဲ့! ငါတို့ အဲ့လို တွေးတာ မဟုတ်ဘူး”
ဟုံပေါင်ကျူး ခေါင်းငြိမ့်မိလုနီးပါးဖြစ်သွားသည်။
လခွမ်း! ဒီသောက်ကလေးလေး ဆင်တဲ့ ထောင်ချောက်ထဲ မိသွားတော့မလို့!
“အဲ့တာဆို ဘာတွေ တွေးနေတာလဲ”။ လုကျန်းယွီ တည်တည်ငြိမ်ငြိမ်ပဲ ထပ်မေးလိုက်ပါသည်။
… … …
အခန်း(၈၇၃) အကြောင်းအရင်း ခိုင်လုံသည်
“ငါတို့ ဘာတွေးတွေး နင့်အပူပါလား”။ ဟုံပေါင်ကျူး ရှက်ကိုးရှက်ကန်းဖြင့် ငေါက်လိုက်ပါသည်။
“ခင်ဗျားတို့ ဘာတွေးလဲ ကျွန်တော် စိတ်မဝင်စားပါဘူး။ ခင်ဗျားတို့သားကို ဆေးကုသပေးဖို့အတွက် နတ်ဆေးသမားတော်ကြီးကို ခေါ်ဖို့ ချင်းမိသားစုကို လာတောင်းဆိုခွင့်ရှိတယ်လို့ ဘာကြောင့်ထင်ရတာလဲပဲ သိချင်တာ။ ခင်ဗျားတို့မှာ ဘာစေတနာမှ မရှိဘူး။ ဒီမှာ လူတွေမြင်အောင် လာသောင်းကျန်းတယ်။ နတ်ဆေးသမားတော်ကြီးကို ခင်ဗျားတို့ အကျပ်ကိုင်ဖို့ ကြိုးစားနေတာလို့ ကျွန်တော် သုံးသပ်ဖို့ အကြောင်းအရင်းခိုင်လုံတယ်”
“ပြီးတော့ ကျွန်တော် သိထားသလောက်ဆို ခင်ဗျားတို့ နှစ်ယောက်စလုံး အလုပ်ရှိမယ့်ပုံ မပေါ်ဘူး။ တစ်နေကုန် ကျွန်တော်တို့ အိမ်ရာဝင်ပေါက်ရှေ့မှာ ယောင်လည်လည် လာလုပ်နေတယ်။ ဒီလောက် အားနေတာတောင် ဒီလို ဟောင်းနွမ်းသွားတဲ့ လက်ဆောင်ပစ္စည်းတွေကို အသစ်နဲ့လဲဖို့ အချိန်မရှိဘူးပေါ့”
လုကျန်းယွီၑ သုံးသပ်ချက်များက အလွန် စေ့စပ်ပြီး ယုတ္တိရှိကာ ယုံကြည်ချင်စဖွယ်ကောင်းပါသည်။
လုကျန်းယွီ၏ စကားကို ကြားပြီးနောက် အိမ်နီးချင်းတွေလည်း မခံမရပ်နိုင်ဘဲ ဝင်ပြောကြသည်။
“ရှင်တို့နှစ်ယောက် နတ်ဆေးသမားတော်ကြီးကို အကျပ်ကိုင်ဖို့ ကြံနေကြတာမလား။ လူဆင်းရဲတာ အပြစ် မဟုတ်ပေမယ့် စိတ်ဓာတ်ပါ ဆင်းရဲတာကတော့ အပြစ်ဖြစ်သွားပြီ”
“ခင်ဗျားတို့ဖာသာ မကြိုးစားလို့ ဆင်းရဲနေတာကို သူများတွေက ဂရုဏာသက်ပေးရမယ်လို့ ထင်နေတဲ့ စိတ်ဓာတ်က တကယ်ထူးဆန်းတာပဲ”
“ခင်ဗျားတို့ သားကို ဆေးကုပေးချင်တာ နားလည်ပေမယ့် အိမ်ရာဝင်ပေါက်ရှေ့မှာ တစ်နေကုန်လာစောင့်နေစရာတော့ မလိုဘူးမလား”
“လက်ဆောင်က တန်ဖိုးမကြီးပေမယ့် စေတနာက အရေးကြီးတယ်ဆိုတဲ့ စကားကို လက်ဆောင်အပေးခံရတဲ့လူက ပြောရတာ မဟုတ်ဘူးလား…။ အဲ့ဒီ သဘောတရားကို ကလေးတွေတောင် နားလည်တယ်။ အသက်ကြီးနေပြီ ဖြစ်တဲ့ ခင်ဗျားတို့ နှစ်ယောက်က အဲ့တာကို နားမလည်ဘူးလား”
အိမ်ရာဝင်ပေါက်ရှေ့မှာ ဒီလင်မယားနှစ်ယောက် လတ်လျားလတ်လျားလုပ်နေတာကို အိမ်ရာထဲကလူတွေအားလုံး မြင်ဖူးကြပါသည်။ သူတို့ အိမ်ရာမှ ဝင်ထွက်သွားလာတိုင်း ဒီလင်မယားနှစ်ယောက် ထူးထူးဆန်းဆန်းတွေ လုပ်နေတတ်သည်။ ဘယ်ရှုထောင့်ကပဲကြည့်ကြည့် ဒီလင်မယားက ယုံကြည်ချင်စရာ မကောင်းပါ။
လူအုပ်ကြီး၏ ရက်စက်သော စကားလုံးများကြောင့် ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ နှစ်ယောက်စလုံး မျက်နှာများ နီရဲသွားကြပါသည်။
“ငါ… ငါမင်းတို့ကို စကားပြောဖို့လာတာမဟုတ်ဘူး! နတ်ဆေးသမားတော်ကြီးကို လာတွေ့တာကွ! ငါ့အချိန်ကို လာမဖြုန်းနဲ့”။ ချင်းကျင်းဖန်က အားလုံးကို လျစ်လျူရှုလိုက်ပြီး သူလာခဲ့ရသည့် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားလေတော့သည်။
“ခင်ဗျားတို့က အခု အိမ်ရာတစ်ခုလုံးကို အနှောင့်အယှက်ပေးနေတာ။ တခြား အိမ်ရာနေထိုင်သူတွေလည်း အေးအေးချမ်းချမ်း နေလို့ရမှာ မဟုတ်ဘူး”။ ထို့နောက် အိမ်တော်ထိန်းကျန်းကို လုကျန်းယွီ မေးလိုက်သည်။ “ဦးလေးကျန်း၊ ဒီလူတွေကို ဘာလို့ ဝင်ခွင့်ပေးလိုက်ရသလဲဆိုတာ အိမ်ရာစံမံရေးကို ကျေးဇူးပြုပြီး သွားမေးလိုက်ပါ”
“နားလည်ပါပြီ သခင်လေး။ ဒါပေမယ့် အိမ်ရာစီမံရေးကို သွားမမေးခင် ဒီနှစ်ယောက်ကို အရင် လိုက်ပို့ပေးသင့်တယ်ထင်တယ်။ ဒါမှ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေ ကောင်းကောင်း အနားယူနိုင်မှာ”။ အိမ်တော်ထိန်းကျန်းက အပြုံးချိုချိုဖြင့် ပြောလိုက်သည်။
“အင်း နေ့ခင်းဘက် အားလုံး ပင်ပန်းနေကြတဲ့အချိန် ဒီကိစ္စကြောင့်နဲ့ အနှောင့်အယှက် မဖြစ်စေချင်ဘူး”
လုကျန်းယွီနဲ့ အိမ်တော်ထိန်းကျန်းတို့၏ စကားကို အိမ်နီးချင်းတွေ ထောက်ခံကြပါသည်။
ပြဿနာရင်းမြစ်ကို သူတို့ သိပ်စိတ်မဝင်စားကြဘဲ အမှားအမှန် ဝင်ဆုံးဖြတ်ပေးဖို့လည်း စိတ်ကူးမရှိခဲ့ပါ။ သူတို့ နားအေး ပါးအေး နေချင်ကြရုံသာရှိသည်။
“ဟုတ်တယ် ဟုတ်တယ်! သူတို့ကြောင့် ငါ့သမီးလေး လန့်နိုးသွားပြီ! သူတို့က အိမ်ရာနေထိုင်သူတွေ မဟုတ်ဘူးမလား! မြန်မြန် မောင်းထုတ်လိုက်ကြပါ!”
“အိမ်ရာစီမံရေးက ဘာတွေလုပ်နေတာလဲ။ အဖိုးအခတွေ ဒီလောက် ပေးထားရတာကို ဒီလို လူ ၂ ယောက်ကိုတောင် မထိန်းသိမ်းနိုင်ဘူးလား”
ထို့နောက် အိမ်တော်ထိန်းကျန်းနဲ့ တခြားသူတွေက ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ကို အိမ်ရာဝင်ပေါက်ဆီ တရွတ်တိုက် ဆွဲခေါ်သွားဖို့ ပြင်လိုက်သည်။
“မင်းတို့ လက်မပါနဲ့နော်!”။ ချင်းကျင်းဖန်က ချင်းအိမ်တော်ခြံတံခါးကြီးကို လက်ဖြင့် ဆွဲထားပြီး အော်ဟစ်နေပါသည်။
“လွှတ်စမ်း! ဒါတရားမဝင်ဘူးနော်! အကုန်လုံးကို တရားစွဲပစ်မှာ!”။ ဟုံပေါင်ကျူးကလည်း စူးစူးဝါးဝါး ခြိမ်းခြောက်လိုက်ပါသည်။
“လူကြီးမင်းတို့ကို မထိခိုက်စေချင်ပါဘူး။ ဒီတိုင်း အိမ်ရာထဲက ထွက်သွားပေးဖို့ တောင်းဆိုနေတာ။ ကျွန်တော်တို့ အိမ်ရာက စည်းကမ်းတင်းကြပ်တယ်။ အိမ်ပိုင်ရှင် မဟုတ်သူတွေ၊ အိမ်ရာနေထိုင်သူ မဟုတ်သူတွေ၊ နေထိုင်သူတွေက ဖိတ်ခေါ်ထားတာ မဟုတ်တဲ့သူတွေ ဝင်ခွင့်မရှိဘူး။ ခင်ဗျားတို့က ပိုင်နက်ကျူးကျော်လာတာ။ ကျွန်တော်တို့က ကိုယ့်အိမ်ရာကိုယ် ကာကွယ်ရုံပါ။ ကျွန်တော်တို့ မှားသွားတာ ရှိလို့လား”
အိမ်တော်ထိန်းကျန်းက အပြုံးဖြင့် ရှင်းပြလိုက်သည်။ သူ့မျက်နှာက အလွန်သဘောကောင်းမည့်ပုံစံပေါက်သော်လည်း ချင်းကျင်းဖန်ကို ဆုပ်ကိုင်ထားသည့် သူ့လက်ကတော့ အတော်လေး အားကောင်းပါသည်။
… … …
အခန်း(၈၇၄) ဘော်ဒီဂတ်လေး ပျောက်သွားပြီ (၁)
လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံထားရသဖြင့် ချင်းကျင်းဖန် မျက်နှာ ရှုံ့မဲ့သွားသည်။
“အား… အား!”။ ချင်းကျင်းဖန် ခံနိုင်ရည်မရှိတော့ဘဲ ခြံတံခါးကို လွှတ်ပေးလိုက်ရည်။
“နာလို့လား။ ခင်ဗျားတို့ ပြောရဆိုရခက်နေဦးမယ်ဆိုရင် ဒီ့ထက် နာကျင်အောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ စမ်းကြည့်ချင်လား”
အိမ်တော်ထိန်းကျန်း၏ မျက်နှာပေါ်က ၂၄ နာရီအပြုံးမှာ ချင်းကျင်းဖန်အတွက်တော့ အလွန်ကြက်သီးထစရာ ကောင်းနေပါသည်။
ဒီလူ့ကို သူကြောက်သည်။
ဒီလိုနဲ့ အိမ်တော်ထိန်းကျန်းတို့အဖွဲ့ ချင်းကျင်းဖန်တို့ လင်မယားကို ဆွဲခေါ်သွားကြလေတော့သည်။
ပြဿနာရှာသူတွေ မရှိတော့သဖြင့် အိမ်နီးချင်းတွေလည်း ကိုယ့်အိမ်ထဲကိုယ် ပြန်ဝင်သွားကြပါပြီ။
လုကျန်းယွီ စူစူလေးထံ အကြည့်ပြန်ရောက်သွားသည်။ စူစူလေးက ငြီးတွားလိုက်သည်။ “ကိုကြီး အရမ်းကြာတာပဲ။ ဒီတိုင်း စကားမများဘဲ သူတို့ကို ကန်ထုတ်လိုက်တော့ ဘာဖြစ်မှာမို့လို့လဲ”
လုကျန်းယွီက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ “အဲ့လိုရှင်းပြရတာက သူတို့စကားကြောင့် သူစိမ်းတွေ နားလည်မှုလွဲသွားမှာစိုးလို့ပါ။ သူတို့ကမှ အခြေအမြစ်မရှိတဲ့ သောင်းကျန်းသူတွေဆိုတာ လူတိုင်းသိအောင် လုပ်ပေးဖို့လိုအပ်တယ်လေ”
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ နှုတ်ကနေ ထွက်လာတဲ့ စကားလုံးဆိုတာ အန္တရာယ်များတယ်။ တခြားသူတွေရဲ့ စကားကို လျစ်လျူရှုလို့ရပေမယ့် တစ်ခါတလေ အဲ့ဒီစကားတွေက လက်နက်တွေအဖြစ် ပြောင်းလဲသွားတတ်တယ်”။ လုကျန်းယွီ ရှင်းပြလိုက်သည်။
“ဒုက္ခများလိုက်တာ”။ စူစူလေး ရေရွတ်လိုက်သည်။
“ဘာမှမဖြစ်ပါဘူး။ စူစူလေးက အဲ့တာတွေ နားလည်စရာမလိုဘူး။ စူစူလေးကတော့ စိတ်ထဲမှာ ရှိတဲ့အတိုင်းပဲ လုပ်နော်”
စူစူလေးကို ပျော်ရွှင်ပြီး ပေါ့ပေါ့ပါးပါး ပုံစံလေးနဲ့ မြင်ရတာပဲ လုကျန်းယွီ သဘောကျပါသည်။
ဒီလိုအသေးအဖွဲကိစ္စများကြောင့် သူမကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ပေ။
“ဟုတ်ပြီ!”။ စူစူလေး အပြုံး ပြန်ပေါ်လာသည်။ “ကိုကြီးအတွက် ခြံတံခါးဖွင့်ပေးမယ်နော်!”။
သောင်းကျန်းသူတွေ မရှိတော့သဖြင့် စူစူလေးလည်း ခြံတံခါးဖွင့်ပေးလို့ရပြီဖြစ်သည်။
လုကျန်းယွီကို စူစူလေး အိမ်ထဲခေါ်လိုက်ပါသည်။ သိပ်မကြာလိုက်ဘဲ ချင်းယုဟွိုင်းလည်း အိမ်ပြန်ရောက်လာသည်။
ခုတလော မိသားစုဝင်တိုင်းက အလုပ်တွေ များနေကြပြီး အိမ်မှာ နေနိုင်ဖို့ အကောင်းဆုံး ကြိုးစားကြသော်လည်း နေ့တိုင်း ဒီလို နာရီဝက်လောက်ကတော့ အိမ်မှာ လူကြီးတွေ မရှိဘဲ ဖြစ်နေတတ်သည်။
အိမ်မှာ အိမ်စေတွေ အများကြီးရှိကာ ဟွော်မိသားစုမှ အိမ်တော်ထိန်းလျို့လည်း ရှိနေသဖြင့် ထိုနာရီဝက်က ပြဿနာ မရှိလောက်ဘူးဟု အားလုံး ထင်ထားခဲ့ကြသည်။ သို့သော်လည်း ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့က ထို နာရီဝက်အတွင်း ပြဿနာ ရအောင် ရှာသွားခဲ့ပါသည်။
ချင်းယုဟွိုင်းကို လုကျန်းယွီ သတိပေးလိုက်ပါသည်။ “တချို့ရောဂါတွေက အမြစ်ပြတ်အောင် မကုသရင် တစ်ချိန်ချိန် ဒုက္ခပြန်ပေးလာလိမ့်မယ်”
“ငါနားလည်ပါတယ်”။ လုကျန်းယွီကို ချင်းယုဟွိုင်း ကြည့်လိုက်သည်။ အသက်အရွယ်နဲ့ မလိုက်အောင် တည်ငြိမ် ရင့်ကျက်နေသည့် လုကျန်းယွီကို သူအကဲခတ်မိပါသည်။
ထို့နောက် ချင်းယုဟွိုင်း အိမ်တော်ထိန်းလျို့ဘက်သို့ လှည့်ကာ မေးလိုက်သည်။ “ဒီနေ့ ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ပြဿနာလာရှာတာကလွဲပြီး အိမ်မှာ ဘာတွေဖြစ်သွားသေးလဲ”
“ဘာမှမဖြစ်ပါဘူး။ သခင်မလေးစူစူနဲ့ ကျွန်တော်တို့ သခင်လေးကို သေချာ စောင့်ကြည့်ပေးထားတယ်။ နှစ်ယောက်စလုံး ဘာမှမဖြစ်ကြဘူး”။ အိမ်တော်ထိန်းလျို့ အတည်ပြုလိုက်ပါသည်
အိမ်တော်ထိန်းလျို့ စကားဆုံးသောအခါ ဘယ်ကမှန်းမသိ ဟူကျစ် ခုန်ထွက်လာပြီး မရပ်မနား အော်နေလေသည်။
“မြောင်! မြောင်! မြောင်!”
ဘော်ဒီဂတ် ငတုံးကောင် မရှိတော့ဘူး! ဘော်ဒီဂတ် ငတုံးကောင် မရှိတော့ဘူး! သူ့ကို ကူရှာပေးပါ!
“ဟင် ဘော်ဒီဂတ်လေး ပျောက်နေတယ်ဟုတ်လား”
စူစူလေး တစ်အိမ်လုံးနှံ့အောင် လျှောက်ပြေးကာ ဟဲပေမူကို အော်ခေါ်လိုက်ပါသည်။ “ဘော်ဒီဂတ်လေးရေ ဘော်ဒီဂတ်လေး ဘယ်မှာလဲ”
ဘယ်သူမှ သူမကို ပြန်မထူးကြပေ။ ဘယ်သူမှလည်း ထွက်မလာပါ။
အိမ်တော်ထိန်းကျန်း မျက်နှာ တင်းမာသွားသည်။ စူစူလေးလိုပဲ သူလည်း တစ်အိမ်လုံးကို စူးစူးရှရှ အကဲခတ်လိုက်ပါသည်။
တကယ်ပဲ သူ့တပည့် မရှိတော့ပါ။
သူ့တပည့်အကြောင်း သူကောင်းကောင်း သိသည်။ စူစူလေး၏ ဘော်ဒီဂတ်အဖြစ် တာဝန်စထမ်းဆောင်စဉ်ကတည်းက ခွင့်ပြုချက် မရဘဲ ဘယ်မှ မသွားတတ်ပါ။
“ဦးလေးကျန်း ဘာတွေဖြစ်နတာလဲ”။ လုကျန်းယွီ မေးလိုက်သည်။
“ရှောင်းမူ ပြဿနာတက်နေပြီ”။ အိမ်တော်ထိန်းချန်း တိကျသေချာစွာ ပြောလိုက်သည်။ “ဒါပေမယ့် သူဘာလို့ ထွက်သွားရတာလဲ ကျွန်တော် မသိဘူး”
“ဘော်ဒီဂတ်လေးက ဒီမှာ တစ်ချိန်လုံးရှိနေတာ။ ခြံတံခါးလည်း မဖွင့်ပါဘူး။ သူဘယ်လို ပျောက်သွားတာလဲ မသိဘူး”။ စူစူလေး ရေရွတ်လိုက်သည်။
“မြောင်! မြောင်!” ဟုတ်တယ် ဟုတ်တယ်! သူဒီမှာပဲ ရှိနေခဲ့တာ!
ဟူကျစ်လည်း သူ့သခင်နဲ့အတူ ခြံရှေ့မှာ ရန်သွားမဖြစ်ခင်တုန်းက ဟဲပေမူကို မြင်ခဲ့ပါသေးသည်။
ချင်းယုဟွိုင်းက စူစူလေးကို ချက်ချင်းပွေ့ချီလိုက်ပြီး တစ်အိမ်လုံးကို သတိကြီးစွာ ကြည့်လိုက်ပါသည်။
… … …
အခန်း(၈၇၅) ဘော်ဒီဂတ်လေး ပျောက်သွားပြီ (၂)
“စူစူလေး အပြင်မှာ ခဏနေ။ အိမ်ထဲကို မဝင်နဲ့ဦး”။ ချင်းယုဟွိုင်း ပြောလိုက်သည်။
အိမ်တော်ထိန်းကျန်းက ချင်းယုဟွိုင်းကို ပြောလိုက်သည်။ “ကျွန်တော့်လူတွေနဲ့ အိမ်ထဲကို ရှာခွင့်ပေးပါ သခင်လေးချင်း”
“အားကိုးပါတယ်”။ ချင်းယုဟွိုင်း ခေါင်းငြိမ့်လိုက်လေသည်။
အိမ်တော်ထိန်းကျန်းလည်း လုအိမ်တော်မှ အိမ်စေများနဲ့အတူ ချင်းအိမ်တော်တစ်ခုလုံးကို နှံ့အောင် ရှာဖွေခဲ့သည်။
ဟဲပေမူကို ရှာမတွေ့ခဲ့သော်လည်း ဖောက်ထွင်းဝင်ရောက်ခံရသည့် လက္ခဏာများကိုတော့ တွေ့ခဲ့ကြပါသည်။
အိမ်တော်ထိန်းကျန်းက အပြင်ပြန်ထွက်လာပြီး ချင်းယုဟွိုင်းအား ပြောလိုက်သည်။ “အပြင်မှာ ဗရုတ်သုက္ခဖြစ်နေတာကို အခွင့်ကောင်းယူပြီး တစ်ယောက်ယောက်က အိမ်ထဲ ဖောက်ဝင်ပြီးတော့ ကျွန်တော့် တပည့်ကို ဖမ်းခေါ်သွားတာ”
“ခင်ဗျားတပည့်ကို ဘာလို့ ဖမ်းသွားကြတာလဲ။ သူ့မှာ ရန်သူတွေ ဘာတွေ ရှိလို့လား”။ ချင်းယုဟွိုင်း မေးလိုက်သည်။
ချင်းမိသားစုအတွင်း ပြန်ပေးဆွဲခံရမှုတွေ မကြာခဏ ဖြစ်လာပါသည်။ ပထမတော့ ချင်းစူစူ၊ အခု ဟဲပေမူလည်း ပြန်ပေးဆွဲခံလိုက်ရပြီဖြစ်သည်။
ဧကန္တ လူတစ်ဦးတစ်ယောက်တည်းရဲ့ လက်ချက်များလား။
အိမ်တော်ထိန်းကျန်း မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။ “ရန်သူတွေအကြောင်း ပြောရရင် မိသားစု တစ်စုတော့ ရှိတယ်”
သို့သော် ထိုမိသားစုကတော့ သူတို့ကို လိုက်ရှာနေမှာ မဟုတ်မှန်း အိမ်တော်ထိန်းကျန်း ကောင်းကောင်း သိပါသည်။ ရှောင်းမူ အသက်ရှင်နေသေးမှန်း ထိုမိသားစု မသိလောက်ပါ။
အခြေအနေကို သေချာ သုံးသပ်ပြီးနောက် ချင်းယုဟွိုင်းအား အိမ်တော်ထိန်းကျန်း ပြောလိုက်သည်။ “ဒီကိစ္စကို ကျွန်တော်တို့ သေချာ စုံစမ်းမှာပါ။ ရှောင်းမူကို ဖမ်းသွားတာ တကယ်ပဲ သူ့ရန်သူတွေဆိုရင် ကျွန်တော်တို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းလိုက်မယ်။ ချင်းမိသားစုနဲ့ ဘာမှမသက်ဆိုင်စေရပါဘူး”
“ကျွန်တော်ဆိုလိုတာ အဲ့တာမဟုတ်ဘူး”။ ချင်းယုဟွိုင်း ရှင်းပြလိုက်သည်။
“ဦးလေးကျန်း! ဘော်ဒီဂတ်လေးက သမီးနဲ့ ဟူကျစ်တို့ရဲ့ သူငယ်ချင်းလေ! သူအဖမ်းခံထားရတာ သွားကယ်မှ ဖြစ်မှာပေါ့!”
စူစူလေး မစောင့်နိုင်တော့ဘဲ ဟူကျစ်ကို မ,ချီလျက် အိမ်ထဲဝင်ပြေးဖို့ ပြင်လိုက်သည်။
ကံကောင်းစွာဖြင့် အိမ်တော်ထိန်းကျန်းက သူမကို အမြန်တားလိုက်ပါသည်။ “စူစူလေး ဘယ်သွားမလို့လဲ။ ရှောင်းမူကို ဘယ်ခေါ်သွားကြသလဲဆိုတာတောင် မသိသေးဘူးလေ!”
“ဪ ဟုတ်သားပဲ! ဘော်ဒီဂတ်လေး ဘယ်မှာလဲ”။ စူစူလေး ခေါင်းငုံ့ကာ ဟူကျစ်ကို မေးလိုက်သည်။ “ဟူကျစ် သူ့ကို ရှာလို့ရလား”
“မြောင်…” ဘာအနံ့မှ ခံလို့ မရဘူး…။
ဟူကျစ်တောင် ဘာအနံ့မှ မခံနိုင်ဘူးလား။
စူစူလေး မျက်မှောင်ကြုတ်သွားသည်။ ဟူကျစ်၏ အနံ့ခံအာရုံက အလွန်ကောင်းပါသည် အဝေးကြီးက အရာတွေကိုတောင် အနံ့ခံနိုင်စွမ်းရှိသည်။
ဘော်ဒီဂတ်လေး ခုနကမှ ဒီမှာရှိနေတာဖြစ်သည်။ ဟူကျစ်တောင် အနံ့မခံနိုင်သည့် နေရာကို ဒီလောက်မြန်မြန် ရောက်သွားတာ အဓိပ္ပာယ်မရှိပါ။
“မြောင်~”
ဘယ်လိုလုပ်ကြမလဲ၊ ဘော်ဒီဂတ်လေး ဒုက္ခရောက်နေတာတော့ မဟုတ်ပါဘူးနော်။
“ငါစဉ်းစားပါရစေဦး”။ စူစူလေး ခေါင်းကုတ်ကာ သေချာ စဉ်းစားလိုက်သည်။
စူစူလေးနဲ့ ဟူကျစ်တို့ အလွန်စိတ်ပူနေတာကိုမြင်ပြီး လုကျန်းယွီ နှစ်သိမ့်ပေးလိုက်ပါသည်။ “စိတ်အေးအေးထားကြပါ။ အားလုံးလည်း ရှိနေတာပဲ။ ကိုကြီးတို့ နည်းလမ်းတစ်ခုခု ကူစဉ်းစားပေးမယ်နော်”
“ကိုကြီး”။ လုကျန်းယွီကို စူစူလေး မော့ကြည့်လိုက်ပါသည်။
အိမ်တော်ထိန်းကျန်းကလည်း အမြန်ပြောလိုက်သည်။ “စူစူလေး၊ ရှောင်းမူက ဦးလေးကျန်းရဲ့ တပည့်ပါ။ သူ့ကို ဦးလေးကျန်းကိုယ်တိုင် ပျိုးထောင်ခဲ့တာ။ သူက ဦးလေးရဲ့ သားအရင်းတစ်ယောက်လိုပဲ။ ဦးလေး အသက်ကို စတေးရမယ်ဆိုရင်တောင် သူ့ကို ရအောင် ပြန်ခေါ်ပေးမယ်နော်”
ပုံမှန်ဆို ပြုံးပြုံးရွှင်ရွှင်နေတတ်သည့် အိမ်တော်ထိန်းကျန်းတစ်ယောက် အခုတော့ မျက်နှာတင်းမာနေပြီး မျက်လုံးထဲမှာလည်း အလွန်အေးစက်နေပါသည်။
“ဦးလေးကျန်း ဝမ်းမနည်းပါနဲ့! သမီးတို့ အားလုံး အတူတူ ကြိုးစားကြမယ်! ဘော်ဒီဂတ်လေးကို အတူတူ သွားကယ်ကြမယ်! သူ့ကို ဖမ်းသွားတဲ့ လူဆိုးကြီးကို အသေရိုက်ပစ်မယ်! ပြီးရင် ကျိန်စာလည်းတိုက်မယ်! တစ်သက်လုံး မိန်းမ မရပါစေနဲ့လို့ ကျိန်စာတိုက်ပစ်မယ်!”
စူစူလေး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ကြုံးဝါးလိုက်ပါသည်။
--- --- ---
“ဟပ်ချိုး--- ဟပ်ချိုး---”
အဝေးတစ်နေရာတွင် ထန်ထိုက်မင် ၂ ချက်လောက် နှာချေသွားသည်။
“ဘော့စ် အအေးမိနေတာလား။ ရာသီဥတုက အေးလာပြီနော်။ ကျန်းမာရေးကို ဂရုစိုက်ဦး”။ အာ့ချောင် စိုးရိမ်ပူပန်စွာ မေးလိုက်ပါသည်။
“ဘာအအေးမှ မမိဘူး။ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ထားစမ်းပါ။ ဟဲပေမူကို သန့်ရှင်းရေး လုပ်ပေးပြီးသွားပြီလား။ လုပ်ပြီးရင် ဒီကို ခေါ်လာခဲ့”။
ထန်ထိုက်မင်က ဟဲပေမူကို ခေါ်လာခဲ့ဖို့ အာ့ချောင်အား အေးတိအေးစက် အမိန့်ပေးလိုက်ပါသည်။
အာ့ချောင်လည်း ချက်ချင်း လှုပ်ရှားလိုက်ပြီး ခဏကြာတော့ ဟဲပေမူကို ပြန်ခေါ်လာခဲ့သည်။
ဟဲပေမူ၏ လက်တွေ ချည်နှောင်ခံထားပြီး လှုပ်ရှားလို့မရ ဖြစ်နေပါသည်။
သို့သော် ဒီတိုင်း ငြိမ်ခံမနေဘဲ တစ်ကိုယ်လုံး တွန့်လိမ်လျက် ပြင်းပြင်းထန်ထန် ရုန်းကန်နေလေသည်။
… … …