အခန်း (၈၇၆-၈၈၀)
Vol. 36 Ch. 876-880
နတ်သားရဲ့မလေးရဲ့ ကမ္ဘာသစ် Book-36
အခန်း(၈၇၆) ဟဲပေမူကို နှိပ်စက်ခြင်း
“ခေါင်းမာလိုက်တာ”။ ထန်ထိုက်မင် ပြောလိုက်သည်။
ယခု ထန်ထိုက်မင်က သူ့ရဲ့ ကြောက်စရာ မျက်နှာဖုံးကို တပ်ထားပါသည်။ ထို့ကြောင့် သူ့မျက်နှာကို ဟဲပေမူ မမြင်နိုင်သလို ပြောင်းလဲနေသော သူ့အသံကိုလည်း မမှတ်မိပါ။
“မင်းဘယ်သူလဲ။ အဲ့ဒီ မကောင်းဆိုးဝါးကောင်လား”။ ဟဲပေမူ အံကြိတ်ကာ မေးလိုက်သည်။ အချိန်မရွေး ထကိုက်တော့မည့် သားရဲတစ်ကောင်သဖွယ် ကြောက်ဖို့ကောင်းနေပါသည်။
“ဘယ်မကောင်းဆိုးဝါးကောင်လဲ”
“ငါ့မိဘတွေကို သတ်သွားတဲ့ကောင်!”
“ဪ အဲ့တာဆို မင်းမှာ မင်းမိဘတွေကို သတ်သွားတဲ့ ရန်သူတစ်ယောက် ရှိတယ်ပေါ့။ ကောင်းပြီလေ။ ငါ့ကို အဲ့ဒီ ရန်သူလို့ပဲ သဘောထားလိုက်ပေါ့”။ ထန်ထိုက်မင်က ပေါ့ပေါ့တန်တန် ပြောလိုက်ပါသည်။
“အဲ့တာ ဘာစကားလဲ မင်းငါ့ကို လာကစားနေတာလား”
“ဘာလို့လဲဆိုတော့ အခုချိန်ကစပြီး မင်းငါ့ကို မုန်းတီးရတော့မှာမို့လို့။ ငါက မင်းမိဘတွေကိုသတ်ခဲ့တဲ့ လူသတ်သမား ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အရေးမကြီးတော့ဘူး”
ဟဲပေမူ၏ အံ့အားသင့် မှင်သက်နေသော မျက်နှာကို ထန်ထိုက်မင် အရသာခံကာ ကြည့်လိုက်ပြီး ပြုံးသွားပါသည်။
ထို့နောက် ဟဲပေမူကို တိုင်တစ်ခုမှာ ကြိုးချည်ပြီး စတင် နှိပ်စက်ဖို့အတွက် အာ့ချောင်အား အမိန့်ပေးလိုက်သည်။
အစကတော့ အာ့ချောင်လည်း ရဲရဲဝံ့ဝံ့ မကိုင်တွယ်ရဲပါ။ ဟဲပေမူကို ကြာပွတ်ဖြင့် ခပ်ဖွဖွသာ ရိုက်ရဲသည်။
ဟဲပေမူက မျက်မှောင်ပင် မကြုတ်ပေ။ ငယ်စဉ်ကတည်းက သိုင်းပညာလေ့ကျင့်ခဲ့သူဖြစ်သဖြင့် ဒီထက် ပိုပြင်းထန်သည့် ဒဏ်ရာများစွာကို ရရှိဖူးသည်။
သူ့ခံနိုင်ရည်ကို မြင်သွားပြီး အာ့ချောင် ထပ်မံ အားထည့်လိုက်လေသည်။
ဟဲပေမူ ခေါင်းပေါ်မှ ချွေးတွေစီးကျနေပြီး ခန္ဓာကိုယ် တုန်ယင်နေသော်လည်း လုံးဝ မအော်ခဲ့ပေ။
ထန်ထိုက်မင်က လက်ပြလျက် အာ့ချောင်ကို ရပ်တန့်ခိုင်းလိုက်ပါသည်။
“ဝံပုလွေတစ်ကောင်လို ခံနိုင်ရည်ရှိသားပဲ”။ ထန်ထိုက်မင် ချီးကျူးလိုက်ပါသည်။
“မင်းဘာလိုချင်လို့လဲ”။ ဟဲပေမူ၏ လေသံက အားပျော့နေသော်လည်း မျက်လုံးတွေကတော့ စူးရှနေဆဲဖြစ်သည်။
“မင်းဆရာနဲ့ တွေ့ချင်လို့”
“ဘယ်ကဆရာလဲ စူစူလေးကို လိုက်ရှာနေတာလား”
“ချင်းစူစူကို ငါတွေ့ပြီးသွားပြီ။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ အဲ့တာကြောင့် မင်းကို ရှာခဲ့ရတာ”
“အရင်တစ်ခေါက်က စူစူလေးကို ပြန်ပေးဆွဲခဲ့တာ မင်းကိုး!”
“ဟုတ်တယ် ငါပဲ။ မင်းဒေါသထွက်နေပြီလား ကလဲ့စား ချေချင်နေပြီလား”
“ငါ့ကိုလွှတ်ပေးစမ်း! မင်း သတ္တိရှိရင် ငါနဲ့ ယောက်ျားလို တစ်ယောက်ချင်း ယှဉ်ချစမ်းပါ!’။ ဟဲပေမူ သွေးဆာလောင်နေသော မျက်လုံးများဖြင့် စိန်ခေါ်လိုက်သည်။
“ငါမင်းကို မတိုက်ခိုက်ပါဘူး။ မင်းက အဆင့်မှ မမှီသေးတာ။ မင်းဆရာ ရောက်လာတဲ့အချိန်ထိ ခဏစောင့်လိုက်”။ ထန်ထိုက်မင် ပြောလိုက်ပြီး အာ့ချောင်ကို လုပ်စရာရှိတာ ဆက်လုပ်ဖို့ အချက်ပြလိုက်ပါသည်။
အာ့ချောင်၏ ရိုက်ချက်များက ပိုမိုပြင်းထန်လာသည်။
ဟဲပေမူ အသိစိတ်များ ဝေဝါးသွားပြီး ဝိညာဉ်လွင့်တော့မလို ခံစားနေရသည်။
ဟဲပေမူ၏ သေလုမျောပါးဖြစ်နေသော အခြေအနေကို ကြည့်ပြီး အာ့ချောင် စိတ်ပူစွာ မေးလိုက်သည်။ “ဘော့စ် ကျွန်တော် ဆက်ရိုက်သင့်ရဲ့လား။ သူက သန်မာတယ်ဆိုရင်တောင် ဒီလောက်ကြီးတော့ အရိုက်ခံနိုင်မှာ မဟုတ်ဘူး ထင်တယ်နော်”
“ထပ်ရိုက်”။ ထန်ထိုက်မင် တွန့်ဆုတ်မှုမရှိဘဲ အမိန့်ပေးလိုက်သည်။
ထို့ကြောင့် ဟဲပေမူကို အာ့ချောင်ထပ်မံ နှိပ်စက်လေသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အဝတ်အစားတွေမှာလည်း သွေတွေ စွန်းနေပါသည်။
သို့သော်လည်း သူ မတောင်းပန်ခဲ့ပါ။
ထန်ထိုက်မင်၏ ရည်ရွယ်ချက်က သူ့ကို မသတ်ဖို့ ဖြစ်သဖြင့် ဒီပုံစံအတိုင်းသာဆို ဟဲပေမူ ကြာရှည်မခံလာက်ဟု အာ့ချောင် တွေးလိုက်မိသည်။
ထိုစဉ် ဟဲပေမူ၏ ခန္ဓာကိုယ် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ယင်လာသည်။
အာ့ချောင်လည်း ထိတ်လန့်ကာ အနောက်သို့ ဆုတ်လိုက်မိပါသည်။
ဟဲပေမူလည်း သူ့ကိုယ်သူ သေဆုံးတော့မည်ဟု ထင်ခဲ့သည်။ သို့သော် သူ့အသိစိတ် လွင့်ပြယ်သွားစဉ် သူ့ဒန်တျန်းမှ နွေးထွေးသည့် စွမ်းအင်တစ်ခု ဖြာထွက်လာပြီး သူ့ခြေတွေ၊ လက်တွေ အရိုးတွေထိ စီးဆင်းရောက်ရှိသွားကာ သွေးကြောတိုင်း ဆဲလ်တိုင်းကို ပြန်လည် ကုစားပေးခဲ့သည်။
နာကျင်မှုတွေ ချက်ချင်း ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် ပေါ့ပါးသွားလေသည်။
ဘာတွေဖြစ်နေတာလဲ။
ထို့နောက် မှတ်ဉာဏ်အပိုင်းအစများ ဟဲပေမူ၏ အာရုံထဲ စတင် ဝင်ရောက်လာလေသည်။
… … …
အခန်း(၈၇၇) မှတ်ဉာဏ်အပိုင်းအစများ
မှတ်ဉာဏ်အပိုင်းအစများမှာ စိတ်ရှုပ်စရာကောင်းသည့် ထိုကြောင်စုတ်လေး ပါဝင်နေပါသည်။
“ငတုံးကောင် ငါ့ခြေထောက်ကို သန့်ရှင်းရေးလုပ်ပေးစမ်း!”
“ငတုံးကောင် မက်မွန်သီးတွေ သွားခိုးစားကြရအောင်!”
“ငါအရပ်ပိုရှည်လာပြီ။ မကြာခင် မင်းထက် အရပ်ပိုရှည်သွားတော့မှာ!”
“…”
အဲ့ဒီ ကြောင်စုတ်လေး စကားတွေ ပြောနေတုန်းပဲလား… ဒါပေမယ့် သူ့စကားတွေကို ဘာလို့ နားလည်နေတာလဲ။
နေပါဦး… ဒါဘယ်လို မြင်ကွင်းကြီးလဲ။
အဲ့ဒီကြောင်စုတ်လေးက ဘာလို့ သူနဲ့ အရပ်အတူတူ ဖြစ်နေတာလဲ။
ဘာလို့ သူ့လည်ပင်းကို လာလျက်ပေးနေတာလဲ။
ဟဲပေမူ စဉ်းစားမရဖြစ်နေစဉ် သူ့ဝမ်းဗိုက်မှ ပူခနဲ ဖြစ်သွားပြီး အမြင်အာရုံတစ်ခုလုံး အမှောင်ကျသွားလေတော့သည်။
“ဘေ-ဘော့စ်…”။ ထန်ထိုက်မင်ကို အာ့ချောင် တုန်လှုပ်စွာ ကြည့်လိုက်သည်။
သူ့ဘော့စ် ဘာတွေ ကြံစည်နေသလဲ မသိသော်လည်း သူ့ရှေ့က မြင်ကွင်းကို အာ့ချောင် တစ်ခါမှ မမြင်ဖူးပါ။
တိုင်မှာကြိုးတုပ်ခံထားရသည့် ကောင်လေး၏ ခန္ဓာကိုယ်မှ တစ်စုံတစ်ခု ဖြာထွက်လာတာကို သူခံစားရသည်။
ထန်ထိုက်မင် အမိန့်ပေးလိုက်သည်။ “သူ့ကို အောက်ချပေးလိုက်တော့။ ဒဏ်ရာတွေကိုလည်း ဆေးကုပေးလိုက်”
“ဘော့စ်… ဘော့စ် နေသိပ်ကောင်းတဲ့ပုံ မပေါ်ဘူးနော်”။ ထန်ထိုက်မင်ကို စိုးရိမ်ပူပန်စွာကြည့်ရင်း အာ့ချောင် ပြောလိုက်သည်။ မျက်နှာဖုံးတပ်ထားရင်တောင် ခန္ဓာကိုယ် တုန်ယင်နေတာကိုကြည့်ခြင်းအားဖြင့် သူ့ဘော့စ် အခြေအနေ မကောင်းမှန်း အာ့ချောင် သိနိုင်ပါသည်။
“ငါစကားကို ၂ ခါ ပြန်မပြောချင်ဘူး”
အာ့ချောင် ဘာမှ ထပ်မပြောရဲတော့ဘဲ သတိလစ်နေသည့် ဟဲပေမူကိုသာ ခေါ်ထုတ်သွားတော့သည်။
ဟဲပေမူနဲ့ အာ့ချောင်တို့ ထွက်သွားသောအခါ ထန်ထိုက်မင် မျက်နှာဖုံးကို ချွတ်လိုက်ပြီး တစ်ယောက်တည်း ရယ်မောလိုက်ပါသည်။
ဟဲပေမူရဲ့ မှတ်ဉာဏ်ထဲကို သူဝင်ကြည့်နိုင်ခဲ့သည်။ နောက်ဆုံးတော့ မှတ်ဉာဏ်တွေထဲမှာ ထိုပုဂ္ဂိုလ်ကို သူ ရှာတွေ့သွားခဲ့ပါပြီ။
အစ်ကိုကြီး… အစ်ကိုကြီး… နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီပေါ့!
--- --- ---
ဟဲပေမူ ဘယ်လောက်ကြာကြာ သတိလစ်နေခဲ့သလဲ မသိပါ။ သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ တောင်တန်းတွေကို မျက်နှာချင်းဆိုင်နေသည့် အခန်းတစ်ခန်းထဲမှာ လှဲလျောင်းလျက်သား ရှိနေသည်။
ပြူတင်းပေါက်အပြင်ဘက်မှာ တောင်တန်း သစ်တောကြီးတစ်ခု ရှိနေသည်။ သူ့အခန်းက သစ်လွန်ပြီး တောက်ပနေပါသည်။
သူခေတ္တရီဝေသွားခဲ့သော်လည်း ခန္ဓာကိုယ်မှ နာကျင်မှုကြောင့် အဖြစ်အပျက်တွေကို ပြန်သတိရသွားသည်။
စူစူလေးကို ပြန်ပေးဆွဲဖူးသည့် မျက်နှာဖုံးနဲ့လူက သူ့ကို ဖမ်းခေါ်လာပြီး သတိလစ်သည်အထိ နှိပ်စက်ခဲ့သည်။ သူ သတိလစ်သွားသောအခါ ထူးထူးဆန်းဆန်း အိပ်မက်တစ်ခုကို မြင်မက်ခဲ့ပါသည်။
ဟဲပေမူ တွေးတောနေစဉ် အခန်းတံခါးပွင့်လာပြီး အစားအသောက်တွေကို သယ်ယူကာ အာ့ချောင် ဝင်လာခဲ့ပါသည်။
ဟဲပေမူ ဇဝေဇဝါဖြစ်နေရာမှ ချက်ချင်း လူသတ်ချင်စိတ် ပေါက်သွားသည်။
“ငါမင်းကို သိတယ်… စူစူလေးတို့ မူကြို စခန်းချခရီးထွက်တုန်းက စူစူလေးကို ပြန်ပေးဆွဲဖို့ ကြိုးစားတဲ့လူတွေရဲ့ ခေါင်းဆောင်မလား!”
အာ့ချောင်က သူ့မေးခွန်းကို လျစ်လျူရှုလိုက်ပြီး ကုတင်ဘေးမှာ အစားအသောက်များ ချပေးကာ ပြောလိုက်သည်။ “တစ်ခုခုစားလိုက်ဦး။ မင်းဒဏ်ရာတွေ ပြန်ကောင်းဖို့ အာဟာရလိုအပ်တယ်”
“မင်းတို့ဘယ်သူတွေလဲ မင်းတို့ ရည်ရွယ်ချက်ကဘာလဲ”။ ဟဲပေမူ နာကျင်မှုကို မေ့လျော့ကာ အာ့ချောင်ကို ခက်ခက်ထန်ထန် မေးမြန်းလိုက်ပါသည်။
“စိတ်မပူပါနဲ့ ငါ့ဘော့စ်က မင်းကို သတ်ဖို့အစီအစဉ်မရှိပါဘူး” အာ့ချောင် ရှင်းပြလိုက်သည်။
သို့သော်လည်း ခုနက ဟဲပေမူကို သေလုမျောပါးဖြစ်အောင် သူ့ဘော့စ် နှိပ်စက်ခိုင်းခဲ့သဖြင့် ထိုစကားက ယုံကြည်ချင်စရာတော့ မကောင်းလှပေ။
“မင်းတို့က ငါ့ရန်သူတွေဆိုရင် ငါနဲ့ပဲ ထိပ်တိုက် ရင်ဆိုင်စမ်းပါ! ငါအသုံးမကျလို့ မင်းတို့လက်ထဲ ရောက်လာတာ ငါ့ထိုက်နဲ့ငါ့ကံပဲ! ဒါပေမယ့် ချင်းစူစူနဲ့ ချင်းမိသားစုဝင်တွေကို ဘာမှ မလုပ်နဲ့နော်! သူတို့နဲ့ ငါနဲ့ ဘာမှ မသက်ဆိုင်ဘူး! သူတို့က ငါ့အလုပ်ရှင်တွေပဲ!”
“စိတ်ချပါ။ ချင်းစူစူကို ငါတို့ ဘာမှမလုပ်ပါဘူး။ တခြားချင်းမိသားစုဝင်တွေကိုလည်း စိတ်မဝင်စားဘူး။ ငါတို့ဘော့စ်ရဲ့ ပစ်မှတ်က သူတို့မဟုတ်ဘူး”။ အာ့ချောင် ရှင်းပြလိုက်ပါသည်။
ချင်းစူစူကို သူတို့ ထိခိုက်အောင်လုပ်မှာ မဟုတ်သည့်အပြင် လတ်တလော လေ့လာချက်များအရ သူတို့ဘော့စ်က ထိုကလေးမလေးကို သဘောကျနေသည်ဟု ခံစားမိသည်။ သူတို့ဘော့စ်ကတော့ ဝန်ခံမှာ မဟုတ်ပေ။
ဟဲပေမူက အာ့ချောင်၏ စကားများကို ယုံကြည်မှုလုံးဝ မရှိပေ။
အာ့ချောင် လှည့်ထွက်သွားဖို့ ပြင်လိုက်စဉ် ဟဲပေမူ ရှေ့သို့ ဆတ်ခနဲ ခုန်လိုက်ပြီး အာ့ချောင်၏ လက်ကို ဆုပ်ကိုင်လိုက်ပါသည်။
… … ….
အခန်း(၈၇၈) ဘော်ဒီဂတ်လေးကို သွားကယ်မယ် (၁)
အာ့ချောင် အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်သည်။ “မင်း သေကြောင်းကြံနေတာလား။ မင်းဒဏ်ရာတွေ ပြန်ပွင့်နေပြီနော်”
“ငါ့ကို သတ်ချင်သတ် မသတ်ချင်ရင်လွှတ်ပေး!”။ ဟဲပေမူ ခက်ထန်စွာ ပြောလိုက်သည်။
“ကလဲ့စားချေဖို့ဆိုတာ ဘယ်တော့မှ နောက်မကျဘူးလို့ မင်းဆရာမင်းကို သင်ပေးမထားဘူးလား။ မင်း သက်သာတဲ့အထိ အနားယူသင့်တယ်။ နောက်ပိုင်း ငါတို့တွေကို မင်းကလဲ့စားချေဖို့ အခွင့်အရေး ထပ်ရလာရင် ရလာမှာပေါ့။ ဒါပေမယ့် အခု မင်းသေသွားရင် ဒါမှမဟုတ် ဒုက္ခိတဖြစ်သွားရင်တော့ အလကားပဲနော်”
အာ့ချောင်၏ စကားကြောင့် ဟဲပေမူ ကြက်သေသေသွားသည်။
ဟဲပေမူကိုကြည့်ရင်း အာ့ချောင် သက်ပြင်းချလိုက်ပါသည်။ “ပြန်လှဲနေစမ်းပါ။ မင်းဒဏ်ရာတွေကို ပြန်ကြည့်ပေးလို့ လူထပ်လွှတ်လိုက်မယ်”
ဟဲပေမူလည်း ကုတင်ပေါ်မှာ ပြန်လှဲနေလိုက်ပါသည်။ ထိုလူပြောသည့်စကားက မှန်ကန်သည်။ ခြေလှမ်း ၁၀ လှမ်း လှမ်းဖို့အတွက် တစ်လှမ်းလောက် နောက်ဆုတ်ရတာ မထိခိုက်နိုင်ပါ။ ထို့အပြင် သူကလဲ့စားလည်း မချေရသေးပေ။ ထို့ကြောင့် အသက်ဆက်ရှင်နေမှဖြစ်မည်။
သူ့ဆရာနဲ့ တခြားသူတွေ အခုချိန် ဘာတွေလုပ်နေမလဲ ဟဲပေမူ တွေးမိသည်။
သူ့ကို ရှာမတွေ့လျှင် ထိုစိတ်ရှုပ်စရာ ကြောင်စုတ်လေးလည်း ခုန်ပေါက်နေလေမလား။
--- --- ---
ချင်းအိမ်တော်တွင် စူစူလေး ဟူကျစ်ကို ပွေ့ဖက်ကာ ဆိုဖာပေါ်မှာထိုင်နေပါသည်။ သူမ မျက်လုံးများက အိမ်ထဲမှာ ဂနာမငြိမ်ဘဲ လှုပ်လှုပ်ရှားရှားဖြစ်နေသည့် လူကြီးတွေကို လိုက်ကြည့်နေသည်။
ယခု ချင်းအိမ်တော်မှာ လူတွေ အများကြီး ရောက်နေပါပြီ။ ခေါင်းဆောင်ရှောက်တို့အဖွဲ့လည်း ရောက်နေပြီဖြစ်ကာ သဲလွန်စတွေ ရှာဖွေနေကြသည်။
အရင်တစ်ခေါက် စူစူလေးပြန်ပေးဆွဲခံရသည့် ကိစ္စဖြစ်ပြီးကတည်းက ခေါင်းဆောင်ရှောက်တို့အဖွဲ့ တရားခံကို မရပ်မနား ရှာဖွေနေခဲ့တာဖြစ်သည်။ သို့သော် ဒီနေ့ ဒီအချိန်အထိ မအောင်မြင်ခဲ့ပါ။
ယခု ဒီလိုအဖြစ်အပျက်မျိုး ထပ်ဖြစ်လာပြန်ပြီ။
ဒါမျိုး သူတို့အဖွဲ့ တစ်ခါမှ မကြုံဖူးပါ။ ဒီရန်သူက သူတို့ ရင်ဆိုင်ဖူးသမျှထဲမှာ အခက်ခဲဆုံးဟု ဆိုနိုင်သည်။
ဟူကျစ်က စူစူလေး၏ လက်ထဲမှာ အငြိမ်မနေဘဲ ရုန်းကန်နေပါသည်။
“မြောင်! မြောင်!”
ငါ့ကို လွှတ်ပေး! အဲ့ဒီ ဘော်ဒီဂတ် ငတုံးကောင်ကို သွားရှာရမယ်!
“လိမ်လိမ်မာမာနေစမ်း ဟူကျစ်။ အစ်ကိုကြီးတို့ တည်နေရာ ရှာတွေ့အထိ စောင့်ရမယ်”။ စူစူလေးက ဟူကျစ် ထွက်ပြေးမသွားအောင် အတင်း ဖိထားပါသည်။
လောလောဆယ် ဘော်ဒီဂတ်လေးကို ဘယ်နားသွားရှာမယ်မှန်းတောင် သူတို့ မသိကြပါ။ နေရာအမှားမှာ သွားရှာနေပါက အချိန်ဖြုန်းရာသာကျမည်။
အချိန်တွေ ပိုဖြုန်းလျှင် ဘော်ဒီဂတ်လေး ထပ်အရိုက်ခံရလောက်မည်။
ထို့ကြောင့် သူမတို့ ဒီတိုင်း ပြေးထွက်သွားလို့ မရပါ။ စိတ်ရှည်ရှည် စောင့်နေရပါမည်။
“မြောင်! မြောင်!”။ ဟူကျစ်က နားမထောင်ပေ။ ထိုငတုံးကောင်ကို ကယ်တင်ဖို့သာ သိသည်။
မဟုတ်ပါက ထိုဝံပုလွေစုတ်လိုပဲ သူလည်း ပျောက်သွယ်သွားလိမ့်မည်။ ထိုဝံပုလွေစုတ်ကလည်း အရေးကြီးတာဝန် ထမ်းဆောင်စရာရှိသည်ဟု ဆိုကာ ထွက်သွားခဲ့ပြီး ဘယ်တော့မှ ပြန်မလာတော့ပါ။
ဒီငတုံးကောင် ဘော်ဒီဂတ်လည်း ထိုဝံပုလွေစုတ်လိုပဲ ပျောက်ကွယ်သွားရင် ဘယ်လိုလုပ်မည်နည်း။
ဟူကျစ် ဘယ်လောက်ပဲ ရုန်းကန်ပါစေ စူစူလေး၏ လက်ထဲမှ မလွတ်မြောက်နိုင်ခဲ့ပါ။ သို့သော် ဒီနေ့ ဟူကျစ် အတော် ခေါင်းမာနေသည်။ စူစူလေး ဘယ်လောက်ပဲ ချုပ်ထားပါစေ ဆက်လက် ရုန်းကန်နေပါသည်။
စူစူလေး မျက်မှောင်ကြုတ်သွားမိ၏။
သူမကော ဘယ်လို ကူညီပေးနိုင်မလဲ…။
အစ်ကိုကြီးတွေနဲ့ မမလှလှတို့က တော်ကြပေမယ့် သူမလည်း တော်တာပဲ! သူမ ကူညီပေးသင့်တာပေါ့!
စူစူလေး စဉ်းစားရင်း ရုတ်တရက် အကြံတစ်ခု ရသွားလေသည်။
ဟုတ်သားပဲ! ဆရာမင် သင်ပေးထားတဲ့ နည်းလမ်းကို သုံးလို့ရတာပဲ! တင်ပလ္လင်ခွေထိုင်ပြီး မျက်လုံးမှိတ်ရမယ်! အဲ့တာဆို ဘေးနားက အရာတွေအားလုံးကို မြင်နိုင်ပြီ! သေချာ ရှာလိုက်ရင် ဘော်ဒီဂတ်လေးကိုတောင် ရှာတွေ့နိုင်တယ်!
အကြံကို ချက်ချင်းအကောင်အထည်ဖော်ဖို့ စူစူလေး ဆုံးဖြတ်လိုက်ပြီး ဟူကျစ်ကို ဘေးချလိုက်ကာ သေချာ သတိပေးလိုက်သည်။ “လိမ်လိမ်မာမာနေနော် ဟူကျစ်။ သူ့ကို ရှာဖို့ ငါ့မှာ နည်းလမ်းရှိတယ်။ လာမနှောင့်ယှက်နဲ့။ သူ့ကို ရှာတွေ့တာနဲ့ သွားကယ်ဖို့ နင့်ကိုပါ ခေါ်သွားမယ်”
ဟူကျစ် အနည်းငယ် နားလည်သလိုလိုရှိပါသည်။
“ဘာပဲဖြစ်ဖြစ် လျှောက်မပြေးနဲ့နော်! နင်ပြေးသွားလို့ ငါဘော်ဒီဂတ်လေးကို ရှာမရရင် အကုန်ဒုက္ခရောက်မှာ!”။ စူစူလေး လေးလေးနက်နက် သတိထပ်ပေးလိုက်ပါသည်။
ဟူကျစ် ခေါင်းငြိမ့်ပြလိုက်သည်။
မပြေးပါဘူး မပြေးတော့ပါဘူး! ငတုံးကောင် ဘော်ဒီဂတ်ကိုပဲ မြန်မြန် ရှာပေးပါ!
ဟူကျစ်ကို မပြေးဖို့ မှာပြီးနောက် စူစူလေး မျက်လုံးမှိတ်ကာ စိတ်ကို ရှင်းလင်းလိုက်သည်။
စိတ်ကို ငြိမ်ငြိမ်ထား…
ဘေးမှာ ဘယ်လောက်ပဲ ဆူညံနေပါစေ အာရုံမစိုက်နဲ့…
… … …
အခန်း(၈၇၉) ဘော်ဒီဂတ်လေးကို သွားကယ်မယ် (၂)
စူစူလေး အာရုံစိုက်ထားရမည်။ သူမ စိတ်ထဲ ဘယ်လိုအတွေးတွေ ပေါ်လာပါစေ ဖယ်ရှားပြီး ဗလာကျင်းဖြစ်အောင် ထားရမည်…။
ထန်ထိုက်မင် ပြောခဲ့သည့် စကားလုံးများကို စူစူလေး အကြိမ်ကြိမ် ရေရွတ်လိုက်သည်။
ထိုအခါ သူပတ်ဝန်းကျင်တစ်ခုလုံး တဖြည်းဖြည်း ရှင်းလင်သွားခဲ့သည်။
သူမရှိနေသည့် နယ်မြေမှာ ဖြစ်တည်မှုပေါင်းစုံကို မြင်နေရသည်။
သက်ရှိတွေကော၊ သက်မဲ့တွေကော၊ ရွေ့လျားနိုင်တာတွေကော၊ မရွေ့လျားနိုင်တာတွေကော စုံလင်လှသည်။
စူစူလေး၏ စိတ်ဝိညာဉ် ထပ်မံလွင့်မြောသွားပြီး ခပ်ဝေးဝေးရှိ နေရာများကို စတင်ရှာဖွေလိုက်သည်။
လှုပ်ရှားမှု မရှိတော့သည့် သခင်ဖြစ်သူကို ကြည့်ပြီး ဟူကျစ် ချက်ချင်း သတိကြီးသွားသည်။
သူ့သခင် ဘာပဲလုပ်နေပါစေ လှုပ်ရှားမှုမရှိတော့သဖြင့် သူ့သခင်ကို သေချာ ကာကွယ်ပေးရမည်။
သူမရဲ့ စိတ်ဝိညာဉ်ကို ဘယ်အထိ လွှင့်လို့ရသလဲဆိုတာ စူစူလေး မသိခဲ့ပါ။ ယခင်တုန်းက သူမ အပျော်သဘောသာ လုပ်ခဲ့ဖူးတာကြောင့်ဖြစ်သည်။ တခြားဘာအတွက်မှ ဒီနည်းလမ်းကို အသုံးမပြုခဲ့ပါ။
တဖြည်းဖြည်းနဲ့ ဟွာချန့်မြို့တစ်မြို့လုံးကို သူမ လွှမ်းမိုးနိုင်လိုက်သလို ခံစားလိုက်ရသည်။ မြို့ကြီးတစ်မြို့လုံးကို အပေါ်စီးမှ ကြည့်နေရသလို ခံစားလိုက်ရပါသည်။
ထို့နောက် အနောက်မြောက်ပိုင်းရှိ တောင်တန်းတွေပေါ်က အလင်းစက်လေးတစ်ခုကို စူစူလေး သတိထားမိသွားသည်။
ထိုအလင်းစက်လေးက ဘာမှန်း စူစူလေး မသေချာသော်လည်း ထိုအလင်းစက်လေးရှိရာထံကို စူစူလေး သွားခဲ့သည်။
တောင်တန်းတွေထဲမှာ လျှို့ဝှက် ဗီလာတစ်လုံး ရှိနေသည်။ ဥယျာဉ်တွေ… ရေကူးကန်တွေ… ရုပ်တုတွေ…
ဗီလာထဲမှာလည်း လူတွေ အများကြီး ရှိနေသည်။ ထို့နောက် အိပ်ခန်းကျယ်ကြီးတစ်ခုထဲမှာ ဒဏ်ရာတွေနဲ့ လှဲလျောင်းနေသည့် ကောင်လေးတစ်ယောက်ကို စူစူလေး မြင်လိုက်ရပါသည်။
သူ့မျက်နှာက ဒဏ်ရာတွေနဲ့ ပြည့်နှက်နေသော်လည်း ဒါသူမရဲ့ ဘော်ဒီဂတ်လေးဖြစ်မှန်း စူစူလေး မှတ်မိပါသေးသည်။
“အား!!”။ စူစူလေး အော်လိုက်ပြီး ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်သည်။
သူမ အော်သံကြောင့် ဘေးနားကလူတွေအားလုံး စုပြုံလာကြပါသည်။
“စူစူလေး ဘာဖြစ်လို့လဲ”။
“စူစူလေး အဆင်ပြေရဲ့လား အိပ်မက်ဆိုးတွေ မက်နေတာလား”
“ဘယ်နားနာသွားသေးလဲ စူစူလေး”
“…”
“မဟုတ်ဘူး! ဘော်ဒီဂတ်လေး ဘယ်မှာလဲဆိုတာ သမီးသိပြီ!”။ စူစူလေး ဆိုဖာပေါ်မှ ခုန်ထလိုက်ပါသည်။
ဟူကျစ်လည်း ၃ ပေလောက်မြင့်အောင် ခုန်လိုက်သည်။
“မြောင်!!!”
တွေ့ပြီ တွေ့ပြီ! သူဘယ်မှာလဲ! သူရှိတဲ့နေရာကို ခေါ်သွားပါ!
“စူစူလေး ရှောင်းမူဘယ်မှာရှိနေလဲ သိတယ်ပေါ့”။ အိမ်တော်ထိန်းကျန်း အမြန်မေးလိုက်သည်။
“အွန်း! အဲ့ဒီဘက်က တောင်တွေပေါ်မှာ” စူစူလေး ညာဘက်ကို လက်ညှိုးထိုးပြလိုက်သည်။
စူစူလေးက အရပ်မျက်နှာတွေကို မခွဲခြားတတ်သေးသဖြင့် ဟဲပေမူကို မြင်ခဲ့သည့် နေရာကိုသာ လက်ညှိုး ထိုးပြလိုက်ပါသည်။
အဲ့ဘက်က… အနောက်မြောက်ဘက်ပဲ။
အဲ့ဒီဘက်မှာ တောင်တန်းတွေ အများကြီးရှိတာတော့ ဟုတ်တယ်…
“စူစူလေး သေချာရဲ့လား”။ အိမ်တော်ထိန်းကျန်း သေချာအောင် ထပ်မေးလိုက်သည်။
စူစူလေး ဒါတွေ ဘယ်လိုသိနေသလဲဆိုတာ သူ မသိပါ။ သို့သော် စူစူလေးနားမှာ မှော်ဆန်သည့် ဖြစ်ရပ်တွေ အမြဲတမ်း ဖြစ်တတ်တာကိုတော့ သိပါသည်။
ကံကလည်း အလွန်ကောင်းသဖြင့် ထိုနေရာမှာ ရှောင်းမူရှိနေသည်ဟုဆိုလျှင် တကယ်ရှိနေနိုင်သည်။
“အွန်း! သေချာတယ်! အဲ့မှာ သစ်ပင်တွေ အများကြီးနဲ့ တောင်ကြီးတစ်ခုရှိတယ်။ အဲ့မှာ အိမ်အကြီးကြီးတစ်လုံး ရှိတယ်။ ဘော်ဒီဂတ်လေးက အဲ့ဒီ အိမ်ကြီးထဲမှာ!”။ စူစူလေး ခေါင်းငြိမ့်ကာ အတည်ပြုပေးလိုက်သည်။
“ဟုတ်ပြီ! ဦးလေး လူတွေ ခေါ်ပြီး သူ့ကို ချက်ချင်း သွားရှာလိုက်မယ်!”။
ထို့နောက် လုမိသားစု၏ လုံခြုံရေးအဖွဲ့ကို ခေါ်ကာ အိမ်တော်ထိန်းကျန်း ထွက်ခွာသွားခဲ့သည်။
ထိုလူတွေက အပေါ်ယံမှာ လုမိသားစု၏ သာမန် ဘော်ဒီဂတ်တွေဟု ထင်ရသော်လည်း တကယ်တမ်း အိမ်တော်ထိန်းကျန်းကိုယ်တိုင် လေ့ကျင့်ပေးထားသည့် သိုင်းပညာကျွမ်းကျင်သူများ ဖြစ်ကြသည်။
ထွက်မသွားခင် ရှောက်ကျင်းယန်ကို အိမ်တော်ထိန်းကျန်း ညွှန်ကြားခဲ့ပါသည်။ “ခေါင်းဆောင်ရှောက် အဲ့ဒီနေရာကို ကျွန်တော့်လူတွေ ခေါ်သွားလိုက်မယ်။ ခေါင်းဆောင်ရှောက်တို့က ဒီမှာပဲ သဲလွန်စ ဆက်ရှာကြပါ။ တစ်ခုခုထူးတာနဲ့ ကျွန်တော်တို့ ဆက်သွယ်လိုက်မယ်”
“ကောင်းပါပြီ ဂရုစိုက်ကြပါ။ ခင်ဗျားရဲ့ တပည့် အဲ့မှာ တကယ်ရှိနေကြောင်း အတည်ပြုနိုင်တာနဲ့ ချက်ချင်း ဆက်သွယ်လိုက်နော်”
ရှောက်ကျင်းယန်တို့အဖွဲ့က ဒီမှာပဲ နေခဲ့ပြီး ဆက်လက်စုံစမ်းမည်ဖြစ်သည်။
“သမီးလည်း လိုက်မယ်!”။ စူစူလေးက ဟူကျစ်ကို ချီရင်း အိမ်တော်ထိန်းကျန်းနဲ့ အတူလိုက်သွားဖို့ ပြင်လိုက်သည်။
အဘွားချင်းက စူစူလေးကို အမြန်ထိန်းကာ ပြောလိုက်၏။ “သမီးလေး အန္တရာယ်များပါတယ်။ အိမ်မှာပဲ ဖေဖေ မေမေတို့နဲ့ နေခဲ့နော်”
… … …
အခန်း(၈၈၀) ဟူကျစ်က ထွက်တောင်သွားပြီ
ပုံမှန်ဆို အဘွားချင်းစကားကို စူစူလေး နားထောင်တတ်သော်လည်း ဒီနေ့တော့ နားမထောင်နိုင်ပါ။
“မရဘူး! သမီးသွားမှ ဖြစ်မယ်! ဘော်ဒီဂတ်လေးက သမီးနဲ့ ဟူကျစ်ရဲ့ သူငယ်ချင်းပဲ!”
“သမီးလေး သူငယ်ချင်းကို ကယ်ချင်တာ မေမေ နားလည်ပါတယ်။ ဒါပေမယ့် တကယ် အန္တရာယ်များလို့ပါ။ ဒီအစ်ကိုကြီးတွေနဲ့ ဦးလေးကျန်းတို့ကိုပဲ အားကိုးလိုက်ပါလား။ သူတို့က ပရော်ဖက်ရှင်နယ်တွေလေ”။ အဘွားချင်း စိတ်ရှည်လက်ရှည် ရှင်းပြလိုက်ပါသည်။
သူမ သမီးလေးက အသက် ၃ နှစ်ခွဲအရွယ်သာ ရှိသေးတာဖြစ်သည်။
“မရဘူး မရဘူး!”။ စူစူလေး ခေါင်းကို ဆက်တိုက် ခါနေပါသည်။ “သမီးသွားမှဖြစ်မယ် မေမေ! သမီးက အရမ်း သန်မာတယ်! အဲ့ဒီ လူဆိုးကောင်တွေကို သမီးတိုက်ခိုက်မှ ဖြစ်မှာ!”
“သမီးလေး… လူဆိုးတွေကို နှိမ်နှင်းချင်တာ မေမေ သိတယ်။ ဒါပေမယ့် အခု အခြေအနေတွေက နည်းနည်း ရှုပ်ထွေးနေတယ်လေ။ အဲ့ဒီနေရာမှာ သမီးရဲ့ ဘော်ဒီဂတ်လေး တကယ်ရှိနေရဲ့လားဆိုတာတောင် မသေချာသေးဘူး။ ပြီးတော့ လူဆိုးတွေမှာ လက်နက်တွေဘာတွေ ရှိနေသလားလည်း မသိရဘူး။ ဦးလေးကျန်းတို့ကိုပဲ အရင် သွားစုံစမ်းပါစေ နော်”။ အဘွားချင်း ထပ်ရှင်းပြလိုက်ပါသည်။
“ဒါမယ့်မေမေ… သမီးနဲ့ ဟူကျစ်တို့ကလည်း တော်ပြီးသားပါ! သမီးတို့ ကူညီပေးနိုင်တယ်လေ”။ စူစူလေးကလည်း အလျှော့မပေးဘဲ အဘွားချင်းကို ဆက်ဖြောင်းဖြသည်။
စူစူလေးနဲ့ အဘွားချင်းတို့ စကားပြောနေကြစဉ် အိမ်တော်ထိန်းကျန်းက အခွင့်ကောင်းယူပြီး လစ်ထွက်သွားကာ သူ့လူတွေနဲ့အတူ ကားပေါ်ရောက်နေပြီဖြစ်သည်။
ဒါမှ စူစူလေးကို အဘွားချင်း မဖြောင်းဖြနိုင်ရင်တောင် သူတို့နောက်ကို စူစူလေး လိုက်မလာနိုင်မှာ ဖြစ်သည်။
အိမ်တော်ထိန်းကျန်း၏ အမိန့်ဖြင့် ဒရိုင်ဘာက ကားကို ချက်ချင်း စက်နှိုးပြီး အနောက်မြောက်ဘက် တောင်တန်းများဆီသို့ ဦးတည်လိုက်ပါသည်။
ကားနောက်ခုံမှာ ထိုင်ရင်း အိမ်တော်ထိန်းကျန်း၏ မျက်နှာက အလွန်လေးလံနေပါသည်။ ရှောင်းမူကို သူကိုယ်တိုင် ပျိုးထောင်ပေးခဲ့တာဖြစ်သည်။
သူ့အပေါ် စည်းကမ်းတင်းကြပ်ခဲ့သော်လည်း သားအရင်းတစ်ယောက်လို သဘောထားခဲ့သည်။
သခင်လေးအပြင် ဒီကမ္ဘာမှာ သူဂရုအစိုက်ဆုံးသူက ရှောင်းမူ ဖြစ်ပါသည်။
သူအသက်အန္တရာယ်ရှိနေနိုင်သည်ဟု စဉ်းစားမိတာနဲ့ ရင်ထဲ စူးအောင့်လာသည်။
သူဒီလို မခံစားခဲ့ရတာကြာပြီဖြစ်သည်။ သူဒီလို နောက်ဆုံးခံစားခဲ့ရတာက သူ့ညီမ ဆုံးပါးသွားခဲ့စဉ်ကသာ ဖြစ်သည်။
“မြောင်!”
ကြောင်အော်သံတစ်သံကြောင့် အိမ်တော်ထိန်းကျန်း ရုတ်တရက် အသိစိတ်ပြန်ကပ်သွားသည်။
ကြောင်… ကြောင်အော်သံလား။
အိမ်တော်ထိန်းကျန်း ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ဘေးက ထိုင်ခုံပေါ်မှာ ထိုင်နေသည့် ဟူကျစ်ကို မြင်လိုက်ရသည်။
“မင်း… မင်းဘယ်တုန်းက ရောက်နေတာလဲ”
“မြောင်!”
ငတုံးကောင် ဘော်ဒီဂတ်ကို သွားကယ်ရမယ်! မြန်မြန်သွားကြ!
“မင်း…”
“မြောင်!”
ဟူကျစ်ကို စိတ်ပျက်လက်ပျက်ကြည့်လျက် အိမ်တော်ထိန်းကျန်း ပြောလိုက်ပါသည်။ “မင်းကို ပြန်ပို့ဖို့ အချိန်မရှိတော့ဘူး။ ခဏနေရင် ကားထဲမှာ လိမ်လိမ်မာမာနဲ့ နေခဲ့နော်။ လျှောက်သွားမနေနဲ့။ ရှောင်းမူကို ပြန်ခေါ်နိုင်တာနဲ့ မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ်”
“မြောင်!”
ငတုံးကောင်ကို သွားကယ်ရမယ်!
--- --- ---
ချင်းအိမ်တော်တွင် အဘွားချင်းနဲ့ အချိန်အတော်ကြာအောင် ငြင်းခုံပြီးမှ တစ်ခုခု မူမမှန်တာကို စူစူလေး သတိထားမိသွားသည်။
ဦးလေးကျန်းနဲ့ တခြားသူတွေ မရှိကြတော့ပါ။
စူစူလေး ဘေးပတ်လည်ကို လှည့်ကြည့်လိုက်သည်။ တကယ်ကြီး မရှိကြတော့ပေ။
ဟူး! သူမ တော်တော် သတိမဲ့တာပဲ!
အဘွားချင်းက စူစူလေး၏ ခေါင်းကို ပွတ်ပေးကာ နှစ်သိမ့်လိုက်ပါသည်။ “သမီးလေး စိတ်အေးအေးထားပါ။ သူတို့ မကြာခင် ပြန်လာလိမ့်မယ်နော်”
“အင်းပါ။ ဒါပေမယ့် ဟူကျစ်ကိုလည်း ရှာမရတော့ဘူး”
“ဟူကျစ်ဟုတ်လား”။ စူစူလေးဘေးနားကို အဘွားချင်း ကြည့်လိုက်သည်။ စူစူလေးနဲ့ အတူရှိနေသည့် ကြောင်လေး ပျောက်နေလေသည်။
ဟူကျစ်ပျောက်နေတာကို အားလုံး သတိထားမိသွားကြသည်။
ဧကန္တ…
လွန်ခဲ့သည့် ၁၀ မိနစ်ခန့်က ထွက်ခွာသွားသည့် အိမ်တော်ထိန်းကျန်းတို့၏ ကားကို အားလုံးပြန်တွေးမိလိုက်ကြသည်။
လုကျန်းယွီက အိမ်တော်ထိန်းကျန်းကို ချက်ချင်း ဖုန်းဆက်ကြည့်လိုက်ပါသည်။ ထိုအခါ ကားထဲ ဟူကျစ်ပါသွားမှန်း အတည်ပြုနိုင်ခဲ့သည်။
ထို့နောက် ဟူကျစ်ကို ကားထဲမှာပဲ ပိတ်ထားပြီး အပြင်ထွက်ခွင့် မပေးဖို့ အိမ်တော်ထိန်းကျန်းအား လုကျန်းယွီ မှာကြားလိုက်ပါသည်။
အိမ်တော်ထိန်းကျန်းလည်း ဟူကျစ်ကို ကြည့်ကာ သေချာ ဂရုစိုက်ပါ့မည်ဟု လုကျန်းယွီနဲ့ စူစူလေးတို့ကို ကတိပေးလိုက်ပါသည်။
… … …