အခန်း (၈၈၁-၈၈၅)
Vol. 36 Ch. 881-885
အခန်း(၈၈၁) ဟူကျစ်ကလည်း သတ္တိရှိပါတယ် (၁)
ပုံမှန်ဆို မိနစ် ၄၀ လောက် မောင်းရသည့် ခရီးကို အိမ်တော်ထိန်းကျန်းက မိနစ် ၂၀ တည်းနဲ့ ရောက်အောင် သွားခဲ့သည်။
ထိုတောင်တန်းပေါ်က လျှို့ဝှက်ဗီလာကို ခေါင်းဆောင်ရှောက်တို့အဖွဲ့က ရှာဖွေပြီးသွားပြီဖြစ်သည်။ စူစူလေးရဲ့ ဖော်ပြချက်နဲ့ ကိုက်ညီပါသည်။
အိမ်တော်ထိန်းကျန်းက ထိုဗီလာနဲ့ မီတာ ၃၀၀ အကွာလောက်မှာ ကားကို ရပ်တန့်ခိုင်းခဲ့သည်။
ထို့နောက် သူတို့ ခြေကျင်ဆက်လျှောက်သွားဖို့ ဆုံးဖြတ်ခဲ့ကြသည်။
သူတို့ မသွားခင် အိမ်တော်ထိန်းကျန်းက ဟူကျစ်ကို ကားထဲမှာ ထားခဲ့ပြီး အသက်ရှူဖို့အတွက် မှန်ကို မဆိုသလောက်လေးသာ ဟထားပေးခဲ့သည်။
အိမ်တော်ထိန်းကျန်းတို့ ထွက်သွားဖို့ ပြင်လိုက်စဉ် အနောက်မှ မှန်ကွဲသံတွေကို ရုတ်တရက် ကြားလိုက်ရပါသည်။ အားလုံး တပြိုင်တည်း နောက်လှည့်ကြည့်လိုက်ရာ ဟူကျစ်ကိုထားခဲ့သည့် ကားနောက်ခန်း တံခါးမှန် ကွဲနေတာကို မြင်လိုက်ရလေသည်။
ဟူကျစ်က အပြင်ကို ခုန်ထွက်လာပြီး ခေါင်းမော့ရင်ကော့လျက် အားလုံးကို ကြည့်လိုက်သည်။ ‘ဒီလို ကားစုတ်နဲ့ ငါ့ကို ပိတ်ထားလို့ရမယ် ထင်နေလား’ဟု ပြောနေသလိုပင်။
ကား… ကားမှန် ဘယ်လိုဖြစ်ပြီးကွဲသွားတာလဲ။
အဲ့တာ ကျည်ကာမှန်ကြီးလေ!
အိမ်တော်ထိန်းကျန်းနဲ့ တခြားသူတွေ ကြောင်တောင်တောင်ဖြစ်နေစဉ် ဟူကျစ်က ဗီလာကြီးထံ လျှပ်စီးလို အမြန်ဖြင့် တဟုန်ထိုး ပြေးသွားလေသည်။
စက္ကန့်ပိုင်းအတွင်း မြင်ခင်းတွေကြားထဲ ဟူကျစ် ပျောက်ကွယ်သွားလေတော့သည်။
“အိမ်တော်ထိန်းကျန်း ကျွန်တော်တို့ ဘာလုပ်ကြမလဲ”။ လက်အောက်ငယ်သားတစ်ယောက်က စိုးရိမ်ပူပန်စွာ မေးလိုက်ပါသည်။
အိမ်တော်ထိန်းကျန်း၏ မျက်နှာလည်း သိသိသာသာ ပျက်သွားပါသည်။ ခေတ္တစဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။ “လောလောဆယ်တော့ အဲ့အကြောင်း မေ့ထားရအောင်။ အဲ့ဒီကြောင်က အသိဉာဏ်ရှိတယ်။ သူတကယ် ကူညီနိုင်ရင် ကူညီနိုင်မှာပေါ့။ ငါတို့ ရှောင်းမူကို ကယ်တင်ဖို့ ဆက်လုပ်ကြမယ်”
အခုချိန်မှာ အရေးအကြီးဆုံးက ရှောင်းမူကို ကယ်တင်ဖို့ ဖြစ်သည်။ သူတို့အားလုံး ကြောင်ကို လိုက်ရှာနေပါက ရန်သူတွေ သူတို့ကို တွေ့သွားနိုင်သည်။
ဟူကျစ်က အကောင်သေးသော်လည်း အလွန်ဉာဏ်ရည်မြင့်ပြီး ဒီလို ကျည်ကာမှန်ကိုတောင် ဖျက်ဆီးနိုင်သဖြင့် ပုံမှန် မဟုတ်တာ သေချာပါသည်။
ဒီလို ဆုံးဖြတ်ရတာ စူစူလေးအတွက် အားနာစရာတော့ ကောင်းပါသည်။ ဟူကျစ်ကို သူစောင့်ရှောက်မည်ဟု ကတိပေးထားသော်လည်း အချိန်တိုအတွင်း သူ့ကတိကို ဖျက်မိသည်။
--- --- ---
ဟဲပေမူ ကုတင်ပေါ်မှာ လှဲလျောင်းရင်း ပြူတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်ကြီးနဲ့ တိမ်တွေ၊ တောင်တန်းတွေ၊ သစ်ပင်တွေကို ငေးကြည့်နေပါသည်။
တိမ်တွေက တလိမ့်လိမ့် ရွေ့လျားနေပြီး တောင်တန်းကြီးက မလှုပ်မလျက် တည်ငြိမ်နေကာ သစ်ပင် သစ်ကိုင်းများကတော့ လေယူရာ ယိမ်းထိုးနေပါသည်။
ဒီနေရာမှ လွတ်မြောက်အောင် စိတ်အေးအေးထားပြီး နည်းလမ်းတစ်ခုခု ရှာဖွေရမည်။ ဒီနေရာမှာပဲ သေမည့် အချိန်ကို လှဲစောင့်နေလို့ မဖြစ်ပါ။
ဟဲပေမူ အတွေးလွန်နေစဉ် အခန်းတံခါးပွင့်သွားပြီး ဆေးတွေနဲ့အတူ အာ့ချောင် ဝင်လာခဲ့သည်။
သူ့ဒဏ်ရာတွေကို ကုသပေးခဲ့သည့်လူ ဖော်စပ်ပေးထားသော ဆေးဖြစ်သည်။ ထိုလူက တရုတ် တိုင်းရင်းဆေးဆရာတစ်ယောက် ဖြစ်သည်။
အာ့ချောင်က ခပ်မည်းမည်းပျစ်ပျစ် ဆေးရည် ပန်းကန်ကို ဟဲပေမူ၏ ကုတင်ဘေး စားပွဲပေါ်မှာတင်ပေးလိုက်သည်။
“ဆေးသောက်လိုက်”
အာ့ချောင်စကားဆုံးတာနဲ့ တစ်ပြိုင်နက် ဟဲပေမူ ဆေးရည်ပန်းကန်ကို ကိုင်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်ပါသည်။
“အဲ့ထဲမှာ ငါအဆိပ်ထည့်ထားမှာ မင်းမကြောက်ဘူးလား။ ဘာလို့ တစ်ကျိုုက်တည်း သောက်လိုက်ရတာလဲ”။ အာ့ချောင် မေးလိုက်ပါသည်။
“မင်းတို့ငါ့ကို သတ်ချင်ရင် ဘာလို့ အဆိပ်သုံးနေမှာလဲ”။ ဟဲပေမူ နှုတ်ခမ်းထောင့်မှ ဆေးရည်များကို လက်ဖြင့် သုတ်လိုက်ပြီး ရန်လိုနေသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
ဟဲပေမူသာ အားပြန်ပြည့်ဝလာလျှင် သူ့ကို ခုန်အုပ်ပြီး သတ်ပစ်လိုက်မှာ အာ့ချောင် သေချာပေါက် သိပါသည်။
“မင်းက ပါးနပ်သားပဲ။ ကောင်းကောင်းနားပါ။ ငါတို့ဘော့စ် ရည်ရွယ်ချက် ပြည့်ဝသွားတာနဲ့ မင်းကို လွှတ်ပေးလိမ့်မယ်”
“မင်းတို့ဘော့စ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ”။ ဟဲပေမူ မေးလိုက်သည်။
“ငါ့ကို အဲ့လိုမေးရုံနဲ့ ပြောပြမယ် ထင်နေလား”။ အာ့ချောင်က ငတုံးမဟုတ်ပေ။ အကျဉ်းသားတစ်ယောက်ကို လိုအပ်တာထက် ပိုပြီး မပြောပြနိုင်ပါ။
သူ့အကြံပေါ်သွားသဖြင့် ဟဲပေမူ ပါးစပ်ပြန်ပိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပါ။
ထို့နောက် သူ့အကြည့်ကိုလည်း အာ့ချောင်ထံမှ ပြူတင်းပေါက်ဆီ ပြန်လွှဲလိုက်ပါသည်။
သူ့အမြင်အာရုံထဲ ကောင်းကင်ကြီးနဲ့ တိမ်တိုက်များ၊ တောင်တန်းကြီးများနဲ့ သစ်ပင်များအပြင် ကြောင်ဖြူလေး တစ်ကောင်ပါ ရောက်လာလေသည်
ဟူကျစ်က ပြူတင်းပေါက် အပြင်မှာထိုင်နေပြီး လက်ဖြင့် ပြူတင်းပေါက်မှန်ကို ကုတ်နေပါသည်။
မှန်ကိုခွဲပြီး အခန်းထဲဝင်ဖို့ ကြိုးစားနေပုံရသည်။
ဟဲပေမူ မယုံကြည်နိုင်ဘဲ မျက်လုံးပြူးသွားလေသည်။
… … …
အခန်း(၈၈၂) ဟူကျစ်ကလည်း သတ္တိရှိပါတယ် (၂)
“မင်းဘာလို့ အဲ့လောက် အံ့ဩနေတာလဲ။ ငါ့ကို ဦးနှောက်မရှိဘူး ထင်နေတာလား”
ဟဲပေမူ၏ အံ့အားသင့် တုန်လှုပ်သွားသော မျက်နှာကို မြင်ကာ အာ့ချောင် မေးလိုက်သည်။
“မဟုတ်ပါဘူး! အဲ့လို မထင်ပါဘူး”။ ဟဲပေမူ ခေါင်းပြန်လှည့်လာပြီး ပြန်ဖြေလိုက်သည်။
“အဲ့တာဆို ဘာလို့ အဲ့လောက် အံ့ဩနေတာလဲလို့”
“မင်း…မင်းတို့ ဘော့စ်ရဲ့ ရည်ရွယ်ချက်က ချင်းမိသားစုရဲ့ စည်းစိမ်ကို သိမ်းပိုက်ဖို့လားဆိုတာ စဉ်းစားမိလို့ အံ့ဩသွားတာပါ”။ ဟဲပေမူ မျက်လုံးထောင့်မှ ဟူကျစ်ကို စောင့်ကြည့်ရင်း အာ့ချောင်အား ပြန်ဖြေလိုက်သည်။
ဟူကျစ်က မှန်ကို မကုတ်တော့ဘဲ လက်ဖြင့် ပုတ်နေလေသည်။ ကံကောင်းစွာဖြင့် ပြူတင်းပေါက်မှန်များက အသံလုံသဖြင့် ဟူကျစ် ပုတ်နေသည့် အသံကို အခန်းထဲမှ မကြားရပါ။
ဒီလူ တွေ့သွားလို့မဖြစ်ဘူး!
ဟဲပေမူ ခေါင်းထဲ ထိုအတွေးတစ်ခုတည်းသာ ရှိပါသည်။
“ချင်းမိသားစုရဲ့ စည်းစိမ်ဟုတ်လား။ ငါ့ဘော့စ်က အဲ့ဒီစည်းစိမ်လောက်ကို စကားထဲ ထည့်မပြောဘူးကွ”။ အာ့ချောင် ပြန်ပြောလိုက်သည်။
ချင်းမိသားစုကို ယှဉ်ပြိုင်ဖို့ ချူးဟမ့်ကို ပေးကမ်းစွန့်ကြဲထားသည့် နည်းပညာကုမ္ပဏီကတောင် သူတို့ဘော့စ်အတွက် ဘာမှ မပြောပလောက်ပါ။
ချင်းမိသားစုကို သူတို့ကိုယ်စား အာရုံလွှဲနိုင်အောင် ချူးဟမ့်ကို စေခိုင်းခဲ့ခြင်းဖြစ်သည်။
ချင်းမိသားစုရဲ့ မဖြစ်သလောက် စည်းစိမ်ကို သူတို့ဘော့စ်က စိတ်ဝင်စားစရာအကြောင်း မရှိပါ။
“အဲ့တာဆို ငါထင်တာမှားတာပေါ့! ပြီးတာပဲ သွားစမ်းကွာ! ငါမင်းကို ထပ်မမြင်ချင်တော့ဘူး!”။ ဟဲပေမူ ရုတ်တရက် ဒေါသထွက်စွာ ပြောလိုက်သည်။
“မင်းတော်တော် အပြောင်းအလဲမြန်တာပဲ။ ခုနကတော့ အသက်မပါတဲ့ မျက်နှာမျိုးဖြစ်နေပြီး အခု ထသောင်းကျန်းနေတယ်”။ အာ့ချောင် ပြောလိုက်သည်။
“အဲ့တာ ငါ့ပုံစံပဲလေ! ပြဿနာရှိလို့လား”
“ဘာပြဿနာမှ မရှိပါဘူး။ လုပ်ချင်သလိုသာလုပ်။ မင်းအသက်မသေရင် ပြီးတာပဲ။ ကျန်တာ ငါနဲ့မဆိုင်ဘူး”
ဟဲပေမူနဲ့ အာ့ချောင် စကားဆက်မများချင်တော့ပါ။
ဆယ်ကျော်သက်အရွယ်ကောင်လေးတွေရဲ့ စိတ်ကို သူတကယ် နားမလည်နိုင်ပေ။
--- --- ---
အာ့ချောင်ထွက်သွားပြီး သိပ်မကြာလိုက်ဘဲ ပြူတင်းပေါက်မှန်ကွဲထွက်သွားခဲ့သည်။
မှန်အပေါက်ထဲမှ အမွေးပွပွ ကြောင်လက်ကလေးတစ်ချောင်း တိုးဝင်လာလေသည်။
၅ စင်တီမီတာလောက် ထူသည့် ကျည်ကာမှန်ကြီးလည်း ဟူကျစ်၏ လက်အောက်မှာ အာလူးကြော်တမျှ ကြွပ်ဆတ်သွားသည်။
သာမန်မှန်မဟုတ်တာကြောင့် ဟူကျစ်လက်ဖြင့် ထိုးလိုက်သည့် အပေါက်ကလေးတစ်ခု ဖြစ်ပေါ်သွားသော်လည်း မှန်ကြီးတစ်ချပ်လုံးတော့ ပျက်စီးမသွားပေ။
“မြောင်~”
ငတုံးကောင် ဘော်ဒီဂတ်လေး ငါမင်းကို လာကယ်တာ!
ဟူကျစ်က မှန်ပေါက်မှတဆင့် အော်ပြောလိုက်သည်။ သူ့မျက်လုံးတွေ မှေးစင်းနေပြီး အလွန်ပျော်ရွှင်နေပုံရသည်။
ဟဲပေမူ နာကျင်မှုကို သည်းခံကာ ခါးမတ်ကြည့်လိုက်သည်။ “မင်းဒီမှာ ဘာလုပ်နေတာလဲ။ အန္တရာယ်များတယ်!”
“မြောင်!”။ ငါမင်းကို လာကယ်တာပေါ့ ငတုံးကောင်ရဲ့!
“မင်းကငါ့ကို ဘယ်လိုကယ်မှာလဲ။ မင်းက ကြောင်လေ!”
“မြောင်!”။ ငါက သာမန်ကြောင်မဟုတ်ဘူး အရမ်းစွမ်းတဲ့ကြောင်!
“မင်းက သာမန်ကြောင် မဟုတ်ရင်…”
ဟဲပေမူ ရုတ်တရက် ကြက်သေသေသွားသည်။
သူ… သူ ဟူကျစ်နဲ့ စကားတွေပြောနေတာလား။ ကြောင်တစ်ကောင်ရဲ့ စကားကို သူဘာလို့ နားလည်နေရတာလဲ။
“မြောင်”။ ငတုံးကောင် ဘော်ဒီဂတ် ဘာပြောမလို့လဲ ဆက်ပြောလေ!
“ဟူကျစ် မင်းကို ငတုံးကောင် ဘော်ဒီဂတ်လို့ ခေါ်လိုက်တာလား!”
“မြောင်!”။ ဟုတ်တယ် ဟုတ်တယ်! မင်းက ငတုံးကောင် ဘော်ဒီဂတ် ဟင်းဟင်းဟင်း…
ဟင်…။
“မြောင် မြောင်”။ မင်းကို ငတုံးကောင် ဘော်ဒီဂတ်လို့ ခေါ်လိုက်မှန်း ဘယ်လိုလုပ်သိတာလဲ။
ဟဲပေမူလည်း နားမလည်နိုင်ဖြစ်သွားသည်။ သူ့ ခေါင်းဒဏ်ရာရသွားလို့ မဟုတ်တာတွေ မြင်ယောင်နေတာလား။
ဟူကျစ်ကို မြင်ရရုံတင်မကဘဲ ဟူကျစ်၏ စကားကိုပါ နားလည်နေသည်။
ဟူကျစ် အပြင်မှာထိုင်နေဆဲဖြစ်ပြီး ကြက်သေသေနေသည့် ဟဲပေမူကို စိုက်ကြည့်နေပါသည်။
ထို့နောက် သူ့လက်ကို ထပ်မြှောက်လိုက်ပြီး ပြူတင်းပေါက်မှန်ကို ဒုတ်ခနဲမြည်အောင် ရိုက်လိုက်ရာ အပေါက်နောက်တစ်ပေါက် ပေါ်လာလေသည်။
… … …
အခန်း(၈၈၃) ဟူကျစ်ကလည်း သတ္တိရှိပါတယ် (၃)
ပြူတင်းပေါက်မှန်မှာ အပေါက်များစွာဖြစ်သွားအောင် ဟူကျစ် ဖန်တီးလိုက်သည်။ ထိုအခါ ပြူတင်းပေါက်မှန် ဖန်ချပ်ကြီး တစ်ခုလုံး အခန်းထဲသို့ ကွာကျသွားလေတော့သည်။
ဟူကျစ်အထဲကို ဝင်လာပြီး ဟဲပေမူ လှဲလျောင်းနေသည့် ကုတင်ပေါ်သို့ ခုန်တက်လိုက်ပါသည်။
“မြောင်!”။ ငတုံးကောင် ဘော်ဒီဂတ် မင်းဒီမှာ ဘာလို့လာအိပ်နေတာလဲ။
ဟူကျစ်က ကုတင်ခြေရင်းမှာ မတ်တပ်ရပ်ရင်း ဟဲပေမူကို အော်နေပါသည်။
ဟဲပေမူကတော့ ဒီအဖြစ်အပျက်တွေက အမှန်တကယ်ပဲလား ထင်ယောင်ထင်မှား ဖြစ်နေတာလားဆိုတာ ဝေခွဲမရ ဖြစ်နေဆဲပင်။
သူ့ခန္ဓာကိုယ် နာကျင်မှုကြောင့် ဒါ အိပ်မက်မဟုတ်မှန်း သေချာပါသည်။
သို့သော် ဟူကျစ်၏ စကားတွေကို နားလည်နေတာက အိပ်မက်တစ်ခုလို ခံစားရစေသည်။
ဟူကျစ်က ဟဲပေမူကို တွေဝေနေခွင့် မပေးဘဲ ဆက်အော်လေသည်။
“မြောင် မြောင် မြောင်!”။ အိပ်မနေနဲ့ ငတုံးကောင် အိမ်ပြန်ကြမယ်!
အိပ်မက်ပဲဖြစ်ဖြစ် လက်တွေ့ပဲဖြစ်ဖြစ် ဟဲပေမူ ရှင်းပြလိုက်ပါသည်။ “ဟူကျစ်၊ ငါလမ်းမလျှောက်နိုင်သေးဘူး။ လက်ရှိ ငါ့ အခြေအနေနဲ့ဆို အပြင်မှာ အစောင့်တွေ ရှိမနေရင်တောင် ငါပြေးနိုင်မှာ မဟုတ်ဘူး”
“မြောင်!”။ ဘာမှမကြောက်နဲ့ လူဆိုးတွေကို ငါရှင်းလိုက်မယ်! ငါလည်း သတ္တိရှိပါတယ်!
ဟူကျစ်၏ ယုံကြည်မှုအပြည့်နဲ့ မျက်နှာကို ကြည့်ရင်း ဟဲပေမူ ဘာပြောရမှန်း မသိတော့ချေ။
ဟူကျစ်က သူ့သခင်လိုပဲ စိတ်လိုက်မာန်ပါ လုပ်တတ်သည်။
ဟဲပေမူ မလှုပ်ရှားသေးတာကိုမြင်ပြီး ဟူကျစ် ဒေါသထွက်လာကာ ဟဲပေမူပေါ်ကို ခုန်တက်ပြီး သူ့လျှာသေးသေးလေးဖြင့် ဟဲပေမူ၏ ပါးကို လျက်လိုက်ပါသည်။
“မြောင်!” မြန်မြန်ထတော့လို့! နေတောင် ဝင်တော့မယ်! ငပျင်းကြီးလုပ်မနေနဲ့!
“ဟူကျစ် ဆူညံမနေနဲ့။ ငါမတ်တပ်မရပ်နိုင်ဘူးလို့။ မတ်တပ်ရပ်နိုင်ရင်တောင် ငါပြေးလို့လွတ်မှာ မဟုတ်ဘူး။ မင်းက အပြင်ကလူတွေကို ရှင်းကောင်းရှင်းနိုင်ပေမယ့် ငါမပြေးနိုင်ဘူး”။ ဟဲပေမူ ရှင်းပြလိုက်သည်။
“မြောင်!”။ မရဘူး ငါတို့ သွားမှဖြစ်မယ်!
ဟူကျစ်ကို ဘယ်လိုရှင်းပြရမလဲ စဉ်းစားနေစဉ် အခန်းအပြင်ဘက်မှ ခပ်သုတ်သုတ်လျှောက်လာသည့် ခြေသံများကို ဟဲပေမူ ကြားလိုက်ရပါသည်။
တစ်ယောက်ယောက် လာနေတာဖြစ်မည်။
ဟူကျစ်ကို ဟဲပေမူ ဆွဲခေါ်လိုက်ပြီး စောင်ဖြင့် အုပ်လိုက်သည်။
“မြောင်!”။ ငတုံးကောင် ဘာလုပ်နေတာလဲ! အခုက အိပ်ချိန် မဟုတ်ဘူး!
“ရှူး တစ်ယောက်ယောက် လာနေတယ်။ မင်းကို တွေ့သွားလို့ မဖြစ်ဘူး!”
“မြောင်”။ တူတူပုန်းတန်းကစားရမှာလား။ ငါက အဲ့တာ ကစားတာတော်တယ်။
အာ့ချောင်နဲ့ လက်အောက်ငယ်သားများ အခန်းထဲ ဝင်လာကြပြီး ကြမ်းပြင်ပေါ် ကျကွဲနေသည့် ပြူတင်းပေါက်မှန်ကြီးဆီ အကြည့်ရောက်သွားပါသည်။
ထိုမှန်ချပ်ကြီးမှာ အပေါက်တွေ ရှိနေသည်။
ဗီလာအနီးနားရှိ ဒရုန်းလုံခြုံရေးကင်မရာမှ ထိုမြင်ကွင်းကို ရိုက်ကူးမိခဲ့ခြင်းဖြစ်သည်။ ပြူတင်းပေါက်မှန်ပေါ်က အပေါက်ကြီးကို အာ့ချောင် မြင်ခဲ့တုန်းက ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်ခဲ့သည်။ အခုတော့ ယုံရပါတော့မည်။
ဖန်ကွဲစတွေက အခန်းထဲမှာ ကျနေတာဖြစ်သဖြင့် အပြင်ဘက်မှ တစ်ခုခု ထိုးဖောက်ဝင်ရောက်လာတာ ဖြစ်နိုင်သည်။
အခန်းထဲကို နေရာမကျန် ရှာဖွေဖို့ အာ့ချောင် အမိန့်ပေးလိုက်ပါသည်။
သို့သော် ဒီအိပ်ခန်းက အတော်လေး ရိုးရှင်းသည်။ ပုန်းစရာနေရာပင် ရှိမှာ မဟုတ်ပါ။
မကြာမီ ဟဲပေမူ လှဲအိပ်နေသည့် ကုတင်ပေါ်မှအပ အခန်းထဲက နေရာတိုင်းကို အားလုံး ရှာဖွေပြီးသွားပြီဖြစ်သည်။ ဟဲပေမူ လှဲအိပ်နေသည့် နေရာကိုလည်း သူတို့ ထင်ထင်ရှားရှား မြင်နေရပြီးသားဖြစ်သည်။ ဟဲပေမူ ခြုံထားသည့် စောင်က ခပ်ပါးပါးစောင်ဖြစ်သဖြင့် တစ်ခုခုဝင်ပုန်းနေရင်တောင် မြင်သာပါလိမ့်မည်။
ဘာမှ ရှာမတွေ့သဖြင့် ဟဲပေမူကိုသာ အာ့ချောင် မေးလိုက်သည်။
“အဲ့ဒီ ပြူတင်းပေါက် ဘာဖြစ်သွားတာလဲ”
“ဘယ်သိမလဲ။ မင်းတို့အိမ်က ဖန်အရည်အသွေးတွေ နိမ့်လို့နေမှာပေါ့”။ ဟဲပေမူက ခံစားချက်မဲ့စွာ ပြန်ဖြေလိုက်သည်။
“အဓိပ္ပာယ်မရှိတာ! ဒီအိမ်က ဖန်တွေက သာမန်မဟုတ်ဘူး။ ဘဏ်တွေမှာ သုံးတဲ့ဖန်ထက်တောင် ပိုခိုင်မာသေးတယ်!”
အာ့ချောင်က ဒီအိမ်ရဲ့လုံခြုံရေးကို အပြည့်အဝ ယုံကြည်မှုရှိပါသည်။
… … …
အခန်း(၈၈၄) လူမိခါနီး
ထို့အပြင် သာမန် ဖန်ချပ်ဖြစ်နေရင်တောင် ဒီလောက်ကြီးသည့် အပေါက်ကြီး ဖြစ်သွားစရာအကြောင်း မရှိပေ။
“အဲ့တာဆို အိမ်ဆောက်တဲ့လူတွေ မင်းတို့ကို ဂျင်းထည့်သွားပြီထင်တယ်”
ဟူကျစ်ကို ဖုံးကွယ်ထားနိုင်ဖို့အတွက် ပုံမှန်ဆို အေးအေးလူလူနေတတ်ပြီး အဓိပ္ပာယ်မရှိတာတွေ မပြောတတ်သည့် ဟဲပေမူတစ်ယောက် သူကိုယ်တိုင်တောင် မယုံကြည်နိုင်သည့် စကားတွေ ထုတ်ပြောနေမိပါပြီ။
“စကားလမ်းကြောင်း မလွှဲနဲ့။ ဒီအခန်းထဲကို တစ်ခုခုဝင်လာတာလား”။ အာ့ချောင် ထပ်မေးလိုက်သည်။
“ဘာဝင်လာရမှာလဲ။ လူတစ်ယောက် ဝင်လာတယ် ထင်နေတာလား။ အဲ့ဒီအပေါက်လေးထဲကနေ ဘယ်လို ငလက်မက တိုးဝင်လာမှာလဲ”။ ဟဲပေမူ ပြန်ဖြေလိုက်ပါသည်။
အာ့ချောင် မျက်မှောင်ကြုတ်သွားသည်။ ဒီအရွယ်အစားရှိသည့် အပေါက်က လူကြီးတစ်ယောက်နေနေသာသာ ကလေးတစ်ယောက်ပင် ဝင်ဆံ့မှာ မဟုတ်ပေ။
“လူမဝင်နိုင်ဘူးဆိုရင်တောင် တခြားအရာတွေ ဝင်နိုင်တာပဲ”။ ဒီအပေါက်က ထင်သလောက် မရိုးရှင်းဘူးဟု အာ့ချောင် ယုံကြည်နေသည်။
ရန်သူမှာ နည်းပညာမြင့်သည့် လက်နက်တစ်ခုခု ရှိနေတာဖြစ်နိုင်သည်။
“အဲ့တာဆိုလည်း လိုက်ရှာကြလေ။ ငါတော့ ဘာမှ မတွေ့မိပါဘူး”။ ဟဲပေမူ ပြန်ပြောလိုက်ပါသည်။
“စိတ်မပူပါနဲ့ ငါတို့ရှာမှာပါ”
ဟုတ်တယ်… နည်းပညာမြင့်လက်နက်တစ်ခုခုပဲဖြစ်မယ်!
မဟုတ်ရင် သူတို့ရဲ့ အဆင့်မြင့် ဖန်ကို ဒီလိုဖောက်ထွင်းနိုင်စရာအကြောင်း လုံးဝ မရှိဘူး!
ဟဲပေမူက ဘယ်သူ့ကိုမှ စကားမပြောချင်သလို ဟန်ဆောင်လိုက်သည်။
အာ့ချောင်လည်း သူ့ကို ထပ်မေးတော့ဘဲ နည်းပညာတာဝန်ရှိသူတစ်ယောက်ကို ခေါ်လိုက်ပြီး အခန်းထဲကို အသေးစိတ်ကျကျ ရှာဖွေခိုင်းလိုက်ပါသည်။
ဟဲပေမူ မျက်နှာ တင်းမာသွားကာ နှုတ်ခမ်းလည်း တွန့်သွား၏။ ထို့နောက် စောင်ပါးပါးအောက်က သူ့ခန္ဓာကိုယ်လည်း တစ်စုံတစ်ခုကို ဖုံးကွယ်နေသကဲ့သို့ လှုပ်ရှားသွားသည်။
ဟဲပေမူကို အာ့ချောင် ပြောလိုက်သည်။ “ငါ့ကို အဲ့မျက်နှာနဲ့ ကြည့်မနေနဲ့။ ငါတို့ကို မင်းမုန်းချင်သလောက် မုန်းလို့ ရတယ်။ ဒါပေမယ့် မင်းခွန်အားတွေကို မဖြုန်းတီးသင့်ဘူးနော်”
“အဲ့တာ မင်းအလုပ်မဟုတ်ဘူး”
အာ့ချောင်ကို ဟဲပေမူ အေးစက်စွာ ပြန်ဖြေလိုက်သည်။ စောင်အောက်မှာတော့ ဟူကျစ်ပြေးထွက်မသွားအောင် သူ့ခေါင်းကို အတင်းဖိထားပါသည်
ဟူကျစ်က ဟဲပေမူ၏ လက်ကို ရိုက်နှက်နေသည်။
ငတုံးကောင် ဘာတွေလုပ်နေတာလဲ! လူဆိုးတွေကို ထွက်ချမလို့ကို ဘာလို့ခွင့်မပြုတာလဲ!
သူအပြင်ထွက်ချင်တယ်! လွှတ်ပေးစမ်း!
ဟဲပေမူ၏ လက်ဖမိုးပေါ်မှာ ဟူကျစ်၏ ကုတ်ရာတွေ အများကြီးထင်နေပါသည်။
ဟဲပေမူ ဘာသံမှ မထွက်ဘဲ အာ့ချောင်ရှေ့မှာ အားနည်းသည့်အရိပ်အယောင် လုံးဝ ထုတ်မပြပါ။
သွေးနံ့ရမှ ဟူကျစ် အနည်းငယ် ငြိမ်ကျသွားသည်။ ထို့နောက် လျှာထုတ်ကာ ဟဲပေမူ၏ ဒဏ်ရာတွေကို လျက်ပေးလိုက်ပါသည်။
“မင်းနဲ့ စကားများပြီး အချိန်မဖြုန်းချင်ဘူး”။ ဟဲပေမူကို အာ့ချောင် စကားဆက်မပြောတော့ပေ။
နည်းပညာကျွမ်းကျင်သူတွေ ရောက်လာသောအခါ အခန်းထဲကို သတ္တုရှာဖွေရေးကိရိယာများဖြင့် အကြိမ်ကြိမ် စစ်ဆေးလိုက်သည်။
ဝင်ရောက်လာသူက သက်ရှိတစ်ကောင်ဖြစ်သဖြင့် ဘယ်လို သတ္တုရှာဖွေရေးကိရိယာကမှ ရှာမတွေ့ခဲ့ပါ။
ထို့နောက် အာ့ချောင်က ဗီလာအပြင်ဘက်ကိုလည်း ရှာဖွေခိုင်းခဲ့သည်။ အပြင်ဘက်မှ အခန်းထဲကို လက်နက်တစ်ခုခုနဲ့ ပစ်ခဲ့တာလည်း ဖြစ်နိုင်သည်။
ပြူတင်းပေါက်ကို တစ်ခုခု လာမှန်ခဲ့လျှင် ကျိန်းသေပေါက် ခြေရာလက်ရာတော့ ကျန်ခဲ့လိမ့်မည်။
အာ့ချောင်တို့ အပြင်ထွက်သွားကြသောအခါ ဟဲပေမူ စောင်ကို မ,လိုက်သည်။ ထိုအခါ နားရွက်ချပြီး သူ့ကို မဝံ့မရဲကြည့်နေသည့် ဟူကျစ်ကို မြင်လိုက်ရပါသည်။
“မြောင်…”။ သူ မကောင်းတာ လုပ်မိပြီ။ သခင်ရိုက်တာကို ခံရတော့မယ်။
“မင်းကို ဘယ်သူမှ မရိုက်ဘူး။ မင်းသခင်ကိုလည်း ငါပြန်မပြောဘူး”
“မြောင်”။ တကယ်လား။
“တကယ်ပြောတာ”။
“မြောင်!”။ ငတုံးကောင် ဘော်ဒီဂတ်က သဘောကောင်းလိုက်တာ!
“အဲ့တာတွေ ခဏထား။ ငါမင်းကို မစ်ရှင်တစ်ခု ပေးစရာရှိတယ်”
သူအိပ်မက်မက်နေတာ မဟုတ်မှန်း ဟဲပေမူ သေချာသွားပါပြီ။ ဟူကျစ်သူ့ကို တကယ်ရှာတွေ့ခဲ့တာဖြစ်သည်။
“မြောင်”။ ဘာမစ်ရှင်လဲ။
… … …
အခန်း(၈၈၅) အားလုံးရောက်နေတာ ဘာလို့ အစောကြီးကတည်းက မပြောတာလဲ!
ဟူကျစ် ဇဝေဇဝါဖြစ်သွားသည်။
“ဟူကျစ်၊ မင်းသခင်ဆီ ပြန်သွားလိုက်။ ငါဒီမှာ အဖမ်းခံထားရတဲ့အကြောင်း ပြောပြပြီး ငါ့ဆရာနဲ့ တခြားသူတွေကိုလည်း အသိပေးလိုက်။ ခေါင်းဆောင်ရှောက်ကိုလည်း ဆက်သွယ်လိုက်”။ ဟဲပေမူ ညွှန်ကြားလိုက်သည်။
ဟူကျစ်၏ စကားကို စူစူလေးလည်း နားလည်လိမ့်မည်ဟု ဟဲပေမူ ခန့်မှန်းမိပါသည်။ ထို့ကြောင့် တခြားသူတွေကို စူစူလေး ပြောပြဖို့ လိုအပ်သည်။
“မြောင်”။ ဟူကျစ်က ခေါင်းလေးစောင်းလျက် အူတူတူ ကြည့်နေပါသည်။
“မင်းနားမလည်လိုက်ဘူးလား။ ငါပြောလိုက်တာ ရှုပ်သွားလို့လား။ အဲ့တာဆို တစ်ဆင့်ချင်း ပြန်ပြောပြမယ်”
ဟဲပေမူ စကားပြောမြန်သွားသဖြင့် ဟူကျစ် နားမလည်တာဖြစ်မည်ဟု တွေးလိုက်ပါသည်။
“ပထမဆုံး မင်းအိမ်ပြန်တတ်လား ငါ့ကိုပြော”
“မြောင်!”။ မပြန်တတ်ဘူး!
ဟဲပေမူ ခေါင်းမော့ကာ ဖြေလိုက်ပါသည်။ သူ မပြန်တတ်သော်လည်း ယုံကြည်မှုအပြည့်ဖြင့် ဖြေလိုက်သည်။
ဟဲပေမူသာ သူ့စကားကို နားမလည်လျှင် သူ့အမူအရာကို ကြည့်ပြီး အိမ်ပြန်တတ်သည်ဟု ထင်ကောင်းထင်သွားနိုင်သည်။
အိမ်မပြန်တတ်ဘူးဆိုလျှင် ဟဲပေမူ ပြောခဲ့တာတွေအကုန် ဘာမှ အလုပ်ဖြစ်မှာ မဟုတ်ပေ။
ထို့အပြင် သူထွက်ပြေးနိုင်ဖို့ နည်းလမ်းရှာရမည့်အပြင် ဟူကျစ်ကိုလည်း လူမမိအောင် ကာကွယ်ပေးရဦးမည်။
သို့သော် ဒီအခန်းထဲမှာပဲ ဟူကျစ်ကို ဆက်ဖွက်ထားလို့ မဖြစ်ပေ။ သူ့ကို အနှေးနဲ့အမြန် ရှာတွေ့သွားကြလိမ့်မည်။
ဟဲပေမူ၏ မျက်နှာ လေးနက်သွားပါသည်။
ဟူကျစ်က သူ့ကို ကြည့်ကာ မေးလိုက်သည်။
“မြောင်”။ ငတုံးကောင် ဘာလုပ်နေတာလဲ။
“ဘာမှမလုပ်ပါဘူး။ ငါတို့ကို လာကယ်ခိုင်းဖို့ ဘယ်လိုနည်းလမ်းသုံးရမလဲ စဉ်းစားနေတာ” ဟဲပေမူ မျက်မှောင်ကြုတ်လျက် ပြန်ဖြေလိုက်သည်။
ဟဲပေမူ အနည်းငယ် စိတ်ဓာတ်ကျသွားပါသည်။ သူအရွယ်ရောက်လာလျှင် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းရှိပြီး သူ့ရန်သူတွေကိုလည်း ကလဲ့စားချေနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။
အခုတော့ ဘယ်မှာမှန်းမသိသည့် နေရာမှာ အဖမ်းခံထားရပြီး ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်စွမ်းလည်း မရှိဘဲ သူ့ဆရာ လာကယ်မည့်အချိန်ကိုသာ စောင့်နေရပါသည်။
“မြောင်!”။ ငတုံးကောင်၊ မင်းဆရာကို ပြောနေတာလား မင်းဆရာက ဒီကိုတောင် ရောက်နေပြီ!
“ဘာပြောတယ် ငါ့ဆရာလည်း ဒီကိုရောက်နေတယ် ဟုတ်လား”
“မြောင်!”။ ဟုတ်တယ်လေ! ငါ သူတို့နဲ့ အတူတူလာခဲ့တာ!
အတူတူလာခဲ့တာတဲ့!
ဟဲပေမူ အံ့အားသင့် တုန်လှုပ်သွားသည်။ “မင်းဘာလို့ အစောကတည်းက မပြောတာလဲ!”
“မြောင်!”။ မင်းမှ မမေးတာ ငတုံးကောင်ရဲ့!
ဟဲပေမူ ဘာမှ ပြန်မချေပနိုင်တော့ပါ။
“အဲ့တာဆို ငါ့ဆရာ အခု ဘယ်မှာလဲ”
“မြောင်!” မသိဘူး!။
ဟူကျစ်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်ပါသည်။
“မသိဘူးဟုတ်လား မင်းတို့အတူတူ လာခဲ့တာဆို”
“မြောင်!” သူနဲ့အတူလာခဲ့တာ ဒါပေမယ့် ဒီကိုရောက်တော့ သူတို့ကို ထားခဲ့ပြီး ငါတစ်ယောက်တည်း ထွက်လာတာ! သူတို့က အရမ်းနှေးလို့လေ!
“မြောင်!”။ မင်းဆရာတစ်ယောက်ပဲမဟုတ်ဘူး ငါ့သခင်လည်း လိုက်လာချင်တာ ဒါပေမယ့် သူ့ကို ဝိုင်းတားကြလို့!
ဟဲပေမူ မှင်သက်သွားသည်။
အားလုံးရောက်လာကြတာပဲ!
ဟဲပေမူ ခေတ္တဆွံ့အသွားခဲ့သည်။ သူ့ရင်ထဲမှာ နွေးထွေးသည့် ခံစားချက်တစ်ခုသာ ရှိတော့သည်။
ဟဲပေမူ အတွေးလွန်နေစဉ် ဟူကျစ် ကုတင်ပေါ်မှ ခုန်ချလိုက်ပြီး ပြူတင်းပေါက်ဆီ ပြန်ပြေးသွားလေသည်။
“မြောင် မြောင်!”။ ငါလူဆိုးကောင်ကြီးကို သွားရှာတော့မယ်! အဲ့ဒီ လူဆိုးကောင်ကြီးကို နှိမ်နင်းပြီးတာနဲ့ မင်းကို အိမ်ပြန်ခေါ်သွားပေးမယ်!
“ဟူကျစ် မင်းဘာလုပ်နေတာလဲ”။ ဟူကျစ်ရဲ့ အကြံအစည်ကို ကြားသောအခါ ဟဲပေမူလည်း ကုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။
ဟဲပေမူ ကုတင်အောက်ကို လိမ့်ကျသွားပြီး ဒဏ်ရာတွေ ပြန်ပွင့်သွားခဲ့ပါသည်။
သို့သော် ဟူကျစ်ကိုတော့ မတားနိုင်ခဲ့ပေ။ ပြူတင်းပေါက်မှ ဟူကျစ် ပြန်ထွက်သွားပြီဖြစ်သည်။
ပြဿနာပဲ! ဒီကြောင်စုတ်လေး ဘာလုပ်ဖို့ ကြံနေတာလဲ!
ဗီလာထဲက လူတွေ သူ့ကို မြင်သွားရင် ဘယ်လိုလုပ်မလဲ!
အထူးသဖြင့် အဲ့ဒီ မျက်နှာဖုံးနဲ့လူ… အဲ့ဒီလူက သာမန်လူမဟုတ်ဘူး!
… … …