အခန်း (၈၈၆-၈၉၀)
Vol. 36 Ch. 886-890
အခန်း(၈၈၆) ဝံပုလွေပေါက်လေးကို ခေါ်သွားလို့ မရသေးဘူး
အာ့ချောင်က သူ့အဖွဲ့နဲ့အတူ ဗီလာပတ်ဝန်းကျင်ကို ရှာဖွေနေဆဲဖြစ်သည်။
သစ်တောထဲ အားလုံး လူစုခွဲကာ ရှာဖွေနေကြသည်။ အာ့ချောင်ဘေးမှာ လူ ၂ ယောက်သာ ပါလာပါသည်။
“ဘယ်လိုလဲ သံသယဖြစ်စရာတွေ့ရလား”။ အာ့ချောင် မေးလိုက်သည်။
“ဘာမှမတွေ့ဘူး”
“သေချာရဲ့လား။ သေချာ စစ်ဆေးနော်။ မကြာခင် ဘော့စ်ရဲ့ ရည်ရွယ်ချက် ပြည့်ဝတော့မှာ။ ဒီလိုအရေးကြီးတဲ့ အချိန်ကျမှ ငါတို့ တလွဲလုပ်လို့ မရဘူး”။ အာ့ချောင် ညွှန်ကြားလိုက်သည်
“ခေါင်းဆောင် အာ့ချောင်၊ ဘော့စ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ”။ လက်အောက်ငယ်သား တစ်ယောက်က သတိကြီးစွာ မေးလိုက်သည်။
သူတို့ထဲမှာ ဘော့စ်အကြောင်း အသိဆုံးက ခေါင်းဆောင် အာ့ချောင်ပဲ ဖြစ်သည်။
“မမေးနဲ့ မေးနေလို့ ဘာမှ မထူးဘူး။ ဘော့စ်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေက ငါတို့ဝင်ပါလို့ရတဲ့ ကိစ္စတွေ မဟုတ်ဘူး။ ငါတို့လုပ်နိုင်တာဆိုလို့ သာမန်လူတွေနဲ့ပတ်သတ်တဲ့ ကိစ္စတွေကို ရှင်းပေးဖို့ပဲ။ ဘော့စ်ကိုယ်တိုင် လိုက်ရှင်းဖို့ မတန်တဲ့ ကိစ္စတွေပေါ့”
အာ့ချောင် စကားပြောနေစဉ် အသံတစ်သံကို ကြားလိုက်ရသည်။
တစ်ယောက်ယောက် ရောက်လာတာလား!
အာ့ချောင် အသံလာရာကို လှည့်ကြည့်လိုက်ရာ ခြုံပုတ်တွေကြားထဲမှ အသက်ကြီးကြီး ခပ်ဝဝ လူတစ်ယောက် ထွက်လာတာကို မြင်လိုက်ရပါသည်။
ချင်းမိသားစုနဲ့ ပတ်သတ်သူတိုင်းကို စုံစမ်းထားသည့် အာ့ချောင်လည်း ထိုလူ့ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ဘယ်သူဘယ်ဝါမှန်း တန်းသိသွားသည်။
ဒါလုမိသားစုရဲ့ အိမ်တော်ထိန်းကျန်း ဖြစ်သည်။
အိမ်တော်ထိန်းကျန်းနောက်မှာ လူငယ်တချို့လည်း ပါလာပါသည်။
အာ့ချောင် မလှုပ်ရှားနိုင်ခင် ထိုလူငယ်တွေက စတင် လှုပ်ရှားလေသည်။
အချိန်တိုအတွင်း အာ့ချောင်ဘေးက လက်အောက်ငယ်သားနှစ်ယောက်ကို သူတို့ ချုပ်နှောင်လိုက်ကြသည်။
အာ့ချောင် ဘေးကို လှည့်ကြည့်လိုက်ရာ သူ့လူတွေ အထိန်းချုပ်ခံလိုက်ရပြီဖြစ်မှန်း မြင်လိုက်ရပါသည်။ ထိုလူငယ်တွေက သာမန်မဟုတ်ဘဲ သိုင်းပညာကို သေသေချာချာ လေ့ကျင့်ထားသူတွေ ဖြစ်ပုံရသည်။
အာ့ချောင်လည်း ချက်ချင်း စတင်တိုက်ခိုက်လေသည်။
အိမ်တော်ထိန်းကျန်းက အပြုံးမပျက်ပေ။ သူ့လူတွေကို အာ့ချောင် မထိနိုင်ခင် အိမ်တော်ထိန်းကျန်း လက်ဖြင့် ဝင်ကာလိုက်ပါသည်။
၁၀ ကွက်လောက် လှုပ်ရှားပြီးနောက် အိမ်တော်ထိန်းကျန်းကို အနိုင်မယူနိုင်မှန်း အာ့ချောင် နားလည်သွားသည်။ ထို့ကြောင့် အိမ်တော်ထိန်းကျန်းကို အာ့ချောင် ချောက်ချားစွာ ကြည့်နေစဉ် အိမ်တော်ထိန်းကျန်းက ဇက်ပိုးအုပ်လိုက်ရာ အာ့ချောင် သတိလစ်သွားလေတော့သည်။
အိမ်တော်ထိန်းကျန်းက သတိလစ်နေသည့်လူတွေကို တစ်နေရာရာမှာ ဖွက်ထားဖို့ သူ့လူများအား အမိန့်ပေးလိုက်ပါသည်။
ထို့နောက် စန်းကျစ်နဲ့ ရှောက်ကျင်းယန်တို့ အဖွဲ့က ဗီလာ၏ လုံခြုံရေးစနစ်များကို စတင် Hack လေသည်။
၁၀ မိနစ်ခန့်ကြာပြီးနောက် စန်းကျစ်၏ အသံကို ဘလူးတု နားကြပ်မှတဆင့် ကြားလိုက်ရပါသည်။
ဗီလာလုံခြုံရေးစနစ် သူမတို့ လက်ထဲ ရောက်သွားပြီဖြစ်သည်။
အိမ်တော်ထိန်းကျန်းတို့အဖွဲ့ ဗီလာထဲကို စတင်ဝင်ရောက်လေသည်။
ဗီလာ ဒုတိယထပ်ရှိ စာကြည့်ခန်းထဲက စားပွဲမှာ ထန်ထိုက်မင် ထိုင်နေပြီး ပြင်းပြင်းထန်ထန် ချောင်းဆိုးနေပါသည်။ သူ့နှုတ်ခမ်းကို သုတ်လိုက်သည့် တစ်ရှူးတွေမှာလည်း သွေးစတွေ ပေနေသည်။
လုံခြုံရေးမော်နီတာတွေမှာ ထူးခြားချက် မမြင်ရသော်လည်း တစ်စုံတစ်ယောက် ဖောက်ဝင်လာပြီဆိုတာကို ထန်ထိုက်မင် အာရုံခံမိပါသည်။
သူ့မှာအချိန်မရှိတော့ဘူး…
ဘာလို့ ဒီလူတွေ ဝင်ဝင်ရှုပ်နေရတာလဲ
အစ်ကိုကြီး… ဒါတွေကလည်း မင်းပြန်မဝင်စားခင် စီစဉ်ထားခဲ့တာတွေပဲလား…
မင်းကိုယ်မင်း ကာကွယ်ဖို့လား ဒါမှမဟုတ် မင်းရဲ့ သတ္တဝါလေးကို ကာကွယ်ပေးဖို့လား…
ထန်ထိုက်မင် နှုတ်ခမ်းကို တစ်ရှူးဖြင့်သုတ်လိုက်ပြီး မျက်နှာဖုံး ပြန်တပ်လိုက်သည်။ ထို့နောက် စာကြည့်ခန်း တံခါးကို ဖွင့်ကာ အပြင်ထွက်လာခဲ့ပါသည်။
အိမ်တော်ထိန်းကျန်းက သူ့လူတွေကို လူစုခွဲခိုင်းခဲ့သည်။ သူတို့ ပထမထပ်ကို ရှင်းလင်းပြီးပြီဖြစ်ကာ ဒုတိယထပ်သို့ တက်ရန် အသင့်ပြင်လိုက်ကြသည်။
ထိုစဉ် အပေါ်ထပ်မှ တည်ငြိမ်သည့် ခြေသံတချို့ ထွက်ပေါ်လာသည်။
အိမ်တော်ထိန်းကျန်းတို့အဖွဲ့ ပုန်းဖို့ ပြင်လိုက်စဉ် စကားသံတစ်ခုကို ကြားလိုက်ရပါသည်။ “ပုန်းမနေကြနဲ့။ မင်းတို့ ရောက်နေမှန်း ငါသိတယ်”
အိမ်တော်ထိန်းကျန်းလည်း လုပ်နေတာတွေ ရပ်လိုက်ပြီး အပေါ်ထပ်ကို မော့ကြည့်လိုက်ပါသည်။ မျက်နှာဖုံးတပ်ထားသည့် လူက အောက်ထပ်သို့ ဖြည်းညှင်းစွာ ဆင်းလာလေသည်။
ထိုလူက Suit တစ်စုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည ပိန်ပိန်ပါးပါးဖြစ်သည်။ သူတပ်ထားသည့် ကြောက်စရာ မျက်နှာဖုံးကလွဲလို့ ကျန်တာအကုန် သာမန်လူတစ်ယောက်လိုသာ ဖြစ်ပါသည်
အိမ်တော်ထိန်းကျန်းက အပြုံးဖြင့် ပြောလိုက်သည်။ “ငါ့တပည့်ကို လာရှာတာ”
“သိပါတယ်”။ ထန််ထိုက်မင် ပြန်ပြောလိုက်၏။ “အဲ့ဒီ ဝံပုလွေပေါက်လေးကို ထိခိုက်အောင်လုပ်ဖို့ ငါ့မှာ စိတ်ကူးမရှိဘူး။ ဒါပေမယ့် အခုလောလောဆယ်တော့ သူ့ကို ခေါ်သွားလို့ မရသေးဘူး။ ပြန်လိုက်ပါတော့။ အချိန်တန်ရင် သူ့ကို ငါကိုယ်တိုင် ပြန်လွှတ်ပေးမယ်”
“ဘာလို့လဲ။ ငါယုံကြည်နိုင်မယ့် အကြောင်းပြချက်တစ်ခုခု ပေးလေ။ မဟုတ်ရင်တော့ ငါသဘောမတူနိုင်ဘူး”
… … …
အခန်း(၈၈၇) ဟူကျစ်ကို လှည့်စားခြင်း (၁)
“ဘာအကြောင်းပြချက်မှ မပေးနိုင်ဘူး။ ငါ့ကို ယုံပြီး ပြန်ချင်ပြန်သွားလို့ရတယ်။ ဒါမှမဟုတ် မင်းရဲ့ တပည့်လေးနဲ့ပဲ ဒီမှာ အတူတူလာနေလိုက်ပေါ့”။ ထန်ထိုက်မင်၏ အသံက တည်ငြိမ်နေပြီး အိမ်တော်ထိန်းကျန်းကို ကြောက်ရွံ့ပုံ လုံးဝ မပေါ်ပါ။
“စမ်းကြည့်လိုက်လေ!’
အိမ်တော်ထိန်းကျန်း၏ အပြုံး ပျောက်ကွယ်သွားပြီး မျက်လုံးများက သွေးဆာလောင်သွားသည်။
ထန်ထိုင်မင် မျက်လုံးများ မှေးစင်းသွား၏။ ထိုအခါ အားအင်များဖြင့် ပြည့်ဝနေသည့် အိမ်တော်ထိန်းကျန်းတစ်ယောက် ရုတ်ချည်းဆိုသလို လဲကျသွားခဲ့ပါသည်။
သူခေါ်လာခဲ့သည့် လက်အောက်ငယ်သားတွေလည်း သူ့လိုပဲ ကြမ်းပြင်ပေါ် လဲကျကုန်လေသည်။
--- --- ---
ချင်းအိမ်တော်တွင် စန်းကျစ်၏ လက်ပ်တော့ပေါ်မှ လုံခြုံရေးမော်နီတာ လိုင်းပြတ်သွားလေသည်။
“မမလှလှ သမီး မမြင်ရတော့ဘူး!”။ စူစူလေး မော့ကြည့်ကာ မေးလိုက်သည်။
“ရှောင်းကျစ် ဘာတွေဖြစ်နေတာလဲ”။ အဘွားချင်း အမြန်မေးလိုက်ပါသည်။
“ခဏလေး စစ်ကြည့်လိုက်မယ်”။ စန်းကျစ်၏ လက်ချောင်းများက ကီးဘုတ်ကို အမြန်ရိုက်နှိပ်လိုက်ပြီး ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားပါသည်။
သို့သော် ဘယ်လောက်ပဲ ကြိုးစားပါစေ လုံခြုံရေးမော်နီတာက ပြန်ပေါ်မလာတော့ပါ။
“လိုင်းလည်း ကောင်းတယ်။ System လည်း ဘာမှမဖြစ်ဘူး။ ပြဿနာက Firmware ထိခိုက်သွားတာ ဖြစ်နိုင်တယ်”။ စန်းကျစ် သုံးသပ်လိုက်သည်။
ဘယ်လို တိုက်ပွဲကြောင့် လုံခြုံရေး Firmware တွေ အားလုံးပျက်စီးသွားတာလဲ…
ထိုသတင်းကြောင့် ချင်းအိမ်တော်မှာ စောင့်နေသူတွေအားလုံး စိတ်ပိုဖိစီးသွားကြသည်။
“အမေ စိတ်မပူပါနဲ့။ ခေါင်းဆောင်းရှောက်တို့ အဖွဲ့လည်း လိုက်သွားကြပြီ။ ခေါင်းဆောင်းရှောက်နဲ့ ဦးလေးကျန်းတို့ ပူးပေါင်းလိုက်ရင် ပြဿနာအားလုံး ပြေလည်သွားမှာပါ”။ ချင်းရှင်းကျစ်က သူ့အမေကို အမြန် နှစ်သိမ့်လိုက်ပါသည်။
“အားလုံး ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ပါစေလို့ ဆုတောင်းပါတယ်”။ အဘွားချင်း စိတ်တွေ လေးလံနေပါသည်။
“အားလုံး ဘေးကင်းမှာပါ!”။ စူစူလေးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“အင်း သမီးလေးပြောတာဆို တကယ်ဖြစ်လာမှာပါ”။ စူစူလေး၏ ခေါင်းလေးကို အဘွားချင်း ပွတ်သပ်ပေးလိုက်ပါသည်။
--- --- ---
အိမ်တော်ထိန်းကျန်းတို့အဖွဲ့ကို အနိုင်ယူပြီးနောက် ထန်ထိုက်မင် ယိမ်းယိုင်သွားပြီး ခြေလှမ်းတစ်လှမ်း နောက်ဆုတ်လိုက်မိသည်။
သူ့ညာဘက်လက်ဖြင့် ရင်ဘတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ရင်ဘတ်ထဲက သွေးတွေနဲ့ ချီစွမ်းအင်တွေကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်ပါသည်။
အားလုံး တည်ငြိမ်သွားအောင် အချိန်အတော်ယူလိုက်ရသည်။
ထို့နောက် လှေကားခြေရင်းက နံရံမှာ ကျောမှီရင်း အသက်ဝဝ ရှူလိုက်ပါသည်။
သာမန် လူသားတွေအပေါ်မှာ ဒီလို မသေမျိုးစွမ်းအင်တွေ အသုံးချတာကို တားမြစ်ထားသည်။ သို့သော် သူ့မှာ တခြား နည်းလမ်းမရှိပေ။ ထိုသတ္တဝါလေးရဲ့ ဘေးနားက လူတွေမှာ သာမန်လူတွေ မဟုတ်ကြပါ။ သူ့ရဲ့ လူသား တပည့်တွေကို အားကိုးလို့မဖြစ်တော့ပေ။
ထန်ထိုက်မင် ထွက်သွားဖို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်စဉ်…
“မြောင်!”
သူ့ရှေ့ကို ဟူကျစ်ရောက်လာပြီး အော်လိုက်သည်။
ဆရာမင်မင် လူဆိုးကြီးကို တွေ့မိသေးလား!
ထန်ထိုက်မင်က မျက်နှာဖုံး ဝတ်ထားဆဲဖြစ်သဖြင့် သာမန်လူတွေ မမှတ်မိနိုင်ပါ။ သို့သော် ဟူကျစ်ကတော့ သူ့အနံ့ကို မှတ်မိနေပါသည်။
ထန်ထိုက်မင် ခေါင်းကိုက်သွားသည်။
ဒီသတ္တဝါလေးက သူ့သခင်လိုပဲ ပေါက်စတစ်ကောင်ဖြစ်သော်လည်း နတ်ကျားဖြူစစ်စစ်ဖြစ်သည်။
သာမန်လူသားတွေလိုမျိုး သူ့ကို ကိုင်တွယ်လို့မရပါ။
ထန်ထိုက်မင် မျက်နှာဖုံးချွတ်လိုက်ပြီး ပြုံးလိုက်သည်။ “မင်းဘာလို့ ဒီရောက်နေတာလဲ”
“မြောင်!”။ လူဆိုးကြီးကို နှိမ်နင်းပြီး ငတုံးကောင် ဘော်ဒီဂတ်ကို ကယ်ဖို့!
“တိုက်ဆိုင်လိုက်တာ ငါလည်း အဲ့တာကြောင့် လာခဲ့တာပဲ”
“မြောင်!”။ ဆရာမင်မင်လည်း သူ့ကို လာကယ်တာလား။
“ဟုတ်တယ် ငါလည်း မင်းရဲ့ ဘော်ဒီဂတ်လေးကို လာကယ်တာ” ထန်ထိုက်မင် အပြုံးဖြင့် ဖြေလိုက်သည်။
“မြောင်!”။ ဆရာမင်မင် ပင်ပန်းနေပြီ! လူဆိုးကောင်တွေကို နှိမ်နင်းချင်တယ် သူတို့ဘယ်မှာလဲ!
“လူဆိုးတွေ ထွက်ပြေးသွားပါပြီ”။ ထန်ထိုက်မင် ရှင်းပြလိုက်သည်။
“မြောင်”။။ ဘာလို့ ထွက်ပြေးသွားတာလဲ။ သူဘာမှတောင် မလုပ်ရသေးဘူး!
“ဟူကျစ်ကို မြင်သွားလို့ ကြောက်ပြီး ထွက်ပြေးသွားတာ နေမှာပေါ့”
“မြောင်!” ဖြစ်နိုင်တယ်!
ဟူကျစ် ဘေးပတ်လည်ကို လှည့်ကြည့်လိုက်ရာ ကြမ်းပြင်ပေါ် လဲကျနေသည့် အိမ်တော်ထိန်းကျန်းအား မြင်လိုက်ရပါသည်။
အိမ်တော်ထိန်းကျန်းဆီ အမြန်ပြေးသွားကာ သူ့လျှာသေးသေးလေးနဲ့ မျက်နှာကို လျက်လိုက်သည်။
သို့သော် အိမ်တော်ထိန်းကျန်း မလှုပ်ပေ။
“မြောင်…”။ ဦးလေးကျန်း ဘာဖြစ်သွားတာလဲ။
… … …
အခန်း(၈၈၈) ဟူကျစ်ကို လှည့်စားခြင်း (၂)
“သူ့ကို သတိလစ်အောင် လူဆိုးကြီး လုပ်သွားတာ”။ ထန်ထိုက်မင် ရှင်းပြလိုက်သည်။
“မြောင်!”။ လူဆိုးကြီးက အရမ်း ယုတ်မာတာပဲ! သူ့ကို ရိုက်ရမှ ဖြစ်မယ်!
“အင်း နောက်တစ်ခါ သူ့ကို တွေ့မှ ရိုက်လိုက်ပေါ့။ အခု မင်းရဲ့ ဘော်ဒီဂတ်လေးဆီ ငါလိုက်ပို့ပေးမယ်လေ” ထန်ထိုက်မင် ပြောလိုက်သည်။
“မြောင်!”။ ငတုံးကောင် ဘော်ဒီဂတ်ဘယ်မှာလဲ ငါသိပြီးသား!
“ဪ ဟုတ်လား၊ ဟူကျစ်က အရမ်းတော်တာပဲ”
“မြောင်!”။ ဒါပေါ့!
“ဒါဆိုဟူကျစ် မင်းရဲ့ ဘော်ဒီဂတ်လေးကို အိမ်ပြန်ခေါ်သွားလိုက်တော့လေ။ သူဒဏ်ရာတွေ ရထားလို့ ဆေးကုပေးဖို့ လိုအပ်တယ်”
“မြောင်!”။ ဟုတ်ပြီ!
ဟူကျစ် လှေကားပေါ် တက်ဖို့ ပြင်လိုက်စဉ် ရုတ်တရက် ရပ်တန့်သွားသည်။
“မြောင်”။ သူ့ကို အိမ်ဘယ်လို ပြန်ခေါ်သွားရမှာလဲ။
“မင်း အကောင်ကြီးဖြစ်သွားအောင် ပြောင်းလိုက်လေ။ မင်းအကောင်ကြီး ဖြစ်သွားရင် အဲ့ဒီ ဘော်ဒီဂတ်လေးကို ကျောပေါ် ထမ်းသွားလို့ ရတယ်”။ ထန်ထိုက်မင် အကြံပေးလိုက်ပါသည်။
“မြောင်”။ အကောင်ကြီးပြောင်းရမယ် ဟုတ်လား။ အဲ့တာလည်း မလုပ်တတ်ဘူး!
“ရပါတယ်။ အဲ့တာဆို အိမ်တော်ထိန်းကျန်း သတိရလာတဲ့အချိန်ထိ စောင့်လိုက်။ ပြီးရင် သူ့ကို အပေါ်ထပ် ခေါ်သွားပြီး သူ့တပည့်ကို ပြန်ခေါ်သွားခိုင်းလိုက်”။ ထန်ထိုက်မင် ညွှန်ကြားလိုက်သည်
“မြောင်”။ ဦးလေးကျန်းက ဘယ်တော့ သတိရလာမှာလဲ။
“၁၀ မိနစ်၊ မိနစ် ၂၀ လောက်ဆို သတိရလာပါပြီ”
“မြောင်”။ အဲ့တာ ဘယ်လောက်ကြာမှာလဲ။
“သိပ်မကြာဘူး။ အခု အပေါ်တက်ပြီး မင်းဘော်ဒီဂတ်လေးကို အဖော်ပြုပေးလိုက်။ အဲ့တာဆို အချိန်ကုန် မြန်သွားမှာပါ”
“မြောင်!”။ ဟုတ်ပြီ!
ဟူကျစ် အပေါ်ထပ်သို့ ပြေးတက်သွားသည်။
“နေဦး ဟူကျစ် ပြောစရာရှိသေးတယ်”။ ဟူကျစ်ကို ထန်ထိုက်မင် ပြန်ခေါ်လိုက်သည်။
“မြောင်”။ ဟူကျစ် ရုတ်တရက် ရပ်တန့်သွားပြန်သည်။
“ဟူကျစ်က အရမ်းတော်တာပဲ။ ခုနက မင်းကို မြင်ပြီး လူဆိုးကြီးထွက်ပြေးသွားတာ။ မင်းရဲ့ အရှိန်အဝါတွေကို အဝေးကြီးကနေ ခံစားမိပြီး ကြောက်လို့ ထွက်ပြေးသွားတာလေ”
“မြောင်!”။ ဟုတ်တယ် ဟုတ်တယ်! အဲ့လို ထွက်ပြေးသွားတာ!
“ဒါပေမယ့်…”။ ထန်ထိုက်မင် မျက်မှောင်ကြုတ်ကာ မေးကို ပွတ်လိုက်သည်။
“မြောင်…”
“ငါနဲ့ တွေ့ခဲ့တယ်လို့ လူတိုင်းကို မင်းပြောလိုက်ရင် လူဆိုးကြီးက ငါ့ကိုကြောက်လို့ ထွက်ပြေးသွားတယ်လို့ အားလုံး ထင်သွားကြလိမ့်မယ်။ အဲ့တာဆို မင်းကို မချီးကျူးကြဘဲ ငါ့ကိုပဲ ချီးကျူးကြမှာ”။ ထန်ထိုက်မင် သုံးသပ်လိုက်ပါသည်။
“မြောင်!”။ အဲ့လို ဖြစ်လို့ မရဘူးလေ!
“ဟုတ်ပါတယ် ငါလည်း အဲ့လိုမဖြစ်စေချင်ပါဘူး”
“မြောင်!”
“ဒီလိုဆိုရင်ကော…။ မင်းအိမ်ပြန်ရောက်တဲ့အခါ ငါ့ကို မြင်ခဲ့တဲ့အကြောင်း ဘယ်သူ့ကိုမှ ပြန်မပြောနဲ့လေ။ မင်းတစ်ယောက်တည်း လူဆိုးကြီးကို ရင်ဆိုင်ပြီး တခြားသူတွေကို ကယ်တင်ခဲ့တာလို့ ပြောလိုက်ပေါ့!”
“မြောင်”။ အဲ့လို လုပ်လို့ ရလို့လား။ ငါလိမ်လို့မရဘူး! သခင်က ငါ့တင်ပါးကို ရိုက်လိမ့်မယ်!
“မင်းက လိမ်နေတာမှ မဟုတ်တာ။ လူဆိုးကြီးကို မင်းတကယ် နှိမ်နင်းခဲ့တာပဲလေ။ ပြီးတော့ အားလုံးကိုလည်း ကယ်တင်ပေးခဲ့တယ်။ ငါကတော့ သိပ်အရေးမကြီးပါဘူး”
“မြောင်!”။ ဆရာမင်မင်ကလည်း အရေးကြီးပါတယ်! ဆရာမင်မင်လည်း လာကူညီပေးလို့ လူကောင်းပဲ!
“ငါ ကူညီချင်ပေမယ့် ဘာမှ မကူညီနိုင်ခဲ့ဘူး။ ဝန်ခံရမှာ ရှက်ဖို့ကောင်းလို့ ငါ့အတွက် လျှို့ဝှက်ထားပေးနိုင်မလား”
“မြောင်…”။ အင်း… အဲ့လိုဆိုလည်း ဖြစ်ပါတယ်။
--- --- ---
အိမ်တော်ထိန်းကျန်း သတိပြန်လည်လာပြီး မတ်တပ်ရပ်လိုက်သည်။
ဘာဖြစ်သွာားတာလဲ…
သူ့မှတ်ဉာဏ်များက မျက်နှာဖုံးနဲ့လူကို တိုက်ခိုက်ခါနီးဆဲဆဲအချိန်မှာ အဆုံးသတ်သွားသည်။ ထို့နောက် သူ သတိလစ်သွားခဲ့ပါသည်။
ဘာလို့ ရုတ်တရက်ကြီး သတိလစ်သွားခဲ့တာလဲ။
သူဘာနံ့မှလည်း မရဘူး၊ ဘာကိုမှလည်း မထိခဲ့ဘူး။
ကြမ်းပြင်ပေါ် လဲနေသည့် သူ့လက်အောက်ငယ်သားများကို အိမ်တော်ထိန်းကျန်း ငုံ့ကြည့်လိုက်သည်။
လူတွေအများကြီးကို တစ်ပြိုင်တည်း သတိလစ်အောင် လုပ်နိုင်သဖြင့် သူတို့ရန်သူက သာမန် မဟုတ်နိုင်ပေ။
အိမ်တော်ထိန်းကျန်း အတွေးများ နက်ရှိုင်းသွားသည်။
“မြောင်!”
… … …
အခန်း(၈၈၉) ဟဲပေမူအား ကယ်ဆယ်ခြင်း (၁)
ဟူကျစ်က လှေကားထစ်ပေါ်မှာ ရပ်နေပြီး အိမ်တော်ထိန်းကျန်းကို အော်လိုက်ပါသည်။
“ဟူကျစ်!”။ အိမ်တော်ထိန်းကျန်းလည်း သူ့နောက် အမြန်လိုက်လာခဲ့သည်။
“မြောင်!”။ မြန်မြန် မြန်မြန်! ငတုံးကောင် ဘော်ဒီဂတ်ကို အိမ်ပြန်ခေါ်သွားရမယ်!
ဟူကျစ်ဘာတွေပြောနေသလဲဆိုတာ အိမ်တော်ထိန်းကျန်း မသိပါ။ သို့သော် သူ့ကို ခေါ်နေသလိုလိုတော့ ရှိသည်။
ထို့ကြောင့် အိမ်တော်ထိန်းကျန်းလည်း ဘာမှမတွေးတော့ဘဲ ဟူကျစ်နောက်် လိုက်လာခဲ့ပါသည်။
ဟူကျစ်က အိမ်တော်ထိန်ကျန်းကို ဒုတိယထပ်ရှိ ဟဲပေမူ၏ အခန်းသို့ ခေါ်လာခဲ့သည်။
ထို့နောက် တံခါး လက်ကိုင်ဘုပေါ် ခုန်တက်ကာ လှည့်ဖွင့်လိုက်သည်။ ထို့နောက် အိမ်တော်ထိန်းကျန်းကို အခန်းထဲ ခေါ်သွားခဲ့ပါသည်။
အခန်းထဲက ကုတင်ပေါ်မှာ သူရှာဖွေနေသည့် ရှောင်းမူ လှဲလျောင်းနေသည်။
မျက်လုံးများ မှိတ်ထားသော ဒဏ်ရာအပြည့်နဲ့ ဟဲပေမူကို မြင်သောအခါ အိမ်တော်ထိန်းကျန်း အပြေး စစ်ဆေးလိုက်သည်။
“ရှောင်းမူ! ရှောင်းမူ! ထစမ်း!”။ ဟဲပေမူကို အိမ်တော်ထိန်းကျန်း နှိုးဖို့ ကြိုးစားသော်လည်း မအောင်မြင်ပါ။
“မြောင်!”။ ငတုံးကောင် အိပ်ပျော်နေတာ!
“မြောင်!” ဦးလေးကျန်း သူ့ကို ချီပြီး အိမ်ပြန်ခေါ်သွားလိုက်!
အိမ်တော်ထိန်းကျန်း၏ ဘောင်းဘီစကို ဟူကျစ် ကိုက်လိုက်ပြီး ဆွဲခေါ်နေပါသည်။
“ဟူကျစ် ငါ့ကို ဘာလုပ်စေချင်လို့လဲ”။ အိမ်တော်ထိန်းကျန်း မေးလိုက်သည်။
“မြောင်!”။ ဦးလေးကျန်း! ငတုံးကောင်ကို အိမ်ပြန်ခေါ်သွား!
“မင်းဘာပြောနေလဲ ငါနားမလည်ဘူး”
ဟူကျစ်၏ စကားကို အိမ်တော်ထိန်းကျန်း နားမလည်ပေ။ ဟူကျစ်ကလည်း မစောင့်နိုင်တော့သဖြင့် ကုတင်ပေါ် ခုန်တက်ကာ ဟဲပေမူ၏ အင်္ကျီစကို ကိုက်လိုက်ပါသည်။
ဒဏ်ရာအပြင်းအထန်ရထားသည့် ဟဲပေမူအား ဟူကျစ် ကုတင်ပေါ်မှ ဆွဲချဖို့ ပြင်နေတာကို မြင်ပြီး အိမ်တော်ထိန်းကျန်း အမြန်ဝင်တားလိုက်ပါသည်။
“ဟူကျစ် အဲ့လို မဆွဲနဲ့! ရှောင်းမူ ဒဏ်ရာတွေရထားတာ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
“မြောင်!”။ အဲ့တာဆို ဦးလေးကျန်း သူ့ကို သယ်လိုက်!
ဟူကျစ် စိတ်ဖိစီးကာ ဂနာမငြိမ်ဖြစ်နေသည်။ အိမ်တော်ထိန်းကျန်းသာ ဟဲပေမူကို မသယ်လျှင် သူဒေါသထွက်မိပါတော့မည်။
ဟူကျစ်၏ အမူအရာကြောင့်လား မသိသော်လည်း အိမ်တော်ထိန်းကျန်းက ဟဲပေမူကို အရင်ဆုံး ကယ်ဆယ်သင့်သည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် ဟဲပေမူကို ကုတင်ပေါ်မှ ပွေ့ချီလိုက်ပြီး အောက်ထပ်သို့ ပြန်ဆင်းလာခဲ့ပါသည်။
ဒါကိုမြင်မှ ဟူကျစ်လည်း ပျော်ရွှင်သွားပြီး အနောက်မှ တကောက်ကောက် လိုက်လာခဲ့လေသည်။
အိမ်တော်ထိန်းကျန်း၏ လက်အောက်ငယ်သားတွေလည်း သတိပြန်လည်လာကြပြီဖြစ်သည်။
ဟဲပေမူကို သယ်ပြီး ဆင်းလာသည့် အိမ်တော်ထိန်းကျန်းကို မြင်သောအခါ အားလုံး စုရုံးလိုက်ကြသည်။
“အားလုံး ကားဆီ အရင်ပြန်ကြရအောင်”။ အိမ်တော်ထိန်းကျန်း အမိန့်ပေးလိုက်၏။
သူတို့ ကယ်တင်ဖို့ လာခဲ့သည့် လူကို ကယ်တင်ပြီးပြီဖြစ်သဖြင့် ဘာမှ စောင့်နေစရာ မလိုတော့ပေ။
သူတို့အဖွဲ့ ကားဆီ ပြန်လာခဲ့ကြသည်။ ဟူကျစ်ကလည်း ဟဲပေမူအနားမှာပဲ တစ်ချိန်လုံး ကပ်နေခဲ့ပါသည်။
အိမ်တော်ထိန်းကျန်းတို့အဖွဲ့ သစ်တောထဲမှ ပြန်ထွက်လာကြပြီး ရှောက်ကျင်းယန်ကို ဖုန်းဆက်လိုက်သည်။
“ခေါင်းဆောင်ရှောက်၊ ကျွန်တော်တို့ ရှောင်းမူကို ရှာတွေ့ပါပြီ။ အခု သူ့ကို ပြန်ခေါ်လာနေပြီ”
“ရန်သူတွေကိုကော ရှင်းပြီးပြီလား။ ရှောင်းကျီက ဆက်သွယ်မှု ပြတ်တောက်သွားတယ်လို့ ပြောတယ်”။ ရှောက်ကျင်းယန်က စိတ်ပူစွာ မေးလိုက်ပါသည်။
“မရှင်းနိုင်ခဲ့ဘူး။ မျက်နှာဖုံးနဲ့ လူတစ်ယောက်ကြောင့် ကျွန်တော်တို့အားလုံး သတိလစ်သွားကြတာ။ ဘာဖြစ်သွားတာလဲ မသိပေမယ့် ကျွန်တော်တို့ သတိပြန်လည်လာတော့ သူ့ကို မတွေ့မိတော့ဘူး”
အိမ်တော်ထိန်းကျန်း စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။ အတွေ့အကြုံ ရင့်ကျက်သူဖြစ်တာကြောင့် ဒီကိစ္စက ပေါ့သေးသေး မဟုတ်မှန်း သူရိပ်မိပါသည်။ သို့သော် လောလောဆယ် စုံစမ်းဖို့ သူ့မှာ အချိန်မရှိပေ။
“မြောင်!”။ အိမ်တော်ထိန်းကျန်းနဲ့ ရှောက်ကျင်းယန်တို့၏ စကားကိုကြားပြီး ဟူကျစ်က ဂုဏ်ယူဝံ့ကြွားမှု အပြည့်ဖြင့် အော်လိုက်ပါသည်။
လူဆိုးကြီးကို ငါရှင်းလိုက်ပြီ!။
“အဲ့တာဆို ခင်ဗျားတပည့်ကို အရင်ပြန်ခေါ်လာလိုက်ပါ”
“အဲ့လိုပဲ စီစဉ်ထားတာပဲ။ အခုတောင်ခြေကို ပြန်ဆင်းလာနေပြီ”
အိမ်တော်ထိန်းကျန်းက သူ့တပည့်ကို ကယ်တင်ဖို့သာ ဦးစားပေးထားသည်။ ထို့ကြောင့် အခုလို ဆုတ်ခွာလာရခြင်း ဖြစ်ပါသည်။
“မြောင်!”။ ဟုတ်တယ် ဘော်ဒီဂတ် ငတုံးကောင်ကို ကယ်ပြီးသွားပြီ! အိမ်ပြန်ကြစို့! သခင့်ဆီ ပြန်သွားကြမယ်!
တောင်ပေါ်မှ ကား ၃ စီး ပြန်ဆင်းလာခဲ့ကြသည်။ အိမ်တော်ထိန်းကျန်းတို့ ထွက်သွားသောအခါ ဗီလာကြီးက ဗလာကျင်း ဖြစ်သွားခဲ့ပါသည်။
ထန်ထိုက်မင်လည်း ပျောက်ချင်းမလှ ပျောက်သွားခဲ့သည်။ အိမ်တော်ထိန်းကျန်းတို့ ဖမ်းချုပ်ထားခဲ့သော အာ့ချောင်တို့ လူတွေတောင် မရှိကြတော့ပေ။
… … …
အခန်း(၈၉၀) ဟဲပေမူအား ကယ်ဆယ်ခြင်း (၂)
အိမ်တော်ထိန်းကျန်းတို့ အုပ်စုနဲ့ ရှောက်ကျင်းယန်တို့ အုပ်စု တောင်ခြေမှာ ပြန်ဆုံကြသည်။
နှစ်ဖက်စလုံး ကားတွေ ရပ်တန့်လိုက်ကြပါသည်။
“မစ္စတာကျန်း ရှောင်းမူ အခြေအနေ ဘယ်လိုရှိလဲ”
ကားနောက်ခုံမှာ လှဲလျောင်းနေသည့် ဟဲပေမူကို ကြည့်ရင်း ရှောက်ကျင်းယန် စိတ်ပူစွာ မေးလိုက်သည်။ ဟဲပေမူ၏ ဒဏ်ရာများကို မြင်ပြီး ရှောက်ကျင်းယန် မျက်မှောင်ကြုတ်သွားခဲ့ပါသည်။
“ဒဏ်ရာတွေက နည်းနည်းတော့ ပြင်းထန်တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ အသက်အန္တရာယ်တော့ မရှိနိုင်ပါဘူး”။ အိမ်တော်ထိန်းကျန်း ရှင်းပြလိုက်သည်။
“သူ အသက်အန္တရာယ်မရှိလို့ တော်သေးတာပေါ့။ အဲ့ဒီလူတွေက ဘယ်သူတွေလဲ။ ဘယ်လို အငြှိုးတရားရှိလို့ ဒီလောက်တောင် ရက်ရက်စက်စက် နှိပ်စက်ခဲ့တာလဲ”
ဟဲပေမူ ခေါင်းအစ ခြေအဆုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ အသက်အန္တရာယ် မရှိဘူးဟု ဆိုသော်လည်း ဘယ်လောက် ရက်စက်ခဲ့မှန်း မြင်နိုင်သည်။
“ကျွန်တော်လည်း သေချာမပြောနိုင်ဘူး”။ အိမ်တော်ထိန်းကျန်း ပြန်ဖြေလိုက်သည်။
သူသိထားသည့် ရန်သူတွေ လက်ချက်သာဆို ဟဲပေမူ အခု သေဆုံးနေလောက်ပါပြီ။
ရှောက်ကျင်းယန်က မေးလိုက်၏။ “တရားခံတွေနဲ့ ရင်ဆိုင်ခဲ့တုန်းက မစ္စတာကျန်း ဘာသဲလွန်စတွေ ရခဲ့သေးလဲ”
“ဘာမှ မရခဲ့ဘူး။ ဘာတွေဖြစ်သွားမှန်းတောင် ကျွန်တော်မသိဘူး။ အားလုံး သတိလစ်သွားကြတာ…”
ထိုခံစားချက်က အလွန်ခက်ခဲပါသည်။ သူက အတွေ့အကြုံ ရင့်ကျက်သူဖြစ်ပြီး ရန်သူပေါင်းများစွာနဲ့လည်း ရင်ဆိုင်ဖူးသည်။ ဘယ်တုန်းကမှ ဒီလို အလွယ်တကူ မရှုံးနိမ့်သွားဖူးပါ။
ကားထဲက ဟူကျစ်ကို အိမ်တော်ထိန်းကျန်း လှမ်းကြည့်လိုက်သည်။ “ဖြစ်ကြောင်းကုန်စင်ကို ဟူကျစ်တော့ သိနိုင်လိမ့်မယ်။ ဒါပေမယ့် ကျွန်တော် ကြောင်စကား နားမလည်ဘူး”
“မစ္စတာကျန်း စူစူလေးဆီ ပြန်သွားလိုက်ပါ။ စူစူလေးနဲ့ ဟူကျစ်တို့က အချင်းချင်း ဆက်သွယ်နိုင်စွမ်းရှိတယ်။ ဧကန္တ ဟူကျစ်ပြောတာကို စူစူလေး နားလည်နိုင်လောက်တယ်”။ ရှောက်ကျင်းယန် အကြံပေးလိုက်သည်။
“ကျွန်တော်လည်း အဲ့လိုပဲ စီစဉ်ထားတာပဲ”
“ပြဿနာတွေက ထင်သလောက် မရိုးရှင်းဘူး မစ္စတာကျန်း။ ခင်ဗျားတို့ ချင်းအိမ်တော်ကို အရင်ပြန်လိုက်ကြ။ ကျွန်တော်တို့ အဖွဲ့က ဗီလာဆီ သွားပြီး စုံစမ်းစစ်ဆေးလိုက်မယ်”
“ကောင်းပါပြီ။ ရှောင်းမူကို ဆေးကုပေးဖို့ ပြန်ခေါ်သွားလိုက်မယ်။ မစ္စတာရှောက်လည်း ဂရုစိုက်ပါ”။
စကားအနည်းငယ်ပြောပြီးနောက် အိမ်တော်ထိန်းကျန်းနဲ့ ရှောက်ကျင်းယန်တို့ လမ်းခွဲခဲ့ကြသည်။
အိမ်တော်ထိန်းကျန်းက ချင်းအိမ်တော်သို့ ပြန်လာခဲ့ပြီး ရှောက်ကျင်းယန်ကတော့ တောင်ပေါ် ဆက်တက်လာခဲ့ပါသည်။
--- --- ---
ချင်းအိမ်တော်တွင် ကျန်ရှိနေသူအားလုံး ဧည့်ခန်းထဲမှာ စုဝေးလျက် စိုးရိမ်ပူပန်စွာ သတင်းစောင့်မျှော်နေကြသည်။
စူစူလေးက ဒုတိယထပ်ရှိ စာကြည့်ခန်းထဲမှာ တရားထိုင်နေပြီး သိပ်မကြာလိုက်ဘဲ ဟူကျစ်နဲ့ ဟဲပေမူတို့ ပြန်လာနေတာကို အာရုံခံမိပါသည်။
ဟူကျစ်က အရမ်းတော်တာပဲ!
အခန်းထဲမှာ စူစူလေးတစ်ယောက်တည်း မလှုပ်မယှက် ထိုင်နေတာကို မြင်သွားပြီး ချင်းယုမူ အနားကပ်လာခဲ့သည်
“နင်ဘာလုပ်နတာလဲ။ ပင်ပန်းနေရင် သွားအိပ်တော့လေ”။
စူစူလေး၏ ဘော်ဒီဂတ် ပျောက်သွားသဖြင့် သူမ အလွန်စိတ်ပူနေမှန်း ချင်းယုမူ သိပါသည်။ စူစူလေး အစားလည်း ကောင်းကောင်းမစား အိပ်လည်း မအိပ်ပါ။
စူစူလေးကို နှစ်သိမ့်ပေးပြီး သွားအိပ်ဖို့ ပြောချင်မိသည်။ သို့သော် သူ့ပါးစပ်ကို ဟလိုက်တာနဲ့ တစ်ပြိုင်နက် ထွက်လာသည့် စကားများက အေးတိအေးစက် နိုင်နေပါသည်။
သို့သော် စူစူလေးက သူ့စကားကို ကြားပုံမပေါ်ဘဲ ငြိမ်ငြိမ်သက်သက် ဆက်ထိုင်နေလေသည်။
“ဘာလဲဟ။ ငုတ်တုတ်ကြီး အိပ်ပျော်နေတာလား”။ ချင်းယုမူ သံသယဝင်သွားပြီး စူစူလေး၏ ပခုံးကို လှမ်းတို့လိုက်သည်။
စူစူလေး ပခုံးကို သူ့လက်ချောင်း ထိလိုက်တာနဲ့တစ်ပြိုင်နက် ချင်းယုမူ ဓာတ်လိုက်သလို ခံစားလိုက်ရပြီး လက်အမြန် ပြန်ရုတ်သိမ်းလိုက်မိပါသည်။
သူ့လက်ချောင်း ဒဏ်ရာရသွားသလား စစ်ဆေးရင်း စူစူလေးကို မယုံသင်္ကာပြန်ကြည့်လိုက်သည်။
ဒီကောင်မလေး ပခုံးမှာ အဆူးတွေများ ပေါက်နေတာလား။ ဘာလို့ အဲ့လောက် စူးရတာလဲ!
သေချာစဉ်းစားကြည့်မှ အဆူးစူးတာလို့ မဟုတ်ဘဲ တည်ငြိမ်လျှပ်စစ်နဲ့ ပိုတူနေပါသည်။ ရာသီဥတုက အေးစက် ခြောက်သွေ့လာပြီဖြစ်သဖြင့် ဒီလို ဖြစ်တတ်သည်။
သို့သော် ဒီကလေးမလေးရဲ့ ကိုယ်ပေါ်က တည်ငြိမ်လျှပ်စစ်က ချင်းယုမူ ကြုံဖူးတာထက် ၁၀ ဆ လောက် ပိုအားကောင်းပါသည်။
“ဟဲ့ နင်အဆင်ပြေရဲ့လား”။ ချင်းယုမူ အနားကပ်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။
စူစူလေး တရားထိုင်လို့ ပြီးသွားပြီဖြစ်ကာ မျက်လုံးဖွင့်ပြီး ခေါင်းမော့ကြည့်လိုက်သောအခါ သူမကို ထူးထူးဆန်းဆန်း ကြည့်နေသော ချင်းယုမူအား မြင်လိုက်ရလေသည်။
“နင်ဘာလုပ်နေတာလဲ”။ စူစူလေး မေးလိုက်၏။
… … …