အခန်း (၈၉၁-၈၉၅)
Vol. 36 Ch. 891-895
အခန်း(၈၉၁) ဟဲပေမူအား ကယ်ဆယ်ခြင်း (၂)
သူမကို မူမူလေး စိတ်ပူနေတာဖြစ်ရမည်။
“ဘာမှမလုပ်ပါဘူး ဘာမှ မလုပ်ဘူး!”။ စူစူလေးကို တက်တက်ကြွကြွနဲ့ ပြန်မြင်လိုက်ရမှ ချင်းယုမူ စိတ်အေးသွားပါသည်။
“အဲ့တာဆို ဘာလို့ လာကြည့်နေတာလဲ”
“နင်ငုတ်တုတ်ကြီး အိပ်ပျော်နေတာလားလို့ လာစစ်ကြည့်တာ။ နင့်ကို မလှုပ်မယှက်နဲ့ မြင်ရတာ ကြောက်ဖို့ကောင်းတယ်”။ သူမ တစ်ခုခု ဖြစ်နေတာဟု ထင်ပြီး အလွန်ထိတ်လန့်ခဲ့တာဖြစ်သည်။
“ငါပိုအစွမ်းထက်လာပြီ နင်နားမလည်ပါဘူး”။ စူစူလေး ပြောလိုက်သည်။
ချင်းယုမူ မကျေမနပ်ဖြင့် ပွစိပွစိပြောလိုက်ပါသည်။ “အဲ့တာ ဘယ်လို အစွမ်းထက်တာလဲ”
“ဒီတိုင်း အစွမ်းပိုထက်လာတာ!”။ စူစူလေးလည်း ရှင်းမပြတတ်ပါ။
“အစွမ်းထက်တယ်ဆိုလည်း ပြီးတာပဲ! နင်အဲ့လောက် အစွမ်းထက်နေပြီဆိုရင် စွမ်းအင်တွေ ပြန်ပြည့်အောင် တစ်ခုခု စားလိုက်လေ။ ရေခဲသေတ္တာထဲက ကိတ်မုန့် ယူပေးရမလား”
ချင်းယုမူက ရှက်ကိုးရှက်ကန်းဖြင့် တောင့်တောင့်ကြီး မေးလိုက်ပါသည်။
စူစူလေးကို သဘောကျသည်ဟု ဝန်ခံထားသော်လည်း သူမကို ဂရုစိုက်ကြောင်း ပေါ်တင် ထုတ်မပြချင်သေးပါ။
ဂရုစိုက်ကြောင်း ပြသနေရင်တောင် သူ့မာနကို ထိန်းသိမ်းထားရမည်။
“မစားသေးဘူး။ ဟူကျစ်နဲ့ ဘော်ဒီဂတ်လေးတို့ကို စောင့်ဦးမယ်! သူတို့ ပြန်လာကြတော့မယ်!”
စူစူလေး ချင်းယုမူဘေးမှ ပတ်ပြေးသွားပြီး အောက်ထပ်သို့ ဆင်းသွားပါသည်။
ချင်းယုမူလည်း သူမနောက် အမြန်လိုက်သွားသည်။
“အရမ်းမပြေးနဲ့လေ! ချော်လဲနေဦးမယ်! သူတို့ ပြန်လာလည်း နင့်ဖာသာနင် စားလို့ရတာပဲ!”
“သူတို့ပြန်လာမှ အတူတူစားမှာ!”
စူစူလေး အောက်ထပ်သို့ ပြေးဆင်းသွားပါသည်။
အားလုံး လက်ပ်တော့ ဖန်သားပြင်ကို စိတ်ပူပန်စွာ ဝိုင်းကြည့်နေကြသည်။
ဗီလာ၏ လုံခြုံရေးစနစ်များ ပျက်စီးသွားပြီဖြစ်တာကြောင့် စန်းကျစ်က ဒရုန်းတစ်ခု လွှတ်ထားသည်။ ထိုဒရုန်းက ဗီလာထံသို့ ရောက်ခါနီးနေပါပြီ။
စူစူလေးလည်း အားလုံးကြားထဲ တိုးဝင်လိုက်ပြီး လက်ပ်တော့ ဖန်သားပြင်ကို ငေးကြည့်လိုက်သည်။
ခဏကြာတော့ ဒရုန်းက ဗီလာ၏ အတွင်းဘက်ကို ရိုက်ကူးပြခဲ့သည်။
အထဲမှာ ဘယ်သူမှ မရှိပေ။ ဗီလာအပြင်ဘက်မှာလည်း ဘယ်သူမှ မရှိကြပါ။ ဥယျာဉ်ထဲမှာ၊ ရေကူးကန်ထဲမှာ ဗလာကျင်း ဖြစ်လို့နေသည်။
ဗီလာကြီးတစ်ခုလုံးက စွန့်ပစ်ခံထားရသလိုပင်။
မကြာမီ ရှောက်ကျင်းယန်တို့အဖွဲ့ ဗီလာကြီးထံ ရောက်ရှိလာကြသည်။
“ခေါင်းဆောင်ရှောက် ဗီလာထဲမှာကော ပတ်ဝန်းကျင်မှာကော ဘာလှုပ်ရှားမှုမှ မတွေ့ရဘူး။ အပူ အာရုံခံ ကိရိယာကလည်း မတုန့်ပြန်ဘူး”။ စန်းကျစ် အကြောင်းကြားလိုက်သည်။
“သက်သေရှာဖို့ ငါ့လူတွေနဲ့ ဗီလာထဲ ဝင်တော့မယ်။ ဒီလောက် အချိန်တိုအတွင်း ထွက်ပြေးသွားကြတာ သဲလွန်စ တစ်ခုခုတော့ ကျန်ခဲ့မှာပဲ”
အရင်တစ်ခေါက်က သူတို့ ကျရှုံးခဲ့ကြသည်။ ဒီတစ်ခါတော့ ရန်သူတွေက အလောတကြီး ထွက်ပြေးသွားကြတာ ဖြစ်သဖြင့် လက်ဗွေ၊ ဆံပင် စသည်ဖြင့် တစ်ခုခုတော့ ကျန်ခဲ့နိုင်ပါသည်။
“ဂရုစိုက်ပါ ခေါင်းဆောင်ရှောက်”
စန်းကျစ် သတိပေးလိုက်ပါသည်။ မော်နီတာပေါ်မှာ ပုံမှန်မဟုတ်တာ ဘာမှမတွေ့ရသော်လည်း ဗီလာထဲမှာ တခြား အန္တရာယ်တွေ ကိန်းအောင်းနေနိုင်သေးသည်။
“အစ်ကိုကြီး သတိထားနော်!”။ စူစူလေးကလည်း သတိပေးလိုက်ပါသည်။
“စိတ်မပူပါနဲ့ စူစူလေး။ စူစူလေးရဲ့ ကံကောင်းမှုကြောင့် အားလုံး ဘေးကင်းမှာပါ”။ ရှောက်ကျင်းယန် ပြန်ပြောလိုက်သည်။
“အွန်း! ပြန်လာရင် အားလုံးကို ကိတ်မုန့်ကျွေးမယ်!”။ စူစူလေး ကတိပေးလိုက်သည်။
“ဟုတ်ပြီကွ!”
ရှောက်ကျင်းယန်၏ အဖွဲ့သားများ ပျော်ရွှင်သွားကြသည်။
သူတို့ မစ်ရှင်ကို အောင်မြင်အောင် ထမ်းဆောင်ပြီး စူစူလေး၏ ကိတ်မုန့်ကို စားရဖို့ မျှော်လင့်နေကြပါပြီ။
--- --- ---
၁၀ မိနစ်ခန့်ကြာပြီးနောက် အိမ်တော်ထိန်းကျန်း ချင်းအိမ်တော်သို့ ပြန်ရောက်လာခဲ့သည်။ ဟဲပေမူလည်း ပါလာပါသည်။
ခြံအပြင်မှ ဆူညံသံတွေကို ကြားသောအခါ ချင်းမိသားစုဝင်များ အပြေးထွက်သွားကြလေသည်။
သူတို့ ပြန်လာကြပြီ!
“မြောင်!”။ ကားထဲမှ ဟူကျစ် အရင်ဆုံးထွက်လာပြီး စူစူလေးထံ ပြေးလာလေသည်။
“မြောင်!”။ ငါပြန်လာပြီ သခင်! ဘော်ဒီဂတ်လေးကိုလည်း ကယ်ခဲ့ပြီ!
… … …
အခန်း(၈၉၂) ဟဲပေမူအား ကယ်ဆယ်ခြင်း (၄)
သူမထံ ပြေးလာသည့် ဟူကျစ်ကို စူစူလေး ကောက်ချီလိုက်ပါသည်။
“ဘော်ဒီဂတ်လေး ဘာဖြစ်နေတာလဲ”။ သတိလစ်နေသည့် ဟဲပေမူကို ကြည့်ကာ ဟူကျစ်ကို စူစူလေး မေးလိုက်ပါသည်။
“မြောင်!”။ သူအိပ်ပျော်နေတာ!
“ငတုံးကောင် ဟူကျစ်! ဘော်ဒီဂတ်လေးက နင့်လို မဟုတ်ဘူး။ လူတွေအများကြီး ကြားထဲမှာ ဒီလို အိပ်နေမှာ မဟုတ်ဘူး!”
“မြောင်”။ သူအိပ်နေတာမဟုတ်လို့ ဘာဖြစ်နေတာလဲ။ လူတွေအများကြီး ရှိတော့လည်း ဘာဖြစ်လဲ။ ပင်ပန်းရင် အိပ်ရမှာပေါ့။
အိမ်တော်ထိန်းကျန်းက ဟဲပေမူကို သယ်လာပြီး ဆရာကြီးရှုယီဆီ သွားပြခဲ့ပါသည်။
ဆရာကြီးရှုယီက ဘာမှမပြောဘဲ ဟဲပေမူကို စစ်ဆေးကြည့်လိုက်သည်။
“ဘာမှမဖြစ်ဘူး သူ မသေဘူး။ ဒဏ်ရာတွေက အန္တရာယ်မရှိပါဘူး။ နည်းနည်း နာနိုင်ပေမယ့် အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်မှု မရှိဘူး”
“ဒါဆို သူဘာလို့ နိုးမလာသေးတာလဲ”။ အိမ်တော်ထိန်းကျန်း စိတ်ပူပန်စွာ မေးလိုက်သည်။
“ပင်ပန်းနေလို့ နေမှာပေါ့။ အိပ်နေတာမဟုတ်ရင် သတိလစ်နေတာ ၂ ခုပဲဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် သူ့ခန္ဓာကိုယ်က အရမ်းကြီး ဆိုးရွားမနေပါဘူး။ အချိန်တန်ရင် သူသတိရလာလိမ့်မယ်။ အဲ့တာကြောင့် မလိုအပ်ဘဲ စိတ်ပူမနေကြနဲ့။ လူငယ်တွေက ငါတို့ထက် ခံနိုင်ရည်ပိုရှိတယ်။ ဒဏ်ရာတွေ အများကြီး ရထားပေမယ့် ပြန်သတိရလာမှာပါ”။ ဆရာကြီး ရှုယီ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာကြီးရှုယီ”။ အိမ်တော်ထိန်းကျန်း ဦးညွှတ်ကာ ကျေးဇူးတင်လိုက်ပါသည်။
“တခြားသူတွေကော အားလုံးပြန်လာကြပြီလား။ ဘယ်သူကျန်ခဲ့သေးလဲ”။ ဆရာကြီးရှုယီ မေးလိုက်သည်။
“ကျွန်တော့်လူတွေကတော့ ပြန်ရောက်ပါပြီ။ ခေါင်းဆောင်ရှောက်တို့ အဲ့ဒီမှာ စုံစမ်းနေကြတုန်းပဲ။ သူတို့အခြေအနေကို မသိရသေးဘူး”။ အိမ်တော်ထိန်းကျန်း ပြန်ဖြေလိုက်သည်။
“ဟုတ်လား…”။ ဆရာကြီးရှုယီက သူရဲ့ မုတ်ဆိတ်ဖြူများကို ပွတ်သပ်ရင်း တစ်ခုခုကို စဉ်းစားလိုက်ပါသည်။
“ဆရာကြီးရှုယီ တစ်ခုခု မသင်္ကာဖြစ်မိလို့လား”။ အိမ်တော်ထိန်းကျန်း မေးလိုက်သည်။
“အဓိပ္ပာယ်မရှိတာ! ဒီအခြေအနေမှာ ဘယ်သူမဆို မသင်္ကာဖြစ်ရမှာပဲလေ! ပထမတစ်ခေါက်က ငါတို့စူစူလေး ပြန်ပေးဆွဲခံရတယ်။ အခု သူ့ဘော်ဒီဂတ် ပြန်ပေးဆွဲခံရပြန်ပြီ။ ဒီလောက် အကြိမ်ကြိမ်အခါခါ ပြန်ပေးဆွဲပြီး ငွေလည်း မတောင်းဘူး၊ ဓားစာခံတွေကိုလည်း မသတ်ဘူး။ အဲ့တာ မသင်္ကာဖြစ်စရာမဟုတ်လို့ ဘာလဲ”
ဆရာကြီးရှုယီ ဒေါသတကြီး ငေါက်လိုက်ပါသည်။
အဲ့ဒီ သောက်လူယုတ်မာကောင်! ငါ့လက်ထဲသာ ရောက်လို့ကတော့ ဆေးရည်ထဲ ထည့်ပြုတ်ပစ်မယ်!
“ဟုတ်ပါတယ် ဟုတ်ပါတယ်”။ အိမ်တော်ထိန်းကျန်း အမြန်ထောက်ခံလိုက်ရသည်။
အိမ်တော်ထိန်းကျန်းကို ရှင်းပြပြီးနောက် ဆရာကြီးရှုယီက စူစူလေးအား လှည့်ပြောလိုက်ပါသည်။ “စူစူလေးရဲ့ ဘော်ဒီဂတ်လေး ဘာမှမဖြစ်ဘူးနော်။ သူ အနားယူလိုက်ရင် နေပြန်ကောင်းသွားမှာပါ”
“ဪ အဲ့တာဆို သူ့ကို ဂရုစိုက်နော် ဦးလေးပိုင်ဟူကျစ်။ သူ့ကို ဝဝတုတ်တုတ်ဖြစ်လာအောင် လုပ်ပေး!”။ စူစူလေး မှာလိုက်သည်။
“ဦးလေးတာဝန်သာထားလိုက်! သူဒဏ်ရာမရခင်တုန်းကထက် ပိုဝလာစေရမယ်လို့ ကတိပေးတယ်”။ ဆရာကြီးရှုယီ ကတိပေးလိုက်လေသည်။
စူစူလေးရဲ့ တောင်းဆိုချက်မှန်သမျှကို သူငြင်းဆန်မှာ မဟုတ်ပါ။
အိမ်တော်ထိန်းကျန်းက စူစူလေးရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပြောလိုက်သည်။ “စူစူလေး ဦးလေးကျန်းကို တစ်ခုလောက် ကူညီပါလား။ ဗီလာကြီးထဲမှာ ဦးလေးကျန်းတို့အားလုံး သတိလစ်သွားလို့ ဘာဖြစ်သွားမှန်း မသိလိုက်ဘူး။ ဘာတွေဖြစ်သွားတာလဲဆိုတာ ဟူကျစ်ကို မေးကြည့်ပေးပါလား။ ပြီးတော့ ဗီလာထဲက လူဆိုးကြီးတွေ ဘယ်ရောက်သွားသလဲဆိုတာကောပဲ”
“ရတယ်!”
စူစူလေးက သူမရင်ခွင်ထဲ ပိုက်ထားသော ဟူကျစ်ကို ငုံ့ကြည့်လိုက်သည်။ “ဦးလေးကျန်းမေးတာ ကြားတယ်မလား!”
“မြောင်!”။ လူဆိုးကြီးတွေ ငါ့ကို ကြောက်လို့ ထွက်ပြေးသွားကြတာ!
“တကယ်လား”
“မြောင်!”။ တကယ်ပေါ့ ငါက အရမ်းစွမ်းအားကြီးတာကိုး!
“မြောင်!”။ ပြီးတော့ ဘော်ဒီဂတ်လေးကို ရှာတွေ့တာလည်း ငါပဲ!
“အဲ့တာဆို နင်အရမ်းတော်တာပဲ! ဆုချတဲ့အနေနဲ့ ဒီနေ့ည ကြက်ပေါင်ကျွေးမယ်!”
“မြောင်!”။ ကြက်ပေါင်! ကြက်ပေါင်!
အိမ်တော်ထိန်းကျန်းကို စူစူလေး ပြန်ပြောပြလိုက်သည်။ “သူ့ကို ကြောက်လို့ လူဆိုးကြီးတွေ ထွက်ပြေးသွားတာလို့ ဟူကျစ်က ပြောတယ်!”
“သူ့ကိုကြောက်လို့ ထွက်ပြေးသွားတာ ဟုတ်လား”
စူစူလေးရင်ခွင်ထဲက ဟူကျစ်ကို အိမ်တော်ထိန်းကျန်း အံ့အားသင့်စွာ ကြည့်လိုက်သည်။
ဒီကြောင်လေးက တကယ်ပဲ အားသန်ပါသည်။ သူ့အတွက် ကျည်ကာမှန်တစ်ချပ်ကတောင် စက္ကူတစ်ရွက်လို ဖျက်ဆီးရလွယ်သည်။
စူစူလေး ခေါင်းငြိမ့်လိုက်၏။ “ဟုတ်တယ်! ဟူကျစ်က အရမ်းသန်မာတာ! တိုက်တာခိုက်တာလည်း တော်တယ်! ဒါမယ့် သမီးလောက်တော့ မတော်ဘူး!”
သူမသာ လိုက်သွားခွင့်ရှိလျှင် လူဆိုးကောင်ကြီးကို ငိုသွားသည့်အထိ ထိုးကြိတ်နိုင်ပါလိမ့်မည်။
… … …
အခန်း(၈၉၃) လုကျန်းယွီလည်း ပျောက်သွားပြီ (၁)
သူ့ရှေ့က ကလေးမလေးနဲ့ ကြောင်လေးက နူးညံ့ပျော့ပြောင်းသည်ဟု ထင်ရသော်လည်း သူတို့ရဲ့ စွမ်းရည်ကို အားလုံး မြင်ဖူးပြီးသားဖြစ်သည်။
သူတို့က ကျိန်းသေပေါက် သာမန် ကလေးတွေ၊ ကြောင်တွေလို မဟုတ်ပါ။
အိမ်တော်ထိန်းကျန်း ခေတ္တစဉ်းစားလိုက်ပြီး စူစူလေးနဲ့ ဟူကျစ်တို့၏ ရှင်းပြချက်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် ရလဒ်က ကောင်းတာပဲ မဟုတ်လား။
ဟူကျစ်က ရန်သူတွေကို နှိမ်နင်းခဲ့ပြီး သူတို့ရဲ့ အခက်အခဲကိုလည်း ကူညီပေးခဲ့သည်။
ကြိုးကိုင်သူကို မဖမ်းမိသေးသော်လည်း အနည်းဆုံးတော့ သူ့တပည့်လေးကို ကယ်ဆယ်နိုင်ခဲ့ပါသည်။
အိမ်တော်ထိန်းကျန်းက ဟူကျစ်၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ ကျေးဇူးတင်လိုက်ပါသည်။ “ကျေးဇူးတင်ပါတယ် ဟူကျစ်။ ဒီနေ့ ဟူကျစ် အများကြီး ကူညီပေးနိုင်ခဲ့တယ်”
“မြောင်!”။
ဟူကျစ် ပျော်ရွှင်ကျေနပ်သွားလေသည်။
ငါပြောသားပဲ! ငါက သတ္တိရှိပါတယ်လို့!
ဆရာကြီးရှုယီက စကားဖြတ်ပြောလိုက်ပါသည်။ “ကဲကဲ အိမ်တော်ထိန်းကျန်း၊ မင်းတပည့်ကို အခန်းထဲ လိုက်ပို့ပေးလိုက်။ ခဏနေရင် သူ့ဒဏ်ရာတွေကို ငါဆေးကုပေးမယ်”
ဆရာကြီးရှုယီက ဒီကိစ္စတွေထဲမှာ အိမ်တော်ထိန်းကျန်းအား သိပ်ပြီးဝင်မပါစေချင်ပါ။ အထူးသဖြင့် စူစူလေးနဲ့ ဟူကျစ်တို့ရဲ့ ထူးခြားမှုများနဲ့ ပတ်သတ်နေသည့် ကိစ္စတွေမှာဖြစ်သည်။
“ဟုတ်ကဲ့ပါ”။ အခုချိန်မှာ အရေးအကြီးဆုံးက သူ့တပည့်လေး၏ ဒဏ်ရာတွေကို ကုသပေးဖို့ဆိုတာ အိမ်တော်ထိန်းကျန်းလည်း နားလည်ပါသည်။ ထို့ကြောင့် ဟဲပေမူကို အခန်းတစ်ခန်းထဲ ပို့ပေးခဲ့သည်။
စူစူလေးကတော့ သူတို့နောက် လိုက်မသွားပါ။ ဘေးပတ်လည်ကို ခဏလောက် ဝေ့ကြည့်ပြီးနောက် စူစူလေး မေးလိုက်သည်။ “ကိုကြီးဘယ်ရောက်သွားလဲ။ ကိုကြီးကို မတွေ့တော့ဘူး”
စူစူလေး၏စိတ်က ဟဲပေမူတို့ထံကိုသာ ရောက်နေသဖြင့် လုကျန်းယွီကို မေ့လျော့သွားခဲ့သည်။
ယခု ဟဲပေမူ ဘေးကင်းလုံခြုံမှန်း သေချာသွားမှ လုကျန်းယွီ ပျောက်နေတာကို စူစူလေး သတိထားမိပါသည်။
“သမီးကိုကြီး လေ့ကျင့်ခန်းလုပ်ရမယ့်အချိန် ရောက်ပြီလေ။ သမီးရဲ့ ဦးလေးပိုင်ဟူကျစ်က သူ့ကို လေ့ကျင့်ခန်း ပျက်ကွက်လို့ မဖြစ်ဘူးလို့ မှာထားလို့ အိမ်ပြန်သွားရှာပြီ”။ အဘွားချင်း ရှင်းပြလိုက်သည်။
လုကျန်းယွီက ဒီလို အကြောင်းပြချက်ပေးခဲ့သော်လည်း တကယ်တမ်းတော့ စန်းကျစ်ကို ကူညီဖို့အတွက် သူ့လက်ပ်တော့သူ အသုံးပြုရန် အိမ်ပြန်သွားခြင်းဖြစ်သည်။
“ဪ အဲ့တာဆို သမီး ကိုကြီးဆီ သွားတော့မယ်!”။ စူစူလေး ပြောပြောဆိုဆိုဖြင့် တံခါးဆီ ပြေးထွက်သွားသည်။ ချင်းယုကျီးနဲ့ ချင်းယုမူတို့လည်း အနောက်မှ လိုက်လာခဲ့ပါသည်။ ဟူကျစ်က သူတို့နှစ်ယောက်ထက် ပိုအပြေးမြန်သည်။
“ဒေါ်လေး ဖြေးဖြေးသွားစမ်းပါ! နင့်ကိုကြီးက ဟိုဘက်အိမ်မှာတင်ရှိတယ် ဘယ်မှ ထွက်မပြေးဘူး!”။ ချင်းယုကျီး အနောက်မှ ပြေးလိုက်ရင်း ပြောလိုက်ပါသည်။
သူစိတ်ထင်တာကြောင့်ပဲလား မပြောတတ်သော်လည်း ခုတလော စူစူလေးရဲ့ သက်လုံတွေ အရင်ကထက် ပိုကောင်းလာပြီး ခြေထောက်တိုတိုလေးများနဲ့ ပြေးတာလည်း မြန်သထက် မြန်လာပါသည်။
ကံကောင်းစွာဖြင့် လုအိမ်တော်နဲ့ ချင်းအိမ်တော်က သိပ်မကွာဝေးပါ။ မဟုတ်ပါက သူတို့ဒေါ်လေးနောက်ကို မှီအောင် လိုက်နိုင်မှာ မဟုတ်ပေ။
စူစူလေး၏ မျက်နှာကို လုံအိမ်တော် လုံခြုံရေးစနစ်ထဲ ထည့်သွင်းထားသဖြင့် တံခါး အလိုလျောက် ပွင့်သွားခဲ့ပါသည်။
“ကိုကြီး! သမီးလာပြီ!”
အိမ်ထဲသို့ စူစူလေး ပြေးဝင်လာခဲ့သည်။
ဧည့်ခန်းထဲမှာ လင်းယုရှန်းနဲ့ အိမ်စေတွေသာ ရှိနေပါသည်။
သခင်ကြီးလုက အလုပ်ကိစ္စဖြင့် ပေကျင်းမြို့ကို ရောက်နေပြီး အိမ်တော်ထိန်းကျန်းတို့အဖွဲ့ကလည်း ဟဲပေမူကို ကယ်ဆယ်နေရတာဖြစ်သည်။
“စူစူလေး ကျန်းယွီကို ရှာနေတာလား။ သူနဲ့ ဦးလေးကျန်းတို့ စူစူလေးတို့ အိမ်ကို သွားကြတာ မဟုတ်ဘူးလား”။ လင်းယုရှန်း မေးလိုက်သည်။
“ကိုကြီး လေ့ကျင့်ခန်းလုပ်ဖို့ အိမ်ပြန်သွားပြီဆို!”
“မဟုတ်ပါဘူး။ ဒေါ်လေး ဧည့်ခန်းထဲမှာ တစ်ချိန်လုံး ထိုင်နေတာ။ ကျန်းယွီလေးသာ ပြန်လာရင် ဒေါ်လေး သိမှာပေါ့”
လင်းယုရှန်း ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် အိမ်စေတွေကို အမြန်မေးလိုက်ပါသည်။ “နင်တို့သခင်လေးကို မြင်မိကြသေးလား”
အားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းခါလိုက်ပါသည်။
သခင်လေးပြန်လာတာကို ဘယ်သူမှ မတွေ့မိပေ။
လင်းယုရှန်းမျက်နှာ ချက်ချင်း အကျည်းတန်သွားပြီး ချက်ချင်း အမိန့်ပေးလိုက်ပါသည်။ “နင်တို့ သခင်လေးကို သွားရှာကြစမ်း! အိမ်အတွင်းအပြင် နှံ့နေအောင် ရှာကြ!”
အိမ်စေတွေလည်း လုကျန်းယွီကို ရှာဖို့ ထွက်ခွာသွားကြလေသည်။
စားပွဲပေါ်က ဖုန်းကို လင်းယုရှန်း ကောက်ယူလိုက်ပြီး ပေကျင်းမြို့ရောက်နေသည့် သခင်ကြီးလုအား ဖုန်းဆက်လိုက်ပါသည်။
တစ်ခုခု မူမမှန်တာကို စူစူလေးလည်း သတိထားမိသည်။
ချင်းယုကျီးအား သူမ လှည့်မေးလိုက်၏။ “ကိုကြီး ပျောက်နေတာလား တူလေးယုကျီး”
… … …
အခန်း(၈၉၄) လုကျန်းယွီလည်း ပျောက်သွားပြီ (၂)
ချင်းယုကျီး မျက်မှောင်ကြုတ်ကာ စူစူလေးကို ပွေ့ချီလိုက်သည်။
“ခဏစောင့်ပါဦး သူပျောက်သွားတာလား မသေချာသေးဘူး”
လုကျန်းယွီ ပျောက်နေတာ ဖြစ်ဖို့များသော်လည်း စူစူလေးရှေ့မှာ ချင်းယုကျီး တပ်အပ် မပြောရဲပေ။
တိတိကျကျ အဖြေပေးလိုက်ပါက စူစူလေး ထွက်ပြေးသွားနိုင်ပါသည်။
ထို့ကြောင့် စူစူလေးကို အရင်ချီလိုက်ပြီးမှ လုကျန်းယွီ၏ အခြေအနေကို လင်းယုရှန်းနဲ့ဆွေးနွေးနိုင်မှာ ဖြစ်သည်။
ချင်းယုမူလည်း အခြေအနေတွေ တင်းမာလာတာကို သတိထားမိသည်။
ခုတလော ဘာတွေဖြစ်နေမှန်း သူမသိပါ။ သူတို့နားကလူတွေ တစ်ယောက်ပြီးတစ်ယောက် ဘာကြောင့် ပြန်ပေးဆွဲခံနေရတာလဲ။
ဘယ်သူနဲ့များ ရန်ငြှိုးရန်စရှိလို့လဲ။
သခင်ကြီးလုကို အကြောင်းကြားပြီးနောက် လင်းယုရှန်း လက်ပ်တော့ အမြန်သွားယူလိုက်သည်။ ထို့နောက် အိမ်လုံခြုံရေး စနစ်ထဲ လော့ဂ်အင်ဝင်ကာ လုံခြုံရေးဗီဒီယိုများကို ဖွင့်ကြည့်လိုက်ပါသည်။
ချင်းယုကျီးလည်း စူစူလေးကို ချီလျက် ဗီဒီယိုကို ကြည့်လိုက်သည်။
ဗီဒီယိုထဲမှာ ချင်းအိမ်တော်မှ လုကျန်းယွီ ထွက်လာတာကို မြင်ရသည်။
လုကျန်းယွီနောက်မှာ အိမ်တော်ထိန်းကျန်း ထားခဲ့သည့် ဘော်ဒီဂတ် ၂ ယောက် ပါလာပါသည်။ အိမ်တော်ထိန်းကျန်းတို့ ဟဲပေမူကို သွားမကယ်ခင် ထို ၂ ယောက်ကိုသာ လုကျန်းယွီအတွက် ချန်ထားပေးခဲ့သည်။
သို့သော် ဒီ ၂ ယောက်နဲ့တင် သာမန် အန္တရာယ်တွေကို ကိုင်တွယ်ဖို့ လုံလောက်ပါသည်။
သို့သော် ၁၀ စက္ကန့်ကြာပြီးနောက် မီနီဗန်ကားတစ်စီး လုကျန်းယွီဘေးမှာ ရုတ်တရပ် ရပ်လိုက်သည်။ ထို့နောက် မျက်နှာဖုံးနဲ့ လူ ၂ ယောက် ထွက်လာပြီး ဘော်ဒီဂတ်များကို သတိလစ်အောင် တိုက်ခိုက်ကာ လုကျန်းယွီအား ဖမ်းခေါ်သွားကြလေသည်။
အဖြစ်အပျက်တွေက မြန်ဆန်လွန်းပါသည်။ စက္ကန့်ပိုင်းအတွင်း လုကျန်းယွီ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
ဆိုဖာပေါ်မှာ ထိုင်နေသည့် လင်းယုရှန်း ကြက်သေသေသွားကာ ခေါင်းထဲ ဗလာကျင်းဖြစ်သွားလေသည်။ “ကျန်းယွီ… ကျန်းယွီ ပြန်ပေးဆွဲခံလိုက်ရပြီ…”
ပုံမှန်ဆို လုကျန်းယွီ အပြင်သွားတိုင်း အိမ်တော်ထိန်းကျန်း အမြဲပါတတ်သည်။
ဒီနေ့တစ်နေ့တည်းသာ တပည့်ဖြစ်သူ ဟဲပေမူကို ကယ်တင်ဖို့အတွက် အိမ်တော်ထိန်းကျန်းတို့အဖွဲ့ လုကျန်းယွီဘေးမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
ရန်သူတွေကလည်း ဒီအခွင့်အရေးကို အရယူခဲ့ကြသည်။
လုံခြုံရေးဗီဒီယိုထဲက ပြန်ပေးသမားတွေကို ကြည့်ရင်း စူစူလေး ရုတ်တရက် ထပြောလိုက်သည်။ “အား!! အဲ့ဒီ လူဆိုးကြီးကို သမီးသိိတယ်!”
“ဘာပြောတယ် စူစူလေး”
စူစူလေးကို လင်းယုရှန်း၊ ချင်းယုကျီးနဲ့ ချင်းယုမူတို့ အံ့အားသင့်စွာ ပြိုင်တူ ကြည့်လိုက်ကြသည်။
“သမီးကို အရင်တစ်ခေါက်က ဖမ်းသွားတာလဲ အဲ့ဒီမျက်နှာဖုံးနဲ့လူပဲ! ဒါပေမယ့် သူက အရမ်းတော့ မဆိုးပါဘူး! နတ်ယုတ်မာကြီးကို အနိုင်ယူဖို့ သမီးကို ကူညီပေးမယ်လို့တောင် ကတိပေးခဲ့သေးတယ်! ဒါပေမယ့် ကတိလည်း မတည်ဘူး! သမီး သူ့ကို ထပ်မတွေ့ရတော့ဘူး!”။
နတ်ယုတ်မာကြီးကို အနိုင်ယူဖို့ သူမကို သင်ပေးမည်ဟု ကတိပေးထားသော်လည်း အခုချိန်ထိ ပြန်ပေါ်မလာခဲ့ပါ။ ဒီလိုစဉ်းစားကြည့်ပြန်တော့လည်း ထိုလူက နည်းနည်း ဆိုးရွားပါသည်။
“စူစူလေး သေချာရဲ့လား”။ ချင်းယုကျီး အမြန်မေးလိုက်သည်။
“မျက်နှာဖုံးကတော့ သေချာတယ်!”
စူစူလေးက မျက်နှာဖုံးကိုသာ မှတ်မိတာဖြစ်သည်။ မျက်နှာဖုံးအောက်ကလူ တူတူပဲလားဆိုတာကိုတော့ မပြောတတ်ပေ။
ဟူကျစ်လည်း လက်ပ်တော့ကို ကြည့်ချင်သဖြင့် ကြမ်းပြင်ပေါ်မှာ ခုန်ပေါက်နေသည်။
သည်းမခံနိုင်တော့သည့်အဆုံး ချင်းယုကျီး၏ ဘောင်းဘီပေါ် ကုတ်ဖဲ့တက်ကာ လက်ပ်တော့ ဖန်သားပြင်ကို ကြည့်လိုက်လေသည်။
“မြောင်!”။ အဲ့မျက်နှာဖုံးကို ငါလည်း မှတ်မိတယ်!
အားလုံး စကားများနေကြသဖြင့် ဟူကျစ်၏ အော်သံကို ဘယ်သူမှ မကြားကြပေ။
ချင်းယုကျီး ရေရွတ်လိုက်သည် “မျက်နှာဖုံးတစ်ခုတည်း ဝတ်ပြီး ပြန်ပေးဆွဲမှုတွေကို ကျူးလွန်နေကြတာ… အဲ့တာဆို လူတစ်ယောက်တည်းက ကြိုးကိုင်နေတာ ဖြစ်ဖို့များတယ်!”
သေချာပါသည်။ ဒီပြန်ပေးဆွဲမှုတွေအားလုံးကို လူတစ်ယောက်တည်းက စီစဉ်ခဲ့တာဖြစ်မည်။
ချင်းယုကျီး အံကြိတ်လိုက်ပြီး မျက်လုံးများ အေးစက်သွားကာ လည်ပင်းပေါ်က သွေးကြောတွေလည်း ထောင်လာပါသည်။
စူစူလေးကို ချီထားသည့် လက်တောင် အလိုလို တင်းကြပ်လာခဲ့သည်။
စူစူလေးက သူ့ကို ကြောင်စီစီကြည့်လိုက်သည်။ သူမကို ဘယ်လောက်ပဲ တင်းတင်းကြပ်ကြပ် ဖက်ထားပါစေ သူမ မနာကျင်ပါ။
“အစ်ကိုယုကျီး”။ ချင်းယုမူက ချင်းယုကျီး၏ အင်္ကျီကို ဆွဲလိုက်ပါသည်။
အစ်ကိုယုကျီး ဒီလိုပုံစံဖြစ်ရင် ကြောက်ဖို့ကောင်းတယ်!။
… … …
အခန်း(၈၉၅) လုကျန်းယွီလည်း ပျောက်သွားပြီ (၃)
“ငါဘာမှမဖြစ်ပါဘူး”။ စက္ကန့်ပိုင်းလောက် ကြာသောအခါ ချင်းယုကျီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါသည်။
လင်းယုရှန်းက ဗီဒီယိုမှ ဓာတ်ပုံများကို ယူကာ လုမိသားစု လုံခြုံရေးအဖွဲ့ဆီ ပို့လိုက်သည်။
ထို့နောက် ထိုမျက်နှာဖုံး၏ ဇစ်မြစ်ကို စုံစမ်းခိုင်းခဲ့ပါသည်။
“အစ်ကိုယုကျီး ဘယ်လိုလုပ်ကြမလဲ”။ ချင်းယုမူက စိတ်ပူစွာ မေးလိုက်သည်။
“အိမ်အရင်ပြန်ကြမယ်”
တရားခံရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် အခုချိန်မှာ သူတို့ မိသားစု နှစ်စုလုံးက မည်သူမဆို ပစ်မှတ်ဖြစ်သွားနိုင်မှန်း ချင်းယုကျီး သိပါသည်။
“ဟုတ်ပြီ!”။ ချင်းယုမူ ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် စူစူလေးကို ခေါ်လျက် ချင်းအိမ်တော်သို့ ချင်းယုကျီး အမြန်ပြန်လာခဲ့ပါသည်။
“ဘာဖြစ်တာတုန်း။ ငါ့မြေးနှစ်ယောက် ဘာလို့အလောတကြီး ဖြစ်နေကြတာလဲ”။ မြေးနှစ်ယောက်၏ ပုံမှန် မဟုတ်သော မျက်နှာများကို မြင်ပြီး အဘွားချင်း စိတ်ပူစွာ မေးလိုက်ပါသည်။
“အဘွား… လုကျန်းယွီ ပြန်ပေးဆွဲခံလိုက်ရပြီ”။ အားလုံးကို ချင်းယုကျီး အကြောင်းကြားလိုက်သည်။
“ဘာ! ရှောင်းယွီလည်း ပြန်ပေးဆွဲခံလိုက်ရပြီ ဟုတ်လား”။ အဘွားချင်း အလွန်တုန်လှုပ်သွားခဲ့သည်။ ချင်းမိသားစုဝင်တိုင်းလည်း တုန်လှုပ်သွားခဲ့ကြပါသည်။
“ဘယ်လိုဖြစ်တာလဲ။ ခုလေးတင် ရှောင်းမူကို ကယ်တင်နိုင်ခဲ့တာကို။ အခု ရှောင်းယွီလည်း ပြန်ပေးဆွဲခံလိုက်ရပြီတဲ့လား”။ အဘိုးချင်းက ခက်ထန်စွာ ရေရွတ်လိုက်ပါသည်။
ဟဲပေမူအခန်းထဲမှ ထွက်လာသော အိမ်တော်ထိန်းကျန်း သတင်းကိုကြားသောအခါ မျက်နှာတစ်ခုလုံး ဖြူရော်သွားခဲ့သည်။
“သခင်လေး ပြန်ပေးဆွဲခံရတယ် ဟုတ်လား”။ အိမ်တော်ထိန်းကျန်း မျက်လုံးပြူးကျယ်သွားသည်။
ချင်းယုကျီး အတည်ပြုလိုက်ပါသည်။ “လုအိမ်တော် ခြံရှေ့က လုံခြုံရေး ကင်မရာတွေကို စစ်ကြည့်ပြီးသွားပြီ။ သူတကယ် ပြန်ပေးဆွဲခံလိုက်ရတာ”
စန်းကျစ်ကို ချင်းယုကျီး အမြန်ပြောလိုက်သည်။ “အစ်မ ရှောင်းကျစ်၊ ကျေးဇူးပြုပြီး ခေါင်းဆောင်ရှောက်ကို ဆက်သွယ် အကြောင်းကြားပေးပါ။ ကျွန်တော်တို့ ထောင်ချောက်ဆင်ခံလိုက်ရပြီ”
“ဟုတ်ပြီ!”။ စန်းကျစ်လည်း တောင်ပေါ်ဗီလာထဲမှာ သဲလွန်စ ရှာနေသည့် ရှောက်ကျင်းယန်တို့ အဖွဲ့အား အမြန် အကြောင်းကြားလိုက်ပါသည်။
ထိုသတင်းကို ကြားသောအခါ ရှောက်ကျင်းယန် မျက်နှာ အလွန်မှောင်မိုက်သွားခဲ့သည်။
ကံကောင်းစွာဖြင့် ဒီဗီလာထဲမှာ သက်သေတချို့ သူတို့ ရှာတွေ့ခဲ့ကြသည်။ ထိုသက်သေများ၏ အကူအညီဖြင့် သူတို့ အသုံးဝင်သည့် အချက်အလက်တချို့ ရရှိနိုင်လောက်သည်။
စိုးရိမ်ပူပန်နေသည့် လူတိုင်း၏ မျက်နှာကို ကြည့်ရင်း စူစူလေးနဲ့ ဟူကျစ်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
“ဟူကျစ်!”
“မြောင်!”
“ဟူကျစ်! အဲ့ဒီလူဆိုးကြီးကို ငါတို့အပြတ်အသတ် နှိမ်နင်းပြီး ငရဲပြည် ပို့ပေးရတော့မယ်!”
“မြောင်!”
“အဲ့တာဆို အတူတူသွားရှာကြစို့!”
“မြောင်!”။ သွားမယ် သွားမယ် သွားမယ်! လူဆိုးကြီးကို နှိမ်နင်းမယ်!
“ဒါပေမယ့် ငါတို့ ဘယ်လိုသွားရမလဲ။ ငါတို့ ခိုးထွက်သွားရင်လည်း ဖေဖေနဲ့ မေမေက စိတ်ပူသွားမှာ”။ စူစူလေးက ပါးထောက်လျက် စဉ်းစားလိုက်ပါသည်။
“မြောင်…”။ ငါလည်း မသိဘူး…
“ဟာ! ငါသိပြီ! ဦးလေးပိုင်ဟူကျစ်ကို သွားတွေ့ရမယ်!”
ဟူကျစ်ကို ချီပြီး ဟဲပေမူ၏ အခန်းထဲ စူစူလေး ပြေးဝင်သွားပါသည်။
“စူစူလေးပါလား”။ ဆရာကြီးရှုယီက ဟဲပေမူ၏ တစ်ကိုယ်လုံးက ဒဏ်ရာများကို ကုသပေးနေပါသည်။ စူစူလေး ဝင်လာတာ မြင်သောအခါ ဟဲပေမူကို စောင်ဖြင့် အုပ်လိုက်သည်။
“သမီးတို့ တိုက်ခိုက်တော့မယ်!”
“စူစူလေး တိုက်ခိုက်လို့ မဖြစ်ဘူးလေ! တိုက်တာခိုက်တာ သူများတွေ လုပ်ပါစေ။ စူစူလေးတို့က နတ်သမီးလေးတွေလေ နတ်သမီးလေးတွေက မတိုက်ခိုက်ရဘူး ဟုတ်ပြီလား”။ ဆရာကြီးရှုယီ ချော့ပြောလိုက်ပါသည်။
တိုက်တာခိုက်တာမျိုးက သူတို့ရဲ့ ချစ်စရာစူစူလေးနဲ့ လုံးဝ မသင့်တော်ပါ။
“လူဆိုးကြီးကို နှိမ်နင်းရမယ်! ကိုကြီးကို ကယ်ဖို့အတွက်!”။ စူစူလေးက လက်သီးကို ဝှေ့ရမ်းရင်း ကြွေးကြော်လိုက်ပါသည်။
“ကိုကြီးဟုတ်လား လုကျန်းယွီလည်း ပြန်ပေးဆွဲခံလိုက်ရပြီလား”။ ဆရာကြီးရှုယီ အံ့အားသင့်စွာ မေးလိုက်သည်။
“အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။ “အားလုံး နည်းလမ်းစဉ်းစားနေကြတာ။ သမီးလည်း စဉ်းစားဖို့ လိုတယ်။ သမီးကို သူတို့ အပြင်ထွက်ခွင့် မပေးဘူး။ ခိုးထွက်သွားရင်လည်း ဖေဖေနဲ့ မေမေက စိတ်ပူလိမ့်မယ်။ ဦးလေးပိုင်ဟူကျစ် နည်းလမ်း ကူစဉ်းစားပေးပါ!”
“ဟမ်”။ ဆရာကြီးရှုယီ အခက်တွေ့သွားသည်။
“ဦးလေးပိုင်ဟူကျစ်!”
“ဟုတ်ပါပြီ ဟုတ်ပါပြီ ကူစဉ်းစားပေးပါ့မယ်”။ ဆရာကြီးရှုယီ အသည်းမမာနိုင်ပါ။
စူစူလေးရဲ့ မျက်ဝန်းလေးများကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် သူစိတ်ပျော့သွားရသည်။
စူစူလေး ဘာပြောလုပ်ခိုင်းလုပ်ခိုင်း လုပ်ပေးမှ ဖြစ်မယ်!
… … …