အခန်း (၈၉၆-၉၀၀)
Vol. 36 Ch. 896-900
အခန်း(၈၉၆) တကယ် ငါ့အစ်ကိုကြီးပဲ!
ဇိမ်ခံကားကြီးတစ်စီး၏ နောက်ခုံတွင် ထိုင်လျက် သူ့ရှေ့က မျက်နှာဖုံးနဲ့လူကို လုကျန်းယွီ တည်တည်ငြိမ်ငြိမ် အကဲခတ်နေပါသည်။
ပြန်ပေးဆွဲတာဖြစ်သဖြင့် ကားတွေကို မကြာခဏ ပြောင်းခဲ့ကြသည်။
ဒီကားကလည်း လုံးဝ မရပ်တန့်ဘဲ ဆက်တိုက် မောင်းနှင်နေပါသည်။
ခေါင်းဆောင်ရှောက်တို့အဖွဲ့ ခြေရာခံလို့မရအောင် ဒီလိုလုပ်နေကြတာဖြစ်မှန်း လုကျန်းယွီ သိပါသည်။
ထန်ထိုက်မင်လည်း လုကျန်းယွီကို သေချာကြည့်ကာ ပြုံးလိုက်သည်။ “ဘယ်ဆိုးလို့လဲ။ မင်းက ၇ နှစ် ၈ နှစ်သားလေး ဖြစ်နေတာတောင် တည်ငြိမ်နေတုန်းပဲ။ မင်းရဲ့ အဲ့ဒီပုံစံကို မြင်ရတာ ငါဒေါသထွက်တယ်!”
“မတည်ငြိမ်လည်း ဘာမှ ထူးမှာ မဟုတ်ဘူး။ ကျုပ်ကို ပြန်ပေးဆွဲဖို့ ခင်ဗျားတို့ သေချာစီစဉ်ထားတာဆိုတော့ ရည်ရွယ်ချက်တစ်ခုခု ရှိမှာပဲ။ အဲ့တာဆို ခင်ဗျားတို့ တောင်းဆိုတာကို နားထောင်ပေးဖို့ပဲလိုတယ်”။ လုကျန်းယွီ ပြန်ဖြေလိုက်သည်။
“မင်းက အဲ့ဒီ ဝံပုလွေပေါက်ထက် ပိုတည်ငြိမ်ပြီး ထက်မြက်သားပဲ”။ ထန်ထိုက်မင် ချီးကျူးလိုက်သည်။
“ကျုပ် ဘာဝံပုလွေမှ မမွေးဘူး”
“ဪ… ငါမေ့သွားတာ။ မင်းလည်း မင်းရဲ့ ဝံပုလွေပေါက်လေးလိုပဲမလား။ အတိတ်က အကြောင်းတွေ ဘာမှ မမှတ်မိဘူးလေ”
“ခင်ဗျားဘာတွေပြောနေလဲ ကျုပ်နားမလည်ဘူး”
“မင်းလည်း အဲ့ဒီမှတ်ဉာဏ်တွေ ပြန်ရအောင် မင်းဝံပုလွေပေါက်လေးကို လုပ်ခဲ့သလို လုပ်လိုက်ရမလား”
မျက်နှာဖုံးတပ်ထားတာတောင် မျက်နှာဖုံးနောက်ကွယ်က လူရဲ့ ကောက်ကျစ်သော အပြုံးကို လုကျန်းယွီ ခံစားမိပါသည်။
“ခင်ဗျား ဘာလုပ်လုပ် ကျုပ် ထိန်းချုပ်လို့ရတာမှ မဟုတ်တာ”။ လုကျန်းယွီ ပြန်ဖြေလိုက်သည်။
အားလုံးက ပြန်ပေးသမားရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်သည်။ ဓားစာခံက ဘာမှ ဆွေးနွေးနိုင်မှာ မဟုတ်ပါ။
လုကျန်းယွီ၏ တည်ငြိမ် အေးဆေးမှုက ထန်ထိုက်မင်၏ ဒေါသကို ပိုဆွဲနေသလိုပင်။
“အဲ့ဒီ အချိုးကို ငါအမုန်းတီးဆုံးပဲ။ မင်းက ဘာကိုမှ အရေးမစိုက်ဘဲ အားလုံး မင်းလက်အောက်မှာ ရှိနေသလိုမျိုး အမြဲတမ်း ပြုမူတယ်!”။ ထန်ထိုက်မင် ပြောလိုက်သည်။
“ခင်ဗျားမုန်းတာ မမုန်းတာ ကျုပ်နဲ့မဆိုင်ဘူး။ ခင်ဗျားကြိုက်တဲ့ပုံစံ ကျုပ်နေပေးနိုင်မှာလည်း မဟုတ်ဘူး”
“မင်းနဲ့ မဆိုင်ဘူး ဟုတ်လား။ မင်းနဲ့မဆိုင်ဘူးလို့ ပြောရဲတယ်ပေါ့။ ငါ့ပြဿနာတွေက မင်းနဲ့ မဆိုင်ဘူးလို့ ပြောရဲတယ်ပေါ့!”။
ထန်ထိုက်မင် ရုတ်တရက် ဒေါသ ပေါက်ကွဲသွားပြီး ကားနောက်ခုံကို လက်သီးဖြင့် ထိုးလိုက်ရာ ထိုင်ခုံကြီး ကျိုးပဲ့ ပျက်စီးသွားလေသည်။
ရှေ့ခန်းမှာ ထိုင်နေကြသည့် ဒရိုင်ဘာနဲ့ အာ့ချောင်တို့လည်း ထိတ်လန့်သွားကြပါသည်။
တစ်ဖက်မှာတော့ လုကျန်းယွီက တည်ငြိမ်နေဆဲဖြစ်ပြီး ဘာမှ မခံစားရပါ။
“ခင်ဗျားရဲ့ ပြဿနာက ကျုပ်နဲ့ ဘာဆိုင်လို့လဲ။ ခင်ဗျားပြောသလို အတိတ်ဘဝတွေ တကယ်ရှိခဲ့ရင်လည်း ကျုပ်က အတိတ်ဘဝက လူမှမဟုတ်တော့တာ။ ခင်ဗျား ကျုပ်ကို အတိတ်ဘဝက ဘယ်လို အငြှိုးထားခဲ့သလဲဆိုတာ ဘယ်လိုလုပ် သိမှာလဲ”
“ဟားဟားဟား… ဟားဟာားဟားဟား…ဟားဟားဟားဟား”
ထန်ထိုက်မင် ရုတ်တရက် ရယ်မောလိုက်သည်။ သူ့ရယ်သံက ပိုမိုကျယ်လောင်လာပြီး စိတ္တဇ ဆန်လာပါသည်။ ရယ်ရင်းနဲ့ မျက်ရည်တွေလည်း စီးကျလာသည်။
“မင်းက တကယ် ငါ့အစ်ကိုကြီးပဲ!”
အစ်ကိုကြီးတဲ့…
ထိုစကားလုံးကြောင့် လုကျန်းယွီ နေရခက်သွားသည်။
တစ်ချိန်တုန်းက သူက ဒီလူ့ရဲ့ အစ်ကိုကြီး ဖြစ်ခဲ့ဖူးတယ်ပေါ့။
ရှေ့ခန်းမှာထိုင်နေသည့် အာ့ချောင်လည်း မနေနိုင်တော့ဘဲ အကြံဝင်ပေးလိုက်ပါသည်။ “ဘော့စ် သူ့ကို ဒေါသ မထွက်ပါနဲ့။ အတိတ်ဘဝကအကြောင်းတွေ သူမှတ်မိမှာမှ မဟုတ်တာ။ အရင်ဆုံး သူ့မှတ်ဉာဏ်တွေ ပြန်ပေါ်လာအောင် ဝံပုလွေပေါက်လေးကို လုပ်ခဲ့သလိုမျိုး လုပ်ကြမယ်။ သူ့ကြောင့် ဒေါသမထွက်ပါနဲ့။ ဘော့စ်ခန္ဓာကိုယ်က ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး!”
ထန်ထိုက်မင် အံကြိတ်ကာ ပြောလိုက်သည်။ “သူ့မှတ်ဉာဏ်တွေ ပြန်ပေါ်လာရင်တောင် ဒီလို ဒေါသထွက်စရာ ကောင်းတဲ့လူ ဖြစ်နေဦးမှာပဲ။ သူ့အကြောင်း ငါကောင်းကောင်းသိတယ်”
ထန်ထိုက်မင်၏ မျက်လုံးထဲက အငြှိုးတရားများကို လုကျန်းယွီ မြင်ပါသည်။
“ကျုပ်ကို အပြစ်ရှိသလို ခံစားရစေချင်တာဆိုရင် ဘာတွေဖြစ်ခဲ့တာလဲ ပြောပြသင့်တယ်။ မဟုတ်ရင် ခင်ဗျား ကျုပ်ကို ဘယ်လောက်မုန်းမုန်း ကျုပ်ဘာမှ နားလည်မှာ မဟုတ်ဘူး”။ လုကျန်းယွီ ပြောလိုက်သည်။
“ပြောပြလိုက်လို့ ဘာထူးတော့မှာလဲ။ အဲ့လို ပြောပြရင် မင်းငါ့အပေါ် ဒုက္ခပေးခဲ့တာတွေ ပျောက်သွားမှာတဲ့လား”။ ထန်ထိုက်မင် သရော်ပြုံး ပြုံးလိုက်ပါသည်။
… … …
အခန်း(၈၉၇) စူစူလေးရဲ့ ဆရာကို အကူအညီသွားတောင်းကြမယ်
“ပြောပြလိုက်လို့ ပြဿနာ မပြေလည်နိုင်ပေမယ့် ဒီတိုင်း ဘာမှ မပြောရင်လည်း ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး။ ခင်ဗျားက လမ်းဆုံးရောက်နေတဲ့လူပဲ”။ လုကျန်းယွီ ပြောလိုက်သည်။
“လမ်းဆုံးရောက်နေတာ မင်းကွ! ငါ့ကို ပြန်လမ်းမရှိတဲ့ နေရာရောက်အောင် မင်းကိုယ်တိုင် ပို့ပေးခဲ့တာ! ငါက မင်းညီအရင်းပါ… ဒါတောင် ငါ့ဝိညာဉ်နဲ့ ခန္ဓာကို ရက်ရက်စက်စက် ပျက်စီးသွားအောင် မင်းလုပ်ခဲ့တယ်!”။ ထန်ထိုက်မင် သွေးချင်းနီနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
“ဝိညာဉ်နဲ့ ခန္ဓာကို ဖျက်ဆီးတယ်ဟုတ်လား”။ လုကျန်းယွီ နားမလည်နိုင်စွာ ပြန်မေးလိုက်သည်။
“ငါ့ဝိညာဉ်နဲ့ ခန္ဓာကိုယ် ပျက်စီးသွားရင်တောင် မင်းကိုပါ တပါတည်း ခေါ်သွားမယ်! ငါမင်းကို ရွေးချယ်စရာ ၂ ခုပေးမယ် ငါ့ခန္ဓာကိုယ်ပေါ်က ကျိန်စာကို ပြန်ရုတ်သိမ်းပေး ဒါမှမဟုတ် မင်းသေလိုက်တော့။ မင်းသေသွားရ်င ကျိန်စာလည်း အလိုလျောက် ပျက်ပြယ်သွားနိုင်တယ်”
ထန်ထိုက်မင် ပြန်လည်တည်ငြိမ်သွားခဲ့သည်။
သူ့အစီအစဉ်တွေ ဒီအဆင့်ထိတောင် ရောက်နေပြီဖြစ်သည်။ အခုတော့ နောက်ဆုံး ခြေလှမ်းတစ်လှမ်းသာ ကျန်ပါတော့သည်။
သူ သေမှာ မဟုတ်ပါ။ သူ သေရမည် ဆိုရင်တောင် သူ့အစ်ကိုကြီးကိုပါ တပါတည်း ခေါ်သွားမည်။
“ခင်ဗျားပြောတဲ့ ကျိန်စာအကြောင်း ကျုပ်ဘာမှ မသိဘူး”။ လုကျန်းယွီ ပြန်ဖြေလိုက်ပါသည်။
“မင်းသိလာမှာပါ။ ခဏပဲစောင့်လိုက်။ ငါတို့ရောက်တော့မယ်။ ငါမင်းအတွက် နှစ်ပေါင်းများစွာ ပြင်ဆင်ပေးခဲ့တဲ့ အရာကို မင်းတွေ့လိမ့်မယ်”။ ထန်ထိုက်မင် ပြောလိုက်သည်။
လုကျန်းယွီ ဘာမှ ထပ်မပြောတော့ပေ။ လောလောဆယ် ငြင်းခုံနေလို့ ဘာမှမထူးနိုင်ပါ။
ထန်ထိုက်မင်လည်း ဒေါသထွက်နေတာ ရပ်လိုက်ပြီး ထိုင်ခုံမှာ ကျောမှီလျက် ပြူတင်းပေါက်မှ တဆင့် ကောင်းကင်ကြီးကို ငေးကြည့်လိုက်သည်။ သို့မဟုတ် သူ့အတိတ်ဘဝကို ငေးကြည့်နေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
--- --- ---
ဆရာကြီးရှုယီက စူစူလေးကို ချော့သိပ်ချင်ယောင် ဆောင်ပြီး စူစူလေးနဲ့ ဟူကျစ်တို့ကို အပေါ်ထပ် အိပ်ခန်းထဲသို့ ခေါ်လာခဲ့ပါသည်။
ဒါမှ စူစူလေး ပျောက်သွားလည်း ချင်းမိသားစု ချက်ချင်း သတိမထားမိမှာဖြစ်သည်။
ထို့နောက် စူစူလေးရဲ့ ကုတင်ဘေးမှာ ချင်းမိသားစုအတွက် စာတစ်စောင် ချန်ခဲ့သည်။ စာထဲမှာ လုကျန်းယွီ ပျောက်သွားသည့် ကိစ္စမှ စူစူလေးကို အာရုံလွှဲဖို့အတွက် ဆေးပင်ရှာဖို့ ခေါ်သွားသည်ဟု ရေးထားခဲ့ပါသည်။ သူ့ဖုန်းနံပါတ်ကိုလည်း ထားခဲ့သည်။ တစ်ခုခုအရေးကြီးကိစ္စရှိလျှင် သူ့ကို ဖုန်းဆက်နိုင်ပါသည်
ဒီလောက်ဆို လုံလောက်ပြီ မဟုတ်လား။
စူစူလေး ပျောက်နေတာကို ချင်းမိသားစု သိသွားရင်တောင် သူ့ကို ဖုန်းဆက်မေးနိုင်သဖြင့် စိတ်ပူစရာ သိပ်ရှိမှာ မဟုတ်ပေ။
အင်း… လုံလောက်ပြီ ထင်တာပဲ။
ထို့နောက် ဆရာကြီးရှုယီက စူစူလေးနဲ့ ဟူကျစ်တို့ကို ခရီးဆောင်အိတ်ကြီးတစ်ခုထဲ ထည့်ကာ ချင်းအိမ်တော်မှ ထွက်လာခဲ့ကြသည်။
ချင်းအိမ်တော်နဲ့ ဝေးရာကို ရောက်မှ ဆရာကြီးရှုယီ ခရီးဆောင်အိတ်ကိုဖွင့်ကာ စူစူလေးနဲ့ ဟူကျစ်တို့ကို ထုတ်လိုက်ပါသည်။
“ကျေးဇူးရှင်လေး! နင့်မိသားစုတော့ ငါ့ကို သတ်တော့မှာပဲ!”။ ဆရာကြီးရှုယီ စူစူလေးကို ပွေ့ချီရင်း ပွစိပွစိ ပြောလိုက်ပါသည်။
“ဦးလေးပိုင်ဟူကျစ် အရမ်းတော်တာပဲ!”။ စူစူလေး ချီးကျူးလိုက်ပါသည်။
“ဒါပေါ့!”။ ချင်းမိသားစုရဲ့ အမဲလိုက်မှုကို ခံရနိုင်သော်လည်း စူစူလေး၏ ချီးကျူးစကားကို ကြားရသဖြင့် ဆရာကြီးရှုယီ ဘာမှ မမှုတော့ပါ။
ဆရာကြီးရှုယီနဲ့ စူစူလေးတို့ လမ်းဆက်လျှောက်ကြသည်။
“ဦးလေးပိုင်ဟူကျစ် သမီးတို့ ဘယ်သွားကြမှာလဲ”
“မသိဘူးလေ”
“ဟမ် ဦးလေးပိုင်ဟူကျစ်လည်း မသိဘူးလား”
“ငါက ဆေးပဲကုတတ်တာ။ ကယ်ဆယ်ရေး မလုပ်တတ်ဘူး!”။ ဆရာကြီးရှုယီ ဂုဏ်ယူဝံ့ကြွားစွာ ဖြေလိုက်ပါသည်။
စူစူလေးကို အိမ်အပြင် ထွက်နိုင်အောင် ကူညီပေးမည်ဟုသာ ကတိပေးခဲ့တာဖြစ်သည်။ လုကျန်းယွီကို ကူရှာပေးမည်ဟု မပြောခဲ့မိပါ။
“အဲ့တာဆို ကိုကြီးနဲ့ လူဆိုးကြီးကို ဘယ်မှာသွားရှာရမှာလဲ…”။ စူစူလေး မေးလိုက်သည်။
“မြောင်”။ ငါလည်း မသိဘူး…
အိမ်အပြင် ရောက်သွားကြသော်လည်း စူစူလေးတို့ ၃ ယောက်သား ဘယ်သွားရမှန်း မသိတော့ပါ။
ဆရာကြီးရှုယီ သက်ပြင်းချကာ လေးလေးနက်နက် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ “စူစူလေးရဲ့ ဆရာကို အကူအညီ သွားတောင်းကြမယ်”
“အမ် ဦးလေးပိုင်ဟူကျစ်က သမီးဆရာ ဘယ်မှာရှိလဲ သိတယ်ပေါ့”။ စူစူလေး မေးလိုက်သည်။
“အဲ…” ဆရာကြီးရှုယီ လိပ်ပြာမလုံ ဖြစ်သွားသည်။
“ဦးလေး ပိုင်ဟူကျစ်!”။ စူစူလေး ခါးထောက်ကာ အတည်ပေါက် ထပ်မေးလိုက်ပါသည်။
… … …
အခန်း(၈၉၈) ဗေဒင်ဆရာတွေနဲ့ စကားပြောရတာ မုန်းတယ်
“အဲ… အင်း… အဲ့တာက… စူစူလေးရဲ့ ဆရာနဲ့ ဦးလေးပိုင်ဟူကျစ်နဲ့ အမြဲတမ်း အဆက်အသွယ်ရှိပါတယ်”။ ဆရာကြီး ရှုယီ ထစ်ငေါ့စွာ ပြန်ဖြေလိုက်လေသည်။
“အား!!! အကုန်လုံး သမီးကို လိမ်တယ်!”
“မဟုတ်ပါဘူး ဦးလေးရှင်းပြတာ နားထောင်ပါဦး! စူစူလေးကို ဦးလေး တမင်တကာ ဖုံးကွယ်ထားတာ မဟုတ်ပါဘူး။ စူစူလေးရဲ့ ဆရာက ဘာမှမပြောခိုင်းလို့ပါ!”။ ဆရာကြီးရှုယီ သူများကို အမြန် အပြစ်ပုံချလိုက်သည်။
“ဆရာက ဘာလို့ မပြောခိုင်းတာလဲ”။ စူစူလေး မေးလိုက်သည်။
“ဘာလို့လဲဆိုတော့… စူစူလေးရဲ့ ဘဝမှာ သူအများကြီး ဝင်ပါလို့ မဖြစ်ဘူးဆိုလား”။ ဆရာကြီးရှုယီ တိုးညှင်းစွာ ပြောလိုက်သည်။
“အဲ့တာ ဘာကို ဆိုလိုတာလဲ”။ စူစူလေး ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။
“ဦးလေးလည်း သေချာ ရှင်းမပြတတ်ဘူး။ စူစူလေးရဲ့ ဆရာကို တွေ့မှ ကိုယ်တိုင်မေးကြည့်လိုက်ပေါ့”
“ဟုတ်ပြီလေ”။
သူမထံမှ ဘာကြောင့် ပုန်းနေရသလဲဆိုတာ ဆရာ သေချာရှင်းမပြနိုင်လျှင် သူမရဲ့ လက်သီးဆုပ်လေးများဖြင့် သူ့တင်ပါးကို ရိုက်နှက်ပစ်လိုက်မည်။
ထို့နောက် စူစူလေး၏ ဆရာထံ ဆရာကြီးရှုယီ ဖုန်းဆက်လိုက်ပါသည်။
ဖုန်းဝင်သွားသောအခါ ဆရာကြီးရှုယီ ဘာမှမပြောနိုင်ခင် နူးညံ့သိမ်မွေ့သည့်အသံတစ်သံ ထွက်ပေါ်လာသည်။ “အဲ့ကိစ္စ ကျွန်တော် မကူညီနိုင်ဘူး။ စူစူလေးကို ကိုယ့်ဖာသာကိုယ် ကြိုးစားခိုင်းလိုက်ပါ”
ထို့နောက် ဖုန်းကျသွားလေသည်။
ဆရာကြီးရှုယီ ဘာမှ ပြောခွင့်တောင် မရလိုက်ပေ။
“ဒီကောင်…”။ ဖုန်းဖန်သာားပြင်ကို စိုက်ကြည့်ရင်း ဆရာကြီးရှုယီ ခေါင်းထဲ အဆဲစကားပေါင်းစုံ ပေါ်လာလေသည်။
“ဗေဒင်ဆရာတွေနဲ့ စကားပြောရတာ မုန်းလိုက်တာ!”
တကယ်စိတ်ရှုပ်ဖို့ကောင်းသည်။ ထိုလူတွေက သူ့အကြောင်း ကောင်းကောင်းသိနေသလို ခံစားချက်ကြီးက အဆင်မပြေပါ။ သူအတွင်းခံ ဘာရောင် ဝတ်ထားသလဲဆိုတာတောင် သိချင် သိနိုင်သည်။
အရေးအကြီးဆုံးက ဒီကောင် ရိုင်းရိုင်းစိုင်းစိုင်း ဖုန်းချသွားတာပင်။ ဘာမှလည်း အကူအညီ မဖြစ်ပါ။
“ဦးလေးပိုင်ဟူကျစ် ဆရာက ဘာပြောလဲ”။ စူစူလေး မေးလိုက်သည်။
ဆရာ့ကို သူမတောင် စကားမပြောရသေးဘူး ဘာလို့ ဖုန်းကျသွားတာလဲ။
စူစူလေး၏ စိတ်ပျက်အားလျော့သွားသော မျက်နှာလေးကို ကြည့်ကာ ဆရာကြီးရှုယီ မကျေမနပ် ဖြစ်သွားသည်။ “စူစူလေးရဲ့ ဆန်ကုန်မြေလေး ဆရာက မကူညီနိုင်ဘူးတဲ့ ကိုယ့်ဖာသာကိုယ် လုပ်ကြတဲ့!”
ဒေါသထွက်စရာကောင်းလိုက်တာ! ဒါတောင် စူစူလေးက သူ့ကို ဆရာလို့ ခေါ်နေသေးတယ်!
“ဪ… အဲ့တာဆိုလည်း ကိုယ့်ဖာသာကိုယ်ပဲ စဉ်းစားလိုက်ပါ့မယ်”။ စူစူလေး စိတ်မဆိုးပါ။
သူမကို စမ်းသပ်ချင်တာကြောင့် ဆရာက ဒီလိုပြောတာ ဖြစ်ပါလိမ့်မည်။ သူမ အစွမ်းပိုထက်လာမှန်း သိသဖြင့် သူမကိုယ်တိုင် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်တာကြောင့် ဖြစ်လိမ့်မည်။
ခေတ္တစဉ်းစားပြီးနောက် စူစူလေး ဆုံးဖြတ်လိုက်ပါသည်။ “အဲ့တာဆို အိပ်ငိုက်တဲ့ နည်းလမ်းကိုပဲ ထပ်သုံးတော့မယ်!”
ထန်ထိုက်မင် သင်ပေးထားသည့် နည်းလမ်းကို စူစူလေးက အိပ်ငိုက်သည့် နည်းလမ်းဟု အမည်ပေးလိုက်သည်။
သူမအတွက် ဒီလို ငြိမ်ငြိမ်ထိုင်နေရတာက အိပ်ငိုက်တာနဲ့ မခြားပါ။
ဆရာကြီးရှုယီလည်း စူစူလေး ဘာကိုဆိုလိုသလဲ နားလည်ပါသည်။ “အဲ့တာဆို တိတ်ဆိတ်တဲ့နေရာ ရှာပေးမယ်နော်”
“ဘယ်နားမှာ တိတ်ဆိတ်လဲ။ ခြုံထဲမှာလား”
“ငါတို့ စူစူလေးက ခြုံထဲမှာ ထိုင်လို့ ရမလား! ကားတစ်စီး ယူပေးမယ်။ စူစူလေးက ကားထဲမှာ ထိုင်လိုက်။ ပြီးကျရင် ကိုကြီးကို သွားကယ်ကြမယ် ဟုတ်ပြီလား”
“ကားကို ဘယ်က သွားယူရမှာလဲ”။ စူစူလေး မေးလိုက်သည်။
အိမ်က ဂိုထောင်ထဲမှာတော့ ကားတွေ အများကြီး ရှိပါသည်။ သို့သော် သူမတို့ ခိုးထွက်လာတာဖြစ်သဖြင့် အိမ်ပြန်လို့ မရပေ။
“ခဏစောင့်။ ဦးလေး ကားတစ်စီးခေါ်ထားတယ်။ မကြာခင် ရောက်လာလိမ့်မယ်”
ဆရာကြီးရှုယီ အိမ်မှ ထွက်မလာခင်ကတည်းက ကြိုစီစဉ်ထားပါသည်။ ကယ်ဆယ်ရေးလုပ်ဖို့ ထွက်လာတာဖြစ်သဖြင့် ကားတစ်စီးတော့ ကျိန်းသေပေါက် လိုအပ်သည်။
ခဏကြာသောအခါ ဆရာကြီးရှုယီတို့နားသို့ Alphard မီနီဗန် တစ်စီး ရောက်လာခဲ့သည်။
ကားထဲမှ လူတွေ အများကြီး ထွက်လာပြီး ဆရာကြီးရှုယီကို ဂါဝရ ပြုလိုက်ကြပါသည်။
“အေးပါ အေးပါ မင်းတို့ ပြန်ကြတော့။ ကားပဲ ထားခဲ့လိုက်!”။ ဆရာကြီးရှုယီ ကားကို ရပြီးနောက် ထိုလူတွေကို အမြန် မောင်းထုတ်လိုက်ပါသည်။
“ဆရာကြီးရှုယီကို ကျွန်တော်တို့ မောင်းပို့ပေးရမလား”
… … …
အခန်း(၈၉၉) ကံစမ်းကြည့်ကြမယ်
ကားလာပို့သည့် လူက ဆရာကြီးရှုယီ ကူညီပေးဖူးသည့်လူတစ်ယောက် ဖြစ်သည်။
ဆရာကြီးရှုယီက လူနာပေါင်းများစွာကို ကုသပေးဖူးပါသည်။ ထို့ကြောင့် သူ့ကို ကျေးဇူးဆပ်ဖို့ စောင့်နေသူတွေ အများကြီး ရှိသည် ကားတစ်စီး ငှားချင်သည်ဟု ဆိုလိုက်တာနဲ့ ကားကို အဆင်သင့် လာပို့ပေးမည့် လူတွေလည်း ရှိပါသည်။
ကားကို ဒီတိုင်း ပို့ပေးရုံတင်မကဘဲ ဘော်ဒီဂတ်တချို့ပါ ထည့်ပေးလိုက်သေးသည်။
“မလိုဘူး မလိုဘူး! ငါကားမောင်းတတ်တယ်!”။ ဆရာကြီးရှုယီ လက်ခါကာ အားလုံးကို မောင်းထုတ်လိုက်ပါသည်။
စူစူလေးနဲ့ သူ့ရဲ့ မစ်ရှင်ကို သူများတွေ သိလို့မဖြစ်ပါ။
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ”
ထိုလူတွေလည်း တခြားကားတစ်စီးထဲ ဝင်သွားကြပြီး ပြန်သွားကြလေသည်။
ဘယ်သူမှ မရှိတော့မှ ဆရာကြီးရှုယီက စူစူလေးကို ကျယ်ဝန်းသည့် ကားနောက်ခန်းထဲ ထိုင်ခိုင်းလိုက်ပါသည်။
ဟူကျစ်က စူစူလေး ဘေးမှာ ထိုင်နေသည်။ သူလည်း စူစူလေးလိုပဲ တည်ငြိမ်နေပါသည်။
စူစူလေး အရင်တစ်ခေါက်ကလို တရားထိုင်လိုက်ရာ ဟွာချန့်မြို့တစ်မြို့လုံးကို သူမရဲ့ စိတ်ဝိညာဉ် လွှမ်းခြုံနိုင်ခဲ့သည်။
ဆရာကြီးရှုယီက ကားထဲမဝင်သေးဘဲ စူစူလေးကို အပြင်မှာ စောင့်နေပါသည်။
ခဏကြာတော့ အရပ်မျက်နှာပေါင်းစုံမှ ဝိညာဉ်စွမ်းအင်တွေ ရေလှိုင်းလို စီးဆင်းလာတာကို ဆရာကြီးရှုယီ ခံစားမိသည်။
ဆရာကြီးရှုယီ မသိမသာ ပြုံးမိသွားပါသည်။
စူစူလေး တိုးတက်လာတာ မြန်သားပဲ!
ဒီတိုင်းသာဆို အရွယ်ရောက်လာတဲ့အခါ ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ။
ခဏကြာတော့ စူစူလေး မျက်လုံးပြန်ဖွင့်လိုက်ပြီး စိတ်ပျက်လက်ပျက် မျက်နှာလေး ဖြစ်သွားလေသည်။ “ဦးလေး ပိုင်ဟူကျစ်၊ သမီး အိပ်ငိုက်တာ အလုပ်မဖြစ်ဘူး။ ကိုကြီးကို ရှာမရဘူး”
“မြောင်”။ ဟူကျစ်လည်း ဝမ်းနည်းစွာ အော်လိုက်ပါသည်။
“ရှာမရဘူးဟုတ်လား။ တရားထိုင်… အဲလေ စူစူလေး အိပ်ငိုက်သွားတာတောင် ကိုကြီးကို ရှာမတွေ့ဘူးလား”။ ဆရာကြီးရှုယီ မေးလိုက်သည်။
အဓိပ္ပာယ်မရှိဘူး… စူစူလေး တရားထိုင်ပြီး အဝေးကြီးမှာရှိတဲ့ ဟဲပေမူကိုတောင် ရှာတွေ့ခဲ့တာဆိုတော့ လုကျန်းယွီကိုလည်း တွေ့ရမှာပေါ့။
“သူ့ကို တွေ့တယ် ဒါပေမယ့် သူက ရွေ့ပဲ ရွေ့နေတာ။ ပြီးတော့ အဲ့နေရာက ဘယ်နေရာလဲ မသိဘူး”။ စူစူလေး နှုတ်ခမ်းစူကာ ပြောလိုက်သည်။
ဒါဆို စူစူလေး ရှာတွေ့တယ်ပေါ့! တည်နေရာအတိအကျကို မဆုံးဖြတ်နိုင်တာလား။
စူစူလေးက ဟွာချန့်မြို့ လမ်းကြောင်းတွေကို မသိသဖြင့် ရွေ့လျားနေသည့် ပစ်မှတ်တစ်ခုကို ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ပါ။
ဆရာကြီးရှုယီ မုတ်ဆိတ်ဖြူကို ပွတ်သပ်လျက် လေးလေးနက်နက် စဉ်းစားလိုက်သည်။ ထို့နောက် စူစူလေးကို သူပြောလိုက်၏။ “စူစူလေး ကားထဲဝင်တော့။ ဦးလေးတို့ ဒီတိုင်း ကားမောင်းပြီး လျှောက်ကြည့်ရအောင်။ ကံစမ်းကြည့်ကြတာပေါ့”
လုကျန်းယွီတို့ကို တွေ့လျှင် သူတို့ သွားကယ်တင်ပါမည်။
မတွေ့လျှင်လည်း ကားနည်းနည်း ပတ်မောင်းပြီး ရှာဖွေလိုက်မည်။
ဘယ်လိုပဲဖြစ်ဖြစ် စူစူလေးကို အန္တရာယ်ဖြစ်စေမှာ မဟုတ်ပါ။ ထို့ကြောင့် ဆရာကြီးရှုယီ ကျေနပ်ပါသည်။
သူက စူစူလေး ဘေးကင်းစေဖို့သာ တာဝန်ယူနိုင်သည်။ တစ်ဖက်လူကို ကယ်တင်နိုင်မလားဆိုတာကတော့ ကံကြမ္မာအပေါ်မှာသာ မူတည်ပါသည်။
လုမိသားစုကလည်း သာမန်လူတွေ မဟုတ်ပါ။ ထို့ကြောင့် စူစူလေးတစ်ယောက်တည်း ကြိုးစားစရာ မလိုပေ။
“ဟုတ်ပြီ ဟုတ်ပြီ”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။
“အဲ့တာဆို ထိုင်ခုံ ခါးပတ်ပတ်ထားနော်။ ဦးလေး မောင်းတော့မယ်”
“ဦးလေးပိုင်ဟူကျစ်က ကားမောင်းတတ်လို့လား”
“ဦးလေးကို အထင်မသေးစမ်းပါနဲ့! အရင်တုန်းကဆို ပြိုင်ကားတွေတောင် မောင်းဖူးတယ်!”။ ဆရာကြီးရှုယီ လေလုံးထွားလိုက်သည်။
“ဪ!!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။ ဦးလေးပိုင်ဟူကျစ်ကို သူမ ယုံကြည်ပါသည်။
စူစူလေးနဲ့ ဟူကျစ်တို့ ကားနောက်ခန်းထဲ လိမ်လိမ်မာမာနဲ့ ထိုင်နေကြသည်။ ဆရာကြီးရှုယီလည်း ကားစက်နှိုးလိုက်ပြီး ဦးတည်ရာမဲ့စွာ စမောင်းလေတော့သည်။
--- --- ---
လုကျန်းယွီကို ထန်ထိုက်မင်က ဆိပ်ကမ်းတစ်ခုဆီ ခေါ်လာခဲ့ပါသည်။ ထိုဆိပ်ကမ်းတွင် အပျော်စီး သင်္ဘောတစ်စင်းကို ကမ်းကပ်ထားသည်။
ထန်ထိုက်မင်က အရှေ့မှာ လမ်းလျှောက်နေပြီး အနောက်မှာ အာ့ချောင်က လုကျန်းယွီကိုသယ်လျက် လိုက်လာခဲ့ပါသည်။
သင်္ဘောကုန်းပတ်မှတဆင့် အောက်ထပ်သို့ ဆင်းသွားခဲ့ကြသည်။
သင်္ဘောအောက်ထပ်က အပြင်အဆင်တွေကိုမြင်သောအခါ လုကျန်းယွီ အံ့အားသင့်သွားခဲ့ပါသည်။
ဒီနေရာကြီးရဲ့ အပြင်အဆင်တွေက ထူးဆန်းလွန်းလှသည်။ ကြမ်းပြင်ပေါ်မှာ ဧရာမ Bagua စက်ဝန်းကြီးတစ်ခု ရှိနေပြီး အရပ်မျက်နှာတိုင်းမှာ အဋ္ဌဂံ ကျောက်တိုင်တွေ ရှိနေသည်။ ကျောက်တိုင်တိုင်းက လူတစ်ယောက်၏ ပေါင်းတစ်ချောင်းမျှမြင့်ပြီး ကျောက်တိုင်တွေပေါ်မှာ ဖန်လုံးတစ်လုံးစီ တင်ထားပါသည်။
အာ့ချောင်က လုကျန်းယွီကို Bagua စက်ဝန်းအလယ်ရောက်အောင် ခေါ်သွားပြီး ကြမ်းပြင်ပေါ် ကြမ်းကြမ်းတမ်းတမ်း ပစ်ချလိုက်ပါသည်။
… … …
အခန်း(၉၀၀) တွေ့သွားပြီ
လုကျန်းယွီ၏ ခြေထောက်က ပြန်မကောင်းသေးပါ။ ခက်ခက်ခဲခဲ မတ်တပ်ရပ်ပြီး ခြေလှမ်းအနည်းငယ် လှမ်းနိုင်သည့် အဆင့်သာရှိသေးသည်။ ထို့ကြောင့် ကြမ်းပြင်ပေါ် ဒီလို ပစ်ချခံလိုက်ရသောအခါ သူ မလှုပ်ရှားနိုင်တော့ပါ။
လုကျန်းယွီဆီ ထန်ထိုက်မင် လျှောက်လာပြီး ခါးကုန်းကာ သူ့ကို ငုံ့ကြည့်လိုက်သည်။ “အစ်ကိုကြီး ငါမင်းကို အခွင့်အရေး နောက်တစ်ခါထပ်ပေးမယ်။ မင်းကိုယ်တိုင် ထွက်လာခဲ့စမ်းပါ။ စကားအေးအေးဆေးဆေး ပြောရအောင်။ မဟုတ်ရင် မင်းရဲ့ လူသားခန္ဓာကိုယ်ကို ငါအကြမ်းနည်းနဲ့ ကိုယ်တွယ်ရလိမ့်မယ်နော်”
လုကျန်းယွီ၏ ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေသည့် သူ့အစ်ကိုကြီးရဲ့ စိတ်ဝိညာဉ်ကို နှိုးဆွဖို့ ထန်ထိုက်မင် ကြိုးစားနေတာ ဖြစ်သည်။
ထန်ထိုက်မင်ကို လုကျန်းယွီ မော့ကြည့်လိုက်သည်။ သူ့မျက်လုံးတွေထဲမှာ အကြောက်တရား လုံးဝ မရှိပါ။ ထန်ထိုက်မင် ကြားချင်နေသည့် အဖြေကိုလည်း မပေးနိုင်ပါ။
ထန်ထိုက်မင် ခပ်သဲ့သဲ့ ပြုံးလိုက်သည်။ “ငါအကောင်းမြင်လွန်းနေတာပဲ”
နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သဖြင့် ဒီလောက် လွယ်ကူမှာ မဟုတ်မှန်း သူသိသင့်သည်။
သူ့အစ်ကိုကြီးက သူ့အပေါ် သံယောဇဉ်လုံးဝ မရှိမှန်း အစကတည်းက သိခဲ့သင့်ပါသည်။
ထန်ထိုက်မင်က အာ့ချောင်ကိို အမိန့်ပေးလိုက်သည်။ “လုပ်လိုက်တော့”
ထန်ထိုက်မင်၏ အမိန့်ဖြင့် သင်္ဘော ပြူတင်းပေါက်ရှေ့ရှိ အနီရောင် ခလုတ်တစ်ခုကို နှိပ်လိုက်လေသည်။
--- --- ---
“အဲ့ဘက်ကိုသွား အဲ့ဘက်ကို!”
“ဟိုဘက်ကို ပြန်သွား!”
“ရှေ့မှာ ဘယ်ဘက်ကို ကွေ့လိုက်!”
“ညာဘက်ကို ကွေ့လိုက်တော့!”
စူစူလေး ကားနောက်ခန်းမှာထိုင်ရင်း လမ်းတွေကို ရှေ့ထိုင်ခုံနှစ်ခုံကြားထဲမှ ကြည့်နေပါသည်။
သူမ လမ်းတွေအကြောင်း မသိသော်လည်း စိတ်အခြေအနေပေါ်မူတည်ပြီး လမ်းကြောင်းတွေကို ရွေးချယ်နေပါသည်။
ဆရာကြီးရှုယီလည်း ဘာမှ ပြန်မမေးဘဲ စူစူလေး လမ်းညွှန်သည့်အတိုင်း လမ်းရှိသရွေ့ ဆက်မောင်းလေသည်။
မောင်းရင်း မောင်းရင်းနဲ့ ဆိပ်ကမ်းတစ်ခုဆီ ရောက်ရှိသွားကာ လမ်းဆုံးသွားလေတော့သည်။ အရှေ့မှာ ပင်လယ်ကြီးသာ ရှိတော့သည်။
“စူစူလေး သွားစရာ လမ်းမရှိတော့ဘူး”။ ဆရာကြီးရှုယီ အပြုံးဖြင့် ပြောလိုက်သည်။
ဟုတ်ပြီ! အိမ်ပြန်လို့ရပြီ!
စူစူလေးကို မကူညီပေးချင်တာ မဟုတ်သော်လည်း ကံကြမ္မာကို ပြောင်းလဲလို့ မရပေ။
“မြောင်!”
ထိုစဉ် ဟူကျစ် ရုတ်တရက် ကားရှေ့ခန်းသို့ ခုန်ဝင်လိုက်ပြီး ရှေ့တည့်တည့်ကို မာန်ဖီလိုက်ပါသည်။
“မြောင်!!’။ သူဒီမှာ ရှိနေတယ်။ ကိုကြီး ဒီမှာရှိနေတယ်!!
ထန်ထိုက်မင်၏ အစီအရင်များကြောင့် လုကျန်းယွီ၏ ရနံ့ကို အဝေးကြီးမှ ဟူကျစ် မခံနိုင်ခဲ့ပါ။ သို့သော် ဒီလောက်ထိ နီးကပ်လာချိန်မှာတော့ ဟူကျစ် သူ့အနံ့ကို ခံနိုင်ပါပြီ။
“ဦးလေး ပိုင်ဟူကျစ် ကားကို မြန်မြန်ရပ်!။ ကိုကြီးက ဒီမှာရှိတယ်လို့ ဟူကျစ်ပြောတယ်!”။ ဆရာကြီးရှုယီကို စူစူလေး အမြန်တားလိုက်ပါသည်။
“ဘာ လုကျန်းယွီက ဒီမှာရှိတယ် ဟုတ်လား”
ဆရာကြီးရှုယီ တုန်လှုပ်သွားသည်။ သူတို့ ကြုံရာကျပမ်း မောင်းလာခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ တကယ်ကြီး ရှာတွေ့သွားတာလဲ။
စူစူလေးက ကံအဲ့လောက် ကောင်းတာလား။
“ဟီးဟီး သမီးတို့က ကံကောင်းတာကိုး!”
ကိုကြီး ခဏပဲစောင့်! သမီးလာကယ်တော့မယ်!
ဆရာကြီးရှုယီ မပျော်နိုင်ဘဲ ခေါင်းတောင် ကိုက်လာပါသည်။
တကယ်တော့ ဒီနေရာကို တကယ် ရှာမတွေ့စေချင်ခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် တကယ်ရှာတွေ့သွားပါက စူစူလေး အန္တရာယ်ရှိနိုင်သည်။
“ဦးလေးပိုင်ဟူကျစ် ကားမြန်မြန်ရပ်လိုက်လို့!”။ စူစူလေး ထပ်ပြောလိုက်ပါသည်။
ဆရာကြီးရှုယီလည်း စိတ်မပါလက်မပါဖြင့် ကားကို လမ်းဘေးထိုးရပ်လိုက်ပါည်။
သူကားအပြင်ထွက်ဖို့ ကြံလိုက်စဉ် ဖုန်းသံမြည်လာလေသည်။
ဆရာကြီးရှုယီ၏ ဖုန်းနံပါတ်ကို သိသူက အလွန်ရှားသည်။
ဖုန်းဝင်လာတာနဲ့တစ်ပြိုင်နက် စူစူလေးကို သူပြန်ပေးဆွဲသွားသည့်အကြောင်း ချင်းမိသားစု သိသွားပြီဖြစ်မှန်း ဆရာကြီးရှုယီ နားလည်သွားပါသည်။
ထို့ကြောင့် စိတ်လေးလံစွာဖြင့် ဖုန်းကိုင်လိုက်ပြီး စပီကာလည်း ဖွင့်လိုက်ပါသည်။
“အဘိုးကြီးယန်! ကျုပ်တို့သမီးလေးကို ခင်ဗျား ဘယ်ခေါ်သွားတာလဲ!”
ဖုန်းဝင်သွားတာနဲ့ တစ်ပြိုင်နက် အဘိုးချင်း၏ ဒေါသထွက်နေသော လေသံကို ကြားလိုက်ရပါသည်။
အခုချိန်မှာ တစ်ဖက်လူက နတ်ဆေးသမားတော်မကလို့ ဘာပဲဖြစ်နေပါစေ အဘိုးချင်း ဂရုမစိုက်တော့ပါ။ သူ့သမီးလေးကို ပြန်ပေးဆွဲသွားပါက ဧကရာဇ်မင်းကြီးဖြစ်နေရင်တောင် ဂရုစိုက်မှာ မဟုတ်ပေ။
“ဆေးပင်ရှာဖို့ စူစူလေးကို ခေါ်သွားတာပါဆို! ကျုပ်စာရေးထားခဲ့တယ် မမြင်ဘူးလား!”။ ဆရာကြီးရှုယီလည်း ရင်ထဲက လိပ်ပြာမလုံစိတ်ကို ဖုံးကွယ်ဖို့ အဘိုးချင်းထက် ပိုကျယ်အောင် အော်ပြောလိုက်သည်။
… … …