ကျန်းရီ ရူးသွားပြီ
Vol. 1 Ch. 225
"မျှော်လင့်ချက် မရှိဘူး ... ဟားဟားဟား ...”
ကျန်းရီသည် ရုတ်တရက် အထိတ်တလန့် ရယ်ချလိုက်သည်။ သူသည် အစတည်းက ရှန်ဝူနိုင်ငံ အပေါ် အမြင်ကောင်း မရှိခဲ့ပေ။ ယခုမူ မုန်းတီး၍ပါ သွားခဲ့ပြီ ဖြစ်လေသည်။
နိုင်ငံတစ်ခုသည် သူနှင့် တစ်လောကလုံးအား ပေးထားသည့် ကတိကို ဖျက်ဆီးလိုက်သည်။ ရှားထင်ဝေ့သည် ကျန်းရီ စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို လိုချင်မှန်း မသိလျှင်တောင် နားလည်ပေး၍ ရသေးသည်။ သို့သော် သူသည် ကျန်းရီ ပြိုင်ပွဲဝင်၍ အသက်ကို ရင်းခြင်းမှာ စိတ်ဝိညာဉ် အားဖြည့်ဆေးပင် အတွက် ဖြစ်ကြောင်း သိထားခဲ့သည်။ ပုဂ္ဂိုလ်ရေး ကိစ္စများအတွက် သူ့သား၏ တောင်းဆိုမှုကြောင့် စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို ဖယ်ထုတ်လိုက်သည်။ သူ မရှက်တတ်ဘူးလား ...
စိတ်ဝိညာဉ် အားဖြည့် ဆေးပင်သည် လက်ဖွဲ့ပစ္စည်းများ ထဲတွင် ပြောပလောက်သည့် တန်ဖိုး မရှိသော်လည်း ကျန်းရီအတွက်မူ နဂါးစစ်သူကြီး ဘွဲ့ထက်၊ စစ်သူကြီးအိမ်တော် တစ်ခုထက်၊ ခရမ်းရောင် ရွှေတစ်သန်းထက် ပို၍ အရေးပါလေသည်။
ရှားထင်ဝေ့သည် ရှားထျန်း ဘယ်လို လူမျိုးမှန်း မသိပေဘူးလား ... ဘုရင်တစ်ပါး အနေနှင့် ကျန်းရီနှင့် ရှားထျန်းကြားရှိ အငြိုးအတေးများကို မသိပေဘူးလား ... ရှားထျန်းသည် နိုင်ငံအဆင့် ပြိုင်ပွဲအတွင်း သူ့ကို သတ်နိုင်၍ တော်ဝင်မိသားစုများကို သူ သတ်၍ မရဘူးတဲ့လား ...
တော်ဝင် မိသားစုနှင့် ဂိုဏ်းကြီးများတွင် ရှိနေသည့် နိုင်လိုမင်းထက် အတွေးအမြင်များကို နောက်ဆုံးတွင်တော့ ကျန်းရီ နားလည် သွားခဲ့ပေပြီ။ သူတို့လူများသည် ကျန်လူများအား ကျွန်လို သဘောထား၍ သတ်ချင်တိုင်း သတ်နိုင်သည်။ ထိုနိမ့်ကျ သူများသည် ပြန်ခုခံ၍ သူတို့ လူများကို အန္တရာယ်ပေးလျှင် သူတို့သည် ခြင်္သေ့တစ်ကောင် ကဲ့သို့ ဒေါသထွက်ကာ မျက်နှာဖုံးကို ဖယ်၍ အစွယ်များ ထုတ်ကာ မြင်မြင်သမျှကို ဖျက်ဆီးလိမ့်မည်။
"ခင်ဗျားက မမျှမတ ပြုမူနေမှတော့ ကျွန်တော် လက်စား ပြန်ချေရင်လည်း အပြစ်မတင်နဲ့ ...”
ကျန်းရီသည် သူတစ်ယောက်တည်းသာ ကြားနိုင်သည့် အသံနှင့် ရေရွတ်လိုက်ပြီး ချမ်ကွေ့ကို လှည့်မေးလိုက်သည်။
"ဦးလေး ... တော်ဝင်မိသားစုက လွဲပြီး ကျွန်တော် ရှာနိုင်မယ့် တခြား တစ်နေရာများ မရှိဘူးလား ...”
"လောလောဆယ်တော့ မရှိဘူး"
ချမ်ကွေ့သည် ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။
"ဝမ်ကွမ် ငါ့ကို ဒီအကြောင်း ပြောဖူးတော့ ငါကိုယ်တိုင် အမိန့်ထုတ်ပြီး နိုင်ငံခြောက်ခုလုံးမှာ လိုက်ရှာကြည့် သေးတယ်၊ ဒါပေမဲ့ စိတ်ဝိညာဉ်အားဖြည့် ဆေးပင်အကြောင်း ဘာသတင်းမှ မရခဲ့ဘူး၊ မိုးပြာနဂါး အင်ပါယာရဲ့ ကုန်လှောင်ရုံမှာ တစ်ခုတော့ ရှိလောက်မယ်၊ ဒါပေမဲ့ ဒီဆေးပင် စိတ်ဝိညာဉ်ကို အာဟာရ ဖြစ်စေတာလေ ... မင်းသမီး လင်းရွှယ်က စိတ်ဝိညာဉ်ကို အဓိကထားပြီး ကျင့်ကြံတာ မင်းလည်း သိမှာပါ၊ သူတို့မှာ တစ်ခုရှိရင်တောင် သူမ သုံးလောက်တယ်"
"ဒီလိုကိုး ...”
ကျန်းရီ၏ မျက်လုံးများသည် ဆုံးဖြတ်ပြီးသည့် ဟန်ဖြင့် ထရပ်လိုက်သည်။ သူသည် ချမ်ကွေ့ကို ဦးညွှတ်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
"ဦးလေး ... ကျွန်တော် သင်တန်းကျောင်းကို အချိန် တစ်ခုလောက် ပြန်ဦးမယ်၊ ကျွန်တော် တော်ဝင်မြို့တော်က ကိစ္စတွေ အတွက် ဦးလေး ကူညီပေးပါ"
"အမ် ...”
ချမ်ကွေ့၏ ပါးဖောင်းဖောင်းကြီး များသည် မျက်လုံးများအနီး မို့တက်သွားကာ ခပ်ပါးပါး ပြုံးလိုက်လေသည်။ သူသည် အလေးအနက် စကားစ လာခဲ့သည်။
"ငါ့ကောင်လေး ... မင်းဒီလို အသေးအဖွဲ လေးတွေကိုတောင် သည်းမခံနိုင်ရင် အနာဂတ်မှာ ကြီးကျယ်တဲ့ အရာတွေ လုပ်နိုင်မှာ မဟုတ်ဘူး၊ မင်းရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်တွေ အပေါ် ခံစားချက်တွေ မသက်ရောက်စေနဲ့၊ နဂါးစစ်သူကြီး ရာထူးက တကယ် အာဏာရှိတဲ့ စစ်သူကြီးဘွဲ့ပဲ၊ မကြာခင် စစ်ပွဲကြီးလည်း စလာနိုင်ချေ ရှိသေးတယ်။ မင်းသာ ခုနစ်နှစ်၊ ရှစ်နှစ်လောက် တံခါးပိတ် ကျင့်ကြံလိုက်မယ် ဆိုရင် စစ်ပွဲမှာ စစ်တပ်ကို ဦးစီးပြီးတော့ အောင်ပွဲတွေ အများကြီး ရလာလိမ့်မယ်။ မင်းက လော့ကဲအရှင် ဒါမှမဟုတ် ဝန်ကြီး တစ်ယောက်တောင် ဖြစ်လာနိုင်သေးတယ်"
"ဦးလေးရဲ့ အကြံပေးမှု အတွက် ကျေးဇူးတင်ပါတယ် ...”
ကျန်းရီ စကားဆက် လိုက်သည်။
"ကျွန်တော် သင်တန်းကျောင်းကို ပြန်ပြီး စိတ်ဝိညာဉ်အားဖြည့် ဆေးပင်ကို အစားထိုးစရာ ပစ္စည်းများ ရှိမလားလို့ ဆရာလျောင်ကို မေးချင်လို့ပါ၊ ကျွန်တော် သင်တန်းကျောင်းမှာ အချိန်တစ်ခုလောက် ကျင့်ကြံဦးမယ်၊ ကျွန်တော် ပိုအားကောင်းလာမှ တော်ဝင် မြို့တော်ကို ပြန်လာပြီး နဂါးစစ်သူကြီး ရာထူးကို လက်ခံမယ်။ ဒါက ဦးလေးကို ဒုက္ခမများစေ လောက်ပါဘူးနော်"
ချမ်ကွေ့သည် လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး လက်ယမ်းပြ လိုက်သည်။
"ဘာဒုက္ခမှ မများဘူး၊ မင်းက ကောင်းကင် ကျောက်တုံးတွေ ရခဲ့တာဆိုတော့ အဲဒီက စွမ်းအင်ကို စုပ်ယူပြီး အင်အားတိုးအောင် လုပ်ချင်သေးတာ သဘာဝ ကျပါတယ်။ ငါအရှင်မင်းကြီးကို ရှင်းပြလိုက်ပြီး မင်းနာမည်ကို စစ်တပ်ဘက်မှာ စာရင်းသွင်း ပေးထားမယ်၊ ကောင်လေး ... မြန်မြန်သာ ပြန်တော့"
"ဦးလေး ... ဒါဆိုလည်း ကျွန်တော်အရင် သွားပါတော့မယ်၊ နောက်တစ်ခေါက်မှ ဦးလေးရဲ့ အိမ်တော်ဆီ အလည် လာခဲ့ပါ့မယ်"
ကျန်းရီသည် ထပ်မံ နှုတ်ဆက်လိုက်သည်။ ချမ်ကွေ့ ခေါင်းညိတ်လိုက်သော် သူသည် ရထားလုံးထက်မှ ချက်ချင်း ခုန်ချကာ ယင်းလုံ အိမ်တော်ဆီ ဦးတည်လိုက်သည်။ သူသည် ခြေလှမ်းမှန်မှန် လှမ်းနေခဲ့ပြီး သူ့ကိုယ်မှ ဆုံးဖြတ်ပြီးသည့် အငွေ့အသက်တို့ ထွက်ပေါ် နေခဲ့သည်။
"အစ်ကိုကြီး ... ဘယ်လိုလဲ ...”
ယင်းလုံ အိမ်တော်သို့ ပြန်ရောက်သော အခါ ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့ သူ့အား မျှော်လင့်တကြီး စောင့်ဆိုင်း နေကြလေသည်။ သူတို့သည် ကျန်းရီအား အထဲသို့ ဝင်စေလိုက်ပြီး ချမ်ဝမ်ကွမ်သည် စိတ်လှုပ်ရှားစွာ မေးလာတော့သည်။
ကျန်းရီသည် တည်ငြိမ်နေခဲ့ပြီး စိတ်လှုပ်ရှားခြင်းရော ဒေါသ ထွက်ခြင်းရော ရှိမနေခဲ့ပေ။ သူသည် လက်ဖက်ရည် တစ်ခွက်ကို ကောက်ကိုင် လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။
"သိပ်မများဘူး၊ ငါကျန်းပိုင်လီနဲ့ တွေ့ခဲ့တယ် ... ပြီးတော့ ငါတို့ကြားက ကြိုးမှန်သမျှ ကိုလည်း လုံးဝ ဖြတ်တောက်ခဲ့တယ်။ ငါ့ကို နဂါးစစ်သူကြီး ဘွဲ့နဲ့ လက်အောက်ခံ စစ်သား တစ်သောင်းလည်း ချီးမြှင့်ခဲ့ သေးတယ်၊ ငါ့မှာ စစ်သူကြီး အိမ်တော်တစ်ခုနဲ့ ကိုယ်ပိုင် အစေခံတွေလည်း ရှိပြီ ...”
ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းသည် အကြည့်ချင်း ဖလှယ်လိုက်ပြီး တစ်ခုခု မှားနေသည်ကို ခံစားမိ နေကြသည်။ ချမ်ဝမ်ကွမ်သည် မျက်လုံးများကို မှေးစင်းကာ မေးလိုက်သည်။
"စိတ်ဝိညာဉ်အားဖြည့် ဆေးပင်ကရော ...”
ကျန်းရီသည် လှလှပပ ပြုံးလိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
"မရှိတော့ဘူး၊ ရှားဝူဟွေ့က လှူလိုက်ပြီ"
"ဟမ်"
ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့ ပင့်သက်ရှိုက် လိုက်ကြပြီး ကျန်းရီ အဘယ့်ကြောင့် ဤပုံစံ ဖြစ်နေကြောင်း နားလည် သွားခဲ့ကြသည်။ သူသည် မိုင်ကုန်သည်အထိ ဒေါသ ထွက်နေသော်လည်း မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းမျိုးနှင့် တည်ငြိမ် နေလေသည်။ ကျန်းရီ ထိုသို့ ပြုမူနေလေလေ သူတို့ ပိုကြောက်လေလေပင်။
ကျန်းရီ ရူးသွားလျှင် ဘာကိုမှ မကြောက်တတ်တော့ သောကြောင့် ချမ်ဝမ်ကွမ်သည်ပင် ထိတ်လန့် နေခဲ့သည်။
"အစ်ကိုကြီး ... အလျင် မလိုပါနဲ့၊ နောက်တစ်နည်း ဆိုတာ အမြဲတမ်း ရှိတာပဲလေ၊ အရင်ဆုံး ကျွန်တော် ခဏလောက် အပြင် သွားဦးမယ်"
ချမ်ဝမ်ကွမ်သည် အလျင်အမြန် ထရပ်ကာ အခြေအနေများကို သွားရောက် စုံစမ်းလေသည်။ ကျန့်ဝူရွှမ်းသည် ခေါင်းငိုက်စိုက် ကျနေသော ကျန်းရီကို ကြည့်လိုက်ပြီး သက်ပြင်း အသာချ လိုက်သည်။
"ကျန်းရီ၊ စိတ်မပျက်ပါနဲ့ ... ကောင်းကင်ဘုံက ကြမ်းတမ်းတဲ့ လမ်းတွေပဲ ချပေးတတ်တယ်လို့ ယွင်ဖေးကို မင်းမပြောခဲ့ဘူးလား ... အနာဂတ်ကို သွားမယ့်လမ်းက ရှည်လျားပေမဲ့ ငါတို့ ကြိုးစားသရွေ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်မှာပဲ"
"ငါစိတ်မပျက်ပါဘူး၊ ဝူရွှမ်း ... ငါ့ကို မစိုးရိမ်နဲ့ "
ကျန်းရီပြုံးလိုက်သည်။ ကျန့်ဝူရွှမ်းသည် ပို၍ပင် စိတ်လေး သွားခဲ့သည်။
တစ်နာရီခန့် ကြာသော် ချမ်ဝမ်ကွမ်သည် မျက်နှာ ပျက်ပျက်နှင့် ရောက်ချလာခဲ့သည်။ သူ ဘာမှ မပြောနိုင်ခင်တွင် ကျန်းရီ စကားစလိုက်သည်။
"ဝမ်ကွမ် ... စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို အစားထိုးဖို့ တစ်ခုခု ရှိမလားလို့ ဆရာလျောင်ဆီ လူလွှတ်မေးပေး၊ ဘယ်လောက်ကုန်ကုန် အဆင်ပြေတယ်၊ မင်းတို့ဂိုဏ်းက အဆင့်မြင့်မြင့် တစ်ယောက်ကို သွားခိုင်းလိုက်"
"ဒါက ရှင်းဖို့ လွယ်တယ်၊ သင်တန်းကျောင်းမှာ ကျွန်တော်တို့ဂိုဏ်းက ဆရာတွေ နည်းနည်းများတယ်၊ သူတို့ ကျွန်တော်တို့ ဂိုဏ်းကမှန်း ဆရာလျောင် သိတယ်"
ချမ်ဝမ်ကွမ် ခေါင်းညိတ်လိုက်ကာ မေးလာသည်။
"အစ်ကိုကြီး ... သင်တန်းကျောင်းကို ပြန်ချင်တယ်လို့ ကျွန်တော့်အဖေကို ပြောခဲ့သေးတာလား ...”
"ဟုတ်တယ် ...”
ကျန်းရီ ခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။
"ငါ တော်ဝင်မြို့တော်မှာ နေရတာ သက်သောင့်သက်သာ မရှိဘူး၊ ကျောင်းကို ပြန်ပြီး ကောင်းကင် ကျောက်တုံးတွေကို အရင် စုပ်ယူရမယ်"
"အိုး ...”
ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်း စိတ်အေး သွားခဲ့သည်။ ကျန်းပိုင်လီသည် တော်ဝင်မြို့တော်သို့ ရောက်နေခဲ့ပြီး ရှားဝူဟွေ့နှင့် စုလောရွှယ်တို့၏ လက်ထပ်ပွဲ သည်လည်း ဤမြို့တော်တွင်သာ ကျင်းပမည် ဖြစ်သောကြောင့် ကျန်းရီ မသက်မသာ ဖြစ်နေခြင်းမှာ ပုံမှန်သာ ဖြစ်လေသည်။ သင်တန်းကျောင်းကို ပြန်၍ တံခါးပိတ် ကျင့်ကြံခြင်းကသာ သူ့အတွက် အကျိုး ရှိပေလိမ့်မည်။
ချမ်ဝမ်ကွမ်သည် သင်တန်းကျောင်းမှ ဆရာတစ်ယောက်ထံ အကြောင်းကြားစာ သွားပို့တော့မည့် ဆဲဆဲတွင် ကျန်းရီသည် ထပ်မံ ပြောလာခဲ့သည်။
"ဟုတ်သားပဲ ... ဝမ်ကွမ်၊ ငါ့ရဲ့ ငွေလ ဝံပုလွေက သေသွားပြီ၊ ငါ့ကို သင်တန်းကျောင်း ကနေ ဝိညာဉ်သားရဲ အဆောင် နှစ်ခုသုံးခုလောက် ရှာပေးဦး၊ ဝိညာဉ်သားရဲ ကောင်းကောင်း တစ်ကောင်ရဖို့ အပြန်လမ်းမှာ တောင်စဉ် သုံးထောင်ကို ခြေဆန့်ချင် သေးတယ်"
"ဒါလည်းလွယ်တယ် ...”
ချမ်ဝမ်ကွမ် ခေါင်းညိတ်လိုက်သည်။ ကျန်းရီသည် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ ပါရမီရှင် တစ်ယောက် ဖြစ်နေရာ သူကိုယ်တိုင် တောင်းလျှင်တောင် လွယ်လွယ် ရနိုင်လေသည်။
အားလုံးစီစဉ် ပြီးသွားသော် ကျန်းရီသည် သူ့အခန်းထဲသို့ ဝင်၍ အမည်မဲ့ ကျင့်စဉ်၏ တတိယအဆင့်ကို လေ့လာ နေလေသည်။ ကျောင်းအုပ်ချီသည် မနက်ဖြန် ထွက်ခွာမည် ဖြစ်ကြောင်း အကြောင်း ကြားလာသည်။ ကျောင်းသားများသည် သင်တန်းကျောင်းသို့ ပြန်လိုက်လိုပါက လိုက်နိုင်သည်၊ တော်ဝင် မြို့တော်တွင် နေခဲ့၍လည်း ရလေသည်။
ကျန့်ဝူရွှမ်းသည် ယွင်ဖေးအတွက် စိတ်ပူ နေသောကြောင့် သင်တန်းကျောင်းသို့ ပြန်မလိုက်ပေ။ သူသည် တော်ဝင် မြို့တော်မှ သူတို့ဂိုဏ်း၏ ကင်းထောက်များကို သုံး၍ ရှန်မိနိုင်ငံမှ အခြေအနေများကို စုံစမ်းနေလေသည်။ ချမ်ဝမ်ကွမ်ကမူ တော်ဝင် မြို့တော်တွင် အချိန်ဖြုန်းနေချင် သေးသော်လည်း ကျန်းရီကို စိတ်ပူ နေသောကြောင့် ကျန်းရီနှင့်အတူ ပြန်လိုက်ရန် ဆုံးဖြတ်ခဲ့သည်။
နောက်တစ်နေ့တွင် သင်တန်းကျောင်းမှ လူစုသည် ထွက်ခွာ ကြလေသည်။ ရထားလုံး တန်းကြီးသည် တောင်ဘက်သို့ တရွေ့ရွေ့ ထွက်ခွာ နေခဲ့သည်။ ချမ်ကွေ့က ကူညီပေးရာ ကျန်းရီသည် တော်ဝင်မြို့တော်မှ ကိစ္စများကို စိတ်မပူချေ။ သူသည် ချမ်ဝမ်ကွမ်အတူ အေးအေးလူလူ ရထားလုံး ထဲတွင် လိုက်ပါ၍ အမည်မဲ့ ကျင့်စဉ်ကိုသာ လေ့လာ နေလေသည်။
တတိယမြောက် နေ့တွင် ဝိညာဉ်သားရဲ အဆောင်များ ရောက်လာခဲ့ပြီး ချမ်ဂိုဏ်းမှ သတင်းလည်း ပါလာခဲ့လေသည်။ ဆရာလျောင်သည် ရှင်းရှင်းပင် ပြန်ဖြေ ထားခဲ့သည်။ နှစ်တစ်ထောင် ကိုးချီဂျင်ဆင်းကို နှစ်တစ်ရာကိုးချီ ဂျင်ဆင်းနှင့် အစားထိုးခြင်း သို့မဟုတ် မရှိ၍လည်း ဖြစ်သည်ဟု ပြောထားသည်။ စန်းမုအရွက်နှင့် စိတ်ဝိညာဉ်အားဖြည့် ဆေးပင်ကမူ ရမှ ဖြစ်လိမ့်မည်။ အထူးသဖြင့် စိတ်ဝိညာဉ် အားဖြည့်ဆေးပင် ဖြစ်လေသည်။ စိတ်ဝိညာဉ် အားဖြည့်ဆေးပင် မရလျှင် ရှောင်နူ၏ စိတ်ဝိညာဉ် ဘေးကင်းရန် အတွက် သူလည်း အာမမခံ နိုင်ပါချေဟု ပြောထားခဲ့သည်။
ကျန်းရီသည် ထိုသတင်းကို ရသော် ပို၍ တိတ်ဆိတ် သွားခဲ့သည်။ သူသည် တစ်နေ့လုံးကို တရားထိုင်ခြင်းနှင့် အမည်မဲ့ ကျင့်စဉ်၏ တတိယပိုင်းကို နားလည်အောင် လုပ်ခြင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။ သို့သော် အချိန်အတော် ကြာအောင် ကြိုးစား ပြီးသော်လည်း သူဘာကိုမှ မဖမ်းဆုပ် နိုင်သေးပေ။
လေးရက်မြောက်နေ့ ...
သင်တန်းကျောင်းမှ လူစုသည် ညကို ရှန်ဝူနိုင်ငံ၏ မြို့ငယ်လေး တစ်မြို့တွင် ကုန်ဆုံးခဲ့သည်။ ရောင်နီ လာသောအခါ ချမ်ဝမ်ကွမ် ထလာခဲ့ပြီး ပုံမှန်အတိုင်း ကျန်းရီကို လာနှိုးခဲ့သည်။ သို့သော် ကျန်းရီ၏ အခန်းတွင် စာရွက်ပိုင်းလေး တစ်ခုမှလွဲ၍ ဘာမှ ရှိမနေတော့ပေ။
"ဝမ်ကွမ်၊ ငါ့ကို လိုက်ရှာဖို့ မကြိုးစားပါနဲ့၊ ငါဒီတစ်ခေါက် အသက်ရှင် နိုင်ခဲ့မယ်ဆိုရင် အနာဂတ်မှာ ငါတို့ ပျော်ပျော်ပါးပါး သောက်ကြပြီး လျှောက်သွား ကြတာပေါ့ ... ငါသေသွား ခဲ့ရင်လည်း နောက်ဘဝမှာ မင်းကို ညီအစ်ကိုအဖြစ် ထပ်ပြီး သတ်မှတ်ပါ့မယ် __ကျန်းရီ"
စာရွက်ပိုင်းလေးအား ဖတ်ပြီးနောက် ချမ်ဝမ်ကွမ်၏ ဝတုတ်တုတ် ကိုယ်လုံးကြီး တုန်လှုပ် သွားခဲ့သည်။ နောက်ဆုံးတွင် သူအစိုးရိမ်ဆုံး အရာ ဖြစ်လာခဲ့ချေသည်။
ကျန်းရီ ရူးသွားခဲ့လေပြီ ...
***