သူစိတ်ဝိညာဉ် အားဖြည့် ဆေးပင်ကို သွားလုတော့မှာ ...
Vol. 1 Ch. 226
ဤကမ္ဘာပေါ်တွင် ကျန်းရီကို ကောင်းကောင်း သိသောသူမှာ သူနှင့်အတူ ကြီးပြင်းလာခဲ့သည့် ကျန်းရှောင်နူလည်း မဟုတ်သလို သူနှင့် မရှင်းမလင်း ဆက်ဆံရေး ရှိခဲ့သည့် စုလောရွှယ်လည်း မဟုတ်ပါပေ။ ချမ်ဝမ်ကွမ်သာ ဖြစ်လေသည်။
ချမ်ဝမ်ကွမ်နှင့် ကျန်းရီသည် တစ်နှစ်ခန့်သာ အတူရှိခဲ့သော်လည်း သူတို့သည် ကိစ္စအများကြီးကို အတူ ကြုံတွေ့ခဲ့ ရသည်။ ထို့ကြောင့် သူသည် ကျန်းရီ၏ စိတ်နေ စိတ်ထားနှင့် အမူအကျင့်တို့ကို သေချာ သိထားလေသည်။
သူသည် တော်ဝင်မြို့တော်မှာ တည်းက ကျန်းရီတစ်ခုခု ထူးဆန်း နေသည်ဟု ခံစားမိခဲ့သည်။ သို့သော် ကျန်းရီသည် သေချာ ဟန်ဆောင်၍ သင်တန်းကျောင်းသို့ ပြန်မည်ဟု ဆင်ခြေပေးခဲ့သည်။ ချမ်ဝမ်ကွမ်သည် ဤစာကို မမြင်ခင်အထိ ကျန်းရီထိုမျှ အကြောက်အလန့် ကင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျန်းရီသည် ကောင်းကင် တောင်ပံမြို့တွင် ကြီးပြင်းခဲ့သည်။ သူ့တစ်သက်တာတွင် သူ့ကို ရင်အနာ စေခဲ့ဆုံးသော ထိုနေရာသို့ ဘယ်တော့မှ ပြန်သွားလိမ့်မည် မဟုတ်ပေ။ ကျန်းယွင်ဟိုင် သေလား၊ ရှင်လားလည်း မသိရသေးချေ။ ကျန်းရှောင်နူမှာလည်း သင်တန်း ကျောင်းတွင်သာ ရှိသေးသည်။ သူ ကျန်းရိမြို့သို့ သွားရန်မှာ ပို၍ပင် မဖြစ်နိုင်သေးချေ။ ကမ္ဘာပေါ်တွင် သူ့အတွက် အိမ်ဟု ပြောနိုင်သည့် နေရာ ဘယ်နေရာမှ မရှိပေ။ သူဘယ်သို့ သွားနိုင်မည်နည်း ...
သူသည် ချမ်ဝမ်ကွမ်အား စိတ်ဝိညာဉ် အားဖြည့် ဆေးပင်ကို အစားထိုး၍ ရမရ စစ်ဆေး ခိုင်းခဲ့သည်။ အဖြေကိုသိသည်နှင့် ချက်ချင်း ပျောက်သွားခဲ့သည်။ သူသည် ဝိညာဉ်သားရဲ အဆောင် အနည်းငယ်တောင် တောင်းသွားခဲ့ သေးသည်။ အခြေအနေများအား ဆက်စပ်ကြည့်လျှင် သူဘယ်သို့ သွားနိုင်ဦးမည်နည်း ... သူဘာလုပ်တော့မည်မှန်း ထင်ရှား နေလေပြီ။
သူ စိတ်ဝိညာဉ် အားဖြည့် ဆေးပင်ကို သွားလုတော့မှာ ...
သူသည် ရှားဝူဟွေ့ စေလွှတ်လိုက်သော တော်ဝင် အစောင့်များထံမှ လက်ဖွဲ့ပစ္စည်းများ ထဲရှိ စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို သွားလုပေတော့မည်။ စိတ်ဝိညာဉ် အားဖြည့် ဆေးပင်ကို ရသည်နှင့် သင်တန်းကျောင်းသို့ ပြန်လာကာ ကျန်းရှောင်နူကို ကုသပေးလိမ့်မည်။
ရှန်ဝူနိုင်ငံသည် သတို့သမီးကို စောင့်ရှောက်ရန် အစောင့်အကြပ် အနည်းဆုံး နှစ်သောင်းခန့်ကို စေလွှတ်ခဲ့သည်။ အားလုံးသည် ရှန်ဝူနိုင်ငံ၏ စစ်တပ်မှ ဖြစ်လေသည်။ ထိုစစ်တပ်ကို စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် များစွာက ဦးဆောင်ထားသည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များ မည်မျှပါသည်ကို ချမ်ဝမ်ကွမ် မသိသော်ငြား ထိုအဖွဲ့၏ ခေါင်းဆောင်သည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့်တွင် ရှိကြောင်း သေချာ ပြောနိုင်လေသည်။
လူတစ်ယောက်က လူအရေအတွက် နှစ်သောင်းခန့် ပါသော စစ်တပ်ဆီမှ ဓားပြတိုက်မည် တဲ့လား ...
ကျန်းရီ၏ အောင်မြင်နိုင်ချေကို ဘေးဖယ်ထား၍ သူအောင်မြင်သွားပြီ ဆိုပါစို့ ... ရှန်ဝူနိုင်ငံက သူ့အား လွှတ်ပေး ပါမည်လော ... ကျန်းရီသည် ကျန်းပိုင်လီနှင့် ရှန်ဝူနိုင်ငံ အပေါ်တွင် သံယောဇဉ် အားလုံး ဖြတ်တောက် လိုက်တော့မည်။
"ရူးတာ ... ဒါက ရူးမိုက်တာပဲ ...”
ချမ်ဝမ်ကွမ်၏ ကိုယ်ကြီးသည် တဆတ်ဆတ် တုန်ယင်နေသည်။ ကျန်းရီသည် သူ့ညီအစ်ကို ဖြစ်နေသောကြောင့် နိုင်ငံတော်ကို သစ္စာဖောက်မှု ကျူးလွန် ပါလျှင်တောင် သူမမှုပါချေ။ ချမ်ဂိုဏ်းသည် ကျန်းရီကြောင့် ပြစ်မှုတွင် ငြိစွန်း သွားမည်လား ... ချမ်ဂိုဏ်းသည် မတော်တဆမှုလေး တစ်ခုကြောင့် တုန်လှုပ် မသွားနိုင်သည့် အခြေခံ အုတ်မြစ်ကို ပိုင်ဆိုင် ထားသောကြောင့် သူလုံးဝ မစိုးရိမ်ပါချေ။ သူကျန်းရီ၏ လုံခြုံမှုကို စိုးရိမ် နေခြင်းလည်း မဟုတ်ချေ။ ယခု သူသည် ထိုရူးမိုက်လှသော အပြုအမူကြောင့် ထိတ်လန့်နေခြင်း ဖြစ်လေသည်။
လူတစ်ဦးတည်းက တစ်နိုင်ငံလုံးကို ဆန့်ကျင်ခြင်း ...
ကျန်းရီ ဤခရီးကို ခြေလှမ်း လိုက်သည်နှင့် ရှန်ဝူနိုင်ငံ သာမက အခြား ငါးနိုင်ငံကပါ သူ့အား အလွတ်ပေးတော့မည် မဟုတ်ချေ။ မည်သူကမှ သစ္စာဖောက် တစ်ယောက်ကို ကာကွယ် ပေးကြမည် မဟုတ်ပေ။ ဝိညာဉ်သားရဲ သင်တန်းကျောင်း ကလည်း ဤကဲ့သို့ အခြေအနေတွင် ကျန်းရီအား ကာကွယ် ပေးနိုင်မည် မဟုတ်ချေ။ ရှန်ဝူ နိုင်ငံတော်သည် နိုင်ငံ ခြောက်ခုတွင် အင်အားအရာ၌ နံပါတ်တစ် ဖြစ်လေသည်။
ရှားထင်ဝေ့၏ ရည်မှန်းချက်များကို ချမ်ဝမ်ကွမ် ရှင်းရှင်းလင်းလင်း သိထားလေသည်။ သူ့တွင် နှစ်ပေါင်းများစွာ ကြာအောင် မပြီးမြောက် နိုင်သေးသော တာဝန်ကြီး တစ်ခု ရှိနေလေသည်။ တစ်လောကလုံးကို ပေါင်းစည်းချင်သည့် ရည်ရွယ်ချက် ... ကျန်းပိုင်လီကမူ နံပါတ်တစ် သစ္စာခံ တစ်ယောက် ဖြစ်ချင်နေပြီး ရှားထင်ဝေ့ လောကကြီးကို ပေါင်းစည်းနိုင်ရန် နှစ်ပေါင်းများစွာ ကူညီပေး နေခဲ့သည်။ ကျန်းရီသည် သတို့သမီး အစောင့်အရှောက်များကို သွားရောက် ကြားဖြတ်ကာ သတ်လိုက်လျှင် ရှန်ဝူနိုင်ငံကို စော်ကားလိုက်ခြင်း ဖြစ်လေသည်။ ရှားထင်ဝေ့ မပြောနှင့် သူ့ကို ကျန်းပိုင်လီ အရင် သတ်ပေလိမ့်မည်။
သူ စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို လုနိုင်၍ အောင်အောင်မြင်မြင် လွတ်မြောက် လာနိုင်မည်လား ...
ချမ်ဝမ်ကွမ်၏ စိတ်ထဲမှ အဖြေသည် ကျန်းရီ သေလျှင်သာ သေသွားမည် 'မဖြစ်နိုင်'ဟုသာ။
"ငါအခု ဘာလုပ်သင့်လဲ ...”
ချမ်ဝမ်ကွမ်၏ စိတ်သည် အတွေးမျိုးမျိုး ပြောင်းလဲနေသလို လူမှာလည်း အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်း နေမိလေသည်။ သူသည် ချမ်ဂိုဏ်းမှ ဂိုဏ်းသားများအား ကျန်းရီကို ချက်ချင်း သွားရှာကာ ဤနေသို့ ဖမ်းခေါ်လာရန် အမိန့်ပေး လိုက်ချင်သော စိတ်များပင် အကြိမ်ကြိမ် ဖြစ်လာခဲ့သည်။ သို့သော် ကျန်းရီ၏ စိတ်နေစိတ်ထား အကြောင်း သူတွေးမိလိုက်သော အခါတွင် သူထိုသို့ လုပ်လျှင်တောင် ကျန်းရီ လုံးဝ နာခံမည် မဟုတ်ပေ။ သူတို့ကြားရှိ ညီအစ်ကို သံယောဇဉ်လေးပင် ပြတ်တောက် သွားနိုင်သည်။
"ဟူး ... အစ်ကိုကြီး ဒီကိစ္စကို ငါလည်း အများကြီး မကူညီနိုင်ဘူး၊ မင်းကံကောင်းဖို့ပဲ ဆုတောင်း နိုင်တော့မယ်"
အခန်းထဲတွင် တစ်နာရီမျှ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး နောက်ဆုံးတွင် ချမ်ဝမ်ကွမ် ဆုံးဖြတ်ချက် တစ်ခု ချလိုက်နိုင်သည်။ ကျန်းရီ ဆုံးဖြတ်ပြီးပြီ ဆိုလျှင် သူကလည်း ထိုဆုံးဖြတ်ချက်ကို လေးစား၍ ရနိုင်သမျှသော နည်းလမ်းဖြင့် ဖြည့်ဆည်းပေး ရမည်။
ဥပမာအားဖြင့် သူရှိနေသော နေရာကို ဖုံးကွယ် ပေးထားခြင်းမျိုး ... ထို့ထက်တော့ သူပိုမလုပ် ရဲပါချေ။ ချမ်ဂိုဏ်းသည် ရှန်ဝူနိုင်ငံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေသည့်အပြင် ကျန်းရီ၏ သူ့ကို နှုတ်မဆက်ပဲ ထွက်ခွာ သွားရခြင်း၏ ရည်ရွယ်ချက်သည် သူ့အား အခက် မတွေ့စေချင်၍ ဖြစ်သည်။
ချမ်ဝမ်ကွမ်သည် စီစဉ်စရာ ရှိသည်တို့ကို စတင် စီစဉ်လိုက်ပြီး အခန်းနှင့် ခြံဝင်း တစ်ခုလုံးကို သူ့လူများအား ဝန်းရံစေ လိုက်သည်။ ထို့နောက် ကျောင်းအုပ်ချီကို ကိုယ်တိုင် သွားတွေ့၍ ကျန်းရီမှာ အလွန် အရေးပါသော သိုင်းကျင့်စဉ် တစ်ခုကို နားလည် သဘောပေါက် သွား၍ တံခါးပိတ် ကျင့်ကြံနေကြောင်း အကြောင်းကြား လိုက်သည်။ ယခုအခါ အရေးကြီးဆုံး အဆင့်တွင် ရောက်နေပြီ ဖြစ်၍ အားလုံးအား အရင်သွားနှင့် စေချင်ကြောင်း၊ သူတို့နောက်မှ ပြန်လိုက်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျန်းရီသည် အခန်းများ ထဲတွင်ရော၊ ရထားလုံးထဲတွင် တောက်လျှောက် ကျင့်ကြံနေခဲ့သည်။ သူ့တွင် စွမ်းအင် စုပ်ယူရန် ကောင်းကင် ကျောက်တုံးများလည်း ရှိနေသေးသောကြောင့် ကျောင်းအုပ်ချီနှင့် အခြားလူများသည် သံသယ မဝင်ကြပေ။ သူမသည် မှာစရာ ရှိသည်တို့ကို မှာကြား၍ ကျန်လူများကို ခေါ်ကာ အရင်ပြန် သွားခဲ့သည်။
အားလုံး ထွက်ခွာ သွားပြီးနောက် ချမ်ဝမ်ကွမ်သည် ချမ်ဂိုဏ်းသားများကို တည်းခိုခန်း တစ်ခုလုံးအား ဝိုင်းခိုင်းလိုက်သည်။ တည်းခိုခန်း အတွင်းအပြင်တွင် ချမ်ဂိုဏ်းသားများသာ ရှိစေ၍ ခြင်တစ်ကောင်တောင် ဝင်မရစေအောင် အစောင့်အကြပ် တင်းကျပ်စွာ ချထားခဲ့သည်။
ထိုသို့လုပ်ခြင်းဖြင့် ချမ်ဝမ်ကွမ်သည် အချိန်ဆွဲကာ ကျန်းရီရှိနေသော နေရာကို တစ်ခဏတော့ ဖုံးကွယ်ပေးထား နိုင်လိမ့်မည်။ သူသည် အစောင့်အကြပ် အများကြီး ချထားရာ အခြားဂိုဏ်းမှ ကင်းထောက်များ၏ အမြင်တွင် ကျန်းရီကို လုပ်ကြံသတ်ဖြတ် ခံရခြင်းမှ ကာကွယ်ရန် ကြိုးစားနေခြင်း ဖြစ်လေသည်။
***
လက်ရှိ အချိန်တွင် ကျန်းရီရှိနေသော နေရာကို အာရုံစိုက်နေသည့် လူများစွာ ရှိလေသည်။ ကျန်းစွန်းဝူကျိ၊ ရှားထျန်း၊ ရှားဝူဟွေ့နှင့် ကျန်းရမ်ထူလည်း ပါသေးသည်။
ကျန်းရီသည် ညလယ်လောက်ကြီး တည်းခိုခန်းမှ ထွက်သွားစဉ်က တစ်ကိုယ်လုံး လုံသော အဝတ်များ ဝတ်ထားသည့် အပြင် မျက်နှာကိုပါ ဖုံးအုပ်ထားခဲ့ သေးသည်။ ထို့ကြောင့် သူ့အား မည်သူမှ သတိမပြု မိခဲ့ကြပေ။ ဂိုဏ်းအသီးသီးမှ ကင်းထောက်များသည် ကျန်းရီ တည်းခိုခန်း ထဲတွင် ကျင့်ကြံနေဆဲသာ ဖြစ်ကြောင်း ယူဆလိုက် ကြသည်။ ချမ်ဝမ်ကွမ်၏ အစီအစဉ်ကြောင့် မည်သူမှ တည်းခိုခန်းထဲ ဝင်၍ မထောက်လှမ်း ရဲကြပေ။
ကျန်းရမ်ထူသည် လောလောဆယ်တွင် စိတ်အေးအေး မထားနိုင် ဖြစ်နေခဲ့သည်။ ကျန်းပိုင်လီသည် ကျန်းရီနှင့် တွေ့ဆုံပြီးနောက် ကြောက်စရာ ကောင်းလောက်အောင် တည်ငြိမ်နေသည့် အမူအရာနှင့် ပြန်ရောက် လာခဲ့သည်။ သူ့အား ဘာစကားမှလည်း မပြောသလို ဘာညွှန်ကြားချက် မှလည်း ပေးမလာချေ။
ကျန်းရီ ဝိညာဉ်သားရဲ သင်တန်းကျောင်းကို ပြန်လည် ထွက်ခွာ လာစဉ်က ကျန်းရမ်ထူသည် ကျန်းပိုင်လီကို ရှာ၍ ကျန်းရီကို နောက်ကွယ်မှ ကာကွယ်ရန် တစ်ယောက်ယောက် စေလွှတ်သင့်ကြောင်း အကြံပေးချင် ခဲ့သည်။ ထိုအချိန်က ကျန်းပိုင်လီသည် တော်ဝင် နန်းတော်ထဲရှိ အိမ်တော်တွင်သာ နေထိုင် နေသောကြောင့် သူ့အား ကျန်းရမ်ထူ တွေ့ခွင့် မသာခဲ့ပေ။
ကျန်းရမ်ထူသည် ကျောင်းအုပ်ချီနှင့် အခြား လူများလည်း အတူရှိနေ သောကြောင့် ကျန်းရီဘေးကင်းမည် ဟုသာ ယူဆလိုက်သည်။ ထို့ကြောင့် သူသည် ကျန်းရီကို ကာကွယ်ရန် အစောင့် တစ်ယောက် မစေလွှတ်တော့ဘဲ ကျန်းဂိုဏ်းမှ ကင်းထောက်များကိုသာ ကျန်းရီရှိနေသည့် နေရာများကို မပြတ်သတင်းပို့ စေခဲ့သည်။
ချမ်ဝမ်ကွမ်၏ အစီအစဉ်များသည် ကျန်းရီအား အသာစီး ရစေခဲ့သည်။ ကျန်းရီ တောကြီး မျက်မည်းထဲတွင် တစ်ရက်နှင့်တစ်ည ပြေးလွှားခဲ့ပြီးနောက် အနီးအနားရှိ မြို့ကြီးတစ်ခုထံ ရောက်ရှိ သွားခဲ့သည်။ ထို့နောက် မျက်နှာဖုံး တပ်ကာ မြို့ထဲသို့ ဝင်သွားလိုက်သည်။
သူပြန်ထွက် လာသည့်အခါ ထွားကျိုင်း သန်မာသည့် အနက်ရောင် စစ်မြင်းနှင့် ဖြစ်လေသည်။ သူ၏ ဝတ်စုံသည်လည်း အနက်ရောင်ချပ်ဝတ် ဖြစ်သွားကာ ခါးတွင်လည်း ဆေဘာဓား တစ်ချောင်း ချိတ်ဆွဲ ထားလေသည်။ နတ်ဆိုး မျက်နှာဖုံးနှင့် တွဲဖက်လိုက်လျှင် ချမ်ဝမ်ကွမ်တောင် သူ့ကို မှတ်မိလိမ့်မည် မဟုတ်ပေ။
စစ်မြင်းသည် 'တိမ်မည်းကိုယ်ထည် နှင်းဖြူခြေလှမ်း'ဟု ကျော်ကြားလှသည့် အနက်ရောင် ကိုယ်နှင့် ခွာဖြူများ ရှိသည် စစ်မြင်းမျိုး ဖြစ်လေသည်။ ကျန်းရီသည် မြင်းအတွက် ခရမ်းရောင် ရွှေနှစ်သန်းနီးပါး ကုန်ကျခဲ့လေသည်။ ထိုမြင်းမျိုးသည် တစ်ရက်တည်းနှင့် ကီလိုမီတာ သောင်းချီ၍ သွားနိုင်ပြီး ဒုတိယအဆင့် အမြင့်ဆုံး နတ်ဆိုး သားရဲများ၏ အမြန်နှုန်းနှင့် နှိုင်းယှဉ် နိုင်လေသည်။
မြို့ထဲမှ ထွက်ခွာ လာပြီးနောက် မြင်းတစ်ကောင်နှင့် လူတစ်ယောက်သည် တောင်ဘက် စူးစူးသို့ မရပ်မနား ခရီးဆက်ခဲ့သည်။ သူပင်ပန်းလာလျှင် မြင်းပေါ်တွင်သာ အိပ်စက်သည်။
ကျန်းရီသည် အဓိက လမ်းမကြီး အတိုင်း ခရီးဆက်ခဲ့သည်။ ရှန်ဝူနိုင်ငံတော်၏ စစ်အင်အားသည် အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီး ရှားထင်ဝေ့ သည်လည်း တင်းကျပ်စွာ အုပ်ချုပ်သောကြောင့် ရှန်ဝူနိုင်ငံအတွင်း ဓားပြများ မရှိချေ။ သူ့မျက်နှာကိုလည်း ဖုံးကွယ် ထားသေးရာ လမ်းတွင် ဘေးကင်းလေသည်။ ထို့ပြင် သူသည် ကျော်ကြားလှသော မြင်းမျိုးကို စီးထား၍ ဈေးကြီးလှသည့် ချပ်ဝတ်တို့ကို ဆင်မြန်းထားသည်။ သူ့အား မြင်လိုက်လျှင် ဂိုဏ်းကြီး တစ်ခုမှ ဆက်ခံသူ တစ်ယောက်ဟု ထင်သွား ကြမည်သာ။
ရှစ်ရက်မြောက်နေ့ ...
ကျန်းရီ ရှန်ဝူနိုင်ငံ၏ တောင်ဘက် အစွန်းသို့ ရောက်ရန် ရှစ်ရက်သာ ကြာခဲ့သည်။ ယခင်က ကျန်းရီသည် ငွေလ ဝံပုလွေကို စီးနင်း၍ ခရီးထွက်ခဲ့သည်။ လမ်းတွင် ရှားနိုင်ငံနှင့် ကျင်းရှန်နိုင်ငံ တို့ကို ကွေ့ပတ်သွား နေရသောကြောင့် တစ်လနီးပါး အချိန်ကုန်ပြီးမှ တော်ဝင် မြို့တော်ထံ ရောက်သွားခဲ့သည်။ ယခု တစ်ခေါက်တွင် သူသည် တည့်တည့်မတ်မတ် သွားခဲ့ခြင်း ဖြစ်သော်လည်း အချိန်တိုလေး အတွင်း ဤမျှ ခရီးရောက်သည်ကို ကြည့်လျှင် သူမည်မျှ အားကုန် ခရီးနှင်ခဲ့ကြောင်း သိနိုင်ပါသည်။
သူတောင်ဘက်သို့ ဆက်သွားလျှင် တောင်စဉ် သုံးထောင်သို့ ရောက်မည်။ တောင်စဉ် သုံးထောင်တွင် လှည့်လည် သွားလာပြီးမှ ရှားနိုင်ငံသို့ ဝင်မည်။ သူသည် မြောက်ဘက်ခြမ်းတွင် ရှိသော ရှားနိုင်ငံ၏ တော်ဝင်မြို့တော်၊ ရှားယွိမြို့သို့ ရောက်ရန် နောက်သုံးရက်သာ လိုလေသည်။
"သတို့သမီး အစောင့်အကြပ် စစ်တပ်က နောက်ထပ် သုံးရက်ကနေ လေးရက်ကြာမှ ရောက်လာလိမ့်မယ်"
စစ်မြင်းကြီးကို စီးနင်းလာရင်း ကျန်းရီသည် တောင်ကုန်းငယ် တစ်ခုထက်တွင် ရပ်တန့်ကာ တောင်တန်းများကို ကြည့်၍ တီးတိုး ရေရွတ်လိုက်သည်။ သူသည် မြင်းဇက်ကြိုးကို ဆွဲ၍ ရှားနိုင်ငံသို့ မဝင်ခင် အနောက် တောင်ဘက်တွင် ရှိနေသည့် ဝိညာဉ်ပျက်သုဉ်း တောင်ကြားသို့ မလှည့်ဘဲ တောင်စဉ် သုံးထောင် ထံသို့သာ ဦးတည်လိုက်သည်။
***