← Chapters

မီးနဂါးဓား၏ အစွမ်း

Vol. 1 Ch. 227

မီးနဂါးဓား၏ အစွမ်း

Vol. 1 Ch. 227

ကျန်းရီသည် တောင်စဉ် သုံးထောင်တွင် ဝိညာဉ် သားရဲတစ်ကောင် ရှာဖွေရန် ရည်ရွယ်ခဲ့သည်။ သူသည် အဆင့်မြင့် နတ်ဆိုး သားရဲများအား ယဉ်ပါးအောင် လုပ်နိုင်ရန် ချမ်ဝမ်ကွမ်ထံတွင် ဝိညာဉ်သားရဲ အဆောင် သုံးခု တောင်းထားခဲ့သည်။

တိမ်မည်းအသွင် နှင်းဖြူ ခြေလှမ်းမြင်းသည် အမြန်ဆုံးနှုန်းနှင့် အားကုန် ပြေးလွှားနေခဲ့ပြီး တစ်နာရီ အတွင်း  တောင်တန်းများ၏ နယ်နိမိတ်ထဲ ရောက်ရှိ သွားခဲ့သည်။ တောင်တန်း နယ်နိမိတ်အတွင်း ရောက်သည်နှင့် စစ်မြင်းကြီးသည် ကြောက်ရွံ့နေသည့် အလား ခြေလှမ်းများ နှေးကွေး သွားခဲ့သည်။ သူတို့သည် တောင်နယ်နိမိတ်၏ အစပ်နားလေးတွင်သာ ရှိသေးသော်လည်း တောတောင်များထဲမှ ထွက်ပေါ်နေသော နတ်ဆိုးသားရဲ အရှိန်အဝါတို့သည် မြင်းကြီးအား ထိတ်လန့် စေလေသည်။

"ရား"

ကျန်းရီ၏ နတ်ဆိုး မျက်နှာဖုံးအောက်မှ မျက်လုံးအစုံသည် အေးစက်နေခဲ့ပြီး မြင်းကြီး ရှေ့ဆက်တိုးရန် ကြာပွတ်ကို ဆက်တိုက် ဝှေ့ယမ်း နေရလေသည်။ နောက်ထပ် နှစ်နာရီကျော် ခရီးဆက်ခဲ့ပြီး တောင်စဉ် ဆယ်ခုကျော်ကို ဖြတ်သန်းအပြီးတွင် နတ်ဆိုး သားရဲများကို တွေ့ရပြီ ဖြစ်သောကြောင့် သူတို့ ရပ်တန့် လိုက်ကြသည်။

တိမ်မည်းအသွင် နှင်းဖြူခြေလှမ်းသည် မြင်းတစ်ကောင်သာ ဖြစ်သောကြောင့် တိုက်ခိုက်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် မြင်းသည် အဆင့်နိမ့် နတ်ဆိုး သားရဲများကို မြင်ရုံနှင့်ပင် ထိတ်လန့် ကြောက်ရွံ့နေလေသည်။ သူ ထိုစစ်မြင်းကို အားကိုး၍ ရှေ့ဆက် သွားချင်လျှင်တောင် မဖြစ်နိုင်ပေ။ ကျန်းရီသည် မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး မြင်းတင်ပါးကို ပုတ်ကာ ပြောလိုက်သည်။

"မိတ်ဆွေလေးရေ... ကိုယ့်ဟာကိုယ် ပျော်ပျော်ရွှင်ရွှင် သွားတော့၊ ငါမင်းအတွက် ဆုတောင်း ပေးနေမယ်"

ကျန်းရီသည် ခရမ်းရောင် ရွှေနှစ်သန်းတန်သည့် ကျော်ကြားလှသော မြင်းကို နှမြော တွန့်တိုနေခြင်း မရှိဘဲ လွှတ်ပေး လိုက်သည်။ ထို့နောက် သူသည် အတွင်းအားများကို ကိုယ်တွင်း လှည့်ပတ်ကာ တောင်တန်းများထံ ပြေးဝင် သွားခဲ့သည်။ ကြင်ယာတော် အစောင့်အကြပ် အဖွဲ့သည် မကြာခင် မီလာတော့မည် ဖြစ်ရာ သူ့တွင် အချိန်အများကြီး မရပေ။ သူတို့ ရှားနိုင်ငံ နယ်နိမိတ် အတွင်း ရောက်သွားလျှင် မြေပြန့် ဖြစ်သွားပြီ ဖြစ်သောကြောင့် ရှားယွိမြို့သို့ ရက်အနည်းငယ် အတွင်း ရောက်သွား နိုင်သည်။ ထိုသို့ဆိုလျှင် သူ့အတွက် အခွင့်အရေး မရှိနိုင်ပေ။

ချမ်ဝမ်ကွမ်၏ ခန့်မှန်းချက်မှာ သွေးထွက်အောင် မှန်နေခဲ့သည်။ ကျန်းရီသည် အမှန်တကယ် စစ်တပ်ကို ကြားဖြတ်၍ လက်ဖွဲ့ပစ္စည်းများထဲမှ  စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို လုချင်နေခဲ့သည်။

ရှားထင်ဝေ့နှင့် ရှားဝူဟွေ့၏ ဖိအားပေးမှုကြောင့် သူရူးသွားခဲ့ပြီ ဖြစ်လေသည်။ ထိုစိတ်ဝိညာဉ် အားဖြည့်ဆေးပင်သာ ရှားနိုင်ငံ၏ တော်ဝင်မိသားစုထံ ရောက်သွားလျှင် သူရရန် အခွင့်အရေး မရှိတော့ပေ။ နယ်မြေတစ်ခုလုံး၏ သမိုင်း တစ်လျှောက်တွင်မှ စိတ်ဝိညာဉ် အားဖြည့်ဆေးပင် ဆယ်ပင်ကျော်သာ ရှိခဲ့သည်။ သူ ဤတစ်ပင်နှင့် လွဲချော်သွားပါလျှင် ရှောင်နူအား တစ်သက်လုံး မကယ်နိုင်တော့သည်လည်း ဖြစ်သွားနိုင်သည်။

အမှန်တော့ ကျန်းရီတွင် ဘေးကင်းသော နောက်တစ်နည်း ရှိပါသေးသည်။ စုလောရွှယ်ကို တောင်းလိုက်ရန် ဖြစ်လေသည်။ ထိုလက်ဖွဲ့ ပစ္စည်းများသည် သူမကို လက်ထပ်ရန် အတွက် ရခြင်း ဖြစ်သောကြောင့် သူမသာ တောင်းဆိုလျှင် ရှားနိုင်ငံ၏ တော်ဝင်မိသားစုက သူမကို ပေးလိမ့်မည်သာ။

ပြဿနာသည်ကား ကျန်းရီ တောင်းမည်လော ...

လုံးဝတောင်းမည် မဟုတ်ပေ။

စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို လုရသော နောက်ထပ် အကြောင်းအရင်း တစ်ခု ရှိပါသေးသည်။ ကျန်းရီသည် စိတ်ထဲမှ မကျေနပ်မှုများ အားလုံးကို ထွက်ပေါက်ပေးသည့် အနေနှင့် ရှားထင်ဝေ့နှင့် ရှားဝူဟွေ့၏ မျက်နှာများကို ဖြတ်ရိုက်ချင်၍ ဖြစ်လေသည်။ သူ စုလောရွှယ်၏ ကံတရားကို မပြောင်းလဲ နိုင်သော်လည်း ရှန်ဝူနိုင်ငံ၏ တော်ဝင်မိသားစု၏ လုပ်ရပ်အပေါ် အလျော်အစား အနေနှင့် ရှားဝူဟွေ့ကို လက်စားချေနိုင်သည်။ သူ ရှန်ဝူနိုင်ငံအား အရှက်ခွဲချင်သည်။

ကျန်းပိုင်လီ ရှားနိုင်ငံ၏ စစ်သည် ထောင်ချီကို ဝိညာဉ် ပျက်သုဉ်းတောင်ကြားတွင် သတ်ဖြတ်ခဲ့သော လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်က တိုက်ပွဲသည် ရှားနိုင်ငံကို အလွန်အမင်း အားနည်း စေခဲ့သည်။ ရှားနိုင်ငံသည် ရှန်ဝူနိုင်ငံမှ လက်စားချေ၍ နိုင်ငံကို သိမ်းပိုက်မည်အား စိုးရိမ်နေခဲ့သည်။ စုလောရွှယ်သည် သူမ၏ ခမည်းတော်နှင့် မယ်တော်ထံမှ မျိုးဆက် တစ်ယောက် ဖြစ်သည်နှင့်အညီ ရှားနိုင်ငံအတွက် ပေးဆပ်ရပေမည်။ ကျန်းရီသည် သူမ၏ ဆုံးဖြတ်ချက်ကို အလေးထား ပေးခဲ့သည်။ သူမသာ အတင်းအကျပ် ဖိအားပေးခံရခြင်း ဖြစ်လျှင် သူ သေသည်အထိ တိုက်ခိုက်၍ သတို့သမီးကို လုယူမိပေလိမ့်မည်။

သူ လုယက်ရန် ဆုံးဖြတ်ပြီးပြီ ဖြစ်သောကြောင့် ပြင်ဆင်စရာ ရှိသည်တို့ကို ကြိုတင် ပြင်ဆင်ရပေမည်။ သူရူးသွပ်နေပြီ ဖြစ်သော်လည်း အလကားနေရင်း မျက်ကန်း တစ်ယောက်ကဲ့သို့ သွားရောက် အသေခံ ရလောက်အောင် မရူးသေးပေ။ ထို့ကြောင့် တောင်စဉ် သုံးထောင်ထံ  နေ့မနား၊ ညမနား သူ ခရီးဆက်ခဲ့ခြင်း ဖြစ်လေသည်။

"ဝှစ် ... "

စိတ်ရော၊ ကိုယ်ပါ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သော်လည်း ကျန်းရီသည် အစွမ်းကုန် သွားလာနေခဲ့သည်။ သူ၏ ကြောက်စရာ အရှိန်အဝါကို ထုတ်လွှတ်ကာ အလျင်စလို ပြေးလွှားနေမှုသည် တောတောင် အစွန်အဖျားရှိ အဆင့်နိမ့် နတ်ဆိုးသားရဲများကို အလန့်တကြား ဖြစ်သွား စေလေသည်။

"အူး...ဝူး ... "

ပထမအဆင့် ကြံ့အမျိုးအစား နတ်ဆိုးသားရဲကြီး ပြေးလာခဲ့သော်လည်း ကျန်းရီအပေါ် မည်သည့် သက်ရောက်မှုမှ မရှိခဲ့ပေ။ အနက်ရောင် အကြေးခွံဓား တစ်ချက် အဝှေ့တွင် ကြံ့သတ္တဝါကြီးမှာ နှစ်ခြမ်းကွဲ၍ သေဆုံး သွားလေသည်။

ကျန်းရီသည် ပြေးလွှားနေရင်းဖြင့် နတ်ဆိုးသားရဲများကို သတ်ဖြတ် သွားခဲ့သည်။ အနက်ရောင် အကြေးခွံဓားသည် ဝိညာဉ်အဆင့် လက်နက်ဖြစ်၍ ပထမအဆင့် နတ်ဆိုး သားရဲများသည် မတားဆီးနိုင်ပဲ သတ်ဖြတ်ခြင်း ခံရလေသည်။

လေးနာရီကြာ ပြေးလွှားပြီးနောက် ထွက်ပေါ်လာသော နတ်ဆိုးသားရဲ အရေအတွက်သည် နည်းလာခဲ့ပြီး ကျင့်ကြံဆင့်တို့မှာ တိုးတက် လာခဲ့သည်။ ဒုတိယအဆင့် နတ်ဆိုးသားရဲများ ဖြစ်လာသောကြောင့် ကျန်းရီမှာ ရွေးစရာမရှိဘဲ ခြေလှမ်းများအား လျှော့ချလိုက်ရသည်။

သူနှင့် သင့်တော်သော ဒုတိယအဆင့် နတ်ဆိုးသားရဲများ တစ်ကောင်တလေမျှ မတွေ့သေးသော်လည်း သူနှင့် လိုက်ဖက်စွာ တိုက်ခိုက်နိုင်စွမ်း ရှိလျှင် သူယဉ်ပါး လုပ်လိုက်မည် ဖြစ်သည်။ ထို့ပြင် သူသည် ခရမ်းရောင် နန်းတော်ရှင် ဒုတိယအဆင့်သာ ရှိသေးသည်။ တတိယ အဆင့်သို့ ရောက်လုနီးနီး ဖြစ်နေသော်လည်း သူ့အမြန်နှုန်းသည် နှေးကွေး လွန်းနေသေးသည်။ သူ့အင်အားသည် ကြောက်စရာ ကောင်းအောင် ကြမ်းတမ်းနေပြီ ဖြစ်သော်လည်း သတိထားခြင်းက ကောင်းလေသည်။

"ဂျွတ်...ဂျွတ်"

သစ်ပင် တစ်ပင်ထက်မှ အစိမ်းရောင် သစ်ကိုင်းတစ်ခု လှုပ်ရှားသွားခဲ့ပြီး အလွန်မြန်သော မြွေကြီး တစ်ကောင် ထွက်ပေါ်လာခဲ့သည်။  မျက်တောင် တစ်ခတ်စာအတွင်း ၎င်းသည် အာခေါင် နီနီကြီးကို ဖြဲလျက် ကျန်းရီအား အရှင်လတ်လတ် မျိုချတော့မည့် အလား ပြေးဝင်လာခဲ့သည်။

"မီးနဂါးဓား ... "

ကျန်းရီသည် တောင်စဉ် သုံးထောင်၏ အတွင်းစည်း အတွင်း ရောက်နေခဲ့သည် ဖြစ်ပြီး သူလာရာ လမ်းတွင်လည်း လူတစ်ယောက် တလေကိုမှ သတိမပြုမိခဲ့ပေ။ ထို့ကြောင့် သူသည် တွေဝေမနေဘဲ မီးနဂါးဓားကို ဆွဲထုတ်၍ အတွင်းအားများ ထည့်သွင်းလိုက်ပြီး ဓားအား ရှေ့သို့ ခုတ်ချလိုက်သည်။

မီးနဂါးဓား အရှိန်အဝါတို့ကြောင့် မြွေကြီးသည် လေထဲ၌ပင် ရပ်တန့် သွားခဲ့သည်။ မီးနဂါးဓားထက်မှ အနီရောင် အလင်းတို့သည် နဂါးနှစ်ကောင် အဖြစ် ပြောင်းလဲသွားခဲ့ပြီး ရှေ့သို့ ကူးခတ် သွားခဲ့သည်။ ဤတစ်ကြိမ်မှ မီးနဂါးများသည် ကျန်းရီပထမဆုံး ဓားကို သုံးခဲ့သည့် အချိန်က နဂါးနှစ်ကောင်နှင့် အလွန်ကွာခြား လေသည်။ နဂါးများသည် သုံးမီတာခန့် ရှည်လျား၍ ၎င်းတို့ ထွက်ပေါ်လာသော ခဏတွင် လေထုသည် အပိုင်းပိုင်း အစစ စုတ်ဖြဲခံရပြီး လှိုင်းများ ထသွားခဲ့သည်။ မြင်ကွင်းသည် အလွန်အမင်း ကြောက်စရာ ကောင်းနေခဲ့သည်။

"ဘန်း ... "

မီးနဂါးများနှင့် မြွေကြီး မထိခင်မှာပင် မြွေကြီး၏ ကိုယ်ထည်သည် တစ်စစီ ဖြစ်သွားခဲ့ပြီး ပတ်ဝန်းကျင်သို့ သွေးများ ပြန့်ကျဲ သွားလေသည်။ မီးနဂါး နှစ်ကောင်ကမူ ရှေ့သို့ ဆက်ပြေးသွားခဲ့ပြီး ရှေ့တည့်တည့်ရှိ သစ်ပင်များအား အမှုန့်များအဖြစ် ပြောင်းလဲ သွားစေခဲ့သည်။ မီးနဂါး နှစ်ကောင်သည် မီတာသုံးဆယ်ခန့် ပျံသန်း သွားပြီးမှသာ စွမ်းအင်များ ကုန်ခန်း၍ ပျောက်ကွယ် သွားခဲ့သည်။

"ဘုရားရေ..."

ကျန်းရီ လျှာပင် ကိုက်မိသွားခဲ့သည်။ စိတ်ဝိညာဉ် အားဖြည့်ဆေးပင်အား သွားလုမည့် ကိစ္စတွင် သူ၏ မှီခို အားထားရာကြီးသည် ဤသူတော်စင် အဆင့် လက်နက်ကြီးသာ ဖြစ်လေသည်။ မီးနဂါးဓားသည် သူ့ကို စိတ်မပျက်စေခဲ့ပေ။ ၎င်းသည် ကျန်းရိလျှို၏ အုပ်ချုပ်သူ တံဆိပ်တုံးနှင့် ရွှေချမ်လော့၏ ကမ္ဘာပျက်သုဉ်းခြင်း လည်ဆွဲနှင့် နှိုင်းယှဉ်နိုင်လေသည်။

"ဒီလက်နက်က ဒီလောက် စွမ်းအားကြီးတာကို မိုးပြာနဂါး အင်ပါယာက ဘာလို့ ဆုအနေနဲ့ လိုလိုလားလား ပေးခဲ့တာလဲ ... "

ကျန်းရီသည် သံသယဖြစ်စွာ မျက်တောင် ခတ်လိုက်သည်။ သူ့အကြည့်များသည် မီးနဂါးဓား၏ လက်ကိုင်ရိုးပေါ်မှ မီးဝိညာဉ်ပုလဲထံ ကျရောက်နေခဲ့သည်။ သူရေရွတ်လိုက်သည်။

"ဒီမီးနဂါးဓားက ဒီလောက် အစွမ်းမရှိတာများလား ...  မီးဝိညာဉ်ပုလဲနဲ့ ပေါင်းလိုက်လို့သာ စွမ်းအားတွေ အများကြီး တိုးသွားတာလား ... "

"မီးဝိညာဉ်ပုလဲ...ထွက်လာခဲ့ ... "

ကျန်းရီသည် မီးဝိညာဉ်ပုလဲထံ အာရုံစူးစိုက်လိုက်ပြီး ဓားထံမှ ခွဲထွက် လာစေလိုက်သည်။ ထို့နောက် ဓားကို တစ်ဖက်၊ မီးဝိညာဉ် ပုလဲကို တစ်ဖက် ကိုင်ကာ ဓားထံ အတွင်းအားများ လောင်းထည့် လိုက်သည်။ မီးနဂါးဓားသည် တောက်ပ လာခဲ့သည်။ မီးဝိညာဉ်ပုလဲ မရှိတော့သော်လည်း မီးနဂါးဓားသည် ကျန်းရီ၏ စိတ်ဝိညာဉ်နှင့် ဆက်သွယ်မှု ရှိနေသေးသည်။ သို့သော် မီးနဂါးဓားမှ အလင်းသည် ယခင်ကလောက် သိပ်သည်းခြင်း မရှိဘဲ အရှိန်အဝါသည်လည်း နည်းပါးနေခဲ့သည်။

"ဟိုင်းယား ... "

ကျန်းရီသည် ဓားကို ရှေ့သို့ ခုတ်ချလိုက်သည်။ မီးနဂါးဓားမှ အနီရောင် အလင်းသည် မီးနဂါးတစ်ကောင် အဖြစ် ပြောင်းလဲသွားကာ ရှေ့သို့ ပျံသန်းသွားခဲ့သည်။

"ထူးဆန်းတယ်... ဘာလို့ မီးနဂါးတစ်ကောင်ပဲလဲ ...  ပြီးတော့ စွမ်းအားကလည်း တအား နည်းနေတယ်"

ကျန်းရီသည် နဂါးတစ်ကောင်မှ ရှေ့ရှိသစ်ပင်များအား အမှုန့်များ အဖြစ် ပြောင်းလိုက်သည်ကို လုံးဝ လျစ်လျူရှု ထားခဲ့ပြီး မျက်လုံးများကမူ တွေဝေနေခဲ့ပြီး ဦးနှောက်အား အလုပ်ပေးခဲ့သည်။ မီးနဂါး ကွယ်ပျောက် သွားသည်နှင့် ဓားနှင့် မီးဝိညာဉ်ပုလဲကို အလျင်အမြန် ပြန်ပေါင်းကာ နောက်တစ်ကြိမ် ခုတ်ချ လိုက်ပြန်သည်။

ထင်ထားတဲ့ အတိုင်းပဲ ...

မီးဝိညာဉ်ပုလဲနှင့် ပေါင်းစပ်လိုက်ပြီး မီးနဂါးဓား၏ အရှိန်အဝါသည် ချက်ချင်း ကြောက်စရာ ကောင်းလာပြီး အနီရောင် အလင်းမှ နဂါးနှစ်ကောင်အဖြစ် ပြောင်းလဲ သွားကာ စွမ်းအားသည် နှစ်ဆ ဖြစ်သွားခဲ့သည်။

"ဒီလိုကိုး ... "

ကျန်းရီ၏ စိတ်ထဲမှ သံသယ ရှင်းလင်း သွားခဲ့သည်။ ချို့ယွင်းနေသော သူတော်စင်အဆင့် လက်နက်သည် အင်အားအရာတွင် နိမ့်ကျသော်လည်း ကောင်းကင်အဆင့် လက်နက်ထက်တော့ သာနေသေးသည်။ ထို့ကြောင့် မိုးပြာနဂါး အင်ပါယာသည် ၎င်းအား ဆုအနေနှင့် ချီးမြှင်ခဲ့ခြင်း ဖြစ်လေသည်။

နောက်ထပ် မေးခွန်းတစ်ခု ရှိလာလေပြီ။ မီးဝိညာဉ်ပုလဲနှင့် ပေါင်းစပ် လိုက်လျှင် မီးနဂါးဓားသည် ပုံမှန် သူတော်စင်အဆင့် လက်နက် တစ်ခုနှယ် ဖြစ်သွားခဲ့သည်။

သူသာ ဓားအတွင်းမှ အစီအရင်များကို ပြန်ပြင်ဆင်နိုင်လျှင် ဓားအစွမ်းသည် ပို၍ ပြင်းထန် သွားလိမ့်မည်။ ယခုမူ ဓား၏ ငါးပုံတစ်ပုံခန့်ကသာ အစီအရင်များ ပြည့်စုံစွာ တည်ရှိနေသည်။ ကျန်အစီအရင် များကိုသာ ပြန်ပြင်နိုင်လျှင် မီးနဂါးဓား၏ အစွမ်းသည် ကောင်းကင်ကိုပင် အံတု နိုင်လိမ့်မည်။ ၎င်းသည် သူတော်စင်အဆင့် လက်နက်ပင် ဟုတ်ပါဦးမည်လော ...

*****

(ကျူးကော့ချမ်ယွမ်ပေးလိုက်တဲ့ အနက်ရောင် အကြေးခွံဓားက ဝိညာဉ်အဆင့် လက်နက်ပါ... သူတော်စင် အဆင့်နဲ့ မှားသွားလို့ ... ဘာသာပြန်သူရဲ့ အမှားသာ ဖြစ်တဲ့အတွက် အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ် )

***

All Chapters