← Chapters

အသူရာချောက်နက်

Vol. 11(A) Ch. 145

အသူရာချောက်နက်

Vol. 11(A) Ch. 145

သူတို့နှစ်ဦးသည် လျင်မြန်စွာပင် သဘောတူစာချုပ် ချုပ်ဆိုလိုက်ကြပြီး စုရှောင်လန်သည် အန်လင်း၏  စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းတန် အစောင့်အရှောက် ဖြစ်လာသည်။

ထိုညတွင် အန်လင်းနှင့် တပိုင်တို့သည် ဇာမဏီမျှော်စင်တွင် နေထိုင်ကြသည်။

“တုန်လှုပ်ဖို့ ကောင်းလွန်းတဲ့ သတင်းဗျို့ .... ထူးဆန်းတဲ့ လူတစ်ယောက်က အကြောက်အရွံ့ ကင်းစွာနဲ့ ဇာမဏီငှက်ဂိုဏ်းထဲကို ဝင်ရောက်လာပြီး မိုဟိုင်ကို လူသားကင်အဖြစ် ပြောင်းလဲလိုက်ပြီး နတ်ဘုရားမလေး ရှောင်လန်နဲ့ အချစ်ငှက်လေးတွေလို ပျံသန်း ထွက်ခွာသွားတယ်” ဟုတ်သည်။ ထိုသတင်းသည် နေ့တစ်ဝက် မကြာခင် အချိန်မှာပင် ဇာမဏီငှက်ဂိုဏ်း တစ်ခုလုံးသို့ ပျံ့နှံ့သွားခြင်း ဖြစ်သည်။

သူ၏အခန်းမှ ထွက်ကာ မတ်တတ်ရပ် နေစဉ်မှာပင် အန်လင်းသည် များပြားလှစွာသော ဂိုဏ်းသားများနှင့် အစေခံများ၏ အကြည့်များကို ဆွဲဆောင်ထားနိုင်သည်။

သူတို့အားလုံးသည် ထိုလူသား၌ မည်သို့သော အထူးစွမ်းအားများ ရှိနေနှင့် မည်သို့သော အံ့အားသင့်ဖွယ် အပြုအမူများ ရှိနေသည်ကို မျက်မြင် တွေ့လိုက်ကြသည်။

အန်လင်းသည် သက်ပြင်း အသာချလိုက်သည်။ စွမ်းအားကြီးသည့် ကျင့်ကြံခြင်း ဂိုဏ်းများတွင် နေထိုင်ရခြင်းသည် အလွန်ပျင်းရိဖွယ် ကောင်းပုံရသည်။ မဟုတ်လျှင် ထိုသူများသည် မည်သည့်အတွက် အသေးအဖွဲများအား ကောလာဟလအဖြစ် ပြောဆိုနေကြမည်နည်း။

ခေါင်းကောမော့ကာဖြင့် အဝေးတွင်ရှိနေသည့် မြင့်မြတ်ဇာမဏီ မီးတောက်အား ကြည့်လိုက်သည်။ တဖြည်းဖြည်းနှင့် ငေးမောတွေဝေ သွားတော့သည်။

ထိုညတွင် မြင့်မြတ်မီးတောက်သည် မြင့်မြတ်ခမ်းနားသည့် လှပသော မီးတောက်ဖြူများ ထုတ်လွှတ်လေသည်။

မြင့်မြတ်မီးတောက်သည် မီးပြတိုက် တစ်ခုကဲ့သို့ ဂိုဏ်းသားများအား ရှေ့ဆောင်လမ်းပြကာဖြင့် ဤနေရာသည် သူတို့၏ အိမ်ဖြစ်ကြောင်းကို နားလည်လာနိုင်စေသည်။

ဇာမဏီငှက်ဂိုဏ်း အတွင်း၌ ဟိတ်ဟန်အပြည့်နှင့် ရွှေရောင်မျှော်စင်တစ်ခု ရှိသည်။ ရဲရဲတောက်နေသည့် ဆံပင်နှင့် မုတ်ဆိတ်များရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် မျှော်စင်အတွင်း ထိုင်ကာဖြင့် နဂါးသစ်သီး တစ်လုံးအား စားသောက်လျက် ရှိသည်။

ထိုနဂါးသစ်သီးသည် အဆင့် ၃ စိတ်ဝိညာဉ်သစ်သီး ဖြစ်ပြီး သစ်သီး၏ အပေါ်ခွံတွင် ရေကူးနေသော မီးတောက်နဂါးလေးများ ရှိသည်။

သစ်သီး၏အရသာမှာ အလွန်စပ်လှပြီး စားသုံးလိုက်သည့် အခါတိုင်းတွင် သန့်စင်သည့် မီးတောက်စွမ်းအားသည် ထိုလူ၏ ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိသွားသည်။

“အား ... အံ့ဩဖို့ကောင်းလိုက်တာ”

ထိုလူသည် နောက်ဆုံးသော နဂါးသစ်သီးကို စားသောက်ခဲ့ရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ နဂါးသစ်သီးသည် အလွန်အဖိုးတန်သော ရှားပါးသစ်သီး တစ်မျိုး ဖြစ်သည်။

ထိုအချိန်တွင် ဝတ်စုံနီဝတ် လူငယ်တစ်ဦး ဝင်ရောက်လာပြီး ဒူးတစ်ဖက် ထောက်လိုက်သည်။ “အကြီးအကဲ ကျူ ... ပြဿနာကို စုံစမ်းပြီးပါပြီ”

“အင်း အင်း .... ဆက်ပြော” ထိုလူငယ် ခေါ်ဆိုသော အကြီးအကဲကျူသည် နဂါးသစ်သီးအား စားသောက်နေလျက်နှင့် ပြန်ဖြေသည်။

“အကို မိုဟိုင်က စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် မျောက်တစ်ကောင်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒါက သူ့ရဲ့ ကိုယ်ပိုင် တောင်းဆိုချက်ကြောင့်ပါ။ အဲဒီမျောက်က မဟူရာမီးတောက် ထုတ်ဖော်နိုင်ပြီး သန့်စင်မှုက ၉၀ ရာနှဒန်းကျော်တယ်လို့ သိရပါတယ်။ သူ့ရဲ့ သခင်ကတော့ အန်လင်းပါ။ အန်လင်းက အစ်မ စု ရဲ့ အတန်းဖော် တစ်ယောက်ပါ။ အန်လင်းက ဧရာမခွေးဖြူကြီးကို စီးနင်းတယ်လို့ သိရပါတယ်။ အဲဒီခွေးကလည်း သူ့ရဲ့ သားရဲဖြစ်ပြီး ခွေးဆီမှာ ကျွန်တော်တို့ဂိုဏ်းက အကြီးအကဲ တစ်ယောက်ရဲ့ တံဆိပ် ရှိနေပါတယ်” ဝတ်စုံနီ လူငယ်လေးသည် စုံစမ်းထားသမျှအား အကြီးအကဲကျိုးထံ တင်ပြလိုက်သည်။

အကြီးအကဲကျိုးသည် လူငယ်၏ တင်ပြချက်ကို နားထောင်ရင်း ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူ၏မျက်ခုံးများ မသိမသာ မြင့်တက်သွားသည်။ “အိုး ... အဲဒီခွေးမှာ အကြီးအကဲ တစ်ယောက်ရဲ့ တံဆိပ် တကယ်ရှိနေတယ်ပေါ့။ ဘယ်သူ့တံဆိပ်တဲ့လဲ”

“အမ် ... တံဆိပ်ပေါ်မှာ ထွင်းထုထားတာကတော့ ကျူ ပါ” လူငယ်သည် ရိုးသားစွာ ပြန်ဖြေလိုက်သည်။

“အဟွတ် အဟွတ်” အကြီးအကဲကျူသည် နဂါးသစ်သီး သီးသွားခြင်း ဖြစ်သည်။

အလွန်စပ်သည့် ငရုတ်သီး သီးလျှင် မည်ကဲ့သို့ ခံစားရသည်ကို သိပါသလား။

“ရေ ... အဟွတ် ... ရေ ... မြန်မြန်လေး ရေယူလာကြပါဟ” အကြီးအကဲကျူ ငိုကြွေးလိုက်သည်။

ရေတစ်ပုံးနှင့် အေးမြလန်းဆန်းဆေးလုံး ၁၀ လုံး သောက်ပြီးမှသာ အကြီးအကဲကျူသည် ထိုင်ခုံပေါ်တွင် ခြေပစ်လက်ပစ် ထိုက်ချလိုက်သည်။ လက်ဝှေ့ယမ်းပြီး လူငယ်အား ထွက်ခွာရန် အချက်ပြလိုက်သည်။

“ဧရာမ ခွေးဖြူကြီးမှာ ငါ့ရဲ့ တံဆိပ် ရှိနေတယ်ဆိုတော့ ပိုင်ရှန်ရဲ့ သားများလား။ မဟုတ်လောက်ပါဘူးနော်”

အကြီးအကဲကျူ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နေသည်။ “ဘုရားရေ ... ပိုင်ရှန်က သူ့ရဲ့သားကို လူသားရဲ့ သားရဲဖြစ်ဖို့ ခွင့်ပြုလိုက်တာလား။ မဟုတ်သေးဘူး။ နတ်မီးလျှံ ထုတ်လွှတ်နိုင်တဲ့ မျောက်တောင်မှ အဲကောင်ရဲ့ သားရဲ ဖြစ်နေသေးတာ။ အန်လင်းဆိုတဲ့ကောင်က တကယ်ကို ထူးခြားတာမျိုးပဲ ဖြစ်ရမယ်”

အကြီးအကဲကျူသည် အန်လင်းနှင့် ပတ်သက်၍ အနည်းငယ်သာလျှင် သိထားသည်ဟု ခံစားနေရသည်။ ပို၍ အသေးစိတ်ကျကျ စုံစမ်းစစ်ဆေးရန် လိုအပ်နေသေးသည်။

အင်း ... သူ၏တူမဖြစ်သူ စုရှောင်လန်အတွက် ထိုပြဿနာအား အလေးအနက်ထားရန် လိုအပ်ပေသည်။

ဒုတိယနေ့တွင် ထိတ်လန့်ဖွယ် သတင်း နောက်တစ်ခုသည် သူ့ထံသို့ ရောက်ရှိလာပြန်သည်။ ထိုသတင်းသည် အကြီးအကဲကျူအား အလန့်တကြားပင် ထခုန်မိစေသည်။

တုန်လှုပ်ဖွယ်ရာ သတင်း။ ထူးဆန်းသည့်လူသည် နတ်ဘုရားမ စုနှင့်အတူ ဇာမဏီငှက်ဂိုဏ်းမှ ထွက်ခွာသွားပြီ ဖြစ်သည်။

ထိုသတင်းသည် အမည်မဖော်လိုသူ တစ်ဦးထံမှ ပေါက်ကြားလာခြင်း ဖြစ်ပြီး ‘လန် ‘ မျိုးရိုး ရှိသူ ဖြစ်သည်။ ထိုသတင်းအား လျင်မြန်စွာပင် အတည်ပြုလိုက်နိုင်သည်။

***

တစ်ရက်ကြာပြီးနောက်

ကောင်းကင်မြစ်ပြည်နယ်သည် ကိုးပြည်ထောင် နိုင်ငံတော်၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။

ရွှေရောင်အလင်းများ တောက်ပလျက်ရှိသော ဧရာမ အုတ်ခဲနက်ကြီး တစ်ခုသည် ကောင်းကင်တွင် ပျံသန်းလျက်ရှိသည်။

“ပေါင်”

“ပေါင်”

“ခုံး”

“ဟဟ”

“အဖြောင့်ကွ။ မာကျောက်”

အန်လင်းသည် အူလှိုက်သည်းလှိုက် ရယ်မောလိုက်ပြီး စိတ်ဝိညာဉ်ကျောက်တုံးပုံအား သိမ်းဆည်းလိုက်ပြန်သည်။

မာကျောက်စားပွဲ၏ ဘေးတွင် စုရှောင်လန်သည် စိတ်ကုန်စွာဖြင့် သက်ပြင်းချလျက် ရှိသည်။ ရှောင်ချိုးသည် စိတ်ပျက် လက်ပျက်နှင့် ခေါင်းကုတ်လျက်ရှိပြီး တပိုင်သည် စိတ်ဓာတ်ကျ နေလေသည်။

အန်လင်းအား ‘မာကျောက်အရှင်သခင်’ ဟု ခေါ်ဆိုရန် တိုက်တန်လှပေသည်။ သူတို့သည် အစပိုင်းတွင် အယုံအကြည် မရှိသော်လည်း ယခုအခါတွင် ခံစားကြရသည်မှာ သူတို့သာလျှင် ဖြစ်သည်။

ထိုနေ့တွင် အန်လင်းသည် စိတ်ဝိညာဉ်ကျောက်တုံး ထောင်နှင့်ချီ၍ အနိုင်ရရှိခဲ့သည်။

စုရှောင်လန်သည် အနည်းငယ် ရှုံးနိမ့်ခဲ့ပြီး တပိုင်နှင့် ရှောင်ချိုးတို့မှာ ဆုံးရှုံးမှု ကြီးမားကြသည်။

ရှောင်းဟုန်သည် ဘေးတွင်ရပ်ကာဖြင့် သူမ၏ ဦးခေါင်းနီနီအား ဘယ်ညာယမ်းကာဖြင့် နေရောင်ခြည်အား ပျော်ရွှင်စွာ စုပ်ယူနေလေသည်။

“မီးစကြာဟာ လည်နေရင်း တကျိကျိအသံ ပေးနေတာ ... ကောင်းမွန်လှပတဲ့ ရှုမျှော်ခင်းနဲ့အတူ ကောင်းကင်ကလည်း လှပတယ် ... မြေပြင်ကလည်း လှပတယ် ... ပျော်ရွှင်စွာ ကစားခုန် ကစားနိုင်တဲ့ သူငယ်ချင်းများလည်း ရှိနေတယ် ...”

အန်လင်းသည် ရှောင်းဟုန်အား ထိုသီချင်း သင်ကြား ပေးထားသည်ကြောင့် သူမသည် တစ်နေ့လုံး သီဆိုနေလေသည်။

အသူရာချောက်နက်သည် ကိုးပြည်ထောင် နိုင်ငံတော်၏ အရှေ့တောင်ဘက်ဆုံး နယ်စပ်ဒေသတွင် တည်ရှိသည်။ ထိုချောက်သည် ကိုးပြည်ထောင်နှင့် ပုရွက်ဆိတ် မျိုးနွယ်စုကြားတွင် ရှိသည့် သဘာဝ အတားအဆီး တစ်ခုလည်း ဖြစ်သည်။

ပုရွက်ဆိတ် မျိုးနွယ်စုသည် ထိုက်ချူကုန်းမြေကြီးတွင် အတော်လေး လူသိများ ထင်ရှားသည့် မျိုးနွယ်စုတစ်ခု ဖြစ်သည်။ ပုရွက်ဆိတ် မျိုးနွယ်စုတွင် စွမ်းအားကြီးသည့် မျိုးနွယ်ဝင် အနည်းငယ်သာ ရှိသော်လည်း သူတို့၏ မျိုးပွားနှုန်းမှာ အလွန်မြန်ဆန်လှသည်။ များပြားလှသည့် မျိုးနွယ်စုဝင်များကြောင့် သူတို့အား သတ်ဖြတ်ရန် မဖြစ်နိုင်ချေ။

သူတို့၏ မွေးဖွားနှုန်းကို ထိန်းချုပ်နိုင်သည့် နေရာတွင် ထားရှိခြင်း မပြုလျှင် ပုရွက်ဆိတ် မျိုးနွယ်စုသည် နိုင်ငံ တစ်ခုလုံးကိုပင် ဝါးမျိုစားသောက်ပစ်လိမ့်မည် ဖြစ်သည်။

ပုရွက်ဆိတ် မျိုးနွယ်စုနှင့် ကိုးပြည်ထောင် နိုင်ငံတော်ရှိ လူသားများတွင် အလွန်ဆိုးဝါးသည့် ဆက်ဆံရေး ရှိကြသည်။

အသူရာချောက်နက်နှင့် အနောက်ဘက်ရှိ သားရဲ မျိုးနွယ်စုကြောင့်သာ မဟုတ်ခဲ့လျှင် သူတို့သည် နှင်းပျိုမဒီများ ပြုလုပ်ခဲ့သည့်အတိုင်း ကိုးပြည်ထောင်ကို တစ်နှစ်ပတ်လုံး တိုက်ခိုက်ကြပေလိမ့်မည်။

“ကြည့်ပါဦး။ အသူရာချောက်နက်က အရှေ့နားမှာ” ရှောင်ဟုန်သည် သူမ၏ ခန္ဓာကိုယ်အား လှုပ်ယမ်းလျက်ဖြင့် ညင်သာစွာ အော်လိုက်သည်။

ရှောင်ဟုန်၏ အော်သံကို ကြားလိုက်သည့်အခါတွင် အန်လင်းနှင့် အခြားသူများသည် ရှေ့သို့ ကြည့်လိုက်ကြသည်။ သူတို့ရှေ့တွင် ရှိနေသည့် ချောက်မှာ ပေထောင်ပေါင်းများစွာ ကျယ်ပြီး မျက်စိနှင့်ပင် မမြင်နိုင်ချေ။

နေမင်းသည် တောက်ပစွာ သာနေဆဲဖြစ်သော်လည်း ထိုချောက်သည် ပိန်းပိတ်အောင် နက်မှောင်ကာ ကြောက်မက်ဖွယ် ကောင်းလှသည်။ ကမ္ဘာပေါ်ရှိ အလင်းနှင့် ရောင်ခြည်အားလုံးကို မျိုချတော့မည့်ဟန် ဖြစ်သည်။

များမကြာမီတွင် သူတို့သည် ချောက်ပေါ်သို့ ရောက်ရှိလာသည်။

“ငါတို့က ချောက်ထဲက တိုက်ရိုက် ခုန်ဆင်းကြမှာလား”

မှောင်မည်း နက်ရှိုင်းသည့် အက်ကွဲကြောင်းအား ကြည့်ကာဖြင့် စုရှောင်လန်သည် မေးခွန်းထုတ်လိုက်သည်။

အန်လင်းသည် ခေါင်းညိတ်လိုက်ပြီး “ရှောင်ချိုးရေ ... ဆလိုက်မီးလေး ဖွင့်လိုက်ပါဦး”

ရှောင်ချိုး : “…”

ချွမ်

ရှောင်ချိုး၏ ရွှေရောင်မျက်လုံးများမှ တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လာသည်။ အားကောင်းသည့် ဆလိုက်မီးများကဲ့သို့ ချောက်အတွင်း၌ တောက်ပစွာ ထွန်းလင်းလျက်ရှိသည်။

“ဝိုး ... မိုက်လိုက်တာ” စုရှောင်လန် ရေရွတ်လိုက်သည်။

ထိုသို့ဖြင့် အုတ်ခဲနက်သည် ချောက်အတွင်းသို့ ဖြည်းညင်းစွာ ဆင်းလိုက်လေသည်။

လူတိုင်းသည် အာရုံစိုက်ထားပြီး တိုက်ခိုက်ဖို့ရန် အသင့် အနေအထားဖြင့် ရှိနေကြသည်။

နတ်ဆိုးယုတ် အရေအတွက် အနည်းငယ်မှအပ အသူရာချောက်နက်သည် ရက်စက်ကာ ကြမ်းတမ်းသည့် သန္ဓေပြောင်း သားရဲများစွာ၏ အသိုက်အမြုံဖြစ်သည်။ သူတို့သည် အမှောင်ထုထဲတွင် ပုန်းကွယ်နေကြပြီး အရိပ်ထဲမှ ရုတ်တရက် ခုန်ထွက်ကာ ဆိုးဆိုးဝါးဝါး တိုက်ခိုက်တတ်ကြသည်။

သူတို့သည် အနက်ပိုင်းသို့ ရောက်ရှိလာသည်နှင့်အမျှ ပိုမိုမှောင်လည်း လာလေသည်။

အပေါ်သို့ မော့ကြည့်လိုက်သည့် အခါတွင် ကောင်းကင်သည် တဖြည်းဖြည်း ပိုမိုကာ ကျဉ်းမြောင်းလာနေသည်။

ရှောင်းဟုန်သည် အန်လင်း၏ အိတ်ကပ်အတွင်းသို့ ပြန်လည် ဝင်ရောက်လိုက်ပြီး တိတ်တဆိတ် လေ့လာလျက်ရှိသည်။

“အောက်ခြေကို အခုထိ မရောက်သေးဘူးလား။ ငါတို့ ဆင်းလာတာဖြင့် မီတာထောင်နဲ့ချီနေပြီ” စုရှောင်လန်သည် အမှောင်ထုကို ကြောက်ရွံ့သည့်အတွက် စိတ်မသက်မသာ ဖြစ်စွာဖြင့် ပြောလေသည်။

ရှောင်ချိုးသည် ခေါင်းယမ်းလိုက်ပြီး “မရောက်သေးဘူး။ ငါ့ရဲ့  ဆလိုက်မီးတွေက အောက်ခြေကို အခုထိ မမြင်ရသေးဘူး၊ နောက်ထပ် မီတာထောင်နဲ့ချီပြီး ဆင်းရဦးမယ်နဲ့တူတယ်”

“ညီလေး ၃ က အခုတော့ သူ့ရဲ့မျက်လုံးတွေက ဆလိုက်မီးတွေလို့ ဝန်ခံလိုက်ပြီဟေ့ ... ဝုတ်”

ရှောင်ချိုး : “…”

ထိုသို့ဖြင့် သူတို့သည် နောက်ထပ် မီတာတစ်ထောင်ခန့် ဆင်းသက်လိုက်ပြန်သည်။

ဤနေရာရှိ လေထုသည် အေးစက်ကာ စိုထိုင်းသည်။ အလင်းရောင် အနည်းငယ် ရှိသော်လည်း ပိန်းပိတ်အောင် မှောင်မိုက်နေဆဲ ဖြစ်သည်။

ရှောင်ချိုး၏ ဆလိုက်မီးများသည် အောက်ခြေသို့ မမြင်ရသေးချေ။

သူတို့သည် မြေပြင်မှ မီတာ နှစ်ထောင် အနက်သို့ ဆင်းသက်လာပြီး ဖြစ်သည်။

မီတာ သုံးထောင်

မီတာ လေးထောင်

မီတာ ရှစ်ထောင်

လေထုသည် ပိုမိုပါးလွှာလာသည်။

ကျင့်ကြံသူများ မဟုတ်လျှင် သူတို့သည် မွန်းကျပ်မှုကြောင့် သေဆုံးသွားသည်မှာ ကြာမြင့်လှပေလိမ့်မည်။

အပေါ်သို့ မော့ကြည့်လိုက်သည့် အခါတွင် ကောင်းကင်အား အစက်အပြောက်မျှသာ မြင်တွေ့ရတော့သည်။

နံရံမှ ထိုးထွက်နေသည့် မညီမညာ ကျောက်တုံးများကြောင့် သာလျှင် အဖြူရောင်အလင်းအား မြင်နေရခြင်း ဖြစ်သည်။

မှောင်မိုက် တိတ်ဆိတ်နေခြင်း ဖြစ်သည်။

ရံဖန်ရံခါတွင် ရေစက်ကျသံအား ကြားနေရသည်။ ထိုသို့မဟုတ်လျှင် တစ်ခုတည်းသော အသံမှာ သူတို့၏ အသက်ရှူသံသာလျှင် ဖြစ်သည်။

“ရောက်ပြီဟေ့။ အောက်ခြေကို မြင်နေရပြီ” ရှောင်ချိုးသည် ရုတ်တရက် ကြေညာလိုက်သည်။

ရှောင်ချိုး၏ စကားအား ကြားမှသာ လူတိုင်းသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချနိုင်တော့သည်။

မီတာ သောင်းနှင့်ချီ၍ ဆင်းသက်ပြီးမှသာလျှင် အောက်ခြေသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

***

All Chapters