← Chapters

အဂ္ဂိရတ်ပညာကျမ်း

Vol. 5 Ch. 57

အဂ္ဂိရတ်ပညာကျမ်း

Vol. 5 Ch. 57

ထိုဆန်းကြယ်သည့်အရာဝတ္ထုကိုတွေ့မြင်သည်နှင့် ခုန်မင်စိတ်ထဲ တစ်ချက်လှုပ်ရှားသွားသည်။ ထိုအရာမှထွက်ပေါ်နေသော စွမ်းအားလှိုင်းလုံးများက ထူးဆန်းစွာပင် ရင်းနှီးကျွမ်းဝင်မှု ရှိနေပေသည်။

ခုန်မင် ပန်းပဲပညာကျမ်းကို ရရှိစဉ်ကလည်း ထိုစာအုပ်မှထွက်ပေါ်နေသည့် စွမ်းအားလှိုင်းလုံးများက ဤကဲ့သို့ပင် သိမ်မွေ့ပြီး မရေမရာခံစားရစေသည်။

ယခု သူ့အရှေ့မှပစ္စည်းကတော့ ပန်းပဲပညာကျမ်း မဟုတ်သည်မှာသေချာသည်။ ပန်းပဲပညာကို စတင်လေ့လာနေပြီဖြစ်‌သော ခုန်မင်အတွက် ထိုအချက်ကိုတော့ ကောင်းစွာခွဲခြားသိမြင်နိုင်သည်။

ပန်းပဲပညာကျမ်းမဟုတ်ပါဘဲ ပန်းပဲပညာကျမ်းနှင့် တူညီသည့်အငွေ့အသက်ရှိနေသည့် ဤပစ္စည်းက မည်သည့်အရာများပါနည်း။

ဒါက အဂ္ဂိရတ်ပညာကျမ်းများ ဖြစ်နေမလား...။

ထိုသို့တွေးမိသည်နှင့် ခုန်မင်၏ရင်ထဲ စိတ်လှုပ်ရှားမှုများ တဟုန်းဟုန်းတောက်လောင်လာသည်။

ခုန်မင်က သစ်သား-မီး ဒြပ်စင်ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသူဖြစ်ရာ ပန်းပဲပညာရှင်ထက် အဂ္ဂိရတ်ပညာရှင်ဖြစ်ရန် ပိုမိုသင့်တော်သည်။

သို့သော် ခုန်မင်အနေဖြင့် အဂ္ဂိရတ်ပညာကျမ်းမရှိဘဲ အဂ္ဂိရတ်ပညာကို လေ့လာနိုင်မည် မဟုတ်ပေ။

ယခု သူ့ရှေ့မှရတနာပစ္စည်းက အဂ္ဂိရတ်ပညာကျမ်းဖြစ်နေမည်ဆိုလျှင် ခုန်မင်အနေဖြင့် အဂ္ဂိရတ်ပညာနှင့်ပတ်သက်သော သူ၏ပါရမီကိုပြသနိုင်‌ပေတော့မည်။

ဒြပ်စင်စွမ်းအားကျင့်ကြံခြင်း ၊ ပန်းပဲပညာ ၊ အဂ္ဂိရတ်ပညာ...။

ဤပညာရပ်များက ဆက်စပ်မှုမရှိဟုထင်ရသော်လည်း ပြိုင်ဘက်ကင်းစစ်ရေးဗျူဟာရှင် ‘ခုန်မင်’ ကတော့ မည်သည့်ပညာရပ်မဆို နားလည်အောင်ကြိုးစားနိုင်စွမ်း ရှိသည်။

ဟုတ်ပေ၏။

မေလင်၏စကားသံထွက်ပေါ်လာသည့်အခါ ခုန်မင်၏အတွေး မှန်ကန်ကြောင်း အတည်ပြုပေးလိုက်သလို ဖြစ်သွားသည်။

“အားလုံးရဲ့ ထိုးထွင်းသိမြင်မှုနဲ့ဆိုရင် ဒီရတနာပစ္စည်းက အဂ္ဂိရတ်ပညာကျမ်းတစ်အုပ်ဆိုတာ ရိပ်မိကြမှာပါ”

သူမက ဆက်ရှင်းပြသည်။

“ပြီးတော့ ဒီအဂ္ဂိရတ်ပညာကျမ်းက သာမန်မဟုတ်ပါဘူး ၊ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်က အဂ္ဂိရတ်ပညာရှင်ကြီး’ယောင်းရှစ်’ ဆီက ဆင်းသက်လာတာပါ ၊ အဂ္ဂိရတ်ပညာရှင်ကြီး’ယောင်းရှစ်’ ဘယ်လောက်တော်တယ်ဆိုတာကိုတော့ အသေးစိတ်ရှင်းပြနေစရာ မလိုလောက်ဘူးထင်ပါတယ်”

“ဥပမာပြောရရင်... ကျင့်ကြံသူတိုင်း မကြာခဏသောက်သုံးရလေ့ရှိတဲ့ ကျန့်ယွမ်ဆေးလုံးဆိုရင် ဆရာကြီး’ယောင်းရှစ်’ တီထွင်ခဲ့တဲ့ ဆေးဖော်စပ်နည်းအတိုင်း ဖော်စပ်ထားကြတာပါ ၊ ဆေးလုံးပညာကိုစိတ်ဝင်စားတဲ့သူတိုင်းအတွက် ဒီအဂ္ဂိရတ်ပညာကျမ်းက ကျိန်းသေအသုံးဝင်မှာပါ ၊ ကံကောင်းရင် ဆရာကြီး‌’ယောင်းရှစ်’ ချန်ထားခဲ့တဲ့ ဆေးဖော်ဆပ်နည်းတွေကိုတောင် ရရှိနိုင်ဦးမှာပါ”

မေလင်၏စကားသံက အလွန်ပင်ဆွဲ‌ဆောင်မှု ရှိလှသည်။

ကျန့်ယွမ်ဆေးလုံးက ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်အောက် ကျင့်ကြံသူများ ဒြပ်စင်စွမ်းအား စုပ်ယူနှုန်းကို တိုးမြှင့်ပေးနိုင်ကြောင်း လူသိများပြီး ကျင့်ကြံခြင်းလောကတွင် အသုံးအများဆုံး ဆေးလုံးများထဲမှ တစ်ခုလည်း ဖြစ်သည်။

ထို့ကြောင့် ကျန့်ယွမ်ဆေးလုံးကိုတီထွင်ခဲ့သည့် အဂ္ဂိရတ်ပညာရှင်သည်လည်း အလွန်တရာကျော်ကြားသူတစ်ယောက် ဖြစ်လာခဲ့သည်။

သို့ဖြစ်ရာ ဆရာကြီး‌’ယောင်းရှစ်’ ၏ အဂ္ဂိရတ်ပညာကျမ်းကို ရရှိနိုင်ပါက ဆရာကြီး‌’ယောင်းရှစ်’ ၏ အမွေအနှစ်ကိုဆက်ခံရန် အခွင့်အရေးရရှိနိုင်ပေမည်။

မေလင်ပြောသလို ဤအဂ္ဂိရတ်ပညာကျမ်းတွင် ရှားပါးသော ဆေးဖော်ဆပ်နည်းများသာပါဝင်နေပါက ဤစာအုပ်ကိုသာ ရရှိနိုင်လျှင် ကျော်ကြားမှုနှင့် စည်းစိမ်ဥစ္စာများ သေချာပေါက် နောက်မှလိုက်လာပေလိမ့်မည်။

ဟုတ်ပေ၏။

ဆရာကြီး’ယောင်းရှစ်’ ၏ ပြီးပြည့်စုံသည့်အမွေအနှစ်ကို ရရှိရန်မှာ မလွယ်ကူလှပေ။

အဘယ်ကြောင့်ဆိုသော အဂ္ဂိရတ်ပညာကျမ်းဆိုသည်က ပန်းပဲပညာကျမ်းကဲ့သို့ပင် ဖြစ်သည်။ ကျင့်ကြံခြင်းနက်ရှိုင်းလာလေ လျှို့ဝှက်ချက်များကို ကိုယ်တိုင်သိမြင်လာလေ ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် ကျမ်းစာအုပ်ရေးသားသူနှင့် တူညီသည့်အဆင့်သို့ရောက်ရှိမှသာ ထိုသူရေးသားခဲ့သော အဂ္ဂိရတ်ပညာကျမ်း သို့မဟုတ် ပန်းပဲပညာကျမ်းကို အပြည့်အဝ နားလည်နိုင်ပေမည်။

မိမိ၏ကျင့်ကြံခြင်းအဆင့် မလုံလောက်ဘဲ ကျမ်းစာများကို အတင်းအကျပ်နားလည်ရန်ကြိုးစားပါက နောက်ဆုံး ပညာရပ်ပျက်ဆီးသွားခြင်းသာ အဖတ်တင်ပေမည်။

ထို့ကြောင့် ဆရာကြီး’ယောင်းရှစ်’ ၏ အဂ္ဂိရတ်ပညာကျမ်းကို ရရှိလိုက်ရုံမျှဖြင့် ဆရာကြီး’ယောင်းရှစ်’၏ ပညာများအားလုံးကို ရရှိသွားမည်ဟု မဆိုလိုပေ။

သို့ပေသိ ၁ % သာ အခွင့်အရေးရှိဦးတော့ လူအများစုက ထိုအခွင့်အရေးကို ဆုပ်ကိုင်လိုကြသည်။

အဂ္ဂိရတ်ပညာရှင်များ မရှိသည့် အိမ်တော်များဆိုလျှင် ဤအဂ္ဂိရတ်ပညာကျမ်းကို ပိုင်ဆိုင်လိုက်သည်နှင့် အဂ္ဂိရတ်ပညာရှင်များကို ခေါ်ယူငှားယမ်းရန် ပိုမိုလွယ်ကူလာပေလိမ့်မည်။

ဤသို့သော ရတနာပစ္စည်းမျိုးက လေလံပွဲတွင် အထူးအသားပေးကာ နေရာရထိုက်သည်။ ၎င်း၏ နောက်ဆုံးရောင်းရငွေမှာ လေလံပွဲဘုရင်ဖြစ်သော ‘နေမီးလျှံမီးပြင်းဖို’ နှင့်ပင် ယှဉ်ပြိုင်နိုင်ဖွယ် ရှိ၏။

လေလံပွဲခန်းမထဲမှလူများ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်ကို တွေ့မြင်သည်နှင့် မေလင် အလွန်ကျေနပ်သွားသည်။

သူမက ချိုသာသောအသံဖြင့် ဆက်လက်ကြေညာလိုက်၏။

“ဆရာကြီး’ယောင်းရှစ်’ ရဲ့ အဂ္ဂိရတ်ပညာကျမ်းကို ရွှေဒင်္ဂါးသုံးသောင်းနဲ့ စဖွင့်ပါမယ် ၊ စိတ်ဝင်စားသူတွေ လက်လွှတ်မခံသင့်ဘူးနော် ၊ ဒီလိုအခွင့်အရေးမျိုးက ကျွန်မတို့လေလံပွဲမှာ အမြဲတမ်းရနိုင်တာမျိုး မဟုတ်ပါဘူး”

မေလင်၏စကားဆုံးသွားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး စျေးခေါ်သံများဖြင့် ဆူညံသွားတော့သည်။

“ရွှေဒင်္ဂါး သုံးသောင်းတစ်ထောင်...”

“ရွှေဒင်္ဂါး သုံးသောင်းနှစ်ထောင်...”

“ရွှေဒင်္ဂါး သုံးသောင်းငါးထောင်...”

***

အချိန်ခဏအတွင်းမှာပင် လူ(၁၀)ဦးကျော် အပြိုင်အဆိုင် လေလံဆွဲကြပြီး ရွှေဒင်္ဂါးငါးသောင်းအထိ စျေးနှုန်းမြင့်တက်သွားသည်။

စျေးနှုန်း ရွှေဒင်္ဂါးငါးသောင်းသို့ ရောက်ရှိသွားသည်နှင့် ဆက်လက် စျေးပြိုင်ခေါ်ယူနိုင်သူ သိပ်မရှိတော့ပေ။

သေးငယ်သည့်အင်အားစုများနှင့် အလယ်အလတ်အင်အားစုများအနေဖြင့် စည်းစိမ်အကုန်ပုံအောမှသာ ရွှေဒင်္ဂါးငါးသောင်းပမာဏကို အသုံးပြုနိုင်မည် မဟုတ်ပါလား။

နောက်ဆုံးမှာတော့ ခွန်းကာမြို့နှင့် ပတ်ဝန်းကျင်ဒေသများမှ အမှန်တကယ် အင်အားကြီးမားသော သိုင်းဂိုဏ်းများနှင့် အိမ်တော်များသာလျှင် စျေးပြိုင်ခေါ်ယူခြင်းတွင် ပါဝင်နိုင်ကြတော့သည်။

ခုန်အိမ်တော်မှ သားအဖ(၃)ယောက်က ခဏမျှ တီးတိုးဆွေးနွေးလိုက်ကြသည်။

ပြီးမှ ခုန်မင်က...

“အဖေ ၊ အစ်ကိုကြီး... ကျွန်တော် ဒီအဂ္ဂိရတ်ပညာကျမ်းကို အရမ်း စိတ်ဝင်စားတယ် ၊ ဒီစာအုပ်ကိုသာရရှိမယ်ဆိုရင် ကျွန်တော်တို့ ခုန်အိမ်တော်ရဲ့အနာဂတ်အတွက် သေချာပေါက် အကျိုးရှိလိမ့်မယ်”

ခုန်ကျွင်းက ခေါင်းညိတ်ရင်း...

“ဒီအဂ္ဂိရတ်ပညာကျမ်းရဲ့ အရေးပါပုံကို ငါတို့ချည်းပဲ နားလည်တာ မဟုတ်ဘူး၊ အင်အားကြီးအုပ်စုတွေအားလုံး နားလည်ကြတယ် ၊ အထူးသဖြင့် ဟို မြေခွေးအိုကြီး’ချန်ရှီး’ ပေါ့ ၊ သူက ငါတို့ ခုန်အိမ်တော်မှာ ပန်းပဲပညာရှင်တစ်ယောက်ရှိနေတာကို သိထားတော့ ဒီအဂ္ဂိရတ်ပညာကျမ်းကို ငါတို့လက်ထဲ လုံးဝ အရောက်ခံမှာ မဟုတ်ဘူး”

ခုန်မင်က နှာတစ်ချက်မှုတ်လိုက်ရင်း...

“အဲဒီမြေခွေးအိုကြီး လှုပ်ရှားလာလို့ကတော့ သူ့ကိုတန်ပြန်တိုက်ခိုက်ဖို့ ကျွန်တော့်မှာ နည်းလမ်းရှိပါတယ် ၊ ကျွန်တော်က ဒေသခံအင်အားစုတွေ ပါဝင်လာမှာကိုပဲ စိုးရိမ်တာ”

ခုန်ကျောင်းက အကြံပေးလိုက်သည်။

“အဖေး... ညီလေး... နေမီးလျှံမီးပြင်းဖို ဝယ်ပြီးတဲ့နောက် ကျွန်တော်တို့လက်ထဲမှာ ပိုက်ဆံမကျန်တော့ဘူး ၊ ဒီတော့ ကျွန်တော် အခုပဲအိမ်ပြန်ပြီး ပိုက်ဆံပြန်ယူလိုက်မယ် ၊ ရွှေဒင်္ဂါး ခြောက်သောင်း ခုနစ်သောင်းလောက်ဆို လောက်နိုင်တယ်မလား ၊ အဲဒါဆို ဒီမြေခွေးအိုကြီးကလွဲရင် တခြားအင်အားစုတွေက ကျွန်တော်တို့ကို ယှဉ်နိုင်မယ်မထင်ဘူး”

ခုန်မင်၏မျက်ဝန်းများတွင် အလင်းရောင်များတောက်ပသွားသည်။

ခဏမျှစဉ်းစားပြီးမှ...

“အစ်ကိုကြီး... အလျင်စလိုမလုပ်ပါနဲ့ ၊ အဲဒီမြေခွေးအိုကြီး ဘယ်လောက်ထိ စျေးခေါ်နိုင်မလဲ စောင့်ကြည့်ရမယ်”

ထို့နောက် စျေးနှုန်းယှဉ်ပြိုင်ခြင်း နှေးကွေးသွားခဲ့သည်။ သို့သော် အဂ္ဂိရတ်ပညာကျမ်း၏ ဆွဲဆောင်မှုက ကြီးမားလွန်းသဖြင့် စျေးနှုန်းက ရွှေဒင်္ဂါးရှစ်သောင်းအထိ ဖြည်းဖြည်းချင်း တက်သွားခဲ့သည်။

ထိုအဆင့်သို့ ရောက်ရှိသွားသည့်အခါ ဆက်လက်ယှဉ်ပြိုင်သူ (၃) ဦးသာ ရှိတော့သည်။

ခုန်အိမ်တော် ၊ ချန်အိမ်တော်နှင့် ဒေသခံအင်အားစုတစ်ခုမှ ကိုယ်စားလှယ်တို့ ဖြစ်သည်။

အသံပြောင်းကိရိယာတပ်ဆင်ထားသော်လည်း ခုန်အိမ်တော်မှသားအဖ၏အသံနှင့် ချန်ရှီး၏အသံက မှတ်မိလွယ်နေကြပေပြီ။

သို့သော် စျေးနှုန်းက ရွှေဒင်္ဂါးရှစ်သောင်းအထိ မြင့်တက်သွားသည်ဖြစ်ရာ ဒေသခံအင်အားစုကတော့ ယုံကြည်မှုအားနည်းသွားခဲ့သည်။

သို့ဖြစ်ရာ နောက်ဆုံးယှဉ်ပြိုင်သည်မှာ ခုန်အိမ်တော်နှင့် ချန်အိမ်တော်သာလျှင် ကျန်ရစ်တော့သည်။

ထိုအချိန် ချန်ရှီးက ရုတ်တရက် စျေးနှုန်းတိုးမြှင့်လိုက်သည်။

ကြည့်ရသည်မှာ သူက ရသည့်နည်းနှင့် အဂ္ဂိရတ်ပညာကျမ်းကိုသိမ်းပိုက်ရန် ဆုံးဖြတ်ထားပုံရ၏။

“ရွှေဒင်္ဂါးရှစ်သောင်းငါးထောင်...”

All Chapters