ညီမျှမှုမရှိဆုံးကုန်ပစ္စည်းဖလှယ်မှု
Vol. 5 Ch. 58
ချန်ရှီး စျေးခေါ်လိုက်သည်နှင့် ခုန်ကျွင်းနှင့် ခုန်ကျောင်း အနည်းငယ်မျက်နှာပျက်သွားသော်လည်း ခုန်မင်ကတော့ တည်ငြိမ်နေဆဲပင်။
ခုန်ကျောင်းက ခေါင်းခါရမ်းရင်း...
“အဖေနဲ့ ညိလေး ၊ ထပ်ပြီးစျေးမြှင့်မယ်ဆိုရင်တော့ အိမ်တော်ရဲ့ အရေးပေါ်ရန်ပုံငွေကို ထုတ်သုံးမှရတော့မယ် ၊ ကျွန်တော် အိမ်ပြန်ပြီး ပိုက်ဆံယူလိုက်မယ်လေ ၊ မဟုတ်ရင် အဲဒီ မြေခွေးအိုကြီးနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး”
ခုန်ကျွင်းက ခေါင်းညိတ်တော့မည်အပြုတွင် ခုန်မင်က အနည်းငယ်ပြုံးလိုက်ပြီး...
“အဖေနဲ့အစ်ကိုကြီး... စိတ်ပူစရာမလိုပါဘူး ၊ ဒီတစ်ခေါက် အဲဒီမြေခွေးအိုကြီးကို အလွတ်ပေးလိုက်တော့ ၊ ကုန်သွယ်ရေးအသင်းချုပ်ကလည်း အမြတ်တွေရထားပြီးပါပြီ ၊ ဘာလို့ မီးလောင်ရာလေပင့်တော့မလဲ ၊ ဒါပေမဲ့... အဲဒီမြေခွေးအိုကြီးယူထားသမျှ ခဏနေရင် အတိုးရော အရင်းရော အကုန်ပြန်ပေးရအောင် လုပ်ပြမယ်”
ခုန်ကျွင်းနှင့် ခုန်ကျောင်းတို့က ခုန်မင်ကို သံသယဖြင့် ကြည့်လိုက်ကြသည်။
ခုန်မင် အဘယ့်ကြောင့် ဤမျှ ယုံကြည်မှု ရှိနေရပါသနည်း။
သို့သော် ခုန်မင်၏ ဉာဏ်ရည်ဉာဏ်သွေးကို သိပြီးသားဖြစ်သဖြင့် ခုန်ကျွင်းနှင့် ခုန်ကျောင်း သူ့ကို အလိုလိုပင် ယုံကြည်နေမိတော့၏။
ထို့ကြောင့် သားအဖ(၃)ယောက် အခြေအနေစောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်ကြတော့သည်။
လေလံစျေး ရွှေဒင်္ဂါး ရှစ်သောင်းရှစ်ထောင်အထိ မြင့်တက်သွားချိန်မှာတော့ ဒေသခံအင်အားစုသည်လည်း လက်လျှော့သွားတော့သည်။
ထို့ကြောင့် ချန်ရှီးက ရွှေဒင်္ဂါး ရှစ်သောင်းရှစ်ထောင်ဖြင့် အဂ္ဂိရတ်ပညာကျမ်းကို ရရှိသွားတော့သည်။ မြေခွေးအိုကြီးကတော့ အလွန်တရာ ကျေနပ်ပီတိဖြစ်နေပုံ ရလေသည်။
နေမီးလျှံမီးပြင်းဖိုသာ ထူးဆန်းစွာ စျေးနှုန်းမြင့်တက်သွားခြင်းမရှိပါက ဤအဂ္ဂိရတ်ပညာကျမ်းက ယခုလေလံပွဲတွင် စျေးနှုန်းအမြင့်ဆုံးဖြစ်သွားမည်မှာ သေချာသည်။
သို့သော် ချန်ရှီးကတော့ “အမြင့်ဆုံးစျေးနှုန်း” ဖြစ်ခြင်း မဖြစ်ခြင်းကို အရေးမစိုက်ပေ။ ဤသည်က အမည်ခံပင်ဖြစ်သည် မဟုတ်ပါလား။
ခုန်အိမ်တော်ဆိုလျှင် အမြင့်ဆုံးစျေးနှုန်းဖြင့် လေလံဆွဲသွားသော်လည်း အလဟသ ပိုက်ဆံပေးလိုက်ရသည်နှင့် အတူတူပင် ဖြစ်၏။
နှိုင်းယှဉ်ကြည့်လျှက် နေမီးလျှံမီးပြင်းဖိုထက် အဂ္ဂိရတ်ပညာကျမ်းကပင် ပိုပြီးတန်ဖိုးရှိသေးသည်။
ဤကျမ်းကို ပိုင်ဆိုင်ထားသရွေ့ အနာဂတ်တွင် ကျွမ်းကျင်သော အဂ္ဂိရတ်ပညာရှင်တစ်ဦးကို ငှားရမ်းနိုင်မည်ဖြစ်ပြီး ခုန်အိမ်တော်တွင် ပန်းပဲပညာရှင်ရှိသည့် အားသာချက်ကို ပြန်လည်ထိုးချေနိုင်ပေမည်။
ထို့ပြင် အဂ္ဂိရတ်ပညာရှင်များကဖန်တီးသည့်ပစ္စည်းများက ပန်းပဲပညာရှင်များ ဖန်တီးသည့်ပစ္စည်းများထက် ပိုမိုတန်ဖိုးကြီးမားသည်ဖြစ်ရာ အချိန်ကြာလာသည်နှင့်အမျှ ချန်အိမ်တော်အနေဖြင့် ခုန်အိမ်တော်ကို ကျော်တက်နိုင်သည့်အခွင့်အရေး ရရှိလာပေမည်။
နောက်တစ်ချက်မှာ ခုန်အိမ်တော်က နေမီးလျှံမီးပြင်းဖိုအား ရွှေဒင်္ဂါးတစ်သိန်းဖြင့် ဝယ်ယူလိုက်ရခြင်းမရှိပါက သူ့အနေဖြင့် အဂ္ဂိရတ်ပညာကျမ်းကို ရွှေဒင်္ဂါး ရှစ်သောင်းရှစ်ထောင်ဖြင့် ရရှိနိုင်မည် မဟုတ်ပေ။
သူ့အနေဖြင့် ရေဒြပ်စင်အမြုတေတွင် အနည်းငယ်ဆုံးရှုံးခဲ့သော်လည်း အဂ္ဂိရတ်ပညာကျမ်းကို ရယူနိုင်ခဲ့သဖြင့် လေလံပွဲမှရရှိသည့်အကျိုးအမြတ်က အလွန်ပင် ကျေနပ်ဖွယ်ရာ ဖြစ်ခဲ့ပေသည်။
ချန်ရှီးမှာ အောင်ပွဲကိုတွေးရင်း ဟားတိုက်ရယ်မောချင်စိတ်များပင် ဖြစ်ပေါ်နေသည်။
ထိုအချိန် စင်မြင့်ထက်မှ မေလင်၏ ကြေညာစကားသံ ထွက်ပေါ်လာသည်။
“လေလံပွဲ အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်တာကြောင့်... အခုမှစပြီး ကုန်ပစ္စည်းချင်း လဲလှယ်သည့်အစီအစဉ် စတင်မှာ ဖြစ်ပါတယ်ရှင်...”
ကုန်ပစ္စည်းလဲလှယ်ခြင်းက လေလံပွဲတက်ရောက်သူ ဧည့်သည်တော်တိုင်းအတွက် ပေးအပ်ထားသော အကျိုးခံစားခွင့် ဖြစ်သည်။
ဤအစီအစဉ်နှင့်ပတ်သက်ပြီး ကုန်သွယ်ရေးအသင်းချုပ်က ကော်မရှင်တစ်ပြားမှမယူဘဲ အခမဲ့ ဝန်ဆောင်မှုပေးမည် ဖြစ်၏။
ခုန်မင်က ဤအချိန်ကို အထူးစောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ သူက အနည်းငယ်ပြုံးလိုက်ပြီး သိုလှောင်လက်စွပ်အတွင်းမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
ပြီးမှ ယုံကြည်မှုအပြည့်ရှိသောလေသံဖြင့်...
“ကဲ မြေခွေးအိုကြီးကို ဒီနေ့မျိုချထားတာတွေအကုန်လုံး ပြန်အန်ထုတ်ခိုင်းရမယ် ၊ ခုန်အိမ်တော်ရဲ့ ဆုံးရှုံးမှုအတွက် အကုန်ပြန်ပေးဆပ်ခိုင်းရမယ်”
ခုန်မင် ထုတ်ယူလိုက်သောပစ္စည်းကိုမြင်သည်နှင့် ခုန်ကျွင်း ၊ ခုန်ကျောင်းနှင့် ချင်တယ်တို့အားလုံး မျက်နှာအမူအရာများပြောင်းလဲသွားကြပြီး အံ့သြတကြီးဖြင့် မေးမြန်းလိုက်ကြသည်။
“ဒါ... ဒါက ဒြပ်စင်ဝိညာဉ်လက်နက် မဟုတ်လား”
ခုန်မင်က ခေါင်းညိတ်လိုက်ပြီး...
“ဒီအလင်းဖောက်ဓားမြောင်က အလယ်ဆင့် ရေဒြပ်စင်ဝိညာဉ်လက်နက်ပဲ ၊ ဒီလိုရတနာမျိုး ထုတ်ပြလိုက်ရင် ချန်ရှီးက လက်လွှတ်ခံမယ်ထင်သလား ၊ ဘယ်လောက်တန်ဖိုးပေးရပါစေ ရအောင်ယူမှာပဲ”
ခုန်ကျွင်းလည်း အလိုလို ခေါင်းညိတ်မိသွားသည်။
ပြီးမှ သတိဝင်သွားပြီး...
“ဒါပေမဲ့ ဒီလိုဝိညာဉ်လက်နက်မျိုး ချန်ရှီးလက်ထဲရောက်သွားရင် ကျားကိုအတောင်ပံတပ်ပေးသလို ဖြစ်သွားမှာပေါ့ ၊ သူအင်အားကြီးလာရင် ရည်မှန်းချက်တွေလည်း ပိုကြီးလာလိမ့်မယ်”
ခုန်မင်က ယုံကြည်မှုအပြည့်နှင့် ပြုံးလိုက်ပြီး...
“ကျားကိုအတောင်ပံတပ်ပေးမယ်တဲ့လား ၊ အရင်ဆုံး သူက ကျားဖြစ်ပါစေဦး အဖေရယ် ၊ နောက်ပိုင်း ကျွန်တော်တို့ ခုန်အိမ်တော်ကသာ ကျားပျံဖြစ်ချင်ဖြစ်သွားမယ် သူကတော့ ကြောင်တောင်ဖြစ်မှာမဟုတ်ဘူး ၊ အင်အားကွာခြားချက်ကြီးမားလာရင် သူ့မှာ ဘယ်လိုရည်မှန်းချက်မျိုးပဲရှိရှိ လေထဲလွင့်သွားမှာပဲ”
ခုန်ကျွင်းက ခုန်မင်လောက် ယုံကြည်မှုမရှိသော်လည်း ယခုက အရေးကြီးသောအချိန်ဖြစ်လေရာ ခုန်မင်ကို ဟန့်တားခြင်း မပြုတော့ပေ။
သူက ခေါင်းညိတ်လိုက်ပြီး...
“မင်အာ ဒီလောက်တောင်ယုံကြည်နေတယ်ဆိုတော့... အားလုံး မင်းစီစဉ်တဲ့အတိုင်းပဲ လုပ်ကြတာပေါ့”
ခုန်မင်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူက သီးသန့်အခန်းမှထွက်လိုက်ပြီး အပြင်တွင်စောင့်နေသော အစေခံမိန်းကလေးတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
“ဒီအလင်းဖောက်ဓားမြောင်က လျန်ကျိုးနယ်က အကြီးကျယ်ဆုံး ပန်းပဲပညာရှင်တစ်ယောက် ဖန်တီးခဲ့တဲ့ အလယ်ဆင့် ရေဒြပ်စင်ဝိညာဉ်လက်နက်တစ်ခုပဲ ၊ ဒီပစ္စည်းနဲ့ လဲလှယ်ဖို့သတ်မှတ်ချက်တွေကတော့ ရိုးရှင်းပါတယ် ၊ ရွှေဒင်္ဂါးတစ်သိန်း ၊ ခေါင်းနှစ်လုံးမိကျောင်းရဲ့ ရေဒြပ်စင်အမြုတေနဲ့ ဆရာကြီး’ယောင်းရှစ်’ ရဲ့ အဂ္ဂိရတ်ပညာကျမ်းနဲ့ လဲလှယ်နိုင်တဲ့သူက ဒီအလင်းဖောက်ဓားမြောက်ကို ရရှိနိုင်မယ်”
အစေခံမိန်းမပျိုက ခုန်အိမ်တော်မှ သားအဖများနှင့် ရင်းနှီးသူပင် ဖြစ်သည်။
ယခု ပစ္စည်းလဲလှယ်ခြင်းတွင် ခုန်အိမ်တော်က မည်သူ့ကိုပစ်မှတ်ထားသည်ကို သူမ ချက်ချင်း နားလည်သွားသည်။
သို့သော် ခုန်အိမ်တော်နှင့် ချန်အိမ်တော်ကြားမှ ရန်ငြိုးရန်စများအား သူမကဲ့သို့ မိန်းကလေးတစ်ယောက် ဝင်ပြောနိုင်သည်မဟုတ်လေရာ ရိုကျိုးစွာပင် ခေါင်းညိတ်လျှက် အလင်းဖောက်ဓာမြောင်ကိုကိုင်ဆောင်ပြီး ထွက်ခွာသွားတော့သည်။
ခဏအကြာမှာတော့ အလင်းဖောက်ဓားမြောင် ပင်မစင်မြင့်ထက်သို့ ရောက်ရှိသွားသည်။
မိန်းမပျိုက ကုန်ပစ္စည်းလဲလှယ်မည့်သတ်မှတ်ချက်များကို ပြောပြလိုက်သည်နှင့် ချက်ချင်းပင် မေလင်၏ မျက်နှာအမူအရာ ထူးဆန်းသွားတော့သည်။
ခုန်အိမ်တော်က ချန်အိမ်တော်အား ထိုမျှပြင်းထန်စွာထိုးနှက်နိုင်သည့် လျှို့ဝှက်ချက်တစ်ခုရှိနေမည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ။
ယခုဆိုလျှင် ချန်ရှီးတစ်ယောက် လေလံပွဲမှရရှိထားသော အကျိုးအမြတ်များအားလုံး အတိုးရောအရင်းပါ ပြန်အန်ထုတ်ရတော့မည်မှာ ထင်ရှားသည်။
သို့သော် ခုန်ကျွင်းက ဘယ်အချိန်က ဤမျှရက်စက်တတ်သွားတာလဲ...။
ဤသို့ ကုန်ပစ္စည်းလဲလှယ်ခြင်းက ချန်ရှီး၏အားနည်းချက်ကို အတိအကျဆုပ်ကိုင်ထားပြီး အသွေးအသားအားလုံးကို ဝါးမျိုသည်အထိပင် ဖြစ်သည်။
အကြောင်းမှာ ဆုံးရှုံးမှုကြီးမားမှန်း သိသိနှင့်ပင် ချန်ရှီးက အလယ်ဆင့် ၊ ရေဒြပ်စင်ဝိညာဉ်လက်နက်ကို လက်လွှတ်နိုင်မည်မဟုတ်သည်မှာ သေချာသည်။
ဤပစ္စည်းလဲလှယ်ခြင်းကတော့ သမိုင်းတစ်လျှောက် မတရားအခံရဆုံး ပစ္စည်းလဲလှယ်မှု ဖြစ်သွားပေတော့မည်။
ခုန်ကျွင်းက ကုန်သည်တစ်ယောက် ၊ စီးပွားရေးသမားတစ်ယောက် မဟုတ်သည်မှာ ကံကောင်းသည်ပင်။ မဟုတ်ပါက ဤမျှ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းမျိုးဖြင့်ဆိုလျှင် ကုန်သွယ်ရေးအသင်းချုပ်သည်ပင် အမြစ်ပြုတ်သွားနိုင်၏။
သို့သော် ရုတ်တရက်ပင် မေလင် လူတစ်ယောက်ကို စဉ်းစားမိသွားသည်။
“ခုန်မင်...”
ဤကိစ္စများကို စီမံနေသူမှာ ခုန်ကျွင်းထက် ခုန်မင် ဖြစ်ရပေမည်။
သူမအနေဖြင့် ခုန်မင်ကို အမှန်တကယ်ပင် လျှော့တွက်ခဲ့မိသည်။
ခုန်အိမ်တော်၏လုပ်ရပ်အားလုံးကို ခုန်ကျွင်းက စီမံနေသည်ဟုသာ သူမ တွေးထင်ခဲ့သည်။
အသက်(၁၄)နှစ်သာရှိသေးသည့် လူငယ်လေးက ခုန်အိမ်တော်အတွက် ဆုံးဖြတ်ချက်များချမှတ်နေမည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ။
အမှန်တော့ လေလံပွဲအစမှ အဆုံးထိ အခြေအနေတစ်ခုလုံးကို ခုန်မင်က ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။
အဆုံးစွန်သော လျှို့ဝှက်ချက်တစ်ခုကို ကိုင်စွဲထားခဲ့သော ခုန်မင်က အစမှအဆုံးတိုင် ချန်ရှီးကို လက်ဖဝါးပေါ်တင်ကာ ကစားခဲ့ခြင်းသာပင်။
ချန်ရှီးသာ ဤအကြောင်းကို သိခဲ့မည်ဆိုပါက နေမီးလျှံမီးပြင်းဖိုအတွက် တမင်တကာ စျေးပြိုင်ခေါ်ဆိုခဲ့မည် မဟုတ်ပေ။
သူပြုခဲ့သမျှအတွက် ပြန်ပေးဆပ်ရမည်ကို သိရှိခဲ့ပါလျှင် အဂ္ဂရိတ်ပညာကျမ်းကို ရရှိစဉ်ကလည်း အလွန်တရာ ဝမ်းသာပျော်ရွှင်နေခဲ့မိမည် မဟုတ်ပေ။
ယခုတော့...
ချန်အိမ်တော်မှ နှစ်ပေါင်းများစွာ လိုချင်တပ်မက်ခဲ့ရသော ရေဒြပ်စင်ဝိညာဉ်လက်နက်ကို ရယူနိုင်ခဲ့လျှင်တောင်မှ ချန်ရှီးအနေဖြင့် ပျော်ရွှင်နိုင်မည် မထင်ပါချေ။