ကြီးမားသည့်အကျိုးအမြတ်
Vol. 5 Ch. 59
မေလင်အနေဖြင့် ချန်ရှီး၏ခံစားချက် မည်သို့ရှိမည်ကို စိတ်ပူစရာမလိုပေ။ သူ့ကို သနားစရာလည်း မလိုသလို ချီးကျူးစရာလည်း မရှိပေ။
ဘာပဲဖြစ်ဖြစ် မေလင်က ဆုံးဖြတ်ချက်ချပြီးသားပင်။
နောက်ပိုင်း ချန်အိမ်တော်နှင့် ရန်စွယ်ပွားသည်က ကိစ္စမရှိ ၊ ခုန်အိမ်တော်နှင့်တော့ တည့်အောင်ပေါင်းရပေမည်။
မကြာသေးမီက သက်သေပြချက်များအရ ခုန်အိမ်တော်၏တက်လမ်းက မည်သူမှ မတားဆီးနိုင်လောက်အောင် အရှိန်အဟုန် မြင့်မားနေပေပြီ။
အမြတ်အစွန်းကိုသာကြည့်သည့် စီးပွားရေးသမားတစ်ယေက်အတွက် သာသည့်ဘက်ကပ်ရမည်သာ ဖြစ်၏။
မေလင်က အလျှင်အမြန်ပင် အလင်းဖောက်ဓားမြောင်ကို လူအားလုံးရှေ့တွင် ထင်ထင်ရှားရှားပြလိုက်ပြီး မည်သည့်ပစ္စည်းများဖြင့် လဲလှယ်မည်ကို ရှင်းရှင်းလင်းလင်း ကြေညာလိုက်သည်။
သီးသန့်အခန်းထဲတွင်ရှိနေသည့် ချန်ရှီးက အလင်းဖောက်ဓားမြောင်ကိုမြင်သည်နှင့် မျက်လုံးများ တောက်ပသွားသည်။
သို့သော် မည်သည့်ပစ္စည်းများဖြင့် လဲလှယ်ရမည်ဖြစ်ကြောင်း ကြားသိလိုက်သည်နှင့် ရုတ်ချည်းပင် မျက်နှာပျက်သွားပြီး ထိုင်ခုံပေါ် ပြန်ထိုင်ကျသွားတော့သည်။
ချန်ရှီးသာ ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ သာမန်အဘိုးကြီးတစ်ယောက်ဆိုပါက ဒေါသထွက်လွန်းသဖြင့် လေဖြတ်ပြီး နေရာမှာပင် အသက်ပျောက်သွားပေမည်။
ကုန်ပစ္စည်းလဲလှယ်သည့်အခြေအနေများက သူ့ကို ပစ်မှတ်ထားသည်မှာ သေချာနေလေရာ ချန်ရှီးမှာ မျက်ခွက်တည့်တည့် လက်သီးဖြင့် နာနာအနှက်ခံရသလို ခံစားနေရတော့၏။
“ဟေ့ကောင်... ရေဒြပ်စင်ဝိညာဉ်လက်နက်ကို လိုချင်တယ်မလား...”
“မင်းမှာရှိတာ အကုန်လုံးနဲ့လဲလိုက်”
“သြော်... နေဦး... နေမီးလျှံမီးပြင်းဖိုတုန်းက ငါ့ကိုအတင်းစျေးပိုပေးရအောင်လုပ်ထားတဲ့ တစ်သိန်းကိုလည်း ပြန်ပေးဖို့ မမေ့နဲ့ဦး”
ဟု ပြောနေသယောင်ပင် မဟုတ်ပါလား။
ခုန်အိမ်တော်မှလွဲပြီး မည်သူက ဤမျှရက်စက်သည့် အခြေအနေကို ပြုလုပ်ပါမည်နည်း။
ချန်ရှီးမှာ အရှက်ခွဲခံရသည်ဟု ခံစားရပြီး မထွေးနိုင် မအန်နိုင် ဖြစ်နေတော့သည်။
သို့ပေသိ အလယ်ဆင့် ရေဒြပ်စင်ဝိညာဉ်လက်နက်၏ဆွဲဆောင်မှုကလည်း ငြင်းမရလောက်အောင် ကြီးမားလွန်းနေသည်။
ချန်ရှီးရင်ထဲ စိတ်ပျက်လက်ပျက်ခံစားလိုက်ရသည်။ သူ မည်မျှရုန်းကန်ပါစေ နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်တစ်ခု ချရမည်သာပင်။
ချန်ရှီးမှာ ခုန်အိမ်တော်ကို အပြင်းအထန် မုန်းတီးခဲ့သူ ဖြစ်သည်။
သို့သော် ယခုအချိန်မှာတော့ အံတကြိတ်ကြိတ်ဖြင့်ပင် ခုန်အိမ်တော်ကိုမုန်းတီးရသည့်အကြောင်းရင်းကို ရှာတွေ့သွားတော့သည်။
ယခု သူ ခံစားနေရသမျှ ခုန်အိမ်တော်ကြောင့်ပင် မဟုတ်ပါလား။
သို့ပေသိ အမုန်းတရားက မည်မျှလောင်ကျွမ်းပါစေ ချန်ရှီးအနေဖြင့် အသိဉာဏ်ဆုံးရှုံးသွားခြင်း မရှိပေ။
ထိုအသိဉာဏ်က ချန်ရှီးအား အကြိမ်ကြိမ် သတိပေးနေသည်မှာ__
“ရေဒြပ်စင်ဝိညာဉ်လက်နက်က ချန်အိမ်တော်အတွက် အရမ်းအရေးကြီးတယ် ၊ ပြီးတော့ အခုလက်နက်က လျန်ကျိုးနယ်က အကြီးကျယ်ဆုံး ပန်းပဲပညာရှင်ကြီးရဲ့လက်ရာ...”
လျန်ကျိုးနယ်မှ အကြီးကျယ်ဆုံး ပန်းပဲပညာရှင်ကြီးဆိုသည်က လက်နက်ပစ္စည်းများတီထွင်ရာတွင် အလွန်နာမည်ကြီးသူ ဖြစ်သည်။
သူ့လက်မှထွက်လာသော ဒြပ်စင်ဝိညာဉ်လက်နက်များက လုံးဝသာမန်အဆင့်မဟုတ်ပေ။
ဤအခွင့်အရေးကို လက်လွှတ်လိုက်ပါက ချန်အိမ်တော်အနေဖြင့် ဤကဲ့သို့သော ရေဒြပ်စင်ဝိညာဉ်လက်နက် နောက်တစ်ခုကို မည်သည့်နေရာမှာမှ ထပ်မံရှာတွေ့တော့မည် မဟုတ်ပေ။
နောက်ဆုံးတော့ ချန်ရှီးမှာ သွေးအန်ချင်စိတ်ကို အောင့်အည်းသည်းခံရင်း ဒေါသကိုထိန်းကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ကျုပ် ပစ္စည်းချင်းလဲမယ်...”
ချန်ရှီး၏အသံ ထွက်ပေါ်လာသည်နှင့် လေလံခန်းမတစ်ခုလုံး ဆူညံသံများ ပေါက်ကွဲထွက်သွားတော့သည်။
ဤမျှထင်ရှားသည့် ပစ္စည်းလဲလှယ်မှုကိုကြည့်ခြင်းအားဖြင့် နောက်ကွယ်တွင် မည်သည့်အင်အားစုနှစ်ခုယှဉ်ပြိုင်နေကြောင်း လူတိုင်းရိပ်မိပြီးသားပင်။
ချန်ရှီးက “ပစ္စည်းချင်းလဲမယ်” ဟု ပြောလိုက်သည်နှင့် အရှုံးကိုဝန်ခံလိုက်ပြီးသားဖြစ်သွားကြောင်း လူတိုင်းနားလည်သွားတော့သည်။
သို့သော် အရှုံးပေးရန်ကလွဲပြီး ချန်ရှီးအတွက် နည်းလမ်းမကျန်တော့ပေ။
ရေဒြပ်စင်ဝိညာဉ်လက်နက်ဆိုသည်မှာ သူ လုံးဝငြင်းပယ်၍မရနိုင်သည့် အရာဖြစ်သည်။
ပြီးတော့ ထိုရတနာပစ္စည်းကလည်း အမှန်တကယ်ပင် ခုန်အိမ်တော်လက်ထဲ ရှိနေခဲ့သည် မဟုတ်ပါလား။
ချန်ရှီးမှ မရှုံးလျှင် မည်သူရှုံးပါမည်နည်း။ သူ မရှုံးဘူးဆိုလျှင်မှ ထူးဆန်းနေပေဦးမည်။
ဤလေလံပွဲပြီးဆုံးသွားလျှင်တော့ ချန်အိမ်တော်အနေဖြင့် ခုန်အိမ်တော်ရှေ့တွင် နှစ်ဝက်ခန့် ခေါင်းထောင်နိုင်တော့မည် မဟုတ်ပေ။
လေလံခန်းမထဲတွင်တော့ ယခုတစ်ကြိမ် ခုန်အိမ်တော် မည်မျှဆုံးရှုံးသွားကြောင်း ၊ မည်မျှအရှက်ကွဲသွားကြောင်း စုပ်တသပ်သပ်ဖြင့် ပြောဆိုနေကြတော့သည်။
ထိုစကားသံများက ချန်ရှီးနားထဲဝင်ရောက်လာပြီး အလွန်ပင် ညှင်းပမ်းနှိပ်စက်လျှက် ရှိတော့သည်။
ဤလောကတွင် ဘေးဒုက္ခရောက်နေသူကို ကူညီလိုသူ ရှားပါးလှသည်။ သို့သော် လဲကျသူကိုတော့ နင်းကန်ချင်သူများဖြင့် ပြည့်ကျပ်နေတတ်ပေသည်။
ချန်ရှီးမှာ လေလံခန်းမထဲ ဆက်မနေလိုတော့ဘဲ ချက်ချင်းပင် သီးသန့်အခန်းနှင့် ပင်မအဆောက်အဦချိတ်ဆက်ထားသည့်လမ်းကြောင်းမှ ထွက်ခွာသွားကာ အရောင်းအဝယ်ကိစ္စပြီးဆုံးသည်နှင့် အိမ်သို့တန်းပြန်သွားတော့သည်။
သို့သော် အရောင်းအဝယ်ပြီးဆုံးချိန်တွင်ပင် ချန်ရှီးမှာ မျက်နှာပျက်ရဆဲ ဖြစ်သည်။
ခေါင်းနှစ်လုံးမိကျောင်းအမြုတေနှင့် အဂ္ဂိရတ်ပညာကျမ်းကို လဲလှယ်ပေးရခြင်းက အဆင်ပြေသေး၏။ သို့ပေသိ ရွှေဒင်္ဂါးတစ်သိန်းကိုတော့ ချက်ချင်းထုတ်ပေးနိုင်ခြင်း မရှိခဲ့ပေ။
နောက်ဆုံး ကုန်သွယ်ရေးအသင်းချုပ်မှ အာမခံပေးကာ ခုန်အိမ်တော်အား (၁၀)ရက်အတွင်း ရွှေဒင်္ဂါးတစ်သိန်း ပေးဆပ်ပါမည်ကတိပြုပြီးမှ အရောင်းအဝယ်ကိစ္စ ပြီးဆုံးသွားတော့သည်။
ချန်ရှီး လေလံခန်းမမှ ထွက်ခွာသွားချိန် အလင်းဖောက်ဓားမြောင်အား သူ့အင်္ကျီရင်ဘတ်ထဲထည့်လျှက် သိုဝှက်စွာ ယူဆောင်သွားသည်။
အဝတ်အစားအထပ်ထပ်ကြားမှပင် ချန်ရှီးက အလင်းဖောက်ဓားမြောင်ကို ထိတွေ့ကိုင်တွင်ရင်း ဝိညာဉ်လက်နက်၏ ထူးခြားသော ဒြပ်စင်စွမ်းအားလှိုင်းကို အာရုံခံစားမိသည်။
သူ အံတင်းတင်းကြိတ်ရင်း စိတ်ထဲက မကျေမချမ်း ရေရွတ်လိုက်သည်။
“ခုန်မျိုးနွယ်တွေ... ခုန်မျိုးနွယ်တွေ”
“ဒီနေ့ ဒီလူအိုကြီးကြုံတွေ့ခဲ့ရတဲ့ အရှက်ကွဲမှုတွေအားလုံးအတွက် တစ်နေ့မှာ သေချာပေါက် ပြန်ပေးဆပ်စေရမယ်”
သို့သော် ချန်ရှီးဆုတောင်း ပြည့်ပါမည်လားဆိုသည်က စဉ်းစားစရာဖြစ်သည်။
သူ၏ရန်သူက ခုန်ကျွင်းလည်းမဟုတ် ၊ ခုန်ကျောင်းလည်းမဟုတ်။
လူတိုင်းထက် ဉာဏ်ရည်ဉာဏ်သွေးသာလွန်သည့် အိပ်ပျော်နေသောနဂါး “ကျူးကဲလျန့်’ ဖြစ်နေသည် မဟုတ်ပါလား။
ချန်ရှီး အရှက်ရစွာ ကုတ်ချောင်းချောင်းပုံစံဖြင့် လေလံခန်းမမှ ထွက်ခွာသွားသည်ကို သတင်းပေးသူက ချက်ချင်းပင် ခုန်အိမ်တော်မှ သားအဖများဆီသို့ လာရောက်သတင်းပို့သည်။
ထို့နောက် အစေခံများရောက်လာပြီး အဂ္ဂိရတ်ပညာကျမ်း ၊ ရေဒြပ်စင်အမြုတေါများကို လာရောက်ပို့ဆောင်ပေးသည်။
နေမီးလျှံမီးပြင်းဖိုအတွက် ရွှေဒင်္ဂါးတစ်သိန်းကိုတော့ ချန်ရှီးကိုယ်စား ကုန်သွယ်ရေးအသင်းချုပ်က အာမခံကာ ညှိနှိုင်းပေးလိုက်လေသည်။
ယခုဆိုလျှင် ခုန်အိမ်တော်မှာ ရွှေဒင်္ဂါးတစ်ပြားမှမကုန်ဘဲ လေလံပွဲမှ ရတနာသုံးမျိုး လက်ထဲသို့ ရောက်ရှိလာခဲ့ပေပြီ။
ခုန်အိမ်တော်က ပေးလိုက်ရသည်ဆို၍ အလင်းဖောက်ဓားမြောင်သာလျှင် ဖြစ်သည်။ ထိုဓားမှာလည်း ဖူစန်းကိုသတ်ပြီး ရရှိထားသောပစ္စည်း ဖြစ်သည်။
တွက်ချက်ကြည့်မည်ဆိုလျှင် ခုန်အိမ်တော်က ချန်အိမ်တော်ထက် အဆမတန် အကျိုးအမြတ်များစွာ ရရှိခဲ့သည်ပင်။
ချန်အိမ်တော်နှင့် ခုန်အိမ်တော်က နှစ်ပေါင်းတစ်ရာကျော်ကြာ ပဋိပက္ခရှိခဲ့ကြသော်လည်း ချန်အိမ်တော်အနေဖြင့် ဤမျှကြီးမားသောဆုံးရှုံးမှုမျိုး တစ်ခါမှ ကြုံတွေ့ခဲ့ဖူးခြင်း မရှိပေ။
လက်ရှိတွင် ချန်အိမ်တော် အရှုံးကြီးရှုံးနေရသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ ခုန်အိမ်တော်မှ လူတစ်ယောက်ကြောင့်သာဖြစ်သည်။
ထိုသူက “ခုန်မင်” ပင် ဖြစ်လေသည်။
ခုန်မင်ရှိနေခြင်းက ခုန်အိမ်တော်အတွက် ကံကောင်းခြင်းဖြစ်သလို ချန်အိမ်တော်အတွက်တော့ အကြီးကျယ်ဆုံး ဘေးဒုက္ခ ဖြစ်သည်။
ချန်ရှီးက ခုန်အိမ်တော်ကို အလွန်တရာမုန်းတီးနေသော်လည်း လက်ရှိကိစ္စကိုတော့ သည်းခံရန်ဆုံးဖြတ်ထားသည်။ မဟုတ်ပါက သူ့အနေဖြင့် ဆုံးရှုံးမှုများဖြင့် ပို၍ရင်ဆိုင်ရနိုင်သည်။
သို့ပေသိ အနာဂတ်တွင် ခုန်အိမ်တော်နှင့် ချန်အိမ်တော်၏ အင်အားကွာဟချက်က ပိုပြီးထင်ရှားလာသည့်အခါ ခုန်အိမ်တော်ကို ဆန့်ကျင်ခဲ့ခြင်းက မည်မျှမိုက်မဲခဲ့ကြောင်း ချန်ရှီးတစ်ယောက် နားလည်လာပေလိမ့်မည်။
ခုန်မင်ပြောခဲ့သလိုပင် အင်အားကွာဟချက် အလွန်ကြီးမားလာသည့်အခါ မည်သည့်ရည်မှန်းချက်မဆို လေထဲတွင် ပျောက်ကွယ်သွားတတ်သည်သာ။
ပြီးတော့ ထိုသို့သောအချိန်ရောက်လာရန် သိပ်မကြာတော့ပေ။
ယခုဆိုလျှင် လေလံပွဲမှ အကျိုးအမြတ်များစွာ ရရှိသွားပြီဖြစ်ရာ ခုန်အိမ်တော်အနေဖြင့် ကျေနပ်သွားသင့်ပြီဟု ဆိုနိုင်သည်။
သို့သော် ခုန်မင်ကတော့ ပစ္စည်းလဲလှယ်ခြင်းများကို ဆက်လက်အာရုံစိုက်နေဆဲပင်။
ဤသို့သောအခြေအနေတွင် “နတ်မျက်စိဖြင့်သုံးသပ်ခြင်း” စွမ်းအားကို အသုံးပြုပြီး ရတနာပစ္စည်းရှာဖွေရခြင်းက လမ်းဘေးဆိုင်များတွင် လျှောက်ရှာရသည်ထက် အဆပေါင်းများစွာ ပိုမိုသေချာသည် မဟုတ်ပါလား။
ကုန်ပစ္စည်းလဲလှယ်သည့်အစီအစဉ်တွင် ပါဝင်လာသည့်ပစ္စည်းများမှာ နှစ်မျိုးသာလျှင် ရှိသည်။
ပထမတစ်မျိုးမှာ ထူးခြားလွန်းသဖြင့် အသုံးချနိုင်သူ အလွန်နည်းပါးသည့်အတွက် သာမန်အရောင်းအဝယ်လမ်းကြောင်းဖြင့် မရောင်းချနိုင်သည့်ပစ္စည်းမျိုး။
ဒုတိယတစ်မျိုးမှာ ထူးဆန်းရှားပါးပြီး တန်ဖိုးအတိအကျ မဆုံးဖြတ်နိုင်သဖြင့် ကံစမ်းသလို လဲလှယ်မှုပြုလုပ်ရသည့် ပစ္စည်းမျိုး ဖြစ်သည်။
အကယ်၍ ရတနာပစ္စည်းတစ်ခုက နာမည်ကြီးပြီး တန်ဖိုးလည်းရှင်းလင်းသည်ဆိုပါက လေလံပွဲသို့ တန်းတက်သွားမည် ဖြစ်သည်။
အဘယ့်ကြောင့် ရှုပ်ထွေးစွာဖြင့် ပစ္စည်းချင်းလဲလှယ်နေရပါဦးမည်နည်း။
ထို့ကြောင့် ကုန်ပစ္စည်းလဲလှယ်သည့်အစီအစဉ်တွင် တကယ်တမ်း အရောင်းအဝယ်ဖြစ်သည့်ကိစ္စမျိုးက အလွန်နည်းပါးပြီး လူအများစုမှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်သွားကြရသည်က များလေသည်။