← Chapters

ထူးဆန်းသောအဘိုးအို

Vol. 5 Ch. 61

ထူးဆန်းသောအဘိုးအို

Vol. 5 Ch. 61

ထိုခဏတွင် ပတ်ဝန်းကျင်တွင်ရှိနေသူများအားလုံးက ခုန်အိမ်တော်မှ ဒုတိယသခင်လေး’ခုန်မင်’ ကို မှတ်မိသွားကြသည်။

သူတို့က ခုန်သခင်လေးက ပိန်လှီသောအဘိုးအိုကို လှောင်ပြောင်နေသည်ဟု ထင်ကြသဖြင့် ဘေးနားမှ တက်ကြွစွာ အော်ဟစ်ပြောဆိုကြတော့သည်။

“ဟုတ်တယ်... ခွဲခြားဆက်ဆံတာလား ၊ စောစောကပြောတော့ စျေးအမြင့်ဆုံးပေးနိုင်တဲ့သူ ရမယ်ဆို ၊ ခုန်သခင်လေးသာ မဟုတ်ရင် ကျုပ်တို့ထဲမှာ ဘယ်သူမှ ခင်ဗျားရဲ့မြေပုံအစုတ်ကို ငွေဒင်္ဂါးနှစ်ဆယ် ပေးမှာမဟုတ်ဘူး”

“အဘိုးကြီး... ၊ ခင်ဗျား မျက်စိမပါဘူးလား ၊ ခင်ဗျားဘေးမှာရပ်နေတဲ့သူက နာမည်ကြီး ခုန်အိမ်‌တော်ရဲ့ ဒုတိယသခင်လေးပဲ ၊ သူက ခင်ဗျားကို လိမ်မှာတဲ့လား”

“အဘိုးကြီး... ခုန်အိမ်တော်ရဲ့ ဒုတိယသခင်လေးက ခင်ဗျားရဲ့ပစ္စည်းကိုလာဝယ်တာ ခင်ဗျားကို နတ်ဘုရားတွေ စောင်မလို့ပဲဖြစ်မယ် ၊ ဘာကိုတုံ့ဆိုင်းနေတာလဲ... ငွေဒင်္ဂါးနှစ်ဆယ်တောင်ရမှာ... အမြန်ရောင်းလိုက်တော့”

“ဟုတ်တယ်... သတိပေးလိုက်မယ်နော် အဘိုးကြီး... စောစောက ခင်ဗျားပဲ စျေးအမြင့်ဆုံးပေးတဲ့သူကိုရောင်းမယ်လို့ အော်ထားတာလေ ၊ အခု အားလုံးထဲမှာ စျေးအမြင့်ဆုံးပေးတဲ့သူဆိုလို့ ဒုတိယသခင်လေးပဲရှိတယ် ၊ ဒီပစ္စည်းလဲတဲ့ကိစ္စပြီးသွားပြီ ၊ နောက်ပြန်ဆုတ်လို့မရတော့ဘူး ၊ နောက်ပြန်ဆုန်ရင် လေလံပွဲရဲ့စည်းကမ်း ချိုးဖောက်ရာကျမယ်နော်”

ပတ်ဝန်းကျင်မှဆူညံသံများကြောင့် အဘိုးအိုမှာ ငိုချင်သည့်တိုင် မျက်ရည်ပင် ထွက်မလာတော့ပေ။

နောက်ဆုံး အဘိုးအိုက တုန်ယင်သောလက်တစ်ဖက်အား ခုန်မင်ရှိရာသို့ ဆန့်တန်းလိုက်ရင်း သနားစဖွယ်မျက်နှာအမူအရာဖြင့် စကားဆိုလိုက်သည်။

“ကောင်းပြီ၊ ဒါဆိုလည်း ငွေဒင်္ဂါးနှစ်ဆယ်ပေါ့ ၊ ဒီအဘိုးကြီးက ရှစ်ဘဝစာလောက် ကံဆိုးနေတာဖြစ်ရမယ် ၊ လေလံပွဲမှာ ပိုက်ဆံလေးများ မျိုးမျိုးမြတ်မြတ်ရမလားမှတ်ပါတယ် ၊ ဒီနေ့တော့ ငါ့ရှိသမျှ ဆုံးရှုံးသွားတာ တစ်ပြားတောင် မကျန်တော့ဘူး”

စကားဆိုရင်းဖြင့်ပင် အဘိုးအိုက ခေါင်းခါယမ်းရင်း တညည်းညည်းတညူညူ လုပ်နေတော့သည်။

ခုန်မင်က အနည်းငယ်ပြုံးလိုက်ပြီး အဘိုးအိုကို ငွေဒင်္ဂါး(၂၀)နှင့်ညီမျှသော ငွေလက်မျတ်တစ်စောင် လှမ်းပေးလိုက်သည်။

“တခါတလေတော့ အရှုံးထဲကအမြတ် ၊ အဆိုးထဲကအကောင်းဆိုတာ ရှိလာတတ်ပါတယ် ၊ တခါတလေ အနိုင်ရတာကမှ ပိုကြီးတဲ့ဆုံးရှုံးမှု ဖြစ်သွားနိုင်သေးတယ် ၊ ဒီလောကမှာ ဘာမှ သေချာတာမရှိဘူး ၊ ဒီတော့ ဘယ်သူကရှုံးတယ် ဘယ်သူကမြတ်တယ်ဆိုတာ ပြောဖို့ခက်ပါတယ်”

အဘိုးအိုက ခုန်မင်လက်ထဲမှ ငွေလက်မှတ်ကိုလှမ်းယူလိုက်ပြီး လူငယ်ကို အဓိပ္ပါယ်ရှိစွာ အကြာကြီး စူးစိုက်ကြည့်နေခဲ့သည်။

ပြီးမှ သက်ပြင်းချလိုက်ပြီး လေလံခန်းမဆောင်အတွင်းမှ လေးကန်သောခြေလှမ်းများဖြင့် ထွက်ခွာသွားတော့၏။

ပတ်ဝန်းကျင်မှလူများကတော့ ပိန်လှီသောအဘိုးအိုအား ဟာသတစ်ခုပမာ ဟားတိုက်လှောင်ရယ်လိုက်ကြလေသည်။

ခုန်အိမ်‌တော်မှ ဒုတိယသခင်လေးက တကယ့်ကို စိတ်ထားကောင်းသည်ပင်။

ဘာမဟုတ်သည့်အဘိုးကြီးတစ်ယောက်ကို အရှက်ခွဲလှောင်ပြောင်ရန်အတွက် ငွေဒင်္ဂါး(၂၀)ကို လွယ်လွယ်ပင် ပစ်ပေးလိုက်သည် မဟုတ်ပါလား။

ခုန်ဒုတိယသခင်လေးက ဤမျှ ဟာသဉာဏ်ရှိမည်ဟု မည်သူတွေးမိပါမည်နည်း။

သို့သော် ကိစ္စတစ်ခုကို အပေါ်ယံသာသိမြင်သောလူအုပ်ကြီးက ခုန်မင်နှင့် အဘိုးအိုကြား တကယ်တမ်းဖြစ်ပျက်ခဲ့သည့် ဇာတ်လမ်းများကို သိရှိခဲ့ကြခြင်း မရှိပေ။

လူတိုင်းက အဘိုးအိုကို လှောင်ရယ်နေကြသည့်တိုင်... အဘိုးအိုသည်လည်း လူအုပ်ကြီးကို တိတ်ဆိတ်စွာ ပြန်လည်လှောင်ရယ်နေမည် ဖြစ်သည်။

သို့ပေသိ...

လေလံခန်းမထဲတွင် အဘိုးအို၏ ထူးဆန်းမှုကို သတိထားမိသူတစ်ယောက် ရှိလေသည်။

ထိုသူက “မေလင်” ပင် ဖြစ်၏။

မေလင်က အလွန်လူရည်လည်ပြီး ထူးချွန်သည့် စီးပွားရေးသမားတစ်‌ယောက် ဖြစ်သည်။

သူမက လေလံပွဲတက်ရောက်ရန် လူအယောက်(၃၀၀) ဖိတ်ကြားခဲ့သည်။ သူမအနေဖြင့် ထိုသူများကို လူနှင့်နာမည်တွဲပြီး အမှတ်မိသည့်တိုင် အားလုံးကို မျက်မှန်းတန်းမိသည်ကတော့ အမှန်ပင်။

သေချာသည်ကတော့...

သူမဖိတ်ကြားခဲ့သူများထဲတွင် ထို ပိန်လှီသောအဘိုးအို ပါဝင်ခြင်း မရှိခဲ့ပေ။

ခွန်းကာမြို့ ကုန်သွယ်ရေးအသင်းချုပ်က ဤမျှကြီးကျယ်သော လေလံပွဲကို ကျင်းပသည်ဆိုကတည်းက လုံခြုံရေးစနစ် ဟာကွက်မရှိအောင် တင်းကျပ်ထားပြီးသား ဖြစ်သည်။

အပြင်လူတစ်ယောက်က လုံးဝ သတိမထားမိအောင် ခိုးဝင်နိုင်မည်ဟု မေလင် လုံးဝ ထင်မှတ်မထားခဲ့ပေ။

ထို့ပြင် ပိန်လှီသောအဘိုးထံမှ ဒြပ်စင်စွမ်းအားအတက်အကျကိုလည်း သူမ အာရုံခံမိခြင်း မရှိပေ။

ဤအဘိုးကြီးက အသက်ရှူသံကိုပင်ဖုံးကွယ်ထားနိုင်သည့် လျှို့ဝှက်တန်ခိုးစွမ်းအားရှင်ကြီးတစ်ယောက်များလား...။

သို့မဟုတ် လေလံပွဲတက်ရောက်သူများထဲမှ တစ်ယောက်ယောက်၏အဖော်အဖြစ် လိုက်ပါလာသူလား...။

ထို့ပြင် အခြေအနေကြည့်ရသလောက် အဘိုးကြီးနှင့် ခုန်ဒုတိယသခင်လေးတို့ကြားတွင် တစ်နည်းနည်းဖြင့် ပတ်သက်မှုရှိနေသည်မှာ ထင်ရှားလွန်းသည်။

မည်သို့ပင်ဖြစ်စေ အဘိုးအိုကြောင့် လေလံပွဲတွင် မည်သည့်ပြဿနာမှ မဖြစ်ခဲ့သဖြင့် ဤကိစ္စ နောက်ကြောင်းဆက်မလိုက်ရန် မေလင် ဆုံးဖြတ်လိုက်သည်။

စီးပွားရေးသမားတစ်‌ယောက်အတွက် အကျိုးအမြတ်မရှိသည့်အရာများကို မကြည့်သည်က အကောင်းဆုံး ဖြစ်၏။

ထို့ကြောင့်ပင် မေလင်က ပိန်လှီသောအဘိုးအိုအကြောင်းကို ခေါင်းထဲမှ ဖယ်ထုတ်လိုက်တော့သည်။

လက်ရှိတွင် သူမ စိတ်ဝင်စားသည်က ကုန်သွယ်ရေးအသင်းချုပ်အတွက် လေလံပွဲမှရှိသည့်အကျိုးအမြတ်သာ ဖြစ်သည်။

နောက်ဆုံးမှာတော့ ခွန်းကာမြို့ နှစ်စဉ်လေလံပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားခဲ့လေသည်။

ကုန်သွယ်ရေးအသင်းချုပ်က ရေတံခွန်မှရေများစီးကျသည့်ပမာ ပိုက်ဆံများစွာရရှိခဲ့ပြီး ခုန်အိမ်တော်ကတော့ လေလံပွဲတွင် အကြီးကျယ်ဆုံး အောင်နိုင်သူအဖြစ် ထင်ရှားပေါ်လွင်သွားခဲ့သည်။

***

ခုန်သခင်ကြီးနှင့် သားနှစ်ယောက် ၊ မော့ယွဲ့နှင့် ချင်တယ်တို့အားလုံး လေလံခန်းမထဲမှ အတူတကွ ထွက်ခွာလာကြသည်။

သူတို့အားလုံးမျက်နှာထက်တွင်တော့ အောင်မြင်မှုအတွက် အပြုံးများဆင်မြန်းထားကြသည်ပင်။

ခုန်အိမ်တော်အနေဖြင့် လေလံပွဲမှ အဖိုးတန်ပစ္စည်းများစွာ ရရှိခဲ့သည့်အပြင် ငွေကြေးလည်း ဆုံးရှုံးခြင်းမရှိခဲ့ပေ။ ထို့ပြင် ရန်သူဖြစ်သော ချန်ရှီးကိုလည်း နှိပ်ကွပ်နိုင်ခဲ့သည်ဖြစ်ရာ မည်သူက မပျော်ရွှင်ဘဲ နေပါမည်နည်း။

သို့သော် ခုန်မင်တို့အုပ်စု လေလံခန်းမအပြင်ဘက်သို့ လှမ်းထွက်လိုက်သည်နှင့် ပိန်ပိန်ပါးပါး ပုံရိပ်တစ်ခုက သူတို့ကို လမ်းပိတ်ရပ်လိုက်လေသည်။

အခြားသူမဟုတ် ၊ လူထူးလူဆန်း ပိန်လှီသည့်အဘိုးအိုပင် ဖြစ်သည်။

သူ ခုန်မင်ကို မတားဆီး၍ မဖြစ်ပေ။

သူ့ရင်ထဲတွင် အဖြေသိချင်လွန်းသဖြင့် မေးခွန်းတစ်ခုက တောက်လောင်နေသည် မဟုတ်လား။

“ခုန်သခင်လေး...”

အဘိုအိုက ခေါ်လိုက်သည်။

“ဒီအဘိုးကြီး ဒီလိုတားဆီးရတာကို စိတ်မရှိပါနဲ့ ၊ ငါ တကယ်ပဲ သိချင်စိတ်ကို ထိန်းမရလို့ပါ ၊ အဲဒီလက်စွပ်က... တကယ်ပဲ တိုရီယာလက်စွပ်လား ၊ ဒီ သေခါနီးအဘိုးကြီးကို သနားသောအားဖြင့် အမှန်အတိုင်း ပြောစမ်းပါ”

ခုန်မင် အနည်းငယ်ပြုံးလိုက်ပြီး လက်တစ်ဖက်ကို ပင့်မြှောက်လိုက်သည်။

ထို့နောက် ဝိညာဉ်စွမ်းအားအသုံးပြုလိုက်ရာ သိုလှောင်လက်စွပ်ထဲမှ “ရတနာမြေပုံ” က သူ၏လက်ဖဝါးထက် မှော်ဆန်စွာဖြင့် ဘွားကနဲ ထွက်ပေါ်လာသည်။

ခဏနေမှ ထိုမြေပုံက လက်ဖဝါးထက်မှ အလိုအလျောက် ပျောက်ကွယ်သွားသည်။

ခုန်မင်က ထိုသို့ပင် တစ်ဆက်တည်း ပစ္စည်း(၃)မျိုးဖြင့် (၃)ကြိမ်တိတိ မျက်လှည့်ပြသည့်ပမာ လုပ်ဆောင်ပြလိုက်လေသည်။

အဘိုးအိုက ခုန်မင်လုပ်သမျှကို မျက်တောင်တစ်ချက်မခတ် စူးစိုက်ကြည့်နေသည်။

ထို့နောက် အတန်ကြာတိတ်ဆိတ်နေပြီးမှ သက်ပြင်းတစ်ချက်ချရင်း ခေါင်းခါယမ်းလိုက်၏။

“တကယ် တိုရီယာလက်စွပ်ပဲကိုး... ဒီမိုက်မဲတဲ့အဘိုးကြီးက ဘာလို့ အစောကြီးကတည်းက မမြင်နိုင်ခဲ့ရတာလဲ ၊ ဒီမျက်လုံးတွေက ကန်းနေတာပဲ ဖြစ်ရမယ် ၊ ဒီလောက်အဖိုးတန်တဲ့ ရတနာပစ္စည်း မျက်လုံးအောက်ရှိနေတာတောင် လက်လွှတ်လိုက်ရတယ်လို့ကွာ... ရယ်စရာတွေ ဖြစ်ကုန်ပါပြီ”

ခေါင်းတခါခါ လည်တခါခါနှင့်လုပ်နေပြီးမှ အဘိုးအိုက ခုန်မင်ကို စူးစိုက်ကြည့်လိုက်ပြီး...

“ဒုတိယသခင််လေးပြောတာ မမှားဘူး ၊ ဘယ်သူကရှုံးတယ် ဘယ်သူကမြတ်တယ်ဆိုတာ ပြောဖို့ခက်ပါတယ် ၊ ဒါပေမဲ့ တစ်ယောက်ဆုံးရှုံးသွားရင် တစ်ယောက်က အကျိုးအမြတ်ရသွားတာပဲ မဟုတ်လား”

ထို့နောက် အဘိုးအိုက တစ်ချက်ပြုံးလိုက်သည်။

ထိုအပြုံးထဲတွင် မျှော်လင့်ချက်တစ်ခု ပါဝင်နေလေသည်။

“ဒီအဘိုးကြီးကိုသနားစိတ်ဝင်မိရင် တခါတလေ ငါ့ဆီလာလည်လို့ရပါတယ် ၊ ငါ့နာမည်က ယူဂျီးန်ပါ ၊ တောရိုင်းဒေသတောနက်ထဲက လေမိုးကြိုးတောင်ကုန်းမှာ နေပါတယ် ၊ အဲဒီနေရာက ရှာလို့တော့ သိပ်မလွယ်ဘူး... အား... ကံမကုန်ရင် ပြန်ဆုံမှာပေါ့ကွာ... ဘယ်သူသိနိုင်မှာလဲ ဟုတ်တယ်မလား”

ပြောပြီးသည်နှင့် အဘိုးအိုက ခါးကိုကိုင်း ခေါင်းကိုငုံ့လျှက် ရယ်စရာပုံစံဖြင့် လှည့်ထွက်သွားတော့သည်။

သို့သော် ခုန်မင်ကတော့ အတွေးနက်နဲစွာ တည်ကြည်သည့်မျက်နှာထားဖြင့် သူ့ကိုစူးစိုက်ကြည့်နေလေသည်။

ဤအဘိုးအိုက သာမန်မဟုတ်သည်မှာ သေချာသည်။

သူ့ပုံစံက လေတိုက်လျှင်ပင်လဲမလိုဖြစ်နေသည့်တိုင် ခုန်မင်ကတော့ သူ့ကို တစ်ချက်ပင် အထင်သေးခြင်း မဖြစ်မိပေ။

သူက အဘိုးအို၏မျက်နှာနှင့် အသွင်သဏ္ဌန်ကို စိတ်ထဲစွဲနေအောင် မှတ်သားလိုက်သည်။

တစ်နေ့နေ့တွင် သူတို့နှစ်ယောက် သေချာပေါက် ပြန်ဆုံကြည်မည်ဟု မသိစိတ်က နားလည်နေခဲ့လေသည်။

All Chapters