← Chapters

ကျန့်ယွမ်ဆေးလုံး

Vol. 5 Ch. 63

ကျန့်ယွမ်ဆေးလုံး

Vol. 5 Ch. 63

ခုန်မင်က မိုးကောင်းကင်မှပေးအပ်ထားသော ဉာဏ်ရည်ဉာဏ်သွေးဖြင့် ချက်ချင်းပင် အဂ္ဂိရတ်ပညာကျမ်းကို နားလည်သဘောပေါက်သွားသည်။

အဂ္ဂိရတ်ပညာကျမ်းမှ အချက်အလက်များ သူ့စိတ်အာရုံထဲ စတင်ဝင်ရောက်လာချိန်မှာပင် သူက အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်လာရန် ခြေလှမ်းပြီးသား ဖြစ်သွားတော့၏။

အဂ္ဂိရတ်ပညာရှင်ကြီး’ယောင်းရှစ်’ မှာလည်း အဂ္ဂိရတ်လမ်းစဉ်တွင် ကျော်ကြားသောဆရာတစ်ဆူအဖြစ် နာမည်ကြီးထိုက်ပေသည်။

သူချန်ထားခဲ့သော အဂ္ဂိရတ်ကျမ်းမှာ အခြေခံမှစပြီး တစ်ဆင့်ချင်း နားလည်အောင် အလွန်ရှင်းလင်း စနစ်ကျစွာ ရေးသားထားသည်။

ယခုမှ အဂ္ဂိရတ်ပညာကိုစတင်လေ့လာသော အသစ်စက်စက် ပညာသင်တစ်ယောက်အတွက် ကျောက်ဆောင်ပမာခိုင်မာသော ပညာရပ်အခြေခံကို လွယ်ကူစွာပင် တည်ဆောက်ပေးနိုင်သည်။

ခုန်မင်၏ အတွေ့အကြုံအရဆိုလျှင် ပန်းပဲပညာကျမ်းချန်ထားခဲ့သော ပန်းပဲပညာရှင်ဆရာကြီး၏ သင်ကြားပေးမှုက အကြမ်းဖျင်းဆန်ပြီး ကိုယ်တိုင်သင်ယူနိုင်စေရန် လွတ်လပ်စွာ လမ်းပြပေးသည်။

ပန်းပဲပညာ အခြေခံမူများကို ရှင်းလင်းသင်ပြပြီးနောက် ကျန်ရှိသည်များကို ပညာသင်၏ ကိုယ်ပိုင်ဉာဏ် ၊ လက်တွေ့လေ့ကျင့်မှုတို့ဖြင့် တစ်ဆင့်ချင်းတိုးတက်အောင် လုပ်ခိုင်းထားသည်။

ဆရာကြီး’ယောင်းရှစ်’ ၏ အဂ္ဂိရတ်ကျမ်းကတော့ အသေးစိတ် အတိအကျ စနစ်တကျ သင်ပြပေးထားသည်။

စာအုပ်ထဲမှ ညွှန်ကြားချက်များအတိုင်း အာရုံစိုက်လိုက်နာရုံဖြင့် လမ်းမှားသို့မရောက်စေဘဲ အဂ္ဂိရတ်လမ်းကို ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်ပေမည်။

ဆရာကြီးနှစ်ယောက်၏ သင်ကြားပုံကွဲပြားသည်မှာ ပညာရပ်နှစ်ခု၏ သဘောသဘာဝ မတူညီသောကြောင့် ဖြစ်၏။

ပန်းပဲပညာက တီထွင်ဖန်တီးမှုနှင့် ရဲရင့်သောဆန်းသစ်မှုကိုတောင်းဆိုပြီး အဂ္ဂိရတ်ပညာကတော့ အလွန်အမင်းတိကျမှုနှင့် တင်းကျပ်သောစည်းကမ်းများကို တောင်းဆိုသည်။

ဆရာနှစ်ယောက်က ပညာအမွေကို မတူညီသောနည်းလမ်းဖြင့် သင်ပြပေးခြင်းဖြစ်လေရာ မည်သည့်နည်းလမ်းက ပိုကောင်းသည်ဟု အငြင်းပွားရန် မဖြစ်နိုင်ပေ။

ပန်းပဲပညာကတော့ ပညာသင်အနေဖြင့် လက်တွေ့လုပ်ဆောင်ရင်း တဖြည်းဖြည်း ဉာဏ်အလင်းပွင့်ကာ သိမြင်လာနိုင်သည်။

ပညာသင်က ထူးချွန်လျှင်ထူးချွန်သလောက် နယ်ပယ်အသစ်သို့ရောက်ရှိနိုင်ပြီး “ဆရာထက်တပည့်လက်စောင်းထက်” ဖြစ်သွားနိုင်သည်။

သို့သော် ကိုယ်တိုင်တွေးတော ၊ ကိုယ်တိုင်လေ့ကျင့် ၊ ကိုယ်တိုင်တီထွင်ဆန်းသစ်ရသော လမ်းကြောင်းဖြစ်လေရာ ပညာလမ်းတစ်လျှောက် အမှားများဖြင့် ပြည့်နက်နေတတ်သည်။

ထို့ကြောင့် ပန်းပဲပညာလမ်းစဉ် လျှောက်လှမ်းသူများမှာ တစ်သက်လုံး အစွမ်းကုန်ကြိုးစားသည့်တိုင် ဆရာဖြစ်သူ၏ ခြေဖျားပင် မမီသည်များလည်း ရှိကြသည်။

အဂ္ဂိရတ်ပညာကတော့ အလွန်စေ့စပ်သေချာစွာဖြင့် တစ်ဆင့်ချင်း လက်ထပ်သင်ကြားပေးရသော ပညာရပ် ဖြစ်သည်။

ထို့ကြောင့် အလွန်တရာ ညံ့ဖျင်းသူမဟုတ်ဘဲ ကြိုးစားအားထုတ်မှုရှိနေသရွေ့ ဆရာဖြစ်သူ၏အမွေကို အပြည့်အဝ ဆက်ခံနိုင်ပြီး ပညာသင်က ဆရာဖြစ်သူနှင့် တူညီသည့်အဆင့်သို့ ရောက်ရှိနိုင်ခြေ မြင့်မားသည်။

သို့သော် ထိုလမ်းစဉ်တွင် ဆရာကို ကျော်ဖြတ်တက်နိုင်သည့်တပည့်ဆိုသည်ကတော့ မရှိသလောက် ရှားပါးသည်။

ခုန်မင်က ထက်မြက်သောဉာဏ်ရည်ဖြင့် ပညာရပ်နှစ်ခုလုံးကို ကိုယ်တိုင်ကိုယ်ကျလေ့လာပြီးသည်နောက် ပညာရပ် အမွေဆက်ခံခြင်းနှင့်ပတ်သက်သည့် အားသာချက် အားနည်းချက်များကို ချက်ချင်းဆုပ်ကိုင်နိုင်ခဲ့သည်။

မည်သည့်နည်းလမ်းကမှ အကောင်းဆုံးမဟုတ်ပါလျှက် ထိုနည်းလမ်းနှစ်ခုမှ အားနည်းချက်များကို ဖြတ်ထုတ်ပြီး အားသာချက်များကို ပေါင်းစပ်လိုက်လျှင် မည်သို့ရှိမည်နည်း။

ထိုသို့ဆိုလျှင် ဆရာနှစ်ယောက်၏အမွေကို အပြည့်အဝရယူနိုင်ရုံသသာမက ဆရာများထက်ပင်သာသွားပေမည်။

အခြားသူများအတွက် ဤသို့သောအတွေးက အိပ်မက်မျှသာဖြစ်နိုင်သော်လည်း ခုန်မင့်အတွက်တော့ ကလေးကစားသလို လွယ်ကူလှသည်။

သူက ပြီးပြည့်စုံခြင်းမရှိသော ညီးမီးတောက်ဒြပ်စင်ကျင့်စဉ်ကို နဂါးကိုးကောင်မီးစွမ်းအားဖြင့်ပေါင်းစပ်ပြီး တစ်နေ့နှင့်တစ်ညအတွင်း ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် ကျင့်စဉ်ဖြစ်သော “မီးလျှံနဂါးကျင့်စဉ်” ကို ဖန်တီးခဲ့ဖူးသည် မဟုတ်လား။

အိပ်ပျော်နေသည့်နဂါးဟု နာမည်ကျော်ကြားသော စစ်‌ရေးဗျူဟာရှင်’ကျူးကဲလျန့်’ ကို သာမန်စံနှုန်းဖြင့် တိုင်းတာမရနိုင်ချေ။

အချိန်(၁)နာရီအတွင်းမှာပင် ခုန်မင်က အဂ္ဂိရတ်ပညာ အခြေခံအားလုံးကို အပြည့်အဝ ကျွမ်းကျင်သွားတော့သည်။

နောက်တစ်ဆင့်က ရိုးရှင်းပါသည်။ ကိုယ်တိုင် ဆေးလုံးသန့်စင်ရန် ဖြစ်၏။

အသစ်စက်စက် အဂ္ဂိရတ်ပညာသင်များအားလုံးနီးပါး ပထမဆုံး သန့်စင်သည့်ဆေးလုံးမှာ “စိတ်တည်ငြိမ်ဆေးလုံး” ဖြစ်သည်။

စိတ်တည်ငြိမ်ဆေးလုံးက အဆင့်နိမ့်ကျင့်ကြံသူများ အသုံးများသည့်ဆေးတစ်မျိုးဖြစ်သည်။

ဆေးတစ်လုံးသောက်သုံးရုံဖြင့် အလွန်စိတ်တည်ငြိမ်သွားပြီး အတွေးများမပျံ့လွင့်တော့ဘဲ ကျင့်ကြံရာတွင် များစွာထိရောက်မှုရှိလေသည်။

ထို့ကြောင့် ကျင့်ကြံခြင်းလောကတွင် အသုံးအများဆုံးဆေးတစ်မျိုးဟု ဆိုနိုင်သည်။ ပြီးတော့ စိတ်တည်ငြိမ်ဆေးလုံး သန့်စင်ရန်မှာလည်း အတော်လေးလွယ်ကူသည်။

စိတ်ငြိမ်မြက်နှင့် ဝိညာဉ်စူးစိုက်နံ့သာ နှစ်မျိုးသာလျှင်လိုအပ်ပြီး ထိုနှစ်မျိုးပေါင်းစပ်လိုက်ရုံသာပင်။

အဂ္ဂိရတ်ပညာကျမ်းတွင် အတိအကျ ဖော်ပြထားသည်မှာ -

အဆင့်ဆင့်ညွှန်ကြားချက်အတိုင်း အတိအကျလိုက်နာရုံမျှဖြင့် ပထမဆုံး ဆေးလုံးသန့်စင်သူပင်လျှင် အောင်မြင်နိုင်ခြေ (၃၀)ရာနှုန်းရှိသည်ဟု ဆိုသည်။

သို့သော် ခုန်မင်က စိတ်တည်ငြိမ်ဆေးလုံးကို လုံးဝစိတ်မဝင်စားပေ။

သူစိတ်ဝင်စားသည်က ပိုပြီးလက်တွေ့ကျ ၊ ပိုပြီးတန်ဖိုးရှိသော “ကျန့်ယွမ်ဆေးလုံး” ဖြစ်သည်။ ထိုဆေးက ဒြပ်စင်စွမ်းအားကို ပိုမိုတိုးပွားလာစေသော စွမ်းရည်ရှိသည်။

ကျန်းယွမ်ဆေးလုံးက အဂ္ဂိရတ်ဆရာကြီး’ယောင်းရှစ်’ ကိုယ်တိုင် တီထွင်ခဲ့သော ဆေးလုံးဖြစ်ပြီး အဂ္ဂိရတ်ကျမ်း၏ အခြေခံအဆင့်မှာပင် ထိုဆေးလုံးသန့်စင်နည်းကို မှတ်တမ်းတင်ထားခဲ့သည်။

ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်အောက် ကျင့်ကြံသူများအနေဖြင့် ထိုဆေးလုံးသောက်သုံးပါက ဒြပ်စင်စွမ်းအား စုပ်ယူကျင့်ကြံနှုန်းက အံ့သြဖွယ်ရာ အဆမတန် မြန်ဆန်လာစေနိုင်သည်။

ဤဆေးလုံးက အဆင့်နိမ့်ကျင့်ကြံသူများအတွက် စိတ်တည်ငြိမ်ဆေးလုံးထက် အဆမတန် တန်ဖိုးမြင့်မားလေသည်။

ထို့ကြောင့် အဆင့်နိမ့်ဆေးလုံးဖြစ်သည့်တိုင် ကျင့်ကြံသူများအတွက် တန်ဖိုးအရှိဆုံး ၊ အလိုအပ်ဆုံးဆေးလုံးအဖြစ် သတ်မှတ်ကြသည်။

ဆေးလုံးသန့်စင်ရန်အတွက် မူလသုံးပါးမြက် ၊ ကျောက်စိမ်းဝတ်ရည်ပန်း ၊ သွေးပြဒါးသစ်သီးနှင့် အဆင့်(၁) သို့မဟုတ် အဆင့်(၂)ရှိသော မှော်ဝင်သားရဲ ပုံဆောင်ခဲအမြုတေလိုအပ်လေသည်။

ဤ(၄)မျိုး ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်မှသာ ‘ကျန့်ယွမ်းဆေးလုံး’ ကို ဖော်စပ်နိုင်ပေမည်။

အချုပ်ဆိုရလျှင် အဆင့်နိမ့်ဆေးလုံးချင်းတူနေသည့်တိုင် ကျန့်ယွမ်းဆေးလုံးဖော်စပ်ရန်က စိတ်တည်ငြိမ်ဆေးလုံးဖော်စပ်ခြင်းနှင့် လုံးဝမတူညီဘဲ အလွန်ခက်ခဲလှသည်။

အဂ္ဂိရတ်ပညာကျမ်းတွင် ဖော်ပြထားသည်မှာ -

စိတ်တည်ငြိမ်ဆေးလုံးကို သန့်စင်ခြင်းက အခြေခံမျှသာဖြစ်ပြီး ကျန့်ယွမ်ဆေးလုံးကိုသန့်စင်နိုင်မှသာ အဂ္ဂိရတ်ပညာ၏ အခြေခံအဆင့်ကို အမှန်တကယ်ပြီးမြောက်အောင်မြင်သူဟု သတ်မှတ်နိုင်သည်ဟူ၏။

ကျန့်ယွမ်ဆေးလုံးကိုအောင်မြင်မှသာ အဂ္ဂိရတ်ပညာ ကနဦးအဆင့်ကိုအောင်မြင့်ပြီး ပိုမိုနက်နဲသော လေ့လာမှုများ ဆက်လက်ပြုလုပ်နိုင်ပေမည်။

ထျန်းယွမ်ကုန်းမြေတစ်ခုလုံးတွင် ပထမဆုံးအကြိမ် ဆေးလုံးဖော်စပ်ရာတွင် ‘ကျန့်ယွမ်ဆေးလုံး’ ကို ရွေးချယ်သည့် အဂ္ဂိရတ်ပညာသင်ဆို၍ ခုန်မင်တစ်ယောက်သာ ရှိပေလိမ့်မည်။

ပထမဆုံးအကြိမ် ဆေးလုံးသန့်စင်ရုံဖြင့် ‘ကျန့်ယွမ်ဆေးလုံး’ အောင်မြင်နိုင်ခဲ့လျှင် အခြားသူများအတွက် အံ့သြဖွယ်ရာဖြစ်သော်လည်း ခုန်မင်ကတော့ လုပ်ရိုးလုပ်စဉ်တစ်ခုလိုသာပင်။

သူက အမြဲတမ်း အံ့သြဖွယ်ရာများကိုသာဖန်တီးခဲ့သော ခေတ်တစ်ခေတ်၏ဇာတ်လိုက်ပဲ မဟုတ်ပါလား။

သူကလက်ချောင်းများကို အသာဖွဖွလှုပ်ရှားလိုက်ရုံဖြင့် မီးဒြပ်စင်စွမ်းအားစီးကြောင်းတစ်ခုက လက်ဖျားမှတစ်ဆင့် ဆေးပြင်းဖိုအဖုံးအား ထိမှန်သွားသည်။

“ချွမ်...”

ဆေးပြင်းဖိုအဖုံး လေထဲသို့မြောက်တက်သွားပြီး ဖိုဝမှ မျက်စိကျိန်းစေလောက်သည့် အနီရောင်အလင်းတန်းတစ်ခု တဟုန်ထိုးထွက်ပေါ်လာသည်။

ကနဦးအဆင့် ဆေးပြင်းဖိုတစ်လုံးပင်ဖြစ်လင့်ကစား ထိုမျှအံ့သြဖွယ်ကောင်းနေလေရာ ခုန်မင်စိတ်ထဲ ဝမ်းသာသွားမိ၏။

ထို့နောက် ခုန်မင်က အင်္ကျီလက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်ရာ လိုအပ်သည့်ပစ္စည်းများက လေထဲသို့မြင့်တက်လာပြီး ဆေးပြင်းဖိုအတွင်းသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်သွားတော့သည်။

မူလသုံးပါးမြက် ၊ ကျောက်စိမ်းဝတ်ရည်ပန်း ၊ သွေးပြဒါးသစ်သီးနှင့် ဦးချိုပါဝံပုလွေတစ်ကောင်၏ ပုံဆောင်ခဲအမြုတေတို့ ဖြစ်သည်။

ဦးချိုပါဝံပုလွေဆိုသည်က အဆင့်(၂) မှော်ဝင်သားရဲဖြစ်ပြီး မွေးရာပါ အင်အားကြီးမားလွန်းသည်။

၎င်း၏အမြုတေကိုအသုံးပြုပြီး ‘ကျန့်ယွမ်ဆေးလုံး’ သန့်စင်ပါက ထွက်ရှိလာသော ဆေးလုံးတိုင်းက အလွန်အဆင့်မြင့်မည်မှာ အမှန်ပင်။

ဤသည်မှာ ခုန်မင်၏ ပထမဆုံးအကြိမ် ဆေးလုံးသန့်စင်ခြင်းဖြစ်သော်လည်း အရည်အသွေးအရ တစ်စက်မျှ လျော့ကျမည် မဟုတ်ပေ။

ပစ္စည်း(၄)မျိုး ဖိုထဲရောက်သွားသည်နှင့် ဖိုအဖုံးက အလိုလိုပိတ်ကျသွားသည်။

ခုန်မင် လက်ချောင်းများကိုထပ်ပြီးလှုပ်ရှားလိုက်သည်နှင့် ဖိုအောက်တွင် မီးလျှံများ ဟုန်းကနဲ လောင်ကျွမ်းထွက်ပေါ်လာသည်။

တစ်ခဏအတွင်း ကျောက်ဂူတစ်ခုလုံး ပူလောင်လာလေသည်။

ခုန်မင်က ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကိုယှက်လိုက်ပြီး တည်ငြိမ်စွာပင် မီးဒြပ်စင်စွမ်းအားကို ဆက်တိုက်ထုတ်လွှတ်ထိန်းညှိပေးလိုက်သည်။

မီးဒြပ်စင်စွမ်းအားက ဆေးပြင်းဖိုထဲမှ ပစ္စည်း(၄)မျိုးအား ဝန်းရံသွားပြီး သန့်စင်ခြင်းလုပ်ငန်း စတင်လေသည်။ မီးလျှံက အညစ်အကြေးများကို ဖြည်းဖြည်းချင်းလောင်ကျွမ်းပစ်လိုက်ရာ ပစ္စည်းများက ပိုမိုသန့်စင်လာသည်။

ထို့နောက် အညစ်အကြေးများအားလုံး ရှင်းလင်းသွားပြီး ပါဝင်ပစ္စည်းတစ်ခုချင်းစီတိုင်း အရည်အသွေး နိုးထလာသည်။

ထိုအခါမှ တကယ့်စိန်ခေါ်မှုနှင့် ရင်ဆိုင်ရခြင်း ဖြစ်သည်။

သန့်စင်ထားသော ပစ္စည်း(၄)မျိုးကို ဆေးလုံးအဖြစ် ပေါင်းစည်းရမည့်အဆင့်သို့ ရောက်ရှိလာသည်။

ဆေးလုံးသန့်စင်ခြင်းက ပန်းပဲပြုလုပ်ခြင်းနှင့် အလွန်ဆင်တူသည်။

အစပိုင်း သန့်စင်သည့်အဆင့်က အထူးခက်ခဲခြင်း မရှိပေ။

ဒြပ်စင်စွမ်းအားအသုံးပြုနိုင်ပြီး ခံနိုင်ရည်ရှိနေသရွေ့ အများစုက အောင်မြင်နိုင်သည်။

တကယ့်အတားအဆီးမှာ ပေါင်းစည်းခြင်းအဆင့် ဖြစ်လေသည်။

All Chapters