← Chapters

ဆေးလုံးများကိုအောင်မြင်စွာသန့်စင်နိုင်ခဲ့ပြီ

Vol. 5 Ch. 64

ဆေးလုံးများကိုအောင်မြင်စွာသန့်စင်နိုင်ခဲ့ပြီ

Vol. 5 Ch. 64

ပေါင်းစည်းခြင်းအဆင့် အောင်မြင်ရန်အတွက် ဒြပ်စင်စွမ်းအား ထိန်းချုပ်နိုင်စွမ်းကို အဆုံးစွန်အထိ တွန်းပို့ရသည်။

ခဏမျှ စိတ်အာရုံလွင့်သွားလျှင် ၊ သို့မဟုတ် စွမ်းအားထိန်းချုပ်မှု အနည်းငယ် တိမ်းစောင်းသွားလျှင် လုပ်ထားသမျှ ပြာမှုန့်အဖြစ်ပြိုကျသွားမည်ဖြစ်ပြီး ဘာတန်ဖိုးမှ ရှိတော့မည် မဟုတ်ပေ။

သို့သော် ခုန်မင်က သစ်သား-မီး ဒြပ်စင် ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားသူဖြစ်သည်။

သူ့ကိုယ်တွင်း၌စီးဆင်းနေသည့် မီးဒြပ်စင်စွမ်းအားက လက်လှမ်းမမီနိုင်လောက်အောင် သန့်စင်ပြီး သူ၏ကျင့်ကြံခြင်းအဆင့်ကလည်း နှောင်းပိုင်း ဒြပ်စင်စွမ်းအားပညာရှင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့ဖြစ်ရာ သူ၏ စမှတ်က သာမန်အဂ္ဂိရတ်ပညာသင်များနှင့်ယှဉ်လျှင် မိုးနှင့်မြေပမာ ကွာခြားလွန်းသည်။

ခုန်မင်အတွက်တော့ ပါဝင်ပစ္စည်း(၄)မျိုးကို တပြိုင်တည်းသန့်စင်ရန်အတွက် ဒြပ်စင်စွမ်းအားကုန်ခမ်းမှုကို အရေးစိုက်စရာမလိုပေ။

ထို့ပြင် မီးဒြပ်စင်ဝိညာဉ်ခန္ဓာဖြင့် သန့်စင်ထားသော ပစ္စည်းများ၏တန်ဖိုးက သာမန်အဂ္ဂိရတ်ပညာရှင်များသန့်စင်ထားသ်ညထက် အဆမတန် သာလွန်ပေသည်။

ထို့ကြောင့် ပေါင်းစည်းခြင်းအဆင့်သည်လည်း ခုန်မင်အတွက် တကယ့်စိန်ခေါ်မှု မဟုတ်ခဲ့ပေ။

အကြောင်းမှာ သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာနှင့် မီးဒြပ်စင်ဝိညာည်ခန္ဓာပိုင်ဆိုင်ထားသူများက အဂ္ဂိရတ်ပညာတွင် မွေးရာပါ အရည်အချင်းအမြင့်မားဆုံးအဖြစ် သတ်မှတ်ခံထားရသည် မဟုတ်ပါလား။

ခုန်မင်က ဒြပ်စင်စွမ်းအားနှစ်မျိုးလုံးနှင့်သက်ဆိုင်သည့် သစ်သား-မီး ဒြပ်စင်ဝိညာဉ်ခန္ဓာပင် ရရှိထားသေးသည်။ သို့ဖြစ်ရာ အဂ္ဂိရတ်ပညာဆိုသည်က သူနှင့်ကွက်တိကျသော ပညာရပ်တစ်ခုပမာ လိုက်ဖက်လွန်းနေပေသည်။

သန့်စင်မှုပြီးဆုံးသွားသည်နှင့် ဆေးပြင်ဖိုထဲမှ ပစ္စည်း(၄)မျိုးက တောက်ပကြည်လင်သော အမှုန့်(၄)မျိုးအဖြစ် ပြောင်းလဲသွားကြသည်။

ဆေးပြင်းဖို၏ သွေးနီရောင်အတွင်းနံရံကို နောက်ခံထားလျှက် ကျောက်မျက်ရတနာများ ဖြန့်ကျဲထားသည့်ပမာ လက်ခနဲ လက်ခနဲ တောက်ပနေတော့၏။

ပထမဆုံးအကြိမ် သန့်စင်ရုံဖြင့် ဤမျှပြီးပြည့်စုံသွားသည်မှာ ခုန်မင် မည်မျှအရည်အချင်းရှိကြောင်း ပြသလိုက်ခြင်းသာပင်။

နောက်တစ်ဆင့်က ဆေးလုံးခဲခြင်းအဆင့် ဖြစ်၏။

ခုန်မင်က ဆေးပြင်းဖိုထဲသို့ မီးဒြပ်စင်စွမ်းအားကို တည်ငြိမ်စွာပင် ဆက်လက်ထည့်သွင်းနေပြီး သန့်စင်သော သစ်သားဒြပ်စင်စွမ်းအားကိုပါ ပေါင်းစပ်ထည့်သွင်းလိုက်သည်။

သစ်သားဒြပ်စင်စွမ်းအားက ပျော့ပြောင်းပြီး အသက်ဓာတ်စွမ်းအားအနှစ်သာရဖြင့် ပြည့်ဝလွန်းသည်။

သစ်သားဒြပ်စင်စွမ်းအား၏ တည်ငြိမ်သောအငွေ့အသက်က ပြင်းထန်စွာလောင်မြိုက်ခြင်းကို ချေဖျက်ပေးပြီး ပါဝင်ပစ္စည်း(၄)မျိုး ပေါင်းစပ်ခြင်းတွင် အချင်းချင်းငြင်းဆန်တွန်းကန်မှုမဖြစ်အောင် ကာကွယ်ပေးသည်။

ပါဝင်ပစ္စည်းအနှစ်သာရ(၄)မျိုး တစ်ချက်ပင် ကွဲလွဲခြင်းမရှိဘဲ ပြီးပြည့်စုံစွာ ရောယှက်သွားသည်နှင့် မီးဒြပ်စင်စွမ်းအားက တဖန်ပြန်လည်တောက်လောင်လာသည်။

ဆေးပြင်းဖိုထဲတွင် အရောင်(၄)မျိုးရှိသည့် အမှုန့်များ လှည့်ပတ်ရောယှက်သွားပြီး အရောင်များ တဖြည်းဖြည်းပေါင်းစည်းသွားကာ ဆေးလုံးများအဖြစ် ပြောင်းလဲသွားတော့သည်။

ဤလုပ်ငန်းစဉ်က အမွှေးတိုင်တစ်တိုင်စာမျှ အချိန်ကြာမြင့်လေသည်။

ထို့နောက် ခုန်မင်က အသက်တစ်ချက် ရှူထုတ်လိုက်သည်။

“ချွမ်...”

ဆေးပြင်းဖိုအဖုံး ထပ်မံမြောက်တက်သွားပြီး ဖိုထဲမှ ဖျော့တော့သော အဝါရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းနှင့်အတူ မွှေးပျံ့သည့် ဆေးရနံ့များလည်း ပါဝင်လာလေသည်။

အလင်းတန်းအလယ်တွင် ကြာစေ့အရွယ်ခန့်ရှိသော ဆေးလုံး(၁၅)လုံး လှည့်ပတ်ပျံသန်းနေသည်ကို မှုန်ဝါးစွာ တွေ့မြင်နေရသည်။

ခုန်မင်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ အလင်းတန်းပျောက်ကွယ်သွားပြီး ပြီးပြည့်စုံစွာ တင့်တယ်လှပသော ဆေးလုံး(၁၅)လုံးက သပ်ရပ်စွာဖြင့် သူ့လက်ဖဝါးထက်သို့ ကျရောက်လာသည်။

ဆေးလုံး (၁၅)လုံး...။

တစ်လုံးမှ အက်ကွဲခြင်း၊ ချို့ယွင်းခြင်း မရှိ။

ပထမဆုံးအကြိမ်မှာပင် အောင်မြင်မှုရရှိသွားသည်ပင်။

ဆေးလုံး(၁၅)လုံးစလုံးက ကျောက်စိမ်းဖြင့်ဖြတ်ထားသည့်ပမာ လုံးဝန်းညီညာလွန်းလှသည်။ ကျောက်ဂူထဲမှ လေထုတစ်ခုလုံး ဆေးရနံ့များဖြင့် လွှမ်းခြုံသွားလေရာ တစ်ချက်ရှူရှိုက်မိရုံမျှဖြင့် အစစ်အမှန်ဆေးလုံးများဖြစ်ကြောင်း သိသာစေသည်။

ဤသည်က အဆင့်အမြင့်ဆုံး ‘ကျန့်ယွမ်ဆေးလုံး’ များ ဖြစ်သည်ပင်။

ဆေးလုံးဖော်စပ်နည်းတွင် အဆင့်(၁)သားရဲအမြုတေဖြင့်ဆိုလျှင် အများဆုံး ဆေးလုံး(၁၀)လုံးသာ ရရှိနိုင်သည်။ ဦးချိုပါဝံပုလွေကဲ့သို့ အဆင့်(၂) မှော်ဝင်သားရဲအမြုတေဖြင့်ဆိုလျှင် အများဆုံး ဆေးလုံး(၂၀) ရရှိမည် ဖြစ်သည်။

သို့သော် ခုန်မင်ကတော့ ပထမဆုံးအကြိမ် တစ်ကြိမ်တည်းဖိုထိုးပြီး အဆင့်မြင့်ဆေးလုံး(၁၅)လုံး သန့်စင်နိုင်ခဲ့သည်။

ဤသည်က မိုးကောင်းကင်ကိုဆန့်ကျင်ဝံ့သည့် မှတ်တမ်းတစ်ခုသာပင်။

အဂ္ဂိရတ်လမ်းစဉ်တွင် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ကြသော မည်သည့်ပညာရှင်မဆို ခုန်မင်၏အောင်မြင်မှုကိုတွေ့မြင်ပါက အံ့သြထိတ်လန့်သွားကြပေမည်။

လက်ဖဝါးထက်တွင် တင့်တယ်စွာရှိနေသည့် ဆင်တူဆေးလုံး(၁၅)လုံးကိုကြည့်ရင်း ခုန်မင်လည်း သူ၏အောင်မြင်မှုအတွက် အတော်လေး ဂုဏ်ယူသွားမိသည်။

သစ်သား-မီး ဒြပ်စင်ဝိညာဉ်ခန္ဓာက အဂ္ဂိရတ်ပညာရှင်ဖြစ်လာရန် အကောင်းဆုံးရုပ်ခန္ဓာဖြစ်ကြောင်း ထပ်မံသက်သောပြလိုက်ခြင်းပင်။

အဂ္ဂိရတ်လမ်းစဉ်တွင် ခုန်မ်ကိုယှဉ်ပြိုင်နိုင်သူ ရှိတော့မည် မဟုတ်ပေ။

မဟုတ်ပါက ပထမဆုံးအကြိမ်မှာပင် အဆင့်အမြင့်ဆုံး ‘ကျန့်ယွမ်ဆေးလုံး’ များကို မည်သို့ပြုလုပ်နိုင်ပါမည်နည်း။

လက်ရှိတွင် ခုန်မင်၏ အဂ္ဂိရတ်ပညာကျွမ်းကျင်မှုက အဂ္ဂိရတ်ကျမ်းတွင်ဖော်ပြထားသည့် “ကနဦးအဆင့်” ထက် အဆပေါင်းများစွာ ကျော်လွန်သွားပေပြီ။

ပုံမှန်အားဖြင့် အဂ္ဂိရတ်ပညာသင်တစ်ယောက်သည် ‘ကျန့်ယွမ်ဆေးလုံး’ ကို (၃၀)ရာနှုန်း အောင်မြင်အောင် ပြုလုပ်နိုင်ရုံမျှဖြင့် ကနဦးအဆင့်ကို တရားဝင်ကျော်ဖြတ်နိုင်ပြီဟု သတ်မှတ်ခံရသည်။

ခုန်မင်၏လက်ထဲမှဆေးလုံးများက စျေးကွက်ထဲတွင် တစ်လုံးကို ရွှေဒင်္ဂါး(၁၀၀)ကျော် တန်ဖိုးရှိနိုင်သည်။ သို့သော် ဤဆေးလုံးများအတွက် အသုံးပြုသော ဆေးတစ်ဖိုစာကုန်ကြမ်းများမှာ ရွှေဒင်္ဂါး (၅၀) (၆၀) သာ ကျသင့်လေသည်။

အဂ္ဂိရတ်လမ်းစဉ်ကို ရွှေဖြစ်ငွေဖြစ်လမ်းစဉ်ဟု ခေါ်ဆိုကြသည်မှာ အံ့သြစရာမရှိတော့ပေ။

ခုန်မင်သာ ဆေးလုံးများပြုလုပ်ပြီး စျေးကွက်တွင်ရောင်ချမည်ဆိုလျှင် နေ့ချင်းညချင်း သူကြွယ်တစ်ယောက် ဖြစ်သွားနိုင်သည်။

သို့ပေသိ သူက ဤဆေးလုံးများကို ခုန်အိမ်တော်အပြင်ဘက်သို့ တစ်လုံးပင်ထွက်ခွင့်ပေးမည် မဟုတ်ပေ။ ဤဆေးလုံးများက ခုန်အိမ်တော်မှ ကျင့်ကြံသူများအတွက်သာ ဖြစ်ရပေမည်။

အဆင့်မြင့် ‘ကျန့်ယွမ်ဆေးလုံး’ များကို ဆက်တိုက်ထောက်ပံ့ပေးနိုင်မည်ဆိုပါက ခုန်အိမ်တော်မှကျင့်ကြံသူများအနေဖြင့် ကျင့်ကြံခြင်းအရှိန်အအဟုန် (၃) (၄)ဆ မြင့်တက်သွားပေမည်။

ထိုသို့ဆိုလျှင် နှစ်အနည်းငယ်ကြာသည်နှင့် ခုန်အိမ်တော်၏အင်အားက ခွန်းကာမြို့မှ အခြားအင်အားစုများအားလုံးကို ကျော်ဖြတ်ကာ ပြိုင်ဘက်ကင်းအဆင့်တွင် ရပ်တည်နိုင်မည် ဖြစ်၏။

ဤမျှအဆင့်မြင့်သော ‘ကျန့်ယွမ်ဆေးလုံး’ များက အကြီးအကဲ’ချင်တယ်’ အတွက်ပင် အလွန်ကြီးမားသော အကူအညီဖြစ်နိုင်သည်။

အကြီးအကဲ’ချင်တယ်’ သာ ဤဆေးလုံးများအသုံးပြုပြီး ဒြပ်စင်စွမ်းအားဆရာသခင် အထွတ်ထိပ်အဆင့်ကို ဖြတ်ကျော်ကာ ဒြပ်စင်စွမ်းအား အရှင်သခင်အဆင့်သို့တက်လှမ်းနိုင်မည်ဆိုလျှင် ခုန်အိမ်တော်တွင် ဒြပ်စင်စွမ်းအားအရှင်သခင် (၂)ယောက် ရှိလာပေမည်။

ထိုအချိန်ရောက်လျှင် ခုန်မင်သည်လည်း အပူအပင်မရှိ ခွန်းကာမြို့မှထွက်ခွာပြီး သူ၏အိပ်မက်များနောက်သို့ လိုက်နိုင်မည်ဖြစ်သည်။

စိတ်မကောင်းစရာမှာ ‘ကျန့်ယွမ်ဆေးလုံး’ များက ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်ရောက်ပြီးသား ဖခင်ဖြစ်သူ ‘ခုန်ကျွင်း’ အတွက်တော့ အသုံးဝင်မည် မဟုတ်ပေ။

သို့သော် ခုန်မင် အဂ္ဂိရတ်ပညာကို ပိုမိုကျွမ်းကျင်လာသည်နှင့်အမျှ ဖခင်ဖြစ်သူ ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် ပိုမိုအဆင့်မြင့်သော ဆေးလုံးများကို သန့်စင်ပေးနိုင်ပေမည်။

ဝိညာဉ်ခန္ဓာကိုပိုင်ဆိုင်ထားသော ခုန်မင်ကတော့ ကျန့်ယွမ်ဆေးလုံးများကို စားသုံးရန်မလိုအပ်ပေ။ သို့သော် အိမ်တော်မှလူများအတွက်ကတော့ တန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန်ပေမည်။

ထိုသို့ဖြင့် ခုန်မင်မှာ ညဉ့်နက်သည်အထိ ဆေးပြင်းဖိုနားတွင်ထိုင်လျှက် တစ်ဖိုပြီးတစ်ဖို ဆေးလုံးသန့်စင်လျှက် ရှိတော့သည်။

နောက်ဆုံး အဆင့်မြင့် ‘ကျန့်ယွမ်ဆေးလုံး’ အလုံး(၁၀၀)ကျော် ပြုလုပ်ပြီးစီးသွားသည်။

နောက်ဆုံးဖိုများတွင်မူ ဆေးလုံးအောင်မြင်မှု (၉၀)ရာနှုန်းပင် ကျော်လွန်သွားပြီး အဂ္ဂိရတ်ပညာရှင်ကြီး’ယောင်းရှစ်’ အသက်ပြန်ရှင်လာလျှင်တောင်မှ ခုန်မင်ကို အမီလိုက်နိုင်တော့မည် မဟုတ်ပေ။

အဆင့်မြင့် ‘ကျန့်ယွမ်ဆေးလုံး’ (၁၀၀)ကျော်ဆိုလျှင် ခုန်အိမ်တော်မှကျင့်ကြံသူများအတွက်လည်း တစ်နှစ်စာ လုံလောက်ပြီဖြစ်သည်။

နောက်ဆုံးတော့ ခုန်အိမ်တော်အတွက် အကျိုးပြုလုပ်ငန်းကြီးတစ်ခုအား ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပေပြီ။

သို့သော် ဤသို့ ဆေးလုံးသန့်စင်ခြင်းက ခုန်မင်အတွက်လည်း များစွာ အကျိုးကျေးဇူးရှိလေသည်။

သစ်သားနှင့် မီးဒြပ်စင်စွမ်းအားကို မရပ်မနား အသုံးပြုနေရသဖြင့် ထိုစွမ်းအားနှစ်မျိုးလုံးအပေါ် နားလည်နိုင်စွမ်း ပိုမိုမြင့်မားလပြီး စွမ်းအားစီးဆင်းမှုက ယခင်ကထက် အဆပေါင်းများစွာ ပိုမိုချောမွေ့လာသည်။

ထို့ပြင် သူက ဒြပ်စင်စွမ်းအားပညာရှင်အဆင့် အထွတ်ထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ့ရင်ထဲ လှုပ်ရှားမှုဖြစ်ပေါ်လာပြီး ကျင့်ကြံခြင်းအဆင့်တက်တော့မည့်ပမာ ခံစားလာရသည်။

ပညာရှင်အဆင့်မှ ဆရာသခင်အဆင့်သို့ တက်လှမ်းခြင်းက ကျင့်ကြံသူတိုင်းအတွက် အရေးပါသော တက်လှမ်းမှုဖြစ်သည်။

ဤအဆင့်ကို ကျော်ဖြတ်နိုင်ခြင်း မကျော်ဖြတ်နိုင်ခြင်းက ကျင့်စဉ်လမ်းတစ်ခုလုံး၏ အဆုံးအဖြတ်ပင် ဖြစ်လာနိုင်သည်။

ထို့ကြောင့်ပင် ခုန်မင်က ဤအရေးကြီးသောအချိန်ကို အ‌တော်လေး သတိထားဆင်ခြင်ရတော့သည်။

ခုန်မင် ခဏမျှစဉ်းစားလိုက်ပြီးနောက် သူက ဆေးလုံးသန့်စင်သည့်အလုပ်ကိုရပ်နားကာ ပစ္စည်းများကို တိုရီယာလက်စွပ်ထဲ ထည့်သွင်းသိမ်းဆည်းလိုက်သည်။

ထို့နောက် ကျောက်ဂူတံခါးကို အတွင်းမှသော့ခတ်လိုက်ပြီး ကျောက်ဂူအနက်ရှိုင်းဆုံးနေရာသို့ဝင်ရောက်သွားကာ တင်ပျဉ်ခွေထိုင်လိုက်သည်။

ထို့နောက် ကိုယ်တွင်းမှဒြပ်စင်စွမ်းအားကို ငြိမ်သက်စွာလှည့်ပတ်ရင်း စတင်ကျင့်ကြံလိုက်၏။

ကျောက်ဂူထဲတွင် မှောင်မည်းနေသော်လည်း ခုန်မင် ကျင့်ကြံခြင်းထဲနစ်မျောသွားသည်နှင့် သူ၏ခန္ဓာကိုယ်ထက်တွင် အစိမ်းရောင်နှင့်အနီဗရာင်အလင်းတန်းများက စိမ်းတစ်ခါ နီတစ်လှည့် ထွက်ပေါ်လာတော့သည်။

အမှောင်ထုထဲတွင် နီယွန်မီးများ ကခုန်နေသည့်ပမာ ထင်မှတ်ရလေသည်။

All Chapters