← Chapters

စွမ်းအားသန္ဓေပြောင်းခြင်း

Vol. 5 Ch. 65

စွမ်းအားသန္ဓေပြောင်းခြင်း

Vol. 5 Ch. 65

ခုန်မင်ကတော့ ခန္ဓာကိုယ်ပြင်ပတွင် ဖြစ်ပေါ်နေသည့် ထူးဆန်းသောအပြောင်းအလဲများကို လုံးဝ အ‌ရေးမစိုက်ခဲ့ပေ။ သူ၏စိတ်အာရုံတစ်ခုလုံးက ခန္ဓာကိုယ်တွင်းဖြစ်ပျက်နေသည်များကိုသာ စူးစိုက်ကြည့်ရှုရင်း နစ်မြုပ်သွားသည်။

အထွတ်ထိပ် ဆရာသခင်အဆင့်သို့ ရောက်ရှိပြီးနောက် သူ့ခန္ဓာကိုယ်တွင်းရှိ ဇီဝသွေးကြောများအားလုံး အစိမ်းရောင်နှင့် အနီရောင် စွမ်းအားများဖြင့် ပြည့်နက်နေခဲ့သည်။

ထိုစွမ်းအားများက စွမ်းအင်ဗဟိုချက်ချီပင်လယ်မှ ထိုက်ကျိယင်ယန်သင်္ကေတဖြင့် သန့်စင်ခံရပြီး အဆုံးစွန်အထိ သိပ်သည်းသွားကာ အစိုင်အခဲဖြစ်တော့မည့်အနေအထားသို့ပင် ရောက်ရှိနေသည်။

အစိမ်းရောင်စွမ်းအားက သစ်သားဒြပ်စင်စွမ်းအားကို ကိုယ်စားပြုပြီး အနီရောင်စွမ်းအားက မီးဒြပ်စင်စွမ်းအားကို ကိုယ်စားပြုသည်။

ပညာရှင်အဆင့်မှ ဆရာသခင်အဆင့်သို့ တက်လှမ်းလိုပါက လက်ရှိအတိုင်းအတာကိုချိုးဖျက်ပြီး ဒြပ်စင်စွမ်းအားကို ပိုမိုသိပ်သည်းသွားအောင် ထပ်မံ ဖိနှိပ်ရပေမည်။

ဆိုလိုသည်မှာ ခန္ဓာကိုယ်ထဲမှ အစိမ်းရောင်နှင့်အနီရောင်စွမ်းအားများကို အခိုးအငွေ့မှ အရည်ပုံစံဖြစ်အောင် ဖိနှိပ်ရမည် ဖြစ်၏။

မည်မျှပင် သိပ်သည်းမှုအားကောင်းပြီး အစိုင်အခဲအသွင်ဖြစ်နေပါစေ စွမ်းအားများက အခိုးအငွေ့အခြေအနေတွင်သာ ရှိနေသေးသည်။

ထို့ကြောင့် ဒြပ်စင်စွမ်းအားကို ပိုမိုသန့်စင်စေလိုလျှင် အခိုးအငွေ့ပုံစံမှ အရည်ပုံစံသို့ ပြောင်းလဲရပေမည်။

အခိုးအငွေ့က အရည်ဖြစ်သွားသည့်အခါ ထုထည်ပမာဏ မည်မျှကျုံ့ဝင်သွားကြောင်း ရူပဗဒ အခြေခံဗဟုသုတရှိသူတိုင်း သိရှိကြမည်ပင်။

အခိုးအငွေ့ပုံစံ ဒြပ်စင်စွမ်းအားများက သွေးကြောများထဲတွင် မည်မျှပြည့်နက်နေပါစေ ထိုအခိုးအငွေ့များ အရည်ပုံစံပြောင်းလဲသွားပါက သွေးကြောများထဲတွင် နေရာလွတ်များစွာ ဖြစ်ပေါ်လာပေမည်။

ထိုနေရာလွတ်များအားလုံးကို အရည်ပုံစံ ဒြပ်စင်စွမ်းအားများဖြင့် ထပ်မံဖြည့်ဆည်းနိုင်ခဲ့လျှင် လူတစ်ဘောက်၏ ဒြပ်စင်စွမ်းအားသိုလှောင်နိုင်မှုပမာဏ အဆပေါင်းများစွာ တိုးပွားသွားပေမည်။

ဤပြောင်းလဲမှုက အရေအတွက်သမက အရည်အချင်းကိုပါ ပြောင်းလဲစေပြီး တန်ခိုးစွမ်းအားအရာတွင် သူမတူအောင် မြင့်မားလာမည် ဖြစ်သည်။

ထိုအချက်ကြောင့်ပင် ဒြပ်စွမ်းအားပညာရှင်အဆင့်နှင့် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်က မိုးနှင့်မြေပမာ စွမ်းအားကွာခြားခြင်း ဖြစ်ပေတော့၏။

သဘောတရားကို ရှင်းပြရသည်မှာ ရိုးရှင်းသော်လည်း တကယ်တမ်း လက်တွေ့ကျင့်ကြံရသည်က မလွယ်ကူလှပေ။

ပညာရှင်အဆင့် အထွတ်ထိပ်ရောက်ရှိသူ (၉၀)ရာနှုန်းကျော်မှာ တစ်သက်လုံး ကြိုးစားပမ်းစား ကျင့်ကြံသည့်တိုင် ဤအဆင့်ကို ဖြတ်ကျော်နိုင်ခြင်း မရှိကြပေ။

ယခုလည်း ခုန်မင် ဤတံခါးကို ဖြတ်ကျော်နိုင်ပါမည်လား အဆုံးအဖြတ်ပေးမည့် အရေးကြီးသောအချိန်သို့ ရောက်ရှိနေပေပြီ။

ခုန်မင်က အလွန်ရှားပါးသော သစ်သား-မီး ဒြပ်စင်ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး ထူးချွန်သည့် ပါရမီရှင်တစ်ယောက်ဖြစ်သည့်တိုင် ဤတံခါးကိုကျော်ဖြတ်ရန် အလွန်ခက်ခဲပေသည်။

သို့သော် သူ၏စွမ်းအင်ဗဟိုချက်ချီပင်လယ်တွင် လည်ပတ်နေသည့် ထိုက်ကျိယင်ယန်သင်္ကေတ ရှိနေခြင်းက ထူးခြားချက်ဖြစ်သည်။

ထို့ကြောင့် ခုန်မင်ကို သာမန်စံနှုန်းဖြင့် တိုင်းတာမရနိုင်ပေ။

ခုန်မင်က ကျင့်ကြံခြင်းတွင် အာရုံစိုက်လိုက်သည်နှင့် သူ၏ကိုယ်တွင်းမှ ထိုက်ကျိယင်ယန်သင်္ကေတက လည်ပတ်နှုန်းအဆမတန် မြန်ဆန်လာသည်။

ရလဒ်အနေဖြင့် သွေးကြောများထဲတွင်စီးဆင်းနေသည့် အစိမ်းရောင်နှင့် အဖြူရောင်မြူခိုးများမှာလည်း အဆပေါင်းများစွာ ပိုမိုမြန်ဆန်စွာ စီးဆင်းသွားတော့သည်။

ပုံမှန်အချိန်တွင် ထိုက်ကျိယင်ယန်သင်္ကေတက ဖြည်းညင်းစွာလည်ပတ်နေပြီး စွမ်းအားများ၏ ဟန်ချက်ညီမှုကို ထိန်းသိမ်းထားတတ်သည်။

သို့သော် ယခုတော့ ထိုက်ကျိယင်ယန်သင်္ကေတ လျှင်မြန်စွာလည်ပတ်လာပြီး ဟန်ချက်ညီမှုရပ်တန့်သွားကာ မပြည့်နိုင်သည့်တွင်းနက်ကြီးပမာ ထပ်မံသိပ်သည်းခြင်းမရှိနိုင်တော့သော အခိုးအငွေ့အသွင် ဒြပ်စင်စွမ်းအားများကို မရပ်မနားစုပ်ယူမျိုချလေသည်။

အချိန်ကြာလာသည်နှင့်အမျှ ထိုက်ကျိယင်ယန်သင်္ကေတက အလွန်တရာများပြားလှသည့် ဒြပ်စင်စွမ်းအားများကို စုပ်ယူသွားခဲ့သည်။

ထိုက်ကျိယင်ယန်သင်္ကေတက ဒြပ်စင်စွမ်းအားများကို စုပ်ယူလိုက်သဖြင့် ခုန်မင်၏ သွေးကြောများတွင် နေရာလွတ်များစွာ ဖြစ်ပေါ်လာလေသည်။

ထိုအချိန်ရောက်သည်နှင့် ထိုက်ကျိယင်ယန်သင်္ကေတက ပြောင်းလဲမှုကို စတင်လုပ်ဆောင်သည်။

မူလက အစိမ်းရောင် ၊ အနီရောင်နှင့် ခရမ်းရောင် အခိုးအငွေ့စွမ်းအား (၃)မျိုးက ဟန်ချက်ညီစွာလည်ပတ်နေခဲ့သည်။

ယခုတော့ အစိမ်းရောင်နှင့် အနီရောင်စွမ်းအားများ အဆက်မပြတ်စီးဝင်လာသဖြင့် ထိုသိမ်မွေ့သော ဟန်ချက်ညီမှု ပြိုကွဲသွားရသည်။

မူလက ခရမ်းရောင်စွမ်းအားက ထိုက်ကျိယင်ယန်သင်္ကေတ၏ သုံးပုံတစ်ပုံကို ခိုင်ခိုင်မာမာ သိမ်းပိုက်ထားခဲ့သည်။

ယခု အစိမ်းရောင်နှင့် အနီရောင်စွမ်းအားများ ပိုမိုအားကောင်းလာသည့်အခါ ခရမ်းရောင်မြူခိုးများ၏နယ်မြေက တဖြည်းဖြည်း ကျုံ့ဝင်သွား‌တော့၏။

အကယ်၍ ထိုက်ကျိယင်ယန်သင်္ကေတ၏ ဟန်ချက်ညီမှု ကျိုးပျက်သွားပါက ခုန်မင်၏ စွမ်းအင်ဗဟိုချက် ချီပင်လယ်က မည်သို့ပြောင်းလဲသွားမည်နည်း။

ထိုအချိန်တွင်...

အဝေးတစ်နေရာ စကြာဝဠာဗလာနယ်ထဲတွင် အပြာရောင်အလင်းတန်းတစ်ခုက ဥက္ကာပျံတစ်ခုပမာ အမှောင်ထုကို ဖြတ်ကျော်ပျံသန်းလာသည်။

ထို့နောက် ထျန်းယွမ်ကုန်းမြေတည်ရှိရာ ကောင်းကင်ယံထက်တွင် အလင်းတန်းက ရပ်တန့်သွားပြီး အပြာရောင်တစ်ချက်လင်းလက်သွားသည်။

ထို့နောက် အလင်းရောင်မှေးမှိန်သွားပြီး သာမန်ကြယ်တစ်စင်းပမာ ကောင်းကင်ယံတွင် တိတ်ဆိတ်ငြိမ်သက်နေတော့သည်။

ယခုအချိန်တွင် ခုန်မင်သာ ကောင်းကင်ထက်မှဖြစ်စဉ်ကို တွေ့မြင်မည်ဆိုလျှင် အတော်လေး အံ့အားသင့်သွားပေမည်။

ဤကြယ်စင်အသစ် ယခု တည်ရှိသည့်နေရာမှာ ခုနစ်စင်ကြယ်၏ ဒုတိယမြောက်ကြယ်စင်ဖြစ်‌သော ‘ထျန်းရွှမ်’ ကြယ်၏ တည်နေရာနှင့် အတိအကျ တူညီနေပေသည်။

ရှေးဟောင်းတရုတ်နက္ခတ်ဗေဒပညာရပ်တွင် ထျန်းရွှမ်ကြယ်ကို “မဟာတံခါးကြယ်စင်’ ဟု ခေါ်ဆိုကြသည်။

သို့သော် ထျန်းယွမ်ကုန်းမြေက ရှေးခေတ်တရုတ်ပြည် မဟုတ်ပေ။ အဘယ့်ကြောင့် ထျန်းရွှမ်ကြယ်က ဤနေရာတွင် ထွက်ပေါ်လာရပါသနည်း။

ပြီးတော့ ညကောင်းကင်တွင် ကြယ်စင်များက ထိုသို့ပင် ရုတ်တရက် ဘွားကနဲ ထွက်ပေါ်လာနိုင်ပါသလား။

ကျူးကဲလျန့်၏ဝိညာဉ်က စကြာဝဠာများစွာကိုဖြတ်ကျော်ပြီး ထျန်းယွမ်ကုန်းမြေသို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်မှာပင် ထျန်းယွမ်ကုန်းမြေ၏ ကောင်းကင်ယံတွင် “ထျန်းစူး” ကြယ်စင် ထွက်ပေါ်လာခဲ့သည်။

ထျန်းစူးကြယ်စင်ဆိုသည်က ခုနစ်စဉ်ကြယ် ကြယ်စင်တန်းမှ ဓူဝံကြယ်နှင့် အနီးဆုံးတွင်တည်ရှိသော ကြယ်တစ်လုံး ဖြစ်သည်။

ထျန်းယွမ်ကုန်းမြေ ကောင်းကင်ယံတွင် ခုနစ်စဉ်ကြယ်မှ “ထျန်းစူး” ကြယ်စင် ရုတ်တရက် ထွက်ပေါ်လာခြင်းက နှစ်ပေါင်း(၁)ဘီလီယံတွင် တစ်ကြိမ်သာဖြစ်ပေါ်လာသော တိုက်ဆိုင်မှုတစ်ခုဟု ယူဆမည်ဆိုပါစို့...။

ယခု ထျန်းစူးကြယ်စင်နံဘေးတွင် ထျန်းရွှမ်ကြယ်ထွက်ပေါ်လာခြင်းကရော တိုက်ဆိုင်သည်ဟု ဆိုနိုင်ပါမည်လား။

ဤသို့သောဖြစ်ရပ်မျိုးက နှစ်ပေါင်း(၁၀)ဘီလီယံတွင်ပင် တစ်ကြိမ်ဖြစ်ပေါ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် “ထျန်းရွှမ်ကြယ်” ရုတ်တရက် ထွက်ပေါ်လာခြင်းကို တိုက်ဆိုင်မှုဟု ယူဆနိုင်မည် မဟုတ်ပေ။

ပိုပြီး အံ့သြစရာကောင်းသည်မှာ ထို ထျန်းရွှမ်ကြယ် ထွက်ပေါ်လာသည်နှင့် နောက်ထပ် နက်နဲသော ကြယ်စင်စွမ်းအားတစ်ခုက ခုန်မင်၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းဝင်ရောက်လာခြင်း ဖြစ်သည်။

ထျန်းစူးကြယ်နှင့် ထျန်းရွှမ်ကြယ်၏ ကြယ်စင်စွမ်းအားနှစ်ခု ပေါင်းစည်းလိုက်သည့်အခါ ရလဒ်က “၁+၁=၂” မျှသာ မဟုတ်တော့ဘဲ အဆမတန် စွမ်းအားကြီးမားလာသည်။

ထိုသို့စွမ်းအားကြီးမားလာမှုကြောင့် နေရာပျောက်လုမတတ်ဖြစ်နေသော ခရမ်းရောင်စွမ်းအားမှာ ရုတ်တရက် ခရမ်းပြာရောင်ပြောင်းလဲသွားပြီး အစိမ်းရောင်နှင့် အနီရောင် အခိုးအငွေ့စွမ်းအားများကို ပြန်လည်တိုက်ခိုက်ကာ ပြန်လည်နေရာသိမ်းယူမှု စတင်တော့သည်။

လက်ရှိတွင် ခုန်မင်၏ စွမ်းအင်ဗဟိုချက် ချီပင်လယ်တွင် အလုံးစုံ ပရမ်းပတာဖြစ်နေပြီး စွမ်းအား(၃)ခုက ထိုက်ကျိယင်ယန်သင်္ကေတထက်တွင် သူသေကိုယ်သေ နယ်မြေလုစစ်ပွဲဆင်နွှဲသည့် တိုင်းပြည်များပမာ တိုက်ခိုက်နေကြတော့သည်။

မူလကြယ်စင်စွမ်းအားဖြစ်သော ခရမ်းရောင်စွမ်းအားတစ်ခုတည်းက အစိမ်းရောင်နှင့်အနီရောင် စွမ်းအားများနှင့် ဟန်ချက်ညီအောင် ထိမ်းထားနိုင်ခဲ့သည်။

ထို့နောက် ထိုက်ကျိယင်ယန်သင်္ကေတက အစိမ်းရောင်နှင့် အနီရောင်စွမ်းအားများကို အဆမတန် စုပ်ယူလိုက်သည့်အခါ ခရမ်းရောင်ကြယ်စင်စွမ်းအားမှာ နေရာပျောက်လုမတတ် ဖြစ်သွားရသည်။

ယခု ဒုတိယကြယ်စင်စွမ်းအားပါဝင်လာသည့်အခါ ကြယ်စင်စွမ်းအားနှစ်ခု ပေါင်းစည်းအင်အားက ချက်ချင်းပင် အစိမ်းရောင်နှင့် အနီရောင် စွမ်းအားများကို လွှမ်းမိုးသွားပြီး ‌တွန်းကန်ထုတ်လိုက်လေသည်။

သို့သော် ခုန်မင်၏ ပင်မစွမ်းအားကို ကိုယ်စားပြုသော ဒြပ်စင်စွမ်းအားဖြစ်သည့် အစိမ်းရောင်နှင့် အနီရောင်စွမ်းအားများက လွယ်လွယ်ကူကူ အရှုံးမပေးပါချေ။

ယခုဆိုလျှင် ခုန်မင်’ ခန္ဓာကိုယ်ထဲမှ အစိမ်းရောင်နှင့် အနီရောင် အခိုးအငွေ့စွမ်းအားများကို ထိုက်ကျိယင်ယန်သင်္ကေတက ဝါးမျိုစုပ်ယူသွားဖသဖြင့် သွေးကြောများထဲတွင် စွမ်းအားအခိုးအငွေ့ အနည်းငယ်သာ ကျန်ရှိတော့သည်။

သို့သော် နေရာလုပွဲတွင် ကြယ်စင်စွမ်းအားနှစ်ခု အောင်ပွဲခံလုနီးပါးအချိန်တွင် ကျန်ရှိနေသေသာ အစိမ်းရောင်နှင့်အနီရောင် စွမ်းအားများက ရုတ်တရက်ပေါက်ကွဲထွက်သွားလေသည်။

ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် အဝါရောင်အခိုးအငွေ့စွမ်းအားတစ်မျိုး ထွက်ပေါ်လာပြီး ထိုစွမ်းအားက ချီပင်လယ်အတွင်း ကြမ်းတမ်းစွာဝင်ရောက်သွားကာ ထိုက်ကျိယင်ယန်သင်္ကေတကို ဖုံးအုပ်မျိုချလိုက်တော့သည်။

ဒြပ်စင်ငါးပါး အချင်းချင်းဖြည့်စွက်ခြင်း...။

ဤပြောင်းလဲမှုက ဒြပ်စင်ငါးပါး အချင်းချင်းဖြစ်တည်စေသည့်နိယာမကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်လိုက်ခြင်းပင်။

သစ်သားနှင့် မီး ဒြပ်စင်စွမ်းအားကို ကိုယ်စားပြုသော အစိမ်းရောင်နှင့် အနီရောင် စွမ်းအားများက ခရမ်းရောင်နှင့် အပြာရောင်ကြယ်စင်စွမ်းအားများ၏ဖိအားကို မခံနိုင်တော့သည့်အခါ အလွန်အမင်း ဖိနှိပ်ခံရမှုအောက်တွင် ဒြပ်စင်စွမ်းအား အချင်းချင်းဖြည့်စွက်ခြင်းစက်ဝန်းကို ထပ်မံလည်ပတ်စေလိုက်ခြင်း ဖြစ်၏။

ဒြပ်စင်စွမ်းအား အချင်းချင်းဖြည့်စွက်ခြင်းစက်ဝန်းအတိုင်းဆိုလျှင် -

သစ်သားက မီးကို ဖြစ်တည်စေသည်။

ယခု မီးက မြေကြီးကို ဖြစ်တည်စေသည်။

ချက်ချင်းပင် ခုန်မင်၏ခန္ဓာကိုယ်တွင်း၌ မြေဒြပ်စင်စွမ်းအားကို ကိုယ်စားပြုသော အဝါရောင်အခိုးအငွေ့များ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုစွမ်းအားက မဆိုင်းမတွပင် အစိမ်းရောင်နှင့် အနီရောင် စွမ်းအားများကို အားဖြည့်ပေးလိုက်ပြီး ခရမ်းပြာရောင် ကြယ်စင်စွမ်းအားနှစ်ခုကို ဘေးတစ်ဖက်တစ်ချက်ဆီမှ ထိုးနှက်တိုက်ခိုက်တော့သည်။

မူလက အရောင်(၃)မျိုးဖြင့်သာ ဖွဲ့စည်းထားသော ထိုက်ကျိယင်ယန်သင်္ကေတမှာ ယခုတော့ အရောင်(၅)မျိုး ရောယှက်လျှက် ပရမ်းပတာ လှည့်ပတ်နေတော့သည်။

ဉာဏ်ရည်ထက်မြက်လှပါသည်ဆိုသော ခုန်မင်သည်ပင် သူ၏စွမ်းအင်ဗဟိုချက်တွင် အဘယ့်ကြောင့် ဤမျှထူးဆန်းသည်များ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်တော့ပေ။

ဤထူးခြားလှသော အပြောင်းအလဲက သူ့အတွက် ကံကောင်းခြင်းလား ၊ ကပ်ဘေးလား မသေချာနိုင်ပေ။

လက်ရှိအခြေအနေကို အကဲခတ်ရသလောက် အပြုသဘောဆောင်သည့်ဘက်သို့ ဦးတည်နေဟန်ရှိသည်။

စွမ်းအား (၅)ခု အပြင်းအထန် ရုန်းကန်တိုက်ခိုက်ကြပြီးနောက်...

ဒြပ်စင်စွမ်းအားကို ကိုယ်စားပြုသော အစိမ်း ၊ အနီ ၊ အဝါ စွမ်းအား (၃)ခုနှင့် ကြယ်စင်စွမ်းအားကို ကိုယ်စားပြုသော ခရမ်း ၊ အပြာ စွမ်းအား(၂)ခု သိမ်မွေ့စွာပင် ဟန်ချက်ညီသွားတော့သည်။

ထို့နောက်...

ထိုက်ကျိယင်ယန်သင်္ကေတသည်လည်း ဖြည်းဖြည်းချင်း ပြန်လည်တည်ငြိမ်သွားလေတော့သည်။

All Chapters