ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်
Vol. 5 Ch. 66
စွမ်းအင်ဗဟိုချက် ချီပင်လယ်မှ ထိုက်ကျိယင်ယန်သင်္ကေတ တည်ငြိမ်သွားသည်နှင့်...
ခုန်မင်၏ ခန္ဓာကိုယ်တွင်းမှ စွမ်းအားများအားလုံး တစ်ခုမကျန် သင်္ကေတအတွင်းသို့ လုံးဝ စုပ်ယူခံလိုက်ရတော့သည်။
ထိုအခါ သူ၏သွေးကြောများတွင် နေရာလွတ်များစွာဖြစ်ပေါ်သွားပြီး အရာအားလုံးကိုလက်ခံနိုင်စွမ်းရှိသည့် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများပမာ ပြောင်းလဲသွားတော့သည်။
အရောင်(၅)မျိုးဖြင့် ဖွဲ့စည်းထားသော ထိုက်ကျိယင်ယန်သင်္ကေတ လည်ပတ်နှုန်းက ယခင် အရောင်(၃)မျိုးဖြင့် ရှိစဉ်ကထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်စွာ လည်ပတ်လာသည်။
ထို့ကြောင့် စွမ်းအားသိပ်သည်းမှုနှုန်းသည်လည်း အဆမတန် မြင့်တက်သွားသည်။
နောက်ဆုံး အရောင်(၅)မျိုးသင်္ကေတ တစ်ခါလည်ပတ်လိုက်သည်နှင့် ဒြပ်စင်စွမ်းအား(၃)မျိုးက ပျစ်ခဲသောအရည်များအဖြစ် ပြောင်းလဲသွားပြီး ခုန်မင်၏ သွေးကြောများအတွင်း လွင့်စင်စီးဝင်သွားတော့၏။
ထိုဒြပ်စင်စွမ်းအားအရည်များက အစိမ်းရောင် ၊ အနီရောင် ၊ အဝါရောင်ဖြစ်ပြီး သစ်သား ၊ မီး ၊ မြေကြီး ဒြပ်စင်(၃)မျိုးကို ကိုယ်စားပြုလေသည်။
ယခု စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများပမာ နေရာလွတ်များစွာရှိနေသည့်သွေးကြောများအတွင်းသို့ အရည်ပုံစံ ဒြပ်စင်စွမ်းအား (၃)စက် စီးဆင်းဝင်ရောက်သွားသည်။
ဒြပ်စင်စွမ်းအား (၃)စက်ဆိုသည်က မြစ်ထဲသို့ ရေ(၃)စက်ကျသည့်ပမာ အလွန်နည်းပါးလှသည်။
သို့သော် ဒြပ်စင်စွမ်းအားအခိုးအငွေ့ကို အရည်အဖြစ်ပြောင်းလဲနိုင်ပြီဆိုကတည်းက ခန္ဓာကိုယ်တွင်းဖွဲ့စည်းမှုက အံ့သြဖွယ်ရာ ပြောင်းလဲသွားခဲ့ပေပြီ။
ခုန်မင်အနေဖြင့် ဒြပ်စင်စွမ်းအားပညာရှင်အဆင့်မှသည် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်သို့ အောင်မြင်စွာ လှမ်းတက်ခဲ့ပြီးဖြစ်ကြောင်း သက်သေခိုင်လုံသွားပေပြီ။
လျှင်မြန်စွာလည်ပတ်နေသည့် ထိုက်ကျိယင်ယန်သင်္ကေတအောက်တွင် အရည်ပုံစံ ဒြပ်စင်စွမ်းအားများက တစ်စက်ပြီးတစ်စက် ဆက်တိုက်ထွက်ပေါ်လာပြီး သွေးကြောများအတိုင်း စီးဆင်းသွားနေသည်။
သို့သော် ယခင်က အခိုးအငွေ့ပုံစံ စွမ်းအားများဖြင့် ပြည့်နက်ခဲ့သည့်သွေးကြောများကို အရည်ပုံစံစွမ်းအားဖြင့် ပြည့်နက်စေရန်က အချိန်ယူရပေဦးမည်။
လက်ရှိတွင် ခုန်မင်၏ခန္ဓာကိုယ်က စွမ်းအားများ ပြန်လည်ဖြည့်တင်းရန် စောင့်ဆိုင်းနေသည့် အိုးခွက်တစ်ခုပမာ ဖြစ်သည်။
ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်သို့ စတင်တက်လှမ်းလိုက်သည်နှင့်တပြိုင်နက် ၊ ပတ်ဝန်းကျင် မီတာ(၁၀၀)အတွင်းရှိ မိုးနှင့်မြေမှ ဒြပ်စင်စွမ်းအားများက ဝေလငါးကြီး ပင်လယ်ရေကို စုပ်ယူသည့်ပမာ ကျယ်လောင်သည့်အသံဖြင့် အော်မြည်လျှက် ခုန်မင်ထံသို့ စုစည်းဝင်ရောက်လာတော့သည်။
အဆမတန်ကြီးမားသော စွမ်းအားလှိုင်းလုံးများ ခန္ဓာကိုယ်ထဲဝင်ရောက်လာသည်နှင့် ထိုက်ကျိယင်ယန်သင်္ကေတက ချက်ချင်းပင် အရည်ပုံစံစွမ်းအားအဖြစ် သန့်စင်လိုက်ပြီး သွေးကြောများထဲ စီးဝင်သွားတော့သည်။
အချိန်မည်မျှကြာသွားသည်မသိ...။
နောက်ဆုံး ခုန်မင်၏သွေးကြောများထဲတွင် အရောင်(၃)မျိုးပါဝင်သော အရည်ပုံစံစွမ်းအားများဖြင့် ပြည့်နက်သွားတော့သည်။
မိုးနှင့်မြေမှ စွမ်းအားများကိုဆွဲယူနှုန်း တဖြည်းဖြည်းနှေးကွေးလာပြီး နောက်ဆုံးမှာတော့ ပြန်လည်ငြိမ်သက်သွားတော့သည်။
ခုန်မင်၏ ဝိညာဉ်စွမ်းအား ထူးခြားစွာ အားကောင်းခြင်းမရှိခဲ့လျှင် ၊ သူ၏ကိုယ်တွင်းမျက်စိဖြင့် ခန္ဓာကိုယ်အတွင်းပိုင်းကို လွယ်ကူစွာ ကြည့်မြင်နိုင်ခြင်း မရှိခဲ့လျှင် ၊ ဤ အံ့သြဖွယ်ရာအပြောင်းအလဲများကို အဆင့်ဆင့် ရှင်းလင်းစွာ ခံစားတွေ့မြင်နိုင်မည် မဟုတ်ပေ။
ယခုဆိုလျှင်...
သစ်သား၊ မီး၊ မြေကြီး ဒြပ်စင်စွမ်းအား(၃)ခု သူ၏ခန္ဓာကိုယ်ထဲ အတူတကွ တည်ရှိနေပေပြီ။
သူ၏ခန္ဓာကိုယ်သည်လည်း သမိုင်းတလျှောက် မရှိခဲ့ဘူးသော သစ်သား-မီး-မြေ ဒြပ်စင်စွမ်းအားဝိညာဉ်ခန္ဓာအဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့ပေသည်။
သစ်သား-မီး ဒြပ်စင်ဝိညာဉ်ခန္ဓာဖြင့်ပင် သမိုင်းတစ်လျှောက် မှတ်တမ်းအားလုံးကို ချိုးဖျက်ထားပြီဖြစ်သော ခုန်မင်သည် ယခုတော့ နောက်ထပ် ခြေတစ်လှမ်းတက်ကာ သစ်သား-မီး- မြေ ဒြပ်စင်ဝိညာဉ်ခန္ဓာပိုင်ရှင်တစ်ယောက် ဖြစ်လာခဲ့သည်။
ဤသည်က ဧကန်မလွဲ နောက်ထပ်အံ့သြဖွယ်ရာတစ်ခုသာပင်။
ဒြပ်စင်စွမ်းအားကျင့်ကြံခြင်းက ဤမျှ အံ့သြဖွယ်ရာဖြစ်နေခဲ့ခြင်းမှာ သစ်သား ၊ မီး ၊ မြေ သုံးမျိုးပေါင်းစွမ်းအားနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သော ခရမ်းရောင်နှင့် အပြာရောင် ကြယ်စင်စွမ်းအားများသည်လည်း သာမန်ဖြစ်နိုင်ပါတော့မည်လား။
ထိုက်ကျိယင်ယန်သင်္ကေတ ဆက်လက်လည်ပတ်သွားသည်နှင့် ခရမ်းရောင်နှင့် အပြာရောင်ကြယ်စင်စွမ်းအားများသည်လည်း ကြီးကျယ်ခမ်းနားသော နတ်ဘုရားစွမ်းအားအဖြစ်သို့ အလိုလျောက် ပြောင်းလဲသွားလေသည်။
တစ်ချိန်တည်းမှာပင် ခုန်မင်၏ “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်” သည်လည်း ဒုတိယအဆင့်သို့ အလိုလျောက် အဆင့်တက်သွားတော့သည်။
ဒြပ်စင်စွမ်းအားနှင့် နတ်ဘုရားစွမ်းအားတို့ တစ်ချိန်တည်း အဆင့်တက်ခြင်းမရှိပါက ခုန်မင်အနေဖြင့် ဤမျှလွယ်ကူစါာ ဟန်ချက်ညီမှု အသစ်တစ်ခုကို တည်ဆောက်နိုင်မည် မဟုတ်ပေ။
ယခု ခုန်မင်က ကနဦးအဆင့် ဒြပ်စင်စွမ်းအား ဆရာသခင်မျှသာ ရှိသေးသော်လည်း သစ်သား-မီး-မြေ ဒြပ်စင်စွမ်းအား(၃)မျိုး တပြိုင်တည်းတည်ရှိသည့် ဒြပ်စင်သုံးပါးဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။
သူ၏ ဒြပ်စင်စွမ်းအား သန့်စင်နိုင်စွမ်းက သာမန်ကျင့်ကြံသူများ လက်လှမ်းမမီနိုင်လောက်အောင် မြင့်မားနေပေပြီ။
ထို့ပြင် တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်သည်လည်း ဒုတိယအဆင့်သို့ တက်ရောက်သွားပြီဖြစ်ရာ သူ၏ရုပ်ခန္ဓာသည်လည်း ပိုမိုကြံ့ခိုင်သန်မာလာသည်။
ယခုဆိုလျှင် သူ၏ခန္ဓာကိုယ်သန်မာမှုတစ်ခုတည်းသည်ပင် မော့ဖေးလိုလူမျိုးနှင့် ယှဉ်ပြိုင်နိုင်ပြီ ဖြစ်သည်။
ဤစွမ်းအားနှစ်မျိုး ပေါင်းစပ်လိုက်သည့်အခါ ခုန်မင်၏ တိုက်ခိုက်ရေးစွမ်းရည်က အဆမတန် ကြောက်မက်ဖွယ် ကောင်းသွားပေမည်။
ယခုဆိုလျှင် လက်ဗလာဖြင့်တိုက်ခိုက်လျှင်ပင် အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်ဖြစ်သော ဖူစန်းကဲ့သို့လူမျိုးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်နိုင်မည်ဖြစ်၏။
ယွမ်ရုန်ဒူးလေးကဲ့သို့ ဒြပ်စင်စွမ်းအားလက်နက်မျိုးကို ကိုင်ဆောင်ထားပါက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်နှင့်ပင် ရင်ဆိုင်နိုင်စွမ်း ရှိလာပေမည်။
ထို့ပြင် ဖူစန်းထံမှရရှိထားသော ဒြပ်စင်စွမ်းအားပြန်လည်ဖြည့်တင်းဆေးများကိုလည်း ယခုအခါ အမှန်တကယ် အသုံးချနိုင်ပေတော့မည်။
ဒြပ်စင်စွမ်းအားပြန်လည်ဖြည့်တင်းဆေးလုံးတစ်လုံးဖြင့်ပင် ခုန်မင်၏ ဒြပ်စင်စွမ်းအားများအားလုံး ချက်ချင်းပြန်လည် ပြည့်ဝလာနိုင်သည်။
ဤဆေးများကို လက်ထဲတွင် ကိုင်ဆောင်ထားသမျှ အင်အားကြီးသူများနှင့်ရင်ဆိုင်ရလျှင်ပင် အနားမယူဘဲ ဆက်တိုက် တိုက်ခိုက်နိုင်ပြီး ရန်သူလဲကျသည်အထိ တိုက်ပွဲဝင်နိုင်ပေမည်။
ယခင်’ခုန်မင်’ကို တကယ်အင်အားကြီးသူဟု မခေါ်ဆိုနိုင်ပေ။
ယခု’ခုန်မင်’ ကတော့ ကျင့်စဉ်လမ်းတွင် အရေးပါသည့်ခြေတစ်လှမ်းကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ ခွန်းကာမြို့တစ်ခုလုံးတွင် အရှင်သခင်အဆင့် ကျင့်ကြံသူအနည်းငယ်ကိုဘေးဖယ်လိုက်ပါက ကျန်လူများအားလုံးကို ရင်ဆိုင်တိုက်ခိုက်နိုင်ပြီ ဖြစ်၏။
မည်သူမှ သူ့ကို တားဆီးရဲတော့မည် မဟုတ်ပေ။
လောကတွင် အထွတ်ထိပ်သို့ရောက်လိုလျှင် အပြတ်အသတ် အင်အားကြီးမားမှသာ ဖြစ်နိုင်ပေသည်။ သေးငယ်သော ခွန်းကာမြို့လေးက ခုန်မင်ကို ဆွဲခေါ်ထားနိုင်တော့မည် မဟုတ်ပေ။
ကျင့်ကြံခြင်းအဆင့်တက်သွားပြီးနောက် ခုန်မင်က ချက်ချင်း အပြင်သို့ထွက်မလာခဲ့ပေ။ သူက ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်ကို တည်ငြိမ်စေရန် ဆက်လက်တံခါးပိတ်ကျင့်ကြံနေခဲ့သည်။
သို့သော် သူ၏ ကျင့်ကြံခြင်းအဆင့်တက်သွားသည့်ဖြစ်စဉ်က အလွန်တရာ လှုပ်ရှားမှု ကြီးမားလွန်းခဲ့သည်။
မီတာ(၁၀၀)ပတ်လည်ရှိ မိုးနှင့်မြေမှ ဒြပ်စင်စွမ်းအား အားလုံးနီးပါး ဆွဲယူခံလိုက်ရသဖြင့် ကျောက်ဂူနှင့် မနီးမဝေးတွင်ရှိသော လူတိုင်းလိုလို ထိုဖြစ်ရပ်ကို သတိထားမိသွားကြသည်။
အားလုံး ခုန်မင် တံခါးပိတ်ကျင့်ကြံနေရာ ကျောက်ဂူဆီသို့ လှမ်းကြည့်လိုက်မိကြပြီး တစ်စုံတစ်ခုသဘောပေါက်သွားဟန်ဖြင့် ဝမ်းမြောက်ဝမ်းသာ အော်ဟစ်လိုက်ကြသည်။
အားလုံး၏မျက်နှာထက် အပြုံးရိပ်များ ယှက်သမ်းနေတော့သည်။
ခုန်ကျွင်းမှာ ရင်ထဲမှဝမ်းမြောက်မှုကို ထိန်းမထားနိုင်တော့ဘဲ အသံတုန်တုန်ရီရီဖြင့် ရေရွတ်လိုက်သည်။
“မင်အာ... ငါ့သား နောက်ဆုံးတော့ အောင်မြင်သွားပြီ ၊ အဆင့်တက်သွားပြီ... အသက်(၁၄)နှစ်အရွယ် ဒြပ်စင်စွမ်းအား ဆရာသခင် ၊ (၁၄)နှစ်ပဲရှိသေးတယ်... ၊ ဘိုးဘေးတွေလည်း စိတ်အေးနိုင်ကြပါပြီ ၊ ငါတို့ ခုန်အိမ်တော် ပြန်ပြီး ခေါင်းမော့ရင်ကော့နိုင်ဖို့ တကယ်ပဲ မျှော်လင့်ချက်ရှိလာပြီ”
ခုန်ကျွင်းစကားဆုံးသွားသည်နှင့် ခုန်အိမ်တော်မှလူတိုင်း၏မျက်နှာများက ဂုဏ်ယူဝင့်ကြွးမှုဖြင့် တောက်ပသွားကြသည်။
ဒုတိယသခင်လေးဖန်တီးခဲ့သော အံ့သြဖွယ်ရာများက ခုန်မျိုနွယ်တိုင်းအတွက် ဂုဏ်ကျက်သရေပင်ဖြစ်သည် မဟုတ်ပါလား။
***
ထိုအချိန်...
အလွန်ဝေးကွာလှသော ယွမ်ကျိုးပြည်နယ် ၊ အလွန်ကြီးမားကျယ်ပြန့်လှသောမြို့တော်ကြီးအတွင်းရှိ မြင့်မားလှသော အဖြူရောင်မျှော်စင်ထက်ရှိ လျှို့ဝှက်အခန်းတစ်ခုထဲတွင် မျက်လုံးတစ်ဖက်သာရှိသော အဘိုးအိုတစ်ယောက် ထိုင်နေလေသည်။
ထိုခဏမှာပင် သူ့အရှေ့ လေထုထဲတွင် လွင့်မျောနေသော ဓာတ်ဖန်လုံးထဲတွင် တောက်ပသည့် အပြာရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်သွားပြီး လျှို့ဝှက်အခန်းတစ်ခုလုံး ပင်လယ်ပြာထဲနစ်မြုပ်သွားသည့်ပမာ အပြာရောင်ပြောင်းလဲသွားတော့သည်။
ထို့နောက် အလင်းရော်ငက တဖြည်းဖြည်း ပြန်လည်မှေးမှိန်သွားသည်။
ဓာတ်ဖန်လုံးထဲမှ ကောင်းကင်ယံထက်တွင် အပြာနုရောင်အလင်းစက်တစ်စက်ရှိနေပြီး ထိုအလင်းစက်က ‘ထျန်းရွှမ်ကြယ်’ ပင် ဖြစ်၏။
ထိုကြယ်က အခြားကြယ်များထက် အဆပေါင်းများစွာ မှိန်ဖျော့နေသည့်တိုင် မျက်စိတစ်ဖက်တည်းရှိသော အဘိုးအိုကတော့ ထိုကြယ်ကို ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရတနာတစ်ခုပမာ စူးစိုက်ကြည့်နေပြီး သူ၏တစ်ဖက်တည်းသောမျက်ဝန်းတွင် မျက်ရည်များပင် ဝေ့ဝဲလာတော့သည်။
“သုံးလတောင် မပြည့်သေးဘူး... ကြယ်စင်စွမ်းအားနှစ်ခု ဆက်တိုက်ထွက်ပေါ်လာတယ် ၊ ပြီးတော့ အဲဒီကြယ်စင်ရဲ့စွမ်းအားကလည်း ချက်ချင်းကိုထွက်ပေါ်လာတယ်”
“အိုး... အမြင့်မြတ်ဆုံးသော တန်ခိုးရှင်ကြီး... ရာစုနှစ်ပေါင်းများစွာ တိတ်ဆတ်ငြိမ်သက်နေတဲ့ ကုန်းမြေကြီးက နောက်ဆုံးတော့ ကြီးမားအုံကြွတဲ့ ခေတ်သစ်တစ်ခုကို ကြိုဆိုရတော့မှာလား ၊ ဒါပေမဲ့ အရှင့်ရဲ့ အယုံကြည်ရဆုံးကျေးကျွန်ဖြစ်တဲ့ ကျွန်တော်မျိုးက ဘာလို့ အရှင့်ရဲ့လမ်းညွှန်မှုကို ထပ်မကြားနိုင်တော့တာလဲ ၊ တစ်ချိန်က ကြည်လင်ရှင်းလင်းခဲ့တဲ့အနာဂတ်က အခုတော့ နက်မှောင်တဲ့မြူခိုးတွေ ဖုံးလွှမ်းခံလိုက်ရပြီပဲ”
စကားဆုံးသည်နှင့် အဘိုးအိုက ဓာတ်ဖန်လုံးရှေ့တွင် ဒူးထောက်ပျပ်ဝပ်လျှက် နက်နက်ရှိုင်းရှိုင်း ဦးချကန်တော့လိုက်လေသည်။
ထို့နောက် သူ၏နှုတ်ခမ်းဖျားမှ အခြားသူများနားမလည်နိုင်သော ရှေးဟောင်းကျမ်းစာများကို တိုးလျစွာ ရွတ်ဆိုလိုက်သည်။
သို့သော် ဓာတ်ဖန်လုံးကတော့ အဘိုးအို၏လုပ်ရပ်ကို တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိခဲ့ပေ။
တခါတရံ အလင်းရောင်များထုတ်လွှတ်သည်မှအပ ထာဝရတိတ်ဆိတ်စွာဖြင့် နေရာမှာပင် ငြိမ်သက်စွာရှိနေလေသည်။