← Chapters

ရှောင်ချိုး၏ သေစေနိုင်သော လက်နက်

Vol. 11(A) Ch. 146

ရှောင်ချိုး၏ သေစေနိုင်သော လက်နက်

Vol. 11(A) Ch. 146

ကမ္ဘာမျက်နှာပြင်မှ မီတာ သောင်းနှင့်ချီ ကွာဝေးသည့် အောက်ခြေရှိ မြေပြင်သည် ကျောက်စကျောက်နများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ရှောင်ချိုး ဆလိုက်မီးများ၏ အလင်းရောင်ကြောင့်သာလျှင် သူတို့သည် ပတ်လည်တွင် ရှိနေသည့် လျှိုမြောင်များအား ရှောင်ကွင်းနိုင်ခြင်း ဖြစ်သည်။ ထိုမှောင်မိုက်နေသော လျှိုမြောင်များကို ကြည့်လိုက်သည့် အခါတွင် သူတို့ယခု ရောက်ရှိနေသည့် နေရာမှာ အနက်ဆုံးသောအပိုင်း မဟုတ်ကြောင်း သိလိုက်ရသည်။

အကျဉ်းချုံး ဆွေးနွေး တိုင်ပင်ပြီးနောက်တွင် သူတို့သည် ယခုရောက်ရှိနေသည့် အပိုင်းအား ဦးစွာရှာဖွေရန် ဆုံးဖြတ်လိုက်ကြသည်။

နတ်ဆိုးယုတ်များ၏ သွင်ပြင်မှာ အတည်တကျ မဟုတ်ဘဲ အလျဉ်းသင့်သလို ရှိနေခြင်းဖြစ်သည်။ ဤနေရာသို့ ခေတ္တမျှ လှည့်လည်သွားလာလိုက်မည်ဆိုလျှင် တစ်ကောင်ခန့် တွေ့ရှိနိုင်ပေလိမ့်မည်။

“ရှောင်ချိုးရေ ... နင့်ရဲ့ ဆလိုက်မီးတွေက ... အာ ... မဟုတ်ဘူး။ နင့်ရဲ့ မျက်လုံးတွေက ပိုပြီးတော့ လင်းအောင် လုပ်လို့ရသေးလား” ကြောက်မက်ဖွယ် အမှောင်ထု ပတ်လည်ဝန်းရံ နေသည့်အတွက် စုရှောင်လန်မှာ အတော်လေး ကြောက်လန့်နေခြင်း ဖြစ်သည်။

“ပိုပြီး လင်းရမယ်တဲ့လား။ ငါ့ရဲ့ စူးရှမျက်လုံး အစွမ်းက ကုန်တော့မှာဟ”

ရှောင်ချိုး၏စကားအား ကြားလိုက်သည့်အခါတွင် လူတိုင်း တုန်လှုပ် သွားကြတော့သည်။

“ဘာ” အန်လင်းသည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ “မင်းရဲ့ ဆလိုက်မီးတွေကို ပိတ်လိုက်တော့မယ်ပေါ့”

“မလုပ်ပါနဲ့ ....” တပိုင်သည် ငိုချင်းချလိုက်သည်။ “ညီလေး ၃ ရေ ... အခုက အိပ်ရမယ့်အချိန် မဟုတ်ဘူးဗျ။ ဘာလို့များ မီးပိတ်မှာတုန်းဗျာ။ ဝုတ်”

ရှောင်ချိုးသည် ရှုံ့မဲ့ကာဖြင့် “စူးရှမျက်လုံးအစွမ်းကို တစ်ချိန်လုံး အသုံးပြုမယ်ဆိုရင် ငါ့အတွက် မကောင်းဘူး။ အဲဒါကြောင့် အနားယူဖို့ လိုအပ်တယ်”

အန်လင်းသည် သက်ပြင်းချလိုက်ပြီး “အဲဒါဆိုရင် မင်းက အချိန်ဘယ်လောက်ကြာအောင် အနားယူမှာလဲ”

ရှောင်ချိုးသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် “၁၀ စက္ကန့်လောက်ပေါ့”

အန်လင်း : “…”

စုရှောင်လန် : “…”

ကလစ်

ဆလိုက်မီး ပိတ်သွားလေပြီ။

ပတ်ဝန်းကျင်သည် ပိန်းပိတ်အောင် မှောင်မည်းသွားသည်။ အမှန်တကယ် မှောင်မိုက်နေခြင်း ဖြစ်သည်။

အေးစက်သည့်လေများ တိုက်ခတ်လာပြီး အန်လင်းသည် သူ၏အမွေးများပင် ထောင်သွားသည်ဟု ခံစားနေရသည်။

“အန်လင်း ... အခုဟာက သရဲကားတွေထဲ ကလိုမျိုး အခြေအနေကြီးနဲ့ မတူဘူးလား။ အရမ်းကို အီး” စုရှောင်လန်သည် အနောက်သို့ ကျုံ့လိုက်ပြီးနောက် ကြောက်စိတ်မွှန်လျက် ပြောလေသည်။ “ပြောပါဦးဟဲ့။ ရုတ်တရက်ကြီး ခေါင်းပြတ်သရဲမ တစ်ကောင် ပေါ်လာနိုင်မယ်လို့ နင်ထင်လား”

“သေမျိုးကမ္ဘာကို ရောက်နေတုန်းက သရဲကားတွေ အများကြီး မကြည့်နဲ့လို့ ငါမပြောဘူးလား။ အခုတော့ နင်က အရမ်းကြောက်နေပြီ မဟုတ်လား။ ဟမ့်” အန်လင်းသည် နှုတ်ခမ်း တင်းတင်းစေ့ကာဖြင့် တည်ငြိမ်စွာ ပြောသည်။

သူသည် အတော်လေး သတ္တိကောင်းသူတစ်ဦး ဖြစ်သည်။ မည်သို့သော ချောက်ချားဖွယ် ပတ်ဝန်းကျင်တွင် ရှိနေစေကာမူ အကြောက်အရွံ့ ကင်းကာဖြင့် တည်တည်ငြိမ်ငြိမ် ရှိနေမြဲ ဖြစ်သည်။

ထိုအခြင်းအရာအား သေမျိုးကမ္ဘာတွင် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ သူသည် ထျန်းလင်းလင်းအား မျက်ရည်ကျသည့်အထိ ခြောက်လှန့်ခဲ့သည့် အပြင် မျက်လုံးပြူးထွက်လျက် ရှိသည့် တစ္ဆေမအား ငိုကြွေးအောင် ပြုလုပ်ခဲ့လေသည်။

“ဒီလိုဆိုရင်ကော။ ငါအရှေ့က လျှောက်လိုက်မယ်” အန်လင်းသည် သူ၏ရင်ဘက်ကို ပုတ်ကာဖြင့် ပြောလိုက်သည်။

အန်လင်းသည် ယခုအချိန်မှာ သူ၏ အစစ်အမှန် ရဲစွမ်းသတ္တိအား ပြသရမည့်အချိန်ဟု ခံစားနေမိသည်။

အရှေ့မှ ဦးဆောင်လိုက်သည့် အချိန်မှာပင် အန်လင်းသည် လေထုအတွင်း ခြေချမိလိုက်သဖြင့် ကြီးမားလှသည့် အရှိန်နှုန်းဖြင့် ပြုတ်ကျသွားတော့သည်။

“ကယ်ကြပါဦး ... အား”

အန်လင်းသည် ကြောက်လန့်တကြား အော်ဟစ်လေသည်။ သူသည် သရဲမ ကြောက်သော်လည်း အမြင့်ကြောက်သူ ဖြစ်သည်။

အကွာအဝေး မသိရသည့် နေရာမှ ပြုတ်ကျရခြင်းသည် အလွန်ချောက်ချားဖွယ် ကောင်းလွန်းလှသည်။

“အန်လင်း ...”

“အစ်ကိုကြီးအန် ...”

ကျန်သူများသည် အထိတ်ထိတ် အလန့်လန့်ဖြင့် အော်ဟစ်ကြလေသည်။

“ငါ ... ငါအဆင်ပြေပါတယ်” အန်လင်းသည် သူ၏ အုတ်ခဲဖြင့် ဖြည်းညင်းစွာ ပျံတက်လာလေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ဇောချွေးများဖြင့် ရွှဲနစ်နေလေသည်။

သူပြုတ်ကျစဉ်တွင် မျက်လုံးစိမ်းများစွာကို မြင်တွေ့ခဲ့ရသည်။ သို့သော်လည်း ယင်းတို့သည် လျှပ်တစ်ပြက်မှာပင် ပျောက်ကွယ်သွားသည့် အတွက် သူ့အနေဖြင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသည်။

မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိသည့် အခါတွင် အန်လင်းသည် မီးအင်မော်တယ် မန္တန်တစ်ခုအား အသုံးပြုလိုက်သည်။ သူတို့၏အရှေ့တွင် ပင့်ကူအိမ်သဏ္ဌာန် အက်ကွဲကြောင်းများ ရှိနေလေသည်။

“အလင်းရောင် မရှိဘူးဆိုရင် ဒီနေရာကို ကျော်ဖြတ်ဖို့ မဖြစ်နိုင်ဘူး” တပိုင်သည် အက်ကွဲကြောင်းများအား ကြည့်လိုက်ပြီးနောက် “ငါတို့ အလင်းအင်မော်တယ် မန္တန်တွေကို တစ်လှည့်စီ အသုံးပြုကြမယ် ဆိုရင်ကော”

အန်လင်း သက်ပြင်းချလိုက်သည်။ “ငါတို့မှာ ရွေးစရာ မရှိဘူး။ ငါတို့ရဲ့ စွမ်းအင်တွေကို ချွေတာရမယ်။ မဟုတ်ရင် ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘေးကျပ်နံကျပ် ဖြစ်ရလိမ့်မယ်”

ထိုသို့ပြောရင်း အန်လင်းသည် စွမ်းအင် ဖြည့်တင်းခြင်းဆေးလုံး တစ်လုံးအား ထုတ်ယူလိုက်သည်။ ထို့နောက်တွင် သူ့လက်ပေါ်တွင် မီးတောက်များ ဖန်တီးကာဖြင့် အရှေ့သို့ ဆက်လျှောက်လိုက်သည်။

ထိုမီးတောက်သည် သူတို့၏ပတ်လည် ပေအနည်းငယ်ကိုသာ အလင်းရောင် ပေးနိုင်သည့်အတွက် သူတို့အားလုံးသည် အသင့် အနေအထားဖြင့် ရှိနေကြသည်။

ထိုသို့ဖြင့် သူတို့သည် အချိန် အတော်ကြာအောင် လမ်းလျှောက်နေကြသည်။ သို့သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရှိရပေ။ အန်လင်းသည် ဤနေရာ၌ သက်ရှိများ နေထိုင်ကြသလား ဟူသည်ကို စတင်သံသယ ဖြစ်လာသည်။

“ရွှီ”

ရုတ်တရက်ဆိုသလို အဝေးရှိ အမှောင်ထုမှနေ မြွေတွန်သံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံသည် အရှေ့ဘက်ဆီမှ လာသည်မဟုတ်ဘဲ သူတို့၏ ပတ်လည်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

“မကောင်းဆိုးဝါးတွေက နောက်ဆုံးတော့ ရောက်လာပြီပေါ့” စုရှောင်လန်သည် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ “ရိုးရိုးသားသား ပြောရရင် တိတ်တဆိတ် သေဆုံး သွားရတာက တကယ်ကို ကြောက်ဖို့ အကောင်းဆုံးပဲ။ မကောင်းဆိုးဝါးတွေနဲ့ တိုက်ခိုက်ရမယ်ဆိုတော့ ငါ့ရဲ့ ကြောက်ရွံ့တဲ့စိတ်ကို ပြေပျောက်စေတာပေါ့”

အန်လင်းသည် ဆွံ့အသွားမိတော့သည်။ “ဂရုစိုက်ကြဟေ့”

သူတို့သည် အနောက်သို့ ဆုတ်လိုက်ကြပြီး စက်ဝိုင်းသဏ္ဌာန် ခံစစ်ပြုလုပ်ကာ မကောင်းဆိုးဝါးများအား ရင်ဆိုင်ရန် ပြင်ဆင်လိုက်ကြသည်။

အပြောကျယ်သည့် ကောင်းကင်ပြင်တွင် ကြယ်များ ပြည့်နေသလို အမှောင်ထုထဲတွင် မရေမတွက်နိုင်သော အစိမ်းရောင် အစက်များ ပေါ်လာပြီး အန်လင်းတို့ထက် ဖြည်းဖြည်းချင်း တိုးလာကြသည်။

“အများကြီးပဲဟေ့” ရှောင်ချိုးသည် သူ၏ ငွေသံတုတ်အား ဆုပ်ကိုင်ကာဖြင့် အော်ဟစ်လိုက်သည်။

အန်လင်းသည်လည်း သတိပြုမိသည်။ အားကောင်းသည့် အော်ရာများစွာသည် သူတို့ထံ နီးကပ်လာသည်ကိုပင် ခံစားမိနေသည်။ ထို့အပြင် ထိုအစိမ်းရောင် အစက်များသည် သန္ဓေပြောင်းသားရဲများ၏ မျက်လုံးများ ဖြစ်ကြသည်။

မိစ္ဆာရှင်းဓားအား ဆွဲထုတ်လိုက်သည်။ ဤအခြေအနေမျိုးတွင် သူ့အနေဖြင့် စစ်နတ်ဘုရား ခုတ်ချက် ၆ ချက်အား အသုံးပြုရပေလိမ့်မည်။

“ခဏနေရင် ငါက ဇာမဏီမီးမုန်တိုင်း မန္တန်ကို အသုံးပြုလိုက်မယ်။ အဲဒီမန္တန်က ငါတို့ရဲ့ ပတ်လည်မှာရှိတဲ့ သန္ဓေပြောင်း သားရဲတွေကို တိုက်ခိုက်လိမ့်မယ်” စုရှောင်လန်၏ လက်ချောင်းများသည် ကခုန်လိုက်သည့် အခါတွင် လေထုထဲ၌ လျင်မြန်စွာပင် လက်တံဆိပ်တော်များစွာ ပေါ်လာသည်။

“သန္ဓေပြောင်း သားရဲတွေ ထွက်ပြေးသွားရင် ငါက ဝါယောကောင်းကင်ကို သုံးပြီးတော့ သူတို့ မရွေ့လျားနိုင်အောင် ဖိနှိပ်ထားလိုက်မယ်။ ဝုတ်” တပိုင်၏ ခန္ဓာကိုယ်တွင် လေပြင်းများ တိုက်ခတ်လျက်ရှိနေပြီး အလွန်အံ့အားသင့်ဖွယ် ကောင်းသည့် အော်ရာများ ထုတ်လွှတ်နေလေသည်။ သူသည် တိုက်ပွဲအား အသေအကျေ တိုက်ခိုက်ရန် ပြင်ဆင်ထားပုံ ရသည်။

ရှောင်ချိုးသည် တည်ငြိမ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ “အဲဒီတော့ ငါက အရင်ဆုံး မီးဖွင့်လိုက်မယ်”

ကလစ်

ရှောင်ချိုး၏ မျက်လုံးများမှ ထွက်ပေါ်လာသည့် အလင်းတန်းများသည် ပတ်ဝန်းကျင်အား နေ့အလင်းကဲ့သို့ ရှင်းလင်းပြတ်သား စေသည်။

“ရွှီ ... ရွှီ ...”

ရုတ်တရက်ဆိုသလို ကျယ်လောင်စူးရှသည့် အသံများ ထွက်ပေါ်လာသည်။

သူတို့သည် အလင်းကြောင့် မျက်စိပြာ နေတုန်းမှာပင် အစိမ်းရောင် အစက်များသည် မှေးမှိန်သွားလေသည်။

ဘုန်း

သန္ဓေပြောင်း သားရဲများသည် အလုအယက် ထွက်ပြေးသွားကြပြီး ရေကျသကဲ့သို့ နောက်ပြန်ပြေး သွားကြသည်။

တိတ်ဆိတ်မှု ပြန်လည်ကြီးစိုးလာသည်။

အန်လင်း : “…”

တပိုင် : “…”

စုရှောင်လန် : “…”

“ရှောင်ချိုးရေ ... မင်းရဲ့ ဆလိုက်မီးတွေက ပျက်စီးနေတဲ့ ကမ္ဘာမြေကိုတောင် ငြိမ်းချမ်းအောင် ပြုလုပ် ပေးနိုင်လိမ့်မယ်” အန်လင်းမှာ ရှုံ့မဲ့နေလေသည်။

“မျှော်လင့် ထားသလိုပဲ။ ရှောင်ချိုးရဲ့ ဆလိုက်မီးတွေက သေစေနိုင်တဲ့ လက်နက်တွေများလား” မှင်တက်နေမှုမှ ပြန်လည် အသိကပ်လာပြီ ဖြစ်သည့် စုရှောင်လန်၏ မျက်နှာတွင် ပျော်ရွှင်မှုများ ထင်ဟပ်လျက် ရှိနေသည်။ ရှောင်ချိုး၏ မျက်လုံးများမှနေ သူမသည် လုံခြုံမှုများ ခံစားနေရသည်။

“ညီလေး ၃ ရေ .... ငါတို့တွေ နောက်များမှာ သန္ဓေပြောင်း သားရဲတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် သူတို့ သေသွားအောင်လို့ မင်းရဲ့ တလက်လက် တောက်ပမှုကိုပဲ မှီခိုတော့မယ်နော်။ ဝုတ်” တပိုင်သည် အလွန် စိတ်လှုပ်ရှားနေဟန် ရှိသည်။

ရှောင်ချိုး : “…”

ထိုသို့ဖြင့် အန်လင်းနှင့် အခြားသူများ၏ ပြင်းထန်သည့် တောင်းဆိုမှုများ အောက်တွင် ရှောင်ချိုးသည် သူ၏ ဆလိုက်မီးများအား ဓာတ်အားထိန်းသိမ်းသည့် အနေဖြင့် ပြန်ပိတ်လိုက်သည်။ သူ၏ စွမ်းအားကို ထိန်းသိမ်းထားနိုင်ရန် အတွက် သူ၏ အစွမ်းအား ရပ်တန့်လိုက်ရသည်။

ဤသို့ဖြင့် သူတို့သည် သန္ဓေပြောင်း သားရဲများနှင့် ထပ်မံ ဆုံတွေ့ကြမည်ဆိုလျှင် ရှောင်ချိုးသည် သူ၏ သေစေနိုင်လောက်သည့် လက်နက်များအား ဖွင့်လိုက်ရုံနှင့်ပင် ထိုသားရဲများ၏ မျက်လုံးများ ကန်းသွားလိမ့်မည်။

သူတို့သည် ဆက်လက် လျှောက်လှမ်းလာကြသည်။

များမကြာမီတွင် အနီရောင် အလင်းတစ်ခု ပေါ်လာပြီး အားကောင်းသည့် အော်ရာတစ်ခု စတင်နီးကပ် လာလေသည်။

“ရှောင်ချိုးရေ မင်းရဲ့ ဆလိုက်မီးကို ဖွင့်လိုက်ဟေ့”

ကလစ်

ရွှေရောင် အလင်းတန်းနှစ်ခုသည် ပတ်ဝန်းကျင်အား အလင်းရောင် ပေးလိုက်သည့်အခါ ဧရာမ ပုတ်သင်များသည် ကြောက်လန့်တကြား ထွက်ပြေးသွားကြလေသည်။

အချိန် အတော်ကြာပြီးနောက် အဝါရောင်အလင်းတန်း ပေါ်လာပြီး အားကောင်းသည့် အော်ရာများနှင့် နီးကပ်လာပြန်သည်။

“ရှောင်ချိုးရေ ... ဆလိုက်မီးဖွင့်မယ်”

ကလစ်

ရွှေရောင် အလင်းတန်းသည် ပတ်ဝန်းကျင်အား ဖြာကျလာပြီးနောက် စပါးအုံးများစွာသည် ကြောက်လန့်တကြားဖြင့် အလုအယက် ထွက်ပြေးကြပြန်သည်။

“ဆလိုက်မီးတွေ”

ကလစ်

“ဆလိုက်မီးတွေ”

ကလစ်

***

ထိုသို့ဖြင့် အန်လင်းတို့သည် ရဲစွမ်းသတ္တိ အပြည့်ဖြင့် ဆက်လက်ချီတက်ကြပြီး မည်သည့် ပြိုင်ဘက်ကိုမဆို ကျော်ဖြတ်နိုင်ခဲ့ကြသည်။

“ပြောပါဦး။ နတ်ဆိုးယုတ်တွေ ကကော ညီလေး ၃ ရဲ့ လက်နက်ကြီးကို ကြောက်ကြမယ်လို့ မင်းတို့ထင်လား” တပိုင်သည် ရှောင်ချိုးအား လေးစားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

“မဖြစ်နိုင်ဘူး” အန်လင်း ပြန်ဖြေလိုက်သည်။ “ငါသိထားသလောက်ဆိုရင် နတ်ဆိုးယုတ်တွေက နေရောင်ခြည်အောက်မှာတောင် နေထိုင်နိုင်ကြတယ်တဲ့။ အဲဒီအပြင် သူတို့ရဲ့ ဖွဲ့စည်းပုံက သန္ဓေပြောင်းသားရဲတွေနဲ့ မတူကြတာမို့ အလင်းက သူတို့အပေါ်  သက်ရောက်မှု မရှိဘူး”

နတ်ဆိုးယုတ် တစ်ကောင်အား သတ်ဖြတ်ဖို့ရန် အတွက် အန်လင်းသည် နတ်ဆိုးယုတ်များနှင့် ပတ်သက်သည့် အချက်အလက် များစွာကို စုဆောင်းထားပြီး ဖြစ်သည်။

နတ်ဆိုးယုတ်များ၏ ဖွဲ့စည်းပုံသည် အခြားသော သက်ရှိများနှင့် ခြားနားသည်။ အဆင့်နှင့် ကျင့်ကြံခြင်း အခြေခံကဲ့သို့သော အရာများသည် သူတို့အပေါ် သက်ရောက်ခြင်း မရှိချေ။ ထို့ကြောင့် တစ်ခါတစ်ရံတွင် ယင်းတို့၏ ခွန်အားကို သိရှိနိုင်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် နတ်ဆိုးယုတ်များသည် အလွန်အန္တရာယ် ရှိရခြင်း ဖြစ်သည်။

သူတို့ စကား ပြောဆိုနေစဉ်မှာပင် အားကောင်းသည့် အော်ရာတစ်ခု ပေါ်လာပြန်သည်။

“ရှောင်ချိုးရေ ... ဆလိုက်မီးဖွင့်မယ်ဟေ့”

ကလစ်

ရွှေရောင်အလင်းနှစ်ခုသည် ပတ်ဝန်းကျင်အား လင်းသွားစေပြီး ဧရာမလိပ်နက်ကြီး တစ်ကောင်သည် ရှောင်ချိုး၏ လက်နက်ကြီးဖြင့် တိုက်ခိုက်ခံလိုက်ရသည်။

ဘုန်း

ရုတ်တရက် ဆိုသလို လိပ်ကြီး၏ ပါးစပ်မှနေ အနက်ရောင်မြူခိုးများ ပစ်လွှတ်လိုက်ပြီး အန်လင်းတို့ထံ လွင့်စဉ်လာလေသည်။

“ငလူးဟေ့ ... ဒီလိပ်မှာ မျက်လုံးမရှိဘူးဟ။ ရှောင်ကြတော့”

အန်လင်း၏ အော်သံကြောင့် ကျန်သူများသည် တုန်လှုပ်ကာဖြင့် အဘက်ဘက်သို့ ပြန့်ကျဲ သွားကြလေသည်။

ထိုမြူခိုးများသည် ကျောက်သား မျက်နှာပြင်ပေါ်သို့ ကျဆင်းသွားပြီးနောက် ချက်ချင်းဆိုသလိုပင် ကျောက်တုံးအား ပျော်ဝင်သွားစေကာ ကြီးမားသည့် ချိုင့်တစ်ခု ဖြစ်ပေါ်လာစေသည်။ ထိုမြူခိုးသည် အလွန် အန္တရာယ်ရှိပုံ ရသည်။

“ဆလိုက်မီးက အလုပ်မဖြစ်မှတော့ တိုက်ခိုက်ကြတာပေါ့” အန်လင်းသည် ဟိန်းဟောက်လိုက်ပြီးနောက် မိစ္ဆာရှင်းဓားအား ထုတ်ယူကာဖြင့် လိပ်ကြီးထံ ပြေးသွားတော့သည်။

***

All Chapters