← Chapters

ရာထူးသစ်တစ်ခု

Vol. 87 Ch. 1235

ရာထူးသစ်တစ်ခု

Vol. 87 Ch. 1235

ဝမ်ရှောင်မင်သည် လျှပ်စစ်ဝှီးချဲကို မောင်းနှင်ပြီး ယန်ကျန့်ကို ယခင်က သူ တက်ခဲ့ဖူးသည့် လူနာဆောင်သို့ ခေါ်ဆောင်လာသည်။

"ခင်ဗျားတို့ အရင် ထွက်သွားပေးပါ ကျွန်တော် တစ်ယောက်တည်း နေချင်တယ်"

အခန်းထဲရှိ ဆရာဝန်နှင့် သူနာပြုတို့ကို သူ လှမ်းပြောလိုက်သည်။

အခန်းထဲမှ လူများသည် အချိန်ဆွဲမနေကြပေ။ သူတို့လုပ်လက်စ အလုပ်များကို ချက်ချင်း ချထားပြီး အခန်းထဲမှ အမြန်ဆုံး ထွက်ခွာသွားကြသည်။ သို့သော် မထွက်ခွာမီ ဆရာဝန်က သတိပေးလိုက်သေးသည်။

"ပါမောက္ခဝမ်... ခင်ဗျားရဲ့ အခြေအနေက အရမ်းဆိုးရွားနေပါပြီ အနားများများ ယူဖို့ လိုပါတယ် တစ်နာရီထက်ပိုပြီး လှုပ်ရှားသွားလာတာမျိုး မလုပ်ပါနဲ့ဗျာ"

"သိပါတယ်ဗျာ"

ဝမ်ရှောင်မင် ခေါင်းညိတ်ပြလိုက်သည်။

ဆရာဝန်နှင့် သူနာပြု ထွက်သွားသည်ကို ကြည့်ပြီးနောက် ယန်ကျန့်က စကားစလိုက်သည်။

"ငါနဲ့ တစ်ယောက်ချင်း ဘာပြောချင်လို့လဲ ဟို လူ့အရေပြားကျမ်း အကြောင်းလား"

ဝမ်ရှောင်မင်သည် လူ့အရေပြားကျမ်းထံမှ တစ်စုံတစ်ရာကို သိရှိထားပြီးသား ဖြစ်ပြီး ၎င်းကို အပေးအယူလုပ်ရန် အသုံးချချင်နေသည်ဟု သူ ထင်လိုက်သည်။

ဝမ်ရှောင်မင်က စကားပြောရန် မလောပေ။ သူ့လက်မှ တိပ်များကို ဖြည်းဖြည်းချင်း အရင် ခွာလိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ထဲ ထိုးသွင်းထားသော ပိုက်များကို ဆွဲထုတ်ကာ ဘေးသို့ ပေါ့ပေါ့ပါးပါး ပစ်လိုက်သည်။

"မလောပါနဲ့... ချောင်ယန်ဟွာရဲ့ တောင်းဆိုချက်ကို သဘောတူလာအောင် မင်းကို အရင် စည်းရုံးကြည့်ချင်လို့ပါ"

သူ ယန်ကျန့်ကို ကြည့်လိုက်သည်။ သူ့အကြည့်များက အလွန် တည်ငြိမ်နေသည်။

ယန်ကျန့်က ပြောလိုက်သည်။

"ဘယ်သူမှ အဲဒီလို လုပ်မှာ မဟုတ်ဘူးကွ ဒီကိစ္စက လူမုန်း အရမ်းများတယ် တစ်ယောက်နှစ်ယောက်လောက်ကိုပဲ ဖိတ်ခိုင်းရင် ငါ သဘောတူနိုင်တယ် ကျန်တဲ့လူတွေ အကုန်လုံးကို လိုက်ဖိတ်ခိုင်းတာတော့ ငါ့မှာ အဲဒီလောက် စွမ်းရည် မရှိဘူး"

"မင်းက နှိမ့်ချနေစရာ မလိုပါဘူး တကယ်တော့ အဲဒီခေါင်းဆောင်တွေကို အစည်းအဝေး ဖိတ်ဖို့ မင်းက အသင့်တော်ဆုံး လူပါ မင်းက သူတို့ထဲက တော်တော်များများနဲ့ ထိတွေ့ဆက်ဆံဖူးတယ် လီကျွင်း၊ ဝေ့ကျင်း၊ ချောင်ယန်... သူတို့ သုံးယောက်လုံးက မင်းရဲ့ မိတ်ဆွေဟောင်းတွေပါပဲ လျိုစန်း၊ လီလဲ့ဖိန်၊ ဝမ်ချာလင်း နဲ့လည်း မင်း ဆုံဖူးတယ် ပြီးတော့ ရှန်လင်းဆိုရင်လည်း တစ္ဆေရေကန် ဖြစ်ရပ်တုန်းက မင်း တွေ့ခဲ့သေးတာပဲ"

"ဌာနချုပ်မှာ ခေါင်းဆောင် ၁၂ ယောက် ရှိတာ မဟုတ်ဘူးလား ကျန်တဲ့ သုံးယောက်ကို ငါ မတွေ့ဖူးသေးဘူး"

ယန်ကျန့်က မေးလိုက်သည်။

"ကျန်တဲ့ သုံးယောက်လား"

ဝမ်ရှောင်မင်က ဆက်ပြောသည်။

"ခေါင်းဆောင်စီမံကိန်း စလုပ်တုန်းက ခေါင်းဆောင် တစ်နေရာက ကျန်းရှန်ဘိုင်လေ နောက်တော့ မင်း သတ်လိုက်လို့ လစ်လပ်သွားတာ ဌာနချုပ်က အစားထိုးမယ့်သူကို အမြဲ ရှာနေခဲ့တယ် ဒီတစ်ခေါက် ခေါင်းဆောင် အစည်းအဝေးမှာ အဲဒီနေရာကို ဖြည့်တင်းလိမ့်မယ် ကျန်တဲ့ ခေါင်းဆောင် နှစ်ယောက်ထဲက တစ်ယောက် နာမည်က ကျန်းကျွင်း... မင်း မတွေ့ဖူးတာ မဆန်းပါဘူး သူက နိုင်ငံခြားမှာ လှုပ်ရှားနေတာ ကြာပြီ မကြာသေးခင်ကမှ ပြန်ရောက်တာ နောက်တစ်ယောက်ကတော့ သူ့အထောက်အထားနဲ့ သတင်းအချက်အလက်တွေကို လျှို့ဝှက်ထားတယ် ငါတောင် မသိဘူး ဒါပေမဲ့ ချောင်ယန်ဟွာကတော့ သိတယ် သူ ပြောပြမှာတော့ မဟုတ်ဘူး"

"ဒါပေမဲ့ မင်းသာ ကျန်တဲ့လူတွေကို အစည်းအဝေး တက်လာအောင် စုစည်းနိုင်ခဲ့ရင် အဲဒီ လျှို့ဝှက်ထားတဲ့ ခေါင်းဆောင်လည်း သေချာပေါက် ပေါ်လာမှာပါ"

ယန်ကျန့်က ပြောလိုက်သည်။

"ငါက ကျန်တဲ့ ခေါင်းဆောင်တွေက ဘယ်သူတွေလဲလို့ မေးရုံပါ မင်းရဲ့ တောင်းဆိုမှုကို သဘောတူလိုက်တာ မဟုတ်ဘူးနော်"

ဝမ်ရှောင်မင်က ဆက်ပြောသည်။

"ခေါင်းဆောင်စီမံကိန်း စတင်ပြီးနောက်မှာ ခေါင်းဆောင်တွေကို ထိန်းချုပ်လို့ မရတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်ဆိုတာ မျှော်လင့်ထားပြီးသားပါ ဒါကြောင့် ဌာနချုပ်မှာ သက်ဆိုင်ရာ အစီအစဉ် ရှိတယ် အဲဒါကတော့ ဒီခေါင်းဆောင်တွေထဲက စွမ်းရည်အရှိဆုံး တစ်ယောက်ကို ရွေးထုတ်ပြီး ကျန်တဲ့သူတွေကို ထိန်းချုပ်ခိုင်းဖို့ပဲ"

"အနည်းဆုံးတော့ ဒီခေါင်းဆောင်တွေက စည်းမဲ့ကမ်းမဲ့ အုပ်စု ဖြစ်မနေသင့်ဘူးလေ တစ်ခါတလေ သူတို့ကို စုစည်းဖို့ လိုတယ် တကယ်လို့ သူတို့ အမှားလုပ်မိရင် ဒါမှမဟုတ် လမ်းကြောင်းလွဲသွားရင် အဲဒီ ပြဿနာရှာတဲ့ ခေါင်းဆောင်ကို ဖမ်းဆီးနိုင်တဲ့ ဒါမှမဟုတ် သတ်တောင် သတ်ပစ်နိုင်တဲ့သူ တစ်ယောက် ရှိကို ရှိရမယ်"

"အဲဒီ ခေါင်းဆောင်ကို ချောင်ယန်ဟွာက 'စည်းကမ်းထိန်းသိမ်းရေး ခေါင်းဆောင်' လို့ သတ်မှတ်ထားတယ်"

"ကာလရှည်ကြာ စောင့်ကြည့်ပြီးတဲ့နောက် ဒီနေ့အထိတော့ မင်းက အရည်အချင်း အပြည့်မီဆုံးပဲ ဒါကြောင့် မင်းကို ဒီစည်းကမ်းထိန်းသိမ်းရေး ခေါင်းဆောင် ဖြစ်စေချင်တာ"

ဒီစကားကို ကြားလိုက်ရတဲ့အခါ ယန်ကျန့် မနေနိုင်ဘဲ ခေါင်းအနည်းငယ် ညိတ်လိုက်မိသည်။

"ငါ ထင်တဲ့အတိုင်းပဲကွာ... မင်းတို့ကောင်တွေ ငါ့ကို မြန်မြန် မသေလို့ အားမလိုအားမရ ဖြစ်နေကြတာကိုး ငါသာ တကယ် လက်ခံလိုက်ရင် အနှေးနဲ့အမြန်ပဲ ကွာမယ် ဟိုခေါင်းဆောင်တွေ ပေါင်းပြီး ငါ့ကို ဝိုင်းဖြုတ်ကြလိမ့်မယ်"

"အဲဒီလို အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး ဝေ့ကျင်းနဲ့ လီကျွင်းက မင်းဘက်မှာ ရပ်တည်ကြမှာပါ"

ဝမ်ရှောင်မင်က ပြောလိုက်သည်။

"ချောင်ယန်နဲ့ မင်းရဲ့ ဆက်ဆံရေးကလည်း မဆိုးဘူးဆိုတော့ မင်းပြောတဲ့ အခြေအနေမျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး"

"ငါ ငြင်းတယ်"

ယန်ကျန့်က ပြတ်သားစွာ ပြောလိုက်သည်။

"အခု မင်း ငြင်းတာ မှန်ပါတယ် ဘာလို့လဲဆိုတော့ ဒါက ကျေးဇူးတင်မခံရတဲ့ အလုပ်မို့လို့လေ ဒါပေမဲ့ မင်း သဘောတူလိမ့်မယ်လို့ ငါ ယုံတယ်"

"ဘာလို့ ငါ သဘောတူလိမ့်မယ်လို့ မင်း ထင်နေတာလဲ"

ယန်ကျန့်က မေးလိုက်သည်။

ဝမ်ရှောင်မင်က ဖြေသည်။

"ဘာလို့လဲဆိုတော့ မင်းသာ သဘောတူလိုက်ရင် ဌာနချုပ်မှာရှိတဲ့ သဘာဝလွန် ပစ္စည်းတွေ အားလုံးကို မင်း စိတ်ကြိုက် သုံးစွဲနိုင်မှာမို့လို့ပဲ ဖမ်းချုပ်ထားတဲ့ တစ္ဆေတွေကို မင်းသဘောနဲ့မင်း တမင် လွှတ်မပေးသရွေ့ပေါ့"

"ဘာကွ"

ယန်ကျန့် နားကြားမှားသွားသလားလို့ သံသယ ဝင်သွားသည်။

"မင်း နားကြားမမှားပါဘူး ဒါက ချောင်ယန်ဟွာ ပေးနိုင်တဲ့ အမြင့်ဆုံး ကမ်းလှမ်းချက်ပဲ"

ဝမ်ရှောင်မင်က ဆက်ပြောသည်။

"တစ္ဆေဖယောင်းတိုင်၊ တစ္ဆေအမွှေးတိုင်၊ အစားထိုးအရုပ်၊ ဖမ်းချုပ်ထားတဲ့ တစ္ဆေတွေ၊ အထူး သဘာဝလွန် ပစ္စည်းတွေ... ဌာနချုပ်မှာ ရှိသမျှ အရာအားလုံးကို မင်း ယူလို့ရတယ် တစ္ဆေဆရာ အဆင့်အောက်က ခေါင်းဆောင်တွေကိုတောင် မင်း ဆင့်ခေါ်ပိုင်ခွင့် ရှိတယ်"

"မင်း ဦးနှောက် ပျက်သွားပြီလား"

ယန်ကျန့်က ဝမ်ရှောင်မင်ကို သံသယ မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ဒီလောက် ဉာဏ်ကောင်းတဲ့သူက ဒီလိုစကားမျိုး ပြောထွက်လိမ့်မယ်လို့ စဉ်းစားရ ခက်နေသည်။

"ငါ့ခေါင်းက ကြည်နေပါတယ်ကွ မရှုပ်ထွေးပါဘူး ငါပြောတဲ့ အချက်တွေက အစစ်အမှန်တွေပါ အကျိုးသက်ရောက်မှု ရှိပါတယ် ငါ သေသွားရင်တောင် ချောင်ယန်ဟွာက ဖြည့်ဆည်းပေးလိမ့်မယ်"

ဝမ်ရှောင်မင်က ပြောလိုက်သည်။

"ကဲ... မင်း ငြင်းဦးမလား"

"ဌာနချုပ်မှာ ရှိသမျှ အရာအားလုံးကို လူတစ်ယောက်တည်းရဲ့ လက်ထဲ ထည့်ပေးလိုက်မယ်ပေါ့"

ယန်ကျန့် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"မင်း စိတ်ချလို့လား"

"ဘာမှ စိတ်ပူစရာ မရှိပါဘူး အဖိုးကြီးချင်ရဲ့ အခြေအနေကို မင်းလည်း သိတာပဲ အခုလောလောဆယ် သူ သေလား ရှင်လားတောင် မရေရာဘူး သူ သေပြီလို့ပဲ သဘောထားလိုက်ပါတော့... အဖိုးကြီးချင် မရှိတော့ရင် ဒီအခြေအနေမှာ ဌာနချုပ်ကို ဘယ်သူက ထိန်းထားနိုင်မှာလဲ ဟို ဖမ်းချုပ်ထားတဲ့ တစ္ဆေတွေ၊ သိုလှောင်ထားတဲ့ သဘာဝလွန် ပစ္စည်းတွေ၊ ဖန်တီးထားတဲ့ သဘာဝလွန် ကိရိယာတွေ... လိုချင်တဲ့သူရှိရင် ဌာနချုပ်ကို လာပြီး လုယူသွားလို့ ရနေပြီ"

ဝမ်ရှောင်မင်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ပြိတ္တာ အခိုးခံလိုက်ရတာက အကောင်းဆုံး သက်သေပဲ"

"အဲဒီလို ဖြစ်မယ့်အစား ပုဂ္ဂလိကပိုင် လွှဲပေးလိုက်တာ ပိုကောင်းတယ် စွမ်းအား အလုံအလောက်ရှိတဲ့ လူတစ်ယောက်ကို ကိုင်ခိုင်းထားလိုက်တာပေါ့ အဲဒီလူက အရည်အချင်း ပြည့်မီဖို့တော့ လိုတာပေါ့"

ဝမ်ရှောင်မင်က ဆက်ပြောသည်။

"မင်းမှာ ရည်မှန်းချက်ကြီးကြီးမားမား မရှိဘူး လောဘလည်း မကြီးဘူး အရေးအကြီးဆုံးက မင်းရဲ့ စိတ်နေသဘောထားက တည်ငြိမ်တယ် အဲဒီပစ္စည်းတွေ မင်းလက်ထဲ ရောက်သွားရင် မင်းက သိုလှောင်ထားရုံပဲ လုပ်မှာပါ အလွယ်တကူ ထုတ်သုံးမှာ မဟုတ်ဘူးဆိုတာ ငါ ယုံတယ်"

"မင်းပြောပုံအရဆို ဝေ့ကျင်းနဲ့ လီကျွင်းက ပိုမသင့်တော်ဘူးလား"

ယန်ကျန့်က မေးလိုက်သည်။

ဝမ်ရှောင်မင်က တည်ငြိမ်စွာပင် ပြန်ဖြေသည်။

"ငါ ပြောခဲ့သလိုပဲ သူတို့က လုံလောက်အောင် မတည်ငြိမ်ဘူး ဝေ့ကျင်းက တစ္ဆေတမန်တော်နဲ့ ခွဲလို့မရဘူး တကယ်လို့ တစ္ဆေတမန်တော် တစ်ခုခုဖြစ်ရင် သူပါ ထိခိုက်မှာ လီကျွင်းကလည်း အာဟုန်ရဲ့ တစ္ဆေမိတ်ကပ်နဲ့ ရှင်သန်နေရတာ အာဟုန် သေရင် လီကျွင်းလည်း ပျောက်ကွယ်သွားလိမ့်မယ် သူလည်း မတည်ငြိမ်ဘူး သူတို့က မင်းနောက်က ဒုတိယ ရွေးချယ်စရာတွေပဲ ဖြစ်နိုင်တယ် ပထမ ဦးစားပေး ဖြစ်မလာနိုင်ဘူး"

"တကယ်တော့ သဘာဝလွန် ဖိုရမ်က ရဲကျန့်ဆိုရင် ဒီရာထူးနဲ့ တော်တော် သင့်တော်တယ် ကံဆိုးတာက သူက ဌာနချုပ်က လူ မဟုတ်ဘူးလေ"

"အတိုချုပ် ပြောရရင် အချက်အလက် ကိုက်ညီတဲ့သူတွေက အရည်အချင်း မမီဘူး အရည်အချင်း မီတဲ့သူတွေကျတော့ စွမ်းရည် မလုံလောက်ဘူး ငါတို့ ခေါင်းဆောင် အားလုံးကို အကဲဖြတ်ပြီးပြီ ဌာနချုပ်က လူတော်တော်များများက မင်းနဲ့ အသင့်တော်ဆုံးလို့ ထင်ကြတယ် ပြီးတော့ မင်း လတ်တလော ကိုင်တွယ်ခဲ့တဲ့ သဘာဝလွန် ဖြစ်ရပ်တွေက သက်သေပြနေတာပဲ မင်းနဲ့ ဌာနချုပ် ဆက်ဆံရေး သိပ်မကောင်းပေမယ့် မင်းရဲ့ ရပ်တည်ချက် မှန်ကန်နေသရွေ့ ဆက်ဆံရေး ကောင်းတာ မကောင်းတာက အရေးမကြီးပါဘူး"

ဝမ်ရှောင်မင်က စကားတွေ အများကြီး ပြောပြီး ယန်ကျန့်ကို စည်းရုံးဖို့ ကြိုးစားနေသည်။

ဒီအချိန်မှာ ယန်ကျန့် အဆက်မပြတ် စဉ်းစားနေသည်။

ဒါက ဝမ်ရှောင်မင်ရဲ့ ထောင်ချောက် ဖြစ်နေမလားလို့ သူ သံသယ ဝင်မိသည်။ ဝမ်ရှောင်မင်က သူ့ကို လှည့်စားပြီး အရင်ဆုံး သဘောတူအောင် လုပ်၊ ပြီးမှ ကျားစီးမိသလို ပြန်ဆင်းမရတဲ့ အခြေအနေမျိုး ဖြစ်အောင် လုပ်မလားဆိုတာ တွေးနေမိသည်။ ဒါပေမဲ့ သူပြောတာတွေက အမှန်တရား ဖြစ်နိုင်တယ် ဆိုတာကိုလည်း မငြင်းပယ်နိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ အဖိုးကြီးချင် သေသွားပြီဆိုရင် ခေါင်းဆောင်တွေကို ဆင့်ခေါ်လို့ ရတော့မှာ မဟုတ်ဘူး။

ဌာနချုပ်ကသာ အခြေအနေကို ထိန်းသိမ်းပြီး တည်ငြိမ်အောင် လုပ်ပေးနိုင်မယ့်သူ ရှာမတွေ့ရင် ရှေ့ဆက်မယ့် နေ့ရက်တွေက လွယ်ကူမှာ မဟုတ်ဘူး။

"စည်းကမ်းထိန်းသိမ်းရေး ခေါင်းဆောင် ဟုတ်လား... ဟားဟား မင်းရဲ့ ကမ်းလှမ်းချက်တွေက မက်လောက်စရာတော့ ကောင်းပါတယ် ဒါပေမဲ့ အဲဒါက လူတစ်ယောက်ကို ဖိအားတွေကြားထဲ တွန်းပို့လိုက်တာနဲ့ အတူတူပဲ ငါ စိတ်လိုက်မာန်ပါ သဘောတူလိုက်ရင်တောင် တခြားသူတွေကို မထိန်းနိုင်ရင် ငါပဲ သေမှာ ဟိုခေါင်းဆောင်တွေက သဘောကောင်းတယ်လို့ မင်း တကယ် ထင်နေတာလား အကွက်ဝင်ရင် သူတို့က ဘယ်သူ့ကိုမဆို သတ်ရဲတယ်"

ယန်ကျန့်က အလွန် တည်ငြိမ်နေပြီး စိတ်မလွတ်သွားပေ။

"မှန်ပါတယ်... တကယ်ကို အန္တရာယ်များတဲ့ ရာထူးပါ ဒါပေမဲ့ ယန်ကျန့်... မင်း နားလည်ထားရမှာက ဒီအဆင့်ကို အသုံးပြုပြီး မင်း ထပ်ပြီး ကြီးထွားလာနိုင်တယ် ဟိုခေါင်းဆောင်တွေကို အများကြီး ကျော်တက်သွားနိုင်တယ် ဒီအခွင့်အရေးသာ တခြားလူလက်ထဲ ရောက်သွားရင် မင်းမှာ အားသာချက် ရှိတော့မှာ မဟုတ်ဘူး"

ဝမ်ရှောင်မင်က ပြောလိုက်သည်။

"နောက်လာမယ့် သုံးနှစ်အတွင်းမှာ ဘယ်သူပဲဖြစ်ဖြစ် ဖိအားတွေကို ခံနိုင်ရည်ရှိပြီး ဌာနချုပ်ကို ထိန်းချုပ်နိုင်ရင် အဲဒီလူက အနာဂတ်ကို လမ်းပြနိုင်လိမ့်မယ် အန္တရာယ်နဲ့ အခွင့်အလမ်းဆိုတာ အမြဲ ဒွန်တွဲနေတာပဲ ပြိတ္တာ ဖြစ်ရပ်တုန်းက မင်း ဒီလောက် သေးငယ်တဲ့ ဖြစ်နိုင်ချေလေးကိုတောင် လောင်းရဲခဲ့သေးတာပဲ ဒီတစ်ခေါက်ကျ ဘာလို့ မလောင်းရဲရမှာလဲ ပြီးတော့ ဒီတစ်ခေါက် မင်း ရှုံးရင်တောင် မင်း သေမှာ မဟုတ်ဘူး အကျိုးအမြတ် အများကြီးလည်း ရဦးမှာ"

"သဘာဝလွန်တွေ ပြန်လည်နိုးထလာပြီး ထိန်းချုပ်မရ ဖြစ်လာမှာကို မင်း လက်ပိုက်ကြည့်နေချင်တာလား ဒါမှမဟုတ် အခြေအနေ ပြောင်းလဲမှုကို လွှမ်းမိုးနိုင်လောက်တဲ့ နေရာတစ်ခုမှာ ရပ်တည်ချင်တာလား"

"ယန်ကျန့်... မင်း လုပ်သင့်တဲ့ ကိစ္စတချို့ ရှိတယ် ထွက်ပြေးနေလို့ အလကားပဲ"

"ဒီစည်းကမ်းထိန်းသိမ်းရေး ခေါင်းဆောင် ရာထူးက သေချာပေါက် မင်းနဲ့ပဲ ထိုက်တန်တာပါ ခေါင်းဆောင် အစည်းအဝေး မစခင် မင်း သဘောတူနိုင်မယ်ဆိုရင် လူ့အရေပြားကျမ်းရဲ့ လျှို့ဝှက်ချက်ကို ငါ ပြောပြမယ်"

ယန်ကျန့်က ဝမ်ရှောင်မင်ကို စိုက်ကြည့်လိုက်သည်။

"မင်း ငါ့ကို ဖိအားပေးနေတာပဲ"

"မဟုတ်ဘူး... အချိန် မရှိတော့လို့ပါ ဂျပန်ဘက်က တစ္ဆေနှင်ကလပ်ဆိုရင် 'ကျောက်စိမ်း' ဆိုတဲ့လူကို ရွေးလိုက်ပြီ စွမ်းအား လုံလောက်တဲ့ တစ္ဆေဆရာ တစ်ယောက်က ထိန်းချုပ်ထားတာ နိုင်ငံခြားမှာလည်း ဘုရင်အဖွဲ့အစည်း ဆိုတာ ပေါ်ပေါက်လာပြီ အဲဒီအဖွဲ့အစည်းက သူတို့ရဲ့ ထိပ်တန်း တစ္ဆေဆရာတွေ အားလုံးကို စုစည်းထားပြီးပြီ ငါတို့ကတော့ စည်းမဲ့ကမ်းမဲ့ အဖွဲ့အစည်း ဖြစ်နေတုန်းပဲ"

"ဒါကြောင့် အရေးကြီးတဲ့ အချိန်ကျရင် လူတိုင်းကို လှုပ်ရှားနိုင်အောင် လုပ်ပေးနိုင်မယ့်လူ လိုအပ်တယ် လိုအပ်ရင် စုစည်းနိုင်ဖို့အတွက်ပေါ့"

"မင်း အခု ဆုတ်ခွာချင်လည်း ရတယ် ငြင်းချင်လည်း ရပါတယ် ဒါပေမဲ့ အစီအစဉ်ကတော့ ပြောင်းလဲမှာ မဟုတ်ဘူး တစ်ယောက်ယောက်ကတော့ ဒီအလုပ်ကို လုပ်ကို လုပ်ရမှာ"

ဝမ်ရှောင်မင်က ကြိုတင်သတ်မှတ်ထားပြီးသား အမှန်တရားတစ်ခုကို ပြောနေသကဲ့သို့ တည်ငြိမ်နေသည်။

All Chapters