ကျန်းလေ့ကို မီးရှို့ခြင်း
Vol. 87 Ch. 1240
ကျောက်ရှောင်ယာကို တာချန်းမြို့ ပြန်ခေါ်သွားရန် လျိုစစ်ယွဲ့ကို ယန်ကျန့် စီစဉ်ပေးလိုက်သည်မှာ အကြောင်းအရင်း ရိုးရှင်းလှသည်။
နောက်ရက်ပိုင်းအတွင်း ဆုတောင်းပြည့် တစ္ဆေ၏ စွမ်းရည်ကို သုံးရန် လိုလာနိုင်ပြီး နောက်တစ်ကြိမ် ကျောက်ရှောင်ယာ ဆုတောင်းသည့်အခါ သေမည့်လူမှာ လျိုစစ်ယွဲ့ ဖြစ်ရန် သေချာနေသောကြောင့် ဖြစ်သည်။
ဒါပေမဲ့ ကိစ္စမရှိပေ။ ယန်ကျန့်သည် လျိုစစ်ယွဲ့ကို ပြန်လည် အသက်သွင်းပေးနိုင်သည်။
ဒီလိုလုပ်ခြင်းအားဖြင့် ဆုတောင်းပြည့် တစ္ဆေ၏ အသက်ပေးရမည့် ကန့်သတ်ချက်ကို ကျော်လွှားနိုင်မလား ဆိုသည်ကို သူ စမ်းသပ်ချင်နေခြင်း ဖြစ်သည်။ တကယ်လို့သာ အဆင်ပြေခဲ့လျှင် ဒီနည်းလမ်းကို ထပ်ခါထပ်ခါ သုံးပြီး အဖိုးအခ ပေးစရာ မလိုသည့် ဆုတောင်းများကို အကောင်အထည် ဖော်နိုင်လိမ့်မည်။
ဒါက အကြံဉာဏ် သက်သက်သာပင် ဖြစ်သေးသည်။
ထိုအချိန်တွင်...ယန်ကျန့် မြို့ထဲသို့ ပြန်ရောက်လာသည်။ သူ လျှောက်သွားမနေဘဲ အဆင့်မြင့် ဇိမ်ခံအိမ်ရာ ဝင်းတစ်ခုထဲ ရောက်လာသည်။
ဒီမှာ သူ့အတွက် အိမ်တစ်လုံး ရှိသည်။ ယခင်က မိတ်ဆွေအသိုင်းအဝိုင်းထဲမှ ဟဲထျန်းရှုံး ဆိုသူ လက်ဆောင်ပေးထားခြင်း ဖြစ်သည်။
ယခုဆိုလျှင် တစ်နှစ်လောက် ရှိတော့မည်။ သူ့၏ မိတ်ဆွေအသိုင်းအဝိုင်းထဲမှ လွတ်မြောက်သွားသည့် ဟဲထျန်းရှုံး အသက်ရှင်နေသေးသလား မသိပေ။ မည်သို့ပင်ဆိုစေကာမူ တစ္ဆေတမန်တော်များ၏ အသက်က တိုတောင်းသည်။ ယခုထိ ရှင်သန်နေသေးလျှင် တော်တော် ကံကောင်းသည့်သူပင် ဖြစ်သည်။
ယန်ကျန့်သည် အိမ်အမှတ် (၈) ရှေ့တွင် ရပ်လိုက်သည်။
သူ့တွင် သော့မပါလာပေ။ ပြီးခဲ့သည့်တစ်ခေါက် မပြန်ခင်တုန်းက သော့ကို မြောင်ရှောင်ရှန်းထံ ပေးခဲ့ပြီး အိမ်ကို စောင့်ရှောက်ခိုင်းထားခဲ့သည်။
ဒီတစ်ခေါက် ဌာနချုပ်ကို ရောက်တုန်း မြောင်ရှောင်ရှန်းကို ခဏလောက် ဝင်ကြည့်ရန် ယန်ကျန့် ဆုံးဖြတ်လိုက်သည်။
ခြံတံခါးကြီးက ပိတ်ထားသော်လည်း...
ဒါက ယန်ကျန့်ကို မတားဆီးနိုင်ပေ။ သူ့၏ တစ္ဆေအရိပ် ဖြန့်ကျက်လိုက်သည်နှင့် လေးလံသော တံခါးကြီးက ချက်ချင်း ပွင့်သွားသည်။
သာမန် လုံးချင်းအိမ်ဟု ထင်ရသော်လည်း အတွင်းပိုင်း ပြင်ဆင်ထားသည်မှာ အလွန် ခမ်းနားထည်ဝါသည်။ နေရာတိုင်းတွင် ပြောင်လက်တောက်ပနေပြီး သူဌေးသစ် စတိုင် ပေါက်နေသည်။
ရိုင်းသည်ဟု ထင်ရသော်လည်း နံရံများတွင် ရွှေဆိုင်းများ ကပ်ထားသည်။ ပါးလွှာသော်လည်း သဘာဝလွန် ထိုးဖောက်ဝင်ရောက်မှုနှင့် စောင့်ကြည့်မှုများကို တားဆီးပေးနိုင်သဖြင့် တကယ့်ကို လက်တွေ့ကျသော လုံခြုံရေးအိမ် တစ်ခုပင် ဖြစ်သည်။ တကယ်လို့ ဒီအိမ်ထဲ တစ္ဆေရောက်လာလျှင်တောင် အန္တရာယ်ကင်းကင်းနှင့် ထွက်ပြေးလွတ်မြောက်နိုင်ချေ အလွန်များသည်။
ကျယ်ဝန်းသော ဧည့်ခန်းမကြီးသည် လင်းထိန်ပြီး သပ်ရပ်နေသည်။
ဘာမျှ မပြောင်းလဲသော်လည်း နောက်ဘက် နံရံတွင်မူ စာအုပ်စင်ကြီး သုံးခု ရောက်နေပြီး စာအုပ်များ အပြည့် ထည့်ထားသည်။ အရှေ့တွင် စာကြည့်စားပွဲ တစ်လုံး ရှိသည်။
စားပွဲပေါ်တွင် မှတ်စုစာအုပ်များ အများကြီး ပုံထားပြီး စာရွက်များ ညှပ်ထားသည်ကို တွေ့ရသည်။ ကြည့်ရသည်မှာ တစ်ယောက်ယောက်က ကြိုးကြိုးစားစား လေ့လာနေပုံ ရသည်။
ယန်ကျန့် အနီးကပ် သွားကြည့်လိုက်သည်။
မှတ်စုစာအုပ်ထဲမှ လက်ရေးများက သပ်ရပ်လှပနေသည်။ သေချာပေါက် မြောင်ရှောင်ရှန်း၏ လက်ရေးပင် ဖြစ်ပြီး သူ မှတ်စုစာအုပ် တစ်အုပ်ကို ကောက်ယူပြီး လှန်ကြည့်လိုက်သည်။
လုပ်ကြံဖန်တီးထားသော ဇာတ်လမ်းတိုလေးများ ရေးထားသည်ကို တွေ့ရသည်။ ဟိုတစ်စ ဒီတစ်စနှင့် ဖတ်ရသည်မှာ နားမလည်နိုင်အောင်ပင်ဖြစ်သည်။ ဒါပေမဲ့ အကြောင်းအရာကို ကြည့်လျှင်တော့ တစ္ဆေဇာတ်လမ်းများချည်းသာ ဖြစ်သည်။
"ဒါတွေ မြောင်ရှောင်ရှန်း ရေးထားတာလား"
ယန်ကျန့် ဆက်မဖတ်တော့ဘဲ မှတ်စုစာအုပ်ကို ပြန်ချထားလိုက်သည်။
"ယန်... ယန်ကျန့်... ဘာလို့ ဒီရောက်နေတာလဲ လန့်လိုက်တာရှင်... တစ်ယောက်ယောက် ရပ်နေသလားလို့"
ရုတ်တရက် အပေါ်ထပ်မှ မိန်းကလေး တစ်ယောက် လှမ်းကြည့်ပြီး အံ့သြတကြီး မေးလိုက်သည်။
သူ ဒီကို ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပုံ ရသည်။ ယန်ကျန့် ထိုမိန်းကလေးကို ကြည့်ပြီး စဉ်းစားလိုက်သည်။
"မင်းက မြောင်ရှောင်ရှန်းရဲ့ အတန်းဖော် စုန့်ယွီကျား မလား"
"ဟုတ်တယ် ကျွန်မလေ ရှင် မမှတ်မိတော့ဘူး ထင်နေတာ"
စုန့်ယွီကျားက ပြုံးပြီး ပြောလိုက်သည်။ မျက်လုံးများထဲတွင် စူးစမ်းချင်စိတ်များ ပြည့်နေသည်။
"ယန်ကျန့်... မြောင်ရှောင်ရှန်းကို လာရှာတာလား သူ ဒီနေ့ မရှိဘူး လျိုကျစ်နဲ့အတူ ဈေးဝယ်ထွက်သွားတယ် အရေးကြီးတဲ့ ရည်ညွှန်းစာအုပ်တွေ ဝယ်စရာရှိလို့တဲ့ ဖုန်းဆက်ပြီး ပြန်ခေါ်လိုက်ရမလား"
"မလိုပါဘူး ငါ ဒီတိုင်း ဝင်ကြည့်တာ ခဏနေရင် ပြန်တော့မှာ"
စုန့်ယွီကျား အပေါ်ထပ်မှ အမြန်ဆင်းလာပြီး မေးသည်။
"လက်ဖက်ရည် သောက်မလား အချိုရည်တွေလည်း ရှိတယ် ကျွန်မ ယူပေးမယ်"
မကြာမီမှာပင်...ရေခဲသေတ္တာထဲမှ ရေသန့်ဘူးနှင့် ကိုကာကိုလာဘူး ယူလာပြီး ယန်ကျန့်ကို ပေးလိုက်သည်။
"ဒီမှာနေရတာ အဆင်ပြေရဲ့လား"
ယန်ကျန့် ကိုကာကိုလာဘူးကို ယူရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"အသားကျနေပါပြီ အိမ်ကြီးက ကျယ်တော့ သန့်ရှင်းရေး လုပ်ရတာ နည်းနည်း ပင်ပန်းတာကလွဲရင်ပေါ့ ဒါပေမဲ့ ရှင့်ကို တကယ် ကျေးဇူးတင်တယ် ယန်ကျန့်... ရှင်သာ မကူညီရင် ကျွန်မတို့ နေစရာမရှိဘဲ လမ်းဘေးရောက်နေလောက်ပြီ"
စုန့်ယွီကျားက ပြောရင်း ယန်ကျန့်ကို ခိုးကြည့်နေသည်။ လူပြောများသော တစ္ဆေတမန်တော် ဆိုသည့်လူကို သူမ အရမ်း စိတ်ဝင်စားနေမိသည်။
"ကိစ္စသေးသေးလေးပါ နေရတာ အဆင်ပြေရင် ဆက်နေပါ ငါက ဒီကို သိပ်လာတာ မဟုတ်ဘူး"
ယန်ကျန့်က ဆက်မေးသည်။
"မြောင်ရှောင်ရှန်းက ဒီရက်ပိုင်း ဘာတွေ ရေးနေတာလဲ မှတ်စုတွေ အများကြီး ထုတ်ထားတယ် စာအုပ်တွေလည်း အများကြီး ဖတ်နေတယ် စာတမ်းပြုစုနေတာလား အဲဒါနဲ့လည်း မတူပါဘူး ဇာတ်လမ်းရေးနေသလိုပဲ"
"မြောင်ရှောင်ရှန်းက ပြောတယ် သူ ထူးခြားတဲ့ ပုံပြင်စာအုပ်တစ်အုပ် ရေးချင်လို့တဲ့ အဲဒါတွေက သူ စုဆောင်းထားတဲ့ အချက်အလက်တွေပါ"
စုန့်ယွီကျားက ပြောပြီး အသံတိုးတိုးဖြင့် ဆက်ပြောသည်။
"ရှင့်အကြောင်း ရေးမယ်လို့ ကြားတယ်"
"ငါ့အကြောင်းလား"
ယန်ကျန့်က မေးလိုက်သည်။
"ဘာလို့ ငါ့အကြောင်း ရေးချင်ရတာလဲ"
"ကျွန်မလည်း မသိဘူး"
စုန့်ယွီကျား ခေါင်းခါလိုက်သည်။ ယန်ကျန့် ဆက်မမေးတော့ဘဲ ပြောလိုက်သည်။
"တစ်ခုခု လုပ်ချင်စိတ် ရှိတာ ကောင်းပါတယ် အားပေးထောက်ခံပေးဖို့ လိုတယ် ဒါပေမဲ့ သူ ဖန်တီးနေတဲ့ ဇာတ်လမ်းတွေက နည်းနည်း ခက်ခဲနေပုံရတယ် တကယ့် ဖြစ်ရပ်မှန်တွေက သူ ထင်ထားတာထက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ် သူ ရေးချင်တယ် ဆိုမှတော့ ငါ့အတွေ့အကြုံတချို့ကို မင်း သူ့ကို ပြောပြလိုက် သူ့အတွက် အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်တယ်"
"ကျွန်မလား"
စုန့်ယွီကျား ကိုယ့်လည်ပင်းကိုယ် လက်ညှိုးထိုးပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
"ကျွန်မက ဘာမှ မသိဘဲ ရှင့်အတွေ့အကြုံတွေကို ဘယ်လိုလုပ် သိမှာလဲ မြောင်ရှောင်ရှန်းက အရင်က ဖြစ်ရပ်တချို့ ပြောပြဖူးပေမယ့် ကျွန်မ သိတာက သူ့လောက်တောင် မများပါဘူး"
"အရင်က မသိပေမယ့် မကြာခင် မင်း သိသွားပါလိမ့်မယ်"
ယန်ကျန့် ပြောပြီးသည်နှင့် ရှေ့တစ်လှမ်းတိုးပြီး သူမ၏ နဖူးကို လက်ညှိုးဖြင့် ခပ်ဖွဖွလေး တို့လိုက်သည်။
အေးစက်သော အငွေ့အသက်ကြောင့် စုန့်ယွီကျား နည်းနည်း နေမထိထိုင်မသာ ဖြစ်သွားသော်လည်း မကြာမီမှာပင် မိန်းမောတွေဝေသွားပြီး မျက်လုံးများ ဗလာဖြစ်သွားသည်။
သူမ မပိုင်ဆိုင်သော မှတ်ဉာဏ်တစ်ခု ခေါင်းထဲ ဝင်လာသည်။
ကြောက်မက်ဖွယ်ကောင်းပြီး မျှော်လင့်ချက်မဲ့သည့် အတွေ့အကြုံများ ဆက်တိုက်ပင် ဖြစ်သည်။
"ဒီဇာတ်လမ်းတွေကို မြောင်ရှောင်ရှန်းဆီ ပြောပြပြီးတာနဲ့ မင်း ချက်ချင်း မေ့သွားလိမ့်မယ်"
စိမ်းသက်နေသော မှတ်ဉာဏ်ထဲတွင် အေးစက်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။
အချိန်ဘယ်လောက် ကြာသွားလဲ မသိပေ။ စုန့်ယွီကျား သတိပြန်ဝင်လာသည်။
ဒါပေမဲ့ သူမရှေ့တွင် ဘယ်သူမှ ရှိမနေတော့ပေ။ စောစောက ရှိနေသည့် ယန်ကျန့် ပျောက်သွားပြီ။ ယန်ကျန့် ရောက်လာခဲ့သည် ဆိုတာကို သက်သေပြနေသည်မှာ ဘေးနားရှိ စားပွဲပေါ်တွင် တင်ထားသော ကိုကာကိုလာဘူးခွံလေး တစ်ခုသာ ကျန်နေသည်။
"အဲဒါ ယန်ကျန့်ရဲ့ မှတ်ဉာဏ်လား..."
စုန့်ယွီကျား ခေါင်းထဲမှ မှတ်ဉာဏ်ကို ပြန်စဉ်းစားလိုက်မိပြီး ကြက်သီးမထဘဲ မနေနိုင်တော့ပေ။
မှတ်ဉာဏ်က မပြည့်စုံသော်လည်း တစ်ခုပြီးတစ်ခု ဆက်တိုက် ကြုံတွေ့နေရသော ကြောက်စရာကောင်းသည့် သဘာဝလွန် ဖြစ်ရပ်များကို ပြန်တွေးလိုက်ရုံနှင့်ပင် သာမန်လူတစ်ယောက်ကို ကြောက်လန့်ပြီး စိတ်ဓာတ်ကျသွားစေနိုင်သည်။
ယန်ကျန့် ဒီနေရာမှ ထွက်ခွာပြီး ဂေါင်းမင် အလုပ်လုပ်ခဲ့သည့် နေရာကို ရောက်လာသည်။
သူ ဒီကို တစ်စုံတစ်ရာ စုံစမ်းဖို့ လာတာ မဟုတ်ပေ။ ဒီမြို့၏ ခေါင်းဆောင်သစ် ကျန်းလေ့နှင့် တွေ့ချင်ရုံ သက်သက်သာ ဖြစ်သည်။
ထိုအချိန်တွင် ကျန်းလေ့သည် ရုံးခန်းထဲ၌ ဂေါင်းမင် ထားခဲ့သော ဖိုင်များ၊ စာရွက်စာတမ်းများကို စီစဉ်နေသည်။ နောက်ရက်ပိုင်းအတွင်း ချောချောမွေ့မွေ့ တာဝန်လွှဲပြောင်းယူနိုင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
သူတစ်ယောက်တည်းတော့ မဟုတ်။ လက်ထောက် နှစ်ယောက်လည်း ရှိသည်။ သူတို့ကလည်း တစ္ဆေဆရာများပင် ဖြစ်သည်။ ကြည့်ရသည်မှာ လူသစ်များနှင့် တူသည်။ နုနယ်နေသေးပြီး တစ္ဆေဆရာ ဖြစ်တာ သိပ်မကြာသေးပုံ ရသည်။
"ကျန်းလေ့... မင်းရဲ့ အခု အခြေအနေနဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်နိုင်မယ်လို့ ထင်လား"
ယန်ကျန့် ရုံးခန်းထဲ ရောက်လာပြီး ချက်ချင်း မေးလိုက်သည်။
"ဘယ်သူလဲ"
ဘေးနားမှ လက်ထောက်က လန့်သွားပြီး အော်မေးလိုက်သည်။ ကျန်းလေ့က ချက်ချင်း ပြောလိုက်သည်။
"စိတ်အေးအေးထား... မလန့်ပါနဲ့ ယန်ကျန့်ပါ"
သူ ချက်ချင်း တုံ့ပြန်လိုက်နိုင်သည်။ အသံကို ကြားတာနဲ့ ယန်ကျန့်က တစ္ဆေနယ်မြေ သုံးပြီး ရုတ်တရက် ရောက်လာမှန်း သိလိုက်ခြင်း ဖြစ်သည်။
"ယန်ကျန့်... မင်းက ရုတ်တရက်ကြီး ရောက်လာပြီး လူကို လာခြောက်နေတယ် ဌာနချုပ်ကို ခေါင်းဆောင် အစည်းအဝေး တက်ဖို့ လာတယ်လို့ ကြားတယ် စောစောကလည်း ဂေါင်းမင် သေဆုံးမှု သွားစုံစမ်းတယ်ဆို ဘယ်လိုလဲ ရလဒ် ထွက်လား"
"ဂေါင်းမင်ကို သတ်သွားတာ ထိပ်တန်း တစ္ဆေဆရာ တစ်ယောက်ပဲ ငါ သူနဲ့ တိုက်ခိုက်ခဲ့ပေမယ့် အသာမရခဲ့ဘူး နစ်တောင် နစ်နာခဲ့သေးတယ်"
"ကြည့်ရတာ ဒီကိစ္စက တော်ရုံ မဟုတ်ဘူးပဲ"
ကျန်းလေ့ သက်ပြင်းချပြီး ပြောသည်။
"ကံဆိုးတာက ငါ့အခြေအနေက သိပ်မကောင်းဘူး ငါ အကြိမ်ကြိမ် မလှုပ်ရှားနိုင်ဘူး ငါ ထိန်းချုပ်ထားတဲ့ တစ္ဆေက အရမ်း ရက်စက်ကြမ်းကြုတ်လွန်းတယ် ငါ့ကို အချိန်မရွေး ဝါးမြိုသွားနိုင်တယ် အခုလည်း အရင်တိုင်းပါပဲ အာဟုန်က ငါ့ကိုယ်ပေါ်မှာ တစ္ဆေတမန်တော် ပုံဆွဲပေးထားပြီး တစ္ဆေမိတ်ကပ် စွမ်းအားနဲ့ တစ္ဆေ နိုးထလာမှာကို ဖိနှိပ်ထားရတာ"
"လတ်တလော ငါ ထူးခြားတဲ့ မီးတောက်တစ်ခု ရထားတယ် သဘာဝလွန် အရာတွေကို ဖိနှိပ်နိုင်စွမ်း ရှိတယ် တစ္ဆေအရိုးတွေကို လောင်စာအဖြစ် သုံးရတာ စမ်းကြည့်ချင်လား"
ကျန်းလေ့ ချက်ချင်း အံ့သြသွားပြီး ပြောသည်။
"ဟေ... အဲဒီလိုမျိုး ရှိတယ်လား ပြောပြပါဦး စမ်းကြည့်ဖို့ အခွင့်အရေး ရှိမလားလို့"
သူ မစမ်းခင် သဘာဝလွန် စွမ်းအား၏ သဘောသဘာဝကို နားလည်ထားရန် လိုသည်လေ။ ယန်ကျန့် လျှို့ဝှက်မထားဘဲ မီးတောက်၏ သဘောသဘာဝကို အသေးစိတ် ရှင်းပြလိုက်သည်။
"ငါ ထင်တာတော့ ဒီမီးတောက်က မင်းကို ကူညီနိုင်လောက်တယ် မင်း ခန္ဓာကိုယ်ထဲက တစ္ဆေကို မီးတောက်နဲ့ လောင်ကျွမ်းစေပြီး အဆင်ပြေသွားရင် တစ္ဆေနဲ့ မျှခြေအသစ် တစ်ခု ရလာလိမ့်မယ် မီးတောက်ရဲ့ အဆက်မပြတ် လောင်ကျွမ်းတဲ့ သဘောသဘာဝကို သုံးပြီး အဲဒီ ရက်စက်ကြမ်းကြုတ်တဲ့ တစ္ဆေကို လောင်စာအဖြစ် သုံးကာ သဘာဝလွန် စွမ်းအားကို ဖိနှိပ်ထားလို့ ရမယ်"
"မအောင်မြင်ရင် ငါ မီးလောင်ပြီး သေမှာပေါ့ ဟုတ်လား"
"ဟုတ်တယ် အရာအားလုံးမှာ စွန့်စားရမှု ရှိတာပဲလေ တစ္ဆေတမန်တော်ရဲ့ စွမ်းအားကို မှီခိုနေရတာက ရေရှည် အစီအစဉ် မဟုတ်ဘူး အာဟုန်က လီကျွင်းနားမှာ အမြဲရှိနေတာ မင်း လှုပ်ရှားလိုက်တာနဲ့ တစ္ဆေမိတ်ကပ်က ပျက်သွားပြီး တစ္ဆေက ပြန်နိုးထလာလိမ့်မယ် တာဝန်ခံ တစ်ယောက် အနေနဲ့ ဒီလိုပုံစံနဲ့ သဘာဝလွန် ဖြစ်ရပ်တွေကို ဖြေရှင်းရတာ အရမ်း ဒုက္ခရောက်လိမ့်မယ်"
ယန်ကျန့် ဒီကို လာခဲ့တာ အရင်က သံယောဇဉ်ကြောင့် ဒီအကြောင်း လာပြောပြတာပါ။ လုပ်မလုပ် ဆိုတာကတော့ ကျန်းလေ့ အပေါ်မှာသာ မူတည်သည်။
ကျန်းလေ့ စဉ်းစားနေကာ ချိန်ဆနေသည်။
ယန်ကျန့် သူ့ကို စေတနာနှင့် ကူညီနေတာ သူ သိသည်။ သူ ထိန်းချုပ်ထားတဲ့ တစ္ဆေက အရမ်း ကြမ်းတမ်းလွန်းလို့ ဒုတိယ တစ္ဆေကို ထပ်မထိန်းနိုင်တော့ပေ။ မျှခြေအသစ် ရှာလို့ မရတော့ဘဲ တခြား သဘာဝလွန် နည်းလမ်းတွေနှင့်သာ အသက်ဆက်ပြီး တစ္ဆေ နိုးထလာမှာကို ဆွဲဆန့်ထားရခြင်း ဖြစ်သည်။
ဒါပေမဲ့ ဒါက ရေရှည် မခံပေ။ ကျန်းလေ့ အကြာကြီး မစဉ်းစားပါ။
ယန်ကျန့်နှင့် တစ်သုတ်တည်း တစ္ဆေဆရာ ဖြစ်ပြီး အခုထိ အသက်ရှင်နေနိုင်တယ် ဆိုကတည်းက သူ့မှာ လိုအပ်တဲ့ အရည်အချင်း ရှိပြီးသားပင် ဖြစ်သည်။ ဆုံးဖြတ်ချက်ကို မြန်မြန်ချဖို့ လိုသည်။ တွေဝေနေတာက မကောင်းပေ။
"မင်းရဲ့ စေတနာကို ငါ မငြင်းချင်ပါဘူး စောစောက ငါ စဉ်းစားပြီးပြီ တကယ်လို့ အဲဒီ မီးတောက်က မငြိမ်းဘူးဆိုရင် ငါ့ခန္ဓာကိုယ်ထဲက တစ္ဆေကို ဖိနှိပ်ထားနိုင်မှာပဲ ဒါကြောင့် ငါ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီ"
ကျန်းလေ့ အသက်ပြင်းပြင်း ရှူပြီး သဘောတူလိုက်သည်။ ဘေးနားမှ လက်ထောက်က ကြားတော့ ချက်ချင်း ဝင်တားသည်။
"ကျန်းလေ့... ဒုတိယ တစ္ဆေကို ကိုင်တွယ်တာက အရမ်း အန္တရာယ်များတယ် သေချာ စဉ်းစားပါဦး ဒီလို ဆုံးဖြတ်တာ အရမ်း လောလွန်းတယ် မအောင်မြင်ရင် သေမှာနော်"
"ငါ့ကို လာမပြောနဲ့ ငါ့အခြေအနေ ငါ သိတယ်"
ကျန်းလေ့ လက်ကာပြပြီး လက်ထောက်၏ စကားကို တားလိုက်သည်။
"ယန်ကျန့်... ဘယ်တော့ စမလဲ"
ယန်ကျန့် ရွှေလက်အိတ်ကို ဖြည်းဖြည်းချင်း ချွတ်လိုက်သည်။ မီးကျွမ်းထားသော တစ္ဆေလက် ပေါ်လာသည်။
"အခုပဲ စမယ်"
တစ္ဆေလက်၏ မီးကျွမ်းထားသော အရေပြားအောက်တွင် မီးတောက်ငွေ့ငွေ့လေးများ လှုပ်ရှားနေသည်။ ပေါ်လာတာနဲ့ ကျန်းလေ့ရော ဘေးက လက်ထောက်နှစ်ယောက်ပါ ပူလောင်သည့် စူးရှရှ ခံစားမှုကို ခံစားလိုက်ရသည်။
စိတ်ဝင်စားစရာ ကောင်းသည်မှာ ဒီစူးရှရှ ခံစားမှုက သဘာဝလွန် စွမ်းအား လွှမ်းမိုးခံထားရသည့် အစိတ်အပိုင်းများတွင်သာ ဖြစ်ပေါ်ပြီး သက်ရှိ အစိတ်အပိုင်းများတွင်တော့ ဘာအပူမှ မခံစားရခြင်းပင်။
ကျန်းလေ့ ဘာမှ ထပ်မပြောတော့ဘဲ အင်္ကျီကြယ်သီးများ ဖြုတ်ပြီး ရင်ဘတ်ကို ဖွင့်ပြလိုက်သည်။
သူ့ရင်ဘတ်တွင် အေးစက်ပြီး ကြောက်စရာကောင်းသော အလောင်းကောင် တစ်ခု ကပ်နေသည်။ အလောင်းကောင်၏ ခေါင်းက ကျန်းလေ့၏ ခန္ဓာကိုယ်ထဲမှ ထိုးထွက်နေပြီး မျက်လုံးများ ပိတ်ကာ အိပ်ပျော်နေသလို ဖြစ်နေသည်။
"ယန်ကျန့်... တကယ်လို့ ငါ မအောင်မြင်ခဲ့ရင် မင်း မတုံ့ဆိုင်းပါနဲ့ အလောင်းကောင် သံချောင်းနဲ့ ငါ့ကို ရိုက်ထည့်လိုက်ပါ"
"ဒါပေါ့... ဒါပေမဲ့ မင်း အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့ တကယ့် မီးတောက်တွေနဲ့ ယှဉ်ရင် ဒါက မီးပွားလောက်ပဲ ရှိတာပါ မအောင်မြင်ရင်တောင် မင်းကို မီးလောင်ပြီး သေစေလောက်တဲ့အထိ မဖြစ်နိုင်ပါဘူး"
ယန်ကျန့်က ကျန်းလေ့ ယုံကြည်မှု ရှိလာအောင် ပြောလိုက်ခြင်း ဖြစ်သည်။
"ကောင်းပြီ... လုပ်ကြစို့"
ကျန်းလေ့ ရင်ဘတ်ကို ဖွင့်ပေးလိုက်သည်။ ယန်ကျန့် အချိန်ဆွဲမနေဘဲ မီးကျွမ်းထားသော တစ္ဆေလက်ကို ကျန်းလေ့ ရင်ဘတ်ပေါ် တင်လိုက်သည်။
ရှဲ...
အသားကင်သလို အသံထွက်လာပြီး မီးကျွမ်းနံ့များ ပျံ့လွင့်လာသည်။
နောက်တစ်ခဏတွင်...ကျန်းလေ့ ရင်ဘတ်ထဲမှ ထိုးထွက်နေသော တစ္ဆေအကြမ်းစား ခေါင်းက မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ မျက်လုံးများသည် ဟောက်ပက်နှင့် ကြောက်စရာ ကောင်းသော်လည်း ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ပေါ်နေသည်။
တစ္ဆေက ပါးစပ်ဟပြီး အနက်ရောင် သွားချွန်များနှင့် ယန်ကျန့်၏ တစ္ဆေလက်ကို ကိုက်ဝါးရန် လုပ်သည်။ တစ်ကိုက်တည်းနှင့် ဝါးမြိုပစ်ချင်နေပုံ ရသည်။ ယန်ကျန့် အားနည်းနည်း သုံးပြီး ကျန်းလေ့ကို တွန်းထုတ်လိုက်သည်။
ကျန်းလေ့ နောက်ဘက် နံရံဆီ လွင့်သွားပြီး အရှိန်နှင့် ဝင်ဆောင့်မိသည်။
တချိန်တည်းမှာပင်...
ကျန်းလေ့၏ ရင်ဘတ်ပေါ်တွင် မီးတောက်တစ်ခု စွဲလောင်နေပြီ။ မီးက အသေးလေးမှ တဖြည်းဖြည်း ကြီးလာပြီး စတင် လောင်ကျွမ်းလာသည်။
"အား..."
နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။ သဘာဝလွန် တိုက်စားမှု၏ နာကျင်မှုကို မခံနိုင်တော့ဘဲ ကျန်းလေ့ ကြမ်းပြင်ပေါ် လဲကျသွားသည်။
ယန်ကျန့် တည်ငြိမ်စွာနှင့် အရာအားလုံးကို ရပ်ကြည့်နေသည်။ မထင်မှတ်တာတွေ ဖြစ်လာလျှင် ကာကွယ်ဖို့ သူ အသင့်ပြင်ထားသည်။
တကယ်လို့ ကျန်းလေ့ အောင်မြင်သွားလျှင် သူ့ခန္ဓာကိုယ်ထဲက တစ္ဆေအကြမ်းစားကို ထိန်းချုပ်နိုင်သွားပြီး ထိပ်တန်း တစ္ဆေဆရာ မဖြစ်လျှင်တောင် ပထမတန်းစား တစ္ဆေဆရာတော့ ဖြစ်လာလိမ့်မည်။
"ယန်ကျန့်... ခင်ဗျား တော်တာ ကျွန်တော် သိပါတယ် ဒါပေမဲ့ ဒီနေ့ ခင်ဗျား လုပ်နေတာက သူ့ကို ကူညီတာ မဟုတ်ဘူး ဒုက္ခပေးနေတာ"
ဘေးနားမှ လက်ထောက်က ဒီမြင်ကွင်းကို မြင်တော့ အံကြိတ်ပြီး ယန်ကျန့်ကို စိုက်ကြည့်ရင်း ပြောသည်။ ယန်ကျန့် လှမ်းကြည့်လိုက်သည်။
"မင်းနာမည် ဘယ်သူလဲ"
"ကျန်းကျန့်ပါ ဘာလဲ... ခင်ဗျား ကျွန်တော့်ကို လက်တုံ့ပြန်မလို့လား"
ကျန်းကျန့် ဆိုသည့် လူသစ်က ကြောက်ရွံ့ပုံ မပြဘဲ ယန်ကျန့်ကို ပြန်ကြည့်နေသည်။
"ဒီတိုင်း မေးကြည့်တာပါ တခြား အဓိပ္ပာယ် မရှိပါဘူး"
ယန်ကျန့်က ပြောလိုက်သည်။
"လူသစ်အနေနဲ့ တခြားသူကို ဂရုစိုက်တတ်တာ ကောင်းပါတယ် ဒါပေမဲ့ အခြေအနေကိုလည်း နားလည်ဖို့ လိုတယ် ကျန်းလေ့က အကြာကြီး ခံမှာ မဟုတ်ဘူး ဒါက အခွင့်အရေးပဲ သူ ခြောက်လလောက် စောင့်ခဲ့ရတဲ့ အခွင့်အရေးလေ ဒီလောင်းကြေးကို ထပ်မလား ဆိုတာ သူက မင်းထက် ပိုသိပါတယ်"
"မင်းက ဒီမှာ ငါ့ကို လက်ညှိုးထိုးနေမယ့်အစား သူ အဆင်ပြေပါစေလို့ ဆုတောင်းပေးသင့်တယ်"
"ပြီးတော့ ငါ့ကို လက်ညှိုးထိုးတာက အန္တရာယ်များတယ် ငါ့စိတ်က သိပ်မရှည်ဘူး ငါ စိတ်မထိန်းနိုင်ရင် လူသေတတ်တယ် ဒါကြောင့် မင်း အခု ပါးစပ်ပိတ်ထားတာ အကောင်းဆုံးပဲ"
ဒီလူသစ် ကျန်းကျန့်ကို သူ စကားအများကြီး ပြောဖို့ စိတ်ရှည်မနေပေ။ အတိုချုပ် ရှင်းပြပြီး ပါးစပ်ပိတ်ခိုင်းလိုက်သည်။ ကျန်းကျန့် နားလည်ရင် ကောင်းသည်။ နားမလည်ရင်လည်း ဆက်ပြောနေစရာ မလိုတော့ပေ။
"ယန်ကျန့်... ခင်ဗျားက ဝါရင့်မို့လို့ လူသစ်တွေကို အမြဲတမ်း ဒီလို မောက်မာတာလား ဒါမှမဟုတ် အကျင့်ကိုက ဒီလို မောက်မာတာလား"
ကျန်းကျန့် အံကြိတ်ပြီး မေးလိုက်သည်။
"ငါက အမြဲတမ်း ဒီလို မောက်မာတာ"
ယန်ကျန့်က မျက်နှာသေဖြင့် ပြန်ဖြေလိုက်သည်။