← Chapters

အခန်း (၅၈၇−၅၈၈)

Vol. 38 Ch. 587-588

အခန်း (၅၈၇−၅၈၈)

Vol. 38 Ch. 587-588

အခန်း (၅၈၇) ဘာစာကာ လူဝံ

စက်ယန္တရား ပြုပြင်မွမ်းမံရေး အခန်းထဲတွင်...

“ပင်မမော်ဂျူး ပြီးသွားပါပြီ။ အလိုအလျောက် စကင်ဖတ်စစ်ဆေးမှု လုပ်ဆောင်နေသည်... အလိုအလျောက် စကင်ဖတ်စစ်ဆေးမှု ပြီးဆုံး။ အရာအားလုံး ကောင်းမွန်စွာ အလုပ်လုပ်နေပါသည်။ အစွန်အဖျားမော်ဂျူးများကို တပ်ဆင်နေသည်...”

ယန္တရားလက် ဆယ်ချောင်းခန့်သည် ယန္တရားဝတ်စုံ၏ အစိတ်အပိုင်းအသီးသီးကို လျင်မြန်စွာ တပ်ဆင်လိုက်ပြီး ဟော်လိုဖန်သားပြင်တစ်ခုက ယန္တရားဝတ်စုံ၏ ကိန်းဂဏန်းအမျိုးမျိုးကို ပြသနေသည်။

ဖီးလစ်သည် တပ်ဆင်မှု လုပ်ငန်းစဉ် တစ်လျှောက်လုံး လက်ထောက်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစဉ်တစ်ခုလုံးကို ကြီးကြပ်ရန် သူ၏ သာလွန်သော လုပ်ဆောင်နိုင်စွမ်း အရှိန်အဟုန်ကို အသုံးပြုခဲ့သည်။ သူသည် အစိတ်အပိုင်းအသီးသီးအတွင်းရှိ အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော ချို့ယွင်းချက်အားလုံးကို ရှာဖွေတွေ့ရှိခဲ့သဖြင့် ဟန်ရှောင်းသည် ဆက်တိုက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ပြီး ထုတ်ကုန်၏ အဆင့်အတန်းကို မြှင့်တင်ရန် ပြီးပြည့်စုံမှုကို သေချာအောင်လုပ်လိုက်သည်။

ခရမ်းရောင်အဆင့်၏ အထက်တွင် ပန်းရောင် ရှားပါးအဆင့် ရှိသည်။ စက်တစ်ခု၏ အရည်အသွေး မြင့်မားလေ၊ ၎င်း၏အဆင့်ကို မြှင့်တင်ရန် ပိုမိုခက်ခဲလေဖြစ်သည်။ သို့သော် ငွေဖြင့် ဖြေရှင်းနိုင်သော ပြဿနာသည် လုံးဝ ပြဿနာ မဟုတ်ပေ။

ဟန်ရှောင်းသည် ပင်မကုန်ကြမ်းပစ္စည်းများအတွက် အီနက်စ် ၁၀၀,၀၀၀ ကျော် သုံးစွဲခဲ့ပြီး ယန္တရားဝတ်စုံတွင် ပန်းရောင်အဆင့် ဟင်းလင်းပြင်နဂါး အရိုးကိုပင် အသုံးပြုခဲ့သည်။ ရှားပါးပစ္စည်း အများအပြားကို အသုံးပြုထားခြင်းကြောင့် နောက်ဆုံးထုတ်ကုန်၏ အဆင့်အတန်းကို မြှင့်တင်ရန် အလွန်ရိုးရှင်း၏။ တူညီသော အဆင့်ရှိ ကိရိယာနှစ်ခုကို နှိုင်းယှဉ်ကြည့်သောအခါ ပန်းရောင်နှင့် ခရမ်းရောင်အဆင့် ကွာခြားချက်သည် လုံးဝ မသေးငယ်ပေ။

ယခု သူသည် ကပ်ဘေးအဆင့်တွင် ရှိနေသဖြင့် သူ့တွင် ပေါများသော ယန္တရားစွမ်းအား ရှိပြီး သူ၏ စက်ယန္တရားရင်းနှီးမှုသည်လည်း မြင့်တက်လာသည်။ သူ၏ အရည်အချင်းများနှင့် ကျွမ်းကျင်မှုအားလုံး၏ အကူအညီဖြင့် ဟန်ရှောင်း၏ တည်ဆောက်မှု ထိရောက်မှုသည် များစွာ တိုးတက်လာခဲ့သည်။ အဆင့်မြင့် ယန္တရားဝတ်စုံကို တည်ဆောက်နေသော်လည်း အချိန်အများကြီး မယူခဲ့ရပေ။

ဖူး

ယန္တရားလက်များသည် ယန္တရားဝတ်စုံ၏ ကျန်ရှိသော မော်ဂျူးများကို လျင်မြန်စွာ တပ်ဆင်လိုက်ပြီး တပ်ဆင်မှု ပြီးဆုံးသွားသောအခါ ယန္တရားလက်သည် အအေးခံရန်နှင့် မော်ဂျူးများကို ပေါင်းစပ်နိုင်စွမ်းရှိသော အေးစက်သော ဓာတ်ငွေ့တစ်မျိုးကို မှုတ်ထုတ်လိုက်သည်။ ဤသည်မှာ နောက်ဆုံးအဆင့် ဖြစ်သည်။

အဖြူရောင် အေးစက်သော ဓာတ်ငွေ့သည် အရပ်မျက်နှာ အသီးသီးသို့ ပျံ့လွင့်သွားပြီး အနက်ရောင်နှင့် ရွှေရောင် ယန္တရားဝတ်စုံ ဟန်ရှောင်း၏ ရှေ့တွင် ပေါ်လာသည်။

ထို့နောက် ဟန်ရှောင်းသည် ယန္တရားဝတ်စုံ၏ ရင်ဘတ်အပိုင်းကို လက်ချောင်းဖြင့် ဖိလိုက်ပြီး ဝတ်စုံကို အသက်သွင်းရန် ယန္တရားစွမ်းအား အနည်းငယ် ထုတ်လွှတ်လိုက်သည်။

ရုတ်တရက် လှိုင်းများက ယန္တရားဝတ်စုံ၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာသကဲ့သို့ ဖြစ်ပြီး မရေမတွက်နိုင်သော အနက်ရောင် နာနိုစက်ရုပ်များ လှုပ်ရှားလာကြသည်။ ပါးလွှာသော ယန္တရားဝတ်စုံ၏ မော်ဂျူးအမျိုးမျိုးသည် မျက်နှာပြင်ပေါ်သို့ တက်လာပြီး ယန္တရားဝတ်စုံသည် ကြွက်သားအမြောက်အမြား တပ်ဆင်ထားသကဲ့သို့ ဖောင်းကြွလာသည်။

ဟန်ရှောင်းသည် ယန္တရားဝတ်စုံသစ်တွင် [စူပါနာနိုမီတာစွမ်းအား] ကို အသုံးပြုခဲ့ပြီး ယန္တရားဝတ်စုံတွင် မှတ်ဉာဏ်အလွိုင်း၏ ဂုဏ်သတ္တိများရှိသော နာနိုစက်များစွာ ပါဝင်သည်။ လက်နက်မော်ဂျူး အမျိုးမျိုး၏ အချက်အလက်များကို ဤနာနိုစက်များထဲသို့ ထည့်သွင်းထားပြီး ဤနာနိုစက်များသည် အချိန်မရွေး ကွဲပြားသော လက်နက်များအဖြစ် ပြောင်းလဲနိုင်သည်။ ယန္တရားဝတ်စုံ၏ ဒီဇိုင်းသည် ရိုးရှင်းပုံရသော်လည်း အမှန်တကယ်တွင် နေရာအနှံ့ လက်နက်များဖြင့် ပြည့်နှက်နေပြီး ကွဲပြားသော လုပ်ဆောင်ချက်များစွာ ပါဝင်သည်။

ထို့အပြင် ဤနာနိုစက်များသည် ကိုယ်တိုင် ပြုပြင်နိုင်စွမ်း၊ စွမ်းအင်ထုတ်လုပ်နိုင်စွမ်းနှင့် အခြားလုပ်ဆောင်ချက်များစွာ ရှိသည်။

“ဒီယန္တရားဝတ်စုံက ဟင်းလင်းပြင်နဂါး ထက် အများကြီး ပိုအစွမ်းထက်ပြီး ဒီနေ့အထိ ငါဖန်တီးခဲ့သမျှ အစွမ်းအထက်ဆုံး ယန္တရားဝတ်စုံပဲ...”

ဟန်ရှောင်းသည် အင်တာဖေ့စ်ကို ဖွင့်ပြီး ယန္တရားဝတ်စုံ၏ ဂုဏ်သတ္တိများကို ကြည့်ရှုလိုက်သည်။

________________________________________

[ဘာစာကာ လူဝံ]

အမျိုးအစား - နာနို အသွင်ပြောင်း ယန္တရားဝတ်စုံ

အဆင့်အတန်း - ပန်းရောင်

လိုအပ်ချက်များ - အဆင့် ၁၃၅၊ ယန္တရားပညာရှင် အတန်းအစား၊ >၁၀,၀၀၀ စွမ်းအင်

အခြေခံ ဂုဏ်သတ္တိများ -

– သံချပ်ကာ - ၈၆,၀၀၀/၈၆,၀၀၀

– ခုခံနိုင်စွမ်း - ၅၈၀

– ပါဝါအဆင့် - ၃,၄၀၀

– စွမ်းအင် - ၂၇,၅၀၀

– အရပ် - ၁.၉၆ မီတာ

– အလေးချိန် - ၂၆၀ ပေါင်

ထိန်းချုပ်မှု နည်းလမ်း - အလယ်အလတ်အဆင့် အေI အကူအညီ + အာရုံကြောချိတ်ဆက်မှု (ပင်ကိုယ်အရည်အသွေးအားလုံးအတွက် +၁၀%)

စွမ်းအင်အရင်းအမြစ် - အသေးစား စုစည်းထားသော နျူကလီးယား ဓာတ်ပေါင်းဖို – ကိုယ်တိုင် အားသွင်းခြင်း။ ၄၈၀/မိနစ် နှုန်းဖြင့် စွမ်းအင် ပြန်လည်ရယူသည်။ အသုံးပြုသူထံမှ စွမ်းအင် ကူးပြောင်းမှုနှုန်း - ၄၀:၉၀

ငြိမ်သက်မုဒ် စွမ်းအင် အသုံးပြုမှု - ၄၅/မိနစ်

တိုက်ခိုက်ရေးမုဒ် စွမ်းအင် အသုံးပြုမှု - ၁၁၀/မိနစ်

ပင်မပါဝါစွမ်းရည် - ၂,၃၇၅/၂,၇၀၀

အရိုးစုမော်ဂျူး - PR-909 စူပါ နာနို ပိုလီမာ ဖိုင်ဘာ (ခရမ်းရင့်ရောင်) + နာနိုအမှုန် အခင်းအကျင်း။ ယန္တရားဝတ်စုံ၏ ဂုဏ်သတ္တိများကို များစွာ တိုးမြှင့်ပေးသည်။

+၁၂၅ ခွန်အား၊ +၁၃၁ လက်စွမ်း၊ ပါဝါ အသုံးပြုမှု - ၃၅၀။

အပိုဆောင်း ဂုဏ်သတ္တိများ ပေးစွမ်းရန် နာနိုအမှုန်များကို အသက်သွင်းနိုင်သည်။ စွမ်းအင် ကုန်ကျစရိတ် - ၅၀/မိနစ်၊ ဂုဏ်သတ္တိအားလုံး +၄၅%။

သံချပ်ကာ အုပ်မိုးမှု မော်ဂျူး - ကိုင်လ် အလွိုင်း (ခရမ်းရင့်ရောင်) + ဟင်းလင်းပြင်နဂါး အရိုး (ပန်းရောင်) + သန့်စင်ထားသော အိုဗာဂါ သတ္တု (ခရမ်းရောင်)။

လက်နက်မော်ဂျူး - အသွင်ပြောင်း နာနိုအမှုန် လက်နက်များ။ [ချဲ့ထွင်/ပြန်ဖြန့်]။ ပါဝါ အသုံးပြုမှု - ၇၂၅

တွန်းကန်အားမော်ဂျူး - ဆွဲငင်အားဆန့်ကျင် လျှပ်စစ်သံလိုက် အင်ဂျင် + မူလတန်းအဆင့် ဂလက်ဆီ တွန်းကန်အားပေးစက်။ ပါဝါ အသုံးပြုမှု - ၅၀၀

ဒိုင်းကာမော်ဂျူး - စူပါ မာကျောသော လျှပ်စစ်သံလိုက် ဒိုင်းကာ။ ၁၈,၀၀၀ ဒိုင်းကာ တာရှည်ခံမှု၊ ၁၅၀ ခုခံနိုင်စွမ်း ပေးသည်။ စွမ်းအင် ကုန်ကျစရိတ် - ၁၅၀/မိနစ်။ ၆၀၀ ဒိုင်းကာ တာရှည်ခံမှု/စက္ကန့် ပြန်လည်ရယူသည်။ ဒိုင်းကာ ပျက်စီးသွားပါက ၈ စက္ကန့် ကြာမှသာ ပြန်လည်အသုံးပြုနိုင်သည်။ ပါဝါ အသုံးပြုမှု - ၃၀၀။

…

အပိုဆောင်း စွမ်းရည် - နာနိုအမှုန် ပြုပြင်ခြင်း။ နာနိုအမှုန်များသည် လွတ်လပ်စွာ ပြုပြင်နိုင်စွမ်း ရှိသည်။ စွမ်းအင် ကုန်ကျစရိတ် - ၂၀၀/မိနစ်၊ ၅% သံချပ်ကာ ပြုပြင်မှု/မိနစ်။ တိုက်ပွဲပြင်ပတွင် ရှိနေပါက အကျိုးသက်ရောက်မှုများ ဆတိုး ဖြစ်လိမ့်မည်။

အပိုဆောင်း စွမ်းရည် - ဘာစာကာ ပစ်ပေါက်ခြင်း။ စုစည်းထားသော နျူကလီးယား ဓာတ်ပေါင်းဖိုနှင့် နာနိုအမှုန်များမှ အားဖြည့်မှုဖြင့်၊ ပစ်ပေါက်နေစဉ် +၈၀ ခွန်အား။ ပစ်မှတ်ကို လွင့်ထွက်သွားအောင် ပစ်ပေါက်ပြီး ထိခိုက်မှုကို အပိုင်းလိုက် ခွဲခြားထားသည်။

ထိခိုက်မှု တွက်ချက်မှုကို စုစုပေါင်း ခွန်အားဖြင့် ဆုံးဖြတ်သည်။ ပစ်ပေါက်လိုက်သော အမှတ်သည် ပထမဆုံး ခံရသော ထိခိုက်မှု ဖြစ်မည်ဖြစ်ပြီး မြေပြင်နှင့် ထိတွေ့သော အမှတ်သည် နောက်ဆုံး ဖြစ်လိမ့်မည်။ ပစ်မှတ်သည် လမ်းတစ်လျှောက် အရာဝတ္ထုတစ်ခုနှင့် တိုက်မိတိုင်း ထိခိုက်မှု အသစ်တစ်ကြိမ် ခံရလိမ့်မည်။ တိုက်မိခြင်း ထိခိုက်မှုကို အရာဝတ္ထု၏ အရွယ်အစားနှင့် မာကျောမှုဖြင့် တွက်ချက်လိမ့်မည်။ တိုက်မိသော အရာဝတ္ထုသည် သက်ရှိဖြစ်ပါက သက်ရှိသည်လည်း တိုက်မိခြင်း ထိခိုက်မှုကို ခံစားရလိမ့်မည်။

စွမ်းအင် ကုန်ကျစရိတ် - ၆၀

ပြန်လည်အသုံးပြုချိန် - ၁၅ စက္ကန့်

အပိုဆောင်း စွမ်းရည် - ပါဝါ ပေါက်ကွဲခြင်း။ ၁,၀၀၀ စွမ်းအင်ကို ချက်ချင်း အသုံးပြုပြီး နောက်ထပ် တိုက်ခိုက်မှုထဲသို့ ပို့ဆောင်လိမ့်မည်။

တိုက်ခိုက်မှုသည် အကွာအဝေးတစ်ခု ဖြစ်ပါက၊ +၃၂၀% – ၃၆၀% ပါဝါ၊ ဧရိယာကျယ် အကျိုးသက်ရောက်မှု နှင့် ဆက်တိုက်ထိခိုက်မှု၊ +၃၀၀% ပစ်ခတ်နိုင်သော အကွာအဝေး။

တိုက်ခိုက်မှုသည် အနီးကပ်တစ်ခု ဖြစ်ပါက၊ +၆၅၀% – ၇၀၀% ထိခိုက်မှု၊ ပါဝါ ပေါက်ကွဲခြင်း ထိခိုက်မှုနှင့် ပျံ့နှံ့ခြင်း ထိခိုက်မှု။ ၆၅% အပြင်းစားထိခိုက်စေမှု အခွင့်အလမ်း။ ပင့်တင်ခြင်း၊ နောက်ပြန်ကန်ခြင်း၊ ဖိနှိပ်ခြင်းနှင့် မူးဝေခြင်း ကဲ့သို့သော အခြေအနေ သက်ရောက်မှုများကို ဖြစ်စေနိုင်သည်။

ပြန်လည်အသုံးပြုချိန် - ၉၀ စက္ကန့်

အထူး စွမ်းရည် - နာနို အသွင်ပြောင်းခြင်း၊ ပုံစံကွဲ သုံးမျိုး

ဧရာမ လူဝံပုံစံ - ၄ မီတာမှ ၈ မီတာကြား အမြင့်ရှိသော အကြီးစား သံချပ်ကာ ပုံစံသို့ ပြောင်းလဲခြင်း။ လက်နက်များ၏ တစ်စိတ်တစ်ပိုင်းကို အသုံးပြုနိုင်မည် မဟုတ်ပေ။ ဤပုံစံတွင်၊ +၁၅၀ ခွန်အား၊ -၁၀၀ လက်စွမ်း၊ +၁၃၀ ခုခံနိုင်စွမ်း၊ +၂၀,၀၀၀ သံချပ်ကာ၊ အနီးကပ် တိုက်ခိုက်မှုများတွင် အပိုဆောင်း ၁၆% တုန်ခါမှု ထိခိုက်မှု ရှိသည်။ [ဘာစာကာ ပစ်ပေါက်ခြင်း] မှ +၂၀% ထိခိုက်မှု။

လွန်းပြန်ယာဉ်ပုံစံ - အာကာသ လွန်းပြန်ယာဉ်အဖြစ် ပြောင်းလဲခြင်း။ မည်သည့် အနီးကပ် တိုက်ခိုက်မှုမျှ အသုံးပြု၍မရပေ။ ဤပုံစံတွင် အမြန်နှုန်း များစွာ တိုးလာပြီး အာကာသထဲတွင် ပျံသန်းနိုင်သည်။

ဘာစာကာ ဝန်ပိုပုံစံ - စွမ်းအင် အူတိုင်သည် ဝန်ပို အခြေအနေသို့ ဝင်ရောက်လိမ့်မည်။ စွမ်းအင် ကုန်ကျစရိတ် - ၂,၀၀၀/မိနစ်။ -၂၅% သံချပ်ကာ၊ လက်နက်အားလုံးအတွက် +၁၈၀% ထိခိုက်မှု၊ ဂုဏ်သတ္တိအားလုံးအတွက် +၃၀%၊ [ပါဝါ ပေါက်ကွဲခြင်း] နှင့် [ဘာစာကာ ပစ်ပေါက်ခြင်း] အတွက် -၄၀% ပြန်လည်အသုံးပြုချိန်။

မှတ်ချက် - အားနည်းသော စူပါတစ်ဦး ဤဝတ်စုံကို ဝတ်ဆင်ခြင်းသည် ကိုယ့်ကိုယ်ကို သတ်သေခြင်း ဖြစ်လိမ့်မည်။

________________________________________

သူ့ယခင် ယန္တရားဝတ်စုံများနှင့် နှိုင်းယှဉ်လျှင် အကြီးမားဆုံး ကွာခြားချက်မှာ ဝတ်စုံ၏ မတူညီသော အတန်းအစား ဖြစ်လိမ့်မည်။ အတိတ်က မြွေနှင့် နဂါး စီးရီးများသည် 'အပေါ့စား တိုက်ခိုက်ရေး ယန္တရားဝတ်စုံ' အတန်းအစားတွင် ပါဝင်သော်လည်း ဘာစာကာ လူဝံသည် 'နာနို အသွင်ပြောင်း ယန္တရားဝတ်စုံ' အတန်းအစားတွင် ပါဝင်သည်။ ၎င်းတွင် အသွင်ပြောင်းနိုင်စွမ်း ရှိပြီး အပိုအစိတ်အပိုင်းများ တပ်ဆင်ရန် မလိုအပ်ပေ။

တကယ်တမ်းတွင် အသွင်ပြောင်း ယန္တရားဝတ်စုံ အများစုသည် လူဝံ စီးရီးများ ဖြစ်ကြသည်။ ဤဝတ်စုံ၏ မူလအစမှာ ဆိုင်ယန်လူဝံများလား။ (Dragon Ball ထဲမှာပါတဲ့ လူဝံ)

ယန္တရားဝတ်စုံသစ်သည် အလွန် အစွမ်းထက်ပြီး ဟန်ရှောင်း၏ မျှော်လင့်ချက်များနှင့် ကိုက်ညီသည်။ သူ၏ ယန္တရားဝတ်စုံသည် နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်ထက် ပိုသန်မာလာပြီး ၎င်း၏ ထိခိုက်နိုင်စွမ်းမှာလည်း အားကောင်းသည်။ ထို့ပြင် သူတပ်ဆင်ထားသော ကြယ်ခရီးသွား အင်ဂျင်နှင့်အတူ ၎င်းသည် လူတစ်ဦးစီး အာကာသယာဉ်နှင့် တူညီသည်။ သူသည် ကြယ်တာရာ တိုက်ပွဲတစ်ခုတွင် စစ်သင်္ဘောများကို တိုက်ခိုက်နိုင်လိမ့်မည်။ ၎င်းသည် အလွန်အသုံးဝင်သော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။

ဘာစာကာ လူဝံကို ဖိသိပ်ထားသော ဘောလုံး တစ်လုံးအဖြစ် ဖိသိပ်လိုက်ပြီး ဟန်ရှောင်းသည် လည်ပင်းတွင် ချိတ်ဆွဲလိုက်သည်။ သူ့လက်များ ယားလာပြီး မနေနိုင်တော့ဘဲ လေ့ကျင့်ရန် တစ်စုံတစ်ယောက်ကို ရှာဖွေနေမိသည်။

သို့သော် သူ့ကိုယ်ပိုင် အရာရှိများသည် သူ့အနိုင်ကျင့်မှုကို တစ်ဖက်သတ် ခံရရုံသာ ရှိမည်ဖြစ်ပြီး အခြားတပ်မှူးချုပ်များ သို့မဟုတ် ဂိုဒိုရာကို ရှာဖွေရန် သူ့အတွက် သိပ်အဆင်ပြေမည် မဟုတ်ပေ။

“အခမ်းအနား စတော့မှာဆိုတော့ ငါ ပြဿနာမရှာတာ ကောင်းပါတယ်။ အနာဂတ်မှာ အခွင့်အရေးတွေ ရှိလာမှာပါ။”

ဟန်ရှောင်းသည် ထိုဆန္ဒကို ခေတ္တ ဖိနှိပ်လိုက်သည်။ ယန္တရားဝတ်စုံသစ်သည် သူ၏ ကိရိယာများကို အဆင့်မြှင့်တင်ရန် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ သူ တည်ဆောက်ရန် လိုအပ်သော လက်နက်အသစ်များနှင့် စက်ယန္တရား အမျိုးမျိုး ရှိနေသေးသည်။ သူ၏ ယန္တရားစစ်တပ် အသစ်ကို ပြန်လည်တည်ဆောက်သောအခါ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် အထွတ်အထိပ်သို့ ရောက်ရှိလိမ့်မည်။

…

အခမ်းအနား ကျင်းပမည့်ရက်ကို နောက်ဆုံးတွင် ဆုံးဖြတ်လိုက်သည်။

အခမ်းအနားမတိုင်မီ ဂိုဒိုရာသည် အမှောင်ကြယ် ပျက်စီးသွားသော သတင်းကို ထုတ်ပြန်လိုက်ရာ ကြယ်စနစ်တစ်ခုလုံး လှုပ်ခတ်သွား၏။

အမှောင်ကြယ်သည် ကွဲအက်ကြယ်စင်ကွင်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားပြီး အမှန်တကယ် ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ဤသည်မှာ တကယ့်ကို ကမ္ဘာပျက်မတတ် သတင်းပင်။

မရေမတွက်နိုင်သော ဂလက်ဆီနေထိုင်သူများသည် လုံးဝ အံ့အားသင့်သွားကြသည်။ အမှောင်ကြယ်ကို ရှင်းလင်းရာတွင် တိုးတက်မှုမရှိဘဲ နှစ်ပေါင်းများစွာ ကြာပြီးနောက် ဂိုဒိုရာသည် အမှောင်ကြယ်ကို ထိုကဲ့သို့ လျှို့ဝှက်ပြီး စေ့စပ်သေချာသော နည်းလမ်းဖြင့် ဖယ်ရှားနိုင်ခဲ့သည်။ ဤသည်မှာ အမှန်တကယ် ရုတ်တရက်ဆန်လွန်းသည်။

အဖွဲ့အစည်းများစွာသည် အမှောင်ကြယ်က မည်ကဲ့သို့သော မုန်တိုင်းမျိုး နောက်ထပ် ဖန်တီးမည်ကို ခန့်မှန်းနေကြဆဲဖြစ်ပြီး သတင်းကြောင့် တုန်လှုပ်သွားကြသည်။

ဂိုဒိုရာသည် လုပ်ငန်းစဉ်၏ ရိုးရှင်းသော အစီရင်ခံစာကိုသာ ထုတ်ပြန်ခဲ့ပြီး အခမ်းအနားအတွင်း လုပ်ငန်းစဉ်တစ်ခုလုံးကို အသေးစိတ် ကြေညာမည်ဖြစ်သည်။ မီဒီယာ သတင်းစာရှင်းလင်းပွဲတစ်ခုနှင့် တူညီသည်။ ထို့ကြောင့် ကွဲအက်ကြယ်စင်ကွင်း ရှိ နိုင်ငံသားအားလုံးသည် ဂိုဒိုရာ၏ အခမ်းအနားကို အာရုံစိုက်ထားကြသည်။

ဂလက်ဆီသတင်းထောက်များသည် သွေးနံ့ရသော ငါးမန်းများကဲ့သို့ ဂိုဒိုရာ၏ မိခင်ဂြိုလ်သို့ စုပြုံရောက်ရှိလာကြပြီး အခမ်းအနားစတင်မည့်အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။

ဂလက်ဆီ မီဒီယာအေဂျင်စီများသည် ဂိုဒိုရာနှင့် သဘောတူညီမှု ရရှိခဲ့ပြီး အခမ်းအနားတစ်ခုလုံးကို ထုတ်လွှင့်ပြသမည်ဖြစ်သည်။

အခမ်းအနားကျင်းပမည့်ရက် နီးကပ်လာသည်နှင့်အမျှ မရေမတွက်နိုင်သော ဂလက်ဆီနေထိုင်သူများသည် အခမ်းအနားစတင်ရန် ပို၍ပင် စိတ်အားထက်သန်လာကြသည်။ ဂိုဒိုရာက အမှောင်ကြယ်ကို မည်ကဲ့သို့ ဖျက်ဆီးခဲ့သည်ကို သူတို့ အမှန်တကယ် သိချင်နေကြသည်!

မျှော်လင့်စောင့်စားမှုများနှင့် စိတ်အားထက်သန်မှုများကြားတွင် အခမ်းအနားကျင်းပမည့်နေ့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။

စာစဉ် (၃၈)၊ အခန်း (၅၈၇) ပြီး၏။

လင်းဆက်

+++++

အခန်း (၅၈၈) ဂုဏ်ပြုဆုပေးပွဲ အခမ်းအနား

ဘုန်း

ဂုဏ်ပြုတပ်ဖွဲ့က ကောင်းကင်ပေါ်သို့ သေနတ်ပစ်ဖောက်လိုက်ပြီး ဂုဏ်ပြုမီးရှူးမီးပန်းများ ပေါက်ကွဲထွက်ပေါ်လာသည်။

ဂိုဒိုရာ မိခင်ဂြိုလ်၏ မြို့တော်တွင် မြို့လယ်ရှိရင်ပြင်သည် ခမ်းနားထည်ဝါမှုများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ မြို့တော်၏ အထင်ရှားဆုံး အထိမ်းအမှတ်နေရာ ဖြစ်သည်။ ရင်ပြင်သည် ကြီးမားကျယ်ပြန့်ပြီး ရင်ပြင်အလယ်တွင် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ ရုပ်တုများစွာ ရှိသည်။ ထိုရုပ်တုများကို ရွှေရောင်အလင်းတန်းများဖြင့် တောက်ပစေရန် မှော်ပညာဖြင့် မွမ်းမံထားသည်။ ဂိုဒိုရာ၏ အခမ်းအနားကြီးများစွာကို ဤရင်ပြင်တွင် ကျင်းပလေ့ရှိသည်။

ထိုအချိန်တွင် ရင်ပြင်အထက် ကောင်းကင်ယံသည် ပျံသန်းခြင်းမပြုရဇုန်ဖြစ်ပြီး ဂိုဒိုရာ ကင်းလှည့်အဖွဲ့များစွာ လှည့်လည်သွားလာနေကြသည်။ မြေပြင်ပေါ်တွင် ရင်ပြင်အလယ်ကို တားမြစ်ထားပြီး ဝင်ရောက်ခွင့်ပြုထားသူများသာ ဝင်ရောက်နိုင်သည်။ ရင်ပြင်အလယ်တွင် စင်မြင့်ကြီးတစ်ခု တည်ရှိပြီး ထိုင်ခုံများကို စင်မြင့်ပေါ်တွင် ချထားသည်။ ဤထိုင်ခုံများသည် ဂိုဒိုရာ၏ အဆင့်မြင့်အရာရှိများအတွက် ဖြစ်သည်။ ထိုအချိန်တွင် ခေါင်းဆောင်အသီးသီး ရောက်မလာသေးဘဲ သူတို့၏ထိုင်ခုံများသည် လွတ်နေဆဲဖြစ်သည်။

စင်မြင့်အောက်တွင် အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားထားသည့် လူ့အဖွဲ့အစည်းအလွှာစုံမှ အဖွဲ့ဝင်များအတွက် သပ်သပ်ရပ်ရပ် စီစဉ်ထားသော ထိုင်ခုံတန်းများ ရှိသည်။ ထိုအချိန်တွင် ထိုင်ခုံများသည် ပြည့်နေပြီဖြစ်သည်။

ရင်ပြင်အပြင်ဘက်တွင် ရွှေရောင်အသားအရေရှိသော လူများသည် ငါးသေတ္တာဘူးထဲမှ ငါးများကဲ့သို့ ပြည့်ကြပ်နေပြီး အခမ်းအနားကို အဝေးမှ ကြည့်ရှုနေကြသည်။ အမှန်တကယ်တွင် ဂိုဒိုရာသည် အခမ်းအနားတစ်ခုလုံးကို ကောင်းကင်ယံသို့ ပုံရိပ်ဖော် ပြသမည်ဖြစ်သောကြောင့် အခမ်းအနားကြည့်ရှုရန် ကိုယ်တိုင်လာရောက်ရန် မလိုအပ်ပေ။ ဟော်လိုဖန်သားပြင်တစ်ခုသည် လက်ရှိတွင် မြို့တော်ကောင်းကင်ယံ၌ မျောလွင့်နေပြီး သူတို့သည် ခေါင်းမော့ကြည့်လိုက်ရုံဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။

မြို့တော်၏ လမ်းမများနှင့် လမ်းကြားများရှိ လူတိုင်းသည် ရပ်တန့်ကာ အခမ်းအနားစတင်မည်ကို စောင့်မျှော်ရင်း ဖန်သားပြင်ကို မော့ကြည့်လိုက်ကြသည်။

“ကောင်းကင်ပေါ်က ဖန်သားပြင်က ကြီးမားတဲ့ ပြဇာတ်ရုံကြီးနဲ့ တူတယ်။ ဒီအကျိုးသက်ရောက်မှုက တကယ်ကို အံ့မခန်းပဲ။”

ကစားသမားများစွာသည်လည်း လမ်းပေါ်သို့ ထွက်လာကြပြီး ဤမြင်ကွင်းသည် သူတို့အတွက် တကယ်ကို ဆန်းသစ်နေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကစားသမားအားလုံးသည် မြို့တော်ကို လွတ်လပ်စွာ စူးစမ်းလေ့လာခဲ့ကြပြီး မတူညီသော မျိုးနွယ်စုတစ်ခု၏ လူမှုအဖွဲ့အစည်းအသစ်ကို ခံစားနိုင်ခဲ့ကြသည်။ ဤဆန်းသစ်သော အတွေ့အကြုံသည် သူတို့အားလုံးအတွက် အရသာရှိသော သကြားလုံးတစ်လုံးကဲ့သို့ပင်။

ကုန်ပစ္စည်းဈေးနှုန်းများ ကြောက်စရာကောင်းလောက်အောင် မြင့်မားနေသည်မှလွဲ၍ ကျန်အရာအားလုံးသည် သူတို့အတွက် အလွန်စိတ်ဝင်စားစရာ ကောင်းနေသည်။

ယခင်ဗားရှင်းတွင် ဟန်ရှောင်းနောက်သို့ အာကာသထဲ လိုက်ပါသွားခဲ့သော ကစားသမားများသည် ဂလက်ဆီအတွင်းရှိ မြင်ကွင်းအမျိုးမျိုးနှင့် ရင်းနှီးနေကြသည်။ ဓါးရူးနှင့် အခြားသူများသည် ဂိုဒိုရာ၏ မိခင်ဂြိုလ်သို့ ခေါ်ဆောင်ခံရခြင်း၏ အရေးပါမှုကို အခြားသူများအား မပြောပြဘဲ မနေနိုင်ပေ။ သူတို့၏ အတွေ့အကြုံအရ မိခင်ဂြိုလ်ပေါ်တွင် သူတို့၏ ဘလက်စတား စစ်တပ် ရှိနေခြင်းသည် ထူးခြားသည်။

မေပယ်မွန်းက ခန့်မှန်းချက်တစ်ခု ပြုလုပ်လိုက်သည်။ “ငါတို့အတွက် ဇာတ်လမ်းကြောင်းအသစ်တစ်ခု ဒီမှာ စောင့်နေမယ်လို့ ငါထင်တယ်။ စဉ်းစားကြည့်ပါ၊ ဗီဇပြောင်းလဲခြင်း ဘေးအန္တရာယ် က အခုမှ ပြီးဆုံးသွားတာ၊ နောက်ကွယ်က အဖွဲ့အစည်းလည်း သုတ်သင်ခံလိုက်ရပြီ။ ကစားသမားတွေက ဂလက်ဆီထဲကို အကြီးစား ဝင်ရောက်လာကြပြီ၊ ငါတို့အတွက် ပန်းတိုင်သစ်တစ်ခု ရှိလိမ့်မယ်လို့ ငါထင်တယ်။”

ဓါးရူးက ခေါင်းယမ်းပြီး ပြောလိုက်သည်။ “မဟုတ်ဘူး။ ဘလက်စတား စစ်တပ် ကိုယ်တိုင်က ပင်မဇာတ်ကြောင်းမစ်ရှင် တစ်ခုလို့ ငါထင်တယ်။ အရင်က ငါတို့ မစ်ရှင်အမျိုးမျိုး လက်ခံခဲ့ပြီး မတူညီတဲ့ မျိုးနွယ်စုတွေရှိတဲ့ ဂြိုလ်အမျိုးမျိုးကို သွားခဲ့တာကို မမေ့ပါနဲ့။ ဂြိုလ်တိုင်းမှာ ကိုယ်ပိုင်ဇာတ်လမ်းကြောင်း ရှိကြတယ်၊ ဒါကြောင့် နောက်ထပ် ပင်မဇာတ်ကြောင်းမစ်ရှင် က စူးစမ်းလေ့လာရေး တစ်ခု ဖြစ်သင့်တယ်။ ဘလက်စတား စစ်တပ်ကို လမ်းပြအဖြစ်ထားပြီး ကစားသမားတွေ ဂလက်ဆီနဲ့ ရင်းနှီးလာအောင် ဂြိုလ်တွေ၊ မျိုးနွယ်စုတွေ ပိုများများ တွေ့ကြုံခွင့်ရလိမ့်မယ်။”

“အဓိပ္ပာယ်ရှိတယ်။ အကယ်၍ ဘလက်စတား စစ်တပ်က ဗားရှင်း ၂.၀ ရဲ့ နောက်ထပ် ပင်မဇာတ်ကြောင်းမစ်ရှင် ဖြစ်မယ်ဆိုရင်၊ ဒီအခမ်းအနားရဲ့ ရည်ရွယ်ချက်က ထိရောက်တဲ့ အစပျိုးမှုတစ်ခု ဖန်တီးဖို့ပဲ။”

“ဒါက အံ့သြစရာကောင်းတဲ့ ကုန်ကြမ်းရဲ့ အနံ့ပဲ။” ဘန်ဟစ်ဒေါ့၏ မျက်လုံးများ တောက်ပလာသည်။

…

စစ်ဘက်ဆိုင်ရာ လေယာဉ်တစ်စင်း ဧည့်ဂေဟာအပြင်ဘက်တွင် ရပ်တန့်လိုက်ပြီး ဤသည်မှာ တပ်မှူးချုပ်အားလုံးကို အခမ်းအနားသို့ ခေါ်ဆောင်သွားမည့် ယာဉ်ဖြစ်သည်။

လူတိုင်း လေယာဉ်ပေါ် တက်လိုက်ကြပြီး ဟန်ရှောင်းသည် ကျပန်းနေရာတစ်ခု ရွေးချယ်ကာ ဝင်ထိုင်လိုက်သည်။

“နောက်ဆုံးတော့ အခမ်းအနားစဖို့ အချိန်ကျပြီ။”

မည်သည့်တပ်မှူးချုပ်မှ အခမ်းအနားအတွက် အလွန်အမင်း စိတ်လှုပ်ရှားခြင်း မရှိကြပေ။ သူတို့သည် စစ်ပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့ကြပြီး ဖြစ်ပျက်ခဲ့သည်များကို အလွန်ရှင်းလင်းစွာ သိရှိထားကြသည်။ အခမ်းအနားသည် အမှောင်ကြယ်၏ မိခင်သင်္ဘောအားလုံးကို မည်သို့ ခြုံခိုတိုက်ခိုက်ခဲ့ပြီး အမှောင်ကြယ်ကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ပုံ လုပ်ငန်းစဉ်ကို ဂိုဒိုရာက ကြေညာရန်သာ ဖြစ်သည်။

ဤအရာက ဂိုဒိုရာသည် အမှောင်ကြယ်၏ တည်နေရာကို မည်သို့ ရှာဖွေတွေ့ရှိခဲ့သည်ကို လူများက သေချာပေါက် မေးခွန်းထုတ်စေလိမ့်မည်။ သို့သော် ဤအရာသည် ဂိုဒိုရာ၏ ထိပ်တန်းလျှို့ဝှက်ရင်းမြစ်တစ်ခုမှ လာခြင်းဖြစ်ပြီး သူတို့ ထုတ်ဖော်ပြသရန် မဖြစ်နိုင်ပေ။

တပ်မှူးချုပ်အားလုံး ဤအချက်ကို နားလည်ကြသဖြင့် အခမ်းအနားသည် သူတို့ကို အလွန်အမင်း စိတ်ဝင်စားစေခြင်း မရှိပေ။ သူတို့အားလုံးသည် အခမ်းအနားကို အသုံးပြု၍ သူတို့၏ တပ်ဖွဲ့အသီးသီး၏ ကျော်ကြားမှုကို ဖြန့်ဝေရန်သာ ရည်ရွယ်ကြသည်။

သူတို့အားလုံး ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေကြပြီး သူတို့၏ အရှိန်အဝါကို ရည်ရွယ်ချက်ရှိရှိ ထိန်းသိမ်းထားသော်လည်း ကပ်ဘေးအဆင့် စူပါ ဆယ်ဦးခန့်နှင့် လေယာဉ်တစ်စင်းတည်း အတူရှိနေသော လေယာဉ်မှူးမှာမူ မျက်နှာဖြူဖပ်ဖြူရောဖြစ်ကာ ကျောပြင်တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်နေသည်။

ဤသည်မှာ ပုဂ္ဂိုလ်ကြီးများဖြင့် ပြည့်နေသော လေယာဉ်တစ်စင်းဖြစ်ကြောင်း ကြိုတင်သိထားသော်လည်း ကြောက်စရာ ကောင်းနေဆဲပင်။

မြေအောက်ငှက်မွှေးသည် လေယာဉ်မှူးဘေးတွင် ထိုင်ပြီး နူးညံ့သော လေသံဖြင့် မေးလိုက်သည်။ “ရှင် ကြောက်နေလား။”

လေယာဉ်မှူးသည် တံတွေးမြိုချလိုက်ပြီး စကားထစ်ထစ်ဖြင့် ပြောလိုက်သည်။ “မ... မကြောက်ပါဘူး။”

“စိတ်မလှုပ်ရှားပါနဲ့၊ တစ်ခုခု စားလိုက်ပါ။” မြေအောက်ငှက်မွှေးသည် သံသယဖြစ်ဖွယ်ကောင်းသော အသားခြောက်အချို့ကို ထုတ်ယူပြီး ဖော်ရွေသော အကြည့်ဖြင့် လေယာဉ်မှူးကို ကျွေးလိုက်သည်။

လေယာဉ်မှူးသည် အံကြိတ်ပြီး အသားခြောက်ကို စားလိုက်ရာ တကယ်တမ်းတွင် အရသာတော်တော်ကောင်းနေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။ ထို့ကြောင့် သူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ “ဒါ ဘယ်လိုအသားမျိုးလဲ။”

မြေအောက်ငှက်မွှေး ပြန်ဖြေတော့မည့်အချိန်တွင် ဟန်ရှောင်းက စိတ်ပျက်လက်ပျက်ဖြင့် ဖြတ်ပြောလိုက်သည်။ “မအန်ချင်ရင် မမေးနဲ့။”

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် မြေအောက်ငှက်မွှေး၏ စရိုက်ကို နားလည်လာခဲ့သည်။

သူမသည် သူမ၏ သရေစာများကို နွေးထွေးစွာ မျှဝေဟန်ဆောင်သော်လည်း သူမ၏ ရက်စက်သော ဆန္ဒကို ဖြည့်ဆည်းရန် လူများကို ထူးဆန်းသော အရာများ ရည်ရွယ်ချက်ရှိရှိ ကျွေးတတ်သည်။ ဤကောင်မလေးသည် အပြစ်ကင်းဟန်ဆောင်ရာတွင် အလွန်တော်နေဆဲပင်။

“ကျွတ်။” မြေအောက်ငှက်မွှေး လှည့်ထွက်သွားသည်။

…

ဟန်ရှောင်းနှင့် အခြားသူများသည် အခမ်းအနားကွင်းပြင်သို့ ရောက်ရှိလာပြီး သူတို့၏ ထိုင်ခုံများတွင် ဝင်ထိုင်လိုက်ကြသည်။ သူတို့ ရောက်ရှိလာခြင်းသည် ဂလက်ဆီသတင်းထောက်များထံမှ ရုတ်ရုတ်သဲသဲ ဖြစ်မှုကြီးတစ်ခုကို ချက်ချင်း ဖြစ်ပေါ်စေခဲ့သည်။

“သူတို့က အကြီးစား ကြေးစားတပ်ဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်တွေ ဖြစ်ပုံရတယ်၊ ဟုတ်တယ်မလား။”

“ဟုတ်တယ်။ သူတို့အားလုံး နာမည်ကြီး ကြေးစားစစ်သားတွေ။ သူတို့လည်း စစ်ပွဲမှာ ပါဝင်ခဲ့ကြမှာပဲ။”

စင်မြင့်အောက်တွင် သတင်းထောက်များ အချင်းချင်း စကားစမြည် ပြောဆိုနေကြသည်။

ခဏအကြာတွင် လေယာဉ်အချို့ အစိုးရအဆောက်အအုံများဘက်မှ ပျံသန်းလာခဲ့သည်။ ဂိုဒိုရာခေါင်းဆောင်များ နောက်ဆုံးတွင် ရောက်ရှိလာပြီး သူတို့အားလုံး ထိုင်ခုံများတွင် နေရာယူလိုက်ကြသည်။

ပဉ္စမမြောက် ဆားဗီးယားသည် နောက်ဆုံးမှ ပေါ်လာပြီး သူပေါ်လာသည်နှင့် တပြိုင်နက် လူအုပ်ကြီးတစ်ခုလုံး ကျယ်လောင်စွာ အားပေးကြွေးကြော်ကြပြီး အဝေးမှကြည့်ရှုနေသော နိုင်ငံသားများလည်း အသံကုန်ဟစ်၍ အားပေးကြသည်။

ဟန်ရှောင်းသည် စင်မြင့်အောက်ရှိ ဗီအိုင်ပီ ထိုင်ခုံများကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။ သတင်းထောက်များအပြင် ဗီအိုင်ပီ ထိုင်ခုံများတွင် ရှိနေသူများသည် ဂိုဒိုရာဂြိုလ်အသီးသီး၏ ခေါင်းဆောင်များ ဖြစ်ကြသည်။ သူတို့အားလုံးနီးပါးသည် သွေးသန့်များဖြစ်ကြပြီး သွေးနှောအနည်းငယ်ပင်လျှင် ရုပ်ရည်သွင်ပြင် သိပ်မကွာခြားကြပေ။

ပဉ္စမမြောက် ဆားဗီးယားသည် လက်ကို မြှောက်လိုက်ရာ လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထို့နောက် သူသည် မိန့်ခွန်းစတင်ပြောကြားရာ မှော်အသံချဲ့စက်ဖြင့် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။

ဤသည်မှာ အခမ်းအနား၏ တရားဝင်စတင်မှုဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်နေခြင်း ဖြစ်သည်။

အခမ်းအနားသည် ပုံမှန်အားဖြင့် ဂြိုလ်အသီးသီးမှ နိုင်ငံသားများ၏ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ခြင်း၊ အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို အလေးပေးပြောကြားခြင်း စသည့် လူမှုအဖွဲ့အစည်းစကားများဖြင့် စတင်လေ့ရှိသည်။

ရှည်လျားသော မိန့်ခွန်းပြောကြားပြီးနောက် ဂိုဒိုရန်များသည် မတ်မတ်ထိုင်ကာ လေးလေးနက်နက် နားထောင်နေကြဆဲဖြစ်သည်။ သို့သော် ဟန်ရှောင်းတွင် ဂိုဒိုရန်များကဲ့သို့ မျိုးချစ်စိတ်မရှိသဖြင့် ထိုရှည်လျားသော မိန့်ခွန်းကြောင့် အိပ်ပျော်လုနီးပါး ဖြစ်နေသည်။ ဤအချိန်တွင် ပဉ္စမမြောက် ဆားဗီးယားသည် နောက်ဆုံးတွင် ခေါင်းစဉ်ပြောင်းလိုက်ပြီး အဓိကအချက်သို့ ရောက်ရှိလာသည်။

“ကျွန်တော် ကြေညာစရာ အရေးကြီးတဲ့ကိစ္စတစ်ခု ရှိပါတယ်။ အမှောင်ကြယ်ဟာ ခွဲခြားဆက်ဆံမှုကို အကြောင်းပြချက်အဖြစ် အသုံးပြုပြီး ဖရိုဖရဲဖြစ်မှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ဖန်တီးတဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ အမှောင်ကြယ်ဟာ ရက်စက်ကြမ်းကြုတ်မှုတွေ အများကြီး ကျူးလွန်ခဲ့ပြီး သူတို့လက်တွေဟာ သွေးတွေနဲ့ ဖုံးလွှမ်းနေခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်လို ရန်စမှုမျိုးကိုမှ ဘယ်တော့မှ ကြောက်ရွံ့မှာမဟုတ်ဘဲ အမှောင်ကြယ်ကို တားဆီးဖို့ အမြဲတမ်း အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၃ ရက်က ကျွန်တော်တို့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ရရှိခဲ့ပြီး အမှောင်ကြယ်ကို သုတ်သင်နိုင်ခဲ့ပါပြီ။”

ဘုန်း

ဂိုဒိုရာသည် ဤကိစ္စနှင့်ပတ်သက်၍ ရိုးရှင်းသော အစီရင်ခံစာတစ်စောင်ကို ယခင်က ထုတ်ပြန်ခဲ့သော်လည်း ဂိုဒိုရန်နိုင်ငံသားများသည် ပဉ္စမမြောက် ဆားဗီးယားထံမှ ကိုယ်တိုင် ကြားလိုက်ရသောအခါ သူတို့၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ကြတော့ပေ။ ဂိုဒိုရန်နိုင်ငံသားများသည် သတင်းကြားရသောအခါ စိတ်လှုပ်ရှားမှုဖြင့် ပေါက်ကွဲထွက်လာကြသည်။

အားပေးသံများသည် နားကွဲလုမတတ် ကျယ်လောင်လှသဖြင့် ကိုယ့်ခန္ဓာကိုယ် တုန်ခါသွားသည်ကို မခံစားဘဲ မနေနိုင်ပေ။

ထိုအချိန်တွင် စင်မြင့်၏ ဗီအိုင်ပီ နေရာ၌ မြေအောက်ငှက်မွှေးသည် ဟန်ရှောင်းကိုကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။ “ငါပြောတာ ကြားရလား။”

ဟန်ရှောင်း လှည့်ကြည့်ပြီး ပြန်ဖြေလိုက်သည်။ “ကြားရတယ်။ ဘာကိစ္စလဲ။”

“ရှင် နားမလေးဘူးဆိုတာ သေချာအောင် လုပ်နေတာပါ” မြေအောက်ငှက်မွှေးက ခံစားချက်မပါဘဲ ပြောလိုက်သည်။

ဟန်ရှောင်း ပါးစပ်တွန့်သွားသည်။ ထို့နောက် မြေအောက်ငှက်မွှေးသည် သူမဘေးပတ်လည်ရှိ ကင်မရာများကို လျစ်လျူရှုကာ ဖရဲစေ့အိတ်တစ်အိတ်ကို ထုတ်ယူပြီး စားလိုက်သည်။ သူမသည် စက်သေနတ်ပစ်သကဲ့သို့ ဖရဲစေ့ခွံများကို သူ့ကျောပေါ်သို့ပင် မှုတ်ထုတ်လိုက်သည်။ ဟန်ရှောင်း ပါးစပ် ပို၍ တွန့်သွားမတတ် ဖြစ်သွားသည်။

အမှောင်နတ်သူငယ်တွေက တကယ်ကို သဘောထားသေးသိမ်တဲ့ လူတွေပဲ...

အချိန်အကြာကြီး အားပေးပြီးနောက် ဂိုဒိုရန်များသည် တဖြည်းဖြည်း ငြိမ်သက်သွားကြသည်။ ဂိုဒိုရာအနေဖြင့် စီးနင်းတိုက်ခိုက်မှု လုပ်ငန်းစဉ်ကို ကြေညာရန် အချိန်တန်ပြီဖြစ်ကြောင်း သတင်းထောက်များ သိလိုက်ကြသည်။ သူတို့အားလုံး အလွန်အာရုံစိုက်လာကြပြီး ပဉ္စမမြောက် ဆားဗီးယားအပေါ် အာရုံစိုက်လိုက်ကြသည်။ သူတို့၏ ဘောပင်များကို လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူပြောသမျှကို ချရေးရန် ပြင်ဆင်ထားကြသည်။

“ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ အဓိကပုဂ္ဂိုလ်တစ်ယောက်ဆီကနေ အကူအညီရရှိခဲ့ပြီး အမှောင်ကြယ်ရဲ့ တည်နေရာကို ရှာဖွေနိုင်ခဲ့ပါတယ်၊ ဒါကြောင့် အမှောင်ကြယ် ယာဉ်တန်းကို တစ်ချက်တည်းနဲ့ ရှင်းလင်းနိုင်ခဲ့တာ ဖြစ်ပါတယ်...”

ပဉ္စမမြောက် ဆားဗီးယားသည် တိုက်ပွဲအကြောင်း ဖြည်းညှင်းစွာ ဖော်ပြခဲ့သည်။ သူ၏ မိန့်ခွန်းပါ အကြောင်းအရာသည် ကြေးစားစစ်သားများ မျှော်လင့်ထားသည့်အတိုင်းပင်။ ဖြစ်ပျက်ခဲ့သည်များကို အတိုချုံး ပြောပြခဲ့ပြီး သူတို့၏ အောင်ပွဲအကြောင်းကိုသာ အလေးပေး ပြောကြားခဲ့သည်။

ဂိုဒိုရန်များအားလုံး သေချာ နားထောင်ကြပြီး သတင်းထောက်များက အသေးစိတ်အချက်အလက်များကို သူတို့၏ မှတ်စုစာအုပ်များထဲတွင် ချရေးကြသည်။ ဤမိန့်ခွန်းကို ကွဲအက်ကြယ်စင်ကွင်း တစ်လျှောက် ထုတ်လွှင့်သောအခါ ဂလက်ဆီနေထိုင်သူများစွာသည် ပဉ္စမမြောက် ဆားဗီးယား ပြောပြသော ဤ 'အဓိကပုဂ္ဂိုလ်' အကြောင်း အလွန် စူးစမ်းချင်လာကြသည်။

ဤ 'အဓိကပုဂ္ဂိုလ်' သည် သူတို့၏ သတင်းရင်းမြစ် ဖြစ်နိုင်သည်။

ပဉ္စမမြောက် ဆားဗီးယား မိန့်ခွန်းပြီးဆုံးပြီးနောက် မေးခွန်းများ မေးနိုင်ကြောင်း အချက်ပြလိုက်သည်။ ဂလက်ဆီသတင်းထောက်များ၏ လက်များ အလွန်လျင်မြန်စွာ မြောက်တက်လာကြသည်။

ထို့နောက် သတင်းထောက်တစ်ဦးကို ရွေးချယ်လိုက်ရာ သူက ပြောလိုက်သည်။ “အရှင်မင်းကြီး၊ ဒီအဓိကပုဂ္ဂိုလ်ရဲ့ ဝိသေသလက္ခဏာကို ထုတ်ဖော်ပြောကြားနိုင်မလားဆိုတာ မေးချင်ပါတယ်။”

ထိုစကားကို ကြားသောအခါ ကြယ်စနစ်တစ်လျှောက်ရှိ ကြည့်ရှုသူများအားလုံး မျက်လုံးလှန်လိုက်ကြသည်။ သူတို့လည်း သတင်းရင်းမြစ်ကို စိတ်ဝင်စားသော်လည်း ဤအရာသည် ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ပြီး ဂိုဒိုရာက သေချာပေါက် ထုတ်ဖော်ပြောကြားလိုမည် မဟုတ်ပေ။

ထိုအချိန်တွင် ပဉ္စမမြောက် ဆားဗီးယား ပြုံးလိုက်ပြီး ခေါင်းစဉ် ရုတ်တရက် ပြောင်းလိုက်သည်။ “တကယ်တော့ အခမ်းအနားအတွက် စီစဉ်ထားတဲ့ နောက်ထပ် အဓိက အစီအစဉ်တစ်ခု ရှိပါသေးတယ်။ ပုဂ္ဂိုလ်တစ်ဦးကို ရွှေရောင်ဂဲလ်တံဆိပ် ချီးမြှင့်ဖို့ ဆုချီးမြှင့်ပွဲ အခမ်းအနားတစ်ခု ကျွန်တော် ပြုလုပ်သွားမှာပါ!”

ရွှေရောင်ဂဲလ်တံဆိပ်

ဂိုဒိုရန်များနှင့် ရောက်ရှိနေသော သတင်းထောက်အများစု လုံးဝ အံ့အားသင့်သွားကြသည်။ ဤသတင်းကြောင့် သူတို့၏ စိတ်များ ဗလာဖြစ်သွားသည်။

ဤကြေညာချက်ကြောင့် စိတ်ရှုပ်ထွေးနေသော အခြား ကြယ်စနစ်များမှ လူများနှင့် ယှဉ်လျှင် သူတို့သည် ရွှေရောင်ဂဲလ်တံဆိပ်၏ အရေးပါမှုကို နားလည်ကြသည်။

ရွှေရောင်ဂဲလ်တံဆိပ်သည် ဂိုဒိုရာတွင် အမြင့်ဆုံးဂုဏ်ပြုတံဆိပ်ဖြစ်ပြီး စုစုပေါင်း ၃၂ ကြိမ်သာ ပေးအပ်ခဲ့ရဖူးသည်။ ဤသည်မှာ ဂိုဒိုရာ၏ သန်းပေါင်းများစွာသော သမိုင်းကြောင်း ရှိသော်လည်း ဖြစ်သည်။ ဤတံဆိပ်သည် အလွန်ရှားပါးသည်။

ကမ္ဘာကျော် သိပ္ပံပညာရှင်များ၊ အောင်ပွဲရ စစ်ဗိုလ်ချုပ်များ သို့မဟုတ် ပညာရှိပြီး ပြိုင်ဘက်ကင်းသော အုပ်ချုပ်သူများကဲ့သို့ သိသာထင်ရှားသော ပံ့ပိုးကူညီမှု ပြုလုပ်သူများသာလျှင် ဤတံဆိပ်ကို ရရှိနိုင်သည်။ တံဆိပ်ရရှိသူအားလုံးကို သူရဲကောင်းများဟု ခေါ်ဆိုနိုင်သည်။

ထို့ပြင် တံဆိပ်ရရှိသူ ထက်ဝက်ခန့်သည် သူတို့ ကွယ်လွန်ပြီးနောက်မှသာ တံဆိပ်ကို ရရှိခဲ့ကြသည်။

တံဆိပ်ကို နောက်ဆုံးအကြိမ် ပေးအပ်ခဲ့သည်မှာ အလွန်ကြာမြင့်နေပြီဖြစ်သည်။ ဒီနေ့တွင် တစ်စုံတစ်ယောက်က အမြင့်ဆုံးဂုဏ်ပြုတံဆိပ်ကို ထပ်မံရရှိလိမ့်မည်ဟု ဘယ်သူ ထင်ထားမည်နည်း။

‘ဒါက တကယ်ကို ကမ္ဘာပျက်မတတ် သတင်းပဲ။’

သတင်းထောက်အားလုံး စိတ်ပြန်ငြိမ်သွားကြပြီး သူတို့၏ မျက်နှာများသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲနေကြသည်။

ပဉ္စမမြောက် ဆားဗီးယားသည် လှည့်ပြီး ဗီအိုင်ပီ ဧရိယာကို ကြည့်လိုက်ရာ ခေါင်းအများအပြားက သူ၏အကြည့်နောက်သို့ လိုက်ကြည့်ကြသည်။

ဟန်ရှောင်း ပါးစပ်တွန့်သွားပြီး မတ်တပ်ရပ်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။ ပဉ္စမမြောက် ဆားဗီးယား၏ ဖော်ရွေသော အကြည့်ကို ရင်ဆိုင်ရင်း သူသည် အံကြိတ်ပြီး လျှောက်သွားလိုက်သည်။

သူ စိတ်လှုပ်ရှားနေလို့ မဟုတ်ပေ။

သူ့ကျောပေါ်တွင် ဖရဲစေ့ခွံများ ဖုံးလွှမ်းနေဆဲ ဖြစ်သောကြောင့်ပင်...

“ခင်ဗျားတို့အားလုံးကို ရွှေရောင်ဂဲလ်တံဆိပ် ရရှိသူ ဘလက်စတားနဲ့ မိတ်ဆက်ပေးပါရစေ!”

ရုတ်တရက် လူတိုင်း အသက်ပြင်းပြင်း ရှူလိုက်ကြသည်။

လူတိုင်း မှင်သက်သွားကြသည်။

တပ်မှူးချုပ်များအားလုံး လုံးဝ အံ့အားသင့်သွားကြပြီး မြေအောက်ငှက်မွှေးသည် မေးရိုးပြုတ်ကျမတတ် တုန်လှုပ်သွားသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသော ကစားသမားများသည် အံ့အားသင့်သွားကြသည်။

ထုတ်လွှင့်မှုကို ကြည့်ရှုရင်း ဖဲကစားနေသော ဘလက်စတား စစ်တပ် အရာရှိများသည်လည်း အံ့အားသင့်သွားကြပြီး အများစုမှာ လက်ထဲမှ ဖဲချပ်များ ပြုတ်ကျသွားသည်။

တကယ်တမ်းတွင် ဤကိစ္စကို မသိရှိထားသော ဂိုဒိုရန် အရာရှိများစွာလည်း ရှိနေပြီး တုန်လှုပ်သော အမူအရာများ ပေါ်လာကြသည်။

‘ဒါက ရွှေရောင်ဂဲလ်တံဆိပ်လေ။ ဂိုဒိုရန် မဟုတ်တဲ့ ပြင်ပလူတစ်ယောက်ကို ချီးမြှင့်ခံရတာ ဒါ ပထမဆုံးအကြိမ်ပဲ။’

စာစဉ် (၃၈)၊ အခန်း (၅၈၈) ပြီး၏။

လင်းဆက်

+++++

All Chapters