← Chapters

အခန်း (၅၉၁−၅၉၂)

Vol. 38 Ch. 591-592

အခန်း (၅၉၁−၅၉၂)

Vol. 38 Ch. 591-592

အခန်း (၅၉၁) ပင်မမြို့တော် ပြောင်းလဲခြင်း

သူ့အထောက်အထားကို အသိပေးလိုက်ပြီးနောက် ရွှေတံခါးဂြိုလ် အစောင့်များ၏ သဘောထားမှာ အကြီးအကျယ် လေးစားမှုရှိသွားပြီး သူတို့အား ချက်ချင်းပင် ရှေ့ဆက်သွားခွင့် ပြုလိုက်သည်။ ရွှေရောင်ဂဲလ်တံဆိပ်နှင့်အတူ သူသည် ဂိုဒိုရာများ၏ မျက်လုံးထဲတွင် ထူးကဲသော အဆင့်အတန်းတစ်ခု ရှိနေပြီး ဂါတွန်နဂါးငွေ့တန်း ကြယ်စနစ်တစ်ခုလုံးကို အတားအဆီးမရှိ သွားလာနိုင်သည်။

မရေမတွက်နိုင်သော ကစားသမားများသည် ပြတင်းပေါက်များဆီသို့ တိုးဝှေ့သွားကာ စခန်းနံပါတ်(၁)၏ ခမ်းနားသော အသွင်အပြင်ကို ကြည့်ရှုနေကြသည်။

တည်ဆောက်ရန် တစ်နှစ်လုံး ကြာမြင့်ခဲ့သော စခန်းနံပါတ်(၁)သည် သတ္တုစပ်များဖြင့် ဖုံးအုပ်ထားသော ရဲတိုက်ကြီးတစ်ခုနှင့် တူနေသည်။ ဟန်ရှောင်းသည် ဤခေတ်သည် ရုပ်ရည်အသွင်အပြင် အရေးပါသောခေတ်ဖြစ်ကြောင်း နက်ရှိုင်းစွာ သိရှိထားသောကြောင့် အပြင်ပိုင်းကို နည်းပညာဆန်သော အသွင်အပြင်များဖြင့် ပြည့်နှက်နေအောင် အထူးလှပစွာ ဖန်တီးထားခဲ့သည်။

ကစားသမားများက သူ့ကို ကိုယ့်ကိုယ်ကိုချစ်လွန်းသူဟု ဝေဖန်ကြမည်သာ မဟုတ်လျှင် ရဲတိုက်နံရံများပေါ်တွင် သူ့ပုံတူကို ဆေးခြယ်ချင်ခဲ့သေးသည်။

ယာဉ်တန်းသည် စခန်းနံပါတ်(၁)အတွင်းသို့ အောင်မြင်စွာ ဆင်းသက်လာသည်။ တည်ဆောက်ရေးကာလအတွင်း ဟန်ရှောင်း၏ ဒီဇိုင်းပုံစံသည် အာကာသယာဉ် ၆၀မှ ၇၀အထိ ထားရှိရန် လုံလောက်သည်ထက်ပိုသော နေရာအကြီးကြီးတစ်ခုကို လေယာဉ်ရုံအဖြစ် သီးသန့်ထားရှိခဲ့သည်။ အကြီးဆုံးသော ဖလဂ်ရှစ်အဆင့် အာကာသယာဉ်အတွက်ပင် သီးသန့်လေယာဉ်ရုံတစ်ခု ရှိသေးသည်။

လေဝင်ပေါက်များမှ အသံထွက်ပေါ်လာပြီး ယာဉ်များ၏ ဖိအားကို လျှော့ချလိုက်သည်။ ယာဉ်ခန်းတံခါးများ ပွင့်သွားပြီး သောင်းနှင့်ချီသော ကစားသမားများသည် လေယာဉ်ရုံထဲသို့ ဝင်ရောက်လာကာ စူးစမ်းလိုစိတ်ဖြင့် ဘေးဘီဝဲယာကို ကြည့်ရှုနေကြသည်။ သူတို့သည် ခေါင်းများ လှုပ်ရှားနေသော ပင်လယ်ပြင်ကြီးပမာ ပြည့်ကျပ်သိပ်သည်းစွာ ရှိနေကြသည်။

ဤအချိန်တွင် ဖီးလစ်၏ အသံသည် လေယာဉ်ရုံဧရိယာအတွင်း ထွက်ပေါ်လာပြီး ဆူညံသံများကို ဖြတ်ကျော်ကာ လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။

"စခန်းနံပါတ်(၁)မှ ကြိုဆိုပါတယ်၊ ဟမ်... ကြေးစားစစ်သား အသစ်များကို သူတို့၏ ဆက်သွယ်ရေးစက်များ ဖွင့်ပြီး အတည်ပြုချက် လုပ်ထုံးလုပ်နည်းများကို လက်ခံပေးရန် မေတ္တာရပ်ခံပါတယ်၊ ဟမ်..."

သူစကားပြောနေစဉ် ကစားသမားများ၏ ဆက်သွယ်ရေးစက်များသည် ရုတ်တရက် တပြိုင်နက် မြည်လာကြသည်။

ဓါးရူးသည် သူ့စက်ကို ထုတ်လိုက်ရာ ဆက်သွယ်ရေးစက်ထဲတွင် ပရိုဂရမ်အသစ်များ ထပ်ထည့်ထားသည်ကို တွေ့လိုက်ရသည်။ ဖွင့်ကြည့်လိုက်ပြီးနောက် ၎င်းသည် ဘလက်စတား စစ်တပ် အတွက် ကြေးစားစစ်သား အထောက်အထား အတည်ပြုသည့် ပရိုဂရမ်ဖြစ်ကြောင်း သိလိုက်ရသည်။ စခန်း၏ သီးခြားဧရိယာကို ရှာဖွေခြင်း၊ ဒေတာဘေ့စ် မေးမြန်းခြင်း အချက်အလက်များနှင့် အခြားလုပ်ဆောင်ချက်များလည်း ပါဝင်နေသည်။

အခြေခံအားဖြင့် ၎င်းသည် နည်းလမ်းအချို့ဖြင့် AI ကို တုပရန် ရည်ရွယ်ထားသော လမ်းညွှန်တစ်ခုဖြစ်သည်။

ဤသည်မှာ ဟန်ရှောင်း ဖီးလစ်အတွက် လုပ်ပေးထားသော ပရိုဂရမ်ခွဲတစ်ခုဖြစ်သည်။ ကစားသမားများသည် ဤပရိုဂရမ်မှတစ်ဆင့် ဘလက်စတား စစ်တပ်အတွင်းရှိ သူတို့၏ ကိုယ်ပိုင်အလုပ်တာဝန်များနှင့် အကျိုးကျေးဇူး များကို ရှာဖွေနိုင်မည်ဖြစ်သည်။ ကစားသမားများသည် လွတ်လပ်သော ကြေးစားစစ်သားများလည်း ဖြစ်သည့်အတွက် စီမံခန့်ခွဲမှုနှင့် အလုံးစုံစီမံကိန်းချရန် အဆင်ပြေစေရန် သူတို့၏ စုဆောင်းထားသော အကျိုးကျေးဇူးများအတွက် သီးခြားအကောင့်တစ်ခု ရှိရမည်ဖြစ်သည်။ ၎င်းသည် ကစားသမားများအတွက် သူတို့၏ လက်ရှိအောင်မြင်မှုများကို စစ်ဆေးရန်လည်း အဆင်ပြေစေမည်ဖြစ်သည်။

ကစားသမားများအတွင်း အောင်မြင်မှုခံစားချက်ကို မြှင့်တင်ရန်အတွက် သူတို့ပြီးမြောက်ခဲ့သော အလုပ်တာဝန် တိုင်းသည် ဘလက်စတား စစ်တပ်၏ မှတ်တမ်းများတွင် အချိန်နှင့်တပြေးညီ ပေါ်နေမည်ကို မြင်တွေ့ခွင့်ပေးရန် လိုအပ်သည်။ မသမာသော လှုပ်ရှားမှုများ ရှိမည်မဟုတ်ဘဲ အရာအားလုံးသည် ပွင့်လင်းမြင်သာမှု ရှိနေမည်ဖြစ်သည်။

ကစားသမားများသည် [ဟိုဒယ်လက်စ် စစ်ဆင်ရေး - စစ်ပွဲ အလုပ်အကိုင်] မစ်ရှင် မှတဆင့် ဆုလာဘ်များ ရရှိထားသောကြောင့် ဂိုဒိုရာ မိခင်ဂြိုလ်သို့ သွားသောခရီးစဉ်တွင် ဆက်သွယ်ရေးစက်များကို ကိုယ်စီ ဝယ်ယူထားကြသည်။

ထိုသို့သော ဆက်သွယ်ရေးစက်များ၏ ပေါက်ဈေးသည် အလွန်သက်သာသောကြောင့် ဟန်ရှောင်းအနေဖြင့် ကြားခံပွဲစားလုပ်ပြီး အမြတ်ရရန် နည်းလမ်းမရှိသဖြင့် ဤစီးပွားရေးတွင် ဝင်ပါရန် စိတ်ပင်မကူးခဲ့ပေ။

ဓါးရူး၊ ဟောက်ထျန်း၊ ရေတပ်ဗိုလ်ချုပ်ကြီးနှင့် ကျန်သူများသည် ဗားရှင်း ၁.၀ မှ ၂.၀ သို့ ပြောင်းလဲချိန်တွင် ထွက်ခွာသွားပြီးမှ စခန်းနံပါတ်(၁)ကို တည်ဆောက်ခဲ့ခြင်းဖြစ်ရာ ယခုအချိန်မှသာ ပရိုဂရမ်ခွဲကို လက်ခံရရှိခြင်းဖြစ်သည်။

"ဒါဆို ဒါက ငါတို့ ဘလက်စတား စစ်တပ်ရဲ့ စခန်းပေါ့။ တော်တော်မိုက်တယ်။"

"ထူးဆန်းတယ်၊ မင်းဗီဒီယိုရဲ့ နောက်ဆုံးဗားရှင်းတုန်းက ဒီလောက်ကြီးမားတဲ့ စခန်း မရှိပါဘူး" လူတစ်ယောက်က ဘန်ဟစ်ဒေါ့ကို စိုက်ကြည့်လိုက်ရာ သူက မျက်နှာကို အမြန်အုပ်ပြီး ထွက်သွားလိုက်သည်။

"ဟဲဟဲ၊ ဗားရှင်း အပ်ဒိတ်နဲ့အတူ အချိန်ကာလ ပြောင်းလဲမှုကြောင့် ဖြစ်မှာပါ။ ဒီလိုမျိုးကိစ္စ ဖြစ်တာက ပထမဆုံးအကြိမ်မှ မဟုတ်တာ။"

ဓါးရူးနှင့် အခြားသူများ အပါအဝင် ဤသည်မှာ ကစားသမားတစ်ဦးဦး စခန်းနံပါတ်(၁)သို့ ခြေချဖူးခြင်း ပထမဆုံးအကြိမ် ဖြစ်သဖြင့် သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်။

စခန်းနံပါတ်(၁)၏ ရည်ရွယ်ချက်မှာ ကစားသမားများအား ဤနေရာကို သူတို့၏ ပင်မမြို့တော် အဖြစ် သဘောထားစေရန်ဖြစ်သည်။ ဤအဖွဲ့စခန်းနှင့်အတူ လူများသည် သူတို့၏အဖွဲ့တွင် လွှမ်းမိုးမှုရှိပြီး ယုံကြည်စိတ်ချရသည်ဟု ခံစားရကာ ပိုမိုမြင့်မားသော သက်ဆိုင်မှုစိတ်ဓါတ် ကို ဖြစ်ပေါ်စေမည်ဖြစ်သည်။

ပရိုဂရမ်ခွဲ ရှိနေသဖြင့် ဟန်ရှောင်းသည် ကိုယ်တိုင်ကိုယ်ကျ ရှင်းပြစရာ မလိုတော့ပေ။ သူသည် ကစားသမားများကို စီမံခန့်ခွဲရန် စိတ်မပူတော့ဘဲ သူတို့ဆန္ဒအတိုင်း သွားလာခွင့် ပြုလိုက်သည်။

တစ်ချိန်က ဤကစားသမားများ၏ ပင်မမြို့တော်သည် ရေပင်လယ်ဂြိုလ်ပေါ်တွင် ဖြစ်ခဲ့သည်။ သို့သော် ယခုတွင် သူတို့သည် စခန်းနံပါတ်(၁)သို့ ပြောင်းရွှေ့လာပြီဖြစ်ရာ သူတို့၏ ဇဝေဇဝါဖြစ်မှုများကို ဖြေဖျောက်ရန် လက်ရှိ ပင်မမြို့တော်နှင့် ရင်းနှီးကျွမ်းဝင်ရန် လိုအပ်သည်။

...

အခန်းထဲသို့ ပြန်ရောက်သောအခါ ဟန်ရှောင်းသည် သူ့အဖွဲ့သို့ ဝင်ရောက်ရန် လွတ်လပ်သော ကြေးစားစစ်သားများ၏ လျှောက်လွှာများနှင့် အလုပ်အကိုင် ဖိတ်ကြားစာအသစ်များကဲ့သို့သော လက်ကျန်အလုပ်များကို ရှင်းလင်းရန် အချိန်ယူလိုက်သည်။

သူ့မျက်နှာကို ပြသခဲ့သော အခမ်းအနားပြီးနောက် စီးပွားရေးကိစ္စရပ် ပမာဏသည် ကြီးကြီးမားမား တိုးတက်လာခဲ့သည်။ ကြေးစားစစ်သားတစ်ဦးဖြစ်သော သူ့ကို ကြော်ငြာတစ်ခုအတွက် ထောက်ခံသူအဖြစ် ဖိတ်ခေါ်သော ကိစ္စများပင် ရှိသေးသည်။ ‘သူတို့ ရူးနေတာပဲ ဖြစ်ရမယ်။’

သို့သော် သေချာစစ်ဆေးကြည့်လိုက်သောအခါ တစ်ဖက်လူသည် လက်နက်ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ ‘ဒါဆိုရင်တော့ အဓိပ္ပာယ်ရှိတယ်။’

သောင်းနှင့်ချီသော ကစားသမားများကို စုဆောင်းခြင်း၊ ပါးစပ်သတင်းများနှင့် သူ၏ ကျော်ကြားမှု မြင့်တက်လာခြင်းတို့ကြောင့် ဟန်ရှောင်းသည် လွတ်လပ်သော ကြေးစားစစ်သား များနိုင်သမျှများများ စုဆောင်းရန် ဆုံးဖြတ်လိုက်သည်။ ကစားသမားများသည် ကောင်းမွန်သော်လည်း သူတို့တွင် ကန့်သတ်ချက်တစ်ခု ရှိနေသည် - ဗားရှင်း အပ်ဒိတ်များပင်။ ထို့ကြောင့် သူ ကြိုတင်စီစဉ်ထားရမည်။

သူ့ဘလက်စတား စစ်တပ်ကို ချဲ့ထွင်ရန် ကစားသမားများကို အသုံးပြုခြင်း၊ လွတ်လပ်သော ကြေးစားစစ်သားများကို ပိုမိုဆွဲဆောင်ရန် ပါးစပ်သတင်းများကို မြှင့်တင်ခြင်း။ ဤသည်မှာ အကျိုးစီးပွား ကွင်းဆက်တစ်ခုအဖြစ်လည်း အလုပ်လုပ်သည်။

လက်ကျန် အလုပ်အကိုင်တာဝန်များမှာ အဆုံးမရှိပေ။ ဖီးလစ်က သူတို့ကို ခက်ခဲမှုအလိုက် ခွဲခြားလိုက်ရာ အပြင်အဆင်တစ်ခုလုံးကို တစ်ချက်ကြည့်လိုက်သည်နှင့် ရှင်းလင်းသွားသည်။

အလုပ်အကိုင်တာဝန် အများစုကို ကစားသမားများထံ ပေးအပ်သွားမည်ဖြစ်သည်။ လစာကောင်းသော၊ ခက်ခဲသော သို့မဟုတ် အဆင့်မြင့်သော တာဝန်အနည်းငယ်သာလျှင် သူ၏အရာရှိများ သို့မဟုတ် သူကိုယ်တိုင် ပါဝင်ရန် လိုအပ်မည်ဖြစ်သည်။

ကြက်ကိုငှားပြီး ဥကိုစားသည့် ကြေးစားစစ်သား မော်ဒယ်ပုံစံကြောင့် ကစားသမားများကို ဂလက်ဆီ တစ်ခွင်ရှိ နေရာအနှံ့အပြားသို့ စေလွှတ်ပြီး မစ်ရှင်များ ဆောင်ရွက်စေမည်ဖြစ်ရာ သူတို့အနေဖြင့် ဧရိယာကို စူးစမ်းလေ့လာခွင့် ရရှိမည်ဖြစ်သည်။ မစ်ရှင်တစ်ခုစီ ပြီးမြောက်ရမည့်နေရာတွင် ကိုယ်ပိုင် ဖြစ်ရပ်များနှင့် ဇာတ်ကွက်များ ရှိကြမည်ဖြစ်ပြီး ၎င်းသည် ဘလက်စတား စစ်တပ်၏ ဗဟုသုတ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သလို ကစားသမားကိုလည်း အပိုအကျိုးခံစားခွင့်များ ပေးနိုင်မည်ဖြစ်သည်။

ထို့အပြင် ကစားသမားများသည် ကြယ်ခရီးသွား ဒေသသို့ မကြာသေးမီကမှ ဝင်ရောက်လာသည်ဖြစ်ပြီး ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်စေရန် တည်ငြိမ်သော လှုပ်ရှားမှု စီးဆင်းမှုတစ်ခု လိုအပ်သလို သူတို့၏ လုပ်ဆောင်ချက်များကို လမ်းညွှန်ပေးနိုင်မည့် ဇာတ်ကြောင်းတစ်ခုလည်း လိုအပ်သည်။

ဤရည်ရွယ်ချက်အတွက် ဆူနီဂြိုလ်ကဲ့သို့သော ကွန်ပျူတာဇာတ်ကောင် အရင်းအမြစ်ပေါကြွယ်ဝသော ဧရိယာများတွင် ဇာတ်ကြောင်းတစ်ခု အပါအဝင် ကစားသမားများ လိုအပ်သော လုပ်ဆောင်ချက် အများစု ရှိနေမည်ဖြစ်သည်။

ကစားသမားများကို မျိုးစေ့များအဖြစ် မြင်ပါက ကွန်ပျူတာဇာတ်ကောင် အရင်းအမြစ် ဧရိယာများသည် မြေသြဇာပါသော မြေဆီလွှာ ဖြစ်လိမ့်မည်။

ဆူနီဂြိုလ်သည် ဟန်ရှောင်းမှ ကစားသမားများအတွက် ပြင်ဆင်ထားသော ပထမဆုံး ရှေ့ပြေးစမ်းသပ်မှုဖြစ်ပြီး ဟားလပ်စ်အား ပေးထားသော ကတိကို တည်ရမည့် အချိန်လည်း ဖြစ်သည်။

ဟန်ရှောင်း အတွေးနက်နေသည်။

"အခုကစပြီး အစီအစဉ်က အခန်းကဏ္ဍသစ်တစ်ခုကို ဝင်ရောက်တော့မယ်။"

...

"ဘလက်စတား၊ ငါ့ကို ရှာနေတာလား။"

ဟားလပ်စ်က တံခါးကို တွန်းဖွင့်ပြီး အခန်းထဲဝင်လာသည်။

ဟန်ရှောင်းနောက်သို့ ကြေးစားစစ်သားအဖြစ် လိုက်ပါခါစ အတိတ်ကနှင့် ယှဉ်လျှင် ဟားလပ်စ်၏ အရှိန်အဝါ သည် ပိုမိုတည်ငြိမ်ပြီး ခိုင်မာလာသည်။ ကြေးစားစစ်သားတစ်ဦးအနေဖြင့် သူတို့တွင် တိုက်ခိုက်ရန် အခွင့်အရေး ရှားပါးခြင်းမရှိဘဲ ဟားလပ်စ်၏ အင်အားသည် တိုက်ပွဲတစ်ခုစီတိုင်းတွင် ဖြည်းဖြည်းချင်း တိုးတက်လာခဲ့သည်။

"ဟားလပ်စ်၊ ဆူနီတွေရဲ့ ပြဿနာကို တစ်ကြိမ်တည်းနဲ့ အပြီးသတ် ဖြေရှင်းဖို့ စူပါ သောင်းနဲ့ချီ ခေါ်လာမယ်လို့ ငါကတိပေးခဲ့တယ်။" ဟန်ရှောင်းက ခဏရပ်ပြီး ပြုံးလိုက်သည်။ "ဘလက်စတား စစ်တပ် နာမည်နဲ့၊ အခြေခံအကျဆုံး လုပ်ခလစာနဲ့ ကြေးစားစစ်သား ၂၀၀,၀၀၀ ကို မင်းဆီ ငှားရမ်းပေးမယ်။ ဒီမစ်ရှင်ကာလအတွင်း သူတို့ကို ဆူနီဆီ စေလွှတ်လို့ရတယ်။"

ဟားလပ်စ် အံ့ဩသွားပြီးနောက် သူ့မျက်နှာပေါ်တွင် အတိုင်းအဆမရှိ ပျော်ရွှင်မှုများ ပေါ်လာသည်။

ဒါကြောင့်လည်း သူက ဘလက်စတားနောက်ကို လိုက်ခဲ့တာဖြစ်ပြီး ဘလက်စတားရဲ့ ကတိကို ယုံကြည်ခဲ့ရတဲ့ အကြောင်းရင်းလည်း ဖြစ်သည်။ အချိန်ကျရောက်လာပြီ။

ဒီအချိန်မှာ သူ အလွန်စိတ်ထိခိုက်သွားပြီး ဟန်ရှောင်းအတွက် ဓါးတောင်ဆွဲထုတ်ပေးဖို့ ဝန်လေးမှာ မဟုတ်ပေ။

ဘာအတွက် ဓါးဆွဲထုတ်ပေးမလဲ ဆိုတာတော့ သူကိုယ်တိုင်လည်း မသိပေ။

သူ့စိတ်လှုပ်ရှားမှုကို မနည်းထိန်းချုပ်ရင်း ဟားလပ်စ်က မြန်မြန်ပြောလိုက်သည်။ "ဘလက်စတား စစ်တပ်ကို ငှားရမ်းဖို့ တရားဝင် ဖိတ်ကြားစာ ထုတ်ပြန်နိုင်အောင် ငါ့လူတွေကို ချက်ချင်း အသိပေးလိုက်မယ်။"

"ရပါတယ်၊ ဒါပေမယ့် ငါ့မှာ ထပ်ဆောင်း အခြေအနေတစ်ခု ရှိတယ်။" ဟန်ရှောင်း ခေါင်းညိတ်လိုက်သည်။

"ငါတို့ စွမ်းဆောင်နိုင်သမျှဆိုရင် အကုန်ရတယ်။"

"အရမ်းကြီးကျယ်တာ မဟုတ်ပါဘူး။ ဆူနီဂြိုလ်မှာ ဘလက်စတား စစ်တပ်ရဲ့ ကမ်းလွန်စခန်းတစ်ခု တည်ဆောက်ခွင့် ရချင်ရုံပါ။" ဟန်ရှောင်းက အန္တရာယ်ကင်းစွာ ပြုံးလိုက်သည်။

ကွန်ပျူတာဇာတ်ကောင် အရင်းအမြစ် ဧရိယာတစ်ခုစီသည် ကစားသမားများကို အကျိုးခံစားခွင့်များ ပေးရန် နေရာကောင်းတစ်ခုဖြစ်သည်။ ထိုနေရာတွင် စခန်းခွဲတစ်ခု တည်ရှိနေသရွေ့ ၎င်းကို ဘလက်စတား ကိုယ်တိုင်၏ 'နယ်မြေ' အဖြစ် သွယ်ဝိုက်၍ ရေတွက်နိုင်သည်။

"ပြဿနာမရှိပါဘူး။" ဟားလပ်စ်က ချက်ချင်း ပြန်ဖြေပြီး ခဏရပ်ကာ ထပ်ပြောသည်။ "ဒါက ငါတို့အတွက်လည်း ကောင်းပါတယ်။ အထက်လူကြီးတွေက မင်းရဲ့ အကြံဥာဏ်ကို ငြင်းမှာ မဟုတ်ဘူး။"

ဂိုဒိုရာမှ ပေးအပ်သော ဆုတံဆိပ်ကြောင့် ဟန်ရှောင်း၏ မျက်နှာသည် ရွှေဆိုင်းဘုတ်တစ်ခုနှင့် တူနေသည်။ သူသာ အသီးအရွက်ဆိုင် တစ်ဆိုင်သွားပြီး ဈေးဝယ်လျှင် ငါးရာခိုင်နှုန်းလောက် လျှော့ဈေးရနိုင်မယ်လို့ ခန့်မှန်းမိသည်။

စိတ်လှုပ်ရှားပြီး စိတ်အနှောင့်အယှက် ဖြစ်စပြုလာသော ဟားလပ်စ်ကို ပြန်လွှတ်လိုက်ပြီးနောက် ဟန်ရှောင်းသည် သူ့ဆက်သွယ်ရေးစက်ကို ဖွင့်ကာ ဖီးလစ်၏ တုံ့ပြန်မှု မျက်နှာပြင်ကို အသက်သွင်းလိုက်သည်။

ပရိုဂရမ်ခွဲများ ထည့်သွင်းထားသော ကစားသမားများအားလုံးကို အစက်နီများအဖြစ် ချက်ချင်း ပြသလိုက်ပြီး သူ့မြေပုံပေါ်တွင် အချိန်နှင့်တပြေညီ ပေါ်လာသည်။ ပုံရိပ်ယောင်နည်းပညာတွင် ဟန်ရှောင်း၏ ကျွမ်းကျင်မှုနှင့်ဆိုလျှင် ဤသည်မှာ ရိုးရှင်းသော လျှို့ဝှက်စောင့်ကြည့်ခြင်းမျှသာ ဖြစ်သည်။

ကစားသမားများ ရှိနေခြင်းကြောင့် စိတ်မချတာ မဟုတ်ဘဲ သူတို့ဘာသာ ရှုပ်ပွသွားမှာကို မလိုလားသောကြောင့် ဖြစ်သည်။

မြေပုံအတွင်းတွင် ကစားသမားများသည် စခန်းနံပါတ်(၁)၏ နေရာအနှံ့သို့ ပျံ့နှံ့သွားကြပြီး အများစုမှာ စတိုးဆိုင်ဧရိယာတွင် စုဝေးနေကြသည်။

အခြေအနေကို မြင်လိုက်ရတော့ ဟန်ရှောင်း၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။

"ကုန်ပစ္စည်းဟောင်းတွေ ထွက်ဖို့ လမ်းကြောင်းရသွားပြီပဲ။"

...

စခန်းနံပါတ်(၁)ကို မတူညီသော ဧရိယာများစွာ ခွဲခြားထားပြီး စတိုးဆိုင်ဧရိယာကဏ္ဍသည် ကစားသမားများအား လက်ရှိကုန်ပစ္စည်းများထဲမှ ထုတ်ကုန်များကို ရယူခွင့်ပြုထားသည်။ လိုအပ်သော ပမာဏကို ပေးချေပြီးနောက် ဖီးလစ်သည် သက်ဆိုင်ရာ ပစ္စည်းကို ဂိုဒေါင်မှ ထုတ်ပေးမည်ဖြစ်သည်။ လုပ်ငန်းစဉ်တစ်ခုလုံးသည် အလိုအလျောက် ဖြစ်သည်။

ဒီအချိန်မှာ စတိုးဆိုင်တွေရှေ့တွင် ကစားသမားများ တန်းစီနေကြသည်။

ထုတ်လုပ်ရေးလိုင်း၏ ထုတ်လုပ်မှုသည် ဘယ်သောအခါမျှ မရပ်တန့်ခဲ့သောကြောင့် စက်ကိရိယာများနှင့် စက်ယန္တရား အမြောက်အမြား သိုလှောင်ထားရှိခဲ့သည်။ စက်ယန္တရားအားလုံးကို ဟန်ရှောင်းက သေချာရွေးချယ်ထားပြီး ဤအဆင့်ရှိ ကစားသမားများအတွက် အလွန်သင့်လျော်သည်။ ကစားသမားများအတွက် သူတို့၏ လက်ရှိကိရိယာများကို အစားထိုးရန် အကောင်းဆုံးဖြစ်လိမ့်မည်။

ဓါးရူးနှင့် NCO အဆင့်သံချပ်ကာ မရှိသေးသော အခြားကစားသမားများအတွက် ပိုမိုအဆင့်မြင့်သော ကိရိယာများ လိုအပ်ချက်က ပို၍ပင် ကြီးမားနေသည်။ ဝယ်လိုအားရှိနေသရွေ့ ဈေးကွက် ရှိနေမည်ဖြစ်သည်။ ဝယ်လိုအားမရှိလျှင် သူဖန်တီးလိုက်ရုံပင်။

ကိရိယာ အစုံလိုက်များကို လျင်မြန်စွာ ရောင်းချခဲ့ရပြီး ပစ္စည်းအပြည့်ဖြည့်ထားသော ဂိုဒေါင်သည် လှပသော အချစ်လူလိမ်လေး တစ်ယောက်ကဲ့သို့ ကစားသမားများ၏ ပိုက်ဆံအိတ်များကို ဖြည်းဖြည်းချင်း စုပ်ယူနေသည်။

ဤအရောင်းအဝယ်ကြောင့် ဟန်ရှောင်း၏ ကုန်ပစ္စည်းစာရင်းရှိ အီနက်စ်များသည် ထိတ်လန့်စရာနှုန်းဖြင့် မြင့်တက်လာသည်။ အီနက်စ် တစ်သန်းလား။ အပိုင်းအစလေးသာ ရှိသေးသည်။

ကိရိယာများသည် ထုတ်လုပ်ရေးလိုင်း ထုတ်ကုန်များ ဖြစ်သော်လည်း သူတို့၏ အရည်အသွေးမှာ လုံးဝမနိမ့်ကျပေ။ ထို့အပြင် ကိရိယာများမှာ ပိုမိုမြင့်မားသော နည်းပညာစွမ်းရည် လိုအပ်သောကြောင့် အခြေခံဈေးနှုန်းကို အလွန်အမင်း လျှော့ချ၍မရပေ။ ထို့ကြောင့် ကစားသမားများသည် သူတို့၏ ငွေအားလုံးကို သုံးစွဲလိုက်လျှင်တောင် သူတို့၏ လက်ရှိကိရိယာ အားလုံးကို အစားထိုးရန် မလုံလောက်ပေ။

အထူးသဖြင့် ကပ်ပါးကောင်များကဲ့သို့ ကစားသမားများ၏ အစာအိမ်ကို ကိုက်စားနေသော ဈေးကြီးသည့် ဝတ်စုံပြည့်သံချပ်ကာဆိုလျှင် ပိုဆိုးသည်။

ကစားသမားများ ငွေပြတ်သွားသည့်အခိုက်အတန့်တွင် သူတို့စိတ်ထဲ ပထမဆုံး ရောက်လာမည့်အရာမှာ တာဝန်များ ပိုမိုလုပ်ဆောင်ရန်ပင်။

ဒီအတွက်ကြောင့် ဖီးလစ်၏ ပရိုဂရမ်ခွဲသည် လက်ခံနိုင်ဖွယ်ရှိသော အလုပ်အကိုင်တာဝန် စာရင်းကို ပြသထားသည်။

ထိုမစ်ရှင်အများစုတွင် ဆုလာဘ်များစွာ ရှိသည်။ ဟန်ရှောင်း သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ ဖီးလစ်က ဤသည်မှာ ဘလက်စတား စစ်တပ်၏ ဂုဏ်သတင်းနှင့် အဆက်အသွယ်များကြောင့် ရရှိလာသော အကျိုးကျေးဇူးဖြစ်ကြောင်း ရှင်းပြသည်။ ဘလက်စတား စစ်တပ်သို့ ဝင်ရောက်ထားသော ကြေးစားစစ်သားများသာလျှင် ဤကဲ့သို့ ကောင်းမွန်သော အလုပ်အကိုင်တာဝန်ကို ခံစားနိုင်သည်။ အကယ်၍ လွတ်လပ်သော ကြေးစားစစ်သားတစ်ဦးသာ ဖြစ်ပါက မပြောပလောက်သော ဆုလာဘ်တစ်ခုအတွက် သူတို့၏အသက်ကို စွန့်စားရပေလိမ့်မည်။

ဟန်ရှောင်းက ဖီးလစ်ကို ဤအချက်အား အလေးပေးပြောကြားရန် တောင်းဆိုရခြင်းအကြောင်းရင်းမှာ ဘလက်စတား စစ်တပ်တွင် ရှိနေခြင်းဖြင့် သူတို့ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ကစားသမားများ၏ စိတ်ထဲတွင် စွဲမြဲစေရန်ဖြစ်သည်။ ထို့အပြင် ကြီးထွားလာနေသော အဖွဲ့အစည်း တစ်ခုဖြစ်သည့်အတွက် ဘလက်စတား စစ်တပ်ကို ၎င်း၏ မစ်ရှင်များတွင် ကူညီပေးခြင်းသည် နှစ်ဖက်စလုံး အကျိုးရှိစေမည်ဖြစ်သည်။

"ဆုလာဘ်တွေက အများကြီးပဲ"

"အကောင်းဆုံး မစ်ရှင်တွေကတော့ လူတွေအများကြီး လုကြမှာ သေချာတယ်။ ဒါပေမယ့် ကျရှုံးမှု လျော်ကြေးကလည်း အတူတူပဲ မြင့်တယ်။"

ကစားသမား အများစုသည် ကြေးစားစစ်သား ဖြစ်ရခြင်း၏ အကျိုးကျေးဇူးများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

အထင်ရှားဆုံးအချက်မှာ ဤကြယ်ခရီးသွား မစ်ရှင်များအတွက် ဆုလာဘ်သည် ရေပင်လယ်ဂြိုလ်ပေါ်ရှိ မစ်ရှင်များထက် များစွာသာလွန်နေခြင်းဖြစ်သည်။ ထို့အပြင် ယခုအခါ သူတို့သည် မစ်ရှင်များကို လွတ်လပ်စွာ ရွေးချယ်နိုင်ပြီဖြစ်ပြီး ပြီးမြောက်အောင် လုပ်ဆောင်ရာတွင်လည်း လွတ်လပ်မှု များစွာရှိသဖြင့် မစ်ရှင် အစပျိုးရန် စိတ်ပျက်နေသော ကစားသမားများကို ဤလုပ်ငန်းစဉ်အသစ်တွင် ပျော်ရွှင်သွားစေသည်။

အလုပ်အကိုင်မစ်ရှင် တစ်ခုစီတွင် ပါဝင်သူ အရေအတွက် အများအပြား ရှိနိုင်သော်လည်း အများဆုံး အရေအတွက်မှာ ကွဲပြားနိုင်သည်။ မစ်ရှင်တစ်ခုကို လက်ခံလိုသော ကစားသမားများသည် ဦးစွာ ပရိုဂရမ်ခွဲမှတစ်ဆင့် လျှောက်လွှာတင်ရမည်ဖြစ်ပြီး ထို့နောက် ဖီးလစ်က သူတို့၏ အရည်အချင်းများကို ဝင်ရောက်စစ်ဆေးမည်ဖြစ်သည်။ အကယ်၍ ကစားသမားသည် လိုအပ်ချက်များနှင့် ကိုက်ညီပါက လျှောက်လွှာကို အတည်ပြုပေးမည်ဖြစ်သည်။ ထိုအခါမှသာ ကစားသမားကို မစ်ရှင်တွင် တရားဝင် ထည့်သွင်းရေတွက်နိုင်သည်။

လိုအပ်ချက်များတွင် အလုပ်အကိုင် မစ်ရှင်များ၏ ခက်ခဲမှုလည်း ပါဝင်သောကြောင့် ခက်ခဲသော မစ်ရှင်များသည် သေချာပေါက် ပိုမိုအကျိုးရှိမည်ဖြစ်သည်။ ကစားသမား အများအပြားသည် လစာကောင်းသော အလုပ်အကိုင် မစ်ရှင်များကို ရယူချင်ကြသော်လည်း သူတို့၏ လျှောက်လွှာအားလုံး ပယ်ချခံခဲ့ရသည်။

ဖီးလစ်က ဤအရာအားလုံးကို ကစားသမားများအား ရှင်းပြခဲ့သည်။

ဟန်ရှောင်းသည် စနစ်အတွင်း ကစားသမားများ တိုးတက်နိုင်မည့် နည်းလမ်းတစ်ခု ပေးရန်အတွက် အဖွဲ့အဆင့် စနစ်တစ်ခုကို တည်ထောင်ခဲ့သည်။ အခြေခံအဆင့် ကြယ်တစ်ပွင့်ဖြင့် စတင်ပြီး အဆင့်မြင့်လေ လုပ်ပိုင်ခွင့်နှင့် ရပ်တည်မှု မြင့်မားလေဖြစ်သည်။ ထိုပုဂ္ဂိုလ်ရေးအဆင့်ကို အလုပ်အကိုင် မစ်ရှင်များအတွက် လျှောက်လွှာစံနှုန်းအဖြစ်လည်း အသုံးပြုပြီး ၎င်းသည် သူတို့ ကိုင်တွယ်နိုင်သော အခက်အခဲကို တိုင်းတာသည့် အရာတစ်ခုအဖြစ် ဆောင်ရွက်သည်။ ကစားသမားများသည် ပိုမိုခက်ခဲသော တာဝန်များအတွက် အရည်အချင်းပြည့်မီရန် ယုံကြည်နိုင်မှု အမှတ်များ မြှင့်တင်ဖို့ လုံလောက်သော အခက်အခဲနည်းပါးသည့် တာဝန်များကို ဦးစွာ ပြီးမြောက်ရမည်ဖြစ်သည်။

ဤသည်မှာ သူတို့၏ ဂုဏ်သတင်းကို ကာကွယ်ရန်ဖြစ်သည်။ ဟန်ရှောင်းသည် ကစားသမားများကို ကောင်းကောင်း သိလွန်းသည် - သူတို့က ပေါက်ကရလုပ်ရတာ နှစ်သက်ကြသည်။ မစ်ရှင်တိုင်း ကျရှုံးမှုဖြင့် အဆုံးသတ်ပါက ၎င်းသည် သူ့အဖွဲ့၏ ဂုဏ်သတင်းကို ထိခိုက်စေပြီး ယခုအချိန်အထိ ရရှိထားသော ဂုဏ်ကျက်သရေအားလုံး ဆုံးရှုံးသွားလိမ့်မည်။ ထို့ကြောင့် ထိုကဲ့သို့သော အကာအကွယ် လိုအပ်သည်။

ထို့အပြင် ဟန်ရှောင်းသည် အခြားစနစ်တစ်ခုကိုလည်း တည်ထောင်ခဲ့သည်။ ကစားသမားများသည် အလုပ်အကိုင်စာရင်းကို မည်သည့်နေရာတွင်မဆို ကြည့်ရှုနိုင်သော်လည်း မစ်ရှင်တစ်ခုကို လက်ခံရန် စခန်းသို့ ပြန်လာရမည်ဖြစ်သည်။

ပေးထားသော အကြောင်းပြချက်မှာ ကြေးစားစစ်သား၏ အထောက်အထားကို စစ်ဆေးရန်နှင့် ဆက်သွယ်ရေးစက် ခိုးယူခံရခြင်းမှ ကာကွယ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ လက်တွေ့တွင်မူ ကစားသမားများ အပြင်ဘက်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်းမှ တားဆီးရန်၊ ပင်မမြို့တော်သို့ ပြန်လာပြီး ခံစားချက်များကို ပြုစုပျိုးထောင်ရန်နှင့်… ပိုက်ဆံသုံးရန် သေချာစေဖို့ဖြစ်သည်။

သူတို့ပြန်မလာရင် သူတို့ဆီကနေ ပိုက်ဆံ ဘယ်လိုရှာနိုင်မလဲ။

အခြားတစ်ဖက်တွင်၊ ဘလက်စတား နောက်သို့ အာကာသထဲ လိုက်ပါလာခဲ့သော မူလကစားသမားများသည် ခံစားချက်များ ရောထွေးနေကြသည်။

"မစ်ရှင် လက်ခံတဲ့နည်းလမ်း ပြောင်းသွားပြီ..."

ဗားရှင်း ၁.၀ တွင် သူတို့သည် ဟန်ရှောင်းနောက်သို့ လိုက်ကာ မစ်ရှင်အမျိုးမျိုးကို လုပ်ဆောင်ခဲ့ကြသည်။ သို့သော် ယခုအခါ မစ်ရှင်များကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထားသည်။ အသိသာဆုံး ခံစားချက်မှာ သူတို့အဖွဲ့၏ အင်အားသည် ပိုမိုအားကောင်းလာခြင်းပင်။

ဤအချိန်တွင် အလုပ်အကိုင် အသိပေးချက်အသစ်တစ်ခုကို ပရိုဂရမ်ခွဲ၏ အလုပ်အကိုင်စာရင်းတွင် တင်ထားလိုက်သည်။

________________________________________

ဆူနီ ကယ်ဆယ်ရေး စစ်ဆင်ရေး - ကြီးမားသော အတိုင်းအတာ အလုပ်အကိုင် မစ်ရှင်

မစ်ရှင်မိတ်ဆက် - ဆူနီဂြိုလ် သည် ကပ်ဘေးဆိုးများနှင့် ရင်ဆိုင်နေရသည်။ ဘလက်စတား စစ်တပ် အရာရှိ ဟားလပ်စ်၏ အကြံပြုချက်ဖြင့် ဘလက်စတားသည် ဘလက်စတား စစ်တပ်ထံ သတ်မှတ်ထားသော အလုပ်အကိုင်တစ်ခု ထုတ်ပြန်ရန် ဆုံးဖြတ်လိုက်ပြီး သူတို့၏ ဘေးအန္တရာယ်များကို တစ်ကြိမ်တည်းနှင့် အပြီးသတ် ဖြေရှင်းရန် ကြေးစားစစ်သား အမြောက်အမြား ခေါ်ယူလိုက်သည်။

မစ်ရှင်လိုအပ်ချက်များ - ဘေးအန္တရာယ်၏ အရင်းအမြစ်ကို ဖြေရှင်းရန် ဆူနီဂြိုလ်သို့ သွားရောက်ပါ။

စုဆောင်းမည့် အရေအတွက် - ၂၀၀,၀၀၀

မှတ်ချက် - ဤသည်မှာ ကြီးမားသော အတိုင်းအတာ မစ်ရှင်တစ်ခုဖြစ်သည်။ ဤတာဝန် ပြီးမြောက်ပါက ဘလက်စတား စစ်တပ်၏ ဂုဏ်သတင်းကို မြင့်တက်စေမည်ဖြစ်သည်။ အကျိုးခံစားခွင့်များ တိုးမြင့်လာမည့်အပြင် စခန်းအသစ်တစ်ခုလည်း ရရှိမည်ဖြစ်သည်။

________________________________________

"ဝါး၊ ၂၀၀,၀၀၀ ဟုတ်လား။ အဲဒါ ငါတို့ စုစုပေါင်း အရေအတွက်ရဲ့ တစ်ဝက်နီးပါးပဲ"

"ဒါက ပွဲကြီးပွဲကောင်း ဖြစ်ရမယ်။"

"ဆူနီ၊ ကပ်ဘေးလား၊ အဲဒါ ဘန်ဟစ်ဒေါ့ သူ့ချန်နယ်မှာ တင်ထားတဲ့ ဇာတ်ကြောင်း မဟုတ်ဘူးလား။ တကယ်တော့ အဆက်ရှိသေးတာကိုး။"

ကစားသမား အများစုသည် ချက်ချင်း စူးစမ်းချင်စိတ် ဖြစ်သွားကြသည်။

လုပ်ခလစာက မမြင့်မားပေ။ အဆုံးတွင်တော့ ဆူနီများ၏ ဘဝသည် ပြေလည်ခြင်း မရှိကြပေ။ သူတို့ရှိသော အီနက်စ်တိုင်းကို ငါးပုံတစ်ပုံ ခွဲနိုင်ဖို့ မျှော်လင့်နေမိကြသည်။ ဟန်ရှောင်းက သူတို့ကို သက်သာသော ဈေးနှုန်း ပေးထားသဖြင့် တစ်ဖက်လူက တတ်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကြီးမားသော အတိုင်းအတာ အလုပ်အကိုင် ဖြစ်သည့်အတွက် အတွေ့အကြုံ ဆုလာဘ်က လုံလောက်နေဆဲဖြစ်သည်။

ကစားသမား ၂၀၀,၀၀၀ ပါဝင်သော ကြီးမားသည့် အလုပ်အကိုင်သည် ကစားသမားများ၏ မျက်လုံးထဲတွင် ပင်မဇာတ်ကြောင်း တစ်ခုဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ သူတို့ထဲက အများစုသည် 'အပျော်' ထဲတွင် ပါဝင်ချင်ကြသဖြင့် လိုအပ်သော ပမာဏကို စုဆောင်းရန် လုံးဝ မခက်ခဲပေ။

ရာပေါင်းများစွာသော ကစားသမားများထဲတွင် ပေါ့ပေါ့ပါးပါး ကစားသမား အရေအတွက်က ပိုများသည်။ ပရော်ဖက်ရှင်နယ် ကစားသမားများ သို့မဟုတ် အသင်းအဖွဲ့ကြီးများမှ ကစားသမားများနှင့် ယှဉ်လျှင် ပေါ့ပေါ့ပါးပါး ကစားသမားများ၏ လိုက်လျောညီထွေ နေနိုင်စွမ်းမှာ ပိုအားနည်းသည်။

ကြယ်ခရီးသွား မြေပုံသည် အလွန်ကျယ်ပြန့်ပြီး ကြီးမားသော တာဝန်အရေအတွက်နှင့် လွတ်လပ်မှု အတိုင်းအတာ မြင့်မားခြင်းတို့ကို မြင်လိုက်ရသောအခါ ပေါ့ပေါ့ပါးပါး ကစားသမားများသည် ဘာကောင်းမှန်းမသိဘဲ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။

ဆူနီများ၏ အလုပ်အကိုင်တာဝန်သည် ဤကစားသမားများကို 'လမ်းညွှန်' ရန် နည်းလမ်းတစ်ခုအဖြစ် ဆောင်ရွက်သည်။

ဘယ်မစ်ရှင် ယူရမလဲ မသေချာဘူးလား။ လူအုပ်ကြီးနောက် လိုက်ပြီး ဒီကြီးမားတဲ့ အလုပ်အကိုင်ကို ယူလိုက်ပါ။ လူအုပ်ရှိနေသရွေ့ ပြဿနာရှိမှာ မဟုတ်ဘူး။

မစ်ရှင်က ကစားသမား အရေအတွက် အများအပြားကို ဆွဲဆောင်နိုင်စေရန် သေချာစေဖို့အတွက် ဟန်ရှောင်းသည် အဖွဲ့အစည်း လေးစားမှု ဆုလာဘ်ကို တိုးမြှင့်လိုက်ပြီး အဖွဲ့အစည်းကြီးထွားရန် ကူညီပေးနိုင်သော တာဝန်တစ်ခုအဖြစ် အလေးပေးဖော်ပြရန် မစ်ရှင်ဖော်ပြချက်ကို ပြုပြင်ခဲ့သည်။ ဤသည်မှာ ကစားသမားများအတွက် လှုံ့ဆော်မှုပုံစံတစ်ခုအဖြစ် ဆောင်ရွက်သည်။

သို့သော် ဟန်ရှောင်းသည် ဒီတစ်ကြိမ်တွင် လွန်ကဲစွာ စိုးရိမ်နေသည်ဟု ဆိုနိုင်သည်။ ဂိုဒိုရာမှ ဆုတံဆိပ် ချီးမြှင့်ခံရခြင်းက သူ့ကို ဖိုရမ်တွင် ဟိုးလေးတကျော်ကျော် ဖြစ်စေခဲ့သည်။ ကစားသမားများက ဟန်ရှောင်းသည် စကြဝဠာအတွင်း တောက်ပနေသော ကျော်ကြားသူတစ်ဦး ဖြစ်နေပြီဆိုတာကို သဘောပေါက်သွားကြသည်။

ကစားသမားများသည် ဟန်ရှောင်း ကြီးပြင်းလာပုံကို လမ်းတစ်လျှောက်လုံး စောင့်ကြည့်ခဲ့ကြပြီး ဘလက်စတား စစ်တပ်အတွက် တိုက်ခိုက်ရခြင်းကို ကျေနပ်အားရမှု ရှိကြသည်ဟု ဆိုနိုင်သည်။

ဆုလာဘ် မများသော်လည်း ကစားသမား အများအပြားသည် ဘလက်စတား စစ်တပ်ကို ကြီးထွားစေမည့် မစ်ရှင်များတွင် ပါဝင်ရန် ဝန်လေးကြမည် မဟုတ်ပေ။

သူ့လှုပ်ရှားမှု နှစ်ပေါင်းများစွာ ကြာပြီးနောက် ဟန်ရှောင်းသည် ကစားသမားများ၏ နှလုံးသားထဲတွင် ဖြည်းဖြည်းချင်း စွဲထင်လာခဲ့ပြီ ဖြစ်သည်။

စာစဉ် (၃၈)၊ အခန်း (၅၉၁) ပြီး၏။

လင်းဆက်

+++++

အခန်း (၅၉၂) နိုရီယိုဆေးထံမှ ရင်းနှီးမြှုပ်နှံမှု

ဖိုရမ်ပေါ်တွင် ကစားသမားများစွာသည် သူတို့၏ ကိုယ်ပိုင်အမြင်များကို မျှဝေနေကြသည်။ ရေပင်လယ်ဂြိုလ်ကဏ္ဍသည် အသက်ဝင်ဆုံးဒေသ ဖြစ်လာပြီး အခြားအစပြုရာဂြိုလ်များမှ ကစားသမားများစွာသည်လည်း ရံဖန်ရံခါ လာရောက်ကြည့်ရှုကြသည်။

အချို့ကစားသမားများက စကြာဝဠာ၏ ထူးဆန်းသော မျိုးစိတ်များအကြောင်း တင်ကြပြီး အခြားသူများက ခမ်းနားသော ရှုခင်းများကို တင်ကြသည်။ အချို့ဆိုလျှင် ကွန်ပျူတာဇာတ်ကောင် များနှင့် တွဲရိုက်ထားသော သူတို့၏ဆယ်လ်ဖီများကိုပင် တင်ကြသည်... အဓိကအားဖြင့် အေရိုရှီးယား၊ ဖေးဒင်နှင့် ဆေးလ်ဗီးယားတို့ ဖြစ်ကြသည်။

ဟန်ရှောင်းသည် ရစ်ဒါအား ကတိပေးထားပြီးဖြစ်သောကြောင့် သူသည် အေရိုရှီးယား၏ မှတ်ဉာဏ်မြင်ကွင်းများကို ကစားသမားအားလုံးထံ ပေးပို့ခဲ့ပြီး သူတို့ကို မစ်ရှင်အသစ်တစ်ခု ပေးခဲ့သည်။ အတူတကွ ရှာဖွေရန် ကစားသမားအားလုံးကို စုစည်းလိုက်ခြင်းက သဘာဝကျစွာပင် ပို၍ထိရောက်ပေလိမ့်မည်။

ဘန်ဟစ်ဒေါ့နှင့် ‘ဂလက်စီတိုင်းမ်’ တို့သည် ခေတ်ရေစီးကြောင်းကို အနီးကပ်စောင့်ကြည့်ပြီး စီးရီးအသစ်တစ်ခု ထုတ်လွှင့်ခဲ့သည်။ စီးရီး၏အကြောင်းအရာမှာ ဂလက်စီထဲသို့ ဝင်ရောက်လာသည့် ပထမဆုံး အစပြုရာဂြိုလ်အကြောင်း ဖြစ်သည်။ ထိုစီးရီးသည် ဘလက်စတား စစ်တပ်၊ စခန်းနံပါတ်(၁)ရှိ အဆောက်အဦးအမျိုးမျိုးနှင့် ဘလက်စတား၏ ဆုပေးပွဲအခမ်းအနားတို့ကို မိတ်ဆက်ပြသခဲ့သည်။

ကစားသမားများကြားတွင် ကျော်ကြားသော ကွန်ပျူတာဇာတ်ကောင် တစ်ဦးဖြစ်နေပြီးဖြစ်သည့် ဟန်ရှောင်းသည် သူ၏ကျော်ကြားမှုကို တစ်ဖန် မြင့်တက်စေခဲ့ပြန်သည်။

လတ်တလောတွင် ရေပင်လယ်ဂြိုလ်၏ ပြောင်းလဲမှုများအကြောင်း နောက်ထပ် ရေပန်းစားသော ဆွေးနွေးမှုတစ်ခု ရှိနေသည်။

စခန်းနံပါတ်(၂)တွင် စမ်းသပ်မှုကို အောင်မြင်ရန် ကြိုးစားနေသည့် ကစားသမား သောင်းနှင့်ချီ ရှိနေသေးပြီး ဂလက်စီဘဏ္ဍာရေးအုပ်စုများက ရေပင်လယ်ဂြိုလ် ဖွံ့ဖြိုးတိုးတက်မှုတွင် မည်သို့ကူညီပေးခဲ့ကြောင်း၊ လုပ်ငန်းစဉ်အတွင်း အခွင့်အလမ်းသစ်များစွာ ဖွင့်လှစ်ပေးခဲ့ကြောင်းတို့ကို သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။

ဂလက်စီဘဏ္ဍာရေးအုပ်စုများ၏ အကူအညီဖြင့် အဆောက်အဦးသစ်များစွာ မြေကြီးထဲမှ မိုးပျံတက်လာခြင်းနှင့်အတူ ရေပင်လယ်ဂြိုလ်သည် နည်းပညာပိုင်းဆိုင်ရာ ကြီးမားသော တိုးတက်မှုကို ကြုံတွေ့ခဲ့ရကြောင်း ထိုဆွေးနွေးမှုမှတစ်ဆင့် ဟန်ရှောင်း သိရှိခဲ့သည်။ ရေပင်လယ်ဂြိုလ်သည် ဂလက်စီခေတ်သို့ လျင်မြန်စွာ ခြေလှမ်းလှမ်းနေပြီ ဖြစ်သည်။

ဟန်ရှောင်းသည် ဤရလဒ်အတွက် သိပ်ပြီး အံ့သြမနေခဲ့ပေ။ ထိုစဉ်က သတင်းထောက်များကို ရေပင်လယ်ဂြိုလ်သို့ ဖိတ်ခေါ်ခဲ့ချိန်ကတည်းက ဤကဲ့သို့ ဖြစ်လာမည်ကို သူမျှော်လင့်ထားပြီး ဖြစ်သည်။

သို့သော် ဤဖြစ်ရပ်ဆန်းအပေါ် ကစားသမားများ၏ ခံစားချက်ကို စကားစုတစ်ခုတည်းဖြင့် ဖော်ပြနိုင်သည်။

လူတစ်ယောက် တရားထူးရလျှင် ကြက်များနှင့်ခွေးများပါ ကောင်းကင်ဘုံသို့ ရောက်ရှိသည် (တစ်ယောက်ကောင်းစားလျှင် တစ်ဆွေလုံး တစ်မျိုးလုံး ကောင်းစားသည်)။

ကစားသမားများသည် ရေပင်လယ်ဂြိုလ်၏ သမိုင်းကြောင်းကို အတူတကွ ပေါင်းစပ်ခဲ့ကြပြီး သူတို့မျက်စိရှေ့တွင် မြင်တွေ့နေရသော ပြောင်းလဲမှုသည် ဟန်ရှောင်း၏ လုပ်ရပ်များကြောင့်သာ ဖြစ်သည်ဟု ပြောနိုင်သည်။

ဘလက်စတား၏ ဂလက်စီအတွင်း လွှမ်းမိုးမှုကြောင့်သာ ရေပင်လယ်ဂြိုလ်သည် ဤမျှ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်ခြင်း ဖြစ်သည်။

ရေပင်လယ်ဂြိုလ်ပေါ်ရှိ ဘီလီယံနှင့်ချီသော နေထိုင်သူများထံ အကျိုးကျေးဇူးများ သယ်ဆောင်လာပေးခြင်း၊ ဤအချက်တစ်ခုတည်းကပင် ဘလက်စတားကို ဂြိုလ်၏ သူရဲကောင်း ဖြစ်စေခဲ့သည်။

ဟန်ရှောင်း၏ ဆွဲဆောင်မှုသည် ရေပင်လယ်ဂြိုလ်မှ ကစားသမားများကြားတွင် ထူးဆန်းသော ဆွဲငင်အားတစ်ခု ဖြစ်ပေါ်လာစေသည်။

…

ရက်အနည်းငယ် ကြာပြီးနောက်...

ကစားသမားများကို အဓိက အုပ်စုကြီးလေးခု ခွဲခြားနိုင်သည်။

ပထမအုပ်စုမှာ အခြေစိုက်စခန်းတွင် နေထိုင်ပြီး ပင်မမြို့တော်အသစ်နှင့် ရင်းနှီးကျွမ်းဝင်အောင် လုပ်သူများဖြစ်သည်။ နောက်ဆုံးတွင် သူတို့သည် ဘလက်စတားကြေးစားစစ်သည်များထံမှ မစ်ရှင်များကို လက်ခံကြလိမ့်မည်။

ဒုတိယအုပ်စုမှာ ဘာလုပ်ရမှန်းမသိသော ဆုံးဖြတ်ချက်မပြတ်သားသူများ ဖြစ်သည်။ သူတို့သည် စည်ကားသော ရွှေတံခါးဂြိုလ်ပေါ်တွင်သာ သောင်တင်နေပြီး ဂြိုလ်ပေါ်မှ မစ်ရှင်များကို ရှာဖွေနေကြသည်။

တတိယအုပ်စုမှာ မစ်ရှင်အမျိုးမျိုးကို လက်ခံသူများဖြစ်သည်။ သူတို့သည် ဖီးလစ်၏ ညွှန်ကြားချက်များကို လိုက်နာပြီး အထူး ဘလက်စတား စစ်တပ် ဂလက်စီခရီးစဉ်ကို သွားကြသည်။ သူတို့သည် မစ်ရှင်များကို ပြီးမြောက်အောင် လုပ်ဆောင်ရင်း ဂါတွန်ကြယ်စနစ်၏ ကြယ်ဇုန်အသီးသီးသို့ သွားရောက် လည်ပတ်ကြသည်။

နောက်ဆုံးအုပ်စုမှာ ဆူနီကယ်ဆယ်ရေးမစ်ရှင်ကို လက်ခံခဲ့သော ကစားသမား ၂၀၀,၀၀၀ ဖြစ်သည်။ သူတို့သည် ဟားလပ်စ် ဦးဆောင်သော ဆူနီတပ်မကို လိုက်ပါသွားပြီး ဆူနီဂြိုလ်ပေါ်တွင် ခမ်းနားထည်ဝါစွာ ပွဲထုတ်ခဲ့ကြသည်။

ဂလက်စီထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်း ဖြစ်သောကြောင့် ကစားသမားအများစုသည် သတိထား၍ လှုပ်ရှားရန် ရွေးချယ်ခဲ့ကြသည်။

သူတို့သည် ဂလက်စီနှင့် မရင်းနှီးသောကြောင့် ဥပဒေအမျိုးမျိုးကို ချိုးဖောက်မိရန် အလွန်လွယ်ကူသည်။ ထို့ကြောင့် ဟန်ရှောင်း ထုတ်ပြန်သော မစ်ရှင်များသည် ဂါတွန်ကြယ်စနစ် အတွင်း၌သာ ကန့်သတ်ထားပြီး ကစားသမားများ ဥပဒေချိုးဖောက်နိုင်ခြေကို လျှော့ချရန်အတွက် ဖီးလစ်က ဒေသန္တရဥပဒေများကို ရံဖန်ရံခါ သတိပေးမည့် ပရိုဂရမ်တစ်ခုကို ရေးဆွဲထားသည်။

သို့သော် မိမိတို့ဆန္ဒရှိသလို လုပ်ချင်သော ကစားသမားအချို့ ရှိနေမည်မှာ သေချာသည်။ ပြောရလျှင် ကစားသမားများသည် ကန့်သတ်ချုပ်ချယ်ခံရခြင်းကို မကြိုက်ကြပေ။ အချို့၏ ဦးနှောက်များမှာ တွင်းနက်များကဲ့သို့ ဖြစ်သည်။

ဟန်ရှောင်းသည် ကစားသမားများ၏ 'တီထွင်ဖန်တီးနိုင်စွမ်း' ကို ကောင်းကောင်း နားလည်ထားသဖြင့် သိပ်ပြီး အကောင်းမမြင်ထားပေ။

ဟန်ရှောင်းသည် အဆိုးရွားဆုံး အခြေအနေအတွက် အရေးပေါ်လုပ်ထုံးလုပ်နည်း တစ်ခုကို ရေးဆွဲပြီးဖြစ်သည်။ သူသည် ကစားသမားများကို ထိန်းချုပ်ရန် စွဲလမ်းမနေသော်လည်း ပြစ်ဒဏ်ပေးခြင်းသည် မရှိမဖြစ် လိုအပ်သည်။

ဟုတ်ပါသည်၊ သူသည် ပျားရည်ဆမ်းကာလတွင် ရှိနေဆဲဖြစ်ပြီး အရာအားလုံးသည် ချောမွေ့နေဆဲ ဖြစ်သည်။

ကစားသမား အများစုသည် သိလိုစိတ်နှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေကြသည်။ စခန်းနံပါတ်(၁)မှ ထွက်ခွာသည်နှင့် တစ်ပြိုင်နက် သူတို့သည် မစ်ရှင်အသီးသီးသို့ ထွက်ခွာကြပြီး ကြယ်ဇုန်အသီးသီးကို စူးစမ်းလေ့လာကြသည်။

ဗီဇပြောင်းလဲခြင်း ဘေးအန္တရာယ်နှင့် အမှောင်ကြယ်ဖြစ်ရပ်ပြီးနောက် လအနည်းငယ်အကြာတွင် ဘလက်စတား စစ်တပ်သည် သူတို့၏ လုပ်ငန်းလည်ပတ်မှုများကို တရားဝင် စတင်လာသည်။

ဟန်ရှောင်းသည် ဖီးလစ်၏ ကလေးပရိုဂရမ်ကို ပစ္စည်းကိရိယာများ ဝယ်ယူနိုင်သည့် လုပ်ဆောင်ချက် ထည့်သွင်းပေးလိုက်သည်။ အခြေစိုက်စခန်းနှင့် ဝေးရာသို့ ရောက်နေသော ကစားသမားများသည် အဖွဲ့အစည်းဆိုင်မှ ကုန်ပစ္စည်းများကို ကြည့်ရှုနိုင်ပြီး ဈေးနှုန်းများကို ချက်ချင်း နှိုင်းယှဉ်နိုင်သည်။ သူတို့သည် ကြိုတင်ငွေပေးချေမှု ပြုလုပ်နိုင်ပြီး အခြေစိုက်စခန်းသို့ ပြန်ရောက်သောအခါ ကုန်ပစ္စည်းများကို ထုတ်ယူနိုင်သည်။

ထို့အပြင် ကစားသမားများသည် အကွာအဝေးပေါ်မူတည်၍ တွက်ချက်ထားသော ဈေးနှုန်းဖြင့် ကုန်ပစ္စည်းများကို သူတို့ထံ ပို့ဆောင်ပေးရန်အတွက် အပိုကြေးပေးရန်လည်း ရွေးချယ်နိုင်သည်။ ကုန်ပစ္စည်းများကို အသုတ်လိုက်ကြီး မပို့ဆောင်မီ စုစည်းထားမည် ဖြစ်သည်။ ဟုတ်ပါတယ်၊ တစ်ကိုယ်ရေ ပို့ဆောင်ရေးဝန်ဆောင်မှုကို ဝယ်ယူရန် ငွေပိုသုံးနိုင်ပြီး ကုန်ပစ္စည်းများကို ချက်ချင်း ပို့ဆောင်ပေးမည် ဖြစ်သည်။

ဒါက ဟန်ရှောင်းအတွက် ငွေရှာရန် နောက်ထပ်နည်းလမ်းတစ်ခု ဖြစ်သည်။ သို့သော် ကစားသမားများသည် ဆင်းရဲနေကြဆဲဖြစ်ပြီး ဤဝန်ဆောင်မှုသည် အသေးစိတ်အချက်အလက်များကို ပြုပြင်နေဆဲဖြစ်သော စမ်းသပ်အဆင့်တွင်သာ ရှိသေးသည်။ စကြာဝဠာ၏ ကျယ်ပြောလှမှုကြောင့် ဖြန့်ဖြူးရေးလုပ်ငန်းသည် အလွန်အမင်း စည်ကားသည်။ ဟန်ရှောင်း၏ လက်ရှိဂုဏ်သတင်းနှင့်ဆိုလျှင် ပူးပေါင်းဆောင်ရွက်ရန် ဖြန့်ဖြူးရေးကုမ္ပဏီအချို့ကို ရှာဖွေရန်မှာ သူ့အတွက် ခက်ခဲမည်မဟုတ်ပေ။ အမှန်တကယ်တွင် သူသည် ကိုယ်ပိုင် ဖြန့်ဖြူးရေးလမ်းကြောင်းကိုပင် တည်ဆောက်နိုင်သည်။

ကြီးမားသော ကြေးစားစစ်သည်အဖွဲ့ကို တည်ထောင်ခြင်းသည် ကော်ပိုရေးရှင်းကြီးတစ်ခု တည်ထောင်ခြင်းနှင့် တူသည်။ သယ်ယူပို့ဆောင်ရေး၊ ပစ္စည်းပေးပို့ခြင်း၊ ဂုဏ်သတင်း၊ လူအင်အား၊ ပိုင်ဆိုင်မှု၊ ဆက်ဆံရေးနှင့် အခြားအချက်များစွာကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ကစားသမားများသည် သူတို့အတွင်း၌ ကြီးမားသော အကျိုးကျေးဇူးများ ရှိနေသည့် ပူးပေါင်းဆောင်ရွက်မှုအတွက် ဖဲချပ်ကောင်းတစ်ခုနှင့် တူပြီး အဆုံးမရှိသော အကျိုးကျေးဇူးစီးကြောင်းအတွက် ထပ်ခါတလဲလဲ ရိတ်သိမ်းနိုင်သည်။ ထို့ကြောင့် ဟန်ရှောင်း၏ လက်ရှိအလုပ်မှာ အကြီးမားဆုံး အကျိုးကျေးဇူးများကို ရိတ်သိမ်းနိုင်စေရန် သေချာစေရေးအတွက် ကစားသမားများအပေါ် မူတည်၍ ကြေးစားစစ်သည်အဖွဲ့ကို ပုံဖော်ရန် ဖြစ်သည်။

…

ဟားလပ်စ်သည် တပ်ဖွဲ့များကို ဆူနီသို့ ဦးဆောင်သွားပြီး ကြိုတင်ကာကွယ်မှု အနေဖြင့် ဟန်ရှောင်းသည် ဟားလပ်စ်အပေါ်တွင် [လေ့လာသူ၏ အမှတ်အသား] တစ်ခု ထားရှိခဲ့သည်။ ၎င်းသည် သူ့အတွက် တတိယမြောက် အမှတ်အသား ဖြစ်သည်။

လွန်ခဲ့သော အချိန်ခဏက ဟန်ရှောင်းသည် ဖရိုဖရဲလေ့လာသူ မျိုးနွယ်စု၏ အရည်အချင်းများကို စမ်းသပ်ခဲ့သည်။ သူ၏အမြင်အာရုံသည် ရုပ်ပိုင်းဆိုင်ရာ အကွာအဝေးကို လျစ်လျူရှုနိုင်ပြီး အမှတ်အသား၏ သတ်မှတ်ထားသော အကွာအဝေးအတွင်း သူ၏အမြင်အာရုံကို လော့ခ်ချထားနိုင်သည်။ သူသည် အေရိုရှီးယား တစ်ယောက် ဘာမှပူပန်မှုမရှိဘဲ အစားတွေပလုတ်ပလောင်း စားနေသည်ကို မြင်တွေ့နိုင်သလို ပဉ္စမမြောက် ဆားဗီးယား ကြိုးကြိုးစားစား အလုပ်လုပ်နေသည်ကိုလည်း မြင်တွေ့နိုင်သည်။ ထို့အပြင် စောင့်ကြည့်ခံရသော ပုဂ္ဂိုလ်သည် မည်သည့်အရာကိုမျှ သတိထားမိမည် မဟုတ်ပေ။ ၎င်းသည် အခြားသူများကို ချောင်းမြောင်းရန်အတွက် တကယ့်ကို ဘုရားပေးသော စွမ်းရည်တစ်ခု ဖြစ်သည်။

စခန်းနံပါတ်(၁)သည် ချက်ချင်းဆိုသလို ပိုမိုကျယ်ဝန်းသွားသည်။ ကျန်ရစ်ခဲ့သော ကစားသမားများမှလွဲ၍ ကျန်ရှိသော အရာရှိများမှာ အေရိုရှီးယားနှင့် ဆေးလ်ဗီးယားတို့သာ ဖြစ်သည်။ အခြားအရာရှိများသည် အလယ်အလတ်မှ မြင့်မားသော အခက်အခဲရှိ မစ်ရှင်အချို့ကို ပြီးမြောက်ရန် ကြေးစားစစ်သည်များကို ခေါ်ဆောင်သွားကြသည်။

ဟန်ရှောင်းလည်း အခြေစိုက်စခန်းတွင် ကျန်ရစ်ခဲ့သည်။

သူ့အကောင့်ထဲတွင် အီးနား ၃၀,၀၀၀,၀၀၀ ကျော် ရှိနေသဖြင့် ဟန်ရှောင်းသည် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ကုန်ကြမ်းပစ္စည်း အမြောက်အမြားကို စတင်ဝယ်ယူတော့သည်။

ငွေကြေးသည် တပ်မတော်စတိုင်၏ အဓိက တိုက်ခိုက်ရေးအင်အား ဖြစ်သည်။ ယခုအခါ ဟန်ရှောင်းသည် ကပ်ဘေးအဆင့်တွင် ရှိနေပြီဖြစ်၍ ပိုမိုအားကောင်းသော စက်ပစ္စည်းများကို ဖန်တီးနိုင်ပြီဖြစ်ကာ သူပိုင်ဆိုင်ထားသော လက်ရှိစက်ပစ္စည်းများကို အဆင့်မြှင့်တင်ရန် ပြင်ဆင်ခဲ့သည်။ ယခင်က ပျက်စီးသွားသော စက်ပစ္စည်းများကို ပြုပြင်ခြင်းအပြင် တပ်ဖွဲ့သစ်အချို့ကိုလည်း ထပ်ဖြည့်လိုသည်။

ဟန်ရှောင်းသည် သူ၏စစ်တပ်ကို တည်ဆောက်ရန် သီးသန့်နေထိုင်ဖို့ ပြင်ဆင်ထားသည်။ သူ့လက်အောက်တွင် စိတ်အားထက်သန်သော တပ်သားများစွာ ရှိနေသဖြင့် အခြားကိစ္စများကို လုပ်ဆောင်ရန် အချိန်ပိုရရှိမည် ဖြစ်သည်။

အေးမီစ်က သူ့ကို မလောသဖြင့် အော်ရိုရာနှင့် ဟီလာကို မျောလွင့်နဂါးကျွန်းသို့ ပို့ရန် သူအလျင်မလိုပေ။

"ငါ နိုရီယိုဆေးကို အီးနား ၄,၀၀၀,၀၀၀ ပေးဖို့ ကျန်သေးတယ်။ သူတို့ဆီက ပိုက်ဆံချေးတာ နှစ်နှစ်မပြည့်သေးဘူး။ အတိုးနှုန်းက ၁၀ ရာခိုင်နှုန်းပဲ ရှိသေးတယ်။ နှစ်နှစ်ပြည့်သွားရင် အတိုးနှုန်းက ထပ်တက်လာဦးမှာ"

ဟန်ရှောင်းသည် ဤအကြွေးကို မှတ်မိနေဆဲဖြစ်သည်။ ယခုအခါ သူ၏ဘဏ္ဍာငွေ ပြည့်စုံနေပြီဖြစ်၍ အတိုးနှုန်း သိပ်မမြင့်မားခင် အကြွေးဆပ်ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူသည် နိုရီယိုဆေးခေါင်းဆောင်ကို ဆက်သွယ်လိုက်ရာ တစ်ဖက်လူ၏ ပုံရိပ်ယောင်သည် သူ့ရှေ့တွင် ပေါ်လာ၏။

"ဘလက်စတားလား၊ ဟားဟား၊ မင်းငါ့ကို နောက်ဆုံး ဆက်သွယ်ခဲ့တာ တော်တော်ကြာပြီပဲ။ ခင်ဗျားရဲ့ ကျော်ကြားမှုက မကြာသေးမီအချိန်အတွင်း တကယ်ကို မိုးထိအောင် မြင့်တက်လာခဲ့တာပဲ" ရော့ခ်ဖက်စ်က ဖော်ရွေသော အပြုံး၊ နွေးထွေးသော လေသံဖြင့် ပြောလိုက်သည်။

ဟန်ရှောင်း ငွေချေးယူချင်ခဲ့စဉ်က သူ၏သဘောထားနှင့် ယှဉ်လိုက်လျှင် သူ၏လက်ရှိသဘောထားက ပိုမိုကောင်းမွန်နေသည်။

"တကယ်တော့ ကျွန်တော်က လူမသိသူမသိနေရတာကို ပိုသဘောကျပါတယ်" ဟန်ရှောင်းက မဆက်ခင် ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်သည်။ "ကျွန်တော် မစ္စတာ့ကို အရင်း အီးနား ၄,၀၀၀,၀၀၀ နဲ့ အတိုးရော စုစုပေါင်း ၄,၄၀၀,၀၀၀ ပြန်ဆပ်ဖို့ ဆက်သွယ်လိုက်တာပါ"

အကြွေးနှင့်ပတ်သက်သော ဥပဒေသည် အလွန်တင်းကျပ်ပြီး ဟန်ရှောင်းသည် နောက်ဆုံးတွင် ပေးဆပ်ရမည်သာ ဖြစ်သည်။

ရော့ခ်ဖက်စ်က ရုတ်တရက် ခေါင်းစဉ်ပြောင်းပြီး မေးလိုက်သည်။ "ငါသိချင်တာက၊ မင်းစပွန်ဆာ လက်ခံဖို့ ဆန္ဒရှိမလား"

ဟန်ရှောင်း ငွေလွှဲပြီးခါစရှိသေးကာ သူ့ရင်ထဲတွင် သွေးထွက်နေသည်။ ထိုစကားကို ကြားလိုက်ရသောအခါ ဟန်ရှောင်း၏ မျက်ခုံးများ မြင့်တက်သွားပြီး သူ့မျက်လုံးထဲတွင် နောက်ပြောင်လိုသော အရိပ်အယောင်ကို မြင်လိုက်ရသည်။

လွန်ခဲ့သော တစ်နှစ်က သူ ရော့ခ်ဖက်စ်ကို စပွန်ဆာတောင်းခဲ့စဉ်က ရော့ခ်ဖက်စ် ငြင်းပယ်ခဲ့ပြီး အကြွေးထုတ်ပေးရန်သာ ကတိပြုခဲ့သည်။ ဒီတစ်ကြိမ်တွင် ရော့ခ်ဖက်စ်က စပွန်ဆာပေးရန် အစပျိုးကမ်းလှမ်းလာသည်လော။

သူ၏ လတ်တလော အောင်မြင်မှုများက ရော့ခ်ဖက်စ်ကို သူသည် ရင်းနှီးမြှုပ်နှံရန် ထိုက်တန်သူဟု ထင်မြင်စေခဲ့ပုံရသည်။ ထို့ကြောင့် ရော့ခ်ဖက်စ် စိတ်ပြောင်းပြီး စပွန်ဆာပေးရန် ကမ်းလှမ်းခြင်း ဖြစ်သည်။

ရော့ခ်ဖက်စ်သည် အကျိုးအမြတ်ကိုသာ ကြည့်သော လူတစ်ဦးဖြစ်သော်လည်း ဟန်ရှောင်းသည် ၎င်းကို ထူးဆန်းသည်ဟု မထင်သလို၊ ရွဲ့ပြောရန်လည်း ရည်ရွယ်ချက် မရှိပေ။ လောကရှိ လူတိုင်းသည် အကျိုးအမြတ်အတွက်သာ အလုပ်လုပ်ကြသည်။ သူသည် လုံလောက်သော အလားအလာ သို့မဟုတ် အင်အားကို ပြသနိုင်မှသာ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည် ဖြစ်သည်။ ၎င်းသည် သံမဏိစည်းမျဉ်း ဖြစ်သည်။

"ဟုတ်ကဲ့၊ ကျွန်တော် ဒီကမ်းလှမ်းမှုကို အရမ်း စိတ်ဝင်စားပါတယ်" ဟန်ရှောင်းက ပြုံးလိုက်သည်။

ရော့ခ်ဖက်စ်၏ မျက်လုံးများ အရောင်တောက်လာသည်။

ဟန်ရှောင်း သဘောတူမည် ဟုတ်မဟုတ် သူအစက သိပ်မသေချာခဲ့ပေ။ ဘလက်စတားသည် ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်သောကြောင့် ပြင်ပရန်ပုံငွေ မလိုအပ်တော့မည်ကို သူစိုးရိမ်ခဲ့သည်။ သို့သော် ကြီးမားသော အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်း တစ်ခု ဆုံးရှုံးသွားပါက နှမြောစရာ ဖြစ်လိမ့်မည်။

ဘလက်စတားက သူ့စပွန်ဆာကို လက်ခံရန် ဆန္ဒရှိသည်ဆိုကတည်းက သူ့ကနဦးရင်းနှီးမြှုပ်နှံမှုက အကျိုးအမြတ် ပြန်ရနေပြီဟု ဆိုလိုခြင်းဖြစ်သည်။

ရော့ခ်ဖက်စ် ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။ "ဘလက်စတာ၊ ငါဘလက်စတား စစ်တပ်ကို နောက်ထပ် အီးနား ၅,၂၀၀,၀၀၀ စပွန်ဆာပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ"

ဟန်ရှောင်း မေးစေ့ကို ပွတ်သပ်ရင်း မေးလိုက်သည်။ "ခင်ဗျားက အပြန်အလှန်အနေနဲ့ ဘာလိုချင်တာလဲ"

"ဟားဟား၊ ဒါက ကနဦး ရင်းနှီးမြှုပ်နှံမှုသာ ဖြစ်ပြီး ဘလက်စတား စစ်တပ်နဲ့ ရေရှည် ပူးပေါင်းဆောင်ရွက်မှု တစ်ခု ဖွဲ့စည်းဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ငါတို့ နိုရီယိုဆေး ဘဏ္ဍာရေးအုပ်စုက ဘလက်စတား စစ်တပ် ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးဖို့ ရန်ပုံငွေတွေ ထုတ်ပေးသွားမှာပါ၊ ကြေးစားစစ်သည်တွေရဲ့ သက်သာချောင်ချိရေး၊ သယ်ယူပို့ဆောင်ရေး၊ လုပ်ငန်းနယ်ပယ် ချဲ့ထွင်ခြင်းနဲ့ အခြေစိုက်စခန်းများ တည်ဆောက်ခြင်းတွေ အပါအဝင်ပေါ့၊ ဒါပေမဲ့ ဒါတွေတင် မကပါဘူး။ ဂါတွန်ကြယ်စနစ် သို့မဟုတ် အခြားကြယ်စနစ်တွေမှာ စီးပွားရေးလုပ်ငန်းတွေ စတင်ဖို့အတွက် ဘလက်စတား စစ်တပ်ရဲ့ နာမည်ကို ငှားရမ်းအသုံးပြုချင်ပါတယ်။ ငါတို့ ပြဿနာတွေကို ဖြေရှင်းဖို့ အကြမ်းဖက်နည်းလမ်း လိုအပ်လာတဲ့အခါ ဘလက်စတား စစ်တပ်ရဲ့ အကူအညီကို ပထမဆုံး အချိန်မှာပဲ ရရှိဖို့ မျှော်လင့်ပါတယ်..."

ရော့ခ်ဖက်စ် ပေးသော အခြေအနေများသည် ဘဏ္ဍာရေးအုပ်စုများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား အများအားဖြင့် ရှိတတ်သော အခြေအနေများသာ ဖြစ်သည်။

ပုံမှန် အခြေအနေမျိုးတွင် ဘလက်စတား စစ်တပ်သည် မျောလွင့်နဂါးကျွန်း၏ ကွင်းဆင်းတပ်ဖွဲ့ဖြစ်ပြီး မျောလွင့်နဂါးကျွန်းတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံခြင်းက ပိုမိုကောင်းမွန်သော ရွေးချယ်မှု ဖြစ်လိမ့်မည်။ သို့သော် ဘလက်စတားကိုယ်တိုင်တွင် ဩဇာလွှမ်းမိုးမှု အချို့ ရှိနေသဖြင့် နောက်ထပ် ရင်းနှီးမြှုပ်နှံမှု ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။

ဟန်ရှောင်းသည် အခြေအနေများကို စိတ်ရှည်လက်ရှည် နားထောင်ပြီးနောက် နိုရီယိုဆေး ဘဏ္ဍာရေးအုပ်စုသည် ဘလက်စတား စစ်တပ်၏ နောက်တန်း ထောက်ပံ့ပို့ဆောင်ရေးကို စီမံခန့်ခွဲလိုသည်ဟု ကောက်ချက်ချလိုက်သည်။

နိုရီယိုဆေး ဘဏ္ဍာရေးအုပ်စု၏ ဂုဏ်သတင်းသည် အလွန်ကောင်းမွန်ပြီး နေရာအနှံ့အပြားတွင် စီးပွားရေးလုပ်ငန်း အမျိုးမျိုး ရှိသည်။

ဤအဆင့်သည် ဟန်ရှောင်းအနေဖြင့် ဘလက်စတား စစ်တပ်၏ နောက်တန်း ထောက်ပံ့ပို့ဆောင်ရေးကို ဂရုစိုက်ရန် လိုအပ်သော အဆင့်ဖြစ်ပြီး နိုရီယိုဆေး၏ အကူအညီဖြင့် ဒုက္ခများစွာကို သက်သာစေမည်ဖြစ်သည်။ အရေးအကြီးဆုံးမှာ ငွေကြေးများစွာ သက်သာစေမည်ဖြစ်သည်။ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု တိုးတက်အောင် လုပ်ဆောင်ရာတွင် လိုအပ်သော ငွေကြေးပမာဏသည် တကယ်ကို ကြောက်စရာကောင်းသည်။

‘တကယ့် ဆူဖြိုးလွန်းတဲ့သိုးကြီးပါလား...’ ဟန်ရှောင်း သူ့စိတ်ထဲတွင် ညည်းတွားလိုက်သည်။

"ကောင်းသားပဲ။ မစ္စတာ ရော့ခ်ဖက်စ်၊ ကျွန်တော် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ဆန္ဒရှိပါတယ်"

"ကောင်းပါပြီ၊ ငါလူတစ်ယောက်ကို ပြင်ဆင်ခိုင်းပြီး မင်းဆီ နောက်မှ ပို့လိုက်ပါ့မယ်"

ရော့ခ်ဖက်စ်သည် ကြည်နူးနေပုံရပြီး သူ့မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခုကို မြင်တွေ့နိုင်သည်။

"အနာဂတ်မှာ ဘလက်စတား စစ်တပ်ရဲ့ အတိုင်းအတာ ကြီးထွားလာရင် ကျွန်တော်တို့ နိုရီယိုဆေး ဘဏ္ဍာရေးအုပ်စုက ခင်ဗျားကို ဘဏ္ဍာရေးဈေးကွက် တစ်ခု လည်ပတ်နိုင်ဖို့နဲ့ အကြွေးဘောင်ချာနဲ့ အများပိုင်ငွေချေးစာချုပ်တွေ ထုတ်ဝေဖို့ ဘလက်စတားအမှတ်တံဆိပ် တစ်ခု တည်ထောင်ရာမှာ ကူညီပေးနိုင်ပါတယ်"

"ဒီကိစ္စကို အနာဂတ်ကျမှ ပြောကြတာပေါ့..."

ဟန်ရှောင်း၏ ပါးစပ် အနည်းငယ် တွန့်လိမ်သွားသည်။

အကြွေးဘောက်ချာ ဆိုသည်မှာ အခြေခံအားဖြင့် ရှယ်ယာများပင်ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အကြွေးဘောက်ချာကဲ့သို့သော အရာတစ်ခုသည် သိပ်ပြီး အံ့သြစရာ မဟုတ်တော့ပေ။ လွန်ခဲ့သော ကာလအကြာကြီး ကတည်းက ရှယ်ယာများနှင့် ငွေချေးစာချုပ်များသည် စကြာဝဠာထဲတွင် စတင်ပေါ်ပေါက်လာခဲ့ပြီး ကြီးမားသော ဘဏ္ဍာရေးအုပ်စု အများအပြားသည် အကြွေးဘောက်ချာများကို စတင်ထုတ်ဝေနေကြပြီ ဖြစ်သည်။ စကြာဝဠာ၏ ကြီးမားကျယ်ပြန့်မှုကြောင့် စကြာဝဠာ၏ မတူညီသော ဒေသများတွင် ကိုယ်ပိုင် စတော့ဈေးကွက်များ ရှိကြသည်။ ပုံမှန်အားဖြင့် ကြယ်စနစ်တစ်ခုစီသည် ယူနစ်တစ်ခုအဖြစ် ဖွဲ့စည်းကြပြီး ဂါတွန်ကြယ်စနစ်တွင် ကိုယ်ပိုင် ဘဏ္ဍာရေးဈေးကွက် ရှိသည်။

ကစားသမားများသည်လည်း ဤအကြွေးဘောက်ချာများကို ဝယ်ယူနိုင်သည်။ သူ့ယခင်ဘဝတွင် ဘဏ္ဍာရေးဈေးကွက်မှ ငွေအမြောက်အမြား ရှာဖွေနိုင်ခဲ့သော ကစားသမား အချို့ရှိခဲ့သလို အကြီးအကျယ် ရှုံးနိမ့်ခဲ့သူများလည်း ရှိသည်။ ဂလက်စီ၏ ပတ်ဝန်းကျင် အနေအထားနှင့်ဆိုလျှင် ဘဏ္ဍာရေးဈေးကွက်၏ ရက်စက်ကြမ်းကြုတ်မှုကို အလွယ်တကူ မှန်းဆကြည့်နိုင်သည်။

ဟန်ရှောင်းသည် အကြွေးဘောက်ချာများမှတစ်ဆင့် ငွေရှာရာတွင် အလွန်ကျွမ်းကျင်သည်။ သူ့ယခင်ဘဝတွင် ဈေးနည်းနည်းဖြင့်ဝယ်ပြီး ဈေးကြီးကြီးဖြင့်ရောင်းသည့် အတွေ့အကြုံများစွာ ရှိခဲ့သည်။ အခြားတစ်ဖက်လူ၏ အကြွေးဘောက်ချာ ဈေးနှုန်းကို မည်သို့ နှိမ်ချရမည် ဆိုသည်နှင့် ပတ်သက်၍မူ... ဟဲဟဲ၊ သူသည် ဘယ်သောအခါမျှ ရိုးသားသောလမ်းကြောင်းကို လျှောက်မည် မဟုတ်ပေ။ သူသည် မကောင်းမှုများစွာ လုပ်ခဲ့ပြီးဖြစ်၍ နောက်ထပ်တစ်ခု လုပ်လိုက်ရုံဖြင့် သူ့ကို ထိခိုက်စေမည် မဟုတ်ပေ။

ဟုတ်ပါတယ်၊ ထိုလုပ်ရပ်များ၏ အကျိုးဆက်များသည် ပြင်းထန်သည်။ ယခုအခါ သူသည် အဖွဲ့အစည်းတစ်ခုကို တာဝန်ယူရတော့မည် ဖြစ်သောကြောင့် သဘာဝကျစွာပင် ထိုလမ်းကြောင်းအတိုင်း လျှောက်လှမ်းတော့မည် မဟုတ်ပေ။

ရော့ခ်ဖက်စ် အကြံပြုသော စတော့ဈေးကွက်တွင် ကြေးစားစစ်သည်အဖွဲ့ကို စာရင်းသွင်းခြင်းကိစ္စမှာ အလွန်ရှားပါးသည်။ ပြောရလျှင် ကြေးစားစစ်သည်အဖွဲ့၏ လုပ်ငန်းလည်ပတ်မှုများသည် သေဆုံးမှုများနှင့် ဒဏ်ရာရမှုများ အလွန်များပြားသဖြင့် အလွန်မတည်မငြိမ် ဖြစ်နေတတ်သည်။

စာချုပ်လက်မှတ်ရေးထိုးပြီးနောက် ဆက်သွယ်ရေးကိရိယာပေါ်တွင် 'တင်း' ဆိုသည့် အသံကို ကြားလိုက်ရပြီး သူ့ဘဏ်အကောင့်ထဲရှိ ဂဏန်းသည် အီးနား ၅,၂၀၀,၀၀၀ သို့ ထိုးတက်သွားသည်။

"ရှေ့လျှောက်ရမယ့်လမ်းက အဝေးကြီး ကျန်ပါသေးတယ်။ ကျွန်တော်တို့ ပျော်ရွှင်ဖွယ် ပူးပေါင်းဆောင်ရွက်မှု ဖြစ်မယ်လို့ မျှော်လင့်ပါတယ်" ရော့ခ်ဖက်စ်က တောက်ပသော အပြုံးဖြင့် လက်ကမ်းပေးလိုက်သည်။

ဟန်ရှောင်းလည်း ရော့ခ်ဖက်စ်၏ ဟိုလိုဂရပ်ဖစ်လက်ကို ဆွဲနှုတ်ဆက်ရန် လက်ဆန့်တန်းလိုက်သည်။

"ကျွန်တော်တို့ ပျော်ရွှင်ဖွယ် ပူးပေါင်းဆောင်ရွက်မှု ဖြစ်မယ်လို့ မျှော်လင့်ပါတယ်"

စာစဉ် (၃၈)၊ အခန်း (၅၉၂) ပြီး၏။

လင်းဆက်

+++++

All Chapters