ကျန်းလေ့အသစ်
Vol. 88 Ch. 1241
ယန်ကျန့်သည် စိတ်ခံစားမှု အများစု ပျောက်ဆုံးသွားပြီးနောက် သူ၏ ဒေါသနှင့် ကိုယ်ရည်ကိုယ်သွေးများလည်း လျော့နည်းသွားခဲ့သည်။ တကယ်လို့သာ မနှစ်က ဒီအချိန်မှာ ဆိုရင် သူ့ရှေ့က ကျန်းကျန့်ဆိုတဲ့ကောင် ကန်ထုတ်ခံလိုက်ရပြီ ဖြစ်သည်။
ဒါပေမဲ့ အခုတော့ အရာရာကို စိတ်မဝင်စားတော့သလို အလိုက်ကမ်းဆိုး မသိတဲ့ လူတချို့ကို ပညာပေးဖို့လည်း စိတ်မပါတော့ပေ။
"ကျန်းကျန့်... စကားနည်းနည်းလျှော့ပါ ဒါ ကျန်းလေ့ရဲ့ ရွေးချယ်မှုပဲ မင်း သူ့ဆုံးဖြတ်ချက်ကို လေးစားသင့်တယ် ယန်ကျန့်ကို မကျေနပ်ချက်တွေ လာထုတ်ပြမနေနဲ့"
တခြားလက်ထောက် တစ်ယောက်က ကျန်းကျန့်ကို အမြန် ဆွဲခေါ်သွားသည်။
ကျန်းကျန့်၏ မျက်နှာက မဲလိုက် ဖြူလိုက် ဖြစ်နေသည်။
"ငါ ထင်တာကတော့ သူ့အစီအစဉ်က အရမ်း အန္တရာယ်များတယ် ဒီအချိန်မှာ ကျန်းလေ့ကို ဒီအကြောင်း လာပြောပြတာက သူ့ကို ဒုက္ခပေးနေတာနဲ့ အတူတူပဲ"
"မင်းအမြင်ကို မင်း ဆုပ်ကိုင်ထားလို့ ရပါတယ် ဒါပေမဲ့ ဖြစ်ပြီးသွားပြီလေ ငါတို့ လုပ်နိုင်တာက ရလဒ်ကို စောင့်ကြည့်ဖို့ပဲ ရှိတော့တယ် ပြီးတော့ ယန်ကျန့်က လွယ်လွယ်နဲ့ ရန်စလို့ရတဲ့ လူစား မဟုတ်ဘူး မင်း စိတ်ကို လျှော့ထားပါ"
တခြားလက်ထောက် တစ်ယောက်က ဆက်လက် ဖျောင်းဖျနေသည်။
ကျန်းကျန့် ဘာမှမပြောတော့ဘဲ ယန်ကျန့်ကို စိုက်ကြည့်နေသည်။
ဒါပေမဲ့ ယန်ကျန့်က သူ့ကို လျစ်လျူရှုထားလိုက်သည်။ သူ့အမြင်တွင် ဒီကောင်သည် သတ္တိနည်းနည်း ရှိပေမယ့် ဉာဏ်မရှိသည့် လူသစ်တစ်ယောက်သာ ဖြစ်သည်။ နောက်နှစ်အထိတောင် အသက်ရှင်ဖို့ မသေချာပေ။
အသက်ရှည်ရှည် နေရမယ့်ကောင် မဟုတ်မှန်း သိလို့ စကားတွေ အများကြီး ပြောပြီး အချိန်ဖြုန်းမနေချင်တော့ခြင်း ဖြစ်သည်။
အဲဒီအချိန်မှာ...
ရုံးခန်း ကြမ်းပြင်ပေါ်တွင်...
ကျန်းလေ့သည် မီးတောက်များ ဝါးမြိုခြင်း ခံထားရပြီး နာကျင်မှုကြောင့် လူးလိမ့်နေသည်။ ငရဲခန်းတွင် အဆိုးရွားဆုံး နှိပ်စက်ခံနေရသကဲ့သို့ အော်ဟစ်နေသည်။
မီးတောက်များ တဖြည်းဖြည်း ကြီးထွားလာပြီး ပျံ့နှံ့လာသည်နှင့်အမျှ သူ ခံစားနေရသော နာကျင်မှုကလည်း ပိုမို တိုးလာသည်။
သာမန်လူသာ ဆိုရင် သတိလစ်သွားလောက်ပြီ ဖြစ်သည်။
ဒါပေမဲ့ သူ သတိမလစ်နိုင်ပေ။ သူက တစ္ဆေဆရာ တစ်ယောက် ဖြစ်ပြီး သဘာဝလွန် စွမ်းအားက သူ့အသက်ကို ဆက်ထားသလို သတိမလစ်အောင်လည်း ထိန်းထားပေးသည်။ နာကျင်မှု ဒုက္ခများကို အသိစိတ် အပြည့်ဖြင့် ခံစားနေရခြင်း ဖြစ်သည်။
ယန်ကျန့်က အေးစက်စွာ ရပ်ကြည့်နေပြီး လိုအပ်ရင် အလောင်းကောင် သံချောင်းနှင့် ရိုက်ထည့်ရန် အသင့်ပြင်ထားသည်။
ဘာလို့လဲဆိုတော့ ဒါက တစ္ဆေဆရာတိုင်း ဖြတ်သန်းရမယ့် လမ်းကြောင်းဆိုတာ သူ ကောင်းကောင်း သိလို့ပင်။ တစ္ဆေဆိုး ပူးကပ်ခံရပြီ ဆိုတာနဲ့ အရာရာက ကိုယ့်ထိန်းချုပ်မှုအောက်မှာ မရှိတော့ပေ။ အသက်ရှင်နေရတာကကို ရုန်းကန်နေရတာ ဖြစ်လို့ ဒီထက်ပိုပြီး မျှော်လင့်ချက်ထားလို့ မရနိုင်ပေ။
"သူ အောင်မြင်ပါ့မလား"
ဒါက ယန်ကျန့် ခေါင်းထဲမှာ ရှိနေတဲ့ တစ်ခုတည်းသော အတွေးပင် ဖြစ်သည်။
ကျန်းလေ့ ဆက်လက် အော်ဟစ်နေပြီး မီးကျွမ်းနံ့များ ပြည့်နှက်လာသည်။ လူကို အော့အန်ချင်လာအောင် ဆိုးရွားလှသည်။
အော်ဟစ်သံများကြောင့် လူအများအပြား သတိထားမိကြသော်လည်း ယန်ကျန့် ရှိနေသည်ကို မြင်သောအခါ ဘယ်သူမှ အနားကပ်ပြီး စုံစမ်းရဲခြင်း မရှိပေ။ အထက်ကို သတင်းပို့ရုံသာ တတ်နိုင်ကြသည်။
သဘာဝလွန် ကိစ္စရပ်များ ပါဝင်နေပြီ ဆိုကတည်းက လူအများစုရဲ့ တာဝန်နဲ့ မဆိုင်တော့သလို ဝင်ရောက်စွက်ဖက်ခွင့်၊ ကြည့်ရှုခွင့်တောင် မရှိကြပေ။
ဒီမှာ အလုပ်လုပ်တဲ့သူတွေက ဒါကို နားလည်ကြသည်။
အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ...ကျန်းလေ့ ကိုယ်ပေါ်က မီးတောက်တွေ ပိုကြီးလာပြီး မီးလူသား တစ်ယောက် ဖြစ်လုနီးပါး ဖြစ်လာသည်။ အော်ဟစ်သံနဲ့ ရုန်းကန်သံတွေ တဖြည်းဖြည်း လျော့နည်းလာသည်။ ကြည့်ရတာ မျှခြေအသစ် ရှာတာ မအောင်မြင်ဘဲ အရှင်လတ်လတ် မီးလောင်သေဆုံးတော့မည့် ပုံစံပင် ဖြစ်၏။
"သောက်ကျိုးနည်း... သူ သေတော့မယ် ယန်ကျန့်... မီး အမြန်ငြှိမ်းလိုက် ခင်ဗျား ဆက်လုပ်နေရင် သူ သေသွားလိမ့်မယ်"
ဒီအချိန်မှာ လက်ထောက် ကျန်းကျန့် သည်းမခံနိုင်တော့ပေ။ မီးတောက်ရဲ့ ပူလောင်မှုကို အံကြိတ်ခံပြီး ယန်ကျန့်ဆီ ပြေးလာကာ ဆွဲကိုင်လိုက်သည်။
"သူ မကျော်ဖြတ်နိုင်ရင် ဒီလို သေသွားတာက မကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး"
ယန်ကျန့်က ခံစားချက်မပါသော မျက်နှာထားဖြင့် အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။
"ခင်ဗျား ဘာစကား ပြောတာလဲ ဘယ်လိုလုပ် ဒီလို ပြောထွက်ရတာလဲ သူ ကောင်းကောင်းမွန်မွန် ရှိနေတာကို ခင်ဗျားအစီအစဉ်က သူ့ကို သေမင်းဆီ တွန်းပို့လိုက်တာပဲ အခု ရပ်လိုက်ရင် ကျန်းလေ့ အသက်ရှင်ဦးမယ် မီး အမြန်ငြှိမ်းလိုက်"
ကျန်းကျန့် အော်ဟစ်လိုက်သည်။
ယန်ကျန့်က ကျန်းကျန့်ဆိုသည့် လက်ထောက်ကို ပြန်လည် ဆွဲကိုင်လိုက်သည်။
မီးကျွမ်းထားသော တစ္ဆေလက်သည် မယုံနိုင်စရာ ကောင်းလောက်အောင် အားကောင်းလှပြီး သူ့ကို မြှောက်တင်လိုက်သည်။
ကြောက်စရာ အကောင်းဆုံး အချက်မှာ ကျန်းကျန့်သည် သူ့ကိုယ်ထဲရှိ သဘာဝလွန် စွမ်းအားများ ငြိမ်သက်သွားပြီး ဘာတုံ့ပြန်မှုမှ မရှိတော့သည်ကို ခံစားလိုက်ရခြင်း ဖြစ်သည်။
"မင်း စကားတွေ အရမ်းများတယ် ဒီလမ်းက ကျန်းလေ့ ရွေးချယ်ခဲ့တာပဲ သေခြင်းတရားနဲ့ ရှင်သန်ခြင်းကို နားမလည်ဘဲ ဘယ်လိုလုပ် တစ္ဆေဆရာ လုပ်မလဲ"
ယန်ကျန့်က ကျန်းကျန့်ကို ပေါ့ပေါ့ပါးပါးပင် လွှင့်ပစ်လိုက်သည်။
"ခွမ်း"
မှန်ပြတင်းပေါက် ကွဲသွားပြီး သူ အဆောက်အအုံ အပြင်ဘက်သို့ လွင့်စင်သွားသည်။
"ဒုက္ခပါပဲ ဒါ အထပ် ၃၀ ကျော် မြင့်တာနော်"
တခြားလက်ထောက် တစ်ယောက် ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
ယန်ကျန့် ဘာမှမပြောပေ။ ပတ်ဝန်းကျင် တိတ်ဆိတ်သွားသည်ဟုသာ ခံစားလိုက်ရသည်။
ထိုအချိန်တွင်...ကျန်းလေ့၏ ရုန်းကန်သံနှင့် အော်ဟစ်သံများ တဖြည်းဖြည်း လျော့ပါးသွားပြီး သူ့ကိုယ်ပေါ်ရှိ မီးတောက်များလည်း လျင်မြန်စွာ ကျုံ့ဝင်သွားသည်။ အရာအားလုံး လောင်ကျွမ်းသွားပြီး လောင်စာ ကုန်သွားသည့် ပုံစံမျိုးပင် ဖြစ်လေသည်။
သို့သော် တကယ်တမ်း အခြေအနေမှာ ထိုသို့ မဟုတ်ပေ။
ကျန်းလေ့၏ ရင်ဘတ်မှ ထိုးထွက်နေသော တစ္ဆေခေါင်းက ပါးစပ်ဟလိုက်သည်ကို ယန်ကျန့် တွေ့လိုက်ရသည်။
ထိုပါးစပ်သည် ငရဲတွင်းနက်ကြီးနှင့် ဆက်သွယ်ထားသကဲ့သို့ မီးတောက်များကို တစစ ဝါးမြိုနေခြင်း ဖြစ်သည်။
သို့သော် တစ္ဆေကိုယ်တိုင်လည်း မီးစွဲလောင်နေပြီး မျက်လုံး၊ နှာခေါင်း၊ နားနှင့် ဦးရေပြား တစ်ခုလုံးမှ မီးတောက်များ ထွက်ပေါ်နေသည်။
ကျန်းလေ့၏ တစ္ဆေသည် မီးကို စားသုံးနေသလို မီးလောင်ကျွမ်းခြင်းကိုလည်း ခံနေရသည်။
ဒါပေမဲ့ တစ္ဆေ ပြန်မနိုးထလာပေ။
အဘယ်ကြောင့်ဆိုသော် သဘာဝလွန် မီးတောက်သည် သဘာဝလွန် အရာများကို လောင်ကျွမ်းစေပြီး ဖိနှိပ်နိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။ မီးတောက် ပိုပြင်းလေ ဖိနှိပ်မှု ပိုအားကောင်းလေပင် ဖြစ်ပြီး အရင်တုန်းက ဆီဇာဟိုတယ်မှာ ယန်ကျန့် မီးရှို့တုန်းက အကြမ်းဆုံး တစ္ဆေတောင် နောက်ဆုတ်ခဲ့ရဖူးသည်။
"ငါ ထင်တဲ့အတိုင်းပဲ... တစ္ဆေတွေကို ဝါးမြိုနိုင်တဲ့ တစ္ဆေက သဘာဝလွန် မီးတောက်ကိုလည်း စားသုံးဖို့ ကြိုးစားနေတယ် ဒါပေမဲ့ မီးတောက်က ကျန်းလေ့ရဲ့ တစ္ဆေကို လောင်စာအဖြစ် သုံးနေတာဆိုတော့ တစ္ဆေက ဘယ်လောက်ပဲ ဝါးမြို ဝါးမြို မီးတောက်ကို လုံးဝ ငြိမ်းသတ်လို့ မရနိုင်ဘူး ဒီနည်းနဲ့ တစ္ဆေနဲ့ မီးတောက်ကြားမှာ သံသရာလည်နေလိမ့်မယ် ဒါက မျှခြေတစ်ခု ဖြစ်လာမလား သေဆုံးခြင်း ဖြစ်လာမလား ဆိုတာကတော့ ကျန်းလေ့ရဲ့ ကံတရားပဲ"
ယန်ကျန့်၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။
သဘာဝလွန် ပဋိပက္ခ၊ သံသရာလည်ခြင်းနှင့် ရပ်တန့်နေခြင်း သဘောတရားများကို သူ နားလည်လာပြီ ဖြစ်သည်။ သဘာဝလွန် ဂုဏ်သတ္တိများကို ပိုင်နိုင်စွာ အသုံးချနိုင်လျှင် အလားတူ အခြေအနေမျိုး အများကြီး ဖန်တီးနိုင်မည် ဖြစ်သည်။
တကယ်လို့ အောင်မြင်ခဲ့ရင်...
လူ့အရေပြားကျမ်းတို့၊ တစ္ဆေဗီရိုတို့လို အရာတွေကို အားကိုးစရာ မလိုဘဲ ယန်ကျန့် ကိုယ်တိုင် ပြီးပြည့်စုံတဲ့ မျှခြေတစ်ခုကို ဖန်တီးနိုင်လိမ့်မည်။
"သံသရာက ဆက်လည်နေတယ် ဒါပေမဲ့ ကျန်းလေ့ ခံနိုင်ရည် ရှိမလား ဆိုတာပဲ စောင့်ကြည့်ရမယ် နောက်ဆုံးမှာ မျှခြေ ရသွားရင်တောင် ကျန်းလေ့ အသက်ရှင်ချင်မှ ရှင်မှာ"
အခြေအနေ ကောင်းမွန်လာသော်လည်း ကျန်းလေ့မှာ လှုပ်ရှားမှု သိပ်မရှိတော့ပေ။
ဒါပေမဲ့ သူ အသက်ရှင်နေသေးသည်။ အသက်ငွေ့ငွေ့လေး ကျန်နေသေးသည်။
ယန်ကျန့် မလောပေ။ မတ်တတ်ရပ်ပြီး ဆက်စောင့်နေလိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်...
မီးကျွမ်းပြီး မည်းတူးနေသော ကျန်းလေ့သည် မလှုပ်မယှက် လဲလျောင်းနေသည်။ သူ့ကိုယ်ပေါ်ရှိ တစ္ဆေက ထွက်ပေါ်လာသော မီးတောက်များကို ဆက်လက် ဝါးမြိုနေသည်။ သံသရာက ဆက်လည်နေပြီး တည်ငြိမ်သော အခြေအနေ တစ်ခုသို့ ရောက်ရှိသွားသည်။
မီးတောက်များက အနိမ့်ဆုံး အဆင့်သို့ ရောက်သွားပြီး တည်ငြိမ်သွားသည်။
အရာအားလုံးက ကောင်းမွန်သော ဦးတည်ချက်ဘက်သို့ ရွေ့လျားနေသည်။
ထိုအချိန်တွင်...ယန်ကျန့် လွှင့်ပစ်လိုက်၍ အထပ် ၃၀ ပေါ်မှ ပြုတ်ကျသွားသော ကျန်းကျန့်သည် ရုံးခန်းတံခါးဝတွင် ပြန်ပေါ်လာသည်။ သူ အသက်ပြင်းပြင်း ရှူနေရသည်။ မျက်နှာ တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး ကြောက်စရာ ကောင်းနေသော်လည်း သူ မသေသေးပေ။ ပျက်စီးသွားသော ခန္ဓာကိုယ်သည် မူလပုံစံအတိုင်း တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာနေသည်။
သူ ယန်ကျန့်ကို စူးစိုက်ကြည့်လိုက်သည်။
ယန်ကျန့်၏ လုပ်ရပ်ကြောင့် ဒေါသထွက်နေသော်လည်း ယန်ကျန့်နှင့် သူ့ကြားက ကွာဟချက် ကြီးမားလွန်းသည်ကို သူ၏ ဆင်ခြင်တုံတရားက သတိပေးနေသည်။ ယန်ကျန့်၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုကိုပင် သူ မကာကွယ်နိုင်ခဲ့ပေ။
"မင်း အဆင်ပြေရင် ပြီးတာပါပဲ သူက ခေါင်းဆောင်လေ သူ့ကို သွားဆန့်ကျင်မနေပါနဲ့"
တခြားလက်ထောက် တစ်ယောက်က လျှောက်လာပြီး ဖျောင်းဖျလိုက်သည်။
"ငါ အခြေအနေကို ကြည့်လိုက်တော့ ကျန်းလေ့ ပြန်ကောင်းလာပုံ ရတယ် အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားရင် သူ တကယ်ပဲ သဘာဝလွန် မျှခြေအသစ် ရသွားပြီး ပြန်အသက်ရှင်လာနိုင်တယ် ဆိုလိုတာက ယန်ကျန့်က ကျန်းလေ့ကို ကူညီနေတာပါ ဒုက္ခပေးနေတာ မဟုတ်ဘူး"
"မင်းသာ ဆက်ပြီး ရှုပ်နေရင် ယန်ကျန့်က မင်းကို တကယ် သတ်ပစ်လိမ့်မယ် အဲဒီကျရင် အလကားနေရင်း သေရမှာ"
"ငါ နားလည်ပါတယ် ငါ စိတ်ထိန်းထားပါ့မယ်"
ကျန်းကျန့် အသက်ပြင်းပြင်း ရှူပြီး စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။
သူ ဘာမှဆက်မပြောတော့ဘဲ ကြမ်းပြင်ပေါ်တွင် မီးကျွမ်းထားသော အလောင်းကောင် တစ်ခုကဲ့သို့ လဲနေသည့် ကျန်းလေ့ကို ရပ်ကြည့်နေလိုက်သည်။
မီးကျွမ်းထားသော အလောင်းကောင် ဖြစ်နေသော်လည်း ကျန်းလေ့၏ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေသေးသည်။ သူ အသက်ရှင်နေသေးသည်။
သူ့ခန္ဓာကိုယ်ထဲရှိ တစ္ဆေ လုံးဝ အဖိနှိပ်မခံရသရွေ့ သဘာဝလွန် စွမ်းအား ဆက်လက် ရှိနေမည် ဖြစ်ပြီး တစ္ဆေကို မှီခိုပြီး အသက်ရှင်နေရသော ကျန်းလေ့လည်း သေဆုံးမည် မဟုတ်ပေ။
ဒါကြောင့် အန္တရာယ်အများဆုံး အချိန်ကာလ ကုန်ဆုံးသွားပြီ ဖြစ်သည်။
နောက်ထပ် မိနစ်အနည်းငယ် ကြာသွားသည်။
ဒီအချိန်မှာ ကျန်းလေ့၏ ခန္ဓာကိုယ်တွင် ထူးဆန်းသော ပြောင်းလဲမှုများ စတင် ဖြစ်ပေါ်လာသည်။
မီးကျွမ်းထားသော အရေပြားများ တစ်စစီ ကွာကျလာပြီး အခွံခွာလိုက်သော ကြက်ဥတစ်လုံးကဲ့သို့ အတွင်းပိုင်း အသားအရည်များ ပေါ်လာသည်။
"သဘာဝလွန် စွမ်းအားက သူ့ခန္ဓာကိုယ်ကို ပြန်လည် ပြုပြင်ပေးနေတာပဲ"
ယန်ကျန့် တွေးလိုက်သည်။
ကွာကျလာသော အရေပြားအောက်တွင် သာမန် လူသား အရေပြား မဟုတ်ဘဲ ရဲရဲတောက်နေသော သံပူတုံးကဲ့သို့ နီရဲနေသည့် အရေပြားများ ပေါ်လာသည်။ ထိုနီရဲသော အရေပြားအောက်တွင် မီးတောက်များ လှုပ်ရှားနေသည်ကို ဝေဝါးဝါး မြင်နေရသည်။
"တစ္ဆေက မီးတောက်ကို အဆက်မပြတ် ဝါးမြိုနေပြီး တချိန်တည်းမှာပဲ ကျန်းလေ့ရဲ့ ခန္ဓာကိုယ်ကို တိုက်စားနေတယ် ဒါပေမဲ့ မီးတောက်က သဘာဝလွန် စွမ်းအားကို ဖိနှိပ်ထားပေးတယ် ဒါကြောင့် ကျန်းလေ့ရဲ့ ခန္ဓာကိုယ်မှာ မမျှော်လင့်ထားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာပြီး တစ္ဆေနဲ့ မီးတောက် ပေါင်းစပ်သွားတဲ့ ပုံစံ ဖြစ်လာတယ် သဘာဝလွန် အရာတွေနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ် တစ်ခု ဖြစ်လာတာပေါ့"
"မီးတောက် ငြိမ်းသွားလို့ မဖြစ်ဘူး မဟုတ်ရင် ကျန်းလေ့ကို သူ့ခန္ဓာကိုယ်ထဲက တစ္ဆေက ချက်ချင်း သတ်ပစ်လိမ့်မယ် တစ္ဆေ ပျောက်သွားလို့လည်း မဖြစ်ဘူး မဟုတ်ရင် မီးတောက်ရဲ့ အရှိန်နဲ့ ကျန်းလေ့ မီးလောင်သေသွားလိမ့်မယ်"
"ဒါက အစွန်းရောက်ပြီး ကျိုးပဲ့လွယ်တဲ့ မျှခြေတစ်ခုပဲ ဒါပေမဲ့ မေးခွန်းထုတ်စရာ မလိုအောင်ပဲ ဒီမျှခြေအောက်မှာ ကျန်းလေ့က ကြောက်စရာ ကောင်းလာလိမ့်မယ်"
ယန်ကျန့် စောင့်ကြည့်ရင်း ကောက်ချက်ချလိုက်သည်။
ဒီတစ်ခေါက် ကျန်းလေ့သာ အသက်ရှင်ခဲ့ရင် တစ္ဆေစားသူ ဆိုတဲ့ သူ့ကုဒ်နံပါတ်နဲ့ လိုက်ဖက်တဲ့ စွမ်းရည်အစစ်အမှန် ထွက်ပေါ်လာလိမ့်မယ်လို့ ယန်ကျန့် ကြိုတင် ခံစားမိလိုက်သည်။
ဝါးမြိုလိုက်တဲ့ တစ္ဆေအကြမ်းစားတွေက သူ့ကို တိုက်စားမယ့် အဆိပ်အတောက် ဖြစ်မလာတော့ဘဲ ခန္ဓာကိုယ်ထဲက မီးတောက်ရဲ့ ဖိနှိပ်မှုကို ခံရပြီး မီးတောက်အတွက် လောင်စာ ဖြစ်သွားကြလိမ့်မည်။
ဝါးမြိုလိုက်တဲ့ တစ္ဆေ ပိုကြမ်းလေ အတွင်းထဲက သဘာဝလွန် စွမ်းအား ပိုကြီးလေ ဖြစ်ပြီး သဘာဝလွန် စွမ်းအား ပိုကြီးလေ မီးတောက်က ပိုပြင်းထန်လေ ဖြစ်လိမ့်မည်။
ဒီလိုနဲ့ သံသရာလည်သွားမည်။
ကန့်သတ်ချက် တစ်ခုကို မရောက်မချင်း ကျန်းလေ့သည် အမြဲတမ်း စွမ်းအားကြီးမားတဲ့ အခြေအနေကို ထိန်းသိမ်းထားနိုင်လိမ့်မည်။
ခဏလောက် ဆက်ပြီး စောင့်ကြည့်လိုက်သည်။
ကျန်းလေ့၏ အခြေအနေ ဆက်လက် တိုးတက်နေသည်ကို မြင်သောအခါ ယန်ကျန့် ဆက်မကြည့်တော့ပေ။
ကျန်းလေ့ အောင်မြင်သွားပြီ၊ အသက်ရှင်တော့မည် ဆိုတာ သူ သိလိုက်သည်။
"ကျန်းလေ့ကို ပြောလိုက်ပါ... ဒီမှာ ဆက်မနေနိုင်တော့ရင် တာချန်းမြို့ကို လာခဲ့လို့ ကြိုဆိုပါတယ်လို့"
ပြောပြီးသည်နှင့် ယန်ကျန့် လှည့်ထွက်သွားသည်။
ကျန်းကျန့်နှင့် တခြား လက်ထောက်တို့၏ မျက်နှာထားများ အမျိုးမျိုး ပြောင်းလဲသွားသည်။
ယန်ကျန့် ထွက်သွားသည်နှင့် သူတို့ အမြန် ပြေးသွားပြီး အခြေအနေကို စစ်ဆေးကြသည်။
သို့သော် အရမ်းကြီး အနားမကပ်ရဲကြပေ။
တောက်လောင်နေသော မီးတောက်များမှ ထွက်ပေါ်လာသည့် ပူလောင်မှုက သူတို့ကို ကြောက်လန့်စေသည်။ မတော်တဆ ထိမိရင် သေသွားနိုင်တယ်လို့ ခံစားရသောကြောင့် ဖြစ်သည်။
"ယန်ကျန့် သွားပြီ စောစောက သူပြောပုံအရဆို ကျန်းလေ့ ဘာမှမဖြစ်တော့ဘူး"
တခြားလက်ထောက်က ပြောလိုက်သည်။
ကျန်းကျန့်က ပြန်ပြောသည်။
"ဒါပေမဲ့ သူ သတိမရသေးဘူးလေ"
"မလောပါနဲ့ ခဏလောက် ထပ်စောင့်ကြည့်ရအောင်"
ခဏလောက် ထပ်စောင့်ပြီးနောက်...
နောက်ဆုံးတော့...
သတိမေ့မြောလုနီးပါး ဖြစ်နေသော ကျန်းလေ့ တဖြည်းဖြည်း သတိပြန်ဝင်လာသည်။ သူ့မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး ထထိုင်လိုက်သည်။ မျက်နှာပေါ်မှ မီးကျွမ်းထားသော အရေခွံများ ကွာကျလာပြီး နီရဲသော အရေပြားများ ပေါ်လာသည်။
"ကျန်းလေ့... ခင်ဗျား သတိရလာပြီပဲ"
ကျန်းကျန့် ဝမ်းသာအားရ ပြောလိုက်သော်လည်း ချက်ချင်း ထိတ်လန့်သွားသည်။
"ခင်ဗျား... ခင်ဗျားမျက်နှာက ဘာဖြစ်သွားတာလဲ"
ဒီအချိန်မှာ ကျန်းလေ့ရဲ့ မျက်နှာက အရောင်ပြောင်းသွားရုံတင် မဟုတ်ဘဲ ပုံပန်းသဏ္ဍာန်ပါ လုံးဝ ပြောင်းလဲသွားသည်။ ရုပ်ဆိုးအကျည်းတန်ပြီး ကြောက်မက်ဖွယ် ကောင်းလာသည်။
မီးတောက်က သူ့အရိုးတွေကို လောင်ကျွမ်းစေခဲ့ပြီး မျက်နှာဖွဲ့စည်းပုံ ပျက်ယွင်းကာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားစေခြင်း ဖြစ်သည်။
ကျန်းလေ့ ခေါင်းအနည်းငယ် လှည့်ပြီး ဘေးနားရှိ မှန်စတစ်ခုကို လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတော့ သူ့မျက်နှာကို သူ မြင်လိုက်ရသည်။
နီရဲနေပြီး တွန့်လိမ်ရှုံ့တွနေကာ ငရဲမှ တက်လာသော တစ္ဆေဆိုး တစ်ကောင်နှင့် တူနေသည်။
လောကကြီးမှာ ဒီထက် ရုပ်ဆိုးတာ ရှိမယ် မထင်တော့ပေ။
ကျန်းလေ့ လက်လှမ်းပြီး သူ့မျက်နှာကို စမ်းကြည့်လိုက်သည်။
"ငါ ဘာမှမဖြစ်ပါဘူး... အရိုးတွေ ပုံပျက်သွားရုံပါ ကိစ္စမရှိပါဘူး ဒါဆို ငါ မျှခြေအသစ် ရှာတာ အောင်မြင်သွားပြီပေါ့ ယန်ကျန့် ဘယ်ရောက်သွားလဲ"
သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ယန်ကျန့် အရိပ်အယောင် မတွေ့ရပေ။
"ယန်ကျန့် ထွက်သွားပြီ ခင်ဗျားကို ပြောခဲ့တယ်... ဒီမှာ ဆက်မနေနိုင်တော့ရင် တာချန်းမြို့ကို လာခဲ့ပါတဲ့ ကြိုဆိုပါတယ်တဲ့"
ကျန်းကျန့်က ပြောပြလိုက်သည်။
ကျန်းလေ့၏ မျက်လုံးများ လှုပ်ရှားသွားသည်။
"ငါ တကယ်ပဲ သူ့အဖွဲ့သား ဖြစ်ချင်မိပါတယ် ကံဆိုးတာက တစ်ခါတလေကျရင် ကိုယ့်သဘောနဲ့ကိုယ် မဟုတ်ဘူးလေ ငါ ထွက်သွားရင် ဒီမြို့အတွက် အရည်အချင်းမီတဲ့ တာဝန်ခံ ရှိမှာ မဟုတ်တော့ဘူး... ဂေါင်းမင်သာ မသေသေးရင် ငါ နှုတ်ထွက်ပြီး ဒီကနေ ထွက်သွားလိုက်ပြီ"
ပြောရင်း သူ ရုန်းကန်ပြီး မတ်တတ်ရပ်လိုက်သည်။
သူ့ကိုယ်ပေါ်က မီးကျွမ်းထားတဲ့ အရေခွံတွေ အကုန် ကွာကျကုန်သည်။
နီရဲပြီး ထူးဆန်းသော ခန္ဓာကိုယ်က မြင်ရသူကို ကြောက်လန့်စေသည်။
ငရဲတွင်းထဲမှ တွားသွားတက်လာသော ကျန်းလေ့သည် တကယ့်ကို တစ္ဆေဆိုးကြီး တစ်ကောင် ဖြစ်လာသကဲ့သို့ပင်။ ယခင်ကနှင့် လုံးဝ မတူတော့ပေ။ ဒါပေမဲ့ သူ့အခြေအနေက ထူးထူးခြားခြား ကောင်းမွန်နေသည်ဟု သူ ခံစားလိုက်ရသည်။
တစ္ဆေ ပြန်လည်နိုးထခြင်း၊ သဘာဝလွန် တိုက်စားခံရခြင်း အားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သဘာဝလွန် စွမ်းအားတော့ ကျန်နေသေးသည်။
ဒါပေမဲ့ ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာ အတွင်းမှာ ရှိနေသည်။
လက်ထောက်နှစ်ယောက် ကျန်းလေ့၏ ပုံစံကို ကြည့်ပြီး ပြင်းထန်သော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။