စိတ်ပျက်စရာကောင်းသော သတင်း
Vol. 11(A) Ch. 147
“ဂရုစိုက်နော် အစ်ကိုကြီး အန်။ သူတို့က နှစ်ကောင်တောင် ဗျ” ရှောင်ချိုးသည် အော်ဟစ်ကာဖြင့် သတိပေးလိုက်သည်။
မက်စောက်သည့် ချောက်ကမ်းပါး မျက်နှာပြင်ပေါ်တွင် ပေတစ်ရာ နီးပါးရှိသည့် လိပ်နီတစ်ကောင်သည် အတောင်ပံများ ဖြန့်ကာဖြင့် အန်လင်းထံ ခုန်အုပ်လာလေသည်။
“လခွမ်းဟေ့ ... မင်းကငါ့ကို ချေမှုန်းပစ်ချင်နေတာလား”
အန်လင်း ခေါင်းမော့လိုက်သည့်အခါတွင် ကျောက်တုံးကြီးနှင့်တူသည့် လိပ်ခွံတစ်ခုသည် ကြောက်မက်ဖွယ် အဖျက်စွမ်းအားများ သယ်ဆောင်ကာဖြင့် သူ့ထံသို့ ကျဆင်းလာသည်ကို မြင်လိုက်ရသည်။
လေစိတ်ဝိညာဉ် ...
အန်လင်း၏ ခြေဖဝါးအောက်တွင် လေကွင်းဝိုင်းများ ပေါ်လာပြီး သူ၏ခန္ဓာကိုယ်အား မြင့်မားလှသည့် အလျင်ဖြင့် လေထုထဲသို့ ပို့ဆောင်လိုက်သည်။
ဂျိမ်း
လိပ်ကြီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး မြေပြင်သည် ကြောက်မက်ဖွယ် သက်ရောက်မှုကြောင့် တုန်ခါလျက် ရှိနေသည်။
သိသိသာသာ တိုးလာသည့် အရှိန်သည် အန်လင်းအား ထိုဖျက်ဆီးနိုင်စွမ်း ကြီးမားသည့် တိုက်ခိုက်မှုမှ ရှောင်ရှားစေလိုက်နိုင်သည်။
ထိုအချိန်တွင် တပိုင်သည် သူ၏လက်သည်းများဖြင့် ထက်မြိနေသည့် လေဓားသွားများ ထုတ်လွှတ်လိုက်သည်။
လေဓားသွားများသည် လေထုအား ဖြတ်သန်းကာဖြင့် လိပ်ကြီး၏ ဦးခေါင်းအား ထိခတ်မိပြီးနောက် ကြောက်မက်ဖွယ် ပေါက်ကွဲမှုအား ဖြစ်ပေါ်စေသည်။
လိပ်နီသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသော်လည်း အကောင်းအတိုင်း ရှိနေဆဲ ဖြစ်သည်။
လိပ်နက်ကြီးသည် အနက်ရောင်မြူခိုးများ နောက်တစ်ဖန် ထွေးထုတ်လိုက်ပြန်သည်။
လိပ်နီကြီးသည်လည်း တစ်ချိန်တည်းမှာပင် မီးတန်းများ ထုတ်လွှတ်လိုက်ပြီး အနက်ရောင် မြူခိုးများနှင့် ပေါင်းစပ်သွားပြီးနောက် မဟူရာမီးနဂါးနီ တစ်ကောင်ဖြစ်ပေါ်လာစေပြီး အန်လင်းတို့ထံ ပျံသန်းလာလေသည်။
အန်လင်းတို့သည် အလျင်အမြန်ပင် ရွေ့လျားသည့် နည်းစနစ်များကို အသုံးပြုကာ လူစုခွဲကာဖြင့် ထိုတိုက်ခိုက်မှုအား ရှောင်လိုက်ကြသည်။
မီးနဂါးဖြတ်သန်းသွားရာ လမ်းကြောင်းရှိ မြေပြင်သည် လောင်ကျွမ်းမည်းနက်ကာ ပျက်စီးသွားလေသည်။
“ဘာလားဟ။ အဲဒီ လိပ်နှစ်ကောင်က လင်မယားလား။ သူတို့က ပေါင်းစပ်တိုက်ကွက်တွေပါ သုံးနေပါ့လား” အန်လင်းသည် မျက်လုံးထဲတွင် ကြောက်ရွံ့မှု အပြည့်ဖြင့် မီးနဂါးကြောင့် ဖြစ်ပေါ်လာသည့် ကတုတ်ကျင်းအား ကြည့်နေမိသည်။
ထိုအချိန်တွင် စုရှောင်လန်သည် သူမ၏ ဓားရှည်အား ဝှေ့ယမ်းကာဖြင့် မီးအနှစ်သာရများ ပြည့်ဝနေသည့် ဓားခုတ်ချက်တစ်ခု ထုတ်ဖော်လိုက်သည်။
ဓားချက်သည် လိပ်နက်ကြီးအား ထိခိုက်မိပြီး မီးတောက်ပေါက်ကွဲမှုကြောင့် ပေတစ်ရာပတ်လည်တွင် မီးပင်လယ်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။
“ရွှစ် ရွှစ်”
အနက်ရောင် မြူခိုးများသည် မီးတောက်များကို ဖြတ်သန်းကာဖြင့် စုရှောင်လန်ထံသို့ ပျံသန်းလာလေသည်။
စုရှောင်လန်၏ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားပြီး သူမ၏ လှုပ်ရှားသည့် နည်းစနစ်အား အသုံးပြုကာဖြင့် ချက်ချင်းရှောင်ရှားလိုက်သည်။
လိပ်နက်ကြီးသည် မီးပင်လယ်ထဲမှ ထွက်လာပြီး ထိခိုက်ဒဏ်ရာ မရှိသည့်အပြင် ပို၍ပင် တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာလေသည်။
ရှောင်ချိုးသည် လိပ်နီထံသို့ ပြေးသွားလိုက်ပြီးနောက် သူ၏ ငွေသံတုတ်အား ဝှေ့ယမ်းကာဖြင့် လိပ်နီ၏ ဦးခေါင်းအား ကြောက်မက်ဖွယ်အားနှင့် ရိုက်နှက်လိုက်သည်။
စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားပြည့် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း လိပ်နီသည့် နောက်ဆုတ်ခြင်း မရှိသည့်အပြင် သူ၏ ဦးခေါင်းအား ဆန့်ထုတ်လိုက်ပြီးနောက် ရှောင်ချိုး၏ တိုက်ခိုက်မှုအား ခံယူလိုက်သည်။
ဘုန်း
ရှောင်ချိုးမှာ သူသည် သံမဏိတုံးကြီးအား ရိုက်နှက်မိခြင်းဟု ခံစားမိနေသည်။ သူတို့ ထိခိုက်ရာမှ ထွက်ပေါ်လာသည့် အားသည် လေထုထဲတွင် ပြင်းထန်သည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်စေသည်။ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်စေသည်။ လိပ်နီကြီးသည့် ခြေတစ်လှမ်းမျှပင် နောက်သို့ ရွေ့သွားခြင်း မရှိသော်လည်း ရှောင်ချိုးသည် ထိုပေါက်ကွဲအားကြောင့် နောက်ဆုတ်လိုက်ရသည်။
“အခွံက မာနေတာ ထားပါတော့။ ခေါင်းကပါ ဘာလို့ အဲလောက်တောင် မာကျောရတာတုန်း” ရှောင်ချိုးသည် နောက်ပြန်ဆုတ်ရခြင်းအား အံ့အားသင့်နေမိသည်။
“ငါစမ်းကြည့်မယ်” အန်လင်းသည် မိစ္ဆာရှင်းဓားအား ဝှေ့ယမ်းကာဖြင့် လိပ်နီထံသို့ ပြေးသွားလေသည်။
ထိုလိပ်နီသည် အန်လင်း ချဉ်းကပ်လာသည်ကို အာရုံခံမိသည်ကြောင့် ချက်ချင်းဆိုသလို မီးတန်းတစ်တန်း ထုတ်လွှတ်လိုက်သည်။
ကြောက်မက်ဖွယ် အပူရှိန်နှင့်အတူ ထိုမီးတန်းသည် အန်လင်းထံသို့ လှိုင်းလုံးကြီးအသွင်ဖြင့် ရောက်ရှိလာသည်။
ထိုအချိန်တွင် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး မီးလျှံများကို ဆုတ်ဖြဲကာဖြင့် လျှောက်လမ်းတစ်ခု ဖန်တီးလိုက်လေသည်။
“အစ်ကိုကြီးအန်ရေ မြန်မြန်လေး ... ဝုတ်” တပိုင်သည် သူ၏ လက်နှစ်ဖက်ဖြင့် လေဖိအားလမ်းကြောင်းကို ထိန်းသိမ်းထားစဉ် အော်ဟစ်လိုက်သည်။
အန်လင်း၏ ခြေဖဝါးအောက်တွင် လေကွင်းဝိုင်းများ နောက်ထပ်တစ်ဖန် ဖြစ်ပေါ်လာပြီး တပိုင် ဖန်တီးပေးထားသည့် လမ်းကြောင်းအတွင်း ပြေးဝင်သွားလိုက်သည်။
လိပ်နီကြီးတွင်လည်း မျက်လုံးမပါသော်ငြား အန်လင်း၏ ချဉ်းကပ်လာမှုအား အာရုံခံနိုင်စွမ်း ရှိလေသည်။ ထိုနည်းဖြင့် လိပ်သည် အန္တရာယ် အငွေ့အသက်အား အာရုံခံမိလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ခေါင်းအား အခွံအတွင်း လျှိုဝင်လိုက်သည်။
“မင်းက ငကြောက်တစ်ကောင်လို နောက်ဆုတ်ချင်တယ်ပေါ့။ သိပ်နောက်ကျသွားပြီ”
ရုတ်တရက် ဆိုသလိုပင် မိစ္ဆာရှင်းဓားတွင် လေစီးကြောင်းများ ရစ်ဝဲလာပြီး လိပ်ထံသို့ လျှပ်စီးတန်း တစ်ခုကဲ့သို့ ပျံသန်းသွားသည်။
ပထမ နည်းစနစ် _ ဝါယောဓား။
ရွှပ်
လိပ်၏ လည်ပင်းတွင် အဖြူရောင် အစင်းကြောင်းများ ပေါ်လာပြီးနောက် မထင်ရှားသည့် ကွင်းများဖြစ်ပေါ်လာစေသည်။
ရှောင်ချိုးနှင့် စုရှောင်လန်တို့ ထိန်းချုပ်ထားသည့် လိပ်နက်ကြီးသည် သူ၏မျက်လုံးထောင့်မှ အန်လင်းအား မြင်နေရကာ အန်လင်း၏ ကြောက်မက်ဖွယ် ဓားနည်းစနစ်ကြောင့် အလွန်အမင်း တုန်လှုပ်နေမိသည်။
ဘုန်း
လိပ်နီသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး သူ၏ဦးခေါင်းသည် ခန္ဓာကိုယ်နှင့် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် သွေးအများအပြား စီးကျလာသည်။
ဝါယောဓားနည်းစနစ်သည် အလွန်မြန်ဆန်သည့် နည်းစနစ်တစ်ခု ဖြစ်သော်လည်း သူ၏ အားနည်းချက်မှာ သိသားလွန်းခြင်းနှင့် အဖျက်အဆီးစွမ်းအား နည်းပါးခြင်း ဖြစ်သည်။
သို့သော်လည်း မိစ္ဆာရှင်းဓား၏ ထက်မြိမှုသည် ထိုအားနည်းချက်အား ဖာထေးလိုက်နိုင်ပြီး ဝါယောဓားနည်းစနစ်အား အလွန်ကြောက်မက်ဖွယ် တိုက်ခိုက်မှုအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေသည်။
ဝါယောဓားနည်းစနစ်အား အသုံးပြုပြီးသည့် နောက်တွင် အန်လင်း၏ ခန္ဓာကိုယ်မှာ အားအင်ကုန်ခန်းသွားပြီဟု ခံစားနေရသည်။ သို့သော်လည်း အခြားသော လိပ်တစ်ကောင် ကျန်ရှိနေသေးသည့် အတွက် အနားမယူနိုင်သေးချေ။
ထို့ကြာင့် မိစ္ဆာရှင်းဓားအား ဝှေ့ယမ်းကာဖြင့် ကျန်ရှိနေသေးသည့် လိပ်ထံသို့ ပြေးသွားလိုက်သည်။
"အန်လင်း ... နင့်ရဲ့ ဓားစွမ်းရည်က ဘယ်တုန်းက အခုလို စွမ်းအားပြင်းလာတာတုန်း"
စုရှောင်လန်သည် အန်လင်း၏ ဓားအသုံးပြုမှုအား မြင်လိုက်သည့်အခါတွင် အော်ဟစ်မိလိုက်သည်။
"ငါက ပါရမီရှင်လေ။ ကျေးဇူးပြုပြီးတော့ အခုကစပြီး ငါ့ကို ဓားအင်မော်တယ် အန်လင်းလို့ပဲ ခေါ်ပေးပါ”
အန်လင်းသည် အောင်ပွဲခံသည့် အနေဖြင့် ရယ်မောလိုက်ပြီးနောက် လိပ်နက်ထံသို့ ပြေးသွားလိုက်သည်။
လိပ်နက်သည် လိပ်နီ၏ သေဆုံးမှုအား သိရှိလိုက်ရသဖြင့် ချက်ချင်းဆိုသလို လိပ်ခွံအတွင်းသို့ ကြောက်ရွံ့စွာဖြင့် ဝင်ပုန်းလိုက်သည်။
အန်လင်းသည် သူ၏ဓားအား လိပ်ဦးခေါင်းရှိနေသည့် အဝသို့ ထိုးထွင်းလိုက်သည်။ ထိုအပေါ်အား ချိပ်ပိတ်ထားပုံရပြီး မိစ္ဆာရှင်းဓားသည်ပင်လျှင် လိပ်ခွံပေါ်၌ ခြစ်ရာအသေး တစ်ခုသာလျှင် ဖြစ်ပေါ်စေနိုင်သည်။
အနက်ရောင် မြူခိုးများသည် လိပ်နက်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး အန်လင်းအား နောက်သို့ဆုတ်သွားစေသည်။
ထိုအချိန်မှာပင် စုရှောင်လန်နှင့် တပိုင်တို့၏ တိုက်ခိုက်မှုများသည် လိပ်နက်ပေါ်သို့ ကျရောက်လာသည်။
အနက်ရောင်မြူခိုးများအား ထိုးဖောက်ကာဖြင့် လိပ်ခွံအား တိုက်ခိုက်သော်လည်း လိပ်နက်သည် တောင်တစ်လုံးသဖွဲ ရွေ့လျားခြင်းမရှိ ခိုင်မြဲစွာ ရပ်တည်နေဆဲ ဖြစ်သည်။
ထိုအချိန်မှာပင် အနက်ရောက်မြူခိုးများသည် ကိုယ်ပိုင်စိတ်ဝိညာဉ် ရှိသကဲ့သို့ အန်လင်းတို့ထံ ရောက်ရှိလာကြပြန်သည်။
လိပ်နက်မှာမူကာ သူ၏ ပုန်းလျှိုးနေသည့် ဦးခေါင်းနှင့်အတူ စတင်ဆုတ်ခွာနေပြီ ဖြစ်သည်။
"အစ်ကိုကြီးအန်ရေ ... အဲဒီကောင်က ထွက်ပြေးဖို့ ကြိုးစားနေပြီ။ ဝုတ်" တပိုင်သည် အနက်ရောင်မြူခိုးများအား ရှောင်တိမ်းရင်းဖြင့် အလောတကြီး အော်လိုက်သည်။
အန်လင်းသည် ဆုတ်ခွာနေသည့် တောင်ကြီးအား ကြည့်လိုက်ပြီး မည်သို့ပြုလုပ်ရမည်ကို စဉ်းစားမရနိုင်ဘဲ ရှိနေလေသည်။
"သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်တော့မှာလား" စုရှောင်လန်သည် မလိုလားဟန်ဖြင့် မေးသည်။
ထိုအချိန်မှာပင် ပြတ်သားသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
"လျှပ်စီးအား လိုသလို အသုံးပြုနိုင်သော နည်းစနစ်၏ အံ့ဘွယ်ဓား"
ရေစည်ပိုင်းခန့် လုံးပတ်ရှိမည့် လျှပ်စီးတန်းတစ်ခုသည် ကောင်းကင်မှ ကျရောက်လာပြီး အမှောင်ထုအား ခွင်းကာဖြင့် လိပ်နက်ခွံ၏ အလယ်ဗဟိုကို ထွင်းဖောက်သွားလေသည်။
ဘုန်း
လျှပ်လင်းတန်းများ လျှပ်စီးကြောင်းများသည် လိပ်ခွံပေါ်တွင် မြွေဖြူများသဖွယ် စတင်စီးဆင်းလာကြသည်။
လိပ်နက်သည် မချိတင်ကဲ ဖြစ်ကာဖြင့် ညည်းညူလိုက်ပြီး လျှပ်စီးကြောင်း၏ တိုက်ခိုက်မှုကြောင့် ခေါင်းပြူထွက်လာရသည်။
"လျှိုရန် ခုတ်ချက်"
ဝတ်စုံဖြူ အမျိုးသမီးတစ်ဦးသည် ကောင်းကင်မှ ဆင်းသက်လာသည်။ သူမ၏ ဓားရှည်သည် စွမ်းအားပြည့် ခုတ်ချက်တစ်ခုအဖြစ် ကျဆင်းလာသည်။
ဖူး
လိပ်နက်၏ ဦးခေါင်းသည် မြေပြင်ပေါ်သို့ ကျသွားပြီးနောက် သွေးများ နေရာအနှံ့သို့ ပက်ဖျန်းသွားသည်။
ထို့နောက်တွင် ထိုအမျိုးသမီးသည် အန်လင်းထံသို့ လွှားခနဲ ခုန်လာသည်။ သူမ၏ လှုပ်ရှားမှုများသည် ချောမွေ့မြန်ဆန်ပြီး ကျက်သရေရှိ တင့်တယ်သည့် အငွေ့အသက်များ ထုတ်လွှတ်နေလေသည်။
ရှောင်ချိုး၏ ဆလိုက်မီး အလင်းရောင်ကြောင့် အန်လင်းသည် သူမ၏ အတော်လေး လှပသည့် သွင်ပြင်များအား မြင်နိုင်ပေသည်။ မျက်လုံးထောင့်တွင် သေးငယ်သည့် မှဲ့တစ်လုံး ရှိနေပြီး သူမ၏ သိမ်မွေ့မှုအား ညှို့ဓာတ်ပြင်းစေသည်။
"ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မတော်" စုရှောင်လန်သည် ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။
"မလိုပါဘူး။ အသူရာ နတ်ဆိုးလိပ်တွေရဲ့ အားနည်းချက်က လျှပ်စီးကြောင်းလေ။ အားကောင်းတဲ့ လျှပ်စီးကြောင်းက သူ့ရဲ့ခံစစ်ကို လွယ်လွယ်ကူကူပဲ ဖြိုဖျက်နိုင်တယ်" ဝတ်စုံဖြူ အမျိုးသမီးသည် တောက်ပစွာ ပြုံးလျက်နှင့် ရှင်းပြလိုက်သည်။
ရှောင်ချိုးသည် အမျိုးသမီး၏ ရှင်းပြချက်ကြောင့် နားလည် သဘောပေါက်မိပြီ ဖြစ်သည်။ သူ၏ သံတုတ်သည် လိပ်အား ထိခိုက်ဒဏ်ရာရရှိရန် မစွမ်းဆောင်နိုင်သော်လည်း ထိုအမျိုးသမီးသည် သူ၏ဓားဖြင့် တစ်ချက်တည်း ခုတ်ပိုင်းလိုက်နိုင်လေသည်။ သူတို့နှစ်ဦးလုံးမှာ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်များ ဖြစ်ကြပြီး သူမသည် အန်လင်းလောက်ပင် မစွမ်းဆောင်နိုင်သေးချေ။ ထို့ကြောင့် စွမ်းအား ကွာခြားချက်များ ရှိသော်လည်း မည်သည့်ကြောင့် ဆိုသည်ကို ရှောင်ချိုး နားလည်သွားပြီး ဖြစ်သည်။
"မေးပါရစေဦး။ နင့်ရဲ့နာမည်က လုရွှယ်ချီလား" အန်လင်းသည် အံ့ဩဟန်ဖြင့် မေးလိုက်သည်။
ဝတ်စုံဖြူ အမျိုးသမီးသည် အနည်းငယ် အံ့အားသင့်သွားပြီးနောက် "လု ဘယ်သူ။ မဟုတ်ပါဘူး။ ငါက ကျိယန်လင် ပါ"
"အိုး" အန်လင်းသည် အနည်းငယ် မကျေမနပ် ဖြစ်သွားမိသည်။
"အသူရာချောက်နက်က အတော်လေး အန္တရာယ်များတဲ့ နေရာပဲ။ နင်တို့က ဒီကို ဘာလာလုပ်ကြတာလဲ" ကျိယန်လင် မေးလိုက်သည်။
အန်လင်းမှ "ငါတို့က နတ်ဆိုးယုတ် တစ်ကောင်ကို သတ်ဖြတ်ဖို့လေ။ အင်း အဲဒါက တာဝန်တစ်ခုလို့ ပြောလို့ရပါတယ်"
"နတ်ဆိုးယုတ်ကို သတ်ဖြတ်ဖို့လား" ကျိယန်လင်၏ မျက်လုံးများသည် အံ့ဩမှုကြောင့် ပြူးကျယ်ကုန်တော့သည်။ "ဒီခေတ်ကြီးထဲမှာ နတ်ဆိုးယုတ်ကို ရှာဖွေ တိုက်ခိုက်တဲ့သူတွေ ရှိနေသေးတာလား"
နတ်ဆိုးယုတ်များသည် အလွန်ကြောက်မက်ဖွယ်ရာ ဖြစ်သည့်အတွက် ကျင့်ကြံသူ အများစုသည် တတ်နိုင်သမျှ ရှောင်ရှားသွားရန်သာ ကြိုးစားကြသည်။ ယခုလူများမှာ ရှာဖွေနေကြသည်။
အန်လင်းသည် ပြန်ဖြေခြင်းမပြုဘဲ အားတုံ့အားနာဖြင့် ပြုံးနေလေသည်။
စုရှောင်လန်သည် အေးစက်စွာဖြင့် ဟွန့်ခနဲ အသံပြုလိုက်သည်။ သူမသည် ထိုပြဿနာအား ပြောဆိုလိုဟန် မရှိချေ။
သူတို့၏ အမူအရာများမှ တစ်ဆင့် နောက်ပြောင်နေခြင်း မဟုတ်ကြောင်း ကျိယန်လင် သိလိုက်ရသည့်အတွက် သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားသည်။ "အမှန်အတိုင်း ပြောရရင်တော့ ငါက အသူရာချောက်နက်ထဲ ရောက်နေတာ တစ်နှစ်ကျော်သွားပြီ။ ဒါပေမဲ့လည်း နတ်ဆိုးယုတ် တစ်ကောင်မှတောင် ရှာမတွေ့သေးဘူး။ နင်တို့က ရှာချင်တယ် ဆိုရင်တော့ ဒီနေရာမှာ အချိန်အကြာကြီး ရှိနေဖို့အတွက် ပြင်ဆင်ထားတာ ပိုကောင်းလိမ့်မယ်”
တစ်နှစ်ကျော်တာတောင် နတ်ဆိုးယုတ် တစ်ကောင်မှ မတွေ့ခဲ့ဘူးတဲ့လား။
လူတိုင်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
အသူရာချောက်နက်ထဲတွင် နတ်ဆိုးယုတ် ရှားပါးခြင်းအား သူတို့သိသော်လည်း ထိုမျှလောက် ရှားပါးလိမ့်မည်ဟု မျှော်လင့်မထားကြချေ။
သူတို့၏ ကျန်ရှိနေသေးသည့် အားလပ်ရက်မှာ ရက် ၂၀ ပင် မပြည့်တော့ချေ။
"ဘယ်လိုတောင် စိတ်ပျက်ဖို့ကောင်းလိုက်တဲ့ သတင်းလဲ" အန်လင်းသည် ဒေါသတကြီး ရေရွတ်လိုက်သည်။
***