← Chapters

အိမ်မက်ထဲက လိပ်ပြာ

Vol. 3 Ch. 26

အိမ်မက်ထဲက လိပ်ပြာ

Vol. 3 Ch. 26

ဝမ်လျူယွီသည် ဝမ်လော်ကျင်းကို ပွေ့ဖက်ပြီး သူမ၏ နေကောင်းကျန်းမာရေးကို မေးမြန်းနေသည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဖခင်ဆုံးရှုံးသွားတဲ့ တူမလေးကို သူမ အရမ်း ဂရုစိုက်ကြောင်း သိသာထင်ရှားလှသည်။ သူမက ဝမ်လော်ကျင်းကို ရွှေတာရာ ၁၀ ပြားတန် ငွေစက္ကူ တစ်ရွက်ကိုတောင် သီးသန့် ပေးလိုက်သေးတယ်။

"အဒေါ် ဒါကို ညီမ လက်မခံနိုင်ပါဘူး"

ဝမ်လော်ကျင်းက လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းပြီး ငြင်းဆန်လိုက်သည်။

"ညီမ ကြားတာက အစ်ကိုဝမ်းကွဲက ချီသန့်စင်ခြင်းအဆင့် ၃ ဆင့်မြောက်ကို တက်လှမ်းနေတယ်ဆို သူ့အတွက် သိမ်းထားလိုက်ပါ"

ပုံမှန်အားဖြင့် မျိုးဆက်သစ် မျိုးနွယ်စုဝင်တွေ အတွက် ကျင့်ကြံခြင်း အရင်းအမြစ်တွေက မိသားစု ရိက္ခာထောက်ပံ့မှုကနေ အဓိက ရရှိကြတာ။ ဒါ့အပြင် မိဘတွေလို ရင်းနှီးတဲ့ ဆွေမျိုးတချို့ကလည်း မျိုးဆက်သစ်တွေကို မကြာခဏ ထောက်ပံ့ပေးလေ့ ရှိကြတယ်။

ဒါပေမဲ့ ဝမ်လော်ကျင်းရဲ့ ဖခင် ဝမ်တင့်ပန်း က လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ဆုံးပါးသွားခဲ့တော့ လော်ကျင်းက ဒီအပိုင်းမှာ အားနည်းချက် ရှိနေတယ်။

"လော်ကျင်း ယူလိုက်စမ်းပါ"

ဝမ်လျူယွီက အနည်းငယ် စိတ်မရှည်တဲ့ လေသံနဲ့ ပြောလိုက်တယ်။

"မင်းအဖေ မရှိတော့ပေမဲ့ အဒေါ်က မင်းကို နည်းနည်းပါးပါး ကူညီပေးလို့ ရပါတယ်"

"ယူလိုက်ပါ လော်ကျင်း"

ဝမ်ရှိုကျဲ့ ပြုံးပြီး ပြောလိုက်သည်။

"အဒေါ်ရဲ့ စေတနာကို စိတ်ပျက်အောင် မလုပ်ပါနဲ့"

ဝမ်လော်ကျင်းနဲ့ ဝမ်ရှိုကျဲ့တို့ နှစ်ယောက်စလုံး တန်ဖိုးကြီးမားကြောင်း ပြသပြီးနောက်မှာ ကုန်းစွန်းမိုက သူ့အဒေါ်နဲ့ ဦးလေးကို အထူးတလည် ဖိတ်ခေါ်ခဲ့တာ ဖြစ်ကြောင်း ဝမ်ရှိုကျဲ့ သိတာပေါ့။ ဒါက မိသားစု ၂ ခုကြား သံယောဇဉ်ကို ခိုင်မာစေပြီး မိသားစု ကတ်ကို ထပ်ကစားလိုက်တာပဲ။

ဒါ့အပြင် ဝမ်လော်ကျင်းက အနာဂတ် ဝိညာဉ်ပိုးမွှားသခင် ဖြစ်လာမှာ ဆိုတော့ သူမကို ဆွဲဆောင်ဖို့ အကောင်းဆုံး အချိန်ပဲ။ ဝမ်ရှိုကျဲ့ အနေနဲ့လည်း မိသားစု ၂ ခုကြား ဆက်ဆံရေး ပိုမို ရင်းနှီးလာတာကို ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဘာပဲပြောပြော ကုန်းစွန်း မျိုးနွယ်စုရဲ့ အလုံးစုံ အင်အားက ဖင်းအန်းဝမ်မျိုးနွယ်စုထက် အများကြီး သာလွန်တာကိုး။

"ဟုတ်ကဲ့ပါ အကိုလေး ကျေးဇူးတင်ပါတယ် အဒေါ်"

ဝမ်လော်ကျင်း လိမ္မာစွာ ပြောလိုက်ပြီး လက်ဆောင်ကို လက်ခံလိုက်သည်။

နောက်ပိုင်းတွင် မိသားစု ၂ ခု အတူတကွ ထိုင်ပြီး ညစာ စားသောက်ကြကာ တစ်ဦးနှင့်တစ်ဦး အဖော်ပြုရင်း ပျော်ရွှင်နေကြသည်။

သို့သော် ဒီတစ်ခါ အလိုလိုက်ခံရတဲ့ အဓိက ဇာတ်ကောင်က ဝမ်ရှိုကျဲ့ မဟုတ်ဘဲ ဝမ်လော်ကျင်း ဖြစ်နေသည်။

"လော်ကျင်း"

ကုန်းစွန်းမိုက နွေးထွေးစွာ ပြုံးရင်း ဝမ်လော်ကျင်း အတွက် ကျောက်စိမ်းဖြူ ဝိညာဉ်ဆန် ပန်းကန်လုံးကြီး တစ်လုံးကို ကိုယ်တိုင် ထည့်ပေးလိုက်သည်။ အပေါ်မှာ ဝိညာဉ်ဦးချို ယက်နွားအသား တစ်တုံးကြီးနဲ့ ဝိညာဉ်ငါးအသား တစ်တုံးကြီး ပါသေးတယ်။

"သမီး ဒီနေ့ ပင်ပန်းသွားပြီ များများစားနော် အားနာမနေနဲ့"

ဝမ်လော်ကျင်း အနည်းငယ် အလွန်အမင်း ခံစားလိုက်ရပြီး ဝမ်ရှိုကျဲ့ကို အားငယ်စွာ ကြည့်လိုက်သည်။ ဘယ်မိသားစုမှာမဆို အရင်းအမြစ်တွေကို တညီတညွတ်တည်း ခွဲဝေပေးလေ့ ရှိတယ်။ ဝမ်လော်ကျင်းရဲ့ ကျင့်ကြံမှု အဆင့်က မမြင့်မားသလို လစဉ် ရရှိတဲ့ ဝိညာဉ်အစားအစာကလည်း အကန့်အသတ် ရှိတယ်။ ဒီလို ဇိမ်ခံ အစားအစာတွေကို သူ ဘယ်လိုလုပ် တတ်နိုင်မှာလဲ။

သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး စားချင်သော်လည်း မစားရဲ ဖြစ်နေသည်။

"စားလိုက်ပါ အဘိုးရဲ့ စေတနာကို စိတ်ပျက်အောင် မလုပ်ပါနဲ့"

ဝမ်ရှိုကျဲ့က စာနာစိတ်ဖြင့် သူမ ခေါင်းကို ပုတ်ပေးလိုက်သည်။

"အနာဂတ်မှာ မိသားစုဝင် အားလုံး ကောင်းမွန်တဲ့ ဘဝ ရရှိအောင် အကိုလေး ပိုကြိုးစားပါ့မယ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အကိုလေး ကျေးဇူးတင်ပါတယ် အဘိုးကုန်းစွန်း"

ဝမ်လော်ကျင်း လိမ္မာစွာ ပြောလိုက်ပြီး တူကို ကိုင်ကာ ကျောက်စိမ်းဖြူ ဝိညာဉ်ဆန်ကို မြိန်ရေရှက်ရေ စားသောက်လိုက်ရာ အလွန် ကျေနပ်အားရနေပုံ ပေါက်နေသည်။

သူမ ပျော်ရွှင်စွာ စားသောက်နေသည်ကို ကြည့်ရင်း ဝမ်ရှိုကျဲ့ စိတ်သက်သာရာ ရသွားသလို မျိုးနွယ်စုခေါင်းဆောင် တစ်ယောက် အနေနဲ့ ဖိအား တစ်ခုကိုလည်း ခံစားလိုက်ရသည်။

"မြေးလေး ဒီတစ်ခါ အဘိုးတို့လည်း မင်းကို ကျေးဇူးတင်ရမယ်"

ကုန်းစွန်းမိုက ဝမ်ရှိုကျဲ့ကို ဝိညာဉ်ဝိုင် တစ်ခွက် ငှဲ့ပေးရင်း ပြောလိုက်သည်။

"အဘိုးတို့ လူတွေ တွက်ချက်ကြည့်ပြီးပြီ ဒီတစ်ခါ မင်းရဲ့ ကူညီထောက်ပံ့မှုကြောင့် မနှစ်ကနဲ့ ယှဉ်ရင် အနည်းဆုံး ဆုံးရှုံးမှု ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့တယ် ရွှေတာရာ တစ်ထောင်ကျော် သက်သာသွားတာပေါ့"

ရွှေတာရာ တစ်ထောင်ကျော် ဆိုတာ ကုန်းစွန်း မျိုးနွယ်စု အတွက်ရော ဝမ်မျိုးနွယ်စု အတွက်ပါ ကြီးမားတဲ့ ငွေပမာဏ ဖြစ်တယ်။ ကုန်းစွန်းမို ပိုဂရုစိုက်တာက ဝမ်ရှိုကျဲ့ ကုန်းစွန်း မျိုးနွယ်စုဆီ ပေးပို့လိုက်တဲ့ ခင်မင်ရင်းနှီးမှု အချက်ပြမှုပဲ။

ဒီအချက်ကြောင့်ပဲ ကုန်းစွန်း မိသားစုကလည်း ဝမ်ရှိုကျဲ့နဲ့ အဖွဲ့ကို ဧည့်ခံဖို့ အကောင်းဆုံး စေတနာတွေ ထုတ်သုံးခဲ့တာ။ ဝိညာဉ်ဝိုင်တွေ ဝိညာဉ်အစားအစာတွေ အများကြီးနဲ့ပေါ့။ ဒီ ထမင်းတစ်နပ်တည်းနဲ့တင် အနည်းဆုံး ရွှေတာရာ ၁၀ ပြားလောက် ကုန်ကျလိမ့်မယ်။

"အဘိုးနဲ့ ဦးလေးတို့က သဘောကောင်းလွန်းနေပါပြီ"

ဝမ်ရှိုကျဲ့ နှိမ့်ချသော လေသံဖြင့် ပြောလိုက်ပြီး ဝိညာဉ်ဝိုင် တစ်ငုံ သောက်လိုက်သည်။

"ကျွန်တော်တို့ မိသားစု ၂ ခု ဆုံတွေ့ခွင့် ရတာ ကံကောင်းလို့ပါ ပြီးတော့ ညီမလေးကလည်း ပိုးမွှားယဉ်ပါးစေတဲ့ နည်းစနစ် တချို့ တတ်မြောက်ထားလို့ပါ"

သူတို့နှင့်အတူ လိုက်ပါလာသော မျိုးနွယ်စုခေါင်းဆောင်ငယ် ကုန်းစွန်းချန် ၏ မျက်လုံးများ တောက်ပနေသည်။

"မင်း ဝမ်ရှိုကျဲ့က ကံကောင်းတာပါကွာ မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာပြီး မိသားစုထဲမှာ ဝိညာဉ်ပိုးမွှားသခင် တစ်ယောက် တွေ့ရှိလိုက်တာ လော်ကျင်းမှာ စေ့စပ်ထားသူ ရှိလား တို့မိသားစုက ယန်လေး ကို စဉ်းစားပေးရမလား"

"ဟင်"

ဝမ်လော်ကျင်း ထမင်းစားနေရင်း ဒါကို ကြားလိုက်ရတော့ မျက်လုံးပြူးပြီး အံ့သြသွားကာ ကြောက်လန့်သွားသကဲ့သို့ ဖြစ်သွားသည်။

"ဦးလေး လော်ကျင်းက ၁၂ နှစ်ပဲ ရှိပါသေးတယ်"

ဝမ်ရှိုကျဲ့ မနှစ်မြို့သော လေသံ အနည်းငယ်ဖြင့် ပြောလိုက်သည်။

"ဒါ့အပြင် ညီလေးယန် က ကုန်းစွန်း မျိုးနွယ်စုရဲ့ တိုက်ရိုက် ဆက်ခံသူ ဖြစ်ပြီး ကျွန်တော်တို့ လော်ကျင်းက သာမန် မျိုးဆက်ပဲ ရှိတာ ဆိုတော့ သင့်တော်တဲ့ တွဲဖက် မဟုတ်ပါဘူး"

"ကိစ္စ မရှိပါဘူး ကိစ္စ မရှိပါဘူး"

ကုန်းစွန်းချန်က ဝမ်ရှိုကျဲ့ စကားထဲက အဓိပ္ပာယ်ကို မကြားသလိုမျိုး ဆက်ပြောနေသည်။

"လော်ကျင်းလို မိန်းကလေးကောင်း တစ်ယောက်ကို တို့မိသားစုက သူ့သွေးမျိုးဆက်ကြောင့် အထင်သေးမှာ မဟုတ်ပါဘူး"

ဝမ်ရှိုကျဲ့ နဖူးကို ပွတ်သပ်လိုက်သည်။

{ခင်ဗျားတို့ အထင်မသေးပေမဲ့ ကျုပ်တို့ မိသားစုက အထင်သေးတယ်လေ}

ကံကောင်းသည်မှာ ထိုအချိန်တွင် ကုန်းစွန်းဟွေးက တိုက်ခိုက်မှုကို ဝင်ရောက် တားဆီးပေးလိုက်သည်။

"အစ်ကိုကြီး အထင်မကြီးလွန်းပါနဲ့ ညီမတို့ မိသားစုရဲ့ လော်ကျင်းက ဝိညာဉ်ပိုးမွှားသခင် ပါ အနာဂတ်မှာ အကန့်အသတ်မဲ့ အလားအလာ ရှိတယ် သူမရဲ့ ကြယ်ကိုးလုံး ပိုးမွှားဘုရင်ကို ထိန်းချုပ်တဲ့ နည်းလမ်းကိုပဲ ကြည့်လေ အနာဂတ်မှာ သူက ချန်နင်နယ်မြေ ဒေသတစ်ခုလုံးရဲ့ အချစ်တော် ဖြစ်လာမှာ ခရမ်းရောင်နန်းတော် အကယ်ဒမီက ပိုးသတ်ဆေးမှုန့်မှာ ဒီလောက် ကြီးမားတဲ့ ဟာကွက် ရှိနေမှတော့ ဘယ်မိသားစုကမှ ဆက်မသုံးချင်ကြတော့ဘူး ထင်တယ်"

ခဏ ရပ်နားပြီးနောက် ကုန်းစွန်းဟွေး ဆက်ပြောသည်။

"ကုန်းစွန်း မိသားစုရဲ့ မြေဆီကောင်းတဲ့ လယ်မြေ ၁၆,၀၀၀ ဧက ကိုပဲ ဥပမာ ယူကြည့် တစ်ရာသီ ဆေးဖိုး တစ်နှစ် ၂ ကြိမ် ဆိုရင် တစ်နှစ်တာ ပိုးသတ်ဆေးမှုန့် ကုန်ကျစရိတ်ချည်းပဲ ရွှေတာရာ ၃၀၀ ကျော် ရှိတယ် တကယ်လို့ တို့ ဝမ်မျိုးနွယ်စုက ကုန်းစွန်း မျိုးနွယ်စုဆီက ရွှေတာရာ ၂၀၀ ပဲ ယူပြီး ဝိညာဉ်ပိုးမွှားသခင် လော်ကျင်း ကိုယ်တိုင် လာရောက် ပိုးသတ်ပေးမယ် ဆိုရင် ဒီစီးပွားရေးက လုပ်ဖို့ တန်လား မတန်ဘူးလား"

ကုန်းစွန်းဟွေး၏ စကားများက လူတိုင်းကို နှိုးဆွလိုက်သကဲ့သို့ ဖြစ်သွားသည်။

ကုန်းစွန်းမိုပင်လျှင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ရွှေတွင်းကြီး တစ်ခုကို ကြည့်နေသကဲ့သို့ ဝမ်လော်ကျင်းကို အလွန် လေးနက်စွာ ကြည့်ရှုလိုက်သည်။

ဝိညာဉ်ပိုးမွှားသခင်ရဲ့ ငွေရှာနိုင်စွမ်းက တကယ်ပဲ အရမ်း အားကောင်းတာကိုး။

ဒီ စီးပွားရေးနဲ့ ပတ်သက်ပြီး ဝမ်ရှိုကျဲ့ တကယ်တော့ အရင်ကတည်းက စဉ်းစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဝိညာဉ်ပိုးမွှားသခင် အနေနဲ့ လော်ကျင်း တစ်ယောက်တည်းကိုပဲ အားကိုးရမယ် ဆိုရင် အကန့်အသတ် ရှိတဲ့ အချိန်အတွင်းမှာ သူ စောင့်ရှောက်နိုင်တဲ့ ပမာဏက အကန့်အသတ် ရှိမှာ သေချာတယ်။ အများဆုံး ဧက ၅ သောင်း ၆ သောင်း လောက်ပဲ ကာကွယ်ပေးနိုင်မှာ။

ဒါပေမဲ့ အဲဒီလောက်ဆိုရင်တောင် မိသားစု အသီးသီးကို ပိုးမွှားသတ်ပေးရုံနဲ့ တစ်နှစ်ကို အနည်းဆုံး ရွှေတာရာ ၇၀၀ ၈၀၀ လောက် ရနိုင်တယ်။ အဲဒါက သက်သာတဲ့ ဈေးနှုန်းနဲ့ တွက်ထားတာနော်။

ဒါ့အပြင် ဝိညာဉ်ပိုးမွှားသခင်က ဝိညာဉ်ပိုးမွှားတွေ မွေးမြူရာမှာ အတော်ဆုံး ဖြစ်ပြီး ဝိညာဉ်ပိုးမွှားတွေ ထဲမှာ စီးပွားရေးအရ တွက်ခြေကိုက်တဲ့ ဝိညာဉ်ပိုးချည်ကောင်တို့ ဝိညာဉ်ပျားတို့လို အကောင်တွေ အများကြီး ရှိသေးတယ်။

ဒါကြောင့် ကုန်းစွန်းဟွေးက ဝမ်ရှိုကျဲ့ စိတ်ထဲ ရှိတာကို ပြောလိုက်တာပဲ။

{ကုန်းစွန်းချန် ခင်ဗျား အထင်ကြီးလွန်းနေပြီ ဘယ်သူက မိသားစုရဲ့ ရွှေဥတွေ ပေးတဲ့ ငန်းမကြီးကို တခြားအိမ် ပေးစားချင်မှာလဲ}

"ရှိုကျဲ့ မင်း တကယ် ကံကောင်းတာပဲ"

ကုန်းစွန်းချန်က ဝမ်ရှိုကျဲ့ကို မနာလို ဝန်တိုစိတ်တွေနဲ့ ကြည့်လိုက်တယ်။ သူ့မိသားစုမှာလည်း ဝိညာဉ်ပိုးမွှားသခင် တစ်ယောက်လောက် ရှိစေချင်လိုက်တာ။

ကံဆိုးစွာနဲ့ ဝိညာဉ်ပိုးမွှားသခင် တစ်ယောက် ဖြစ်လာဖို့က အဲဒီလောက် မလွယ်ကူပါဘူး။

ပထမအချက်က ဝိညာဉ်ပိုးမွှားသခင် ပါရမီ ပါတဲ့ လူအရေအတွက်က အရမ်း ရှားပါးတယ်။ သူတို့က ပိုးမွှားတွေနဲ့ ဆက်သွယ်နိုင်တဲ့ ပါရမီ ရှိရမယ်။ ဒါက တော်တော်လေး ရှားပါးတဲ့ ပါရမီ တစ်မျိုးပဲ။

ဒုတိယအချက်က မိသားစု အများစု ကိုယ်တိုင်မှာ ဝိညာဉ်ပိုးမွှားသခင် အမွေအနှစ် မရှိကြဘူး။ ကိုယ့်လူတွေထဲကနေ ဝိညာဉ်ပိုးမွှားသခင် ပါရမီရှင်ကို စိစစ် ရှာဖွေဖို့ ခက်ခဲတယ်။

ကုန်းစွန်း မိသားစု စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအရ ချန်နင်နယ်မြေ ဒေသတစ်ခုလုံးမှာ ဝိညာဉ်ပိုးမွှားသခင် ၃ ယောက်ပဲ ရှိတယ်။ ဆန်းယင်လျိုမျိုးနွယ်စု၊ ချန်နင်ရွှီမျိုးနွယ်စုနဲ့ မြို့စောင့် အိမ်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝိညာဉ်ပိုးမွှားသခင် တစ်ယောက် တို့ပဲ ဖြစ်တယ်။

ဒီ သတင်းအချက်အလက်က ဝမ်ရှိုကျဲ့ သိထားတာထက် ပိုအသေးစိတ်တယ်။ ဘာပဲပြောပြော ဆန်းယန်ကုန်းစွန်း မျိုးနွယ်စုက ဝိညာဉ်ပိုင်းဆိုင်ရာမှာ ပိုပြီး အင်အားကြီးတာကိုး။

ကုန်းစွန်း မျိုးနွယ်စုနဲ့ ဝမ်မျိုးနွယ်စုတို့ ဆက်ဆံရေး ကောင်းမွန်ကြတာကြောင့် ညစာကို သဟဇာတ ဖြစ်တဲ့ လေထုထဲမှာ စားသောက်ခဲ့ကြတယ်။

နောက်တစ်နေ့ ပြန်လည် သက်သာလာသော ဝမ်လော်ကျင်းသည် အသစ် ဖမ်းမိထားသော ဇာတောင်ပိုးဘုရင်နှင့် ကြယ်ကိုးလုံး ပိုးမွှားဘုရင်တို့ကို ဆက်လက် ယဉ်ပါးအောင် လုပ်ဆောင်ခဲ့သည်။ ယခင် အတွေ့အကြုံ ရှိထားသဖြင့် ဝမ်လော်ကျင်း တိုးတက်မှု အချို့ ရှိလာပုံရပြီး ပိုးမွှားဘုရင် အနည်းငယ်ကို ယဉ်ပါးအောင် လုပ်ရန် နာရီဝက်ခန့်သာ ကြာမြင့်သည်။

နေ့လယ် ရောက်သောအခါ သူမသည် ပိုးမွှားဘုရင်များကို အခြား လယ်ယာ ၂ ခုသို့ လွှတ်ပေးလိုက်ပြီး ဖြစ်သည်။ နောက်တစ်ဆင့် အနေဖြင့် ကုန်းစွန်း မျိုးနွယ်စုဝင်များသည် တောရိုင်း ဇာတောင်ပိုးများနှင့် ကြယ်ကိုးလုံး ပိုးမွှားများကို ဆက်လက် ဖမ်းဆီးပြီး ဂျုံခင်းများထဲသို့ ဖြည့်စွက်ပေးရမည် ဖြစ်သည်။

ပိုးမွှားဘုရင်များ၏ ထိန်းချုပ်မှုနှင့် ဦးဆောင်မှုအောက်တွင် ထို ဇာတောင်ပိုးများနှင့် ကြယ်ကိုးလုံး ပိုးမွှားများသည် ထွက်ပြေးကြမည် မဟုတ်ပေ။

"အကိုလေး အဲဒီ ပိုးမွှားဘုရင်တွေကို ယဉ်ပါးအောင် လုပ်ထားတာက သိပ်မခိုင်မာသေးဘူး"

ဒါတွေအားလုံး ပြီးစီးသွားချိန်တွင် ဝမ်လော်ကျင်း အနည်းငယ် ပင်ပန်းနွမ်းနယ်စွာ ပြောလိုက်သည်။

"သူတို့ရဲ့ ရိုင်းစိုင်းတဲ့ စိတ်တွေ ပြန်ပေါ်လာဖို့ သိပ်ကြာမှာ မဟုတ်ဘူး ထင်တယ် ဒါကြောင့် နောက်ရက် အနည်းငယ်နေရင် ပြန်လာရဦးမယ် အကိုလေး အခု ယင်းရှိုလူမျိုးနွယ်စုဆီ အရင် သွားကြရအောင်"

"လော်ကျင်း ညီမ နည်းနည်း ပင်ပန်းနေပုံရတယ်"

ဝမ်ရှိုကျဲ့ စိုးရိမ်တကြီး ပြောလိုက်သည်။

"တစ်ညလောက် အနားယူပြီးမှ သွားကြမလား"

"အကိုလေး ညီမ အဆင်ပြေပါတယ်"

ဝမ်လော်ကျင်း ခေါင်းခါလိုက်သည်။

"ပိုးမွှားကပ်ဘေး လက္ခဏာတွေက ပိုပိုပြီး ထင်ရှားလာပြီ မနက်ဖြန်မှ သွားရင် လူမျိုးနွယ်စုက ဆုံးရှုံးမှု ကြီးမားလိမ့်မယ် အကိုလေး ယင်းရှိုလူမျိုးနွယ်စုနဲ့ အကို့ကြားက ဆက်ဆံရေးကို ညီမ သိပါတယ်..."

ဟုတ်တယ် ဆက်ဆံရေး….

တကယ်တော့ သွေးသားတော်စပ်မှု ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ယင်းရှိုလူမျိုးနွယ်စုနဲ့ ဝမ်ရှိုကျဲ့က အရမ်း ရင်းနှီးပါတယ်။ ဘာလို့လဲဆိုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါကြောင့် ကွယ်လွန်သွားတဲ့ သူ့မိခင်က ယင်းရှိုလူမျိုးနွယ်စုရဲ့ သခင်မလေး ဖြစ်ပြီး လူမျိုးနွယ်စုရဲ့ လက်ရှိ ခေါင်းဆောင် လူကျန့်ရှုံ ရဲ့ ညီမလေးလည်း ဖြစ်နေလို့ပါ။

ဒါ့အပြင် လူကျန့်ရှုံရဲ့ ဇနီးက ဝမ်မျိုးနွယ်စု ပင်မမျိုးဆက်ရဲ့ ၆ ဆက်မြောက်က ဖြစ်ပြီး ဝမ်ရှိုကျဲ့ရဲ့ အဒေါ်အရင်း ဝမ်လျူလင်း ဖြစ်နေပြန်တယ်။

ဒီလို သိုင်းပညာရှင် မျိုးနွယ်စုတွေကြား အပြန်အလှန် လက်ထပ်ထိမ်းမြားတဲ့ ထုံးစံကို မကြာခဏ ကျင့်သုံးလေ့ ရှိကြတယ်။ မိသားစု ၂ ခုရဲ့ ပင်မမျိုးဆက်တွေ အချင်းချင်း လက်ထပ်ထိမ်းမြားခြင်းက မိသားစု ၂ ခုကို အရင်းနှီးဆုံး အခြေအနေ ရောက်သွားစေတယ်။

တစ်ခုတည်းသော မမျှော်လင့်တဲ့ အရာကတော့ ဝမ်ရှိုကျဲ့ရဲ့ မိခင်အရင်း လူမုန်ရွှယ် က သူ ၆ နှစ်သား အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီး သားငယ်နဲ့ သမီးငယ်ကို ထားရစ်ခဲ့ရတာပါပဲ။ ဝမ်ရှိုကျဲ့ရဲ့ မှတ်ဉာဏ်ထဲမှာ မိခင်အရင်းနဲ့ ပတ်သက်တဲ့ အမှတ်တရတွေက အခိုင်မာဆုံး ဖြစ်ပြီး သူမ အကြောင်း တွေးမိတိုင်း နက်ရှိုင်းစွာ နာကျင်ရဆဲ ဖြစ်တယ်။

ကံကောင်းတာက မိထွေး ကုန်းစွန်းဟွေးက ငယ်စဉ်ကတည်းက သူ့အပေါ် အရမ်း ကောင်းမွန်ခဲ့ပြီး သားရင်းလို သဘောထားခဲ့လို့ သူက မိထွေးကို တဖြည်းဖြည်း လက်ခံလာနိုင်ခဲ့ပြီး ရင်ထဲက ဒဏ်ရာ အများစုကို လျော့ပါးစေခဲ့တယ်။

မှတ်ဉာဏ်တွေနဲ့ ခံစားချက်တွေ ပိုမို ပေါင်းစပ်လာတာနဲ့အမျှ ဝမ်ရှိုကျဲ့လည်း သူ ဒီကမ္ဘာထဲမှာ ပိုမို ပေါင်းစပ်ပါဝင်လာသလို ခံစားလာရသည်။ ဒီကမ္ဘာမှာပဲ ကြီးပြင်းလာခဲ့သလိုမျိုး ဖြစ်လာပြီး ကမ္ဘာမြေက မှတ်ဉာဏ်တွေက တဖြည်းဖြည်း အိပ်မက်တစ်ခုလို ဖြစ်လာသည်။

All Chapters