← Chapters

စကားတစ်လုံး လိမ်ဖို့ စကားတစ်ရာ ထပ်လိမ်ရမယ်

Vol. 28 Ch. 347

စကားတစ်လုံး လိမ်ဖို့ စကားတစ်ရာ ထပ်လိမ်ရမယ်

Vol. 28 Ch. 347

ဆိုရိုးစကားအတိုင်းပါပဲ စကားတစ်လုံး လိမ်မိရင် အဲ့ဒီအလိမ်ကို ဖုံးဖိဖို့အတွက် စကားတစ်ရာ ထပ်လိမ်ရစမြဲပါပဲ။

ရှီဟုန်ယွင်က သူ တစ်ခါမှ မကြားဖူးတဲ့ ‘နတ်ဘုရားကွန်ရက် ခန္ဓာ’ အကြောင်းကို သိသိသာသာ စိတ်ဝင်စားလာပြီး အသေးစိတ် အချက်အလက်တွေကို ကျန်းပေရန်ကို တရစပ် မေးမြန်းနေတော့သည်။

ကျန်းပေရန် ဘာတတ်နိုင်မှာလဲ ဆက်ပြီး “ဇာတ်လမ်းဆင်” ရုံပဲ ရှိတော့တာပေါ့။

ကံကောင်းတာက သူ့ရဲ့ ကနဦး ရှင်းပြချက်က ဝိုးတဝါးဖြစ်ပြီး ကြီးကျယ်ခမ်းနားနေတာကြောင့် အသေးစိတ် ပြန်ဖြည့်စွက်ဖို့ နေရာလွတ် အများကြီး ရှိနေခြင်းပါပဲ။

“အင်း မင်းရဲ့ ဒီ ‘မီးကပ်ဘေး အစီအရင်’က ကောင်းကောင်း ခင်းကျင်းထားတာတော့ မှန်ပါတယ် ဒါပေမဲ့ ထူးထူးခြားခြား ကောင်းမွန်နေတာမျိုးတော့ ဒီအရှင်သခင် မမြင်မိပါလား”

ရှီဟုန်ယွင်ရဲ့ မေးခွန်းကို ကြားတော့ သူ ဘာဆိုလိုလဲဆိုတာ ကျန်းပေရန် သဘာဝကျကျ သိလိုက်သည်။

အဓိပ္ပာယ်က ရှင်းပါတယ် မင်းရဲ့ အစီအရင်က ကောင်းပါတယ် ဒါပေမဲ့ မင်းရဲ့ နတ်ဘုရားကွန်ရက် ခန္ဓာ က ဘယ်နေရာမှာများ ထူးခြားနေလို့လဲ ပေါ့။

“စီနီယာကို ပြန်လည် ဖြေကြားပါတယ် ကျွန်တော့်ရဲ့ နတ်ဘုရားကွန်ရက် ခန္ဓာ ရဲ့ အကြီးမားဆုံး လုပ်ဆောင်ချက်က အစီအရင် တည်ဆောက်ဖို့ အသင့်တော်ဆုံး နေရာကို သိရှိနိုင်စွမ်းပါ အဲ့ဒါကြောင့် ပတ်ဝန်းကျင် အင်အားကို ငှားရမ်းပြီး ကိုယ့်စွမ်းရည်ထက် ကျော်လွန်တဲ့ မဟာအစီအရင်တွေကို တည်ဆောက်နိုင်တာပါ”

“အို” ရှီဟုန်ယွင် ခေါင်းညိတ်လိုက်သည်။

“ဆိုလိုတာက မင်းက တခြား အစီအရင်ပညာရှင်တွေထက် ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို ပိုမို ဆွဲယူသုံးစွဲနိုင်တယ်ပေါ့”

‘ကွက်တိ ဖြည့်စွက်ချက်ပဲ’

ကျန်းပေရန် စိတ်ထဲကနေ တိတ်တဆိတ် လက်ခုပ်တီးလိုက်မိသည်။

ဒီလို ရှင်းပြဖို့ သူ တကယ် မစဉ်းစားမိခဲ့ဘူး။

ကျင့်ကြံခြင်း အဆင့်ဆိုတာ တိုင်းတာလို့ရတဲ့ အရာပါ ဒါပေမဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အတတ်ပညာ တွေကတော့ တိုင်းတာလို့ မရဘူး။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီက စာမေးပွဲဖြေပြီး အသိအမှတ်ပြုလက်မှတ် ရယူမှသာ ရတာမျိုး ဖြစ်သည်။

ဒါကြောင့် ကျန်းပေရန်က သူဟာ စတုတ္ထအဆင့် အစီအရင်ပညာရှင် တစ်ယောက်ပါလို့ ပြောရင်လည်း ဘာပြဿနာမှ မရှိဘူး။

ကိုယ့်စွမ်းအား လိုအပ်နေရင် ခန္ဓာကိုယ် ထူးခြားချက်နဲ့ ဖြည့်စွက်လိုက်ရုံပဲ။

‘အရမ်းကောင်းတယ် နောက်ပိုင်းကျရင် ငါ့ရဲ့ ဇာတ်ကောင်စရိုက်က ဒါပဲ ဖြစ်ရမယ်’

စိတ်ထဲကနေ ရှီဟုန်ယွင်ကို ချီးကျူးလိုက်ပြီး ကျန်းပေရန်က လက်သီးဆုပ်ကာ ပြောလိုက်သည်။

“စီနီယာက ဉာဏ်ပညာ ကြီးမားလှပါတယ်”

“မင်းလို အသက်အရွယ်လေးနဲ့ ဒီလို မဟာအစီအရင်မျိုး တည်ဆောက်နိုင်တာ မဆန်းပါဘူး ဒီလိုကိုး ဒီလိုကိုး”

အကြောင်းရင်းကို နောက်ဆုံးတော့ ရှာတွေ့သွားပြီမို့ ရှီဟုန်ယွင် ခေါင်းတညိတ်ညိတ် လုပ်နေပြီး ကျန်းပေရန်ရဲ့ ကြောက်မက်ဖွယ် ပါရမီက ဘယ်နေရာမှာလဲ ဆိုတာ အခုမှ နားလည်သွားတော့သည်။

“ရှန်အာ”

အဲ့ဒီအချိန်မှာပဲ ရှီဟုန်ယွင် ရုတ်တရက် လှမ်းခေါ်လိုက်ရာ ဖော်ဖော်ရွရွ ဝတ်စားထားတဲ့ လှပတဲ့ အမျိုးသမီးတစ်ယောက် လျှောက်လာခဲ့သည်။

ကျက်သရေရှိစွာ ဒူးညွှတ်အရိုအသေပြုပြီးနောက် ရှန်အာ လို့ ခေါ်တဲ့ အမျိုးသမီးက ချိုသာတဲ့ အသံလေးနဲ့ ပြောလိုက်သည်။

“မျိုးနွယ်စု သူတော်စင် ရှန်အာကို ခေါ်လိုက်ပါသလား”

ရှန်အာကို ရင်ခွင်ထဲ ဆွဲသွင်းပြီး နမ်းလိုက်ကာ ရှီဟုန်ယွင်က ကျန်းပေရန်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

“ဒီကောင်လေးအတွက် အခန်းတစ်ခန်းနဲ့ တိုကင်ပြားတစ်ခု သွားစီစဉ်ပေးလိုက်ပါ ပြီးတော့ ဒီနေရာကို လိုက်ပြပေးလိုက်ဦး”

‘…’

‘…..’

အခန်း ဟုတ်လား လိုက်ပြဦးမယ် ဟုတ်လား ငါက ညစာပြန်စားဖို့ စီစဉ်ထားတာပါဆို

သူ့ကို ဒီမှာ ဆက်ထားဖို့ ရည်ရွယ်နေမှန်း သိသာတဲ့ ရှီဟုန်ယွင်ရဲ့ လေသံကို ကြားတော့ ကျန်းပေရန်က လက်သီးဆုပ်ပြီး စကားပြောဖို့ ပြင်လိုက်စဉ်မှာပင် ရှီဟုန်ယွင်က ဖြတ်ပြောလိုက်သည်။

“ဒီအရှင်သခင်က မင်းရဲ့ ဒီခန္ဓာကိုယ်ကို တော်တော် စိတ်ဝင်စားတယ် မင်း ဒီမှာ ခဏလောက် နေလိုက်ပါ”

ရှီဟုန်ယွင်ရဲ့ လေသံက ငြင်းဆန်ခွင့် မရှိဘူးဆိုတာ သိသာနေသည်။

စနစ်ကလည်း ဘာရွေးချယ်မှုမှ မပြတာကြောင့် ကျန်းပေရန် ခေါင်းမာနေဖို့ အစီအစဉ် မရှိတော့ပေ။

သူက ရေလိုက်ငါးလိုက်ပဲ နေလိုက်ပြီး လက်သီးဆုပ်ကာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ”

“ယဉ်ကျေးနေစရာ မလိုပါဘူး စောစောက မင်း သိုလှောင်လက်စွပ်ထဲက ထုတ်ပြတဲ့ ပစ္စည်းတွေကို ကြည့်ရတာ မင်းက အစီအရင်တစ်ခုတည်း ကျွမ်းကျင်တာ မဟုတ်တဲ့ပုံပဲ”

‘တောက် ဒီအဘိုးကြီးက ငါ့ကို ချဉ်ဖတ် ဖြစ်တဲ့အထိ အရည်ညှစ်ထုတ်ချင်နေတာပဲ’

စိတ်ထဲကနေ ကျိန်ဆဲလိုက်ပြီး ကျန်းပေရန် ပြန်ဖြေလိုက်သည်။

“နည်းနည်းပါးပါး စမ်းသပ်ကြည့်ဖူးရုံပါ ဘာမှ မဟုတ်ပါဘူး”

ကျန်းပေရန် စကားကို မကြားသလိုမျိုး ရှီဟုန်ယွင်က ဆက်ပြောသည်။

“ငါ့မျိုးနွယ်စုထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အတတ်ပညာတွေကို ကျွမ်းကျင်တဲ့သူတွေ မနည်းဘူး ငါးလေး”

“ရှိပါတယ်” ရှီဟုန်ဖန်း ချက်ချင်း ထူးလိုက်သည်။

“ဒီကောင်လေးကို လိုက်ပြပေးလိုက်ပါ လုံခြုံရေး အစီအမံတွေ လိုအပ်မှာ မဟုတ်ဘူး”

ရှီဟုန်ဖန်း ကြောင်အသွားသည်။

“လုံခြုံရေး အစီအမံတွေ လိုအပ်မှာ မဟုတ်ဘူး” ဆိုတဲ့ စကားလုံးတွေက ဘယ်လောက် လေးနက်လဲဆိုတာ သူ ကောင်းကောင်း သိတာပေါ့။

‘ဘိုးဘေးက ဒီ ကျန်းပေရန်ကို တကယ်ပဲ အထူးတလည် သဘောထားနေပုံ ရတယ်’

“အမိန့်တော်အတိုင်းပါ” ရှီဟုန်ဖန်းက ဦးညွှတ်ပြီး ပြောလိုက်သည်။

အကြည့်ကို ပြန်လွှဲလိုက်ပြီး ရှီဟုန်ယွင်က ရှန်အာရဲ့ ကော်လာစကို ဆွဲလိုက်သည်။

“ရှန်အာ ငါက အရင်တုန်းက မင်းဝတ်တဲ့ တာအိုဝတ်ရုံကို ပိုကြိုက်တယ် ဒီနေ့ အဝတ်အစားတွေက အရမ်း တောက်ပြောင်လွန်းတယ်”

ဒါကို ကြားတော့ ရှန်အာက သူမခန္ဓာကိုယ်လေးကို တွန့်လိမ်လိုက်ပြီး ညုတုတုလေး ပြောလိုက်သည်။

“ဒါဆို နောက်တစ်ခေါက် ရှန်အာ တာအိုဝတ်ရုံ ဝတ်လာရင် တုတ်တစ်ချောင်းပါ ယူလာခဲ့မယ်လေ ကောင်းမလား”

“ကောင်းတယ် ကောင်းတယ် အဲ့ဒါဆို အရမ်း ကောင်းမှာပဲ”

‘…’

သူတို့ပြောစကားတွေကို နားထောင်ရင်း ဈေးကွက်ထဲမှာ တာအိုမယ်သီလရှင်တွေက အထူး ရေပန်းစားတယ်လို့ ခုနစ်လေး ပြောဖူးတာကို ကျန်းပေရန် ရုတ်တရက် ပြန်သတိရသွားသည်။

‘သူ့စကားတွေက အခြေအမြစ်မရှိ ပြောတာ မဟုတ်ဘူးပဲ...’

ရှန်အာရဲ့ တင်ပါးကို ဆွဲညှစ်လိုက်ပြီး ရှီဟုန်ယွင်က သူမကို လွှတ်ပေးလိုက်ကာ ပြောလိုက်သည်။

“ဒီကောင်လေးကို ခေါ်ထုတ်သွားလိုက်တော့”

“ဟုတ်ကဲ့ပါ”

ရှီဟုန်ယွင်ကို ဦးညွှတ်ပြီးနောက် ရှန်အာက ကျန်းပေရန်ဆီ လျှောက်လာပြီး ဖိတ်ခေါ်တဲ့ ဟန်ပန် လုပ်ပြလိုက်သည်။

“ဒီဘက် ကြွပါ သခင်လေး”

“ကျေးဇူးပါ”

ရှီဟုန်ဖန်းက ဘိုးဘေးကို နှုတ်ဆက်ပြီး ကျန်းပေရန်နဲ့အတူ ထွက်ခွာဖို့ ပြင်လိုက်စဉ်မှာပင် ဘိုးဘေးက ရုတ်တရက် လှမ်းခေါ်လိုက်တာ ကြားလိုက်ရသည်။

“ငါးလေး မင်း ခဏ နေခဲ့ဦး ရှန်အာ သူ့ကို လိုက်ပြပြီးမှ မင်း သွားရှာလိုက်”

“ဟုတ်ကဲ့”

ရှီဟုန်ဖန်း ချက်ချင်း ပြန်လှည့်လာပြီး သဘောတူလိုက်သည်။

ရှန်အာက ကျန်းပေရန်ကို ခေါ်ထုတ်သွားပြီးနောက် ရှီဟုန်ယွင်က လက်ကို နောက်ပစ်ပြီး ရှီဟုန်ဖန်းဆီ လျှောက်လာသည်။

“ဒီကောင်လေးက လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတယ် သူ့ကို ထပ်ပြီး စုံစမ်းလိုက်ဦး”

“ဟုတ်ကဲ့” ရှီဟုန်ဖန်းက ရိုရိုသေသေ ပြန်ဖြေလိုက်သည်။

ကျန်းပေရန်ကို ဒီခေါ်လာပြီးပြီ ဆိုကတည်းက သူတို့က သူ့နောက်ခံကို စုံစမ်းပြီးသား ဖြစ်မှာပေါ့။

ဒါပေမဲ့ ဘယ်လောက်ပဲ စုံစမ်း စုံစမ်း၊ သူတို့ တွေ့ရှိရတာက သူဟာ စိတ်နှလုံးပြန်ဂိုဏ်းထဲ မဝင်ခင်က သာမန် ပြည်သူတစ်ယောက် ဖြစ်ခဲ့တယ် ဆိုတာပါပဲ။

မိဘနှစ်ပါးလုံး ဆုံးပါးသွားပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အဒေါ်ဖြစ်သူက မွေးစားခဲ့ကာ အဲ့ဒီရွာမှာပဲ တောက်လျှောက် နေထိုင်ခဲ့တာ။

ဒါပေမဲ့ သူတို့ တွေ့ရှိရတာတွေက သူ့အိမ်နီးနားချင်းတွေရဲ့ ပြောစကားအပေါ်မှာပဲ အခြေခံထားတာလေ။

ဒါက မျက်နှာပြင် အပေါ်ယံ အချက်အလက်တွေလား ဆိုတာ သူတို့ သေချာ မသိနိုင်ကြဘူး။

နောက်ပိုင်း စိတ်နှလုံးပြန်ဂိုဏ်းထဲ ရောက်နေတဲ့ ၇ နှစ်တာ ကာလအတွင်းမှာလည်း သူက ဘာပါရမီမှ မပြသခဲ့ဘူး။

ဒီနေ့အထိ သူက အစမ်းခန့် တပည့် အဆင့်ပဲ ရှိသေးတာ။

သူ့ဘဝရဲ့ အထွတ်အထိပ် အခိုက်အတန့်က အဲ့ဒီ နယ်စပ်တိုင်းပြည် သေးသေးလေးရဲ့ ဧကရာဇ် ဖြစ်လာတာပါပဲ၊ အဲ့ဒါကလည်း အာဏာမရှိတဲ့ ဧကရာဇ်လေ။

သူ့ဘဝကို ကြည့်လိုက်ရင် ဘာမှ ထူးခြားမှု မရှိဘူးလို့ ပြောလို့ရတယ်။

အလွန်ဆုံး ပြောရရင် သူက တော်တော်လေး ဉာဏ်ကောင်းတယ် ဆိုရုံလောက်ပါပဲ။

ဒါပေမဲ့ ဒါက ဘိုးဘေး ပြောပြတဲ့ အချက်တွေနဲ့ လုံးဝ ကွဲလွဲနေတယ်။

ဒီကောင်လေးက အနက်ရောင်သူတော်စင် ၁၆ ယောက်ရဲ့ မျက်စိအောက်မှာ တစ်နှစ်ကျော်ကြာအောင် ပုန်းအောင်းနေနိုင်ခဲ့တာ။

ဒီလောက် စွမ်းရည်ရှိပြီးတော့ ဒီလောက် သာမန်ဆန်နေတယ် ဆိုကတည်းက ရှင်းပြချက် တစ်ခုပဲ ရှိတယ်။

ဒီကောင်လေးက သူ့စွမ်းရည်အစစ်တွေကို ဖုံးကွယ်ထားတာ။

ဒါပေမဲ့ ဘိုးဘေး ကိုယ်တိုင်က သူ့မှာ ဘာကျင့်ကြံခြင်း အခြေခံမှ မရှိဘူးလို့ အတည်ပြုထားတယ် ဆိုတော့ ကျင့်ကြံခြင်း အပိုင်းမှာတော့ သူက တကယ်ပဲ ချီသန့်စင်ခြင်း အဆင့် ၅ အဆင့်ပဲ ရှိတာ သေချာတယ်။

ဒါဆို သူ့ရဲ့ ထူးခြားချက်တွေက တခြားနေရာမှာ ရှိရလိမ့်မယ်။

နတ်ဘုရားကွန်ရက် ခန္ဓာ အကြောင်း အခု သိလိုက်ရပြီ ဆိုပေမယ့် ဘိုးဘေးကတော့ လုံးဝ ကျေနပ်ပုံ မရသေးဘူး။

အလှလေးတစ်ယောက် ခွံ့ကျွေးတဲ့ စပျစ်သီးကို စားရင်း ရှီဟုန်ယွင် ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။

“ငါးလေး မင်း ထင်တာက ဒီ ကျန်းပေရန် က မိသားစုကြီး တစ်ခုခုက ဂျူနီယာ တစ်ယောက် ဖြစ်ပြီး လောကီအတွေ့အကြုံ ယူဖို့အတွက် ဆင်းလာတာများ ဖြစ်နေမလား”

“ဒါက...”

ရှီဟုန်ဖန်း ခေါင်းငုံ့ပြီး ခဏ စဉ်းစားလိုက်သည်။

“ဘိုးဘေးကို ပြန်လည် ဖြေကြားပါတယ် မျိုးနွယ်စုကြီး အသီးသီးမှာ ထူးဆန်းတဲ့ လေ့ကျင့်ရေး နည်းလမ်းတွေ အများကြီး ရှိတတ်ကြပါတယ် ဒီဖြစ်နိုင်ချေကို ပယ်ဖျက်လို့ မရပါဘူး”

နောက်ထပ် စပျစ်သီးတစ်လုံး စားလိုက်ပြီး ရှီဟုန်ယွင်က စဉ်းစားဟန်နဲ့ ရှီဟုန်ဖန်းကို ပြောလိုက်သည်။

“ငါနဲ့ ရင်ဆိုင်ရတဲ့အခါ ဒီလောက် တည်ငြိမ်အေးဆေး နေနိုင်တဲ့ ဂျူနီယာမျိုး မင်း တစ်ခါမှ မြင်ဖူးလား”

“မမြင်ဖူးပါဘူး” ရှီဟုန်ဖန်း တိုက်ရိုက် ဖြေလိုက်သည်။

ကျန်းပေရန်က သတ္တိကောင်းတာလား တခြား တစ်ခုခုလား မပြောတတ်ပေမယ့် သူက ကြောက်ရွံ့မှုကို ပြသဖို့ ဆိုတာ ဘာလဲဆိုတာ မသိတဲ့ပုံပါပဲ။

တိုက်ကြီးတစ်ခုလုံးရဲ့ ထိပ်တန်း ပညာရှင်တစ်ယောက်နဲ့ ရင်ဆိုင်နေရတာတောင်မှ စကားမပြောနိုင်လောက်အောင် ကြောက်ရွံ့နေဖို့ မဆိုထားနဲ့၊ ပေါ့ပေါ့ပါးပါးတောင် စကားပြောနိုင်သေးတယ်။

မျိုးနွယ်စုထဲက ဘိုးဘေး အချစ်ဆုံး ဂျူနီယာတောင်မှ အဲ့ဒီလို မလုပ်ရဲဘူး။

“ဒါဆို ဆိုလိုတာက သူက အရေးပါတဲ့ ပုဂ္ဂိုလ်တွေ အများကြီးနဲ့ တွေ့ဆုံဖူးပုံ ရတယ် အနက်ရောင်သူတော်စင် တစ်ယောက်နဲ့ မျက်နှာချင်းဆိုင် တွေ့ရတာမျိုးက သူ့အတွက် သာမန်ကိစ္စ ဖြစ်နေပုံ ရတယ်”

သစ်သား ဝိညာဉ်သွေးကြော တုန်းကလည်း ရှီဟုန်ယွင် ဒါကို ခံစားမိခဲ့သည်။

ပုံသဏ္ဍာန်မဲ့ အရှင်သခင် က အနက်ရောင်သူတော်စင် တစ်ပါးဆိုတာ ကောင်းကောင်း သိရက်နဲ့တောင် သူမကို မျက်နှာချင်းဆိုင် ငြင်းဆန်ရဲခဲ့တာ။

သိထားရမှာက အဲ့ဒီတုန်းက သူက သူ့အတွက် ဝင်ပြောပေးမယ်ဆိုတာ မသိသေးဘူးလေ။

ပြီးတော့ ဘယ်ကျင့်ကြံသူက အနက်ရောင်သူတော်စင် အဆင့်ရှိတဲ့ ဆရာတစ်ယောက်ကို မလိုချင်ဘဲ နေမှာလဲ။ ဒါပေမဲ့ ဒီကောင်လေးအတွက်တော့ ဒါက ဘာမှ ဆွဲဆောင်မှု မရှိတဲ့ပုံပါပဲ။

ဒါကြောင့် အရာအားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် သူ့ရဲ့ နောက်ခံက သေချာပေါက် မသေးငယ်ဘူး။

လုံးဝ... မသေးငယ်ဘူး။

ပုံရိပ်ယောင် ဝိညာဉ်မျှော်စင်ထဲကနေ ရှန်အာနောက်ကို လိုက်ထွက်လာရင်း ကျန်းပေရန်က သက်ပြင်းချချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး သူ့ရဲ့ လက်ရှိ အခြေအနေကို သုံးသပ်လိုက်သည်။

ကောင်းတဲ့ဘက်က ကြည့်ရင် သူက အခု ‘မြေကမ္ဘာ ဖုံးကွယ် စစ်မှန်သော ကျောက်သလင်း’ နဲ့ အရမ်း နီးစပ်နေပြီ၊ ဒါကို ရယူဖို့ အခွင့်အရေး ရှာလို့ ရပြီ။

ဆိုးတဲ့ဘက်က ကြည့်ရင်တော့ အဲ့ဒီအဘိုးကြီးက သူ့ကို ဘယ်လောက်ကြာကြာ ထားဖို့ စီစဉ်ထားလဲ သူ မသိဘူး။

ဒါပေမဲ့ သူ့ရဲ့ လက်ရှိ သဘောထားအရဆိုရင် သူ့ကို ချဉ်ဖတ် ဖြစ်တဲ့အထိ အရည်မညှစ်ရသေးသရွေ့ ပြန်လွှတ်ပေးမယ့်ပုံ မပေါ်ဘူး။

ဒါပေမဲ့ သူ ဒီမှာ အကြာကြီး နေနေရင် တခြား အဓိက ရတနာတွေကို ရှာဖွေဖို့ အချိန် သိပ်ကျန်တော့မှာ မဟုတ်ဘူး။

“သခင်လေး သခင်လေး”

ဒီကနေ အမြန်ဆုံး ဘယ်လို ထွက်ရမလဲလို့ ကျန်းပေရန် စဉ်းစားနေတုန်း ရှန်အာရဲ့ အသံက သူ့ကို လက်တွေ့ဘဝဆီ ပြန်ဆွဲခေါ်လာသည်။

“တောင်းပန်ပါတယ် ကျွန်တော် နည်းနည်း အာရုံလွင့်သွားလို့ပါ” ကျန်းပေရန် လက်သီးဆုပ်ပြီး ပြောလိုက်သည်။

ခပ်ဖွဖွ ရယ်မောလိုက်ပြီး ရှန်အာက ဆက်ပြောသည်။

“သခင်လေးကို ကျွန်မတို့ရဲ့ မျိုးနွယ်စု သူတော်စင်က ဒီလောက် အထင်ကြီးနေတာဆိုတော့ သေချာပေါက် လူတွေကြားထဲက နဂါးတစ်ပါး ဖြစ်ရမယ် သခင်လေးရဲ့ လမ်းပြ ဖြစ်ခွင့်ရတာ ရှန်အာအတွက် ဂုဏ်ယူစရာပါ”

“ခင်ဗျား မြှောက်ပြောလွန်းပါပြီ မျိုးနွယ်စု သူတော်စင်က ကျွန်တော့်အပေါ် မထိုက်တန်တဲ့ မေတ္တာထားပေးတာပါ”

“သခင်လေးက နှိမ့်ချလွန်းပါတယ်”

နောက်ထပ် တစ်ချက် ရယ်မောလိုက်ပြီး ရှန်အာက အဝေးက အဆောက်အဦး အစုအဝေး တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

“သခင်လေး တိတ်ဆိတ်တာ ကြိုက်လား စည်ကားတာ ကြိုက်လား စည်ကားတာ ကြိုက်ရင် ဒါက အတွင်းမြို့တော်ပါ စားဖို့ သောက်ဖို့ ပျော်ပါးဖို့ အကုန် စုံပါတယ် လူတွေက အချင်းချင်း ဗဟုသုတ ဖလှယ်ဖို့အတွက်လည်း ဒီမှာ စုဝေးလေ့ ရှိကြပါတယ်”

ရှန်အာရဲ့ လက်ညှိုးညွှန်ရာကို ကျန်းပေရန် လိုက်ကြည့်လိုက်ပြီး အာမေဋိတ်သံ ပြုလိုက်သည်။

“တကယ် ခမ်းနားထည်ဝါတာပဲ ထူးချွန်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ ဝိညာဉ်စွမ်းအင်တွေ စုဝေးရာ နေရာမှန်း တစ်ချက်ကြည့်ရုံနဲ့ သိသာပါတယ်”

ဒါကို ကြားတော့ ရှန်အာ ပြုံးလိုက်သည်။

“ဒါဆို ဒီအစေခံက သခင်လေး နေထိုင်ဖို့အတွက်...”

ရှန်အာ စကားမဆုံးခင်မှာပဲ ကျန်းပေရန်က ကျန်တဲ့ စကားတစ်ဝက်ကို ဖြတ်ပြောလိုက်သည်။

“...ဒါပေမဲ့ ကျွန်တော်က ပိုတိတ်ဆိတ်တဲ့ နေရာကိုပဲ သဘောကျပါတယ် ခင်ဗျားကို ဒုက္ခပေးရပါတော့မယ်”

စကားတစ်ဝက် လည်ချောင်းထဲမှာတင် တစ်ဆို့သွားပြီး ရှန်အာ အတင်းပြုံးလိုက်ရသည်။

“ကောင်းပါပြီ ဒါဆို ရှန်အာ သခင်လေးကို တခြားနေရာတစ်ခု လိုက်ပြပါမယ်”

ရှည်လျားတဲ့ စင်္ကြံလမ်းတစ်ခုကို ဖြတ်သန်းသွားတုန်း လမ်းမှာတွေ့တဲ့ လူငယ်အနည်းငယ်က ကျန်းပေရန်ကို စူးစမ်းလိုစိတ် ပြင်းပြတဲ့ မျက်လုံးတွေနဲ့ အရင် အကဲခတ်လိုက်ကြတယ်၊ ပြီးမှ ရှန်အာကို ရိုရိုသေသေ ဦးညွှတ်လိုက်ကြသည်။

“ဂါရဝပြုပါတယ် ခေါင်းလောင်းသခင်မ”

လူငယ်တွေကို ပြုံးပြီး ခေါင်းညိတ်ပြလိုက်ကာ ရှန်အာက ကျန်းပေရန်ကို ဆက်ပြီး လမ်းပြခေါ်ဆောင်သွားသည်။

‘ခေါင်းလောင်းသခင်မ’

ဒီဘွဲ့နာမည်ကို ကြားတော့ ကျန်းပေရန် နည်းနည်း စိတ်ဝင်စားသွားသည်။

အဲ့ဒီလူငယ်တွေရဲ့ ရိုသေတဲ့ အပြုအမူကို ကြည့်ရင် ဒီ ခေါင်းလောင်းသခင်မ ရဲ့ အဆင့်အတန်းက မနိမ့်ဘူး။

ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင်လည်း ဟုတ်တာပါပဲ။

ရှန်အာက ဘာပဲပြောပြော အဲ့ဒီ အနက်ရောင်သူတော်စင်ရဲ့ အမျိုးသမီးပဲလေ။

ဘယ်လိုပဲဖြစ်ဖြစ် သူမက ဒီဂျူနီယာတွေ မလေးမစား လုပ်ရဲတဲ့သူ မဟုတ်ပါဘူး။

ကျန်းပေရန်ရဲ့ စဉ်းစားဟန် မျက်နှာထားကို မြင်တော့ ရှန်အာ မေးလိုက်သည်။

“သခင်လေးက ‘ခေါင်းလောင်းသခင်မ’ ဆိုတဲ့ အဓိပ္ပာယ်ကို သိချင်နေတာလား”

ကျန်းပေရန် စကားပြောဖို့ ပြင်လိုက်စဉ်မှာပင် စနစ် ရွေးချယ်မှုတွေ ပေါ်လာသည်။

[ရွေးချယ်မှု ၁ - “ဟုတ်ပါတယ် ကျွန်တော့်ကို ရှင်းပြပေးပါ”

ပြီးမြောက်ပါက ဆုလက်ဆောင် - သွေးကြောမိုးကြိုး ပုံစံကြမ်း (မြေကမ္ဘာအဆင့်၊ အလယ်အလတ်အဆင့်)]

[ရွေးချယ်မှု ၂ - “မသိချင်ပါဘူး” ပြီးမြောက်ပါက ဆုလက်ဆောင် - ကျပန်း အခြေခံ အရည်အချင်း အမှတ် +၁]

‘ဘွဲ့နာမည် တစ်ခုအကြောင်း သိချင်ရုံနဲ့ မြေကမ္ဘာအဆင့် အလယ်အလတ်အဆင့် ရွေးချယ်မှု ပေးတယ် ဟုတ်လား ဒါက အဆိပ်ပြင်းလွန်းတာ မဟုတ်ဘူးလား’

သို့သော်လည်း ကျန်းပေရန်က ရွေးချယ်မှု ၂ ကို အမြန် ရွေးလိုက်ပြီး ဖြေလိုက်သည်။

“မသိချင်ပါဘူး”

[ရွေးချယ်မှု မစ်ရှင် ပြီးမြောက်ပါပြီ] [ဆုလက်ဆောင် - ထိုးထွင်းသိမြင်မှု +၁]

ဝမ်းနည်းတဲ့ အမူအရာ လုပ်ပြဖို့ ပြင်နေတဲ့ ရှန်အာ ရုတ်တရက် ကြောင်အသွားသည်၊ ဒီလိုအဖြေမျိုး ပြန်လာမယ်လို့ မထင်ထားခဲ့ဘူး။

ရှန်အာရဲ့ မျက်လုံးထဲက အလင်းရောင် ရုတ်တရက် ပျောက်ကွယ်သွားတာကို ကြည့်ပြီး ကျန်းပေရန်လည်း ဇာတ်လမ်းဟောင်းရဲ့ အနံ့အသက်ကို ရလိုက်သည်၊ ဒါကြောင့် စကားလမ်းကြောင်း အမြန် လွှဲလိုက်သည်။

“တိတ်ဆိတ်တဲ့ နေရာက ဘယ်လိုပုံစံလဲ ဆိုတာ ကျွန်တော် ပိုသိချင်ပါတယ်”

အပြုံးမပျက်အောင် မျက်နှာထားကို ထိန်းချုပ်လိုက်ပြီး ရှန်အာ ပြန်ဖြေလိုက်သည်။

“သခင်လေးက ဂူစံအိမ်ကြိုက်လား ခြံဝင်းအိမ်ရာ ကြိုက်လား မသိဘူး”

“ဂူစံအိမ် ဆိုရင် အဆင်ပြေပါတယ်”

“ကောင်းပါပြီ သခင်လေးက မျိုးနွယ်စု သူတော်စင်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်ပါ ရှန်အာက သခင်လေးအတွက် ဝိညာဉ်စွမ်းအင် ကြွယ်ဝတဲ့ ဂူစံအိမ် တစ်လုံးကို သေချာပေါက် ရွေးချယ်ပေးပါ့မယ် ဒါပေမဲ့ အချိန်နည်းနည်းတော့ ကြာပါလိမ့်မယ် သခင်လေး အရင်ဆုံး တစ်ခုခု စားနှင့်မလား ရှန်အာ နောက်မှ လာရှာပါ့မယ်”

“အဲ့ဒါ ကောင်းတယ်”

“ဒါဆို လိုက်ခဲ့ပါ သခင်လေး”

ဘေးလမ်းတစ်ခုအတိုင်း ရှန်အာနောက် လိုက်သွားရင်း ကျန်းပေရန်က စောစောက ရွေးချယ်မှုတွေနဲ့ အဲ့ဒီ ဝမ်းနည်းပက်လက် အမူအရာအကြောင်း စဉ်းစားနေတုန်းပါပဲ။

‘ဒီမိန်းမမှာ တစ်ခုခုတော့ မှားနေပြီ’

‘အဲ့ဒီအဘိုးကြီးက ငါ့ကို စမ်းသပ်ဖို့ လွှတ်လိုက်တာလား ဒါမှမဟုတ်ရင်များ’

ဇာတ်လမ်းဟောင်းတွေအကြောင်း ခန့်မှန်းချက်တွေကို ဘေးဖယ်လိုက်ပြီး ကျန်းပေရန် ဆက်မစဉ်းစားတော့ဖို့ ဆုံးဖြတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် နောက်ပိုင်း ဒီမိန်းမနဲ့ ဝေးဝေးနေလိုက်ရင် ပြီးတာပါပဲ။

ရှန်အာနောက်လိုက်ပြီး လူအများအပြား စားသောက်နေကြတဲ့ ခန်းမကြီးတစ်ခုထဲ ဝင်လိုက်သည်။

လူတွေ အများကြီး ရှိပေမယ့် ခန်းမတစ်ခုလုံးက ပုံမှန်မဟုတ်လောက်အောင် တိတ်ဆိတ်နေသည်။

အိုးခွက်ပန်းကန်သံတောင် ကြားရခဲတယ်။

အစားအသောက် ကောင်တာအထိ လျှောက်သွားတဲ့ လမ်းတစ်လျှောက်လုံး ကျန်းပေရန်က စူးစမ်းလိုစိတ် ပြင်းပြတဲ့ အကြည့်အနည်းငယ်လောက်ပဲ ခံစားလိုက်ရသည်။

‘သူတို့ရဲ့ ပြုစုပျိုးထောင်မှုက ဒီလောက်တောင် ကောင်းတာလား’

သူ စဉ်းစားနေတုန်း သူ့ဘေးက ရှန်အာက ပြောလိုက်သည်။

“သခင်လေး ကြိုက်တာ မှာစားလို့ ရပါတယ် ဒီမှာ အစားအစာ အမျိုးမျိုး ရပါတယ်”

“ကောင်းပြီ”

“ဒါဆို သခင်လေး ဒီမှာပဲ အရင် စားနှင့်လိုက်ပါ ဒီအစေခံ နောက်မှ လာရှာပါ့မယ်”

“ဒုက္ခပေးမိပြီ အစ်မရှန်အာ”

“တာဝန်အရပါပဲ”

ပြောပြီးတာနဲ့ ရှန်အာ စားသောက်ခန်းမထဲကနေ ထွက်ခွာသွားလေသည်။

မီနူးကို မော့ကြည့်ပြီး ဘာစားရမလဲလို့ ကျန်းပေရန် စဉ်းစားနေတုန်းမှာပဲ စနစ် ရွေးချယ်မှုတွေ ပေါ်လာသည်။

[ရွေးချယ်မှု ၁ - စားသောက်ခန်းမထဲမှာ စောင့်ပြီး ရှန်အာ ပြန်လာတဲ့အထိ စားနေပါ] [ပြီးမြောက်ပါက ဆုလက်ဆောင် - လမင်းလိမ့်ဆင်း နတ်ဆိုး ပုံစံကြမ်း (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်)]

[ရွေးချယ်မှု ၂ - အပြင်ထွက် စားပါ] [ပြီးမြောက်ပါက ဆုလက်ဆောင် - ကောင်းကင်ဘုံ မြင်းပျံ ပုံရိပ်ယောင် အတတ်ပညာ (အနက်ရောင်အဆင့်၊ အဆင့်နိမ့်)]

[ရွေးချယ်မှု ၃ - စားသောက်ခန်းမထဲကနေ ချက်ချင်း ထွက်ခွာပါ] [ပြီးမြောက်ပါက ဆုလက်ဆောင် - ကျပန်း အခြေခံ အရည်အချင်း အမှတ် +၁]

‘ဒီမိန်းမ ဘာတွေ ဖြစ်နေတာလဲကွာ’

နောက်ထပ် မြေကမ္ဘာအဆင့် အဆင့်နိမ့် ရွေးချယ်မှု တစ်ခုကို မြင်လိုက်ရတော့ ကျန်းပေရန် ဒီမှာ ဆက်မနေသင့်တော့ဘူး ဆိုတာ သေချာသွားသည်။

သူက ရွေးချယ်မှု ၃ ကို ရွေးပြီး စားသောက်ခန်းမထဲကနေ တန်းထွက်လာခဲ့သည်။

‘တောက် ထင်တဲ့အတိုင်းပဲ နိုင်ငံခြောက်နိုင်ငံ နယ်မြေထဲ ရောက်နေသရွေ့ အန္တရာယ်က နေရာတိုင်းမှာ ရှိနေတာပဲ’

ပြန်ရေတွက်ကြည့်ရင် ဒီနေ့တင် စနစ် ရွေးချယ်မှုတွေ ပေါ်လာတာ ၆ ကြိမ် ရှိနေပြီ။

လုံခြုံတဲ့နေရာ တစ်ခု မြန်မြန် မရှာရင် ဒီ ရှီအိမ်တော်ထဲမှာ သူ တကယ် သေသွားမှာ စိုးရိမ်ရသည်။

“ပေရန်လေး”

ဘယ်မှာ သွားပုန်းရမလဲလို့ ကျန်းပေရန် စဉ်းစားနေတုန်း ရှီဖုန်းလန်ရဲ့ အသံက နီးနီးကပ်ကပ် ရုတ်တရက် ထွက်ပေါ်လာသည်။

မော့ကြည့်လိုက်တော့ ရှီဖုန်းလန် သူ့ဆီ စိတ်လှုပ်ရှားစွာ ပြေးလာနေတာ တွေ့လိုက်ရသည်။

“နင် ဒီမှာ ရှိနေမယ်ဆိုတာ ငါ သိသားပဲ” ရှီဖုန်းလန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

“မင်းက တကယ် စွမ်းတာပဲ”

“ဒါပေါ့ ဒါက ငါ့အိမ်ပဲဟာ”

ဂုဏ်ယူစွာ ရယ်မောပြီးနောက် ရှီဖုန်းလန်က ကျန်းပေရန်ကို အထက်အောက် စုန်ချည်ဆန်ချည် ကြည့်လိုက်သည်။

“ဘိုးဘေးနဲ့ တွေ့ခဲ့လား”

“အင်း တွေ့ခဲ့တယ်”

ပြောပြီးနောက် ကျန်းပေရန်က စောစောက ရွေးချယ်မှုတွေကို သတိရသွားပြီး ဆက်ပြောလိုက်သည်။

“စီနီယာရှီက ဧည့်ဝတ်ကျေပါတယ် ငါ့ကို ဒီမှာ ခဏလောက် နေသွားပါဦးလို့တောင် ပြောတယ်”

“အယ်” ရှီဖုန်းလန်ရဲ့ မျက်လုံးတွေ ဝမ်းသာအားရ ပြူးကျယ်သွားသည်။

“ပေရန်လေး နင် ငါ့အိမ်မှာ နေမှာလား”

“အင်း” ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။

“ဘယ်မှာ နေမှာလဲ”

“မဆုံးဖြတ်ရသေးဘူး”

“ဒါဆို ငါ နင့်ကို နေရာကောင်းတစ်ခု ခေါ်သွားပေးမယ် နင် ကြိုက်စေရမယ်လို့ အာမခံတယ်” ပြောပြီးတာနဲ့ ရှီဖုန်းလန်က ကျန်းပေရန်ရဲ့ လက်မောင်းကို ဆွဲပြီး စားသောက်ခန်းမဘက် ပြန်လျှောက်သွားလိုက်သည်။

“သွားမယ် သွားမယ် အရင် စားကြမယ် ဒီက ဝိညာဉ်မြွေသားက အရမ်း စားကောင်းတာ”

“ရှီဖုန်းလန် မင်းက လာစားရင်းနဲ့ ငါနဲ့ တိုက်ဆိုင်ပြီး တွေ့တာ မဟုတ်ဘူးလား”

“ဘယ်သူပြောလဲ နင် အခုလောက်ဆို ထွက်လာလောက်ပြီလို့ ငါ တွက်ချက်ထားတာ ပြီးတော့ ထမင်းစားချိန်လည်း ရောက်နေပြီဆိုတော့ နင် ဒီကို သေချာပေါက် လာစားမယ်ဆိုတာ သိနေတာပေါ့”

“သြော် ဒါဆို မင်း ဗိုက်မဆာဘူးပေါ့”

“ဒါပေါ့ ငါ ဗိုက်မဆာပါဘူး”

“ဒါဆို ကွက်တိပဲ ငါလည်း ဗိုက်မဆာဘူး မင်းပြောတဲ့ နေရာကောင်း ဆိုတာကို အရင် သွားကြည့်ကြတာပေါ့”

“ဒါက”

ရှီဖုန်းလန်က ဘေးနားက စားသောက်ခန်းမကို လောဘတကြီး လှမ်းကြည့်လိုက်ပေမယ့်၊ အခုလေးတင် တည်ဆောက်ထားတဲ့ ဗေဒင်ဆရာ ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက် ခြေဆောင့်လိုက်ပြီး ပြောလိုက်သည်။

“ကောင်းပြီလေ ဒါဆို သွားကြစို့”

All Chapters