ကောင်းကင်ဘုံလမ်းစဉ် ကျောက်စိမ်း
Vol. 28 Ch. 349
ရှီဟုန်ဖန်းနောက်လိုက်ပြီး လမ်းမတစ်ခုအတိုင်း လျှောက်လှမ်းလာရင်း ရှီမိသားစု၏ နယ်မြေသည် ရယ်စရာကောင်းလောက်အောင် ကျယ်ဝန်းနေသည်ကို ကျန်းပေရန် တွေ့ရှိလိုက်ရသည်၊ ရှန့်တိုင်းပြည်မှ ပြည်နယ်တစ်ခုထက်ပင် ကြီးမားနေသေး၏။
ထို့အပြင် နေရာအတော်များများမှာ လူမနေဘဲ ဟန်ပြ အဆောက်အဦးများ သို့မဟုတ် ဥယျာဉ်များသာ ဆောက်လုပ်ထားသဖြင့် မြေနေရာ အရင်းအမြစ်များကို အတော်လေး ဖြုန်းတီးရာ ရောက်နေပေသည်။
နောက်ထပ် သစ်တောဥယျာဉ်တစ်ခုကို ဖြတ်သန်းပြီးသောအခါ ရှီဟုန်ဖန်းက ရုတ်တရက် ပြောဆိုလိုက်သည်။
“ဒါနဲ့ မွှေးကြိုင်သော ခေါင်းလောင်းသခင်မ က မင်းကို လိုက်ပြပြီးပြီ မဟုတ်ဘူးလား ဘာလို့ မင်းက ဘယ်မှ မရောက်ဖူးသေးသလို ဖြစ်နေရတာလဲ”
“သြော် ခေါင်းလောင်းသခင်မကို တောင်းပန်ရဦးမယ် သူမက ကျွန်တော့်ကို စားသောက်ခန်းမထဲမှာ စောင့်နေခိုင်းတာ ဒါပေမဲ့ ခန်းမသခင်မရှီနဲ့ တွေ့လို့ မေ့သွားတာ”
ခေါင်းလောင်းသခင်မ ဆိုသည်မှာ ဘာလဲ သူ မသိသေးသော်လည်း ရေလိုက်ငါးလိုက် နေလိုက်ခြင်းသည် အမြဲတမ်း မှန်ကန်ပေသည်။
“မေ့သွားတယ် ဟုတ်လား”
ရှီဟုန်ဖန်းသည် ကျန်းပေရန်ကို သံသယဝင်သော အကြည့်ဖြင့် ကြည့်လိုက်သော်လည်း၊ ကျန်းပေရန်က ထိုကိစ္စကို အဘယ်ကြောင့် လိမ်ပြောရမည်နည်း ဆိုသည့် အကြောင်းပြချက် ရှာမတွေ့ပေ။
“ဒါဆို ခေါင်းလောင်းသခင်မက မင်းကို နေရာအနှံ့ လိုက်ရှာနေတုန်းပဲပေါ့”
ကျန်းပေရန်သည် ရုတ်တရက် နဖူးကို ရိုက်လိုက်ပြီး ပြောဆိုလိုက်သည်။
“ကျွန်တော့်အပြစ်ပါ ကျွန်တော် အခုပဲ သွားပြီး ရှင်းပြလိုက်ပါ့မယ်”
လှည့်ထွက်ရန် ပြင်နေသော ကျန်းပေရန်ကို ဖမ်းဆွဲလိုက်ပြီး ရှီဟုန်ဖန်း ပြောဆိုလိုက်သည်။
“ထားလိုက်ပါတော့ နောက်မှပဲ သူ့ကို ငါ ကူရှင်းပြပေးလိုက်ပါ့မယ်”
ရှီဟုန်ဖန်း၏ အဖြေကို ကြားသောအခါ ကျန်းပေရန် အချက်နှစ်ချက်ကို သတိထားမိလိုက်သည်။
ပထမအချက် ခေါင်းလောင်းသခင်မ ဆိုသော ရာထူးက တော်တော်မြင့်မားပုံ ရသည်၊ သို့သော် ရှီဟုန်ဖန်းကမူ သူမကို သိပ်အလေးမထားပုံ ပေါ်သည်၊ သို့မဟုတ်ပါက သူ ပေါ့ပေါ့ပါးပါး ကိုင်တွယ်မည် မဟုတ်ပေ။
ဒုတိယအချက်၊ ရှီမိသားစုတွင် လင်မိသားစု၌ ရှိသကဲ့သို့သော ဆက်သွယ်ရေး တိုကင်ပြားများ ရှိပုံမရပေ။
အလယ်ပိုင်းလွင်ပြင် နိုင်ငံခြောက်နိုင်ငံမှ မိသားစုကြီးများနှင့် အင်အားကြီး ဂိုဏ်းများအတွက် ဤကဲ့သို့သော တိုကင်ပြားများသည် စံသတ်မှတ်ချက် တစ်ခုဟု ကျန်းပေရန် ထင်ထားခဲ့ခြင်း ဖြစ်သည်။
ယခုကြည့်ရသည်မှာ ဒါက လင်မိသားစုမှာသာ ရှိသော ထူးခြားချက် ဖြစ်နေပုံရသည်၊ ရှီမိသားစုမှာပင် မရှိဘူးဆိုတော့လေ။
လင်မိသားစုက ဟင်းလင်းပြင် ကျွမ်းကျင်မှု တွင် ထူးချွန်သည်နှင့် ပေါင်းစပ်လိုက်လျှင်၊ ဤကဲ့သို့သော တိုကင်ပြားမျိုး ဖန်တီးလိုပါက စကြဝဠာ ကျွမ်းကျင်မှုက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ကျန်းပေရန် သေချာသလောက် ရှိသွားခဲ့သည်။
ရှီဟုန်ဖန်းနောက် ဆက်လိုက်သွားရင်း ရှေ့ကို လှမ်းကြည့်လိုက်သောအခါ ထူးဆန်းသော ပုံစံရှိသည့် အဆောက်အဦး အစုအဝေးကြီး တစ်ခုကို ကျန်းပေရန် ရုတ်တရက် တွေ့လိုက်ရသည်။
တချို့က သလင်းကျောက်များနှင့် ဖုံးလွှမ်းထားသည်၊ တချို့က အပင်မျိုးစုံ ပေါက်ရောက်နေသည်၊ တချို့ကျတော့ အစီအရင် အများအပြားဖြင့် ကာကွယ်ထားသည်။
အတိုချုပ်ပြောရလျှင် အဆောက်အဦးတိုင်းတွင် ကိုယ်ပိုင် ထူးခြားချက်များ ရှိနေကြသည်။
“ဂါရဝပြုပါတယ် အိမ်တော်သခင်ရှီ”
အဆောက်အဦး အစုအဝေးရှေ့ရှိ စစ်ဆေးရေးဂိတ်တွင် အစောင့်လို ဝတ်ဆင်ထားသော လူနှစ်ယောက်က ရှီဟုန်ဖန်းကို ဦးညွှတ်လိုက်ကြသည်။
နှစ်ယောက်သားကို ခေါင်းညိတ်ပြပြီး ရှီဟုန်ဖန်းက ကျန်းပေရန်ကို ခေါ်ဆောင်ကာ အထဲဝင်သွားလိုက်သည်။
သူတို့ ထွက်ခွာသွားပြီးနောက် အစောင့်တစ်ယောက်က တိုးတိုးလေး ပြောဆိုလိုက်သည်။
“ဟေ့ကောင် စောစောက အိမ်တော်သခင်နဲ့အတူ ဝင်သွားတဲ့ လူကို မင်း သိလား မျက်နှာစိမ်း ဖြစ်နေသလိုပဲ”
“ငါတော့ သေချာပေါက် မမြင်ဖူးဘူး” နောက်အစောင့်တစ်ယောက်က ခေါင်းခါလိုက်သည်။
“ဒါပေမဲ့ ဒီအထိ ခေါ်လာတယ်ဆိုကတည်းက အိမ်တော်သခင်နဲ့ သူ့ဆက်ဆံရေးက သာမန် မဟုတ်ဘူး သူ့မျက်နှာကို မြန်မြန် မှတ်ထားမှ နောင်ကျ မတော်တဆ ပြစ်မှားမိမှာ စိုးရတယ်”
“ဒါပေါ့ ဒီအထိ ခေါ်လာခံရတဲ့ သူမှန်သမျှ ရိုးရှင်းတာ မဟုတ်ဘူး ပြီးတော့ အဲ့ဒီလူက ငယ်လည်း ငယ်တယ် သူစိမ်းလည်း ဖြစ်နေတယ် ဒါ ပထမဆုံးပဲ အရင်တုန်းကဆို တပည့်ရင်း တွေလောက်ပဲ လာခွင့်ရှိတာ ဟေ့ သူက အကြီးအကဲ တစ်ယောက်ယောက်ရဲ့”
“ပါးစပ်ပိတ်ထားစမ်း” နောက်အစောင့်တစ်ယောက်က သူ့ပါးစပ်ကို အမြန် လှမ်းပိတ်လိုက်သည်။
“မင်းက ဒီလို အတင်းအဖျင်းတွေ ဖြန့်ရဲသေးတယ်ပေါ့ သေချင်နေတာလား”
အစောင့်က သူ ဘယ်လောက် မိုက်မဲမိလဲ ဆိုတာ သဘောပေါက်သွားပုံ ရသည်။
သူ့မှာ ချွေးစေးများ ပြန်လာပြီး နောက်အစောင့်တစ်ယောက်ကို ထပ်ခါထပ်ခါ ကျေးဇူးတင်နေတော့သည်။
အစောင့်နှစ်ယောက် ကျန်းပေရန်၏ အထောက်အထားကို ခန့်မှန်းနေကြချိန်တွင် ကျန်းပေရန်မှာမူ သုံးထပ်ကာ မဟာအစီအရင် ဖြင့် ကာကွယ်ထားသော မျှော်စင်တစ်ခုရှေ့သို့ ရှီဟုန်ဖန်းနောက်လိုက်ပြီး ရောက်ရှိနေပြီ ဖြစ်သည်။
မျှော်စင်ရှေ့မှ အစောင့်နှစ်ယောက် ရှီဟုန်ဖန်းကို မြင်လိုက်သည်နှင့် ချက်ချင်း ဦးညွှတ်ပြီး ပြောဆိုလိုက်ကြသည်။
“ကြိုဆိုပါတယ် အိမ်တော်သခင်ရှီ ခန်းမသခင်ကို သွားခေါ်ပေးပါ့မယ်”
“မလိုပါဘူး ငါက သူ့ကို လိုက်ပြရုံ သက်သက်ပါ ခန်းမသခင်ကို နှောင့်ယှက်စရာ မလိုဘူး”
“ဟုတ်ကဲ့ပါ”
ရှီဟုန်ဖန်းကို ဦးညွှတ်ပြီးနောက် အစောင့်နှစ်ယောက်က ကျန်းပေရန်ကို အံ့သြမှုနှင့် ဇဝေဇဝါ ဖြစ်မှုများ ရောထွေးနေသော အကြည့်မျိုးဖြင့် ကြည့်လိုက်ကြသည်၊ အပြင်ဘက်မှ အစောင့်များ ကြည့်သကဲ့သို့ပင် ဖြစ်သည်။
“ဝင်ခဲ့” ရှီဟုန်ဖန်း ခြေတစ်လှမ်း ရှေ့တိုးပြီး ကျန်းပေရန်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
အစောင့်နှစ်ယောက်၏ အံ့သြနေသော အကြည့်များကို ခံစားနေရသဖြင့် ကျန်းပေရန် တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်မိသည်။
ဤနေရာတွင် သီးသန့် စစ်ဆေးရေးဂိတ် ရှိနေသည်ဆိုကတည်းက ဒါက ရှီမိသားစုအတွက် အရေးကြီးသော နေရာတစ်ခု ဖြစ်မှန်း သိသာနေပြီ။
အဘိုးကြီး ပြောခဲ့သော “လုံခြုံရေး အစီအမံတွေ မလိုဘူး” ဆိုသည်မှာ ဤနေရာကို ရည်ညွှန်းတာ ဖြစ်လောက်သည်ဟု သူ ချက်ချင်း နားလည်လိုက်သည်။
ထိုကဲ့သို့ အရေးကြီးသော နေရာကို ပေးဝင်ခြင်းက သူ့ကို လေးစားမှု ပြသခြင်း ဖြစ်သော်လည်း၊ ကျန်းပေရန်ကတော့ ဒီလို လေးစားမှုမျိုး တကယ် မလိုချင်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ တချို့အရာများက တစ်ချက်ကြည့်ရုံဖြင့်ပင် တန်ကြေးပေးဆပ်ရတတ်သည် မဟုတ်ပါလား။
ဒီထဲကို ခြေချလိုက်တာနဲ့ သူက အနည်းနဲ့အများ ရှီမိသားစုရဲ့ အမှတ်အသား ခတ်နှိပ်ခံလိုက်ရပြီ။
ဒါပေမဲ့ မဝင်ခင်မှာ စနစ် က ဘာသတိပေးချက်မှ မပြဘူးဆိုတော့ ကျန်းပေရန်က ရှီဟုန်ဖန်းကို အတင်းအကြပ် မလေးမစား မလုပ်ရဲပေ။
မလွန်ဆန်နိုင်မှတော့ ပျော်ပျော်ကြီးပဲ ခံယူလိုက်တော့မည်။
ရှီဟုန်ဖန်းကို လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီး ကျန်းပေရန်က သုံးထပ်ကာ မဟာအစီအရင်နှင့် ကာကွယ်ထားသော မျှော်စင်ထဲ လိုက်ဝင်သွားလိုက်သည်။
ကျောက်စိမ်း... ကျောက်စိမ်း... ပြီးတော့ နောက်ထပ် ကျောက်စိမ်း...
မျက်စိတစ်ဆုံး ရှားပါးပြီး ထူးဆန်းသော ကျောက်စိမ်းမျိုးစုံ ကျန်းပေရန်၏ မြင်ကွင်းထဲ ဝင်ရောက်လာသည်။
‘တောက် သူတို့က တကယ် ချမ်းသာတာပဲ’
ဝိညာဉ်ပုံရိပ် ကျောက်စိမ်း၊ ရတနာသဲ ကျောက်စိမ်း၊ ဝိညာဉ်လျှို့ဝှက် ကျောက်မျက်...
တစ်ခုချင်းစီတိုင်းက အဆင့်မြင့် ကျောက်စိမ်းကောင်းတွေချည်းပင်၊ ပြီးတော့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကလည်း မတူညီကြပေ။
ကျောက်စိမ်းစာလိပ် က အရမ်း အဆင်ပြေပြီး အစွမ်းထက်သော်လည်း၊ အဲ့ဒါက ကျောက်စိမ်းကနေ ထွက်လာတဲ့ ဆက်စပ်ပစ္စည်းတွေထဲက တစ်ခုပဲ ရှိပါသေးသည်။
ဥပမာအားဖြင့် ကျန်းပေရန် အရင်က လင်ယုယန်ကို ပေးခဲ့တဲ့ ဟုန်ကျောက်စိမ်း ဆိုရင် အကာအကွယ်ပေးတဲ့ အဆောင်လက်ဖွဲ့ တစ်ခုလိုပါပဲ။
ဆိုရိုးစကားတစ်ခု ရှိတယ် လူက ကျောက်စိမ်းကို သုံးနှစ် ပျိုးထောင်ရင်၊ ကျောက်စိမ်းက လူကို တစ်သက်လုံး ပြန်လည် စောင့်ရှောက်ပေးတယ်
ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အတတ်ပညာ လောကကြီးမှာ ကျောက်စိမ်းထဲမှာ ပါဝင်တဲ့ ဝိညာဉ်စွမ်းအင်က ကျင့်ကြံသူတွေအတွက် အကျိုးကျေးဇူး အများကြီး ရှိသည်။
အထူးသဖြင့် ကျန်းပေရန် အရင်က ရရှိခဲ့တဲ့ ဟုန်ဟုကျောက်စိမ်း လိုမျိုးဆိုရင် အကောင်းဆုံးတွေထဲက အကောင်းဆုံးပါပဲ၊ အကာအကွယ်ပေးတဲ့ ရတနာကျောက်စိမ်း လုပ်ဖို့ အသင့်တော်ဆုံးပင်။
ဒီမှာတော့ အရောင်မတူတဲ့ ကျောက်စိမ်းတွေက သဘာဝကျကျပဲ လုံးဝ မတူညီတဲ့ အာနိသင်တွေ ရှိကြသည်။
ဥပမာအားဖြင့် ကျောက်စိမ်းဖြူက စိတ်ကို တည်ငြိမ်စေတယ်၊ ကျောက်စိမ်းစိမ်းက မကောင်းဆိုးဝါးတွေကို ဖယ်ရှားပေးနိုင်တယ်၊ ပြီးတော့ လူတစ်ယောက်ရဲ့ သွေးကြောတွေကို ရှင်းလင်းပေးရာမှာလည်း ကူညီပေးနိုင်တယ်၊ စသဖြင့်ပေါ့။
ကျောက်စိမ်းကောင်း တစ်တုံးက အဆင့်မြင့် ကျင့်ကြံသူတိုင်းအတွက် မရှိမဖြစ် ပစ္စည်းတစ်ခုဟု ပြောဆိုနိုင်သည်။
မည်သို့ပင်ဖြစ်စေ ကျင့်ကြံနေရင်း ပြဿနာ မကြုံဖူးတဲ့သူ ဘယ်သူရှိမှာလဲ။ တကယ်လို့ ပြဿနာကြုံလာရင် အဖိုးတန်ကျောက်စိမ်း တစ်တုံး လက်ထဲရှိနေတာက အတွင်းအား ကြောင့် ခန္ဓာကိုယ် ထိခိုက်ပျက်စီးမှုကို အနည်းဆုံး ဖြစ်အောင် လျှော့ချပေးနိုင်သည်။
အကာအကွယ်ပေးတဲ့ ရတနာကျောက်စိမ်းအပြင်၊ ကောင်းကင်ဘုံတာအို ကျောက်စိမ်း ဆိုတာလည်း ရှိပါသေးသည်။
ဒီကျောက်စိမ်း အမျိုးအစားက ပိုပြီး ထူးဆန်းလွန်းပါတယ်။
ကံဆိုးမှုကို တားဆီးပေးတဲ့ အခြေခံ လုပ်ဆောင်ချက်အပြင်၊ လူတစ်ယောက်ရဲ့ ကံတရား ကိုလည်း မြှင့်တင်ပေးနိုင်တယ်။
ကံတရားကို မြှင့်တင်ခြင်းနဲ့ ပတ်သက်လာရင်တော့ သီအိုရီတွေက များလွန်းလှသည်။
ကျင့်ကြံသူတစ်ယောက် အထွတ်အထိပ် အာဏာဆီ သွားတဲ့ လမ်းခရီးမှာ ကိုယ်ပိုင် စွမ်းအားက မရှိမဖြစ် လိုအပ်တာ မှန်ပေမယ့်၊ ဘယ်လောက် ခရီးရောက်မလဲ ဆိုတာ ဆုံးဖြတ်ပေးတာက ကံတရား ဖြစ်လေသည်။
မင်းက ကျင့်ကြံခြင်းမှာ ပါရမီရှင် ဖြစ်နေရင်တောင်မှ၊ အနက်ရောင်သခင်ကြီး အဆင့် ရောက်ရောက်ချင်း အနက်ရောင်ဝိညာဉ် အဆင့် ပညာရှင်နဲ့ သွားတိုးမိရင်၊ ဇာတ်လိုက်အဆင့် ကံတရား မရှိရင် သေချာပေါက် ဖုန်မှုန့် ဖြစ်သွားမှာပဲ။
ပါရမီတွေ အကုန်လုံး အသုံးမချရသေးခင် ပျောက်ကွယ်သွားရတာ၊ အချိန်မတန်ခင် သေဆုံးရတာပေါ့။
တစ်နည်းပြောရရင် ပါရမီရှင် ဖြစ်ရုံနဲ့ မလုံလောက်ပါဘူး၊ အရင်ဆုံး အသက်ရှင်နိုင်ဖို့ အာမခံချက် ရှိမှသာ တကယ့် အစွမ်းထက် ပညာရှင်တစ်ယောက် ဖြစ်လာနိုင်မှာ။
ဒါကြောင့် အကာအကွယ်ပေးတဲ့ ရတနာကျောက်စိမ်းနဲ့ ယှဉ်ရင် ကျင့်ကြံသူ အများအပြားက ကောင်းကင်ဘုံတာအို ကျောက်စိမ်းကို ပိုပြီး အလိုရှိကြသည်။
ထိုအရာတွေကို သက်သေပြလို့ မရပေမယ့်၊ တချို့လူတွေက စိတ်အေးချမ်းမှုအတွက် ငွေသုံးဖို့ ဝန်မလေးကြပေ။
ပြီးရင် နောက်ပိုင်း ကြုံလာသမျှ ကောင်းတာမှန်သမျှကို ကောင်းကင်ဘုံတာအို ကျောက်စိမ်းကြောင့်လို့ ပုံချလိုက်ကြသည်။ ကံဆိုးနေတုန်း ဆိုရင်တော့ ဈေးပေါတာ ဝယ်မိလို့ ကောင်းကင်ဘုံလမ်းစဉ် ကျောက်စိမ်းက ကပ်ဘေးကို မတားနိုင်ခဲ့ဘူးလို့ ထင်ကြပြန်ရော။
ဘက်ပေါင်းစုံက ငြင်းခုံမှုတွေနဲ့အတူ ကောင်းကင်ဘုံလမ်းစဉ် ကျောက်စိမ်းက လူကြိုက်အများဆုံး ကျောက်စိမ်း အမျိုးအစား ဖြစ်လာခဲ့သည်။
ကျန်းပေရန်ကတော့ ဒီလို ကျောက်စိမ်းမျိုးကို ဂရုမစိုက်ပါဘူး။
ကောင်းကင်ဘုံတာအိုကသာ သူ့ကို ဒုက္ခမပေးရင် ဘုရားတပြီး ကျေးဇူးတင်ရမှာ၊ သူ့ကို ကာကွယ်ပေးဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။
ကောင်းကင်ဘုံတာအို ကျောက်စိမ်း တစ်ခုခုကို အားကိုးနေမယ့်အစား သူက အော်လိုက်တာ ပိုကောင်းဦးမယ်။
စနစ်……. ထာဝရ ငါ့ရဲ့ ဘုရားသခင်….
ကျန်းပေရန် ဟိုဟိုဒီဒီ လိုက်ကြည့်နေသည်ကို မြင်သောအခါ ရှီဟုန်ဖန်း၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးတက်သွားပြီး ပြုံးကာ ပြောဆိုလိုက်သည်။
“မင်းလည်း ကျောက်စိမ်းအကြောင်း နည်းနည်း သိပုံရတယ်”
ကျန်းပေရန် ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ နည်းနည်းပါးပါး သိပါတယ်”
“ဟားဟားဟား မင်းသိတဲ့ နည်းနည်းပါးပါး ဆိုတာက ဘယ်လိုမျိုးလဲ ငါ သိချင်လိုက်တာ”
သူတို့ စနောက်နေတုန်း ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ယောက် ဒုတိယထပ်ကနေ ရုတ်တရက် ဆင်းလာပြီး ရှီဟုန်ဖန်းကို ဦးညွှတ်လိုက်သည်။
“ဂါရဝပြုပါတယ် အိမ်တော်သခင်ရှီ”
ဒါပေမဲ့ ဦးညွှတ်လိုက်တဲ့ ပုံစံက သူမ မှောက်ကျတော့မလို ကျန်းပေရန် ခံစားလိုက်ရသည်။
သူမ မျက်နှာကို ကြည့်ရတာ အိပ်ရာမနိုးသေးတဲ့ ပုံစံပါပဲ။
“သြော် နင်နင် ပါလား ဒီနေ့ တာဝန်ကျတာလား”
“အိမ်တော်သခင်ကို ပြန်လည် ဖြေကြားပါတယ် ဒီနေ့ တာဝန်မကျပါဘူး လာကူပေးတာပါ ကျွန်မ”
စကားပြောနေရင်း လျိုဝေ့နင် ရုတ်တရက် အနံ့ကို ပြင်းပြင်းထန်ထန် ရှူရှိုက်လိုက်သည်၊ ပြီးတော့ သူမရဲ့ သေနေတဲ့ ငါးမျက်လုံး တွေနဲ့ ကျန်းပေရန်ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
သားကောင်လို စိုက်ကြည့်ခံလိုက်ရတော့ ကျန်းပေရန် နည်းနည်း ကြောင်သွားသည်။
သူ့ရဲ့ ဆွဲဆောင်မှု က တိုးတက်လာပြီး သူက တကယ်ကို ပိုပိုပြီး ချောမောလာနေတယ်၊ ဖော်ပြလို့ မရနိုင်လောက်အောင် ဆိုပေမယ့်...
နင်နင်ရဲ့ မျက်လုံးတွေက သူ့ဆီမှာ ကပ်နေပုံ ရပေမယ့်၊ သူမရဲ့ အကြည့်ထဲမှာ သူ မရှိပေ။
နှစ်လှမ်းလောက် လှမ်းလိုက်ပြီး ကျန်းပေရန်ရှေ့ ရောက်လာကာ လျိုဝေ့နင် သူ့ကို ဆက်ပြီး စိုက်ကြည့်နေသည်။
သူမ ဘာမှ မပြောဘူး၊ ဒီတိုင်း စိုက်ကြည့်နေတာ။
“မိန်းကလေး ဘာကိစ္စ ရှိလို့လဲ” ကျန်းပေရန် မေးလိုက်သည်။
“ရှင့်ဆီမှာ ရတနာကျောက်စိမ်း ရှိတယ်”
လျိုဝေ့နင်က စကားပြောရင်း တံတွေးမြိုချလိုက်သည်။အရသာရှိတဲ့ အစားအစာ တစ်ခုခု အနံ့ရလိုက်သလိုမျိုးပင် ဖြစ်သည်။
‘ရတနာကျောက်စိမ်း’
ကျန်းပေရန် ခဏတာ ကြောင်သွားသည်။
သူ့ဆီမှာ ရတနာကျောက်စိမ်း ရှိတာပေါ့။
ဒီက ကျောက်စိမ်းတွေက အဆင့်မြင့်တယ် ဆိုပေမယ့် ဟုန်ဟုကျောက်စိမ်း ကတော့ သေချာပေါက် သူတို့အားလုံးထက် သာလွန်ပါတယ် ကံကောင်းမှ တွေ့ရနိုင်တဲ့ ရတနာလေ။
ဒါပေမဲ့ ပြဿနာက သူက ဟုန်ဟုကျောက်စိမ်းကို သိုလှောင်လက်စွပ်ထဲ ထည့်ထားတာ။
ဒီကောင်မလေးက အဲ့ဒါကို အာရုံခံနိုင်လို့လား။
ခေါင်းနည်းနည်း မော့လိုက်ပြီး လျိုဝေ့နင် ပြောလိုက်သည်။
“ကျွန်မ အဲ့ဒီကျောက်စိမ်းကို ကြည့်ချင်တယ်”
“မိန်းကလေး တစ်ခုခု အထင်လွဲနေပြီ ထင်တယ် ကျွန်တော့်ဆီမှာ ဘာ ရတနာကျောက်စိမ်းမှ မရှိပါဘူး”
“မဟုတ်ဘူး ရှိတယ်” လျိုဝေ့နင် အလွန် သေချာတဲ့ ပုံစံနဲ့ ခေါင်းညိတ်လိုက်သည်။
“ကျွန်မ ကြည့်ချင်တယ်”
သူမ စကားပြောရင်း တံတွေး ထပ်မြိုချလိုက်ပြန်သည်။
‘ရှီး...’
လျိုဝေ့နင် ဒီလောက် ဇွတ်တောင်းဆိုနေတာ မြင်တော့၊ ပြီးတော့ ဒီနေရာ ဘယ်လောက် အရေးကြီးလဲ ဆိုတာ ထည့်စဉ်းစားလိုက်တော့ သာမန်လူဆို ဝင်လို့ရမှာ မဟုတ်ဘူး...
‘ကျောက်စိမ်းသင်ပုန်း ခန္ဓာ များ ဖြစ်နေမလား’
ဒီခန္ဓာကိုယ်က မိုင်တစ်ရာပတ်လည်က ကျောက်စိမ်းတွေကို အာရုံခံနိုင်တယ်ဆိုတာ ကျန်းပေရန် သိထားပေမယ့်၊ သိုလှောင်လက်စွပ်ထဲက ကျောက်စိမ်းကိုတောင် အာရုံခံနိုင်တယ် ဆိုတာတော့ သူ တကယ် မသိခဲ့ဘူး။
တကယ်ကို အစွမ်းထက်တာပဲ။
ဒါပေမဲ့ ဆိုရိုးစကားအတိုင်းပါပဲ ရတနာ ပိုင်ဆိုင်ထားရင် ဒုက္ခရောက်တတ်တယ်။
ဒါက သူတို့ပိုင်နက်လေ၊ ဟုန်ဟုကျောက်စိမ်းလို ရတနာမျိုးကို ထုတ်ပြဖို့ ကျန်းပေရန် အစီအစဉ် မရှိပါဘူး။
ဒါကြောင့် ကျန်းပေရန်က လျိုဝေ့နင်ကို လျစ်လျူရှုလိုက်ပြီး ပတ်ဝန်းကျင်က ကျောက်စိမ်းတွေကိုပဲ ဆက်ကြည့်နေလိုက်သည်။
လျိုဝေ့နင်က ပြဿနာ မရှာပါဘူး၊ သူမက ကျန်းပေရန်ကိုပဲ ဆက်ပြီး စိုက်ကြည့်နေတယ်၊ သူ ဘယ်သွားသွား နောက်က လိုက်ကြည့်နေတာ။
ကျန်းပေရန် လှည့်ပတ်ကြည့်ရှုလို့ ပြီးခါနီးကျမှ ရှီဟုန်ဖန်းက အချိန်ကိုက် ဝင်ပြောလိုက်သည်။
“ကြည့်လို့ ပြီးပြီလား လာ ဒုတိယထပ်ကို လိုက်ပြမယ်”
သဘောတူလိုက်ပြီး ကျန်းပေရန်က ရှီဟုန်ဖန်းနောက်လိုက်ပြီး ဒုတိယထပ်ကို တက်သွားသည်၊ လျိုဝေ့နင်ကတော့ ကျန်းပေရန်နောက်ကနေ ဆက်လိုက်လာပြီး သူ့ကို စူးစူးစိုက်စိုက် ကြည့်နေတုန်းပါပဲ။
ကျန်းပေရန် သူမကို ဂရုမစိုက်ပါဘူး၊ ဘာပဲဖြစ်ဖြစ် တခြားလူတွေကို လေလို သဘောထားတာက သူ့ရဲ့ အထူးပြု ဘာသာရပ်တွေထဲက တစ်ခုပဲလေ။
ဒုတိယထပ် ရောက်တော့ ကျန်းပေရန်ရဲ့ မျက်လုံးတွေ ပိုတောက်ပလာသည်။
ပထမထပ်က အဆင့်မြင့် ကုန်ကြမ်းတွေ စုထားတာ ဆိုရင်၊ ဒုတိယထပ်ကတော့ အဆင့်မြင့် ကုန်ချောတွေ စုထားတာပါပဲ။
ကျောက်စိမ်းစာလိပ်၊ ကောင်းကင်ဘုံလမ်းစဉ် ကျောက်စိမ်း၊ အကာအကွယ် ကျောက်စိမ်း၊ လျှို့ဝှက်ဆန်းကြယ် အတတ်ပညာ ကျောက်စိမ်း စသည်ဖြင့် အကုန် ရှိသည်။
ပြီးတော့ ကုန်ချော တစ်ခုချင်းစီက ကျန်းပေရန်ရဲ့ လေးစားမှုကို ရရှိစေခဲ့သည်။
‘တကယ့်ကို ဆရာတစ်ဆူရဲ့ လက်ရာတွေပဲ’
ဒီကျောက်စိမ်း လက်ရာတွေကို ကြည့်ရုံနဲ့တင် ဒီနေရာပိုင်ရှင်က သေချာပေါက် ကျော်ကြားတဲ့သူ ဖြစ်မယ်ဆိုတာ ကျန်းပေရန် သေချာသွားသည်။
ကျောက်စိမ်းစာလိပ် တစ်ခုရှေ့ လျှောက်သွားပြီး ကျန်းပေရန် နောက်လှည့်ကာ ရှီဟုန်ဖန်းကို မေးလိုက်သည်။
“စီနီယာ ကျွန်တော် ကိုင်ကြည့်လို့ ရမလား”
“မင်းနောက်က မိန်းကလေးကို မေးရလိမ့်မယ် ဒီနေရာက ငါ့ထိန်းချုပ်မှုအောက်မှာ မရှိဘူး”
ရှီဟုန်ဖန်း စကားဆုံးတာနဲ့ လျိုဝေ့နင် ပြောလိုက်သည်။
“ရှင့် ကျောက်စိမ်းကို ပြရင် ကျွန်မ ကျောက်စိမ်းကို ကိုင်ခွင့်ပေးမယ်”
ကျန်းပေရန် လျိုဝေ့နင်ကို လှည့်တောင်မကြည့်ဘဲ ရှီဟုန်ဖန်းကို တိုက်ရိုက် ပြောလိုက်သည်။
“ကျွန်တော့်ကို ဒီခေါ်လာတဲ့ စီနီယာရဲ့ ရည်ရွယ်ချက်က ဘာများလဲ ခင်ဗျာ”
“ဘိုးဘေးရဲ့ ညွှန်ကြားချက်ပါ မင်းကို လိုက်ပြဖို့လေ”
ပြောရင်းဆိုရင်း ရှီဟုန်ဖန်းက အစိမ်းရင့်ရောင် ကျောက်စိမ်းစာလိပ် တစ်ခုကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်ပြီး ပြောလိုက်သည်။
“ဒီ ကျောက်စိမ်းစာလိပ်ရဲ့ လက်ရာကို မင်း ဘယ်လိုထင်လဲ”
“အရမ်း ကောင်းပါတယ်” ကျန်းပေရန် ပြန်ဖြေလိုက်သည်။
“သင်ချင်လား”
“မသင်ချင်ပါဘူး”
“ဟူး...”
ကျန်တဲ့ စကားတစ်ဝက် လည်ချောင်းထဲမှာတင် တစ်ဆို့သွားပြီး ရှီဟုန်ဖန်း နည်းနည်း လက်လျော့ချင်သလို ဖြစ်သွားသည်။
ဒီကောင်စုတ်လေးက အပျော့ဆွဲရော အကြမ်းရော ဘာမှ မတိုးဘူး။
သူ့မှာ မိသားစုကြီးက ကလေးတစ်ယောက်ရဲ့ ယုံကြည်မှုမျိုး တကယ် ရှိနေတယ်။
“အို ငါ့ရဲ့ ထာဝရ တင့်တယ်သော ခန်းမ က ကျောက်စိမ်းတွေကို အထင်သေးနေတာ ဘယ်သူများလဲ”
ရှီဟုန်ဖန်း ဘာဆက်ပြောရမလဲ စဉ်းစားနေတုန်း တံခါးတစ်ချပ် ရုတ်တရက် ပွင့်လာပြီး အရပ်ရှည်ရှည် ရင့်ကျက်တည်ငြိမ်တဲ့ အမျိုးသမီးတစ်ယောက် ထွက်လာသည်။
တကယ်လို့ ကျောက်စိမ်းက လူကို ပျိုးထောင်ပေးနိုင်တယ် ဆိုရင်၊ ဒီ ကျောက်စိမ်းလို လှပတဲ့ အမျိုးသမီးက အကောင်းဆုံး ဥပမာ ဖြစ်လောက်သည်။
သူမရဲ့ နက်မှောင်တဲ့ မျက်ဝန်းတွေထဲမှာ မြူခိုးငွေ့ ဖျော့ဖျော့လေးတွေ ဂယက်ထနေသည်။
စကားပြောရင်း သူမ လက်ကောက်ဝတ်က ကျောက်စိမ်းလက်ကောက်ကို ပွတ်သပ်လိုက်သည်၊ ချယ်ရီသီးလို ပါးလွှာတဲ့ နှုတ်ခမ်းလေးတွေက အဓိပ္ပာယ်ပါပါ ကွေးတက်သွားသည်။
တိုင်းပြည်အလှ လို့ ပြောရမယ်ဆိုရင် သူမကို ကျက်သရေရှိပြီး ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ အသွင်အပြင် ရှိတယ်လို့ ဖော်ပြလို့ ရပါတယ်။
သူမ မျက်လုံးတွေထဲမှာ ဒေါသ အရိပ်အယောင် ပါနေပေမယ့်၊ အဲ့ဒါက သူမရဲ့ ဆွဲဆောင်မှုကို ပိုတိုးစေရုံပါပဲ။
မျက်နှာပေါ်မှာ မိတ်ကပ်ပါးပါးလေး လိမ်းခြယ်ထားပေမယ့် သူမရဲ့ ရိုးရှင်းတဲ့ မျက်နှာသွင်ပြင်က ဘယ် ပေါင်ဒါမှုန့်ထက်မဆို ပိုလှပနေသည်။
သူမက ရိုးရှင်းတဲ့ ပန်းပွင့်အလှဆင်ထားတဲ့ အပြာရောင်ဖျော့ဖျော့ ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး၊ တင့်တယ် ကျက်သရေရှိကာ လှပပြီး သဘာဝကျနေသည်။
အပြာရောင်ဖျော့ဖျော့ ပိုးသား အတွင်းဝတ်ရုံပေါ်မှာ အပြာရောင်ရင့်ရင့် ချည်မျှင်တွေနဲ့ ဇီးပွင့်ပုံတွေ ထိုးထားပြီး၊ အောက်နားစွန်းကနေ ခါးအထိ ရှည်လျားကာ သူမရဲ့ စရိုက်ကို အေးစက်မှု အရိပ်အယောင် ဖြည့်စွက်ပေးထားသည်။
ရိုးရှင်းတဲ့ ခါးပတ်ပြားကြီးတစ်ခုက သူမရဲ့ သွယ်လျတဲ့ ခါးကို စည်းနှောင်ထားပြီး ကျက်သရေရှိတဲ့ ကိုယ်လုံးကို ပေါ်လွင်စေသည်။
သူမက အပြာရောင်ဖျော့ဖျော့ အရှေ့ဖွင့် ပိုးသားဝတ်ရုံပါးလေးကို ပခုံးပေါ်မှာ လျော့ရဲရဲ တင်ထားသည်။
လက်ကောက်ဝတ်နဲ့ ကော်လာစကို အပြာရောင် ပိုးသားချည်မျှင်တွေနဲ့ အနားကွပ်ထားပြီး၊ ဖောက်ထွင်းထားတဲ့ လိပ်ပြာပုံစံတွေက အတွင်းဝတ်ရုံပေါ်က ဇီးပွင့်တွေနဲ့ ကွက်တိ နေရာကျနေသည်။
သူမ လှုပ်ရှားလိုက်တိုင်း ညင်သာစွာ ယိမ်းနွဲ့နေပြီး လိပ်ပြာအစစ်တွေ ပျံသန်းနေသလိုမျိုး ဖြစ်နေကာ၊ လှုပ်ရှားမှုတိုင်းက ပိုးသားဝတ်ရုံပါးကို စီးဆင်းနေတဲ့ အလင်းရောင်တွေနဲ့ တောက်ပစေသည်။
သူမရဲ့ ဆံနွယ်ရှည်တွေကို ပိုးသားဆံထုံးပုံစံ ထုံးဖွဲ့ထားပြီး၊ သစ်သားဆံထိုးလေး တစ်ချောင်းနဲ့ပဲ အလှဆင်ထားသည်။
ကြည့်ရတာ နည်းနည်း ရိုးရှင်းသလို ထင်ရပေမယ့် ထူးခြားတဲ့ တောက်ပမှုတစ်ခု ထုတ်လွှတ်နေသည်။
ရှီဟုန်ဖန်း သိသိသာသာ ခဏလောက် မှင်တက်သွားပြီးမှ လက်သီးဆုပ်ကာ ပြောလိုက်သည်။
“ခန်းမသခင်ကို နှောင့်ယှက်မိလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး ဒီနေ့ ဘိုးဘေးရဲ့ အမိန့်နဲ့ ဂျူနီယာတစ်ယောက်ကို လိုက်ပြပေးနေတာပါ ခွင့်လွှတ်ပေးပါ”
မြှောက်ပင့်မှု နည်းနည်းပါနေတဲ့ ဒီ တရားဝင် လေသံ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသလိုလိုနဲ့ မျက်နှာလိုမျက်နှာရ လုပ်နေတဲ့ ဒီ ဦးညွှတ်တဲ့ ပုံစံ...
ကာကွယ်သူယွီ ကို တွေ့တဲ့အချိန်က ခန်းမသခင်တွေနဲ့ အတူတူပါပဲ!
ရှီဟုန်ဖန်းကို ပေါ့ပေါ့ပါးပါး နှုတ်ဆက်ပြီးနောက် ကောင်းလန်ဝမ် က ဆက်မေးလိုက်သည်။
“ငါ့ရဲ့ ထာဝရ တင့်တယ်သော ခန်းမ က ကျောက်စိမ်းတွေကို အထင်သေးနေတာ ဘယ်သူလဲ ရှေ့ထွက်ပြီး ပြောစမ်း”
တိတ်ဆိတ်ခြင်း...
ကောင်းလန်ဝမ် သူ့ကို ကြည့်နေပြီဆိုတာ ကျန်းပေရန် သိပေမယ့်……
ဒီ ထာဝရ တင့်တယ်သော ခန်းမ ကို အသရေဖျက်တဲ့ စကား သူ ပြောခဲ့တယ်လို့ မထင်ပါဘူး၊ အထင်သေးဖို့ဆိုတာ ဝေးရော။
“ရှင်” ကောင်းလန်ဝမ် ရုတ်တရက် ရှေ့တစ်လှမ်းတိုးပြီး ကျန်းပေရန်ကို ကြည့်လိုက်သည်။
“ရှင် ပြောရဲပြီးတော့... ဝန်မခံရဲဘူးလား”
[ရွေးချယ်မှု ၁ - ထာဝရ တင့်တယ်သော ခန်းမ ကို အထင်သေးဖို့ ရည်ရွယ်ချက် မရှိကြောင်း ရှင်းပြပါ] [ပြီးမြောက်ပါက ဆုလက်ဆောင် - ဧရာမ ဝိညာဉ် ဆေးလုံး နည်းစနစ် (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်)]
[ရွေးချယ်မှု ၂ - ဆက်လက် တိတ်ဆိတ်နေပါ] [ပြီးမြောက်ပါက ဆုလက်ဆောင် - ကျောက်စိမ်း လစ်ဟာမှု ဆေးလုံး လက်စွဲ (အနက်ရောင်အဆင့်၊ အလယ်အလတ်အဆင့်)]
[ရွေးချယ်မှု ၃ - “စိတ်မရှိပါနဲ့ ခင်ဗျားက ကျိုးကြောင်းဆီလျော်မှု မရှိအောင် လုပ်နေတာလား”] [ပြီးမြောက်ပါက ဆုလက်ဆောင် - ကျပန်း အခြေခံ အရည်အချင်း အမှတ် +၁]