ထူးဆန်းသောမီလီယံနာ! ၃
Vol. 78 Ch. 1164
ယွီရှင်းမှာ ဝန်ထမ်းလမ်းညွှန်မှုအတိုင်း တခြားစားဖိုမှူးများနှင့်အတူ စားသောက်ပွဲတက်လာသည်။
သူမလာခါစကလို ထိပ်တန်းသုံးယောက်ထဲပါရမည်ဟုယုံကြည်ချက်မရှိတော့။
ဒီတစ်ခါစားသောက်ပွဲကို နှာတစ်ဖျားသာပြီးတက်ခဲ့ရခြင်းဖြစ်သည်။
ဒါကလည်း သူမပုံစံနှင့်ကိုယ်လုံးကိုယ်ပေါက်ကြောင့်ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် စားဖိုမှူးကခန့်ရင်၊ချောရင် စားသောက်ပွဲမှာပိုအာရုံစိုက်ခံရသည်။ အစားအသောက်မကောင်းလည်း ခရီးသည်များကသဘောကျတတ်သည်။
ဒီဘက်ခေတ်လိုပုံပန်းသဏ္ဍာန်ကအဓိကကျတဲ့အချိန်မှာ တချို့ကအသာစီးရနေကြသည်။
မဟုတ်ရင် သူမစားသောက်ပွဲလုံးဝတက်နိုင်မှာမဟုတ်။
ထိုကြောင့် လက်ရှိယှဉ်ပြိုင်ရေးကိုသာအာရုံစိုက်ပြီး ထိပ်တန်းသုံးယောက်ထဲဝင်ဖို့စိတ်ကူးမရှိတော့ချေ။
ယွီရှင်းက မြောက်ဘက်မှစားဖိုမှူးကောင်တာရသည်။ ကောင်တာပေါ်တွင် ဟင်းချက်စရာအားလုံးပြင်ဆင်ပေးထား၏။ သူမလည်း ယူလာသောဓားထုတ်ပြီး ဆေးကြောလိုက်သည်။
တချိန်တည်းမှာ တခြားစားဖိုမှူးများကိုလည်း စူးစမ်းလိုက်သည်။ ဘယ်ဘက်ကြည့်လိုက်သောအခါ နာမည်ကြီးရှဲ့မျိုးရိုးဆယ်လီဖြစ်နေသောကြောင့် အံ့ဩမိသည်။ သူကဓားကိုသာအာရုံစိုက်နေ၏။ သူ့နားဝန်းကျင်မှစားဖိုမှူးများကဝိုင်းကြည့်နေသော်လည်း သတိထားမိပုံမပေါ်။
တကယ်တော့ ပြိုင်ပွဲမှာဒီလိုနာမည်ကြီးပါနေတာ တခြားစားဖိုမှူးများအတွက်သိပ်မမျှတ။ သူကထူးခြားနေသောကြောင့် သူများထက် Like ရလွယ်သည်။
ဒါကြောင့်လည်း စားသောက်ပွဲကို Like အများဆုံးနှင့်အရင်တက်နိုင်ခဲ့သည်။
စားသောက်ပွဲမှာ သူကထိပ်တန်းသုံးယောက်ထဲမှတစ်ယောက်ဖြစ်မည်ဟုတောင် တချို့ကထင်ကြသည်။
ဘာပဲဖြစ်ဖြစ် ဒီလိုနာမည်ကြီးတဲ့သူကို စားသောက်ပွဲတက်နိုင်တဲ့ခရီးသည်တွေက ဘက်လိုက်မှာပဲမလား?
သေချာပေါက် ဘက်လိုက်ခံရမည်။
ဒီတော့ စားဖိုမှူးတွေနဲ့ယှဉ်ရင် ဒီရှဲ့မျိုးရိုးဆယ်လီလက်ရာကောင်းလို့ဆိုတာ လုံးဝမမှန်တော့။
အကြောင်းမှာ သူချက်တိုင်း ဖျော်ဖြေရေးလောကကလူတွေ၊သူ့ပရိသတ်တွေကမှတ်ချက်ပေးလေ့ရှိသည်။ သူတို့ကသိပ်မျှော်လင့်မထား၍ သူ့အစားအစာကိုသည်းခံနိုင်ကြသည်။
သူတို့ကဆင်ခြေတောင်ကြိုရှာထားသည်။ သူလိုနာမည်ကြီးတစ်ယောက်က ဒီလိုလုပ်တတ်တာပဲအထင်ကြီးစရာကောင်းလှပြီတဲ့။
ဒီတစ်ခေါက် ချင်းလင်စံအိမ်က နိုင်ငံတကာအကဲဖြတ်သူများကိုဖိတ်ထား၍သာတော်တော့သည်။ သူတို့ဆယ်လီကိုဘက်မလိုက်နိုင်တော့။
ယွီရှင်းတွေးတောနေစဉ် ကိုယ်လုံးကိုယ်ပေါက်ကောင်းကောင်းနှင့်မိန်းမလှတစ်ဦးလျှောက်ဝင်လာသည်ကိုတွေ့ရသည်။
သူမကိုမှတ်မိသည်။ ချင်းလင်စံအိမ်အထွေထွေမန်နေဂျာ လင်းလန်ဇီပင်။
အမှန်အတိုင်းပြောရရင် သူမကိုနည်းနည်းမနာလိုဖြစ်မိသည်။ ချောကချော၊ ကိုယ်လုံးကိုယ်ပေါက်ကလှ၊ အလုပ်နှင့်အကိုင်နှင့်၊ အပျိုလေး။ မိန်းကလေးအများစုက ဒီလိုဘဝမျိုးကိုတောင့်တကြသည်။
လင်းလန်ဇီက ဒီညတင်ဆက်သူဖြစ်သည်။ သူမကအခင်းအကျင်းအလယ်တွင် အားလုံးကိုစနှုတ်ဆက်ပြီး စားသောက်ပွဲညစည်းမျဉ်းများကိုရှင်းပြသည်။
စည်းမျဉ်းကရှင်းသည်။ စားဖိုမှူးများက ပါဝင်ပစ္စည်းများသုံးကာ သူတို့ကျွမ်းကျင်သလိုချက်ပြီး ခရီးသည်များကိုဆွဲဆောင်ရမည်။ ခရီးသည်တစ်ဦးကို မဲသုံးမဲပေးနိုင်သည်။
ထို့အပြင် အကဲဖြတ်သူအတွက်ဟင်းပွဲတစ်ပွဲပြင်ဆင်ပေးပြီး အကဲဖြတ်စေမည်။ နောက်ဆုံးတွင် အတော်ဆုံးအကဲဖြတ်သူသုံးဦးက ဆုံးဖြတ်ချက်ချမည်။
လင်းလန်ဇီက စည်းမျဉ်းများကြေညာပြီးနောက်_
"ဒီနေ့အခြေအနေက ထူးခြားပါတယ်... စားဖိုမှူးတိုင်း ချင်းလင်အမဲသားကိုပါဝင်ပစ္စည်းအဖြစ်ရပါမယ်... ဒီချင်းလင်အမဲသားက ဒီညစားသောက်ပွဲအတွက်အကောင်းဆုံးပါဝင်ပစ္စည်းပါ... ပြီးတော့ အသားအရည်အသွေးက အကောင်းဆုံးဆီးနှင်းအမဲသားထက်ပိုကောင်းပါတယ်... အားလုံး ဒီအမဲသားကိုကောင်းကောင်းအသုံးချသင့်ပါတယ်''
သူမပြောနေစဉ် ဝန်ထမ်းများက အဖုံးပါသောလှည်းလေးများတွန်းလာသည်။
ထိုအချိန်တွင် စားဖိုမှူးအားလုံးအကြည့်က လှည်းဆီရောက်သွားကြသည်။
Live ကြည့်နေသူများလည်း အတူတူပင်။
ဒါ ဒီညရဲ့အဓိကဇာတ်လိုက် ချင်းလင်အမဲသားဖြစ်မည်ဟုသဘောပေါက်လိုက်သည်။ ဒီညလွန်ရင် ချင်းလင်အမဲသားက ဂျပန်အမဲသားကိုအစားထိုးနိုင်တော့မည်။
ဂျပန်ပစ္စည်းထက်တစ်ဆင့်တက်ပြီးနာမည်ရတာ၊ သူ့ထက်သာပြီးအစားထိုးနိုင်တာ ပြည်သူတွေမြင်ချင်ကြလိမ့်မည်။
သို့ရာတွင် လင်းလန်ဇီပြောပြီးရုံရှိသေး၊ အချိန်အခါမဟုတ် အသံတစ်သံထွက်လာသည်_
"ချင်းလင်အမဲသားက ဒီညရဲ့အကောင်းဆုံးပါဝင်ပစ္စည်းပေါ့... ကျုပ်တော့မထင်ဘူး... ပြီးတော့ အကောင်းဆုံးဆီးနှင်းအမဲသားထက်ကောင်းတယ်လို့ပြောတာတော့ လွန်လွန်းပါတယ်''