ချင်းလင်အမဲသားကင်ပွန်းတပ်!
Vol. 78 Ch. 1168
ချင်းလင်စံအိမ် Live တွင် အွန်လိုင်းကြည့်သူအရေအတွက်မှာ သန်း ၅၀ ရောက်နေပြီ။
ဒီပမာဏကပိုလွန်းသည်ဟု တချို့ကထင်ကြမည်။
ဒီပမာဏရှိရသည့် အကြောင်းရင်းများစွာလည်းရှိသည်။
ပထမအချက်၊ ချင်းလင်စံအိမ်စားသောက်ပွဲကိုစိတ်ဝင်စားသူများပြီး အတော်များများက မျှော်လင့်စောင့်စားနေကြသည်။
ဒုတိယအချက်၊ နာမည်ကြီးရှဲ့မျိုးဆယ်လီနှင့် Watanabe ကြားပြိုင်ပွဲကလည်း သတင်းပြန့်သွားပြီး အတော်စိတ်ဝင်စားခံရသည်။
ဒီရှဲ့မျိုးရိုးဆယ်လီက ပရိသတ်များကြောင်း၊ သူ့လက်ရာကလည်း ရေပန်းစားကြောင်းသိကြသည်။
တတိယအချက်၊ ချင်းလင်နွားနှင့်ဝဂ်ယူနွားကိစ္စကလည်း လိုင်းပေါ်မှာပြန့်တာကြာပြီဖြစ်သည်။
စတုတ္ထအချက်၊ Haiga ၏စိန်ခေါ်မှုလည်းပါလာသည်။
ချင်းလင်နွားနှင့်ဝဂ်ယူနွားကိစ္စတင်မဟုတ်တော့။
ထို့ကြောင့် Tiktok ကလည်း ချင်းလင်စံအိမ် Live ကိုလမ်းကြောင်းအားလုံးပေးထားသည်။
ဂျပန်နိုင်ငံနှင့်ဆိုင်သောကိစ္စများကို ပြည်သူတွေကလည်းအာရုံစိုက်ထားကြသည်။ အထူးသဖြင့် ချင်းလင်နွားက ဝဂ်ယူနွားကိုစိန်ခေါ်ပြီး နေရာအစားထိုးယူခြင်းမှာ ဇာတ်လမ်းဆန်နေသည်။
ဒါကြောင့်လည်း ချင်းလင် Live ထဲမှာ တပြိုင်တည်းလူများသွားခြင်းဖြစ်သည်။
ရေပန်းစားမှုက အထွတ်အထိပ်ရောက်နေ၏။
ဒီ Live ရေပန်းစားမှုကလည်း စံချိန်တစ်ခုဖြစ်ပြီး တခြားဗီဒီယိုအတိုပလက်ဖောင်းများရောက်ရန်ခက်သောစံချိန်ဖြစ်သည်။
Tiktok က ချင်းလင်စံအိမ်အကောင့်ကိုမထိန်းချုပ်နိုင်၍ ချင်းလင်စံအိမ်အကောင့်ကိုကောင်းကောင်းအသုံးချပြီး သူတို့နာမည်ကြီးအောင်ဖန်တီးသည်။
Live ကြည့်နေသူများလည်း အမဲသားမြည်းနေသောအကဲဖြတ်သူများကိုကြည့်ရင်း စိတ်လှုပ်ရှားနေကြသည်။
အနိုင်ရသူကိုဆုံးဖြတ်ချိန်တန်ပြီ။
လူတိုင်းက အကဲဖြတ်သူများ၏ရွေးချယ်မှုကိုစောင့်နေကြသည်။
အကဲဖြတ်သူများထဲတွင် နာမည်အကြီးဆုံး၊ဂုဏ်အမြင့်ဆုံးက Feida ဖြစ်သည်။
ထိုအချိန်တွင် သူ့မျက်နှာမှာ မယုံနိုင်ပုံပေါက်နေသည်။
အမဲသားနှစ်မျိုးက သူထင်ထားသည်ထက်ပိုကောင်းနေသောကြောင့်ပင်။
တစ်မျိုးက သူစားဖူးသောဆီးနှင်းအမဲသားထက်ပိုအရသာရှိသည်။
နောက်တစ်မျိုးက သူစားဖူးသောဆီးနှင်းအမဲသားထက်အများကြီးပိုကောင်းသည်။
ဒီလိုအမဲသားမျိုး ကမ္ဘာမှာရှိမည်တောင်မထင်မိ။
သူအားထုတ်မှုနည်းပြီး သီးခြားဖြစ်သွားသည်ဟုလည်း ခံစားလိုက်ရသည်။
ကမ္ဘာမှာရှိသမျှစားကောင်းသောက်ဖွယ်အားလုံး သူစားဖူးသည်ဟုထင်ခဲ့သော်လည်း ဒီနေ့ဒီအမဲသားက သူတစ်ခါမှမစားဖူးသောအရသာအရှိဆုံးဖြစ်နေသည်။
တခြားအကဲဖြတ်သူများလည်း အမဲသားစားပြီးအံ့ဩနေကြသည်။
ဒီလိုထိပ်တန်းအမဲသားမျိုးစားဖူးတာ ဒါပထမဆုံးပင်။ ဟင်းပွဲနှစ်မျိုးလုံး အရင်ထက်သာပြီး တစ်မျိုးက အရင်ဆီးနှင်းအမဲသားထက်အပြတ်အသတ်သာနေသည်။
ထိုအချိန်တွင် Haiga မျက်နှာမှာ မြင်မကောင်းအောင်မျက်နှာပျက်နေပြီ။
သူယူလာသောအမဲသားကို သူမြည်းကြည့်ခဲ့သည်။
သို့ရာတွင် တဖက်အမဲသားကပိုအရသာရှိနေသောကြောင့် သူအံ့အားသင့်နေသည်။
ကောင်းတာမှ နည်းနည်းပိုကောင်းရုံတင်မဟုတ်။
"ဘုရားရေ.. ဘာလို့ပါလိမ့်?''
Haiga ထိတ်လန့်သွားသည်။ ချင်းလင်အမဲသားကဘာလို့ သူတို့ယူလာတဲ့စပ်နွားထက်ပိုပြီးအရသာရှိနေမှန်း သူနားမလည်။
သူတို့ဝဂ်ယူက ဂျပန်ကခိုးသွားတာပါ။
ဒါ မဖြစ်နိုင်ဘူး။
ထို့နောက် ဂျပန်အကဲဖြတ်သူများကို အလန့်တကြားကြည့်လိုက်သည်။
'ပိုအရသာရှိတဲ့အမဲသားကို မဲပေးဖို့ပဲလိုတယ်' ဟု သူပြောခဲ့သည်။
ပိုအရသာရှိတဲ့အမဲသားက သူယူလာတာနဲ့ဘာမှမဆိုင်။
သူကဂျပန်အကဲဖြတ်သူများကိုအမြန်ကြည့်ပြီး အချက်ပြရန်ပြင်လိုက်သည်။
သူတို့သာ သူယူလာတဲ့အမဲသားကိုရွေးရင် Feida တို့က ချင်းလင်အမဲသားကိုရွေးလည်း လူချင်းမတူ၊အကြိုက်ချင်းမတူဟူ၍ အမဲသားသိက္ခာဆယ်နိုင်သေးသည်။
ဂျပန်အကဲဖြတ်သူတချို့ကလည်း Haiga ကိုလှမ်းကြည့်လိုက်ကြသည်။
'OK' ဟု သူ့ကိုအရိပ်အယောင်ပြပြီးမှ နံပါတ် ၁ ပန်းကန်ကိုတန်းပေးလိုက်သူတစ်ယောက်တောင်ပါသေးသည်။
နံပါတ် ၁ ပန်းကန်က သူများအမဲသား။ ဒီတစ်ခါ တဖက်ကကြောင်သွားသည်။
တခြားနိုင်ငံမှအကဲဖြတ်သူများကလည်း နံပါတ် ၁ အမဲသားကိုတပြိုင်တည်းရွေးလိုက်ကြသည်။
ထိုမြင်ကွင်းကြောင့် Haiga မျက်နှာဖြူဖျော့သွား၏။
အကုန်လွဲပြီ။
သေစမ်း!
ထိုအချိန်တွင် ချင်းလင်စံအိမ် Live ကြည့်နေသူများ ပွက်လောညံသွားလေသည်။
နံပါတ် ၁ က ချင်းလင်အမဲသားမှန်း သူတို့အားလုံးသိသည်။ နောက်ကျမှဝင်လာသူကမသိရင်တောင် စာပို့မေးပြီး အရင်ရောက်နေသူကရှင်းပြသည်။
အခု ဂျပန်အကဲဖြတ်သူအားလုံးက ချင်းလင်အမဲသားကိုရွေးကြောင်းတွေ့လိုက်ရသည်။
"၆၆၆... ချင်းလင်အမဲသားက အံ့ဩစရာပဲ... ရန်သူကိုသူ့ဓားနဲ့သူ့ပြန်ထိုးတာပဲ!''
"ဟား ဟား.. အမှန်တရားသိရင် ဒီလူတွေဖြစ်သွားမယ့်မျက်နှာကိုသိချင်နေတာ''
"အဲဒီတော့ အမြဲတမ်း ချင်းလင်စံအိမ်ကိုယုံတာမမှားဘူး''
"ချင်းလင်စံအိမ်က နိုင်ငံရပ်ခြားပြဿနာတွေကိုင်တာကျွမ်းကျင်ပဲ''
“……”
တချိန်တည်းမှာ_
Feida တို့အကဲဖြတ်သူများကလည်း ပန်းကန်နံပါတ် ၁ ကိုရွေးပေးကြသည်။
မျက်စိတမှိတ်အတွင်း မရွေးချယ်ရသေးသူက Haiga တစ်ယောက်သာကျန်၏။
ထိုအချိန် Haiga မှာ အလွန်ဒုက္ခရောက်နေသည်။
ချင်းလင်အမဲသားကပိုကောင်းရင်တောင် ချင်းလင်အမဲသားကိုလုံးဝမရွေးချင်။ ချင်းလင်အမဲသားက သူတို့ဂျပန်ကိုစော်ကားပြီး သူတို့ဝဂ်ယူနေရာကိုအစားထိုးတော့မည်။
သို့ရာတွင် သူချင်းလင်အမဲသားကိုမရွေးရင်တောင် အဖြေကမပြောင်းလဲမှန်းသူသိသည်။
နောက်ပြီး ချင်းလင်အမဲသားကိုမရွေးရင် နှစ်ပေါင်းများစွာသူထိန်းသိမ်းလာသော 'အကဲဖြတ်သူ'ဆိုသည့်နာမည်ကိုထိခိုက်နိုင်သည်။ ဒီလိုဆို သူ့လုပ်ငန်းအသီးသီးကိုထိခိုက်မည်။
Rister ရဲ့စပ်နွားကိုရဖို့ သူ့ပိုင်ဆိုင်မှုတချို့စွန့်လွှတ်ခဲ့ရသည်။ သူ့ရဲ့တခြားပိုင်ဆိုင်မှုတွေပါထိခိုက်လာရင် သူဒုက္ခရောက်ပြီ။
ဒီကဆိုရိုးကိုလည်း သူသဘောပေါက်သည်:
'မိအေးနှစ်ခါနာ'တဲ့။
နောက်ဆုံး အံကြိတ်၍သာ နံပါတ် ၁ ကိုရွေးလိုက်ရလေသည်။
ချင်းလင်အမဲသားကိုရွေးခြင်းက အကဲဖြတ်သူဆိုသောသူ့နာမည်ကိုထိန်းသိမ်းနိုင်သောနောက်ဆုံးလက်နက်ပင်။
ဒါသူလုံးဝအရှက်ကွဲပြီး ချင်းလင်အမဲသားရဲ့ချောက်ထဲရောက်သွားရင်တောင်မှပေါ့။